- By CNI
- Category: နိုင်ငံရေး
- Hits: 651
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁
တရားမဝင် အေဂျင်စီနှင့် ပွဲစားများကို တိုင်ကြားနိုင်ရန်အတွက် သီးသန့်ဌာနတစ်ခု ဖွဲ့စည်း၍ အရေးယူမှုများ လုပ်ဆောင်သင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပသို့ ထွက်ခွာချင်သူ ပေါများလာသဖြင့် တရားမဝင် အေဂျင်စီနှင့် ပွဲစားတို့မှာလည်း များပြားလျက်ရှိသည်။
ထို့နောက် ပြည်ပထွက်ခွာ လိုသူများသည် တရားမဝင် အေဂျင်စီနှင့် ပွဲစားများ၏ ငွေကြေးအလိမ်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်းများ ကြုံတွေ့နေကြရသည်။
ထိုကိစ္စရပ်များအား တိုင်ကြားနိုင်ရန်အတွက် သီးသန့်ဌာနတစ်ခု ဖွဲ့စည်း၍ လုပ်ပိုင်ခွင့် အပြည့်အဝ ပေးထားကာ ဖြေရှင်းပေးသင့်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “တကယ်လို့ အဲဒီလို တိုင်ကြားလို့ ရမယ်ဆိုရင်တော့ ဒီတိုင်စာကို ကျနော်တို့နိုင်ငံရဲ့ ဌာနဆိုင်ရာ တော်တော်များများမှာ သုံးတဲ့ အစဉ်အလာ စကားတစ်ခုရှိတယ်။ အထက်ကို တင်ပြရတာပေါ့နော်။ တင်ပြထားပါတယ်။ မင်းတို့တိုင်ကြားတာကို တင်ပြထားပါတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့တော့ နှစ်သိမ့်လို့ မရဘူးပေါ့။ အဲဒီတိုင်ကြားလာတဲ့ သူတွေကို ဒီတိုင်စာကို လက်ခံတဲ့ ဖွဲ့စည်းထားတဲ့ ဌာနကလည်း ချက်ချင်းပေါ့ social media ခေတ်ကြီး ဖုန်းကောက်ဆက်လို့ရတယ်။ မိမိရဲ့ သက်ဆိုင်ရာဌာနက လူကြီးတွေကို။ အဲဒီတော့ ဒါကို အချိန်နဲ့တပြေးညီ ဒီပြဿနာကို ဖြေရှင်းပေးဖို့ လိုတယ်။ ဒီနေ့တော့ လက်ခံလိုက်ပြီးတော့ မနက်ဖြန်မှ လာဆိုတဲ့ ပုံစံမျိုးလည်း မဖြစ်စေချင်ဘူး။ အလုပ်သမားအရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အချိန်နဲ့တပြေးညီ ဖြေရှင်းနိုင်တဲ့သူ၊ ဆုံးဖြတ်နိုင်တဲ့သူတွေကို တာဝန်ပေးပြီးတော့ ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ကျနော်ပြောချင်တယ်” ဟု ပြောသည်။
ပြည်ပရောက် မြန်မာများကိုတွေ့ရစဉ်
ထိုသို့ အလုပ်သမားအရေး ကိစ္စနှင့်ပတ်သက်၍ တိုင်ကြားနိုင်ရန် သီးသန့်ဌာနတစ်ခု ဖွဲ့စည်းလိုက်ပါကလည်း တိုင်ကြားခံရသူများထံမှ ငွေကြေးတစ်စုံတစ်ရာ လက်ခံပြီး တိုင်ကြားစာများအား အရေးယူမှု မလုပ်ဆောင်ခြင်း များလည်း ဖြစ်လာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်သည်။
ထို့ကြောင့် ၎င်းသီးသန့်ဌာန ဖွဲ့စည်းဖြစ်ပါက အဂတိကင်းရှင်းရန် လိုအပ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက် သူများက အကြံပြုသည်။
