CNI News

နေပြည်တော်၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံ၏ အရှေ့ပိုင်းဒေသတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဒီမိုကရေစီလိုလားသည့် လက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို ထိန်းချုပ်နိုင်ခြင်းမရှိပါက မြန်မာနိုင်ငံသည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင် ကြောင်း နစက-က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၈ ရက်က ကာ/လုံ အစည်းအဝေး ခေါ်ယူခဲ့ချိန်၌ ထိုတိုက်ခိုက်မှု များနှင့် ပတ်သက်ပြီး အကျဉ်းချုံး ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

လက်ရှိဖြစ်ပွားနေသည့် အခြေအနေသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့ကို ဖြုတ်ချပြီး တပ်မတော်က အာဏာရယူခဲ့ပြီးနောက်ပိုင်း တပ်မတော်အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်နိုင် ကြောင်း ယူဆမှုများလည်း ထွက်ပေါ်နေသည်။

တပ်မတော်အနေနှင့် ထိုတိုက်ခိုက်မှုများကို ထိန်းချုပ်နိုင်ခြင်းမရှိပါက မြန်မာနိုင်ငံသည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲ သွားလိမ့်မည်ဟု နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးတွင် ယာယီသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ယာယီသမ္မတ ဦးမြင့်ဆွေကို တွေ့ရစဉ်

မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်သုံးဖွဲ့(AA-MNDAA-TNLA)သည် အောက်တိုဘာ ၂၇ ရက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စစ်စခန်းများနှင့် ရဲစခန်း ၁၀၀ ကျော်ကို သိမ်းယူခဲ့သည်။

ထို့နောက် ဒေသတွင်း မဟာဗျူဟာကျသည့် မြို့ငယ်များကို သိမ်းယူနိုင်ခဲ့သည်ဟု မဟာမိတ်အဖွဲ့များက ပြောကြားခဲ့သည်။

တပ်မတော်ကလည်း တရုတ်နိုင်ငံ၏ ယူနန် (Yunnan) ပြည်နယ်နှင့် နယ်စပ်ချင်းထိနေသည့် ရှမ်းပြည်နယ်တွင် မြို့ ၃ မြို့ထက်မနည်း လက်လွှတ်ခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဟု အမည်ပေးထားသည့် လက်နက်ကိုင်တပ်ဖွဲ့နှင့် အခြား လက်နက်ကိုင် တပ်ဖွဲ့များ ပါဝင်သော ထိုမဟာမိတ်အဖွဲ့သည် မြန်မာနိုင်ငံ၏ နစကအစိုးရကို ဖြုတ်ချရန် ကြိုးပမ်းသည့်အနေဖြင့် တိုက်ပွဲများကို ဖော်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။

မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်

နှစ်ဘက်စလုံးက ၎င်းတို့ဘက်မှ သေဆုံး၊ ဒဏ်ရာရသည့် စာရင်းများကို ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ဒေသခံ မီဒီယာများကမူ တိုက်ပွဲများကြောင့် လက်နက်ကိုင်များနှင့် တပ်မတော်အကြား သေဆုံးသူ ဒါဇင်နှင့်ချီရှိကြောင်း

နှင့် တိုက်ပွဲများအတွင်း ပြည်သူများ ပိတ်မိနေကြောင်း ဖော်ပြခဲ့ကြသည်။

ထို့ပြင် ထောင်နှင့်ချီသည့် တိုက်ပွဲရှောင် ပြည်သူများသည် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်သည့် နယ်စပ်ဂိတ် တစ်ခု၌ သောင်တင်နေသည်ဟုလည်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

Source: ဘန်ကောက်ပို့စ်