
- By CNI
- Category: နိုင်ငံရေး
- Hits: 920
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၆
မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)အောက်ကနေ ထွက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အောက်မှာ ရပ်တည်သွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃-၄-၅-၆)မှ တပ်ရင်းမှူးများ ပူးတွဲ၍ ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

- By cni
- Category: နိုင်ငံရေး
- Hits: 835
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၆
၂၀၂၆ ခုနှစ်တွင် တာဝန်ယူရမည့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို မြန်မာအနေဖြင့် စွန့်လွှတ်လိုက်သည်ဟု သတင်းထွက်ခဲ့ပြီးနောက် မည်သည့်အကြောင်းကြောင့် တာဝန်မယူနိုင်သလဲ ဆိုသည့်အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။
မြန်မာသည် ၂၀၂၆ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို ပြည်တွင်းရေး ကိစ္စများကြောင့် အဆင်သင့်မဖြစ်၍ ၂၀၂၇ ခုနှစ်မှ ပြန်လည်တာဝန်ယူမည်ဟု ပြောကြောင်း ထိုင်းသတင်းဌာန တစ်ခုဖြစ်သော PBS က ဖော်ပြခဲ့သည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို မြန်မာအနေဖြင့် စွန့်လွှတ်လိုက်သည်ဆိုသော ကိစ္စကို နစကနှင့် အာဆီယံက အတည်ပြုရန် လိုအပ်သေးကြောင်း၊ ၂၀၂၆ ခုနှစ်အထိ ရွေးကောက်ခံအစိုးရတစ်ရပ် မပေါ်ပေါက်နိုင်ဘူးလားဟု မေးခွန်းထုတ်စရာ ရှိနေကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနကို ပြောသည်။
၂၀၁၄ ခုနှစ်က ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာက အိမ်ရှင်အဖြစ် အာဆီယံအစည်းအဝေးကို ကျင်းပခဲ့စဉ်
၎င်းက “အဲဒီသတင်း မှန်/မမှန်က အရေးကြီးတယ်၊ သတင်းလုပ်တဲ့လူကတော့ မယူနိုင်ဘူး။ ဘာကြောင့်ဆိုတာ သတင်းကို ရေးကြမှာ၊ ကျနော်ခုနက တင်ပြတဲ့ အချက်နှစ်ချက် မှန်လား။ မှန်ရင် ဘာကြောင့် မယူနိုင်တာလဲဆို တာကို အကျိုးအကြောင်း ဆက်စပ်ပြီး စဉ်းစားပြီးမှ အဖြေတစ်ခု ထွက်မှာကိုး။ အရင်ကာလ ပုံရိပ်တွေရှိတာကိုး၊ မဟာသီဟာကြောင့် ဗိုလ်ချုပ် ဦးသန်းရွှေ လက်ထက်မှာ အာဆီယံကို ဝင်ခဲ့တာကိုး၊ အဲဒီနောက် သူ့လက်ထက်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ကို မယူခဲ့ဘူးလေ၊ ရွေးကောက်ခံ အစိုးရတစ်ရပ်ပေါ်တဲ့ ဦးသိန်းစိန် လက်ထက်ကြမှ ၂၀၁၅ လောက်မှာ ထင်တယ်၊ ၁၄၊ ၁၅ မှာ အာဆီယံဥက္ကဋ္ဌ ရာထူးယူပြီးမှ ကျနော်တို့ လွှတ်တော်ကာလတုန်းက ထင် တယ်၊ ကျင်းပလာတာကိုး အာဆီယံအစည်းအဝေး၊ ဒါကတော့ အာဆီယံအဖွဲ့ဝင် ဖြစ်ရင်တော့ ဒါကတော့ မလွှဲမရှောင်တာ လုပ်ရမယ့် ဝတ္တရားဖြစ်မှာပေါ့၊ ဒါပေသီ မြန်မာနိုင်ငံရဲ့ အနေအထားကို သုံးသပ်လို့တာ အဲဒီ ၂၀၂၆ ကို မေးခွန်းထုတ်ကြတာ ဖြစ်တယ်၊ SAC ရဲ့ အဖြေက လိုတာပေါ့၊ ဟုတ်ရဲ့လား၊ ဟုတ်ရင် SAC ရဲ့ ကာလ ၂၀၂၆ အထိ SAC ရဲ့ ကာလ အဲဒီအထိ ရှိဦးမှာလား၊ ရွေးကောက်ခံ အစိုးရတစ်ရပ် ပေါ်ပေါက်နိုင်ခြေ မရှိဘူးလားဆိုတာ အဲဒီလို မေးခွန်းမေးချင်လို့တာ အဲဒီ သတင်းကို ထုတ်တာ ဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်က အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်က အင်္ဂလိပ်အက္ခရာစဉ်အရ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် အခွင့်အရေးရှိခဲ့သော်လည်း ပြည်တွင်းရေး ပြဿနာများကြောင့် တာဝန်ယူနိုင်ခဲ့ခြင်း မရှိဘဲ ၂၀၁၄ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ရောက်မှသာ တာဝန်ယူနိုင်ခဲ့သည်။
နေပြည်တော်အဝိုင်းပတ်ကိုတွေ့ရစဉ်
၂၀၂၆ ခုနှစ် မတိုင်မီ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်ခြင်းအပေါ် မူတည် လိမ့်မည်ဖြစ်ကြောင်း အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေကတော့ ပုံမှန်အခြေအနေ မဟုတ်ဘူး။ ဆိုလိုချင်တာတော့ဗျာ အဲဒီ ၂၀၂၆ ခုနှစ်ကြရင် ကျနော်တို့ နိုင်ငံမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းနိုင် မပေါ်ထွန်းနိုင်ဆိုတဲ့ အခြေခံအပေါ်မှာပဲ အာဆီယံမှာ အလှည့်ကျဥက္ကဋ္ဌအနေနဲ့ ပါဝင်ဖို့ အဆင်သင့်ဖြစ်ခြင်း၊ မဖြစ် ခြင်းကလည်း အဲဒီအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ကျနော်တို့ကတော့ အဲဒီလိုပဲ နားလည်မှုရှိပါတယ်” ဟု ပြော သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းများအရ ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။
