- By CNI
- Category: နိုင်ငံရေး
- Hits: 964
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၈
အတိတ်သမိုင်း၏ အားနည်းချက်များကို ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်၏ အခန်းကဏ္ဍများကို ထည့်သွင်းဖော်ပြခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့သော တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်၏ အခန်းကဏ္ဍများမှာ တပ်အတွက် ထည့်သွင်းခြင်း မဟုတ်ဘဲ နိုင်ငံအကျိုးကို မျှော်ကိုး၍ ထည့်သွင်းခြင်းဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတိုင်းရဲ့ တပ်မတော်တွေဟာ ဖွဲ့စည်းပုံတွေ အင်အားတွေ ရည်မှန်းချက် တွေ မတူညီကြပေမယ့် နိုင်ငံတော် ကာကွယ်ရေးအတွက်ဆိုတဲ့ ရည်ရွယ်ချက်တွေက အတူတူပဲဖြစ်တယ်။ အဲဒီ လိုပဲ နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုရင်လည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ တူညီချင်မှ တူညီနိုင်ပေမယ့် မိမိတို့ နိုင်ငံရဲ့ ရေရှည်အကျိုး စီးပွားအတွက်သာ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဦးတည်ပြဋ္ဌာန်းကြတာပဲဖြစ်တယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပေါ်ပေါက်လာပုံ သမိုင်းကြောင်း နောက်ခံအနေအထား လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ အခြား အခြေခံ အချက်အလက်တွေအပေါ်မှာ မူတည်ပြီး ရေးဆွဲပြဋ္ဌာန်းလေ့ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘယ်နိုင်ငံ က မှန်ပြီး ဘယ်နိုင်ငံက မှားတယ်လို့ ဆိုလို့မရဘဲ မိမိတို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက်သာ ပဓာနပဲဖြစ် တယ်။ မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍများကို ထည့်သွင်းဖော်ပြထားခြင်းဟာ အတိတ်သမိုင်းစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်တို့ကို ကြိုတင်ပြင်ဆင် ကာကွယ်နိုင်ရေးအတွက် ပြဋ္ဌာန်းထားရခြင်းပဲ ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော် ရဲ့ အခန်းကဏ္ဍမှာပါတဲ့ ပြဋ္ဌာန်းချက် အပိုဒ်တွေဟာ တပ်မတော်အတွက် ပြဋ္ဌာန်းထားတာ မဟုတ်ဘဲ နိုင်ငံတော် အကျိုးကို မျှော်ကိုးပြီး ထည့်သွင်းပြဋ္ဌာန်းထားတာဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း အမှားများ ပြုလုပ်ပြီး နိုင်ငံတော်အာဏာကို ရယူရန် ကြိုးစားခဲ့ ကြောင်း၊ ထိုဥပဒေမဲ့ လုပ်ရပ်များအား တားဆီးနိုင်ရေး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ တပ်မတော်က ခေတ္တအာဏာရယူခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် ရွေးကောက်ခံစရာ မလိုဘဲ လွှတ်တော်အခန်းကဏ္ဍ အသီးသီး၏ ၂၅ ရာခိုင်နှုန်းကို ရရှိထားသည်။ အလားတူ စစ်ဆင်ရေးလုပ်ငန်းစဉ်များကို တပ်မတော်က လွတ်လပ် စွာ ဆောင်ရွက်ခွင့်ရှိသည်။

တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြနေစဉ်
နိုင်ငံရေးအရ မိမိတို့၏ အခွင့်အရေးကို မရရှိသောကြောင်း တိုင်းရင်းသားများက လက်နက်ကိုင် တော်လှန်ကြခြင်း ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်၏ အခန်းကဏ္ဍ ထည့်ရခြင်းမှာ နိုင်ငံရေးအရ ဖြေရှင်းရမည့် ကိစ္စဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ကတော့ ရှင်းရှင်းလေး မြင်ပါတယ်။ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး မရခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေ အားလုံး ဖက်ဒရယ်ပြည်ထောင်စုကို တန်းတူညီမျှ ဖွဲ့စည်းမယ်ဆိုပြီးတော့ ပင်လုံမှာ လက်မှတ် ထိုးကြတယ်။ အဲဒီကတည်းက တိုင်းရင်းသားတွေက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုမှာ တန်းတူညီတူ ဖြစ် (ချင်းတို့)နေမယ်ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သဘောတူညီချက်ရခဲ့တယ်လို့ ကျနော်တို့ စာတွေ့အရ သမိုင်း အထောက်အထားတွေအရ ကျနော်တို့ တွေ့ရတယ်ပေါ့၊ ဒါပေမယ့် ၁၉၄၉ ခုနှစ်ကတည်းက စပြီးတော့ ပြည်တွင်း စစ်တွေ ဖြစ်လာတယ်။ အဲဒီတော့ တိုင်းရင်းသားရဲ့ ဗမာပြည်ကွန်မြူနစ် အခန်းကဏ္ဍကိုတော့ ကျနော်တို့ မပြော လိုဘူး။ တိုင်းရင်းသားတွေလည်း လက်နက်ကိုင်ပြီး တော်လှန်လာတယ်။ အဲဒီတော့ တိုင်းရင်းသားတွေက ဘာလို့ လက်နက်ကိုင်ပြီး တော်လှန်တာလဲ ဆိုတာကို သူတို့ရဲ့ ကြေညာချက်တွေအရ သူတို့ ဒေသ၊ သူတို့ ပြည်နယ် တွေကို သူတို့လက်နဲ့ အလှမဆင်နိုင်ဘူး။ သူတို့ လိုချင်တဲ့ ဖက်ဒရယ်အခွင့်အရေး မရဘူးဆိုပြီးတော့ နိုင်ငံရေးအရ မရတဲ့အခါ လက်နက်ကိုင်ပြီး တော်လှန်ကြတယ်လို့ပဲ ကျနော်တို့ စာတွေ့ သမိုင်းကြောင်းတွေအရ ကျနော်တို့ တွေ့ရတယ်။ အဲဒီတော့ လိုအပ်ချက်တွေကြောင့် တပ်မတော်ရဲ့ အခန်းကဏ္ဍကို ၂၀၀၈ မှာ ဖွဲ့စည်းပုံမှာ ထည့်ရ တယ်ဆိုတာကတော့ ကျနော်တို့အနေနဲ့ နိုင်ငံရေးအရ ဖြေရှင်းရမယ့် ကိစ္စကို စိတ်ရှည်လက်ရှည် အနာလည်း သိတယ်၊ ဆေးလဲရှိတယ်။ ဒါပေမဲ့ အနာနဲ့ ဆေးနဲ့ တခြားဖြစ်တယ်လို့ ကျနော်အဲဒီလောက်ပဲ ပြောလိုပါတယ်ခင်ဗျ” ဟု ပြောသည်။
