- By CNI
- Category: နိုင်ငံရေး
- Hits: 651
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့(ဖေဖော်ဝါရီ ၂၉ ရက်)နံနက်ပိုင်းတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် လူသေဆုံးနှင့် ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း စစ်တွေဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ထိုလက်နက်ကြီးသည် မြို့မစျေးကြီးအနီး၊ ကိုရီးယားဆိပ်ကမ်း ပျံကျစျေး၊ ရန်ပြေမာန်ပြေဘုရား အနောက်ဘက်ရှိ ဦးမောင်မောင်သန်း ပွဲရုံတွင် ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းလည်း စစ်တွေဒေသခံတစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “အခုမနက်က လက်နက်ကြီးကျတာ။ အဲဒီလက်နက်ကြီးက စံပြရွာနားက ရေတပ်ကနေ ပစ်လိုက်တာလို့ ပြောတယ်။ လူတွေအများကြီး ထိသွားကြတယ် သေတဲ့လူတွေလည်း ရှိတယ်။ ဘယ်လောက် ထိသွားကြလဲ ဆိုတာကတော့ လူဦးရေ အတိအကျတော့ မသိဘူး။ မနက်ပိုင်း ဈေးမှာ လူများတဲ့အချိန်ဆိုတော့ အထိအခိုက် တော်တော် များမယ်ထင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကို တွေ့ရစဉ်
အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၇ ဦးသေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရှိကြောင်း၊ လက်ရှိတွင် သေဆုံးသူများနှင့် ဒဏ်ရာရသူများကို စစ်တွေ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်း ဒေသတွင်း သတင်းများ၌ ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲများ ပြင်းထန်နေပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသများကို AA က သိမ်းပိုက်ထားသလို စစ်တွေမြို့ကိုလည်း တိုက်ခိုက်ရန် AA က ပြင်ဆင်လျက်ရှိ နေသည်။
ထို့ကြောင့် စစ်တွေမြို့ခံ တချို့မှာ ရန်ကုန် အပါအဝင် ဒေသတွင် တခြားသော မြို့နယ်များသို့ ပြောင်းရွှေ့နေမှု များရှိသလို မကြာခဏ မြို့တွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများ ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 867
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် သတ်မှတ်ကြောင်း နစက-က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ မြို့နယ်များသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့်အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက စီမံအုပ်ချုပ်မည်ဖြစ်သည်။
စစ်အုပ်ချုပ်ရေး နယ်မြေ သတ်မှတ်လိုက်ခြင်းကြောင့် တိုင်းမှူးသည် မိုးမိတ်နှင့် မဘိမ်းမြို့နယ်အတွင်း၌ အုပ်ချုပ်ရေး၊ လုံခြုံရေးကိစ္စရပ်များ၊ လူမှုရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စ ရပ်များကို စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။
မိုးမိတ်နှင့် မဘိမ်းမြို့နယ်များတွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1486
