
- By CNI
- Category: နိုင်ငံရေး
- Hits: 700
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထပ်တွင် ဒုသမ္မတ(၂)ဖြစ်သူ ဦးဟင်နရီဗန်ထီးယူကို နစကမှ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ခဲ့ခြင်းကြောင့်ဟု ဆိုကာ ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အဝေးရောက် NLD ၏ ဗဟိုအလုပ်ကော်မတီ(CWC)က သြဂုတ် ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၆-၂၀၂၁ လွှတ်တော်သက်တမ်းအတွင်း ပါတီမှယုံကြည်စွာ တာဝန်ပေးထားခဲ့ သည့် ဒုသမ္မတဖြစ်ခဲ့သော်လည်း စစ်အုပ်စုနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပူးပေါင်းဆောင်ရွက် ကြောင်း တွေ့ရှိရသည်ဟု NLD CWC ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ဦးဟန်နရီဗန်ထီးယူကို ထုတ်ပယ်သည့် NLD CWC ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ထိုကိစ္စနှင့်စပ်လျဉ်း၍ သြဂုတ် ၈ ရက်နေ့တွင် ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ် အစည်းအဝေး ခေါ်ယူပြီး ဗဟိုကော်မတီဝင်များ၏ သဘောထားများကို ရယူဆွေးနွေးခဲ့ကာ ဦးဟင်နရီဗန်ထီးယူအား ပါတီဝင် အဖြစ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့ဖြစ်၍ ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်ဟု NLD CWC က ထုတ်ပြန်ခဲ့သည်။
NLD CWC သည် ပြည်တွင်းရှိ NLD ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တို့ကိုလည်း ပါတီကနေ ထုတ်ပယ်ကြောင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သေးသည်။
အဆိုပါ ထုတ်ပယ်ခံရသူများကတော့ NLD မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ ပြည်ပကို ထွက် ပြေး၍ NLD ၏ ဗဟိုအလုပ်ကော်မတီကို ဖွဲ့စည်းခွင့်မရှိကြောင်း၊ NLD CWC ဖွဲ့စည်းမှုက တရားမဝင်ကြောင်း ပြန်လည် ထုတ်ဖော် ပြောကြားထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 885
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၉
လက်ရှိ ၂၀၂၃ ခုနှစ်ကို အဆုံးအဖြတ်နှစ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ပြောကြားထားသည့်အတွက် အဆုံးအဖြတ်နှစ် တကယ်ဖြစ်လာနိုင်သလားဆိုကာ ပြည်တွင်း/ပြည်ပ နိုင်ငံရေးသမားများကြား ဆွေးနွေး သုံးသပ် မှုများ ရှိနေသည်။
မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်း တပ်အကြား လက်နက်ကိုင်ပဋိပက္ခများမှာလည်း နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိနေသည်။
လက်ရှိ တိုက်ပွဲများမှာ အနိုင်အရှံး မရှိနိုင်ကြောင်း၊ လက်နက်ကိုင် တော်လှန်ရေးမှာ ရေရှည်သွားရလိမ့်မည်ဟု မြင်မိကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
ပုံ - PDF တပ်ဖွဲ့ကို တွေ့ရစဉ် (NUG-fb)
၎င်းက “အနိုင်အရှုံးကတော့ မရှိလောက်ဘူး။ မရှိလောက်ဘူးဆိုတာက ဟိုဖက်က NUG ကလည်း ရှင်းရှင်း ပြောရ မယ်ဆိုရင် ဒီတိုင်းပြည်တည်ငြိမ် ငြိမ်းချမ်းရေးကို အနှောင့်အယှက်ပေးပြီးမှ ပြည်သူလူထု ဒုက္ခရောက်တာက လွှဲ လို့ ကျန်တာ သူတို့ စစ်တပ်ကြီး ပြိုကွဲအောင် စစ်တပ်ကြီး ပြုတ်သွားအောင်တော့ သူတို့လည်း မလုပ်နိုင်ဘူးလို့ ကျနော်ကတော့ အဲဒီလိုပဲ သုံးသပ်ပါတယ်။ နောက် တပ်ကလည်း ရှင်းရှင်းပြောရရင် လက်နက်ကိုင် အဖွဲ့အစည်း ရာဂဏန်းချီတဲ့ ဒီအဖွဲ့အစည်းကိုလည်း တစ်ခါတည်း ပျောက်သွားအောင် ရှင်းသွားအောင်တော့ ဒီဖက်က ကျနော် တို့ အစိုးရဖက်ကလည်း မလုပ်နိုင်လောက်ဘူး။ အဲဒီတော့ ဘာပဲပြောပြော ဒီဟာတော့ လက်နက်ကိုင်တော်လှန်မှု ကြီးကတော့ ရေရှည်တော့ သွားရလိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။
ပြည်သူလူထု တရပ်လုံးက စုစည်းညီညွတ်စွာ၊ သန္နိဋ္ဌာန်ခိုင်မြဲစွာဖြင့် စစ်ရေးစစ်မျက်နှာ၊ ဘဏ္ဍာရေးစစ်မျက်နှာ၊ နိုင်ငံခြားရေးစစ်မျက်နှာ၊ လူထုလှုပ်ရှားမှု စစ်မျက်နှာ၊ စိတ်ဓါတ်စစ်ဆင်ရေးစစ်မျက်နှာ စသည်ဖြင့် စစ်မျက်နှာ အစုံ ဖွင့်ကာ အဆုံးသတ်တိုက်ပွဲကို ဖြစ်နိုင်သမျှ နည်းနာအစုံအလင်ဖြင့် ဖော်ဆောင်နေကြသည့် ကာလသို့ ရောက်ရှိ လာခဲ့ပြီဖြစ်ကြောင်း NUG က ၃၅ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်သို့ ပေးပို့သည့် သဝဏ် လွှာတွင် ဖော်ပြထားသည်။
တစ်ဖက် အင်အားစုအနေဖြင့် အင်အားနည်းလာသည်နှင့်အမျှ မိမိတို့ တော်လှန်ရေးကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်း ဌာနသို့ ပြောသည်။
ပုံ - PDF ရဲဘော်တစ်ဦးကို တွေ့ရစဉ် (NUG-fb)
၎င်းက “ကျနော်တို့ ထောင်စကားနဲ့ပြောရရင် အော်ချက်ပေါ့ဗျာ၊ ဒါကတော့ ကျနော်တို့ တော်လှန်ရေးအနေနဲ့ ရည်မှန်းချက်ထားပြီးတော့ ထားပြီး ပြောကြဆိုကြတာပေ့ါ။
သို့သော်လည်းပဲ ဘယ်လိုပဲဖြစ်ဖြစ် ဒီတော်လှန်ရေးက နှစ်အကန့်အသတ် ဘယ်နှစ်၊ ဘယ်ရက်၊ ဘယ်လမှာ ပြီးဆုံးမယ်ဆိုတဲ့ဟာမျိုးကိုတော့ ကျနော်တို့ ဘယ်သူမှ မပြော နိုင်ပါဘူး။ သို့သော် ကိုယ့်အလုပ် လုပ်စရာရှိတာ ကိုယ်လုပ်ရမယ်၊ တစ်ဖက်က ခုနလို စစ်အုပ်စုက အားနည်းလာ တာနဲ့အမျှ ကျနော်တို့ကနေ ကျနော်တို့ တော်လှန်ရေးကို ပိုပြီးအားကောင်းအောင် အရှိန်နဲ့ အဟုန်နဲ့ တိုက်ဖို့ပဲ လိုပါတယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ်သည် နွေဦးတော်လှန်ရေး၏ အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်ဖြစ်ကြောင်း NUG က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ ညတွင် ပြုလုပ်သည့် ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
လက်ရှိတွင်လည်း ကရင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ PDF ပူးပေါင်းတပ် တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1578
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၉
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဆောင်ရွက်ရန်အတွက် အဓိကအားဖြင့် ဆူးညှောင့်ခလုတ်ဖြစ်နေသည်မှာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့က ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒီမိုကရေစီဆိုသည်မှာ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ပေါင်းစပ်ထားသည့် ပြည်ထောင်စုပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အားလုံးတွင် တိုင်းရင်းသား များအားလုံး စုစည်းနေထိုင်ကြကြောင်း၊ ထို့ကြောင့် ဒေသအလိုက် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြခြင်း ဖြစ်သဖြင့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ရာတွင် လူမျိုးကို အခြေခံ၍ မရဘဲ ဒေသကို အခြေခံ၍ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက “ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖက်ဒရယ်အခွင့်အရေးနှင့်ပတ်သက်၍ ပေးထားပြီးဖြစ်သည်ကို လေ့လာ ကြည့်ပါက သိရှိနိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ပြီး ပြည်သူ့ ဆန္ဒနှင့်အညီ ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်သဖြင့် ပြည်သူအများဆန္ဒနှင့် ကိုက်ညီမည်ဆိုပါက ပြုပြင်သင့်သည့် အချက်များကို ပြုပြင်ရန်အတွက် တပ်မတော်အနေဖြင့် သဘောတူညီထားပြီဖြစ်သည်”ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့များ တွေ့ဆုံစဉ်
သို့သော် နိုင်ငံအတွက် အရေးကြီးသည့် တို့တာဝန်အရေးသုံးပါးကို မထိခိုက်ရန်လိုပြီး ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ညီညွတ်မျှတစွာဖြင့် ဆောင်ရွက်နိုင်ရန် လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည် ဆောက်ရေးကို ဆောင်ရွက်ရန်အတွက် အဓိကအားဖြင့် ဆူးညှောင့်ခလုတ်ဖြစ်နေသည်မှာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ လက်ရှိနိုင်ငံ၏ ပကတိ အခြေအနေများနှင့် ကိုက်ညီစွာ စဉ်းစားဆောင်ရွက်၍ အရှည်မျှော်တွေးဆောင်ရွက် ကြရန်လိုသ်ည”ဟု ပြောသည်။