သို့သော် သီးသန့်ဌာန ဖွဲ့စည်းပြီး တရားမဝင် အေဂျင်စီနှင့် ပွဲစားတို့အား အရေးယူမှုများ ဆောင်ရွက်သည့် အခါ တွင် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားများအပေါ်၌ သက်ရောက်မှု သွားရှိကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါပေမယ့် ဘယ်လောက် လုပ်နိုင်မလဲဆိုတဲ့ အပေါ်မှာလည်း မူတည်သေးတယ်။ သူတို့ ဘယ်လောက်အထိ ကြပ်ကြပ်မတ်မတ် အရေးယူနိုင်မလဲ၊ လုပ်နိုင်မလဲ အဲဒီအပေါ်လည်း မူတည်တာပေါ့။ နေ့စဉ် ဖြစ်ပျက်နေတဲ့ တိုင်း ပြည်ထဲက ပြဿနာတွေတောင်မှ ဖြေရှင်းဖို့က တိုင်ကြားဖို့က နစ်နာသူတွေအနေနဲ့ မရနိုင်တဲ့ကိစ္စ၊ ဒီလိုကိစ္စတွေ ကြတော့ ပိုဆိုးတာပေါ့။ နောက်တစ်ခုက တရားမဝင် ထွက်တယ်ဆိုတဲ့ ဥစ္စာက ဗမာပြည်က ဥပဒေဆိုတာလည်း သူတို့ဆီမှာ ရှိနေတာကို။ အ.လ.ည ရဲ့ သူ့ဥပဒေရှိတယ်၊ လူကုန်တားရဲ့ ဥပဒေရှိတယ်၊ နောက်ပြီးရင် လ.ဝ.က ရဲ့ ဥပဒေရှိတယ်။ ၃ ခုစလုံးနော် အဲဒါတွေနဲ့ တရားမဝင် ထွက်တာတို့ သူတို့က ယူလို့ရတယ်။ အဲဒါတွေနဲ့ ပြဿနာရှာ လို့ရတယ်။ ဒါကြောင့်မို့လို့ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့က ရတဲ့ နည်းလမ်းနဲ့ပဲ သက်ဆိုင်ရာတွေ၊ ဂိတ် တွေ ပိုက်ဆံပေးပြီးတော့ပဲ ရအောင်ဝင်နေကြတာပဲ။ ပွဲစားဆိုရင် အကုန်လုံးက ပွဲစားချည်းပဲကို ဖြစ်နေတာ အဆင့် ဆင့်ပေါ့နော်။ နှုတ်ပွဲစားလေးနဲ့ ဘယ်လောက်ပဲရရ ဟိုဘက်က လက်တွေ့ လုပ်ရမယ့် နေရာတွေဘာတွေ ဘာမှ သိတာ မဟုတ်ဘူး။ အဲကနေ ဆင့်ကဲ ဆင့်ကဲနဲ့ ပွဲစားပေါင်း သောင်းခြောက်ထောင်” ဟု ပြောသည်။
ထိုင်းအာဏာပိုင်များက ဖမ်းဆီးထားစဉ်
ထို့အပြင် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ပွဲစား/အေဂျင်စီများသည် စာရွက်စာတမ်း အချက်အလက် အထောက် အထား အတုများဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြဆောင်ရွက်နေကြကြောင်း စိစစ်တွေ့ရှိရ ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။
ထိုသို့ လုပ်ငန်းဆောင်ရွက်သည့် ပွဲစား/အေဂျင်စီအပြင် လုပ်ငန်းအပ်နှံသည့် အလုပ်သမားကိုပါ စိစစ်အရေးယူ သွားမည်ဖြစ်ကြောင်းလည်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများအား ပြည်ပနိုင်ငံများသို့ တရားမဝင် သွားရောက်ခြင်းမျိုး မရှိစေရန် တရားဝင် စေလွှတ်နေ သည့် လုပ်ငန်းစဉ်များအား ယခုထက် ပိုမို မြန်ဆန်စွာ လုပ်ဆောင်သင့်ကြောင်းနှင့် ထိုမှသာ တရားမဝင် သွားရောက်မှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက အကြံပြုသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1484
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေ လုပ်ငန်းများ လုပ်ကိုင်သူ ၇၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နစက-က ဖေဖော်ဝါရီ ၂၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် FMI CITY၊ ငွေနှင်းဖြူသစ်ခွလမ်း၊ အမှတ် (O-178) နေအိမ်ရှိ TTbet Online Game မှ ၉ ဦး၊ လှိုင်သာယာမြို့နယ်၊ FMI CITY၊ ချင်းတွင်းလမ်းရှိ အိမ် အမှတ်(FG-98)ရှိ Golden