
- By CNI
- Category: နိုင်ငံရေး
- Hits: 1363
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၆
နေပြည်တော်ကောင်စီနယ်မြေ အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီးနောက် နေပြည်တော်မှာ လုံခြုံရေး စိုးရိမ်နေရပြီလားဆိုပြီး စစ်ရေးနှင့်နိုင်ငံရေး လေ့လာသူများက သုံးသပ် ဆွေးနွေးမှုများ ရှိနေသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တစ်ဝိုက် ကျေးရွာများအပြင် ဘိုမသံတောင် တပ်မတော်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့မှ တိုက်ခိုက်ခဲ့ကြောင်း သတင်းများ ထွက်လာခဲ့သည်။
နေပြည်တော်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ခြေ နည်းပါးကြောင်း၊ သို့သော်လည်း အပြင်းထန်ဆုံး တိုက်ပွဲများ မှာ ရန်ကုန်မြို့တွင် ဖြစ်လာနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသိန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီလို အနေအထားတော့ မရောက်သေးပါဘူး။ ဒါပေမဲ့ လူတွေ ထင်နေကြသလို နေပြည်တော်ဟာ စစ်ကောင်စီရဲ့ အရာရှိကြီးတွေ နေထိုင်တဲ့ နေရာဖြစ်တဲ့အတွက် တိုက်ပွဲ အပြင်းအထန် တော်တော်လေးကို ဆိုးဆိုး ဝါးဝါး ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်နေကြတာပေါ့ဗျာ၊ ဒါပေမဲ့ ကျနော်တို့ တွေ့ရတဲ့ နိုင်ငံ တကာ အတွေ့အကြုံတွေအရတော့ နေပြည်တော်လို အချက်အချာကြတဲ့ စစ်အာဏာရှင်တွေနေတဲ့ နေရာတွေ ဟာ နောက်ဆုံးတိုက်ပွဲ ဖြစ်လေ့မရှိပါဘူး” ဟု ပြောသည်။
ရန်ကုန်-နေပြည်တော်သွားလမ်းကိုတွေ့ရစဉ်
NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တောင်ပိုင်းတိုင်း စစ်ဒေသခွဲက “လမ်းများအားလုံး နေပြည်တော်သို့” စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ လမ်းများ သွားလာခွင့် ကန့်သတ်ကြောင်း ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။
နေပြည်တော်နှင့် အနီးတစ်ဝိုက် မိမိတို့ စစ်ဒေသခွဲများ တည်ဆောက်မှုမှာ ပြီးစီးသွားပြီဖြစ်ကြောင်း၊ နစက အခြေ စိုက်ရာ နေပြည်တော်တွင်လည်း မလုံခြုံမှုများ ရှိနေပြီဖြစ်ကြောင်း နေပြည်တော် PDF မှ တပ်ရင်းမှူး ရဲဘော် ရာကျော်က နွေဦးအသံသတင်းဌာနသို့ ပြောကြားထားသည်။
နေပြည်တော်လုံခြုံရေးဆောင်ရွက်နေသူများကိုတွေ့ရစဉ် (ဖရွန်တီးယား)
၎င်းက “နေပြည်တော်ရဲ့ အနောက်ဘက်ခြမ်းမှာဆိုရင် တောင်တွင်းမြို့သစ်၊ နတ်မောက်ပေါ့နော်၊ ကျနော်တို့တွေ မြောက်ဖက်ခြမ်းမှာဆိုရင် မိတ္ထီလာ၊ ပျော်ဘွယ်၊ ပြီးလို့ရှိရင် အရှေ့ဖက်မှာဆိုလို့ရှိရင် တပ်ကုန်း၊ ရမည်းသင်းပေါ့ နော်၊ အဲဒီလိုပဲ ကျနော်တို့ နေပြည်တော်ရဲ့ အနီးတစ်ဝိုက် နေပြည်တော်နဲ့ထိစပ် အနီးတစ်ဝိုက်က ဧရိယာတွေကို စုဖွဲ့ပြီးတော့ ကျနော်တို့က နေပြည်တော် စစ်ဒေသခွဲဆိုပြီးတော့ စစ်ဒေသခွဲတစ်ခု ဖြစ်လာအောင် လက်ရှိအချိန်ထိ ကျနော်တို့တွေ ရပ်တည်လာနိုင်အောင်ပေါ့နော် ကြိုးစားဆောင်ရွက်ခဲ့ကြရတယ်” ဟု ပြောသည်။
လက်ရှိ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသော အဖွဲ့အစည်းများမှာ ဝါဒဖြန့်ချီရေးကို ပိုမို လုပ်ဆောင်နေကြ ကြောင်း၊ အဆုံးအဖြတ်တိုက်ပွဲများ မဖြစ်လာနိုင်သေးကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော် အဲဒီကိစ္စတော့ မဝေဖန်ချင်ဘူးဗျ၊ ကျနော်က တောတွင်းစစ်ရေးမှာ နှစ် ၄၀ လောက် ကျနော် တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဖူးပါတယ်။ တပ်ပေါင်းစုနဲ့လည်း တိုက်ပွဲဝင်ဖူးတယ်၊ တစ်ဖွဲ့ချင်းနဲလည်း တိုက်ပွဲ ဝင်ဖူးတယ်၊ မြောက်ပိုင်းတပ်ပေါင်းစု၊ တောင်ပိုင်းတပ်ပေါင်းစု အလယ်တပ်ပေါင်းစု အမျိုးမျိုး ကျနော်တို့ ကြိုးစား ကြည့်ပါတယ်။ ကြိုးစားခဲ့ဖူးပါတယ်။ အခုပြင်ဆင်မှုတွေကတော့ ကျနော် အပေါ်ယံကြည့်ရင်တော့ ဂျိမ်းစဘွန်းလို လို၊ ရမ်ဘိုလိုလို ပုံစံတွေများပါတယ်၊ တကယ်စစ်ဆင်ရေးနဲ့ မတူပါဘူး။ နောက်ပြီးတော့ ဝါဒဖြန့်ချီရေးကို ပိုသုံးကြ တာ တွေ့ရပါတယ်။ တကယ့်လက်တွေ့ အကွက်ချတာထက်စာရင် ဝါဒဖြန့်ချီဖို့ ကြိုးစားတာကို တွေ့ရတယ်၊ တွေ့ ရတော့ အဆုံးအဖြတ်တော့ မဖြစ်နိုင်သေးပါဘူး။ တော်တော်လေး လိုပါသေးတယ်လို့ ထင်ပါတယ်ဗျ” ဟု ပြော သည်။
လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ ၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော် တို့အကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 822