၂၀၀၈ ခြေဥအရ မြန်မာ့တပ်မတော်ကို နိုင်ငံရေးတွင် ဦးဆောင်ပါဝင်နိုင်ရန် ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ တပ်က သဘောမတူဘဲ မည်သည့် ဆုံးဖြတ်ချက်မျှ ချမှတ်၍ မရအောင် လုပ်ထားခြင်းဟု သုံးသပ်မှုများ ရှိနေသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်မှာ အတည်ပြုပြဋ္ဌာန်းခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 982
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိအောင် တရားဥပဒေနှင့်အညီ ထိထိ ရောက်ရောက် ဆောင်ရွက်သွားရမည်ဟု နစကဥက္ကဋ္ဌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်ပလက်ဝေခံ အဖွဲ့အစည်းအချို့၏ လုပ်ရပ်များသည် မြန်မာနိုင်ငံ နှင့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားအတွက် မဟုတ်ဘဲ ၎င်းတို့နှင့်၎င်းတို့၏အဖွဲ့အစည်း အကျိုးအတွက်သာ ရှေးရှုလုပ်ဆောင်နေခြင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ် ဖော်ဆောင်ရေး ကို ပျက်စီးအောင် လုပ်နေခြင်းဖြစ်သည်ဆိုတာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေရာဒေသအချို့မှာ ဖြစ်ပွားနေသော ဖြစ်စဉ်ဖြစ်ရပ်များက သက်သေခံလျက်ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

TNLA နှင့် MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်(Myanmar Now)
၎င်းက “ ဒီမိုကရေစီနဲ့အညီ ဆောင်ရွက်နိုင်တာကို အဓမ္မနည်းနဲ့ ပြုလုပ်တာကြောင့် ဒေသခံများရဲ့ အကျိုးစီးပွား ပျက်စီးတာ၊ ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားခွင့် ဆုံးရှုံးတာပဲ ခံဏားရတဲ့အတွက် အင်မတန် မိုက်မဲတဲ့လုပ်ရပ်လို့ ပြောလိုတယ်။ ဒါကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေ အပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေ အနေဖြင့် ပြည်သူလူထုနဲ့ အတူလက်တွဲပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရတဲ့ ဒေသများ ကိုလည်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားရ မည်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်နေခြင်းနှင့် နယ်မြေသိမ်း တိုက်ပွဲများ ဆင်နွှဲနေခြင်းကို တရားဥပဒေနှင့်အညီ ပြန်လည် တည်ငြိမ်အောင်လုပ်မည်ဆိုခြင်းမှာ မေးခွန်းထုတ် စရာဖြစ်နေသည်ဟု စစ်ရေးအကဲခတ် တချို့ ထောက်ပြသည်။
၎င်းက “ လက်နက်ကိုင် တိုက်နေတာကို တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်ဆို တော့ ဘယ်လိုပုံစံမျိုးကို ပြောတာလဲ၊ တရားဥပဒေကို မကြောက်လို့ တနည်းအားဖြင့် တပ်မတော်ဆိုတာကို တောင် ဖြုတ်ချဖို့လုပ်နေတဲ့ အင်အားစုကို ဘယ်လို တရားဥပဒေနဲ့လုပ်မှာလဲ၊ အမှန်က အခု တပ်မတော် ဆုံးရှုံး ထားတဲ့ စစ်စခန်းတွေ၊ မြို့တွေကို တပ်မတော်က ဘယ်လိုပုံစံနဲ့ ပြန်လည် ထိန်းချုပ်ရမလဲဆိုတာကို စဉ်းစားပြီး တော့ ဆောင်ရွက်မှပဲ ရမှာလေ။ မဟုတ်ရင် ပြောသလောက်မလွယ်ပါဘူး”ဟု ပြောသည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဆိုကာ မြန်မာ့တပ်မတော် က ဖြုတ်ချ၍ နိုင်ငံတော်အာဏာသိမ်း ရယူခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖွဲ့စည်း၍ တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးများကို စီမံဆောင်ရွက်နေခြင်းကြောင့် ဒီမိုကရေစီအင်အားစုများ အပါအဝင် NLD အမတ်များ၊ လက်နက်ကိုင်များက ဖြုတ်ချရေး လက်နက်ကိုင် တိုက်ခိုက်လျှက်ရှိသည်။
အဆိုပါ လက်နက်ကိုင် တိုက်ပွဲများတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာ အမျိုး သား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲ များ လုပ်ဆောင်ခဲ့သည်။
အလားတူ AA ကလည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများနှင့် မြန်မာ့တပ် မတော် စစ်စခန်းများ သိမ်းပိုက်ရေး ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေသည်။
ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှာ မြို့သိမ်းတိုက်ပွဲနှင့် မြန်မာ့တပ်မတော် စစ်စခန်းများ သိမ်းပိုက်ရေး ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် မြန်မာ့တပ်မတော်သည် မြို့နယ်ပေါင်း ၆၀ ကျော်နှင့် စစ်စခန်းပေါင်း ၂၀၀ ကျော် လက်လွတ်ထားရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1155
CNI News
၂၀၂၄ ခုနှစ်၊ မတ် ၂၆
ပအိုဝ်းအမျိုးသားအဖွဲ့(PNO) နယ်မြေတွင် အခြားသော လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေသရွေ့ တိုက်ပွဲများ ဖြစ်ပွားနေမှာဖြစ်ကြောင်း PNO မှ စောခွန်ကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၁၉၉၁ ခုနှစ်က မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ပအိုဝ်းဒေသကို အထူးဒေသ ၆ အဖြစ် သတ်မှတ်ကာ PNO က အုပ်ချုပ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂ လဝန်းကျင်က စတင်ကာ မိမိတို့ အထူးဒေသအတွင်း အခြားသော လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PNO ၏ နိုင်ငံရေးပါတီတွင် တာဝန်ထမ်းဆောင်နေသူ ၎င်းက ပြောသည်။