ထို့နောက် နစကနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းပြီးနောက် ဦးတည်ချက် ၉ ရပ်ကို အသစ် ထပ်မံ ချမှတ်၍ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ပထမအချက်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီ စုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည် ဆောက်နိုင်ရေး၊ ဒုတိယအချက်မှာ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထား လုပ်ဆောင်ရေး၊ တတိယအချက်မှာ ပြည်သူလူထု၏ လူမှုစီးပွားရေးဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိစေရန် အလေးထား လုပ်ဆောင်ရေး စသည့် အချက်များ ပါဝင်သည်။
လက်ရှိ မြန်မာနိုင်ငံသူ/သားများသည် လျှပ်စစ်မီး လုံလောက်စွာ မရရှိဘဲ ဖြစ်နေခြင်း၊ အခြေခံစားသောက် ကုန် ဈေးနှုန်းများ ကြီးမြင့်နေခြင်း၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံ စိတ်ချမှုမရှိဘဲ ဖြစ်နေခြင်း၊ အလုပ်အကိုင် ရှားပါး လာခြင်း၊ ငွေကြေးဖောင်းပွမှုဒဏ် ခံနေရခြင်း၊ တရားဥပဒေစိုးမိုးမှု မရှိခြင်း စသည့် အခြေအနေများဖြင့် ရင်ဆိုင် နေကြရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 809
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၈
၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူထုအရေးတော်ပုံ အတွေ့အကြုံကနေ ယခု မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော နိုင်ငံ ရေး အကျပ်အတည်းကို မည်ကဲ့သို့ ကျော်ဖြတ်ကြမလဲ နိုင်ငံရေးအသိုင်းအဝိုင်းကြား ဆွေးနွေး၍ နည်းလမ်းရှာနေ ကြသည်။
ယနေ့ (ဩဂုတ် ၈ ရက်)သည် ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း စစ်ဘက်နှင့် အရပ်ဘက်ကြား စည်းလုံးညီညွတ်မှုမှာ မရရှိသေးသလို လက်နက်ကိုင် ပဋိပက္ခများပါ ကျယ်ပြန့်လာခဲ့သည်။
၁၉၈၈ လူထုအုံကြွမှုမှတဆင့် လက်နက်ကိုင် ခုခံတော်လှန်ရေးကို စတင်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေဖြင့် တိုင်းပြည်၏ အပြောင်းအလဲကို တွေ့ဆုံဆွေးနွေးရေးဖြင့် ဖြေရှင်းရမည်ဆိုသည်ကို လက်ခံထားကြောင်း ABSDF မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “ကျနော်ပြောချင်တာကလေ ကျနော်တို့ စကားပြောတာကလည်း သူ့အခြေအနေ၊ အချိန်အခါအောက်မှာ ရှိတယ်။ ကျနော် အရင်တုန်းကလည်း ပြောခဲ့သလို ကျနော်တို့ ABSDF က တွေ့ဆုံဆွေးနွေးရေးကို ကျနော် တို့ Process တစ်ခု အနေနဲ့ လက်ခံထားတယ်၊ အရင်တုန်းကလည်း ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ခဲ့ တယ်၊ သို့သော်လည်း တွေ့ဆုံဆွေးနွေးရမယ့် အချိန်ဆိုတာတော့ အချိန်တစ်ချိန်ကြရင် ရှိလာမယ်လို့ ကျနော် အဲဒီ လို ယုံကြည်တယ်၊ တိုင်းပြည်ရဲ့ အပြောင်းအလဲမှာ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးဆိုတာလည်း Process တစ်ခု မှာ ရှိမယ်လို့ ကျနော်အဲဒီလို လက်ခံပါတယ်၊ ကျနော်တို့ ABSDF ကလည်း တွေ့ဆုံဆွေးနွေးရေးကို ပါဝင်သင့် ပါဝင် ထိုက်တဲ့သူတွေ အားလုံးပါဝင်တဲ့ အခင်းအကျင်းမျိုး ဖြစ်အောင် ဆောင်ရွက်ဖို့လည်း ကျနော်တို့ အမြဲတမ်းပြောနေ တာ ရှိပါတယ်။ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေးကို ကျနော်တို့ ABSDF အနေနဲ့ ဘယ်တုန်းကမှ ငြင်းပယ်ခဲ့တာ မရှိ ဘူး။ လက်ရှိအခြေအနေမှာတော့ ကျနော်တို့ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်ဟာ တိုင်းပြည်မှာ ဘက်ကနေ အရမ်းကို ကြီးကြီးမားမား လုပ်လာတဲ့ အပေါ်မှာ ကျနော်တို့ လက်နက်ကိုင် တော်လှန်တဲ့ ကိစ္စတွေက ရှိတယ်၊ တိုင်းပြည်ရဲ့ အပြောင်းအလဲကိုတော့ ကျနော်တို့လည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်တစ်ခုအနေနဲ့ ကျနော် တို့ ဖြတ်ရမယ်ဆိုတာလည်း လက်ခံထားပါတယ်” ဟု ပြောသည်။