အာဆီယံအနေဖြင့် နစကလက်ထဲသို့ ဥက္ကဋ္ဌရာထူးအား အလွယ်တကူ ထည့်ပေးလိမ့်မည် မဟုတ်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ကိုဗညားက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အာဆီယံအနေနဲ့ ဒီလောက်အထိ ဆိုးဝါးပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ကိုယ့်ရဲ့ ပြည်သူလူထု အပေါ်မှာ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အာဆီယံရဲ့ Chairman အဖြစ် ပေးမယ်ဆိုရင် ဒါအာဆီယံရဲ့ သမိုင်းကြောင်းပဲ၊ ဒါကတော့ အာဆီယံရဲ့ သမိုင်းကြောင်း ဖြစ်တဲ့အပြင် အာဆီယံရဲ့ မျက်နှာစာမှာလဲ ဒီမိုကရေစီ ငြိမ်းချမ်းမှုကို တည်ဆောက်မယ်ဆိုတဲ့ သဟဇာတဖြစ်မှုကို တည်ဆောက်မယ်ဆိုတဲ့ သူ့ရဲ့ ပဋိဉာဉ်က ဘယ်ကိုရောက်သွားပြီလဲဆိုတာ အာဆီယံတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တဲ့အတွက် ကြောင့်မို့ အလွယ်တကူ စစ်အာဏာရှင် လက်ထဲကို အာဆီယံ Chairman ကိုတော့ ပေးမှာ မဟုတ်ဘူးဆိုတာ တော့ ကျနော်တော့ ပြောနိုင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံတော်အာဏာကို ရယူထားသော နစကအနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲအပ်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1069
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅
မြန်မာကျပ်ငွေ ကိုင်ထားသူများသည် နိုင်ငံခြားငွေ အပါအဝင် မော်တော်ယာဉ်များနှင့် ရွှေများဝယ်ယူ၍ ဈေးတက် အောင် လုပ်နေသည်ကို တွေ့ရသည့်အတွက် တည်ငြိမ်အောင် ကိုင်တွယ်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
စီးပွားရေးကော်မတီ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅ ရက်က ကျင်းပစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က အထက်ပါ အတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။
မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မိမိတို့ ကော်မတီအနေဖြင့် မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ နိုင်ငံ၏ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ဆောင်ရွက်သင့်သည်များကို အမြန်ဆုံး အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ Quick Win ဖြစ်မည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်းများမြင့်တက်စေရန်အတွက် အချို့ဝိသမလောဘသမားများ၏ ဈေးကစားနေမှုများရှိကြောင်း၊ လုပ် ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က စီးပွားရေး ကော်မတီ အစည်းအဝေး ကျင်းပနေစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ငွေကြေးဈေးကွက်ကို အဓိကကစားနေကြသူများမှာ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံ ခြားငွေနှင့် ရွှေကိုင်ထားကြသူများက ဈေးကစားနေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားငွေ ကိုင်ထားသူများက ၎င်းတို့ နိုင်ငံခြားငွေ တန်ဖိုးတက်စေရန်၊ မြန်မာကျပ်ငွေကိုင်ထားသူများက ရွှေဝယ်၍ ရွှေဈေးတက်အောင် ဆောင်ရွက်နေ ကြသည်ကို တွေ့ရကြောင်း၊ အလားတူ မော်တော်ယာဉ်များ၏ ဈေးနှုန်းမှာလည်း ထိုက်သင့်သည့် ဈေးထက် များပြားနေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေများနှင့် ရွှေဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် မိမိတို့ ကော်မတီအနေဖြင့် စနစ်တကျ သုံးသပ်ကိုင်တွယ် ဆောင်ရွက်ရန်လိုတယ်”ဟု ပြောသည်။
လက်ရှိတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၇၀၀ ရှိပြီး ရွှေဈေးမှာလည်း သိန်း ၃၀ ကျော်ရှိသည်။ ထို့နောက် ကားဈေးကွက်မှာလည်း ၂၀၂၁ ခုနှစ်၊ ဧပြီလက သိန်း ၃၀၀ ကျော်သာရှိသည့် ကားသည် ယခု သိန်း ၁၀၀၀ ကျော် ဖြစ်နေသည်။