စောခွန်ကျော်ဝင်းက “လက်ရှိ ပအိုဝ်းဒေသပေါ့နော်၊ အထူးဒေသ ၆ ပေါ့နော်၊ အထူးဒေသ ၆ ဆိုတာ ၁၉၉၁ ငြိမ်းချမ်းရေး စယူကတည်းက အစိုးရနဲ့ရော ကျနော်တို့ သဘောတူထားတာရှိတယ်။ နောက်တစ်ခု နယ်မြေ ကလည်း ဒီတိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းနဲ့ သဘောတူထားတဲ့ နယ်မြေတွေရှိတယ်။ သူ့နေရာ ကိုယ့်နေရာ ရှိတာပေါ့နော်၊ PNO ဘက်က ရည်တည်တာ နဂိုကတည်းကပေါ့နော်၊ နစက အာဏာစထိန်း ကတည်းက ဘာလုပ်သလဲဆိုတော့ ပအိုဝ်းဒေသ လုံခြုံဖို့အတွက် အကာအကွယ် ဒါပဲလုပ်တယ်။ တိုက်ပွဲလည်း မဖော်ဘူး။ တခြားဒေသလည်း မသွားဘူးပေါ့နော်၊ ဒါပေမဲ့ လက်ရှိ ပြီးခဲ့တဲ့ ၂ လက စပြီးတော့ အထူးဒေသ ၆ ထဲကို ပြောမယ်ဆို စစ်တလင်းဖြစ်လာတယ်၊ ကျူးကျော်လာတယ်၊ လုပ်လာတဲ့အခါကြတော့ PNO ဘက်ကတော့ သူ့ နယ်မြေ သူကာကွယ်ဖို့ ခုခံတိုက်ခိုက်ရတဲ့ အနေအထားလို့ ပြောရမှာပေါ့၊ သူကတော့ PNO ရဲ့ မူကတော့ နဂို အတိုင်း သူရှိပြီးသားပဲ၊ အားလုံးက မိတ်ဆွေလို့ သတ်မှတ်ထားတယ်၊ တိုင်းရင်းသားအဖွဲ့အစည်း အားလုံး ကျနော် တို့ မိတ်ဆွေလို့ (သဘော)ထားတယ်ပေါ့နော်၊ နောက် အစိုးရ ဘယ်အစိုးရ အဲဒီနဲ့ပဲ အမြဲတမ်း ပြည်ထောင်စုနဲ့ အစိုးရနဲ့ အမြဲတမ်းလက်တွဲတယ်၊ အဲဒီမူပဲ ထားတယ်ပေါ့၊ အဲဒီမူလည်း မပြောင်းဘူးပေါ့၊ နောက် တခြား တိုင်းရင်းသားတွေရဲ့ ဧရိယာထဲ သူတို့ မသွားဘူးပေါ့နော်၊ လက်ရှိ အနေအထားကတော့ ကျနော်အမြင်ကတော့ တခြားလက်နက်ကိုင် အဖွဲ့အစည်းကနေ အထူးဒေသ ၆ ပေါ့၊ တရားဝင်ဧရိယာထဲမှာ မရှိတော့ဘူးဆိုရင် ပြဿနာ တွေ အေးသွားတာပေါ့နော်၊ တကယ်လို့ ရှိဦးမယ်ဆိုရင် တိုက်ပွဲတွေတော့ ဆက်ရှိနေတယ်ပေါ့” ဟု ပြောသည်။

PNLO ရဲဘော်ကို တွေ့ရစဉ်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA/PNLO) နှင့် PNO တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ဖြစ်ပွားလျက် ရှိနေသည်။
လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲမှာ ပအိုဝ်းလူမျိုးစု အဖွဲ့အစည်း အချင်းချင်းကြား ဖြစ်ပွားနေခြင်း မဟုတ်ကြောင်း၊ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး တွန်းလှန်သည့် စစ်ပွဲဖြစ်ကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ (PNFC) မှ အတွင်းရေးမှူး - ၂ ခွန်ဝေထူးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ယနေ့ ဖြစ်နေတဲ့ တိုက်ပွဲက ဘယ်လို ပြောမလဲဆိုတော့ ပအိုဝ်းဒေသတစ်ခုထဲမှာပဲ ဖြစ်နေတဲ့ တိုက်ပွဲ မဟုတ်သလို ကျနော်တို့ ပအိုဝ်းတိုင်းရင်းသားတွေမှာပဲ ပအိုဝ်းလူထုတွေမှာပဲ ဖြစ်ပွားနေတဲ့ စစ်ပွဲလည်း မဟုတ် ဘူးပေါ့နော်၊ ယနေ့ဖြစ်နေတဲ့ တိုက်ပွဲသည် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးက တွန်းလှန်တဲ့ စစ်ပွဲဖြစ်တယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဖြစ်တယ်။ ဒါကြောင့်မို့ ပအိုဝ်းပြည်သူ့စစ်နဲ့ ကျနော်တို့ ဒီကတော်လှန်ရေး တပ်ဖွဲ့တွေကြားမှာ ဖြစ်ပွားနေတဲ့ လူမျိုးချင်းကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခ မဟုတ်ဘူးဆိုတာကို ပြောလိုပါ တယ်ခင်ဗျ” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်၊ PNO နှင့် PNLO မဟာမိတ်ပူးပေါင်းတပ်တို့အကြား ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးတို့ တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ပအိုဝ်းဒေသ မီးလောင်ထားစဉ်
PNO နှင့် PNLO နှစ်ဖွဲ့ ခေါင်းဆောင်အချင်းချင်းကြား သွားနေသည့် လမ်းကြောင်း မတူညီ၍ ညှိနှိုင်းမှု အဆင်မပြေ ခြင်းဟု ယူဆကြောင်း ပအိုဝ်းလူငယ်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိကလည်း အဲဒီနှစ်ဖွဲ့ကြားက သူတို့မှာလည်း ခေါင်းဆောင်တွေ အချင်းချင်းလည်း ရှုပ်တယ်ထင် တယ်၊ လမ်းကြောင်းလည်း မတူကြလို့ ညှိလို့မရတာလို့ပဲ ထင်တာပေါ့၊ ဒါပေမဲ့ တစ်ဖက်မှာ ပြန်ကြည့်ပြန်တော့ လည်း ခွန်ဥက္ကာကြတော့လည်း သူက ဦးခွန်အောင်ခမ်းထီကို ထိတွေ့တာ ရှိပေမယ့်လည်း တကယ့် PNLO ရဲ့ ဥက္ကဋ္ဌက သူကတော့ လုံးဝ နွေဦးတော်လှန်ရေးမှာ ပါဝင်မယ် အဲဒါကို ပြန်ပြီးတော့ စကားပြောလို့ အဆင်မပြေ ဘူးဆိုတဲ့ ပြောကြားချက်တွေလည်း တွေ့ရတော့ ကျမ အနေနဲ့လည်း ဘယ်လို ပြောရမလဲ မသိတော့ဘူး။ သူတို့ အချင်းချင်းမှာတင် နည်းနည်းလေး ရှုပ်ထွေးနေသလားပေါ့နော်၊ အဲဒီလိုမျိုးတော့ မြင်တယ်ပေါ့” ဟု ပြောသည်။
PNO သည် တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ခြင်းကြောင့် ပအိုဝ်းဒေသကို အထူးဒေသ ၆ အဖြစ် သတ်မှတ်ပေး ခဲ့သည်။