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၅
ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏ အကြီးအကဲ Under Secretary General Mr. Martin Griffiths နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံကြသည်။
အဆိုပါ တွေ့ဆုံမှုကို ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၅ ရက်နေ့က နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမမှာ ဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေ များ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူခဲ့မှုအခြေအနေများကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။
၀၂၃ ခုနှစ်၊ သြဂုတ် ၁၅ ရက် UNOCHA အကြီးအကဲနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
အလားတူ နစကအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာ ဆက်လက် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး ဆောင်ရွက်နေမှုနှင့် တိုင်းရင်းသား ဒေသ များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများကိုလည်း ၎င်းက ရှင်းပြခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။
ထို့နောက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးဆိုင်ရာ ကိစ္စရပ်များ ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို နှစ်ဖက် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1456
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၅
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပျက်ပြယ်စရာ အကြောင်းမရှိဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
NCA စာချုပ်ပါ အချက်အလက်များကို မလိုက်နာသည့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း၊ NCA အရ တည် ဆောက်ထားသည့် ဆက်ဆံရေးရုံးများမှာလည်း လည်ပတ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဘာမှ အထူးပြောဖို့ မလိုပါဘူး။ တစ်ဦးတစ်ယောက်ပြောလို့ NCA ပျက်မယ့်သဘော မဟုတ်ပါဘူး။ ဒီ NCA ပျက်ပြယ်ပြီပြောတာက စစ်ကောင်စီဥက္ကဋ္ဌက NCA ကို မလိုက်နာတဲ့ အဖွဲ့တွေရှိတယ်လို့ ပြောတာကို တုံ့ပြန်တဲ့အနေနဲ့ ပြောတာ ဖြစ်ပါတယ်။ စကားရည်လုပွဲလိုပေါ့ဗျာ၊ သူနိုင်ကိုယ်နိုင် ပြောတော့ NCA ပျက်ပြယ်ပြီပြောမှ လိုက်နာဖို့ မလိုဘူးပြောတာ ဆွဲသွားတာပေါ့။ လက်တွေ့မှာတော့ ပျက်ပြယ်ဖို့ အကြောင်းမရှိပါ ဘူးဗျာ။ ဘာကြောင့်လဲဆိုတော့ ပျက်ပြယ်ပြီ၊ NCA မှာ မပါတော့ဘူးဆိုရင် ကျနော်တို့ ဘားအံတို့၊ မြဝတီတို့၊ ထားဝယ်တို့မှာထားတဲ့ Liaison Office လို့ ခေါ်တာပေါ့ ဆက်ဆံရေးရုံးတွေက ရုပ်သိမ်းရမှာ အခုက အားလုံး အလုပ်လုပ်နေကြတာပဲ။ အဲဒါဆိုတော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘာခေါ်လဲ နည်းပရိယာယ်အရ နိုင်ငံရေး Debate မှာ စကားရည်လုပွဲမှာ နည်းနည်းပါးပါး ထူးထူးပြောလိုက်တဲ့ သဘောပါ၊ လက်တွေ့မှာတော့ ပျက်စရာ အကြောင်းမရှိပါဘူး” ဟု ပြောသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့ NCA လက်မှတ်ထိုးခဲ့သော PNLO-RCSS-KNU- KNU/KNLA-PC ခေါင်းဆောင်များကိုတွေ့ရစဉ်
ဩဂုတ် ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ၁၇ ကြိမ်မြောက် ကွန်ကရက်အပြီး ရက် ၁၀၀ ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက NCA ပျက်ပြယ်သွားပြီဟု ပြောကြားခဲ့သည်။
NCA စာချုပ်ကို KNU၊ PNLO၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ KNU/KNLA- ငြိမ်းချမ်းရေးကောင်စီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ လက်မှတ်ထိုးထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) တွင် KNU၊ RCSS၊ CNF၊ ABSDF၊ NMSP တို့သည် အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ကြောင်း စာတင်ခဲ့ကြသလို အပြည့်အဝ ပူးပေါင်း ပါဝင်မှုအဆင့်ကိုလည်း လျှော့ချ ထားသည်။
NCA စာချုပ်အရ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်လျက်ရှိနေကြောင်း သို့သော်လည်း နိုင်ငံရေးအပိုင်းတွင် လုပ်ဆောင်နိုင်ခြင်း မရှိတော့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA စာချုပ် လက်မှတ်ထိုးခြင်း အခမ်းအနားကျင်းပနေစဉ်