နိုင်ငံခြားငွေ၊ ရွှေဈေးနှုန်း၊ ကားဈေးနှုန်းများ မြင့်တက်အောင် ဈေးကစားနေသူများထဲတွင် အာဏာပိုင် အဖွဲ့ အစည်း များထဲက တာဝန်ရှိသူများနှင့် နီးစပ်သူများ၊ ဆွေမျိုးများလည်း ပါနေသလို ငွေကြေးခဝါချသူများလည်း ပါနေကြောင်း ဒေါ်လာ-ရွှေ-ကား ဈေးကွက်အတွင်းမှ ကြားသိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1439
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၅
နှစ်သောင်းတန် ငွေစက္ကူကို ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများတွင် သုံးစွဲခြင်း မပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တားမြစ်မိန့်ထုတ်ပြန်ခဲ့ခြင်းကြောင့် မည်သည့် အကျိုးဆက်များကို ထိခိုက်စေသလဲ ဆိုသည့်အပေါ် နိုင်ငံရေးသမားများနှင့် စီးပွားရေးသမားများအကြား သုံးသပ်ဆွေးနွေးလျက် ရှိနေသည်။
အဆိုပါ ထုတ်ပြန်ချက်ကြောင့် ပြည်သူလူထုအတွက် အကျပ်အတည်း ဖြစ်စေသလို ဘဏ်များအနေဖြင့်လည်း မသုံးစွဲ၍မရသည့် အနေအထားဖြစ်နေကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
NUG အနေဖြင့် သုံးစွဲခြင်း မပြုရန် ထုတ်ပြန်ထားသော်လည်း ငွေကြေးလည်ပတ်မှုအရ သုံးစွဲရမှာဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
NUG ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
၎င်းက “ရှင်းရှင်းပြောရရင် ကျနော်တို့က အာဏာရှိတဲ့သူနဲ့ အာဏာမရှိတဲ့ သူရဲ့စကားကို ခင်ဗျားဘယ်လို ယုံကြည် မလဲဘဲ ကျနော်မေးပါရစေ၊ နံပါတ်တစ်က အာဏာမရှိဘဲ လမ်းဘေးက ထိုင်အော်နေပြီးတော့ ဒါမသုံးရဘူး ပြော တာကတော့ ကျနော်တို့ကတော့ သိပ်အဓိပ္ပာယ်မရှိဘူးလို့ ယူဆတာပဲလေ။ သူ့ဟာသူ တည်ဆဲအာဏာရှိတဲ့ အစိုးရ ကထုတ်တဲ့ ပိုက်ဆံကတော့ သူ့ဟာသူ မသုံးနဲ့ဆိုလည်း သုံးချင်တဲ့သူက သုံးမှာပေါ့၊ သူ့ရဲ့ ငွေကြေးလည်ပတ်မှု အစီအစဉ်ထဲမှာမှ မရှိတာ၊ အဲဒီအတွက်ကတော့ ကျနော်ကတော့ ဘာမှ မမျှော်လင့်ထားပါဘူး။ ဘာလို့လဲဆိုတော့ သူ့ဘာသာသူ သူ့စကား ယုံကြည်တဲ့သူက မသုံးချင် မသုံးနဲ့ပေါ့ဗျာ၊ ကျန်တဲ့သူကတော့ သက်ဝင်ယုံကြည်တဲ့ သူ ကတော့ သုံးချင်သုံးမှာပေါ့။ ၅၂ သန်း လူထုက ကိုယ့်စိတ်ကူး စိတ်သန်းနဲ့ ရပ်တည်ကြတယ်ဆိုတော့ ကိုယ့်ရပ် တည်ချက်နဲ့ပဲ ကိုယ်လုပ်နိုင်မယ်လို့ ထင်ပါတယ်ဗျ” ဟု ပြောသည်။
နှစ်သောင်းတန် ငွေစက္ကူများကို လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ် ပြုလုပ်ခြင်း၊ တနည်းနည်းနှင့် လွှဲပြောင်း ခြင်းတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ အခန်း(၁၂)တွင် ဖော်ပြထားသော အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ရာရောက်သည်ဟု NUG က ထုတ်ပြန်ခဲ့သည်။
ဗဟိုဘဏ်ထုတ်မည့် ၂၀၀၀၀ တန်ကျပ် ဒီဇိုင်းကိုတွေ့ရစဉ်
တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ တားဆီးနှိမ်နှင်း အပြစ်ပေး အရေးယူသွားမည်ဟုလည်း NUG က ပြောထားသည်။
အဆိုပါ ကိစ္စအား လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်းက အဖြေဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့လုပ်တာတွေကတော့ မပြောတတ်ဘူးဗျ။ ၂၀၂၃ မှာ အပြတ်သိမ်းမယ်လို့လည်း ပြောတာပဲ။ ဒါပေမဲ့ လက်တွေ့နဲ့ သီအိုရီနဲ့က အလွန်တရာခြားပါတယ်။ သီအိုရီက သီအိုရီပဲလေ။ ပြီးရင် ရည်မှန်းချက်က ရည်မှန်းချက် ပဲလေ။ လက်တွေ့ အကောင်အထည် ဖော်နိုင်ခြင်းကလည်း အဲဒီဖော်နိုင်ခြင်းကပဲ အဖြေကို ရတာကိုး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်ထင်ပါတယ်။ စိတ်ကူးယဉ် သက်သက်ပါပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က နေပြည်တော်တွင် မာရဝိဇယရုပ်ပွားတော် တည်ပြီး အထိမ်းအမှတ်နှင့် ဆင်ဖြူတော် တစ်နှစ်ပြည့်မွေးနေ့ကို ရည်ရွယ်ကာ အကန့်အသတ်ဖြင့် ငွေစက္ကူ ကျပ်နှစ်သောင်းတန်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ထုတ်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာထားသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့မှာ ဗဟိုဘဏ်က ထုတ်ဝေမည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူကို တရားမဝင် ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း NUG ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ကြေညာခဲ့သည်။

- By cni
- Category: နိုင်ငံရေး