ထို့နောက် ပင်လောင်း မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုန်းမြို့နယ်တို့ ပါဝင်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ဖွဲ့စည်းပေးခဲ့ပြီး PNO က အုပ်ချုပ်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3913
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၆
နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) စမတ်ကတ်ကို မိမိ အိမ်ထောင်စုစာရင်း ပေါက်ထားသော မြို့နယ်များ သို့ ပြန်သွား၍ လုပ်စရာမလိုဘဲ လက်ရှိ မိမိနေထိုင်ရာ မြို့နယ်နှင့် ရပ်ကွက်များတွင် လုပ်ဆောင်၍ရကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက CNI သတင်းဌာန သို့ ပြောသည်။
နိုင်ငံကူးလက်မှတ်(ပတ်စပို့) လုပ်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) စမတ်ကတ်ပါမှ လုပ်ဆောင် ပေးမည်ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက သတ်မှတ်ခဲ့သည်။
ထို့နောက် မှတ်ပုံတင် စမတ်ကတ်မရှိသူများသည် အခက်အခဲများ ဖြစ်ပေါ်လာကြောင်း၊ မိမိ လက်ရှိ နေထိုင်ရာ မြို့နယ်နှင့် ရပ်ကွက်ရုံးများက အိမ်ထောင်စုသန်းခေါင်စာရင်း ပေါက်ထားသော မြို့နယ်မှာသာ ပြန်၍ လုပ်ရမည် ဖြစ်ကြောင်း ပြောလာခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြသည်။
သို့သော် နစက သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မှတ်ပုံတင် စမတ်ကတ်ကို လက်ရှိ မိမိနေထိုင်ရာ မြို့နယ်နှင့်ရပ်ကွက်ရုံးများမှာ သွားရောက် လုပ်ဆောင်နိုင်သည်ဟု CNI သတင်းဌာနသို့ ပြောသည်။

CNI သတင်းဌာန၏ အမေး/အဖြေကို တွေ့ရစဉ်
၎င်းတို့က “ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ကနေ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှာ ပတ်စပို့ သက်တမ်းတိုး သို့မဟုတ် အသစ်လုပ်တာတွေမှာ အရပ်အခေါ် စမတ်ကတ်လို့ ပြောနေကြတဲ့ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စိစစ်ထုတ်ပေးထားတဲ့ UID နံပါတ် ထုတ်ပေးထားကြောင်း အထောက် အထား လက်မှတ် ယူဆောင်လာရမယ်ဆိုတဲ့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ UID နံပါတ် မရှိသေးတဲ့ ပြည်သူတွေ အနေနဲ့ UID နံပါတ်ရယူလိုတယ်ဆိုရင် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးထားတဲ့မြို့ကို ပြန် ပြီး လုပ်စရာမလိုပါဘူး။ လက်ရှိ ကိုယ်နေထိုင်တဲ့ မြို့မှာရှိတဲ့ မြို့နယ် လဝကရုံးတွေမှာဖြစ်စေ၊ ရပ်ကွက်တွေမှာ ဆင်းပြီး ပြုလုပ်ပေးနေတဲ့ Mobile Team တွေမှာဖြစ်စေ UID နံပါတ်ကို အခမဲ့ ပြုလုပ်နိုင်ပါတယ်။ အစိုးရ အဖွဲ့ အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ဒီ UID နံပါတ်အပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်သွားကြတော့မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ အနေနဲ့ UID နံပါတ်မြန်မြန်ရလေ၊ အဲဒီရဲ့ အကျိုးကျေးဇူးကို မြန်မြန် ခံဏားရနိုင်စေမှာဖြစ်ပါတယ်”ဟု ပြောသည်။
တချို့သော မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် မှတ်ပုံတင် စမတ်ကတ်လုပ်ရန် လာရောက်သော နိုင်ငံသားများအား ၎င်းတို့ အိမ်ထောင်စုသန်းခေါင်စာရင်း ပေါက်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်းက မြို့နယ်များသို့သာ ပြန်လည် လုပ်ဆောင်ရမည်ဖြစ်ပြီး လက်ရှိ ဧည့်စာရင်းဖြင့် နေထိုင်သော မြို့နယ် နှင့် ရပ်ကွက်များမှာ လုပ်ဆောင်မပေးနိုင်ကြောင်း ပြောကြားလျက်ရှိနေသည်။
ထို့ကြောင့် မိမိ အသက်မွေးဝမ်းကျောင်းအရ အိမ်ထောင်စုသန်းခေါင်စာရင်း ပေါက်ထားသော မြို့နယ်များကနေ တခြားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ မြို့နယ်များသို့ နေထိုင် လုပ်ကိုင်နေကြသူများသည် နယ်ပြန်၍ သွားရောက်လုပ်ကိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြသည်။
အလားတူ နယ်မြေ တည်ငြိမ်မှု မရှိခြင်းကြောင့် ခရီးသွားလာရန် အခက်အခဲများလည်း ဖြစ်နေသလို တချို့ သော ဒေသများရှိ လ.ဝ.က ရုံးများသည် မီးရှို့ဖျက်ဆီးခံထားရခြင်း၊ ရုံးများပိတ်ထားရခြင်းများဖြစ်ပေါ်နေ၍ မှတ်ပုံတင် စမတ်ကတ်လုပ်ရန် အခက်အခဲများရှိကြသည်။
သို့သော် နစကသတင်းထုတ်ပြန်ရေးအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ကိုယ် နေထိုင်ရာ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှာ မှတ်ပုံတင် စမတ်ကတ်(UID)ကို သွားရောက် လုပ် ဆောင်နိုင်ကြောင်း CNI သတင်းဌာနသို့ ပြောကြားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1626
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၅
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (AA)သည် ဧပြီ ၁၀ ရက်နေ့မတိုင်ခင်အထိ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လာနိုင်သော်လည်း သင်္ကြန်မတိုင်ခင်မှာ အပစ်အခတ်ရပ်စဲရေး လုပ်လာနိုင်မလားဆိုသည်ကိုတော့ စောင့်ကြည့်ရမည်ဟု စစ်ရေးနှင့်နိုင်ငံရေးလေ့လာသူများက ပြောသည်။