Gift(Online ကံစမ်းမဲဖောက် လောင်းကစား လုပ်ငန်း)မှ ၁၉ ဦး၊ FMI CITY၊ ချင်းတွင်းလမ်းရှိ အိမ် အမှတ်(FG-95)ရှိ TTbet Online Game မှ ၁၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ TTbet Online Game လောင်းကစားလုပ်ငန်းနှင့် Golden Gift (Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)များကို ဦးစီးပြီး စီမံခန့်ခွဲလုပ်ကိုင်နေသူ ရန်နိုင်ကျော်(ခ)အားဖု ကို ဇန်နဝါရီ ၃၀ ရက်က လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်အိမ်ရာ၊ ပန်းလှိုင်ကွန်ဒို(D)၊ အခန်းအမှတ်(၁၀၂) ၌ ဖမ်းဆီးရမိခဲ့ ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် ရန်နိုင်ကျော်(ခ) အားဖု၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီ ၄ ရက်တွင် လှိုင်မြို့နယ်၊ MICT Park၊ တိုက် အမှတ်(၉)၊ ၄ လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းသို့ ဝင်ရောက်ရှာဖွေရာ Money Bag Application၊ Cash Now Application၊ Cola Kyat Application တို့အား အသုံးပြုပြီး တရားမဝင် Online ချေးငွေ လုပ်ငန်းလုပ်ကိုင်နေသည့် မန်နေဂျာ ကျော်ဆန်းလင်း(ခ)အားချန်ပါ ၂၂ ဦးကို လည်းကောင်း၊ ဖေဖော်ဝါရီ ၅ ရက် တွင် စာရင်းကိုင် ကျော်မျိုးအောင်ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက်လောင်းကစား လုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်း လုပ်ကိုင်သည့် အမှုပေါင်း ၅ မှုမှ တရားခံ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး စုစုပေါင်း ၇၁ ဦးကို ဖမ်းဆီးခံရမိခဲ့သည်။
ထို့နောက် လက်တော့ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း ၁၄၀ လုံး၊ မော်နီတာ ၇ လုံး၊ ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ယာဉ်အမှတ် YGN 6s-8888 Mercedes Benz အနက်ရောင် ယာဉ် ၁ စီးနှင့် ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင် ယာဉ် ၁ စီးတို့ကို သိမ်းဆည်း ရမိခဲ့သလို အမှုမှ တရားခံများ ပြစ်မှုကျူးလွန်ရာတွင် ဖွင့်လှစ်အသုံးပြုခဲ့သည့် ဘဏ်အကောင့်များနှင့် KBZ Pay၊ Wave Pay အကောင့်တို့ရှိ ငွေကျပ် ၄၈၀၅ သိန်းခန့်နှင့် KBZ Pay အကောင့် ၁၄ ခုတို့အား ယာယီတားဆီး ထိန်းသိမ်းထား ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 728
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
ပြည်သူ့ပါတီသည် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ခိုင်မာစွာ ယုံကြည်သက်ဝင်လျှက် နိုင်ငံရေးပါတီ တစ်ရပ် အဖြစ် ဆက်လက်ရပ်တည်မည်ဟု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။