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေ များကို နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများကို နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှင်းပြခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က နိုင်င့တော် ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြ အရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား Video Conferencing ဖြင့် တွေ့ဆုံစဉ် တပ်ချုပ်က ရွေးကောက်ပွဲ ကျင်းပ နိုင်ရေး ပြင်ဆင်နေမှုကို ရှင်းပြခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု များဖြစ်ပွားခဲ့ချိန်၌ ဥပဒေနှင့်အညီ ဖြေရှင်းမှုများ ဆောင်ရွက်ပေးခဲ့ခြင်း မရှိခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံရေး ရည်မှန်ချက် ၂ ရပ်၊ အမျိုးသားရေး ရည်မှန်းချက် ၂ ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းပြခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိကြီးများကို တွေ့ရစဉ်
အလားတူ နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာ ဆက်လက် လျှောက်လှမ်းလျက်ရှိ မှုနှင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေ အနေများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များနှင့် ဦးတည်ချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်း ရှင်းပြခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပပြီးပါက အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်း သန်းခေါင်စာရင်း ကောက်သွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ပြီးပါ က ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာခဏ ပြောကြား လေ့ရှိသည်။
လက်ရှိတွင် နိုင်ငံတစ်ဝှမ်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများကြား တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားနေသလို နယ်မြေဆုံးရှုံးမှုများလည်း အများအပြား ကြုံတွေ့နေရခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မဖြစ်နိုင်သေးကြောင်း နိုင်ငံရေးနှင့်စစ်ရေး အကဲခတ်များက ထောက်ပြကြသည်။
ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက်ဆိုလျှင် နစကနှင့်မြန်မာ့တပ်မတော် အနေဖြင့် နယ်မြေတည်ငြိမ်မှု ရရှိအောင် လုပ်ဆောင်ဖို့ လိုအပ်သလို ဆုံးရှုံးထားသော နယ်မြေများ ပြန်လည် ရရှိရန်လည်း လိုအပ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှု ရှိရန်လိုအပ်သလို ပြည်သူလူထုများ ပါတီနိုင်ငံရေးအပေါ် ပြန်လည် ယုံကြည်လာအောင် လည်း စည်းရုံးသင့်ကြောင်း နိုင်ငံရေးနှင့်စစ်ရေး အကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 887
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့ဝင်များတွင် လူမျိုးပေါင်းစုံပါဝင်သည့်အတွက် မိမိလူမျိုး၏ အရေးကိုပဲ မလုပ်ဘဲ အားလုံးလွှမ်းခြုံသည့် တစ်နိုင်ငံလုံးအရေးကို လုပ်ဆောင်ကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က NUG ၏ အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ဒူဝါလရှီးလ “ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေထဲမှာ ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ဗမာ၊ တအာင်း၊ ချင်း စတဲ့ လူမျိုးပေါင်းစုံ ပါဝင်စုဖွဲ့ထားတဲ့ အစိုးရတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အစိုးရအဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းက မိမိတို့ရဲ့ လူမျိုးရေးကိုပဲ ရှေ့ရှု လုပ်ဆောင်တာမျိုး မဟုတ်ဘဲနဲ့ အားလုံးလွှမ်းခြုံပြီး တစ်နိုင်ငံလုံးအရေးကို ခြုံကြည့်ပြီး လုပ်ဆောင်ဖို့ အထူးလိုအပ်ပါတယ်။ အဲဒီ်လို လုပ်ဆောင် မှသာ ကျနော်တို့ရဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ခိုင်မာကျစ်လစ်တဲ့ အမျိုးသားညီညွတ်ရေး အင်အားနဲ့ ရှေ့ဆက်နိုင်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့ မြေပြင်က တော်လှန်ရေး အင်အားစုတွေနဲ့ နိုင်ငံရေးအရ ပိုမို အစေးကပ်အောင် ဆက်လက်ကြိုးစားဖို့ လိုနေပါ တယ်။ အထူးသဖြင့် အရေးပေါ် အချိန်ကာလတွေမှာ၊ ပြည်သူလူထုထဲက စစ်ဘေးဒုက္ခသည်များ ကူညီကယ် ဆယ်ရေး အလုပ်တွေကို လုပ်တဲ့အခါမှာ မြေပြင်က အင်အားစုတွေနဲ့ နားလည်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိထားမှ သာ လူထုအရေးကိစ္စတွေကို ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ထို့နောက် မြေပြင်တွင် တော်လှန်ရေး အင်အားစု အချင်းချင်း ပေါင်းစည်းမလုပ်နိုင်ဘဲ ဖြစ်နေကြောင်း၊ ထိုသို့ ပေါင်းစည်း မလုပ်နိုင်ခြင်းကြောင့် လူထုကို ကူညီထောက်ပံ့သည့် လုပ်ငန်းများ ကြန့်ကြာမှုများ ဖြစ်ပေါ်လာနေ သည်ကို သတိမူရန် လိုအပ်သည်ဟု ၎င်းက ထောက်ပြသည်။

NUG ကို တွေ့ရစဉ်
ဒူဝါလရှီးလက “တော်လှန်ရေးအင်အားစုအချင်းချင်း ပေါင်းစည်း မလုပ်နိုင်လို့ လူထုကို ကူညီထောက်ပံ့တဲ့ လုပ်ငန်းတွေမှာ ကြန့်ကြာတာမျိုး / နှောင့်နှေးတာမျိုးတွေ ရှိနေတာကို သတိမူမိဖို့ လိုပါတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစု အချင်းချင်းအကြား နိုင်ငံရေးအရ ပိုပြီး ကပ်အားကောင်းအောင် ကြိုးစားလုပ်ဆောင် ကြဖို့ လိုပါတယ်”ဟု ပြောသည်။
NUG သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်း၍ မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး လက် နက်ကိုင် တော်လှန်လျက်ရှိနေသည်။
ထို့အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့နှင့် မဟာမိတ် ဖွဲ့စည်းထားကာ စစ်ရေးလှုပ်ရှား လျက်ရှိနေသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့မှာ တိုက်ပွဲများ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1463
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
မြန်မာ့တပ်မတော်မှ ခေါင်းဆောင်များအနေဖြင့် အရှုံးသမားကောင်း ပီသအောင် ကြိုးစားခြင်းကသာ သင်တို့၏ တစ်ခုတည်းသော အကောင်းဆုံးရွေးချယ်စရာဖြစ်လိမ့်မည်ဟု ရက္ခိုင့်တပ်တော်(AA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် X လူမှုကွန်ရက်မီဒီယာတွင် ရေးသား ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ ခင်များတို့ရဲ့ စစ်ပညာနဲ့ ကြိုးစားမှုကို လေးစားပါတယ်။ ဒါပေမဲ့ လူကြီးမင်းတို့က သေချာပေါက် ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်း ပီသအောင် ကြိုးစားခြင်းကသာ သင်တို့ရဲ့ တစ်ခုတည်းသော အကောင်းဆုံး ရွေးချယ်စရာဖြစ်ပါလိမ့်မည်”ဟု X လူမှုကွန်ရက်မီဒီယာမှာ ရေးသား၍ ပြောကြားခဲ့သည်။
လက်ရှိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် AA ကြား တိုက်ပွဲ များ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ စာကို တွေ့ရစဉ်
အဆိုပါ တိုက်ပွဲများသည် AA နှင့် မြန်မာ့တပ်မတော်ကြား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ယာယီအပစ်အခတ်ရပ်စဲ ထားမှု တစ်နှစ်ပြည့်မည့် အချိန်မှာ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ပလက်ဝမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့ နယ်တို့ကို AA က တိုက်ခိုက် သိမ်းပိုက်ထားသလို ကျန်မြို့နယ်များမှာလည်း တိုက်ပွဲများ ပြင်းထန်နေသည်။