ဒီမိုကရေစီအရေး တောင်းဆိုကြသူများနဲ့ ရဲတပ်ဖွဲ့ကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အခင်းအကျင်းများကြောင့် နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများမှာ ဆက်လက် ဖြစ်ပွားလျက်ရှိနေသည်။
ပြည်သူ့နိုင်ငံရေးကို မတည်ဆောက်နိုင်ဘဲ ဒီမိုကရေစီမရနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စည်းမျဉ်းစည်းကမ်းနဲ့ စနစ်တကျနဲ့ စီမံဆောင်ရွက်အုပ်ချုပ်မှု အားနည်းတဲ့အတွက် ဒီလိုဖြစ်ခဲ့တယ်၊ အရေးယူမှု အားနည်းတဲ့အတွက် ဒီလိုဖြစ်ခဲ့တယ်၊ အခုလည်း ကျနော်တို့တတွေက ပြီးခဲ့တဲ့ဟာကို သင်ခန်းစာ ယူပြီးတော့ ကျနော်တို့အခု ဖြစ်နေတဲ့ အနေအထားအပေါ်မှာ ကျနော်တို့ကတော့ နည်းလမ်းနှစ်မျိုးနဲ့ တစ်မျိုး ကတော့ နွေဦးတော်လှန်ရေးဆိုပြီး တစ်ဖက်က လက်နက်ကိုင်ကိစ္စနဲ့ လုပ်နေတာပေါ့ဗျာ၊ ကျနော်တို့ကတော့ ကျနော်တို့ အသက်အရွယ်နဲ့ ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့အရလည်း ကျနော်တို့က ပြည်သူ့နိုင်ငံရေးကို မတည် ဆောက်ဘဲနဲ့ ဒီမိုကရေစီ နိုင်ငံရေးဆိုတာကို မရနိုင်ပါဘူး” ဟု ပြောသည်။
လက်ရှိ လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်တွင်းတွင် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်း၊ ယခု အချိန်ထိလည်း ပြဿနာဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုများ ရှိနေသည့်တိုင် မပြေလည်းသေးဘဲ ဖြစ်နေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1288
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၈
မိမိတို့ နစက၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ ကျင်းပနိုင်ရေးဖြစ်၍ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး မဖြစ်မနေဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ် ၇ ရက်နေ့က ပြင်ဆင် ဖွဲ့စည်းခဲ့သော နစက၏ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက် ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိမိတို့အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းအောင် ဆက်လက် ဆောင်ရွက်ပြီး ရည်မှန်းချက်တာဝန်များ အောင်မြင် အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ PDF အမည်ခံအဖွဲ့နှင့် အချို့သော EAO (တိုင်းရင်းသားလက်နက်ကိုင်) အဖွဲ့များ၏ လုပ်ဆောင်မှုများကြောင့် တိုင်းရင်းသား ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေနေသည့်အပြင် ကျောင်းနေအရွယ် ကျောင်းသား/သူများ၏ ပညာ သင်ကြားမှု အခွင့်အရေးများ များစွာဆုံးရှုံးထိခိုက်နစ်နာနေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။
၎င်းက “ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေ ဆောင်ရွက်သွားရမည်၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ် အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားရမည်”ဟု ပြောသည်။
တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် NCA ပါ သဘောတူညီချက်များ အတိုင်း အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း အလေးထား လိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း၊ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ရှေးရိုးစွဲ ကျသည့် အတွေးအခေါ်၊ အယူအဆများဖြင့် စဉ်းစားဆောင်ရွက်နေရုံဖြင့်မရဘဲ လက်ရှိနိုင်ငံ၏ ပကတိ အခြေ အနေများနှင့် ကိုက်ညီစွာ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအပေါ် နှောင့်ယှက်မှုများရှိနေမည်ဆိုပါက နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်ရေး လုပ်ငန်းစဉ်များကို နှောင့်နှေးကြန့်ကြာစေမည်” ဟု ပြောသည်။