ပြည်သူ့ပါတီ(PP)သည် ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့ပါတီက “ နိုင်ငံတော်၏ နိုင်ငံရေးပြဿနာအဝဝကို ဖြေရှင်းနိုင်ရန်မှာ ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေး အပေါ်တွင် တစိုက်မတ်မတ် ခိုင်ခိုင်မာမာ ရပ်တည်မည့် နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီတစ်ရပ် တည်ရှိရန် လိုအပ်သည်ဟု ယုံကြည်သည်။ ပြည်သူ့ပါတီသည် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ခိုင်မာစွာ ယုံကြည် သက်ဝင်လျှက် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ဆက်လက် ရပ်တည်ရန် ဆုံးဖြတ်သည်”ဟု ပြောထားသည်။
ပြည်သူ့ပါတီသည် ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြသော အင်အားစုများ၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးအတွက် ခေတ် အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသော မျိုးဆက်အသီးသီးနှင့် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးတို့အတွက် ပူးပေါင်းပါဝင်လိုကြသည့် လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်သော နိုင်ငံရေးပါတီဖြစ်သည်ဟုလည်း ဆိုထားသည်။
၎င်းက “ ရှစ်လေးလုံး အရေးတော်ပုံကြီးသည် တစ်ပါတီစနစ်ကို ချုပ်ငြိမ်းစေခဲ့ပြီး ဗဟုဝါဒ(ပါတီစုံဒီမိုကရေစီ)ကို ဦးတည်နိုင်ခဲ့သည်။ ဆိုရှယ်လစ်စီးပွားရေး စနစ်မှသည် ဈေးကွက်စီးပွားရေးစနစ်သို့ ဦးတည်နိုင်ခဲ့သည်။ ၃၅ နှစ်ကြာ အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ပြီးမှ နောက်ပြန်လေဆာက်ကျခဲ့ရခြင်းသည် နိုင်ငံ ရေး နည်းလမ်းက မှားယွင်းခြင်းကြောင့် မဟုတ်ဘဲ ဘက်အသီးသီးမှ နိုင်ငံရေးဦးဆောင်သူများ၏ ဆုံးဖြတ်ချက် မှားယင်းခြင်းကြောင့် ဖြစ်သည်ဟု ရှုမြင်သည်”ဟု ပြောသည်။
ပြည်သူ့ပါတီ(PP)သည် ၂၀၂၀ ခုနှစ်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီးနောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1218
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
ရက္ခိုင့်တပ်တော် (ULA/AA)၏ တစ်ဖက်သတ် စွပ်စွဲမှုမှာ ငြိမ်းချမ်းရေးကို အထောက်အကူ မပြုကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မြန်မာ့တပ်မတော်က ဖမ်းဆီးထားသည့် AA အဖွဲ့ဝင်များကို ပြန်လည်စေလွှတ်မှု မရှိကြောင်း ULA/AA က တစ်ဖက်သတ် စွပ်စွဲထားကြောင်း၊ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ULA/AA အနေနဲ့ သူတို့ဆီကနေ ဖမ်းဆီးထားတဲ့ လူတွေကို ကျနော်တို့အနေနဲ့ လွှတ် မပေးဘူးဆိုတဲ့ဟာ တစ်ဖက်သတ် စွပ်စွဲတာမျိုးတွေ တွေ့ရတယ်၊ ကျနော်တို့ အစိုးရအနေနဲ့က ULA/AA နဲ့ ပတ်သက်ပြီးလို့ရှိရင် ကျနော်တို့ အစိုးရလက်ထက်မှာလည်း NCA ၆ နှစ်ပြည့်မှာ ၆၁ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးခဲ့တယ်၊ ပြီးရင် စိန်ရတုပြည်ထောင်စုနေ့မှာ ၄၆ ဦး