AA ကို ၂၀၀၉ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့က စတင်ထူထောင်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့တွင် ၁၅ နှစ်ပြည့်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဧပြီ ၁၀ ရက်နေ့မတိုင်ခင်အထိ AA သည် ရခိုင်ပြည်နယ်ထဲက မြို့များကို ရသလောက် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ကြောင်း၊ ထို့နောက် ဧပြီ ၁၀ ရက်နေ့အလွန်မှာတော့ အပစ်အခတ်ရပ်စဲ ရေးကို စတင်လုပ်ဆောင်လာနိုင်သည်ဟု စစ်ရေးလေ့လာသူ တချို့က ထောက်ပြသည်။
AA အနေဖြင့် ပင်လယ်ထွက်ပေါက်ရှိနေသော စစ်တွေ၊ ကျောက်ဖြူမြို့တို့အား တိုက်ခိုက်သိမ်းပိုက်ရန် ခက်ခဲနိုင် ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
၎င်းက “ကျောက်ဖြူကို သိမ်းဖို့က ခက်ပါတယ်။ သူက ရမ်းဗြဲကိုတိုက်သလိုပဲ သဘောက ကျောက်ဖြူကို တိုက်နေတာပေါ့နော်၊ ဒါပေမဲ့ ကျောက်ဖြူတို့ ဘာတို့က နောက်မှာ ပင်လယ်ပွင့်နေတယ်လေ၊ စစ်တွေလည်း ပင်လယ်ပွင့်နေတယ်၊ အမ်းကြတော့လည်း ဒီဖက်က ပြည်မနဲ့ ကျပ်နေတဲ့အခါကြတော့ တစ်ခုတော့ ရှိတယ်၊ အမ်းဖက်ကတော့ ကျနော်တို့ ပြည်မနဲ့ ကပ်တယ်ဆိုပေမဲ့ PDF တွေက ကြားက ခံထားတယ်။ စစ်တွေနဲ့ ကျောက်ဖြူကတော့ လုံးဝလုပ်လို့ မရမယ့် သဘောမှာရှိတယ်၊ နောက်တစ်ခုက တဖြည်းဖြည်းတောင်ဖက် ဆင်းလာတာနဲ့ ရခိုင်စိတ်ဓါတ်က သိပ်မရှိတော့ဘူး။ မရှိတဲ့အခါကြတော့ အခုဆိုရင် သံတွဲမှာကိုက ပြည်သူ့စစ်တွေ ဖွဲ့ထားပြီလေ၊ သမိုင်းမှာကတည်းကိုက ရခိုင်က မြောက်ပိုင်းကသာ အစွဲပြင်းတာကိုး တောင်ပိုင်းက အစွဲမပြင်းတဲ့ အခါကြတော့ ဒါကြောင့်မို့လည်း NLD နိုင်တာလေ၊ ဒါကြောင့် တောင်ဘက်ကို ရောက်လာသမျှ သူ့ရဲ့ဟာက ကျလာတာ၊ ကျောက်ဖြူကို ကျော်လာလို့ရှိရင် မရှိတော့ပါဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် လမ်းပိတ်ဆို့မှုများ ရှိလာခဲ့သည်။
ထို့နောက် မြောက်ပိုင်းသုံးဖွဲ့(MNDAA-TNLA-AA)၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ် အတွင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ တောင်ပြိုလက်ဝဲ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ အပါအဝင် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝ၊ ဆမီးတို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ AA သည် သူ၏ ရည်မှန်းချက် မရမချင်း တိုက်ခိုက်မှုများကို ရပ်နိုင်ခြေမရှိဘူးဟု ထင်မြင်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်
ဦးကြီးမြင့်က “လျော့ကျလာတယ်ဆိုတဲ့ဟာ သူတို့ လိုအပ်တဲ့ဟာတွေ အကုန်ဝိုင်းထားပြီးပြီ။ ဝိုင်းထားပြီးတော့ အခုစစ်တွေပဲ ကျန်တော့တယ်။ အမ်းကိုလည်းပဲ တိုက်နေပြီလေ၊ အဲဒီတော့ လျော့ကျတယ်လို့တော့ ပြောလို့မရ ဘူး။ အမ်းကိုလည်း တိုက်နေပြီအခု အမ်းတစ်ဝိုက်ကို နေရာယူထားပြီ။ သူတို့ အဲဒီလိုဟာမျိုးတွေ စစ်တွေလို ဟာမျိုးတွေ ဝိုင်းထားမယ်ထင်တယ်။ တိုက်မှာ မဟုတ်ဘူးလေ၊ အဲဒါကတော့ မဖြစ်နိုင်ဘူး။ သူတို့က ပြောထားပြီး သားလေ၊ ရှမ်းမြောက်နဲ့ သူတို့နဲ့က မဆိုင်ဘူးလို့ ပြောထားပြီးသားလေ။ AA က သူတို့ရည်မှန်းချက် မရမချင်း သူတို့ မရပ်ဘူးလို့ ပြောပြီးပြီ။ ပြောလည်း ပြောပြီဆိုတော့ အခုဝိုင်းထားပြီပေါ့၊ ဝိုင်းထားတဲ့ အနေအထားမှာ တွက်ရမှာ စစ်ရေးနဲ့ တွက်ချက်ရမှာပေါ့။ အကျအဆုံးနဲ့ ပေးရမယ့်ဟာနဲ့ ရမယ့်ဟာနဲ့ အဲဒါဝိုင်းထားတာ အခုဆိုရင် စစ်တွေက လှုပ်ရှားလို့ မရတော့ဘူး။ ရုံးတွေဆိုရင်လည်း မတက်သလောက် ဖြစ်သွားပြီ။ ခွင့်တွေကြီးပဲ။ ခွင့်မယူဘဲနဲ့ ခွင့်မဲ့ ပျက်ကွက်တွေရှိတယ်။ ရုံးတက်ရင်လည်း တစ်ပတ်ကို တစ်ရက်ပဲ တက်နိုင်တော့တယ်။ ရခိုင်မှာ အုပ်ချုပ်ရေး ယန္တရားကြီးက ပျက်သွားပြီ။ အဲဒီအခါမှာ သူတို့ အကျအဆုံးကို သူတို့ ပြန်ချိန်မှာပေါ့နော်၊ အဲဒီလိုသဘောတော့ ကျနော်တော့ ယူဆပါတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်တွေ၊ အမ်း၊ ကျောက်ဖြူမြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။
ထို့အတူ AA အနေဖြင့် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ကို ရရှိရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောဆိုထားသလို ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေများကိုလည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများကို ဖော်ဆောင်လာနိုင်ကြောင်း သိရသည်။
တရုတ်၏ ကြားဝင် စေ့စပ်ညှိနှိုင်းမှုဖြင့် နစကနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-AA-MNDAA)တို့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စတုတ္ထအကြိမ်မြောက် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သည်။
သို့သော် AA သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိသည့် တပ်များနှင့်သာ သက်ဆိုင်ပြီး ရခိုင်ပြည်နယ်အတွင်းက AA တပ်ဖွဲ့၏ စစ်ဆင်ရေးများနှင့် မပတ်သက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 780