ထို့ကြောင့် အကြမ်းဖက်ဖြစ်စဉ်များ အားလုံးချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးမှလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုသည် ဟု ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္လာတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူ ၁ သန်းဝန်းကျင် ရှိနေသလို လယ် ယာ စိုက်ပျိုးရေးနှင့် ဒေသတွင်း လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်မှုများလည်း အလွန်ကျဆင်းသွားခဲ့ ကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 643
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၈
၈၈၈၈ လူထုအရေးတော်ပုံကြီးသည် ယခု ၂၀၂၃ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့တွင် ၃၅ နှစ်ပြည့်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ ၈၈၈၈ အရေးတော်ပုံ လူထုလှုပ်ရှားမှု ၃၅ နှစ်ပြည့်မြောက်သည့်နေ့မှာပဲ ရန်ကုန်မြို့အတွင်း နေရာ တချို့မှာ လူငယ်များက သရုပ်ပြလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စစ်ဘက်နှင့် အရပ်ဘက်ကြား သဟဇာတမဖြစ်ဘဲ လက်နက်ကိုင် တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်နေရဆဲဖြစ်သလို ပါတီစုံဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှာလည်း မဖြစ်မြောက်ဘဲ ဖြစ်နေသည်။
အလားတူ နယ်ဒေ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုများလည်း အားနည်းနေကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 640
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၇
ထိုင်းတွင် နိုင်ငံရေးရှုပ်ထွေးမှုများနှင့် ဆန္ဒပြမှုများ ပိုမိုဖြစ်ပွားလာပြီး မတည်မငြိမ်ဖြစ်နေသောကြောင့် မြန်မာ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် လုပ်ငန်းခွင် အပြောင်းအလဲများ မပြုလုပ်ကြရန် ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းတွင် ပြီးခဲ့သည့် မေလ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ ဝန်ကြီး ချုပ်နှင့် အစိုးရသစ်ဖွဲ့စည်းခန့်အပ်နိုင်ခြင်း မရှိသေးသည့်အပြင် ဖြူထိုင်းပါတီအပေါ် ထိုင်းပြည်သူလူထုများ၏ ဆန္ဒပြသပိတ်မှောက်မှုမှာလည်း ပြင်းထန်နေသည်။
ထို့ကြောင့် မည့်သို့သော အခင်းအကျင်းအား ပြောင်းလဲသွားမည်ကို မသိရှိနိုင်သဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား များသည် ထိုင်းအစိုးရသစ် မဖွဲ့စည်းနိုင်ခင်ကာလ၌ လုပ်ငန်းခွင်အပြောင်းအလဲများ မပြုလုပ်ကြရန် Labour Rights Foundation ၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
“အခုအချိန်မှာလည်း စီးပွားရေးတွေ ထိုင်းနိုင်ငံမှာ အဲဒီလောက် အရင်လောက်ကြီး တအားကြီး ဦးမော့နေတာ မဟုတ်တဲ့အတွက်ကြောင့် အလုပ်တစ်ခုအသစ်ကို သွားပြီး လျှောက်ထားမယ်ဆိုရင် လွယ်လင့်တကူ အလုပ် လက်မခံဘူး။ လုပ်သားဦးရေကလည်း အဲဒီလောက်ကြီး သူတို့ မလိုအပ်ဘူး။ မူရင်းရှိနေပြီးသား လုပ်သားတွေနဲ့ လုံလောက်နေပြီအတွက်ကြောင့် အခက်အခဲတွေဖြစ်နိုင်တယ်။ ပုံမှန်အခြေအနေမှာတောင် သတိထား ရှောင်ကြဉ် ရမယ့် အနေအထားဖြစ်တဲ့အတွက်ကြောင့် အခုလို ထိုင်းနိုင်ငံရေးအခြေအနေ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတဲ့အချိန်မှာ မူလရှိနေတဲ့ လုပ်ငန်းခွင်မှာပဲ စနစ်တကျ တည်ငြိမ်အေးချမ်းစွာ အလုပ်လုပ်ဖို့ လိုအပ်မယ်လို့ အကြံပြုချင်တယ်။ ဒါကြောင့်မို့လို့ လက်ရှိ ပကတိအနေအထားအရ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကလည်း အရမ်း ဦးမော့နေတဲ့ အနေ အထားမှာ မဟုတ်ဘူး။ ကိုယ်ကနေမှ ဒီလုပ်ငန်းခွင်ကို မနှစ်သက်လို့ နောက်အလုပ်ကို သွားလို့ လွယ်လင့်တကူ ရတယ်ဆိုရင် အကြောင်းမဟုတ်ဘူး။ သို့သော် မရဖို့က များနေတယ်။ အခုအချိန်မှာ အလုပ်ရှင်တွေက ရှိရင်းစွဲ အလုပ်သမားတွေနဲ့ ထိန်းပြီး အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် အလုပ်သမားတွေအနေနဲ့ နေရာ ပြောင်း ရွှေ့ဖို့ဆိုတဲ့ ကိစ္စတွေ လုံးဝမစဉ်းစားသင့်ဘူးလို့ အကြံပြုတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ထိုင်းနိုင်ငံအတွင်း ဝန်ကြီးချုပ်ရာထူးနေရာနှင့် ပတ်သက်လို့ ဆန္ဒပြ တောင်းဆိုပွဲများ ပြုလုပ်နေသည့် မြင်ကွင်း(ဓါတ်ပုံ-Getty Images)