- Hits: 2268
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅
ယခုရက်ပိုင်းအတွင်းမှာပဲ မြန်မာ့တပ်မတော်တွင် တိုင်းမှူးများနှင့် ကစထမှူးများကို အပြောင်းအလဲ လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အပြောင်းအလဲများတွင် ကစထ ၁ ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကို ကစက ၆ သို့ ပြောင်းလဲ တာဝန် ပေးခဲ့ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး (DSA 38) ကို ကစထ ၁ မှူးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ထို့နောက် အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်နိုင်(DSA 37) ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းလဲ တာဝန်ပေးခဲ့သလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်း (DSA 39) ကို အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပြောင်းလဲ တာဝန်ပေးခဲ့သည်။
အလားတူ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် (DSA 37) ကို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ တိုက်ခိုက်ရေးလေ့ကျင့်ရေးကျောင်း-တခရ(ဗထူး) ဗိုလ်မှူးချုပ် ကျော်စွာဦးကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်သို့ ပြောင်းရွှေ့ တာဝန်ပေးလိုက်ကြောင်း သိရသည်။

- By cni
- Category: နိုင်ငံရေး
- Hits: 1208
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံရေးအာဏာရယူသည့်အခါမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေး တည်ဆောက်မှု၌ မည်ကဲ့သို့ ကွဲပြားခြားနာမှုများ ရှိသလဲဆိုသည့်အပေါ် မြန်မာ့နိုင်ငံရေးသမား များနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များမှ နှိုင်းယှဉ်သုံးသပ် ဆွေးနွေးလျက်ရှိသည်။
ထိုင်းနိုင်ငံတွင် တပ်မတော်မှ အာဏာရယူမှု ဖြစ်ပေါ်တိုင်း တိုင်းပြည်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ခရီး သွားကဏ္ဍများ ထိခိုက်မှုမရှိဘဲ ပုံမှန်လည်ပတ်လျက်ရှိနေသော်လည်း မြန်မာပြည်၌ တပ်မတော်က အာဏာယူမှု ဖြစ်ပေါ်သည့်အချိန်မှာတော့ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများမှာ ကျဆင်းမှုများရှိခဲ့သည်။
ထိုင်းနိုင်ငံတွင် တပ်မတော်က အာဏာရယူမှု ဖြစ်ပေါ်တိုင်း အမေရိကန်မှ အရေးယူပိတ်ဆို့မှု မရှိသလို လူထုနှင့် တပ်မတော်မှာလည်း အကြမ်းဖက်မှုများ မလုပ်ဆောင်ကြကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ထိုင်းမှာလည်း Sanctions တော့ မပိတ်ပါဘူး။ ဒါပေမယ့် သိမ်းခါလေး တစ်ချက်တော့ အမေရိကန်က ဘာညာပေါ့၊ ပေးနေတာလေးတွေ ခဏရပ်တာတွေ ဘာတွေတော့ ရှိပါတယ်။ သို့သော်လည်းပဲ ထိုင်းက ပျော့ပြောင်းညင်သာပါတယ်။ အာဏာသိမ်းတယ် လူထုကလည်း ကြီးကြီးကျယ်ကျယ် မဆန့်ကျင်ဘူး။ လူထုလည်း ထိခိုက်နစ်နာမှု မရှိဘူး။ ထိုင်းဘုရင်ကလည်း မဏ္ဍိုင်ဖြစ်တာကိုး။ ထိုင်းဘုရင်ကိုယ်တိုင်က ဒီအပြုအမှု ကို မကန့်ကွက်ဘူးဆိုရင် ပြန်ငြိမ်သွားတာပဲ။ ထိုင်းဘုရင်ကိုယ်တိုင်က ကြားဝင်တယ်ဆိုတဲ့ အာဏာသိမ်းမှုတွေက တော့ မအောင်မြင်ဘူးပေါ့ဗျာ၊ ဗိုလ်ချုပ်ကြီး ဆူချင်ဒါ လက်ထက်မှာ ဖြစ်ခဲ့တာ မအောင်မြင်တဲ့ ပွဲတွေလည်း ရှိပါ တယ်။ ထိုင်းဘုရင်ကိုယ်တိုင်က ခေါ်ပြီးတော့ သွန်သင်ဆုံးမလိုက်တဲ့ အခါကြတော့ မဖြစ်တော့ဘူး အကြမ်းဖက် တာတွေရော ဆူချင်ဒါ တုန်းကလည်း ခတ်ကြမ်းကြမ်း လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဘုရင်ကိုယ်တိုင်က မဏ္ဍိုင်ပြုပြီး တော့ ထိန်းသိမ်းပါတယ်” ဟု ပြောသည်။
မြန်မာပြည်တွင် ကြားဝင်ထိန်းသိမ်းမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ မရှိကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်အထိ အတောမသတ်နိုင်ဘဲ ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ တိုင်းပြည်မှာက မဏ္ဍိုင်က မရှိဘူးဗျ။ မင်းကမင်းဘဲ ငါကငါဘဲဆိုပြီးတော့ အဲဒီလို ဖြစ်လာတော့ ကြားဝင်မဏ္ဍိုင်က မရှိတဲ့အခါကြတော့ အခက်အခဲဖြစ်တာ၊ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ကျနော်ပြောဖူးတယ်၊ အာဏာသိမ်းခါစ ကြားဝင်မဏ္ဍိုင်အဖြစ် ရပ်ပြီးတော့ ကြားဝင်ရင် ကောင်းမလားဆိုတော့ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း သိပ်မရဲကြဘူးဗျ၊ အဲဒီတုန်းက ကျနော် တို့ ရဲရဲရင့်ရင့်နဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ စုစည်းပြီးတော့ တော်ကြတော်ကြဆိုပြီး ဝင်လိုက်ရင် တစ်မျိုး ဖြစ်နိုင်တယ်။ အခုကြားမဏ္ဍိုင်ဝင်တဲ့လူ မရှိတဲ့အခါကြတော့ လက်လွန်လက်လွန်ရင်းနဲ့ ဟိုဖက်ကလွန် ဒီဖက်က လွန်နဲ့ နောက်ဆုံး အခုချိန်ထိ အတောမသတ်နိုင်တဲ့ အကြမ်းဖက်မှုတွေ အနိဋ္ဌာရုံတွေ ပေါ်လာရတာကိုး” ဟု ပြော သည်။