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၅
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းအစိုးရကြား ဆွေးနွေးညှိနှိုင်းထားသည့် သဘောတူညီချက် များအရ ထိုင်းအစိုးရက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စတင်ပေးအပ် ခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ လူသားချင်းစာနာထောက်ထားမှု အကူအညီများတွင် ဆန်၊ အစာခြောက်နှင့် တခြားသော ပစ္စည်းများကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နေ မြန်မာနိုင်ငံ၊ မြဝတီမြို့ဘက်သို့ လွှဲပြောင်းပေးလိုက်ပြီးဖြစ်သည်။
ထို အကူအညီသည် မြန်မာဒုက္ခသည် နှစ်သောင်းကျော်အတွက်ဖြစ်ပြီး ကူညီမှုများကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် ထိုင်းကြက်ခြေနီအသင်းတို့က ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။

ထိုင်းက မြန်မာကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ လွှဲပေးနေစဉ်
ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့၏ နယ်မြေများကို ဖြတ်သန်း၍ ပေးအပ်မည်ဖြစ်သည်။
NCA စာချုပ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါ တီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ်တပ်ဦး(ABSDF)တို့ဖြစ်သည်။
အဆိုပါ NCA ထိုးထားသည့် အဖွဲ့များအနက် KNU၊ ABSDF၊ CNF တို့သည် မြန်မာ့တပ်မတော် ဖြုတ်ချရေး နွေဦး တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ခိုက်နေပြီး ကျန် ၇ ဖွဲ့မှာ နစကနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိ သည်။
လက်ရှိ မြန်မာနိုင်ငံအနှံ့အပြားတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူ ၁ သန်းကျော်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1484
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၂
မြန်မာ့နိုင်ငံရေး အကျပ်အတည်းထဲသို့ နာဂလူမျိုးများကို ပါဝင်လာစေရန် အဓမ္မခိုင်းစေမှုကို လက်ခံမည် မဟုတ်ဘူးဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်း/ယုံးအောင်(NSCN-K/YA)က ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
နစကသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း ထုတ်ပြန်ပြီးနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် စစ်မှုထမ်းရန် စာရင်းကောက်ယူမှုများ ပြုလုပ်လာခြင်းအပေါ် NSCN-K/YA က ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပြီး အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
NSCN-K/YA က “ လက်ရှိ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ချက်ဟာ နာဂဒေသအပေါ် သက်ရောက်မှု လုံးဝ မရှိ ကြောင်း၊ နာဂ လူထုအနေနဲ့လည်း အခုပြဋ္ဌာန်းထားတဲ့ဥပဒေကို ပယ်ချဖို့ တောင်းဆိုကြောင်း၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းဟာ လက်ရှိ NSCN-K/YA ရဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်မပတ်သက်ဖို့ ရပ်တည်ချက်ကို ဆန့် ကျင်နေတာ ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်းထဲမှာ နာဂလူမျိုးများကို ပါဝင်ဖို့ အဓမ္မခိုင်းတာကို လက်မခံနိုင်ကြောင်း” ထုတ်ပြန် ပြောကြားခဲ့သည်။

NSCN-K/YA ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ထို့နောက် မြန်မာ့တပ်မတော် အနေဖြင့် နာဂလူမျိုးများကို လူသားဒိုင်းအဖြစ် ကြံစည်နေသည့်အပေါ် မည်သည့် နည်းဖြင့်မဆို ဆန့်ကျင် ကန့်ကွက်သွားမှာဖြစ်ကြောင်း၊ စစ်မှုထမ်းရန် အဓမ္မခိုင်းစေလာပါက ချက်ချင်းအသိပေး ရန် NSCN-K/YA က ပြောသည်။
NSCN-K/YA က “ မိမိတို့ အနေနဲ့ လက်ရှိ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို ဆုပ်ကိုင်ထားပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ ပဋိပက္ခ အစပြုတဲ့ကာလမှာ နာဂဒေသအတွင်း ဖွဲ့စည်းထားတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကိုလည်း နာဂဒေသအတွင်းမှာ နိုင်ငံရေးအရ တရားဝင် အသိအမှတ် ပြုမှု မရှိသ လို နယ်မြေ ထိန်းချုပ်ရေး လုပ်ဆောင်ခွင့် မရှိကြောင်း NSCN ရဲ့ ရပ်တည်ချက်ကို ကြေညာထားပြီးဖြစ်တယ်” ဟု ပြောသည်။
ထို့နောက် နာဂဒေသကို ထိခိုက်နစ်နာစေမည့် အရေးရှောင်ကြဉ်ဖို့ကိုလည်း တပ်မတော်အား အသိပေးထား ကြောင်း ၎င်းက ပြောသည်။

NSCN-K/YA ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ နာဂ လက်နက်ကိုင်အဖွဲ့များအနေဖြင့် နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN- K/AM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ချီရှီဆု/ဗွီဗား(NSCN-IM)၊ အရှေ့နာဂအမျိုးသားအဖွဲ့ အစည်း/အရှေ့နာဂကာကွယ်ရေးတပ်မတော်(ENNO/ENDA)၊ နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF) စသည့် အဖွဲ့များ ရှိသည်။