ထိုင်းတွင် ဝန်ကြီးချုပ် မဲပေးရွေးချယ်မှုအား သြဂုတ် ၄ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ၎င်း အစီအစဉ် ကို လွှတ်တော်ဥက္ကဋ္ဌ ဝမ်မူမာမက်နျူအာ မာသာက သြဂုတ် ၃ ရက်မှာ ဖျက်သိမ်းခဲ့သည်။
ရွေးကောက်ပွဲ၌ နေရာအများဆုံးအနိုင်ရသည့် Move Forward (MFP) ပါတီ ခေါင်းဆောင် ပီတာလင်ဂျာ ရိုရတ်ကို ဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းမှုနှင့်ပတ်သက်ပြီး လွတ်တော်က ပိတ်ပင်ခဲ့သည့်ဖြစ်စဉ်သည် ဖွဲ့စည်းပုံနှင့် ညီ၊မညီ စဉ်းစားဆုံးဖြတ်မည်ဖြစ်သောကြောင့် ဝန်ကြီးချုပ် ရွေးချယ်ရေးကို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သြဂုတ် ၂ ရက်၌ ဒုတိယနေရာအများစု အနိုင်ရသော ဖြူးထိုင်းပါတီသည် MFP နှင့် လမ်းခွဲခဲ့ပြီး MFP ကို ညွန့်ပေါင်းအဖွဲ့မှ ထုတ်ပယ်ခဲ့သည့်အတွက် MFP ပါတီထောက်ခံသူများမှ မကျေနပ်သဖြင့် ဆန္ဒပြခဲ့ကြရာ လက်ရှိ ထိုင်းနိုင်ငံရေးသည် အနည်းငယ် ပိုမိုပြင်းထန်လာနေသည့် အနေအထားမျိုး မြင်တွေ့ရကြောင်းလည်း ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက သုံးသပ်သည်။
ဖြူးထိုင်းပါတီဝင်များကို တွေ့ရစဉ်(ဓါတ်ပုံ-Getty Images)
ထိုအခြေအနေများကြောင့် လုပ်ငန်းခွင်အပြောင်းအလဲများ မပြုလုပ်ပါက အကောင်းဆုံးဖြစ်သော်လည်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း အခွင့်အရေးချိုးဖောက်ခံရမှုများရှိပါက လုပ်ငန်းခွင် ပြောင်း လဲလုပ်ကိုင်သင့်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာန သို့ ပြောသည်။
“ဒါပေမယ့် ကိုယ်ကိုင်ဆောင်ထားတဲ့ စာရွက်စာတမ်းတွေကို ပြန်ကြည့်ဖို့လိုတယ်။ ကိုယ့်စာရွက်စာတမ်းက သူဌေးပြောင်းလို့ ရပြီလား၊ မရဘူးလား။ ရပြီဆိုလို့ရှိရင် ရေကြည်ရာမြက်နုရာပေါ့ သူတို့ အဆင်ပြေတဲ့နေရာကို သူတို့ ပြောင်းရွှေ့တာ သိပ်ပြဿနာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် တစ်နေရာမှာ ကိုယ်နေတယ်။ ကိုယ့်မှာ စာရွက် စာတမ်းတွေလည်း ပြည့်စုံတယ်။ သူဌေးလည်းပြောင်းလို့ရတယ်။ ဒါပေမယ့် ဒီနေရာမှာ အလုပ်သမား အခွင့်အရေး တွေ ချိုးဖောက်မှုရှိတယ်။ ကိုယ့်အတွက် လုံခြုံမှုမရှိဘူး။ ကိုယ့်အတွက် အသက်အန္တရာယ်များတယ် ဆိုရင်တော့ ပြောင်းရွှေ့တာကတော့ အကောင်းဆုံးပဲလေ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ထိုင်းရှိ တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား ဇူလိုင်လအကုန်အထိ အမည်စာရင်းတင်သွင်းခိုင်း ထားပြီး အမည်စာရင်းကျထားပြီးသူများအား ဩဂုတ်လကုန်အထိ နေထိုင်ခွင့်ပြုထားကြောင်း သိရသည်။
အစိုးရဖွဲ့စည်းပြီးမှသာလျှင် ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်သည့် မူဝါဒဆိုင်ရာများအား ချမှတ်နိုင်မည် ဖြစ်သောကြောင့် အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းနိုင်ရန် ထိုင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကလည်း မျှော်လင့် နေကြပြီး တစ်လအတွင်း အမြန်ဆုံးဖွဲ့စည်းရန် တောင်းဆိုမှုများလည်း ရှိသည်။
ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများထဲကမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တရားဝင် အလုပ်သမား ၂ သန်းကျော်ရှိပြီး တရားမဝင်လုပ်သားဦးရေမှာလည်း သန်းနှင့်ချီရှိကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 753