၎င်းက “NCA မှာက အခန်း ၇ ခန်းပါတယ်၊ နိဒါန်းအပါပေါ့ဗျာ၊ ပြဋ္ဌာန်းချက်ပေါင်းအားလုံး ၃၃ ချက်ရှိတယ်ဗျ၊ အဲဒီပြဋ္ဌာန်းချက် တချို့ကို ဥပမာ KNU ခေါင်းဆောင် ပြောသလိုပေါ့ အခြေခံမူတချို့ကို ဖောက်တဲ့ အဖွဲ့အစည်း တွေ ရှိပါတယ်၊ တပ်မတော် ဖောက်တယ်ဆိုတာလည်း တချို့ရှိပါတယ်။ NCA ထိုးပြီးတော့ ပြန်ဖောက်တဲ့ အဖွဲ့ တွေလည်း ရှိပါတယ်။ သို့သော် တချို့ လောလောဆယ်ဆယ်မှာ Engagement (ထိတွေ့ဆက်ဆံမှု) လုပ်လို့ရနေ တဲ့ ပြဋ္ဌာန်းချက်တွေလည်း ရှိပါတယ်။ ဥပမာ အရပ်သားများကို အကာအကွယ် ပေးရမယ်ဆိုတာတို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်လို့ရတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်၊ အဲဒီပြဋ္ဌာန်းချက်တွေကတော့ NCA ကို လိုက်နာမယ်ဆိုရင် အဲဒီပြဋ္ဌာန်းချက်နဲ့ အလုပ်လုပ်လို့ ရနေပါ သေးတယ်၊ ကျနော်တို့ NCA ထိုးထားတဲ့ ၁၀ ဖွဲ့ ၃ ဖွဲ့ကတော့ လက်နက်ကိုင်တိုက်တယ်၊ ကျန်တဲ့ ၇ ဖွဲ့ကတော့ NCA အတိုင်းပဲ ပစ်ခတ်ရပ်စဲရေးကို ထိန်းသိမ်းပြီးတော့ NCA က ပြဋ္ဌာန်းချက်အရပေါ့ဗျာ၊ လူသားချင်းဆိုင်ရာ အကူအညီတွေကို ကျနော်တို့ နယ်မြေထဲမှာ ရှိတဲ့ လူတွေကို ရှာဖွေပေးပြီးတော့ နိုင်ငံတကာနဲ့ လုပ်နေတာလည်း ရှိပါတယ်။ ဒါကြောင့် လုပ်လို့ရတဲ့ အပိုင်းလည်း ရှိပါတယ်။ သို့သော် နိုင်ငံရေးအပိုင်းမှာတော့ နည်းနည်းခက်တယ်၊ လက်တွေ့ ပြည်သူလူထုကို အကူအညီပေးတဲ့ အပိုင်းမှာတော့ လုပ်လို့ရတာလေးတွေ ရှိပါတယ်။ အဲဒီ လုပ်လို့ရ တာကိုလည်း ကျနော်တို့ တနိုင်တစ်ပိုင် လုပ်နေကြတာလည်း ရှိပါတယ်။ ဒါကြောင့် ပျက်ပြယ်သွားတယ်ဆိုတာ တော့ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။
လက်ရှိတွင်လည်း အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် KNU၊ CNF၊ ABSDF တို့သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

- By cni
- Category: နိုင်ငံရေး
- Hits: 1077
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၄
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့မှ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်မည်ဟု ကြေညာမှုကို မိမိတို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ လက်ခံကြောင်း ABSDF ၏ ပြောရေးဆိုခွင့် ရှိသူ ရဲဘော်အေးလွင်က CNI သတင်းဌာနသို့ ပြောသည်။
နောင်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မည်ဆိုပါက ၎င်းပြည်ထောင်စုနှင့် ကိုက်ညီမည့် တပ်မတော်တစ်ခုအား တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
NUG နဲ့ NUCC အစည်းအဝေးကိုတွေ့ရစဉ်
ရဲဘော်အေးလွင်က “ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် အဲဒီ ပြည်ထောင် စုနဲ့ လိုက်လျောညီထွေမယ့် ဖက်ဒရယ်တပ်မတော်ဆိုတာတော့ ရှိရမှာပေါ့၊ အဲဒါကို ကျနော်တို့ ABSDF က လက်ခံ ထားပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ ရှိနေတဲ့ လက်နက်ကိုင်တွေထဲ အခြေအနေတွေ အားလုံးကို ကျနော်တို့က တိုင်းပြည်ရဲ့ လုံခြုံရေး ရှု့ထောင့်ကနေ ကျနော်တို့ ကြည့်ပြီးတော့ တိုင်းပြည်ရဲ့ လုံခြုံရေးကို ဘယ်လို လုံခြုံရေး ကဏ္ဍကို ဘယ်လို ကျနော်တို့ ပြန်လည်ပြီး တည်ဆောက်သွားမလဲဆိုတာကိုတော့ ကျနော်တို့ စဉ်းစားမှာပါ၊ အဲဒီ စဉ်းစားတဲ့ အချိန်ကြရင်တော့ Local PDF တွေလား၊ တခြား PDF တွေလား တိုင်းရင်းသးလက်နက်ကိုင် အဖွဲ့အစည်းတွေလား အဲဒါတွေရဲ့ ပါဝင်မှုတွေက ရှိရမှာပေါ့နော်၊ အချုပ်ပြောချင်တာက တိုင်းပြည်ရဲ့ ပြန်လည် ပြုပြင်ပြောင်းလဲမှု၊ တိုင်းပြည်ရဲ့ ပြန်လည်တည်ဆောက်မှု လုပ်တဲ့နေရာမှာ အကြီးဆုံးအခန်းကဏ္ဍ တစ်ခုဖြစ်တဲ့ ကျနော်တို့ သေသေချာချာ လုပ်ဖို့တော့လိုတာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့က အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် အရပ်သားပြည်သူ့အစိုးရ၏ စီမံခန့်ခွဲမှုကို ချွင်းချက်မရှိ လိုက်နာ၍ ပြည်ပရန် ကာကွယ်ရေးတာဝန်ကိုသာ ထမ်းရွက်သော တိုင်းရင်းသားလူမျိုး ပေါင်းစုံ ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်သွားမည်ဟု NUCC နှင့် NUG တို့က ထုတ် ပြန် ကြေညာခဲ့သည်။
ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တစ်ရပ်ကို ထူထောင်ကာ လက်ရှိ နစကကို ဖြုတ်ချမည့် လှုပ်ရှားမှု မကြာခင် ရောက်လာတော့မှာ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ABSDF တပ်ဖွဲ့ကိုတွေ့ရစဉ်
၎င်းက “တိုင်းပြည်တစ်ပြည်မှာ စစ်တပ်မရှိလို့ မဖြစ်ပါဘူး။ အဲဒီစစ်တပ်ကလည်း ကိုယ်ထူထောင်ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအစိုးရကို နာခံတဲ့ အစိုးရဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့်မို့ အခုဖက်ဒရယ် ပြည်ထောင်စု ကြီး ထူထောင်ဖို့အတွက် လက်တစ်ကမ်းအလိုမှာ ဖက်ဒရယ်တပ်မတော်ကို ထူထောင်လိုက်တာလို့ ကျနော်တို့ ယူဆပါတယ်။ ခုချိန်မှာ ဖက်ဒရယ်တပ်မတော် ထူထောင်ရေးအတွက် အချက်အလက်တွေကလည်း ရင်းမှည့်နေပါ ပြီ။ အခု NUG အောက်မှာ တပ်ရင်းပေါင်း ၃၀၀ ကျော်၊ ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ ၂၅၀ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံနဲ့ လှုပ်ရှားနေမှုထဲမှာ ပါဝင်နေပြီဖြစ်တဲ့အတွက် အဲဒီအင်အားစုတွေ စုစည်းပြီး တော့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တစ်ရပ် ထူထောင်ပြီးတော့ စစ်ကောင်စီတပ်ကို အပြီးသတ် မြေမြှပ် သင်္ဂြိုလ်ပစ်မယ့် လှုပ်ရှားမှုဟာ မကြာခင်လာတော့မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာပြည်တွင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံ တည်ရှိနေသလို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်း မှ နိုင်ငံရေးအခင်းအကျင်းအရ ပေါ်ပေါက်လာသော လက်နက်ကိုင်အဖွဲ့အစည်း ရာနှင့်ချီ ရှိနေသောကြောင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်ရန် ခက်ခဲနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှု များလည်း ရှိနေသည်။
လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ ၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော် တို့အကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

- By cni
- Category: နိုင်ငံရေး
- Hits: 1061
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၂
ပါတီမှတ်ပုံတင် မကျသေးသော နိုင်ငံရေးပါတီများ အနေဖြင့် ပါတီစည်းရုံးရေးများ လုပ်ဆောင်၍မရဘဲ ဖြစ်နေ ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
မိမိတို့၏ ပါတီဝင်များနှင့် တွေ့ဆုံခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က တားမြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို သွားမည်ဆိုပါက နိုင်ငံရေးပါတီများ အားကောင်းလာစေရန် ပံ့ပိုးကူညီရမှာဖြစ်ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့ ကိုယ်တိုင်က ဒါက သံသယ ဖြစ်လာတာက ပါတီစုံဒီမိုကရေစီကို သွားမယ်ဆိုရင် ပါတီတွေရဲ့ လှုပ်ရှားခွင့် နောက်ဆုံးပြောရရင် ပါတီတွေ အားကောင်းသန်မာအောင်တောင်မှ သူတို့က ပံ့ပိုးကူညီဖို့ လိုတာပေါ့၊ အနည်းဆုံးတော့ ဘာမှ အနှောင့်အယှက်မပေးရင်တော့ ကျနော်တို့က လွတ်လွတ်လပ်လပ် ကျနော်တို့ ပြည်သူ တွေကြားထဲမှာ ပြောလို့၊ ဆိုလို့၊ လုပ်လို့ရတာပေါ့၊ အခုကြတော့ ကျနော်ဆိုရင် တည်ဆဲတရားဝင် ပါတီတစ်ခုရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေ လုပ်ဖို့ကိုတောင်မှ မလုပ်ဖို့အတွက် တားမြစ်တာ ခံရတယ်၊ ဥပမာအားဖြင့် ကျနော်တိုက်ကြီး မှာ ပါတီဝင်တွေ့ဆုံပွဲ လုပ်ဖို့အတွက် တင်ပြတဲ့အခါမှာ မှတ်ပုံတင်စိစစ်ဆဲ ဖြစ်တဲ့အတွက်ကြောင့် ဆိုပြီးတော့ တားမြစ်ကြောင်း အကြောင်းပြန်တယ်၊ အဲဒါကတော့ ကျနော်တို့က မြို့နယ်က မင်္ဂလာဆောင်ခန်းမ တစ်ခုမှာ ကျနော်တို့ လုပ်ဖို့ ခွင့်ပြုချက်တင်တာပေါ့၊ နောက်တစ်ခုကတော့ ကျနော်တို့ အရင့်အရင် ကော်မရှင်ရဲ့ ညွန်ကြား ချက်တွေထဲမှာ ကိုယ့်ပါတီ ရုံးခန်းမှာ လုပ်လို့ရှိရင် အသိပေးအကြောင်းကြားရုံပဲ ခွင့်ပြုချက်တောင်းစရာ မလိုဘူး။ အဲဒီတော့ ကျနော်တို့က နေပြည်တော် ပြည်သူ့ပါတီရုံးမှာ ပါတီဝင်တွေ့ဆုံပွဲ လုပ်မယ်ဆိုတဲ့အကြောင်းကို အသိ ပေး အကြောင်းကြားစာ ပို့လိုက်တာ အဲဒါကိုလည်း တားမြစ်မိန့်ကျတယ်” ဟု ပြောသည်။
UEC က နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ခြင်းအား ပြန်လည် လုပ်ဆောင် ခိုင်းခဲ့သည်။