AA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှာ လည်း တခြားသော တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ပူးပေါင်း၍ လှုပ်ရှားကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေး၊ ကုန်သွယ်ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အခန်းကဏ္ဍများ ကျဆင်းလာသလို တိုက်ပွဲရှောင်များ ၁ သန်းကျော်လာပြီး လူအခွင့်အရေး ချိုး ဖောက်မှုများလည်း အရပ်သားများခံနေကြရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1333
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် (မဲဆောက်)အတွင်း နေထိုင်ကြသူများအနေဖြင့် မိမိနေအိမ် သို့မဟုတ် အိမ်ခန်း များ ငှားရမ်းထားသည့် နေရာများတွင် နိုင်ငံခြားသား ဧည့်သည်များ လာရောက် တည်းခိုနေထိုင်ပါက လူဝင်မှု ကြီးကြပ်ရေးထံ မဖြစ်မနေ ဧည့်စာရင်းတိုင်ကြားရမည်ဟု တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက သတင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖြစ်သည်။
ထုတ်ပြန်ချက်တွင် “ အမျိုးသားလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုအတွက် အိမ်ပိုင်ရှင်များမှ နေထိုင်သူတို့၏ ဧည့်စာရင်းကို လူဝင်မှုကြီးကြပ်ရေးထံ အကြောင်းကြားရန်”ဟု ပြောပြထားသည်။
ထို့နောက် အိမ်ပိုင်ရှင်၊ နေရာအိမ်ခန်း အငှားပိုင်ရှင် သို့မဟုတ် ဟိုတယ် မန်နေဂျာများအနေဖြင့် နိုင်ငံခြားသား ဧည့်သည်များ တည်းခိုနေထိုင်မှု ရှိပါက ၂၄ နာရီအတွင်း ဧည့်စာရင်းတိုင်ကြားရမည်ဟု အမိန့်ထုတ်ထားသည်။
ထိုသို့ အမိန့်ထားထားသည့်အတိုင် ဧည့်စာရင်းမတိုင်ကြားပါက ဘတ် ၁၀၀၀၀ အထိ ဒဏ်ကြေးပေးရမည်ဟု လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ထုတ်ပြန်ချက်ကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သော ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး တော်လှန်နေကြသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ အများစုနေထိုင်ကြသလို နေရပ်စွန့်ခွာ တိုက် ပွဲရှောင်နေကြသူများနှင့် ရွှေ့ပြောင်း အလုပ်လုပ်ရန် ခိုးဝင်နေကြသူများလည်း နေထိုင်လျက်ရှိနေကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပြီးနောက် စစ်မှုထမ်းရမည်ကို ရှောင်လွှဲ နိုင်ရန်အတွက် ထိုင်းနိုင်ငံသို့ တိမ်းရှောင်ရန် ကြိုးပမ်းနေကြသူ အများအပြား ရှိလာခဲ့သည်။
ထို့နောက် ထိုင်းဝန်ကြီးချုပ် ဆရီသာက ထိုင်းနိုင်ငံကို တရားဝင်လာရောက်ပါက ကြိုဆိုမည်ဖြစ်ပြီး တရားမဝင် ခိုးဝင်လာပါက ဖမ်းဆီးအရေးယူမည်ဟု ထုတ်ဖော် ပြောကြားလာခဲ့သည်။
ထို့အပြင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များကလည်း နိုင်ငံခြားသား ဧည့်သည်များ လာရောက် တည်းခိုနေထိုင်မှု ရှိပါက ဧည့်စာရင်းတိုင်ကြားရန် အိမ်ပိုင်ရှင်များ၊ အိမ်ခန်းငှားထားသော ပိုင်ရှင် များနှင့် ဟိုတယ် မန်နေဂျာများကို အမိန့်ထုတ်လာခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1105
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