နာဂဒေသအတွင်းမှာ ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး နာဂလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် NSCN-K/YA၊ NSCN-K/AM တို့မှ ကိုယ်စားလှယ်များနှင့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကိုယ်စားလှယ်များ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက ဆွေးနွေးခဲ့ကြသေးသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ အာဏာရယူခဲ့ခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခများ နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေသည်။
ထို့နောက် မြန်မာ့တပ်မတော်သည် မြို့များနှင့် စစ်စခန်းများ လက်လွတ်ဆုံးရှုံးနေရပြီး စစ်တပ်အင်အား ဖြည့်တင်း နိုင်ရေး ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေ၍ စစ်မှုထမ်းရန် ဆင့်ခေါ်မှုများ ပြုလုပ်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1485
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၂
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(EAO)များသည် ယခင်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေးနှင့် ရရှိရေး တိုက်ပွဲဝင်နေရာကနေ လက်ရှိမှာတော့ မည်ကဲ့သို့သော စဉ်းစားချက်များကို ပြောင်းလဲ လာသလဲဆိုသည့်အပေါ် နိုင်ငံရေးနှင့်စစ်ရေး အကဲခတ်များကြား သုံးသပ်လျက်ရှိနေသည်။
လက်ရှိ အနေအထားမှာ တိုက်ခိုက်မှ ရမည်ဆိုသည့် အတွေးအခေါ်က လွှမ်းမိုးလာကြောင်း၊ အကြမ်းမဖက် နိုင်ငံရေး အခန်းကဏ္ဍ အားကောင်းရန် ပြန်မလုပ်နိုင်သရွှေ့ ၎င်းအတွေးအခေါ်မှာ လွှမ်းမိုးနေဦးမှာဖြစ်ကြောင်း ပြည်သူ့ပါတီ(PP)မှဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “အဓိကကတော့ နိုင်ငံရေးပျောက်သွားတဲ့ ပြဿနာပေါ့ဗျာ၊ ကျနော်တို့ စောစောစီးစီးက အချိန်မီ နိုင်ငံရေး ပါတီတွေ၊ EAO တွေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ခဲ့မယ် ဆိုရင် ဒီလို လက်နက်ကိုင်ပဋိက္ခ ပြင်းထန်လာတဲ့ အခြေအနေတွေကို လျှော့ချလာနိုင်လိမ့်မယ်လို့ ကျနော်တို့က ယုံကြည်တာပေါ့။ အခုကတော့ တိုက်မှရမယ်ဆိုတဲ့ အတွေးအခေါ်က တော်တော်များများမှာ လွှမ်းမိုးလာတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေးကဏ္ဍပေါ့၊ အကြမ်းမဖက်နိုင်ငံရေး အခန်းကဏ္ဍကို အားကောင်းအောင် ပြန်မလုပ်နိုင်ဘူးဆိုရင်တော့ နိုင်ငံရေး အယုံအကြည်မရှိဘူး။ စစ်ရေးအရ တိုက်မှ ရမယ်ဆိုတဲ့ ဟာကလည်း လွှမ်းမိုးနေမှာပဲလို့ မြင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) ၏ ၁၀၂၇ စစ်ဆင်ရေးအပြီး MNDAA နှင့် TNLA တို့မှာ မိမိတို့ တိုက်ခိုက်သိမ်းယူထားသည့် မြို့များကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများ စတင် လုပ်ဆောင်နေပြီဖြစ်သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြန်မာ့ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာလည်းကောင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တချို့မှာ နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေ ကြောင်း၊ EAO များ၏ ထိန်းချုပ်နယ်မြေ ပိုမိုများပြားလာမည့် အနေအထားတွင်ရှိနေကြောင်း ကချင်နိုင်ငံရေး သမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

TNLA ကို တွေ့ရစဉ်
၎င်းက “အခုက ထိန်းချုပ်နယ်မြေဆိုတာလည်း လက်ရှိမှာကြတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီလောက် မရှိဘူးပေါ့။ ဒီလောက် မရှိဘူးဆိုပေမယ့် သူ့ဟာနဲ့ သူတော့ ရှိနေတယ်၊ အခုလက်ရှိ လက်နက်ကိုင် တော်လှန်နေ တဲ့ လက်နက်ကိုင် အဖွဲ့အစည်းပေါ့။ မရှိဘူးဆိုတာတောင်မှ သူ့ဟာနဲ့သူရှိနေတယ်။ ဒါပေမဲ့ နေ့စဉ်နေ့တိုင်းက တိုးတိုးပြီးမှ ဖြစ်လာတော့ သူတို့က သူတို့ရဲ့ ထိန်းချုပ်နယ်မြေက ပိုကြီးလာမယ့် သဘောမျိုးတော့ ကျနော်က ဒီလိုမျိုးပဲ မြင်ပါတယ်။ ဒါကြောင့်လည်းပဲ ထိန်းချုပ်နယ်မြေဆိုတာကတော့ အခု ကိုးကန့်တို့၊ MNDAA တို့ လုပ်တဲ့ ဟာတွေက သူ့ဟာနဲ့သူတော့ ရှိပါလိမ့်မယ်၊ ဒါပေမဲ့ လက်ရှိလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း သူ့ဟာနဲ့သူ တစ်စတစ်စနဲ့ လုပ်လာတဲ့ အပိုင်းမျိုးတွေ ဖြစ်တယ်၊ ဒါကို ဘယ်လိုမျိုး စကစ-က ဘယ်လိုမျိုး လုပ်နေသလဲတော့ ကျနော်လည်း ထဲထဲဝင်ဝင်တော့ မခန့်မှန်းတတ်အောင် ဖြစ်နေတယ်” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်မှ မြို့အချို့အား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက သိမ်းယူနိုင်ခဲ့သည်။