ထိုင်းနိုင်ငံတွင် ၁၉၃၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ထိုင်းစစ်တပ် အာဏာသိမ်းမှုမှာ ၁၉ ကြိမ်အထိ ရှိခဲ့သည်။ မြန်မာ ပြည်တွင်မူ အကြိမ်အရေအတွက် နည်းသော်လည်း တစ်ကြိမ်ဖြစ်တိုင်း ဆယ်စုနှစ်ဖြင့် ကြာမြင့်တတ်ကြောင်း သိရသည်။
ထိုင်းအာဏာသိမ်းမှုတွင်လည်း စီးပွားရေးကျဆင်းမှုများ ရှိနေကြောင်း၊ သို့သော်လည်း နှစ်နိုင်ငံကို နှိုင်းယှဉ်မည်ဆို ပါက စီမံခန့်ခွဲမှုမှာ ကွာခြားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းအိမ်စောင့်အစိုးရ ဒု၀န်ကြီးချုပ် ဒွန်ပရာမွတ်ဝီနိုင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်း “ပြောချင်တာတော့ ထိုင်းနိုင်ငံမှာလည်း အာဏာသိမ်းတိုင်း၊ သိမ်းတိုင်းမှာ စီးပွားရေး ကျဆင်းမှုတွေ၊ ထိခိုက်မှု တွေ အများကြီးရှိပါတယ်။ သို့သော်လည်း သူတို့ဆီမှာ ရှိနေတဲ့ Institution တွေ၊ သူတို့ဆီမှာ ရှိနေတဲ့ ပညာရှင် တွေရဲ့ ပါဝင်မှုတွေက မြန်မာပြည်ထက် အများကြီး သာတယ်၊ မြန်မာနိုင်ငံမှာကတော့ စစ်အာဏာရှင်တွေကနေ အာဏာသိမ်းလိုက်ပြီဆိုရင် အဲဒီမှာ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းမှုတွေ ဖြစ်တဲ့အတွက်ကြောင့် အဲဒီလိုမျိုး စီးပွားရေး ကျဆင်းမှုတွေ၊ တိုင်းပြည်ရဲ့ အခြေအနေတွေ ဆုတ်ယုတ်မှုတွေက အများကြီး ဖြစ်လာတယ်။ အဲဒီတော့ နှစ်ခု နှိုင်း ယှဉ်ပြီးတော့ ကျနော်ပြောမယ်ဆိုရင်တော့ ကျနော် နားလည်ချက်ကတော့ အာဏာသိမ်းတဲ့ လူတွေရဲ့ စီမံအုပ်ချုပ် ပုံမှာ ကွာခြားချက်တွေကြောင့် ဖြစ်တယ်လို့ အဲဒီလို နားလည်တယ်၊ ကျနော်တို့ တိုင်းပြည်ရဲ့ စစ်အာဏာရှင်တွေရဲ့ စီမံအုပ်ချုပ်မှု အရမ်းကို ညံ့ဖျင်းတဲ့အတွက်ကြောင့် ဒါမျိုးတွေ ကြုံလာရတယ်လို့ အဲဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။
နိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းများ ပျက်ယွင်းနေပါက လက်နက်ကိုင်ပဋိပက္ခများမှာ ဖြစ်ပွားနေမှာဖြစ်ကြောင်း ပြည်သူ့ပါတီ (PP)မှဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ဦးကိုကိုကြီးက “အဓိကကတော့ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရဆိုတာ ဘယ်လို နည်းနဲ့ပဲ အစိုးရဖြစ်ဖြစ်၊ နိုင်ငံရဲ့ ပြဿနာ အဝဝဟာ တာဝန်အရှိဆုံးကတော့ အစိုးရပဲ။ အဲဒီတော့ ကျနော်တို့ နိုင်ငံသမိုင်းမှာ အစိုးရအဆက်ဆက်ကတော့ ကျနော်တို့ နိုင်ငံလက်ရှိ ကြုံတွေ့နေရတာတွေ အားလုံးအတွက် တာဝန်အရှိဆုံးပဲလို့ ကျနော်ကတော့ ပြောချင်တယ်၊ ဒီလိုမျိုး မတည်ငြိမ်မှုတွေ ဖြစ်တယ်ဆိုတာလည်း အတိုက်အခံတွေကြောင့် မြေပေါ်မြေအောက်ကြောင့် ဆိုတာမျိုး အပြစ်ပုံချရုံနဲ့ မပြီးဘူး။ ဘာကြောင့် အဲဒီပြဿနာတွေ ဖြစ်သလဲ၊ အခြေခံ အကျဆုံးကတော့ လွတ်လပ်ရေး ကြေညာစာတမ်း ရန်ကုန်မြို့လယ်ခေါင် လွတ်လပ်ရေးကျောက်တိုင်တွေမှာ ထွင်းထုထားတာတွေအရက ကျနော်တို့ နိုင်ငံရဲ့ အခြေခံအုတ်မြစ်က လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီ မျှခြင်း ပေါ့နော်၊ အဲဒီအခြေခံတွေ ပျက်ယွင်းပြီဆိုရင် ခုနက နိုင်ငံရေး မကျေနပ်မှုတွေ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်တာက အဲဒီလွတ်လပ်မှု၊ တရားမျှတမှုပေါ့နော်၊ တန်းတူညီမျှမှု အဲဒီအခြေခံတွေ ပြန်ပြီးတော့ မတည်ဆောက် နိုင်မချင်း၊ ဒီနိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင် ပဋိပက္ခတွေကတော့ သက်ဆိုးရှည်နေမှာပဲ” ဟု ပြောသည်။
လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေးများမှာ အဘက်ဘက်က ယိုယွင်းကျဆင်းလျက်ရှိနေပြီး ပြည်သူလူထုများမှာလည်း အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။