ပါတီစုံနိုင်ငံရေးစနစ်ဖြင့် သွားမည်ဆိုပါက နိုင်ငံရေးပါတီများ အားကောင်းလာရေး လုပ်ဆောင်ရန် အာဏာပိုင်များ တွင် တာဝန်ရှိကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးပါတီစာရင်းနဲ့ UEC တံဆိပ်တုံးကိုတွေ့ရစဉ်
၎င်းက “အမှန်က ပါတီစုံနိုင်ငံရေးကို ရှေ့ဆက်သွားမယ်ဆိုရင် နိုင်ငံရေးပါတီတွေကို အားကောင်းအောင် လုပ်ပေးဖို့ တာဝန်ရှိတယ်၊ နိုင်ငံရေးပါတီတွေ အားကောင်းလာမှ နိုင်ငံရေးလုပ်ငန်းစဉ်အပေါ်မှာ ပြည်သူတွေ ယုံကြည်မှု ရှိလာ မယ်၊ အားကိုးမှု ရှိလာမယ်၊ အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို သုံးသပ်မယ်ဆိုရင် နိုင်ငံရေး ပါတီတွေကို အားရှိအောင် မဟုတ်ဘဲနဲ့ ကန့်သတ်မှုတွေ ပိုများလာတယ်၊ ပိုများလာမယ့် သဘောမျိုးရှိတယ်လို့ ကျနော် အဲဒီလိုမြင်တယ်၊ အဲဒါကြောင့် နိုင်ငံရေးပါတီတွေကလည်း အားကောင်းမောင်သန် နိုင်ငံရေးပါတီတွေ ဖြစ်ဖို့အတွက် တော်တော်အခက်အခဲ အကျပ်အတည်းကို ရင်ဆိုင်နေရပြီလို့ ကျနော်တော့ အဲဒီလို သုံးသပ်တယ်” ဟု ပြောသည်။
လက်ရှိတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီ မှတ်ပုံတင်ထားသည့်တိုင် ပါတီ ၇ ခုကိုသာ မှတ်ပုံတင်ချ ပေးထားနိုင်ပြီး ကျန် ၅ ပါတီကို ဥပဒေနှင့်အညီ စိစစ်နေဆဲဟု UEC က CNI သတင်းဌာနသို့ ပြော သည်။
ဦးကိုကိုကြီးက “အဲဒီတော့ ကျနော်တို့ကိုယ်တိုင်က လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ ဘယ်လို သဘောထားပေါ့နော်၊ ဘယ်လို မူတွေနဲ့ ဆောင်ရွက်နေတာလဲဆိုတာက ကျနော်တို့ ပါတီတွေ ကြားထဲမှာလည်း တော်တော် မေးခွန်းထုတ်ဖြစ်တယ်၊ ပြောဖြစ်ဆိုဖြစ်တယ်ပေါ့ဗျာ၊ တကယ်က တည်ဆဲတရားဝင် ပါတီတွေကို လက်ရှိ ပါတီလုပ်ငန်းတွေအားလုံး ရပ်တန့်ထားရမယ်၊ ဆိုင်းငံ့ထားရမယ်ဆိုတဲ့ တရားဝင်ဥပဒေ၊ နည်းဥပဒေလည်း ကျနော်တို့ မတွေ့ရဘူး။ အဲဒီလို မတွေ့ရဘဲနဲ့ အခုကျနော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေကတော့ အဲဒီလိုမျိုးပေါ့ နော်၊ ကျနော်တို့ ရင်ဆိုင်နေရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ပြည်သူ့ပါတီ(PP)သည် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသော်လည်း မှတ်ပုံတင် ချပေးခြင်း မရှိသေးကြောင်း သိရသည်။
အလားတူ ရခိုင်အမျိုးသားပါတီ(ANP)၊ မွန်ညီညွတ်ရေးပါတီ (MUP)ပါတီတို့သည် ပြည်နယ်အဆင့် မှတ်ပုံတင်ထားသော်လည်း ယနေ့အချိန်ထိ မှတ်ပုံတင် မချပေးကြောင်း သိရသည်။
- By Cni
- Category: နိုင်ငံရေး
- Hits: 988
CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၁
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့် ပတ်သက်ပြီး ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဩဂုတ် ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ၁၇ ကြိမ်မြောက် ကွန်ကရက်အပြီး ရက် ၁၀၀ ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် KNU မှ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက NCA ပျက်ပြယ်သွားပြီဟု ပြောကြားခဲ့သည်။
NCA ပျက်ပြယ်ပြီဟု ပြောဆိုချက်နှင့် ပတ်သက်၍ မိမိတို့ တိုင်ပင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍ သဘောထား မပေးလိုသေးကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
၎င်းက “အဲဒီဟာ ဒီနေ့(ဩဂုတ် ၁၁ ရက်) ကျနော်တို့ တိုင်ပင်တာ အဲဒါကို၊ ကျနော်အခုတော့ သဘောထား မပေးသေးဘူး။ သဘောထား မပေးသေးဘူး။ ကျနော်တို့ အဲဒီကိစ္စတိုင်ပင်နေတော့ ဘယ်လို ရေးရမလဲဆိုတော့ စာပြုစုနေတယ်၊ ပြီးရင် ကျနော် ခင်ဗျားကို ပို့ပေးမယ်။ ကျနော်တို့ အဲဒီကိစ္စ နည်းနည်း အလေးအနက် ထားပြီး တော့ ပြင်ဆင်နေတယ်၊ ဒါမျိုးက ဟိုအရင်က စောတောနီးလည်း ပြောဖူးတယ်ဗျ၊ စောတောနီးလည်း ပြောဖူး တယ်၊ အဲဒီတုန်းက ကျနော်တို့ တုံပြန်ပြီးပြီ။ စောတောနီးကို ကျနော်တို့ ရှင်းပြပြီးပြီ။ ဒါပေမဲ့ စောတောနီးက အလုပ် မလုပ်တော့ဘူးဆိုတော့ အခုဦးဆောင်တဲ့ အတွင်းရေးမှူးကိုယ်တိုင်က ထုတ်ပြောလာတော့ ပေါ်လစီ အလွဲအမှား ဖြစ်သွားနိုင်တယ်လေ၊ အဲဒါကြောင့် ကျနော်တို့လည်း စနစ်တကျ ပြင်ဆင်နေတယ်၊ ချက်ချင်းတော့ ဝေဖန်ချက် မပေးသေးပါဘူး” ဟု ပြောသည်။