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၇
ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် အချိန်လွန်နေပြီဖြစ်ပြီး အမြန်ဆုံး ဆွေးနွေးကြရန် လိုအပ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင်လည်း ဆုံးဖြတ်ချက်ချနိုင်သည့် ခေါင်းဆောင်များ ပါဝင်ရန် လိုအပ်သလို ဆုံးဖြတ်ချက်ချနိုင်သော အနေအထားရောက်သည်အထိ ဆွေးနွေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ဒေါ်စောမြရာဇာလင်းက “ဆွေးနွေးမှုကတော့ သွားနေတယ်၊ ဒီထက် လေးနက်တဲ့ ဆွေးနွေးမှုရှိဖို့က အရမ်းအရေး ကြီးပါတယ်။ ပွင့်လင်းရမယ်၊ တစ်ဖက်နဲ့ တစ်ဖက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဖက် က ဆိုလို့ရှိရင်လည်း တကယ့်ကို စိတ်ချယုံကြည်ရတဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ ခေါင်းဆောင်တွေ ရှိဖို့လိုအပ်သလို နိုင်ငံတော်ဖက်ကလည်း နဖူးတွေ့၊ ဒူးတွေ့ဆွေးနွေးတဲ့အခါမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အနေအထားမျိုးတွေ ဆွေး နွေးဖို့လိုတယ်၊ ဒီနေ့မပြီးဘူး။ ခဏနားလိုက်၊ မရနိုင်ဘူး စိတ်တွေ ဖြေဖျောက်ဖို့လိုတယ်၊ ပြောကြဆိုကြတဲ့ အနေ အထားမှာ တစ်ဖက်နဲ့တစ်ဖက် အမြင်မတူတာတွေ ရှိမယ်ဆိုလို့ရှိရင် တစ်ရက်နားလိုက် နောက်တစ်ရက်မှာ ဆွေးနွေးမှာလား။ အဲဒီလိုပုံစံမျိုးတွေပေါ့လေ၊ ကျမတို့က တကယ့်ကို ဒီပွဲကို မပြတ်၊ ပြတ်အောင်ဆွေးနွေးမယ်၊ ထိထိရောက်ရောက် ဆွေးနွေးဖို့ကတော့ အချိန်လွန်နေပြီလို့ ကျမပြောချင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)တို့ တွေ့ဆုံကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး ဆွေးနွေးကြကြောင်း ဒေါ်စောမြရာဇာလင်းက ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးနှင့်အတူ တန်းတူအခွင့်အရေးအတွက် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာလာခဲ့ပြီ ဖြစ်သည်။
လက်ရှိတွင်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နိုင်ငံရေး အပြောင်းအလဲများကြောင့် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိနေသည်။
ဒေါ်စောမြရာဇာလင်းနဲ့ နစက ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
တိုင်းပြည်အတွင်း အတူယှဉ်တွဲနေထိုင်ကြသော တိုင်းရင်းသားအချင်းချင်း အေးချမ်းစေလိုကြောင်း ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရှင်းရှင်းပြောရရင် ဒီစစ်တပ်နဲ့ ဒီလက်နက်ကိုင်တွေနဲ့ ဖြစ်နေတာကိုလည်း စိတ်မချမ်းသာဘူး။ သေနေတာ လည်း ရှမ်း၊ ချင်း၊ ကချင်၊ ကယား တို့ဗမာလူမျိုးတွေကြီးပဲ။ တိုင်းပြည်မှာနေတဲ့ လူတွေကြီးပဲ၊ အဲဒီတော့ ဗမာပြည် ကို အမှန်တိုင်းပြောရရင်တော့ အားလုံး အေးအေးချမ်းချမ်း ဖြစ်စေချင်တာတော့ အန်တီတို့ နိုင်ငံရေးသမားတွေရဲ့ စေတနာပါ။ ဒါပေမဲ့ လက်ရှိအချိန်မှာ အန်တီတို့ဆီမှာ အပ်တိုတစ်ချောင်းတောင် မရှိတာ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြောချင် ပါတယ်” ဟု ပြောသည်။
လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကြောင့် တိုင်းပြည်တွင် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာ ရေး စသော ကဏ္ဍများမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။
အဆိုပါ ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့မှလည်း ကြိုးပမ်းမှုများ ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 670
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၅