- By cni
- Category: နိုင်ငံရေး
- Hits: 1476
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၃
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းနေသည့်တိုင် နှစ်ဖက် အင်အားစုများ၏ ရပ်တည်ချက်များနှင့် တောင်းဆိုချက်များကြောင့် တွေ့ဆုံဆွေးနွေးရေး အလှမ်းဝေး နေဆဲဟု မြန်မာ့နိုင်ငံရေးအသိုင်းအဝန်းမှ ပြောသည်။
တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသို့ သွားမည်ဆိုပါက နိုင်ငံတော်က အကြမ်းဖက်ဟု ကြေညာထားသော အဖွဲ့ အစည်း(NUG-PDF)သည် အကြမ်းဖက်လုပ်ရပ်များကို မလုပ်တော့ဟု ကမ္ဘာသိကြေညာရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂ ရက်မှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ ပြောင်းလဲလာသော နိုင်ငံရေး အခင်းအကျင်းများအရ နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့သည့်အတွက် တွေ့ဆုံဆွေးနွေးရန် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများက တောင်းဆိုလျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂ ရက်က နစက သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်
ဗိုလ်ချုပ်ဇော်မင်းထွန်းက “မဲမသမာမှုတွေမှာ သူတို့ကိုယ်တိုင် ပါဝင်ခဲ့တယ်ဆိုတာ သိပါတယ်။ သို့သော် ဒါတွေနဲ့ ပတ်သက်ပြီး အရေးယူလို့ ရပါတယ်။ သို့သော် ကျနော်တို့ အနေနဲ့ ဒီအဖွဲ့တွေကို ပြောပြီးတော့ ကျနော်တို့ ပြန် လွှတ်လိုက်ပါတယ်။ ပြောတဲ့အချိန်မှာ တရားဥပဒေလမ်းကြောင်းကပဲ ရင်ဆိုင်ပါ၊ တရားဥပဒေအတိုင်းပဲ ဆောင်ရွက်ပါဆိုပြီး ပြောလွှတ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးသွားတဲ့ လူတွေ ရှိပါတယ်။ လက်နက်ကိုင်လမ်းစဉ် သွားဖို့အတွက် လှုံ့ဆော်တဲ့လူတွေ ရှိပါတယ်။ အခုဖြစ်ပေါ်နေတဲ့ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်ကို သူတို့ ကိုယ်တိုင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း သွားဖို့ဆိုရင် ပထမဦးဆုံးက နိုင်ငံတော် အစိုးရအနေနဲ့ အကြမ်းဖက်လို့ ကြေညာထားတဲ့သူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း သွားစရာမရှိပါဘူး။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း သွားနိုင်ဖို့အတွက် အကြမ်းဖက်လို့ ကြေညာခံထားရတဲ့ သူတွေသည် နံပါတ် တစ် ကမ္ဘာသိ အကြမ်းဖက်လုပ်ရပ်များကို မလုပ်တော့ပါဘူးဆိုပြီး ဝန်ခံချက်လိုပါတယ်။ နံပါတ်နှစ် အကြမ်းဖက် လုပ်ရပ်တွေကို ရှုံ့ချပါတယ်ဆိုတဲ့ ကမ္ဘာသိ ကြေညာချက် လိုပါတယ်” ဟု ပြောသည်။
ထို့အတူ မိမိတို့ နစကအနေဖြင့် ငြိမ်းချမ်းရေး၊ တိုင်းပြည် တည်ငြိမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီအချို့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့နှင့် လက်တွဲ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ နိုင်ငံရေး အကျပ်အတည်းများအတွင်း တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အခြေအနေများသည် အဖက်ဖက်မှ ယိုယွင်းကျဆင်းလျက် ရှိနေသည်။
NUG- PDF ကိုတွေ့ရစဉ်
တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှာ နစက၏ နိုင်ငံရေးထွက်ပေါက်ဖြစ်ကြောင်း၊ လက်ရှိ အခင်းအကျင်းအရ တွေ့ဆုံဆွေးနွေးရေးမှာ မဖြစ်နိုင်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ကိုဗညားက CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “ကျနော်တို့အနေနဲ့ အကြမ်းဖက်တဲ့ ပုံစံမျိုး လုံးဝကို မထိတွေ့သေးဘူးလို့ ကျနော်တို့ ပြောလို့ရတယ်၊ ဒါပေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တချို့နေရာတွေမှာတော့ ရှိခဲ့တယ်ဆိုတာတော့ ကျနော်တို့ ဝန်ခံတာရှိတယ်၊ အဲဒါကြောင့်မို့လို့ ကျနော်တို့ဖက်ကနေ ဘာမှကို ဝန်ခံစရာမရှိဘူး။ အကြမ်းဖက်နဲ့ ပတ်သက်ပြီးတော့မှ ငါတို့က ပါဝင် သက်ဆိုင်မှု မရှိဘူးဆိုတာက ပွင့်ပွင့်လင်းလင်း ရှိထားပြီးသား ဖြစ်တယ်။ တွေ့ဆုံညှိနှိုင်းရေးကလည်း သူတို့ ရဲ့ ထွက်ပေါက်ပဲ ဖြစ်တာပေါ့။ အဲဒါကြောင့်မို့ ကျနော်တို့အနေနဲ့ကလည်း ဒီဟာကိုတော့ ဘယ်လိုမှ စိတ်ထဲမှာ မရှိ ဘူးပေါ့နော်၊ တွေ့ဆုံညှိနှိုင်းဖို့ကလည်း လက်ရှိ အချိန်ထိက ဘယ်လို့မှ မဖြစ်နိုင်ဘူး။ အခင်းအကျင်းလည်း မရှိသေး ဘူးပေါ့နော်” ဟု ပြောသည်။