မွန်ပြည်သစ်ပါတီ (NMSP) မှ ထိပ်ပိုင်းခေါင်းဆောင်အချို့သည် နှုတ်ထွက်ပြီး မြန်မာ့တပ်မတော်ကို တိုက်ခိုက် သွားမည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီအနေဖြင့် မည်ကဲ့သို့ ဦးတည်နေသလဲဆိုသည့်အပေါ် အကဲခတ်စောင့်ကြည့်နေကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က မွန်ပြည်သစ်ပါတီ ခေါင်းဆောင်အချို့ ခွဲထွက်ကာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဖျက်သိမ်းရေးအဖွဲ့)ကို ထူထောင်ခဲ့ပြီး တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
မွန်ပြည်သစ်ပါတီမှ ခေါင်းဆောင်များသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းဖြင့် မိမိတို့ အမျိုးသားအခွင့်အရေးများ ရရှိရန် ကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့ကြောင်း၊ ထိုနောက် မွန်လူငယ်များက ခွဲထွက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “မွန်ပြည်သစ်ပါတီက အရင်ကတည်းက တစ်လျှောက်လုံးပေါ့ဗျာ၊ အထူးသဖြင့် လူကြီးပိုင်းတွေပေါ့၊ NCA လမ်းကြောင်းကနေပြီးတော့ သူတို့က သူ့အမျိုးသား အကျိုးစီးပွားအတွက် ရအောင်ကြိုးပမ်းမယ်ဆိုတာ နှစ်ပေါင်း များစွာ ကြားနေ ဆယ်စုနှစ် ၃ ခုလောက်ရှိပါပြီ။ ဒါပေမဲ့ အဲဒါတွေ မရနိုင်တဲ့ အနေအထားအောက်မှာ နွေဦး တော်လှန်ရေးရဲ့ လှုပ်ရှားမှုဟာလည်း အမျိုးသား အသီးသီးကြားထဲမှာ ပြင်းထန်လာတဲ့အချိန်မှာ လူငယ်ပိုင်းတွေ က အဲဒီလို ခွဲထွက်တာပေါ့ဗျာ။ ဒါကလည်း သဘာဝကျတဲ့ အခြေအနေတစ်ခုပါ” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီနဲ့ နစက တွေ့ဆုံဆွေးနွေးတုန်းက ယခု ခွဲထွက်သွားတဲ့အဖွဲ့မှာ ဒုခေါင်းဆောင်အဖြစ် တာ၀န်ယူနေသူ နိုင်ဗညားလယ်ကို တွေ့ရစဉ်(မျက်မှန်နဲ့တစ်ယောက်)
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့နှင့် ပြန်လည်ပေါင်းစည်းနိုင်ရန် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ်ဆောင်မှုကော်မတီက ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရက်စွဲဖြင့် ကြေညာထား သည်။
နစကအနေဖြင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များနှင့် အဆက်အသွယ် ရရှိနေပြီး ၎င်းကိစ္စကို ပါတီခေါင်းဆောင် များ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း၊ NCA အတိုင်း ဆက်သွားမှာဖြစ်ကြောင်း နစက-က သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့၏ တော်လှန်ရေး အင်အားစုများနှင့်ပူးပေါင်းကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက် သွားမည်ဆိုသည့် ထုတ်ပြန်ကြေညာချက်အပေါ် မွန်လူငယ်အများစုက ကြိုဆိုကြောင်း မွန်လူငယ်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးစဉ်
၎င်းက “မွန်လူငယ်အနေနဲ့ ကောင်းတယ်လို့ မြင်တယ်ပေါ့နော်၊ အဓိကတော့ မွန်လူငယ်အများစုက အကောင်း ဘက်ပဲ မြင်ကြတာပေါ့နော်။ သူတို့ဟာ အချိန်က ဖြစ်သွားတာပေါ့နော်၊ ဒီဘက်မှာလည်း စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း လိုက်တော့ ဟိုဘက်မှာလည်း အခြေအနေကောင်း ဖြစ်သွားတာပေါ့နော်၊ အများစုက သူ့ဘက်ကပဲ ပြန်ပါလာဖို့ အများကြီးရှိတယ်၊ ဒီ NCA အတိုင်း သွားတဲ့ဘက်ကလည်း လူငယ်အများစုက ဟိုဘက်ကို ပြောင်းဖို့ အများကြီးရှိ တယ်လို့ မြင်တာပေါ့နော်၊ မြင်တာမဟုတ်ဘူး။ တကယ်လည်း သွားနေကြတာ မြင်တယ်” ဟု ပြောသည်။
မွန်ပြည်သစ်ပါတီသည် NCA သဘောတူညီချက်အရ နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းအရ အဖြေရှာရန် အားထုတ်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် သုံးကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ်များ လုံးဝ မရရှိခဲ့ ကြောင်း ခွဲထွက် မွန်ပြည်သစ်ပါတီက ထုတ်ပြန်ခဲ့သည်။