နစကအပေါ် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိသည့်တိုင် နစကသည် ဖိအားနှင့် ပိတ်ဆို့မှုကို ဂရုစိုက်သူ မဟုတ်ဘူးဟု တော်လှန်ရေး အတွေ့အကြုံရင့်ကျက်သူ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာ နသို့ ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက်က ဥရောပသမဂ္ဂ (EU) မှ နစက၏ ဝန်ကြီး ၃ ဦး အပါအဝင် လူပုဂ္ဂိုလ် ၆ ဦးနှင့် အမှတ် ၂ သတ္ထုတွင်း လုပ်ငန်းဌာနတို့ကို ဒဏ်ခတ်အရေးယူကြောင်း ထုတ်ပြန်ခဲ့သည်။
နစကအနေဖြင့် ၎င်းတို့အပေါ် ပိတ်ဆို့အရေးယူမှုများကို ဂရုစိုက်နေမှာ မဟုတ်ကြောင်း၊ ၎င်းတို့ သွားမည့် လမ်း ကြောင်းအတိုင်း သွားနေမှာဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနကို ပြောသည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လက မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွေ့ဆုံစဉ်
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဘာဖိအားမှ မဟုတ်ပါဘူး။ သူ့ရဲ့ ပြည်တွင်း ညီညွတ်ရေးကို တစ်စုံတစ်ရာ ရလာလို့ရှိရင် အဲဒီအပေါ်မှာ ငြိမ်းချမ်းရေးညီလာခံတို့လို၊ ရွေးကောက်ပွဲကိစ္စတို့လို ဆက်လက်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်နဲ့ တူပါတယ်။ ဖိအားတော့ ဘယ်သူ့မှ ဂရုမစိုက်ပါဘူး။ ဒီအစိုးရက ဖိအားဂရုစိုက်တဲ့သူ မဟုတ်ဘူး၊ Sanctions လည်း ဂရုမစိုက်ဘူး။ ဖိအားလည်း ဂရုမစိုက်ဘူး။ ဘာမှ ဂရုမစိုက်ဘူး။ သို့သော်လည်းပဲ သွားရမယ့်လမ်းကြောင်း ပိုပြီးတော့ ဖြောင်းဖြူးအောင် ပြစ်ဒဏ်ပေးထားတဲ့ ခေါင်းဆောင်တွေနဲ့ ပြန်ညှိနှိုင်းတဲ့ သဘောလို့ ယူပါတယ်ဗျ” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက်ပိုင်း နစကအဖွဲ့ဝင်များနှင့် စီးပွားရေး လုပ်ငန်းရှင်အချို့ကို အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ရှိခဲ့သည်။
ထို့အတူ ယခုလ ဩဂုတ် ၃ ရက်နေ့ကလည်း အမှတ် (၂) သတ္ထုတွင်းလုပ်ငန်းနှင့် လူပုဂ္ဂိုလ် (၆) ဦးကို ဆွစ်ဇာလန် နိုင်ငံမှ ဒဏ်ခတ် အရေးယူခဲ့သည်။
မြန်မာ့တပ်မတော်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ပြည်သူလူထုအပေါ် ဖိနှိပ်မှုများတွင် ပါဝင် ပတ်သက် နေသည်ဟု ဆွစ်ဇာလန်အစိုးရ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
နစက၏ ဒုဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တွေ့ရစဉ်
နစကအပေါ် အနောက်နိုင်ငံများမှ ဒဏ်ခတ်အရေးယူမှုမှာ သက်ရောက်မှု အနည်းငယ်ရှိကြောင်း၊ သို့သော်လည်း တရုတ်၊ ရုရှား အပါအဝင် အာဆီယံနိုင်ငံအချို့နှင့် ဆက်ဆံမှု ရှိနေသည့်အတွက် နစကတွင် ထွက်ပေါက်ရှိကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “Sanctions တော့ အနောက်နိုင်ငံတွေကတော့ သူတို့ကတော့ ဒါသူတို့ရဲ့ နိုင်ငံရေးပေါ့၊ သူတို့ရဲ့ နိုင်ငံရေး အောင်မြင်ဖို့ အတွက်ကတော့ သူတို့ လုပ်နိုင်တဲ့ဖက် Sanctions တွေကတော့ သူတို့ ဥရောပတို့၊ အမေရိကတို့ ဒါတော့လုပ်မှာပဲလေ ကျနော်တို့ဖက် သက်ရောက်မှုတော့ အနည်းအကျဉ်းတော့ ရှိမှာပဲ။ ဒါပေမဲ့ အဓိကတော့ ကျနော်တို့ဖက်မှာက ဒီဖက်က တရုတ်၊ ရုရှားတို့ အာဆီယံတို့ဖက်ကတော့ ဒီလောက်အထိ ကျနော်တို့ အပေါ် ဖိဖိစီးစီး မလုပ်ဘူးဆိုတော့လည်း ကျနော်တို့က ထွက်ပေါက်ရှိတယ်လေ၊ အစစအရာရာက အနောက်နိုင်ငံကို မှီခိုတာထက် အာရှကို မှီခိုတာက ပိုများတာကိုး အဲဒီတော့ ထိရောက်မှု အနည်းအကျဉ်းတော့ ရှိမယ်၊ ဒါပေမဲ့ ဆိုးဆိုးရွားရွားကြီးတော့ မရှိလောက်ဘူးလို့ ကျနော်ကတော့ အဲဒီလို သုံးသပ်တယ်” ဟု ပြောသည်။
နစကမှ အာဏာရယူပြီးနောက်ပိုင်း နစက၏ ဝန်ကြီးများ၊ နစကနှင့် ဆက်စပ်သော လုပ်ငန်းများ၊ လုပ်ငန်းရှင်များ အပေါ် အမေရိကန်နိုင်ငံ အပါအဝင် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်၊ UK နှင့် ဂျပန်နိုင်ငံတို့မှ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။
နစက၏ ဒုဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုကို ဂရုစိုက်မည်မဟုတ်ဘဲ မိမိတို့ထံတွင် တခြားသော မိတ်ဆွေများရှိကြောင်း ပြောကြားထားသည်။