လက်ရှိ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြသော တော်လှန်ရေးအင်အားစုများ အနေဖြင့်လည်း သွေးကြွေးမှာ ဆွေးနွေးစရာမရှိဟု ကြွေးကြော်ထား ကြသည်။
သို့သော်လည်း အခြားတစ်ဖက်တွင် အဆိုပါ လက်နက်ကိုင်ပဋိပက္ခကြောင့် ၂၀၂၃ ခုနှစ်၊ ပထမ ၆ လအတွင်း နေအိမ်နှင့် အဆောက်အအုံ ၂၄၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1428
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂
ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် နစက၏ အဓိကရည်မှန်းချက်မှာ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးဖြစ်သည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂ ရက်က နေပြည်တော်မှာ ကျင်းပသည့် နစက၏ (၂၂)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ကျနော်တို့ရဲ့ ရည်မှန်းချက် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် လွတ်လပ် ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ပြည့်စုံစွာ ကျင်းပနိုင်ရေးပဲ ဖြစ်ပါတယ် ။ ရွေးကောက်ပွဲ ကျင်းပချိန်မှာ မဲဆန္ဒရှင်ပြည်သူအားလုံး အကြောက်တရားကင်းခြင်း၊ ဖိအားကင်းခြင်းနဲ့ ကိုယ် ရွေးချယ်လိုတဲ့ ကိုယ်စားလှယ်လောင်းနဲ့ပါတီကို ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်”ဟု ပြောသည်။
နစက၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေးကို ချမှတ် ထားကြောင်း ၎င်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ထားသော်လည်း ယနေ့ အချိန်ထိ မှတ်ပုံတင် ချမပေးသည့် ပါတီများ ရှိနေခြင်းကြောင့် နစကပြောသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး ရွေး ကောက်ပွဲ ကျင်းပမည်ဆိုသည့်အပေါ် သံသယဖြစ်လာသည်ဟု နိုင်ငံရေးပါတီ တစ်ခုမှ ခေါင်းဆောင်တစ်ဦးက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်ခြင်း ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီးနောက် နိုင်ငံရေးပါတီ ၆၀ ကျော် မှတ်ပုံတင်ခဲ့သည်။
သို့သော် UEC က မှတ်ပုံတင်ခွင့် ပြန်လည်ချပေးထားသည့် နိုင်ငံရေးပါတီ စုစုပေါင်းမှာ ၃၆ ပါတီရှိကြောင်း၊ ထို ၃၆ ပါတီအနက် ပြည်ထောင်စုတစ်ဝန်း ဝင်ပြိုင်မည့် ၇ ပါတီ ပါဝင်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1172
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂
ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ၎င်းရုံးမှ ဝန်ထမ်းများကိုယ်တိုင် ပွဲစား၊ အေးဂျင့်မဖြစ်ရန် လိုအပ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံကူးလက်မှတ်ပြုလုပ်သည့်အခါတွင် အဆိုပါရုံးများရှိ ဝန်ထမ်းများမှ ယခင်ကတည်းက ပွဲစားများပြုလုပ်ကာ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ဖောင်ဖြည့်ပေးသည့်အခါမျိုးတွင် ငွေကြေးတစ်စုံတစ်ရာ ပေးခဲ့ရသည်များလည်း ရှိခဲ့သည်။
ထို့အပြင် လက်ရှိ၌ ပြောင်းလဲလုပ်ဆောင်ထားသည့် အွန်လိုင်းဘိုကင်စနစ်သည် ၎င်းဝန်ထမ်းများ ပွဲစား အဖြစ် လုပ်ကိုင်ရန် ပို၍ကောင်းမွန်သွားခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီ ဆောင်ရွက် ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“မြဝတီမြို့ပေါ်မှာ ဒီ ပတ်စပို့ရုံးထဲမှာ သူတို့နဲ့ပတ်သက်တဲ့ဝန်ထမ်းတွေ သူတို့ကို တစ်အုပ်ကို ဘယ်လောက်ပေါ့ ပတ်စပို့တစ်အုပ်ကို ဘယ်လောက်နှုန်းပေါ့။ ဥပမာ တစ်ယောက်ကို တစ်သိန်းလား တစ်သိန်းခွဲလား၊ သီးသန့် ပေး ထားတဲ့ အေးဂျင့်တွေဆိုရင် ပတ်စပို့ကို ထုတ်ခွင့်ရတယ်။ အယောက် ၁၀၀၊ ၂၀၀ ဒီလို တိုကင်နံပါတ် အဲဒါတွေ ရတယ်ပေါ့။ အဲဒီတော့ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပတ်စပို့ရုံးတိုင်း ရုံးတိုင်းမှာရှိတဲ့ဝန်ထမ်းတွေ ကိုယ်တိုင်က ပွဲစားလုပ်နေတာ ဒါ ပေါ်လွင်နေပြီးသား ဖြစ်တယ်။ ဝန်ထမ်းဟောင်းတွေ၊ တချို့တွေလည်း အငြိမ်းစားယူသွားတယ်။ တချို့တွေလည်း သူတို့ဝန်ထမ်းနဲ့ ပတ်သက်တာတွေ၊ တချို့ကလည်း