မွန်ပြည်သစ်ပါတီ (NMSP)သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့သော မွန်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။
စစ်ရေးအကဲခတ်တချို့ကတော့ မွန်ပြည်သစ်ပါတီ နှစ်ခြမ်းကွဲသွားသည်ဆိုသော အခင်းအကျင်းသည် မြန်မာ့တပ် မတော်ကို မတိုက်ရကောင်းလာဆိုပြီး ဝေဖန်မှုများ ခံနေရသည်ကို ကုစားနိုင်ရေးအတွက် အယောင်ပြ အကွဲအပြဲ လုပ်ခြင်းလည်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 886
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
တော်လှန်သောလမ်းစကို ရှာကြံနေကြသည့် ဘဝတူ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကို အမြဲပင်လက်ခံ ကြိုဆိုနေမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
ယခုလက်ရှိ အခြေအနေတွင် အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုများသည် စစ်အာဏာရှင်တို့၏ နည်းလမ်း ပေါင်းစုံဖြင့် ပိုမိုဖိနှိပ်လာခြင်းကို ခံနေရသည့်သတင်းများ နေ့စဉ် နားမဆံ့အောင်ပင် ကြားသိနေရကြောင်း၊ ဖိနှိပ် မှုရှိလျှင် တော်လှန်မှုရှိသည်ဆိုသည့် တော်လှန်ရေး၏ နိယာမတရားအတိုင်း အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူ ထုများ တော်လှန်သော လမ်းစအသီးသီးကို ရှာကြံနေကြသည်ကိုလည်း ကြားသိနေရပါကြောင်း SSPP/SSA က ထုတ်ပြန်ခဲ့သည်။
၎င်းက “ ထို့ကြောင့် မိမိတို့ SSPP/SSA သည် တော်လှန်သောလမ်းစကို ရှာကြံနေကြသည့် ဘဝတူအဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုများအတွက် မိမိတို့ SSPP/SSA ၏ ဦးတည်ချက်၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းတို့ကို လက်ခံယုံကြည်လိုက်နာမည်ဆိုလျှင် လူမျိုးဘာသာမရွေး အမြဲပင်လက်ခံကြိုဆိုနေမည်”ဟု ပြောသည်။

SSPP/SSA ၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
SSPP/SSA ပြောသည့် စစ်အာဏာရှင်တို့၏ ဆိုသည်မှာ မည်သည့် အဖွဲ့အစည်းကို ရည်ညွန်းကြောင်း တိတိ ကျကျ ထုတ်ပြန်ထား ခြင်းမရှိကြောင်း တွေ့ရသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရန် ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံ တော် အာဏာရကို ရယူခဲ့ခြင်းကြောင့် မြန်မာ့တပ်မတော် ဖြုတ်ချရေး ဒီမိုကရေစီအင်အားစုများက ကြိုးပမ်းနေ လျက်ရှိသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုး သား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PL A) တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ခြင်းကြောင့် မြို့ပြနှင့် ကျေးလက်ဒေများ ပျက်စီးဆုံးရှုံးကာ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

SSPP/SSA ခေါင်းဆောင်များ အစည်းအဝေးလုပ်နေကြစဉ်
ထို့နောက် TNLA သည် နမ့်ခမ်းမြို့နှင့် ကွတ်ခိုင်မြို့ကို ထိန်းချုပ်ခဲ့ပြီးနောက် ရှမ်း၊ ကချင် စသည့် လူမျိုးများ၏ လွတ်လပ်ခွင့်အပေါ် ပိတ်ပင်မှုများ ပြုလုပ်လာ၍ ကန့်ကွက် ရှုံ့ချမှုများ ခံနေရသလို SSPP/SSA နှင့်လည်း နယ် မြေ အငြင်းပွားကာ စစ်ရေးတင်းမာလျက်ရှိနေသည်။