တစ်သုတ် ကျနော်တို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့တယ်၊ ပြီးရင် အမျိုးသားနေ့မှာ ၁၇ ဦး တစ်သုတ်၊ ၁၂၅ ဦးတစ်သုတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ပြီး ဖြစ်ပါတယ်၊ သူ တင်မကပါဘူး၊ ကျနော်တို့ KIA၊ KNU၊ MNDAA၊ RCSS၊ SSPP၊ TNLA အဲဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ တရားစွဲ ဆိုခံထားတဲ့ လူတွေကို ကျနော်တို့ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေ ပေးခဲ့ပါတယ်၊ စုစုပေါင်း ၂၀၅ ဦးရှိပြီး ဖြစ်ပါတယ်၊ ဒီအချက်အလက်တွေ အမှန်တကယ် ရှိပြီးဖြစ်တဲ့ဟာတွေ အချက်အလက်တွေကို မျက်ကွယ်ပြုပြီး ဒီလိုမျိုး တစ်ဖက်သတ် စွပ်စွဲပြောဆိုတာဟာ ငြိမ်းချမ်းရေးအတွက် အထောက်အကူ မပြုဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
အဆိုပါ ကိစ္စများကို မြန်မာ့တပ်မတော်နှင့် ULA/AA တို့ ညှိနှိုင်းဖြေရှင်းပါက ပြေလည်သွားမည်ဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
AA ခေါင်းဆောင်များကိုတွေ့ရစဉ်
၎င်းက “ဒီဖက်က သူတို့ အပြန်အလှန် ၂ လအတွင်းမှာ လွှတ်ပေးရမယ်ဆိုပြီးတော့ ကတိကဝတ်တွေရှိတယ် ဆိုပြီးတော့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးခိုင်သုခပြောတာ ကြားလိုက်တယ်၊ အဲဒီ ၂ လအတွင်းမှာ သူတို့ အပြန် အလှန် လွှတ်ပေးဖို့ လိုတယ်ပေါ့နော်၊ ဘယ်သူ့ဖက်က မလွှတ်ပေးဘူးလဲဆိုတာတော့ သူတို့အချင်းချင်း သိမှာပေါ့၊ ဒါပေမယ့် ဦးခိုင်သုခ ပြောတာကတော့ အခု ၁၇ (၁)၊ (၂) အပြစ်တွေနဲ့ တရားရုံးတွေမှာ ရောက်နေကြတယ်ပေါ့၊ အဲဒါတွေကို လွှတ်ပေးဖို့ တာဝန်ရှိတယ်၊ ၁၇ (၁) ဆိုတာ မတရားအသင်း ဆက်သွယ်မှုပေါ့၊ မတရားအသင်း ဆက်သွယ်မှုဆိုတာ ULA/AA နဲ့ ဆက်သွယ်တဲ့ လူတွေပေါ့နော်၊ အဲဒီလူတွေကို မလွှတ်ပေးတာဟာ စစ်ကောင်စီ ဖက်က ကတိကဝတ်အတိုင်း အကောင်အထည်ဖော်ဖို့ နှောင့်နှေးတယ်ဆိုတဲ့ သဘောမျိုးပေါ့၊ အဲဒီလို ပြောတယ် ဆိုတဲ့သဘော ကျနော်တို့ သိတယ်၊ ဆိုတော့ အမှန်တကယ် သူတို့လက်ထက်မှာ ဒီလူတွေ ရှိ/မရှိပေါ့နော်၊ စစ်ဆေး လိုက်ပေါ့၊ ရှိတယ်ဆိုရင်တော့ သူတို့ ကတိကဝတ်အတိုင်း လွှတ်ပေးရမှာပေါ့၊ အပြန်အလှန်ပေါ့နော်၊ အဲဒီလိုက ဒါက ဖုံးကွယ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ လက်တွေ့ကျကျ ဖြေရှင်းမယ်ဆိုရင် ဖြေရှင်းလို့ရတယ်၊ ဥပမာဆိုပါတော့ အခုလို ဗိုလ်ချုပ်ဇော်မင်းထွန်းဖက်က အဲဒီလို မရှိဘူးလို့ ငြင်းရင် ဒီဖက်နဲ့ ညှိလိုက်ပေါ့၊ ဘယ်သူဘယ်သူလဲဆိုတာ အဲဒါဆို အဖြေပေါ်မယ့်ကိစ္စလေ၊ အဲဒီလို အဆက်အသွယ်မရှိပဲ Contacts မရှိဘဲ တရားရုံးတွေမှာ ၁၇ (၁)၊ (၂) မတရားအသင်း ဆက်သွယ်မှု ပုဒ်မတွေနဲ့ ဖွင့်ထားတယ်ဆိုပြီးတော့ သတင်းထောက်က မေးတဲ့အပေါ်မှာ ဖြေတဲ့ ကိစ္စဆိုတော့ ဟုတ်မဟုတ်ကို သူတို့ အချင်းချင်း ညှိနှိုင်းလို့ ပြောလိုက်ရင် ပြေလည်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကိုတွေ့ရစဉ်
ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ ULA/AA နှင့် ပတ်သက်ဆက်ဆံမှု မပြုလုပ်ရန်၊ ထောက်ပံ့မှု မပေးရန် ဒေသခံ များကို မြန်မာ့တပ်မတော်မှ ဖိအားပေးပြောဆိုနေခြင်းမှာ တိုက်ပွဲကို ဦးတည်နေကြောင်း သတင်းစာ ရှင်းလင်းပွဲ တွင် ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မှာ ယခင်ကတည်းက ရှိပြီးဖြစ်သည့် လုံခြုံရေး အင်အားများအတိုင်း ရှိနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၎င်းက “နောက်တစ်ခုကတော့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ ကျနော်တို့ စစ်အင်အားတွေ တိုးချဲ့နေတယ်ဆိုတဲ့ ပြောဆိုချက်မျိုးတွေလည်း ရခိုင်ပြည်သူလူထုကို ထင်ရောင်ထင်မှားဖြစ်အောင် ကျနော်တို့ ဆောင်ရွက်နေတာမျိုး ရှိပါတယ်။ တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ ယခင်ကတည်းက ရှိပြီးဖြစ်တဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရှိနေတဲ့ အင်အားတွေအတိုင်းပဲ ကျနော်တို့ ရှိပါတယ်။ ပြည်သူလူထုရပ်ရွာ အေးချမ်းသာယာရေး ပြီးရင် ကျနော်တို့ ဌာနဆက်သွယ်မှု လုံခြုံစိုးမိုးရေးအတွက် လိုအပ်တဲ့ ကျနော်တို့ လုံခြုံရေး အင်အားကိုလည်း အသုံးပြုထားတာရှိ တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့ ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ အတွင်းက တကျော့ပြန် ဖြစ်ပွားခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုကို ထောက် ထား၍ နှစ်ဖက် အဖွဲ့အစည်းကြား နားလည်မှုယူကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က စတင်ပြီး တိုက်ပွဲများ ရပ်စဲကြောင်း သဘောတူညီမှု ယူခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 987
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
လက်ရှိအချိန်မှာ နိုင်ငံရေးပါတီ လုပ်နေရင် သစ္စာဖောက်သလို ဖြစ်နေကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) နေ့မှာ ကျင်းပသည့် ပြည်သူ့ပါတီ၏ ဗဟိုကော်မတီအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးကိုကိုကြီးက “အခုဖြစ်နေတဲ့ အကျပ်အတည်းမှာ နိုင်ငံရေးပါတီလုပ်နေရင်ပဲ ကျနော်တို့က သစ္စာဖောက်သလိုလို ဖြစ်နေတဲ့အချိန်မှာ သတိထားမိဖို့ ကျနော်ပြောပြတာ၊ တခြားပါတီတွေလည်း အားလုံး နိုင်ငံရေးပါတီအဖြစ် ရပ် တည်နေကြတယ်၊ ဆက်လက် ရပ်တည်ဖို့လည်း ကြိုးစားတဲ့သူတွေ ကြိုးစားနေကြတယ်၊ တိုင်းရင်းသားပါတီတွေ သူတို့ ဒေသမှာ တိုက်ပွဲတွေ အသေအပျောက်တွေ၊ မီးရှို့ဖျက်ဆီးတာတွေ ဖြစ်နေသော်လည်းပဲ သူတို့ တိုင်းရင်း သားကို ကိုယ်စားပြုတဲ့ ပါတီတစ်ရပ် ရှိသင့်တယ်ဆိုတာကို မငြင်းကြဘူး။ နောက်ဆုံးပြောရရင် သူတို့ တိုင်းရင်း သား လက်နက်ကိုင် ဒေသတွေကအစ တိုင်းရင်းသားပါတီတွေ အခု မှတ်ပုံတင်ဖို့၊ ရပ်တည်ဖို့ ကြိုးစားနေကြတာကို ဘာမှ ခြိမ်းခြောက်တာမျိုးလည်း မရှိဘူး။ မကြားရဘူး။ ဖြစ်နေတာ ကျနော်တို့ ဒီဗမာပေါ့၊ ဒီပြည်မပေါ့၊ ဘယ်လို စဉ်းစားနေကြတာလဲ၊ ကျနော်တို့ မလိုတော့ဘူးလား၊ ကျနော်တို့ နိုင်ငံရေးပါတီတွေက မလိုအပ်တော့ဘူးလား။ ဒါမှ မဟုတ်ရင် ကျနော်တို့ ခေတ်အဆက်ဆက်မှာ ၁၉၆၂ အာဏာသိမ်းတယ်၊ စစ်တပ်ကနေ ပါတီထောင်တယ်၊ ၈၈ အာဏာသိမ်းတယ် ပြောရရင် စစ်တပ်က ပါတီထောင်တာပဲ၊ အဲဒီအတိုင်း ကျနော်တို့က လွတ်ပေးလိုက်မှာ ကဲဖြစ်ချင်တာဖြစ်ကြတော့ မင်းတို့ဟာ မင်းတို့ လုပ်ချင်တာ လုပ်ကြတော့လို့ လွတ်ပေးလိုက်မှာ အဲဒါ ကျနော် တို့က မေးခွန်းမေးရတော့မှာ” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပသည့် ပြည်သူ့ပါတီ၏ ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ကျင်းပနေစဉ်
လက်ရှိတွင် နစကမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံရေး ပါတီများ စတင်ကာ မှတ်ပုံတင်နေကြပြီဖြစ်ကြောင်း သိရသည်။
အခြားတစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် နစက ကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဖြစ်ကြောင်း ပြောကြား ထားသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဟု ယုံကြည်သည့် ပြည်သူလူထုများ အနေဖြင့် စိတ်ခံ စားချက်များဖြင့် မစဉ်းစားကြရန် တိုက်တွန်းလိုကြောင်း ဦးကိုကိုကြီးက ပြောသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပသည့် ပြည်သူ့ပါတီ၏ ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ကျင်းပနေစဉ်
၎င်းက “နိုင်ငံရေးပါတီထောင်ရင် အာဏာမက်လို့တဲ့ အာဏာမက်ရင် နိုင်ငံရေးပါတီထောင်တာတို့ ရွေးကောက်ပွဲ ဝင်တာ၊ စည်းရုံးရတာ အင်မတန် ပင်ပန်းတယ်၊ ဖြတ်လမ်းတွေရှိတယ်၊ ခင်ဗျားတို့လည်း တွေ့နေတာပဲ နိုင်ငံတော် အဆင့် ရာထူးရာခံ ဖြစ်ဖို့ဆိုတဲ့ကိစ္စ ပါတီထောင် ရွေးကောက်ပွဲတွေ ဝင်စရာမလိုဘူး။ ဒါပေမဲ့ ကျနော်တို့က ပြည်သူကို ယုံကြည်တယ်၊ လူထုကို ယုံကြည်တယ်၊ လူထုထောက်ခံမှုနဲ့ လူထုအသိအမှတ် ပြုမှုနဲ့သွားတဲ့ နည်းလမ်းကိုပဲ ကျနော်တို့က ရွေးမယ်၊ ဒါကြောင့်မို့လို့ ပြည်သူလူထုက နိုင်ငံရေးယုံကြည်မှုအပေါ်မှာ နိုင်ငံရေး နည်းလမ်းအပေါ်မှာ အားပေးကြပါ၊ တိုက်တွန်းကြပါ၊ စိတ်ခံစားချက်တွေနဲ့ မစဉ်းစားကြပါနဲ့လို့ အဲဒီလို ကျနော်က တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
ယခု ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ရေးပါတီကို နိုင်ငံတော်အာဏာ လွှဲအပ်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 993
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