ဘယ်အဘနဲ့ ပတ်သက်လို့ဆိုတာတွေက ခေါင်းစဉ်အမျိုးမျိုးနဲ့ သူ့ကိုတော့ ၅၀ ပေး၊ သူ့ကိုတော့ ၁၀၀ ပေး အုပ်ရေပေါ့။ လုပ်ပိုင်ခွင့်တွေပေးတယ်ပေါ့။ ဒါကြောင့်မို့လို့ နိုင်ငံကူးလက်မှတ်တစ်အုပ်ရဲ့ ကုန်ကျစရိတ်တွေဟာ ပုံမှန်မဟုတ် ဘဲနဲ့ အဆပေါင်းများစွာနှုန်းထားတွေ တက်သွားတာတွေ ဒါတွေကို တွေ့ရတယ်။ ဒါကြောင့်မို့လို့ ခြုံပြီးတော့ ပြောချင်တာက မြန်မာနိုင်ငံထဲမှာ နိုင်ငံကူးလက်မှတ်ထုတ်တဲ့ ရုံးတွေအားလုံးဟာ တိကျမှန်မှန်ကန်ကန်နဲ့ တာဝန်ယူပေးတဲ့ဝန်ထမ်းတွေ မရှိသလောက်ကို ရှားတယ်။ ဒီနေရာမှာ နေရာရလာတဲ့အခါကျရင် စီးပွားရေးပမာ ကုန်ကြမ်းပမာ ဩဇာကို အသုံးချပြီးတော့ မြန်မာပြည်သူတွေအပေါ်မှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အခန်းကဏ္ဍတွေမှာ ဂုတ်သွေးစုတ်တာ” ဟု ၎င်းက ပြောသည်။
နိုင်ငံကူးလက်မှတ်လာရောက်လုပ်ကိုင်ကြသူများကို လက်မှတ်ထုတ်ပေးရုံးရှေ့တွင် မြင်တွေ့ရစဉ်
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသည် MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘောသားများ၊ ပညာသင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အစိုးရကိစ္စရပ် များဖြင့် သွားရောက်မည့်သူများ စသည်တို့အား Green Channel ဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး စိစစ် ဆောင်ရွက်လျက်ရှိသည်။
သို့ရာတွင် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ အရေးကြီး/အရေးပေါ်၊ ကျန်းမာရေးနှင့်ပညာရေးကိစ္စရပ်များဖြင့် ပြည်ပသို့အချိန်မီ သွားရောက်ရန် လိုအပ်သူများအတွက် အထောက်အထားခိုင်လုံစွာဖြင့် နိုင်ငံကူးလက်မှတ် အမြန်ထုတ်ယူရရှိရန် Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် လက်ရှိတွင် ပွဲစားများသည် လူမှုကွန်ရက်မီဒီယာပေါ်တွင် ငွေကြေးများ ပိုမိုတောင်းခံ၍ လိမ်လည် ဆောင်ရွက်ခြင်းများရှိနေပြီး ပြည်သူများအနေဖြင့် လိမ်လည်မှုမခံရစေရေး သတိပြုသွားကြရန် လိုအပ်ကြောင်း လည်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အရေးကြီး ပြည်ပထွက်ရန်လိုအပ်သူများအား နိုင်ငံကူးလက်မှတ်အမြန်ရရှိရန် လုပ်ဆောင်ပေးခြင်းသည် ကောင်းမွန်သော်လည်း ပွဲစားများ၏ အခန်းကဏ္ဍအား ပြည်သူလူထုအား သတိထားရန် အသိပေးနေခြင်းအစား သက်ဆိုင်ရာဌာနဆိုင်ရာကိုယ်တိုင် အရေးယူဆောင်ရွက်ရမည့်ကိစ္စရပ်ဖြစ်ကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်သူများက အကြံပြုသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ပွဲစားကိစ္စကတော့လေ ဝန်ဆောင်မှုကိုယူမယ့်လူကလည်း သူ့အနေ နဲ့က လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်သွင်းတာ မလုပ်တတ်ဘူး။ ပြီးတော့ ရုံးအခန်းကဏ္ဍ ဝင်၊ထွက်တာ မရဲဘူး။ ပြီးတော့စနစ်ကို လွယ်လွယ်ကူကူ ဖြစ်အောင် လုပ်မထားဘူးဆိုရင် ခက်အောင် လုပ်ထားတယ် သဘော က။ အဲဒါဆိုရင် ပွဲစားက မပါလို့ မဖြစ်တော့ဘူး။ ပွဲစားနဲ့ ခုနကပြောတဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာနဲ့ ပေါင်းပြီးတော့ လုပ်ကြတာပဲ။ သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်း သို့တည်းမဟုတ် ဗမာပြည်မှာဆိုရင် ဌာနက ဂိတ်ပေါက်စောင့်တဲ့ လုံခြုံရေးကအစကို အာဏာရှိနေတာကို။ အဲဒီမှာ သူတို့နဲ့ ဆက်သွယ်ပြီးတော့ ဘိုကင်ယူထားမယ်။ ဒီ အွန်လိုင်း စနစ်ဆိုတာက ဗမာပြည်မှာပဲမဟုတ်ဘူး ဒီမှာလည်း မပြေဘူး။ သံရုံးမှာ အွန်လိုင်းကနေတဆင့် တိုကင်ယူတယ် ပေါ့လေ။ တိုကင်ယူပြီးမှ သူ့ရက်ချိန်းနဲ့သူသွားတယ်။ ဒါက တကယ့် တကယ်ကြတော့ အဲဒီယူဖို့အတွက်ကို ဖောင်ဖြည့်တယ်။ သာမန်အလုပ်သမားတွေ၊ သာမန်လူတွေမှာကြတော့ အဲဒါတွေကို မလုပ်ရဲ မလုပ်တတ်ဘူး။ အဲဒီမှာပွဲစားက သွားလိုတာပဲ” ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရာ၌ ငွေကျပ် နှစ်သိန်းခွဲမှ စတင်ကာ ပေါက်ဈေးများရှိနေကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်းတွင် နိုင်ငံကူးလက်မှတ်များ ပျောက်ဆုံးခဲ့သည်ရှိသော် နိုင်ငံပိုင်သတင်းစာ၌ ထည့်သွင်း ကြေညာရမည်ဖြစ်ပြီး ၆ လအကြာမှသာ အသစ်လျှောက်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။