NCA စာချုပ် လက်မှတ်ထိုး အခမ်းအနားကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) တွင် KNU၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့သည် အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ကြောင်း စာတင်ခဲ့ကြသလို အပြည့် အဝ ပူးပေါင်း ပါဝင်မှုအဆင့်ကိုလည်း လျှော့ချထားသည်။
မြန်မာ့တပ်မတော်မှ အာဏာရယူလိုက်ခြင်းကြောင့် NCA မှာ ပျက်ပြယ်သွားပြီဟု KNU မှ အထွေထွေအတွင်းရေး မှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။
၎င်းက “ခေတ်အဆက်ဆက်မှာ နိုင်ငံတည်ဆောက်ခြင်းကို အပေါ်ကနေ top down ချုပ်ကိုင်ချယ်လှယ်ပြီး ဆောင် ရွက်လာခဲ့တဲ့ အလုပ်မဖြစ်တဲ့ သာဓကတွေအောက်ကနေ ကျနော်တို့ အားလုံး ဖောက်ထွက်ပြီးတော့ ကျနော်တို့ အားလုံး ဘဝနဲ့ ရင်းပြီးတော့ အတွေ့အကြုံတွေ ရယူခဲ့ကြပြီး ဖြစ်တယ်ဆိုတာကိုလည်း ပြောကြားရင်း ဒီနေ့ ကျနော်တို့ အောက်ခြေကနေပြီးတော့ အုတ်မြစ်ခိုင်ခိုင် တည်ဆောက်ဖို့ အရေးကြီးတယ်ဆိုတာကို ပြောကြားလို ပါတယ်။ ဒီစစ်အာဏာသိမ်းမှုကြောင့်လည်း national ceasefire agreement လို့ ခေါ်တဲ့ NCA လည်း ပျက်ပြယ် သွားပြီဆိုတာ ကျနော်တို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။
NCA စာချုပ်ကို RCSS၊ KNU၊ PNLO၊ CNF၊ ABSDF၊ NMSP၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုး သား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ လက်မှတ်ထိုးထားသည်။
လက်ရှိတွင်လည်း အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် KNU၊ CNF၊ ABSDF တို့သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
- By cni
- Category: နိုင်ငံရေး
- Hits: 776
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၁
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) သည် ပျက်သွားပြီဖြစ်၍ လိုက်နာစရာမရှိ တော့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀ ရက်နေ့က KNU ၏ ရက် ၁၀၀ အစီအစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။
ပဒိုစောတာဒိုမူးက “ NCA နဲ့ ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာ အကြောင်းမရှိတော့ပါဘူး၊ ဘာကြောင့်လဲဆို တော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း ၁ အခြေခံမူကို နင်းချေဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲဒီ အတွက်ကြောင့် NCA ရဲ့ အခန်း ၁ က NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီးလိုက်ပြီး ဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာ မရှိတော့ဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ ကျနော်တို့ နိုင်ငံတကာကို လှည့်စားခြင်းသော်လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ ကိစ္စကတော့ ကျနော်တို့နဲ့ဘာမှ မဆိုင်ဘူးလို့ ပြောကြားချင်ပါတယ်”ဟု ပြောသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က KNU အပါအ၀င် လက်နက်ကိုင် ၈ ဖွဲ့ NCA လက်မှတ်ရေးထိုးနေကြစဉ်
NCA အခန်း ၁ အခြေခံမူများသည် စုစုပေါင်း ၁၁ ချက်ရှိကြောင်း၊ ထိုအထဲတွင် (က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံ စိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် များ အပြည့်အဝရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေး ပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဟု ပြဋ္ဌာန်းထားသည်။
ထို့နောက် (ခ)တွင် မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရန် ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေး ပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုငံရေးနည်းဖြင့် ဖြေရှင်း မည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပြီး၊ လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစာဆောင်ရွက်ရန်ဟု ပြဋ္ဌာန်းထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည် ဆောက်ရေးကို ဆောင်ရွက်ရန်အတွက် အဓိကအားဖြင့် ဆူးညှောင့်ခလုတ်ဖြစ်နေသည်မှာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ လက်ရှိနိုင်ငံ၏ ပကတိ အခြေအနေများနှင့် ကိုက်ညီစွာ စဉ်းစားဆောင်ရွက်၍ အရှည်မျှော်တွေးဆောင်ရွက် ကြရန်လိုသည်”ဟု ၂၀၂၃ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ထို့နောက် NCA စာချုပ်အတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် KNU၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့သည် NCA ၏ အခန်း(၃)ကို ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်နေသည်ဟု တပ်မတော်ဘက် ကလည်း ထောက်ပြလျက်ရှိသည်။