ပြည်သူ့ပါတီ(PP)သည် ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ၊ ရွှေဂုံတိုင်၊ ယုဇနတာဝါရှိ ပါတီဌာနချုပ်တွင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပနေကြသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်သူ့ပါတီနှင့် ပူးပေါင်းလိုက်သည့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUDP)ဥက္ကဋ္ဌ ဦးစိန်ဝင်းလည်း တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။
ယနေ့ ကျင်းပသည့် အစည်းအဝေးတွင် တခြားသော ပါတီများ ပူးပေါင်းလာသည့် အခြေအနေနှင့် နိုင်ငံရေး အခြေအနေများကို ဆွေးနွေးကြမည် ဖြစ်ကြောင်းသိရသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1490

- By CNI
- Category: နိုင်ငံရေး
- Hits: 1376
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ရန်ကုန်မြို့ MCC ခန်းမမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးခင်ရီသည် လူငယ်ထု တွေ့ဆုံပွဲဆိုသည့် ခေါင်းစဉ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် လက်ရှိ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် လူငယ်များ၏ အခန်းကဏ္ဍ အခြေအနေများကို ဆွေးနွေးသွားကြကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 621
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ် အနောက်ကုန်းနှင့် အနောက်တောကျေးရွာအနီးတွင် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင်တစ်စုက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးမှာ ဟုမ္မလင်းမြို့နယ် ကက်သာစံပြကျေးရွာမှ ဒေါ်နန်းရီဖြစ်ပြီး အင်းတိမ်ရွာမှ အကြွေးတောင်း ပြန်လာစဉ် အသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူထံက သိရသည်။
၎င်းက “ဖြစ်တာက မနေ့က မနက် ၉ နာရီလောက်မှာ ဖြစ်သွားတာ၊ သူပိုက်ဆံသွားတောင်းရင်း သွားတာ၊ နေမြင့်လာတော့ ဆက်သွယ်မှုမရလို့ လိုက်ရှာတာ လမ်းဘေးမှာ အလောင်းပဲတွေ့ရတာ” ဟု ပြောသည်။
ဒေါ်နန်းရီ အသတ်ခံရသည့် နေရာကို တွေ့ရစဉ်
ဒေါ်နန်းရီမှာ ဗန်းမောက်မြို့နယ်တွင် ရွှေလုပ်ငန်း လုပ်ကိုင်နေသည်မှာ ၄ နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း၊ မည်သည့် အကြောင်းကြောင့် အသတ်ခံရသည်ကိုတော့ မသိရသေးကြောင်း အသတ်ခံရသည့် ဒေါ်နန်းရီနှင့် နီးစပ်သူက ပြောသည်။
ဗန်းမောက်ဒေသခံများကတော့ သတ်ဖြတ်သွားသည့် လက်နက်ကိုင် လူတစ်စုသည် PDF အဖွဲ့ဝင်များ ဖြစ်ကြောင်း ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေး အကျပ်အတည်းများကြောင့် မိုင်းပေါက်ကွဲမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ၊ လူနေအိမ် အဆောက်အဦ မီးရှို့ဖျက်ဆီးမှုများ မကြာခဏဖြစ်ပွားလျက်ရှိနေသည်။