အလားတူ MNDAA ကလည်း မြန်မာ့တပ်မတော်ကို တိုက်ခိုက်၍ သိမ်းပိုက်ရရှိထားသော ၎င်း၏ နယ်မြေများ အတွင်း KIA၊ SSPP အပါအဝင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းများကိုမှ လှုပ်ရှားသွားလာခွင့် မပြုကြောင်း နှင့် ဗမာတိုင်းရင်းသားများ အလုပ်လာလုပ်ခြင်းကို တင်းကြပ်မှုများ ပြုလုပ်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 994
CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
၂၀၂၅ နှစ်သစ်တွင် လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်း ဆောင်ရွက် သွားမည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်၌ ထုတ်ပြန် ကြေညာခဲ့သည်။
လူထုအုပ်ချုပ်မှုအစိုးရ ဆိုသည်မှာ တအာင်း(ပလောင်) လူမျိုးများကြား ကိုယ်ပိုင်အုပ်ချုပ်မည့် အစိုးရကို ဆိုလို ခြင်းလား မြန်မာ့တပ်မတော်ကို ဖြုတ်ချရေးကြိုးပမ်းခြင်းဖြင့် မြန်မာနိုင်ငံတော်အား အုပ်ချုပ်မည့် အစိုးရကို ဆိုလို ခြင်းလာဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း ပြောမထားပေ။
TNLA/PSLF က “ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးမှ ၁၀၂၇ စစ်ဆင်ရေးတွင် ထိန်းသိမ်းရရှိခဲ့သည့် မြို့ (၇)မြို့ အပါအဝင် TNLA တပ်မတော် အခြေစိုက်ထားသည့် နယ်မြေဒေသများကို လုံခြုံရေး၊ တရားဥပဒေ စိုးမိုး ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးကိစ္စရပ်များကို ပိုမို တိုးတက်ကောင်းမွန်လာစေရန် ဦးဆောင် စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး ၂၀၂၅ နှစ်သစ်တွင် လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာ ရန် ကြိုးပမ်းဆောင်ရွက်သွားမည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

TNLA ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို့နောက် တအာင်းဒေသတွင်း အခြားလူမျိုး အဖွဲ့အစည်းများမှ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ အခွန် ကောက်ခံခြင်း၊ မိမိတို့၏ လူထုစီမံအုပ်ချုပ်ရေး လုပ်ငန်းများကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်ခြင်းများ မပြုနိုင် အောင် တအာင်းဒေသရှိ လူမျိုးစုံ မိဘပြည်သူများနှင့်အတူ လက်တွဲကာကွယ်ပြီး ပြည်သူလူထုများ၏ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင် အမြန်ဆုံး အောင်မြင်ရောက်ရှိစေရန် ဦးဆောင်သွားမည်ဟု TNLA က ထုတ်ပြန်ခဲ့သည်။
TNLA သည် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)၊ ဗမာ ပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ ဗမာအမျိုးသားတော် လှန်ရေးတပ်မတော်(BNRA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-MDY)တို့နှင့် ပူးတွဲ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့သည်။
ထို့နောက် TNLA သည် ကွတ်ခိုင်မြို့၊ နမ့်ခမ်းမြို့၊ မိုင်းငေါ့မြို့၊ နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့တို့ကို မြန်မာ့တပ်မတော်ထံကနေ ထိန်းချုပ်နိုင်ခဲ့သည်။
အလားတူ တအာင်း(ပလောင်) လူမျိုးများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် MNDAA တို့က စစ်သား စုဆောင်းလျက်ရှိနေသည်။
လက်ရှိတွင် KIA နှင့် TNLA ကြား ကွတ်ခိုင်မြို့နယ်အတွင်း နယ်မြေ အငြင်းပွားကာ စစ်ရေးတင်းမာနေသလို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နှင့်လည်း နမ့်ခမ်းမြို့နယ်အတွင်းမှာ နယ်မြေအငြင်းပွားကာ စစ်ရေး တင်းမာလျက်ရှိနေသည်။