KNU၊ CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)၊ KNU/KNLA-ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)တို့သည် NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် မွန်ပြည် သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် NCA စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိတွင် မြန်မာ့တပ်မတော်အား KNU၊ CNF၊ ABSDF တို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များဖြင့် ပူးပေါင်း၍ တိုက်ခိုက်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 638
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀
ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီ မှတ်ပုံတင်ထားသည့်တိုင် ပါတီ ၇ ခုကိုသာ မှတ်ပုံတင်ချ ပေးထားနိုင်ပြီး ကျန် ၅ ပါတီကို ဥပဒေနှင့်အညီ စိစစ်နေဆဲဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများ အသစ်ပြဋ္ဌာန်းပြီးနောက် ဥပဒေပုဒ်မ ၂၅ အရ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားသည့် ပါတီ ၅၀ ပါတီနှင့် ပုဒ်မ ၃ အရ အသစ်လျှောက်ထားသော ပါတီ ၁၃ ပါတီဖြစ်၍ စုစုပေါင်း ၆၃ ပါတီရှိကြောင်း UEC က ပြောသည်။
ထို့နောက် ယနေ့အထိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၅ ပါတီရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။
အဆိုပါ မှတ်ပုံတင်ခွင့်နှင့် တည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီများအနက် ပြည်ထောင်စုတစ်ဝန်း လုံး စည်းရုံးမည့် ပါတီ ၁၂ ပါတီရှိပြီး ၇ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးဖြစ်၍ ကျန် ၅ ပါတီကို ဥပဒေနှင့်အညီ လို အပ်သည့် စိစစ်မှုများ ဆောင်ရွက်နေဆဲဖြစ်သည်ဟု ၎င်းက CNI သတင်းဌာနသို့ ပြောသည်။
မှတ်ပုံတင်ကျထားသည့် ပြည်ထောင်စုတစ်၀န်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၇ ပါတီစာရင်းကိုတွေ့ရစဉ်
ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားရာမှာ မကျလာသေးသော ပါတီများ မှာ ပြည်သူ့ပါတီ(PP)၊ ရခိုင်အမျိုးသားပါတီ(ANP)၊ မွန်ညီညွတ်ရေးပါတီ တို့ပါဝင်သည်။
လက်ရှိ မှတ်ပုံတင်ကျထားသော ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ (၇)ပါတီမှာ ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင် ငံရေး ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ)၊ အမျိုးသမီးပါတီ(မွန်)တို့ ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပါတီစုံဒီမိုကရေစီ ရှင်သန်ရေးအတွက် ရွေးကောက်ပွဲ ကျင်းပရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးပါက အနိုင်ရသည့် အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ပြောကြားထားသည်။
ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်၍ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သော်လည်း မှတ်ပုံ တင်ချမပေးသည်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်ကနေ ယနေ့အထိဆိုလျှင် ၆ လကျော်လာခဲ့ပြီဟု ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားရာမှာ မကျလာသေးသော ပါတီများက ပြောသည်။

- By cni
- Category: နိုင်ငံရေး
- Hits: 1488
CNI News
၂၀၂၃ ခုနှစ်။ ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ် အနောက်ပိုင်းတွင် တည်ငြိမ်စပြုလာပြီဖြစ်ပြီး မြို့ပေါ်ကို တော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့က ရိက္ခာဖြတ်တောက်ထား ဆဲဖြစ်ကြောင်း ဗန်းမောက်ဒေသခံများက ပြော သည်။
ယခင်က ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) လှုပ်ရှားခဲ့ကြောင်း၊ ထို့နောက် ကချင် လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တို့ ထိုးဖောက် ဝင်ရောက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ KIA-PDF ပူးပေါင်းတပ်ဖွဲ့မှ အများစု လွှမ်းမိုးလှုပ်ရှားခဲ့သည်။