လက်ရှိတွင်လည်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့၊ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့အကြား ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ကရင်ပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြစ်ပြီး မြန်မာ့တပ်မတော် အားနည်းလာခြင်းနှင့်အတူ တိုင်းရင်းသားလက်နက် ကိုင်များသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တောင်းဆိုမှုကနေ ကွန်ဖက်ဒရေးရှင်း (ကွန်ဖက်ဒရိတ်)အဆင့် ရရှိရေး စဉ်းစားချက် ပြောင်းလဲကာ တိုက်ခိုက်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1264
CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၁
မြန်မာနိုင်ငံ၏ အကြီးဆုံးပြဿနာမှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အရပ်သားအစိုးရ NLD ကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။
ထို့နောက် NLD ခေါင်းဆောင်အချို့နှင့် ဒီမိုကရေစီအင်အားစုများ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြပြီး နောက်ပိုင်း တိုင်းပြည်မှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေကြရသည်။

တိုင်းရင်းသားလူမျိုးများကိုတွေ့ရစဉ်
လက်ရှိ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ အာဏာလွန်ဆွဲမှုအရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးကိစ္စ မည့်သည့်အရေးကို ဦးစားပေး ဖြေရှင်း မလဲဆိုသည်ကို ဖြေရှင်းမည့်ပုဂ္ဂိုလ်များက သုံးသပ်ရမှာဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
၎င်းက “NUG ကြောင့်ဖြစ်တဲ့ လက်ရှိပြဿနာကို ဖြေရှင်းလိုက်ရုံနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး နှစ်ပေါင်း ၇၀ ကျော်ကြာ အဖွဲ့အစည်းများသည့် NUG ရဲ့ နောက်လိုက် ဖြစ်သွားနိုင်သလား။ NUG ကြောင့် ဖြစ်လာ မယ့် အခင်းအကျင်းမှာ ပါလာနိုင်ကြအောင် လက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ သမိုင်းသည် သေးငယ်သွားသလားဆိုတာကို ကိုယ့်ဟာကိုယ်ချိန်ဆ မေးခွန်းထုတ်ရမှာပေါ့၊ ကျနော်မြင်တာက လက်နက်ကိုင် ပဋိပက္ခ လက်ရှိမြန်မာနိုင်ငံရဲ့ အကြီးဆုံး ပြဿနာသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးဗျ၊ သူတို့ရဲ့ အင်အား မျိုးဆက်အလိုက်ချီလာတဲ့ အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးသမိုင်းဗျ၊ အင်မတန်ကြီးမားတယ်၊ ဒါကို မေ့ပျောက်ပြီးမှ ဒီတော်လှန်ရေးသမိုင်းကို ပယ်ဖျောက်လို့ မရဘူး။ identity ကို ပယ်ဖျက်လို့ကို မရဘူး။ ဥပမာ ရခိုင်ဆိုတာမျိုးကို ဓညဝတီဆိုတာလောက်နဲ့ အစားထိုးလို့ မရဘူး။ မွန်လူမျိုးဆိုတာကို ရာမညတိုင်းနဲ့ အစားထိုးလို့ မရဘူး။ နောက်ကျကုန်ပြီ။ ရှမ်းဆိုတာမျိုးကို ကမ္ဘောဇတိုင်းနဲ့ အစားထိုးလို့ မရဘူး။ အခု NUG ဆိုတာ ၃ နှစ်သားလေးပဲ ရှိသေးတယ်၊ သူတို့ရဲ့ သွားနိုင်တဲ့ အတိုင်းအတာပေါ့။ ပြည်ပက ပေးတဲ့ အထောက်အပံ့ ခင်ဗျားပြန်ကြည့် ဘယ်လိုမှ မယှဉ်နိုင်ဘူးဗျ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးသမိုင်းနဲ့ ဒါတွေကို သဘောပေါက်ဖို့ ပထမလိုတာပေါ့၊ ဖြေရှင်းမယ့် ပုဂ္ဂိုလ်တွေကို ပြောတာပါ။ ဘာကိုအဓိက ဖြေရှင်းရမလဲ၊ ဘာကို ဒုတိယဖြေရှင်းရမလဲ၊ သို့မဟုတ် နှစ်ခုစလုံးနဲ့ အကျုံးဝင်တဲ့ဟာကို ဘယ်လို သွားရမလဲ၊ ဒါကတော့ ဖြေရှင်းရမယ့် ပုဂ္ဂိုလ်များ သုံးသပ်ရမယ့် အပိုင်းပါ” ဟု ပြောသည်။
လက်ရှိ လက်နက်ကိုင်ပဋိက္ခဖြစ်နေသော မြန်မာ့တပ်တော်နှင့် NUG၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ အရေး ဖြေရှင်းလိုက်ရုံမျှ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးမှာ ပြေလည်နိုင်မှာ မဟုတ်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။

PDF ရဲဘော်များကိုတွေ့ရစဉ်
နောင်မှာ တည်ဆောက်မည့် ပြည်ထောင်စုတွင် တိုင်းရင်းသားအရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး စသည်တို့ကို အခြေခံ၍ တည်ဆောက်ရမှာဖြစ်ကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) မှ အတွင်းရေးမှူး - ၂ ခွန်ဝေထူးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီအရေးနှစ်ခုက ဘယ်ဟာကို ဦးစားပေးရမယ်ဆိုတာထက် ဒီအရေးနှစ်ခုလုံးဟာ ကျနော်တို့ အရေးကြီးတဲ့ အခွင့်အရေးတွေဖြစ်တယ်။ ပြီးတော့လည်းပဲ အနာဂတ်မှာ တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု မှာလည်းပဲ ဒီအရေးနှစ်ခုကို အခြေခံပြီးတော့ပဲ ကျနော်တို့ နိုင်ငံသစ်ကို တည်ဆောက်သွားရမှာ ဖြစ်တယ်။ နိုင်ငံ အတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဒီအရေးနှစ်ခုကို အခြေခံပြီးတော့ပဲ ရေးဆွဲပြဋ္ဌာန်းရမှာဖြစ်လို့ ကျနော်အဲဒီလို သုံးသပ်မြင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း တိုင်းရင်းသားအခွင့်အရေး၊ တန်းတူရေး၊ ကိုယ့် ကံကြမ္မာ ကိုယ်ဖန်တီးရေး စသည့် အရေးကိစ္စများကြောင့် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ပြီဖြစ်သော်လည်း ယနေ့အချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
