CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇
မြန်မာ-တရုတ်၏ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ဘယ်လိုနည်းလမ်းနှင့်လုပ်ရပ်မျိုးကမှ ပျက်ပြားအောင် လုပ်၍မရကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော်နေ့ အခမ်းအနားကို တက်ရောက်စဉ် ၎င်းက ပြောကြားလိုက် ခြင်းဖြစ်သည်။
မိမိတို့ နှစ်နိုင်ငံ၏ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို မလိုလားကြသည့် ပြည်တွင်းပြည်ပက အဖွဲ့များအနေဖြင့် နည်းလမ်း ပေါင်းစုံအသုံးပြုပြီး သွေးခွဲနေကြောင်း၊ မိမိတို့ နှစ်နိုင်ငံ၏ တာဝန်ရှိသူများနှင့် နိုင်ငံသူနိုင်ငံသား အားလုံးက အထူးဂရုစိုက်ဖို့လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
၎င်းက “မိမိတို့ တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက ဖြစ်တည်လာခဲ့တဲ့ ချစ်ကြည် ရင်းနှီးမှုကို ရေကိုသားလို အကြားမထင်သလို ဘယ်လိုနည်းလမ်းနှင့်လုပ်ရပ်မျိုးကမှ ပျက်ပြားအောင် လုပ်၍ မရဘူးဆိုသည်ကို သက်သေပြနိုင်ရန်လိုသည်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချနိုင်ရေး လက်နက်ကိုင် အင်အားစုများက ကြိုးပမ်းလျက်နေသည်။
ထို့ကြောင့် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများဖြစ်ပွါးနေသည်။
မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့် လက်နက်ကိုင် အင်အားစုများအနက် ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်းတပ်ဖွဲ့(TNLA)၊ ရခိုင်တပ်ဖွဲ့(AA)၊ ကချင်တပ်ဖွဲ့(KIA)တို့ကို တရုတ်က တိုက်ပွဲများရပ်ဆိုင်းရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိအားပေးလျက်ရှိနေသည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရန် ကြိုးပမ်းနေသည့် ဒီမိုကရေစီ အင်အားစုများ အပါအဝင် ပြည်ပနိုင်ငံများနှင့် လက်နက်ကိုင် အင်အားစုတချို့က တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြည်တွင်း/ပြည်ပတွင် ဖော်ဆောင်နေကြသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ စီးပွါးရေး စီမံကိန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဟန့်တားနှောင့်ယှက်မှုများ ရှိနေသည်။
အလားတူ မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ တရုကောင်စစ်ဝန်ရုံး ဗုံးခွဲတိုက်ခိုက်ခံထားရသလို ရန်ကုန်မြို့ရှိ တရုတ်သံရုံး မှာလည်း လုံခြုံရေးတိုးမြှင့်ထားရသည်။