ထို့နောက် ဗန်းမောက်အနောက်ပိုင်း ဒေသခံအများစုသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် KIA, PDF တို့ ပြန်လည်ဆုတ်ခွာပြီးနောက် တည်ငြိမ်စပြုလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဗန်းမောက်မြို့အ၀င်ကိုတွေ့ရစဉ်
၎င်းက “သူတို့ (PDF) ရှိတုန်းကထက် စာရင်တော့ အေးချမ်းတယ်လို့ ပြောလို့ရတယ်လေ၊ သူတို့ရှိတုန်းကဆိုရင် ဘယ်လိုပြောမလဲ၊ SNA ကလည်း သူ့နေရာ ပြန်ရဖို့အတွက် သွားသွားတိုက်တာကိုး။ SNA ကလည်း လာတယ်၊ စစ်တပ်ကလည်း လာတယ်ဆိုတော့ မြေပြင်ကတော့ မငြိမ်းချမ်းဘူးပေါ့လေ၊ အခု သူတို့ (PDF) ထွက်သွားပြီး နောက်ပိုင်းကြတော့ သူတို့ကလည်း ပြန်လာတိုက်သလားဆိုတော့ လာတော့တိုက်တယ်၊ ဒါပေမဲ့ အခြေအနေ တော့ ဆိုးဆိုးဝါးဝါးကြီး မဖြစ်သွားဘူး။ ဟိုတလောက လေယာဉ်နဲ့ ချတာပဲ၊ အဲဒီနောက်ပိုင်းက ငြိမ်တော့တာပါ့၊ ဖြစ်တော့ဖြစ်တယ်၊ အဲဒီလောက်ထိ မဆိုးရွားတော့ဘူးလေ၊ အခုလောလောဆယ် အနေအထားကတော့ ငြိမ်တယ် လို့ ပြောလို့ရတယ်၊ ကျောင်းတွေ ဘာတွေလည်း ဖွင့်နေပြီလို့ ပြောတာပါ့ အနောက်ပိုင်းဖက်က ဖွင့်နေကြတယ်ဆို တာ အဲဒီလိုမျိုး ကိုယ်ထူကိုယ်ထပေါ့ ကိုယ့်ရပ်ရွာထဲက ကိုယ့်အားကိုယ်ကိုးပေါ့လေ၊ အဲဒီပုံစံတော့ ဖွင့်နေကြ တယ်”ဟု ပြောသည်။
လက်ရှိတွင် ဗန်းမောက်မြို့ တောင်ပိုင်းနှင့် မြောက်ပိုင်းကို KIA၊ PDF တို့က ထိန်းချုပ်ထားပြီး ကုန်စည်စီးဆင်းမှုကို တောင်ပိုင်းနှင့် မြောက်ပိုင်းတွင်သာ ဝင်ရောက်စေကြောင်း၊ ထို့ကြောင့် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် ဆီတစ်ပေ ပါကို ၆ သိန်းပေးရပါက မြို့ပေါ်နှင့် အနောက်ပိုင်းတွင် ၈ သိန်းခန့်ပေးရကြောင်း ၎င်းက ပြောသည်။
ဗန်းမောက်မြို့ပေါ်အား ကုန်စည်စီးဆင်းမှုကို KIA၊ PDF တို့က ဖြတ်တောက်ထားကြောင်း၊ လမ်းမကြီးများကိုလည်း စက်ယန္တရားကြီးများဖြင့် ဖျက်တောက်ထားကြောင်း ဗန်းမောက်မြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဗန်းမောက်မြို့နယ်၊ ကြောင်လည်ကျေးရွာမှ ဒေသခံ အိမ်များနဲ့စပါးများကို KIA-PDF က မီးရှို့ထားစဉ်
၎င်းက “PDF တွေက ဒီဖက်ကို ကုန်ဝင်ခွင့် မပြုဘူး။ ကုန်စည်တွေပေါ့၊ ဆီတွေ ဘာတွေ ဒီဇယ်တွေ၊ ဘာတွေ စားသောက်ကုန်တွေ အကုန်ဖျက်၊ ဒါပေမဲ့ ခိုးဝင်ရတာပေါ့၊ သူတို့ မိလို့ရှိရင်တော့ ဆိုင်ကယ်တစ်စီး ပစ္စည်းတွေ ဘာတွေတင်လို့ ဝင်လို့ရှိရင် ဒဏ်ကြေး ရိုက်တာပေါ့၊ ဒဏ်ကြေးရိုက်တယ်ဆိုတာ တစ်စီးကို ၅ သောင်း အဲဒီလိုမျိုး ရိုက်တာ၊ တချို့ဆို ရိုက်နက်တာတွေ ခံရတယ်၊ လမ်းတွေ ဖျက်တာလဲဆိုတော့ လမ်းမကြီးကို ဘက်ဟိုးတွေနဲ့ ကုတ်ဖျက်လိုက်တော့တာ၊ ကုတ်ပြီးတော့မှ ရေကာတာလိုမျိုး လုပ်ထားလိုက်တော့တာ အဲဒီ ဗန်းမောက်နဲ့ အင်းတော်လမ်းကိုလည်း ဒီအတိုင်းပဲ၊ ဗန်းမောက်နဲ့ တောင်ပိုင်းသွားတဲ့လမ်းကိုလည်း ဒီအတိုင်းပဲ လုပ်ထားတာ၊ တောင်ပိုင်းကို သွားလို့ မရဘူး။ ပန်းတောကိုလည်း အနောက်ပိုင်းကိုလည်း သွားလို့မရဘူး။ ဘယ်လို လုပ်ထား သလဲဆိုတော့ ကားတွေဘာတွေ အလွယ်တကူသွားလို့ မရအောင်လေ၊ ဒါပေမဲ့ သယ်လို့တော့ မရဘူး။ တောင်ပိုင်း ရွာတွေကိုတော့ ရိက္ခာတွေ ပို့ခွင့်ရှိတယ်၊ ဆီတွေ ဘာတွေ ပို့ခွင့်ရှိတယ်၊ ဒီမြို့ကိုပဲ ဖျက်ထားတာ၊ မြို့ကိုကြတော့ စစ်တပ်က ထိုင်ထားတဲ့အခါကြတော့ စစ်တပ်တွေကို ဟိုဟာမလုပ်လို့လား မသိဘူး။ ဘာမှကို ယူဆောင်ခွင့် မရှိ ဘူး ဒီမြို့ထဲကိုက” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလည်း ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာက နေအိမ် ၃၀ ကျော်ကို KIA၊ PDF တို့က နှစ်ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ ဗန်းမောက်မြို့နယ်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု၊ အများသွားလာသည့် လမ်းများ ပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေသလို စားသောက်ကုန် ရှားပါးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
ထို့အတူ နိုင်ငံရေး အပြောင်းအလဲကနေ ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ သောင်းချီ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။