- By CNI
- Category: နိုင်ငံရေး
- Hits: 1160
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်း ဆောင် ရွက်နေသည်ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံ၏ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာခစ်တခွန်နှင့် တွေ့ဆုံစဉ် ဇန်နဝါရီ ၁၀ ရက်နေ့က ပြောကြားခဲ့သည်။
အာဆီယံအထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun(မစ္စတာခစ်တခွန်)သည် မြန်မာနိုင်ငံသို့ ရောက်ရှိ လာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာ ပြည့်၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်(၇)ဖွဲ့တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် တာဝန်များကို ထမ်းဆောင်ခဲ့ရမှု၊ နိုင်ငံရေးသဘောထား ကွဲလွဲမှုကို နိုင်ငံရေးအရ ဖြေရှင်းမှုမပြုဘဲ လက်နက်ကိုင် အကြမ်းဖက်မှုများ လုပ်ဆောင် လာမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ် မစ္စတာခစ်တခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
အမျိုးသားရင်ကြားစေ့ရေးကို မည်ကဲ့သို့ ဆောင်ရွက်နေသည်ကိုတော့ အသေးစိတ် ရှင်းပြသွားခြင်း မရှိပေ။
ထို့နောက် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရှိစေရေး တပ်မတော် အနေဖြင့် အခိုင်အမာ ရပ်တည် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့ လုပ်ငန်းစဉ်(၅)ရပ်ချမှတ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှု များကိုလည်း ရှင်းပြ ဆွေးနွေးခဲ့သည်။
အာဆီယံအထူးကိုယ်စားလှယ်သည် ဇန်နဝါရီ ၁၂ ရက်နေ့တွင် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံ ဆွေးနွေး သွားရန်ရှိသည်။
လက်ရှိတွင် နစကသည် ဇန်နဝါရီ ၃၁ ရက်နေ့တွင် အရေးပေါ်ကာလ သက်တမ်း ၆ လတိုင်းထားမှု ပြည့်မည် ဖြစ်၍ အစိုးရအဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းသွားရန် ရှိနေသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကတော့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အသွင်ကူးပြောင်းရေးအစိုးရ သို့မဟုတ် ကြားဖြတ်အစိုးရ ဖွဲ့စည်းရန် အကြံပြုထားကြသည်။
သို့သော် အဆိုပါ အသွင်ကူးပြောင်းရေးအစိုးရတွင် မည်သည့် လူပုဂ္ဂိုလ်များကို ထည့်သွင်း ဖွဲ့စည်းသင့် ကြောင်းကိုတော့ ချပြခြင်းမရှိပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 781
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် H.E. Mr. Alounkeo Kittikhoun ၊ အိုနိုင်ငံဝန်ကြီးချုပ်ရုံး ဝန်ကြီးဟောင်းနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီ ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အဖွဲ့ဝင် ဦးခွန်ဥက္ကာနှင့် ဦးမျိုးဝင်း၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(A LP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟို ဖွံ့ဖြိုးရေးဌာန ဒုတိယတာဝန်ခံ နိုင်ညီညီ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)ဒုဥက္ကဋ္ဌ ကျာဖူး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဗဟိုဦးဆောင်ကော်မတီဝင် နန်းစံဖောင်း၊ KNU/KNLA-PC ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တွဲဖက်အထွေ ထွေ အတွင်းရေးမှူး(၁) ခွန်မင်းသိန်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)ဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေးတို့ တက်ရောက်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 761
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀
အာဆီယံအထူးကိုယ်စားလှယ် မစ္စတာခစ်တခွန်(Kittikhoun)၏ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်သည် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မလားဆိုသည့်အပေါ် ပြည်တွင်းနိုင်ငံရေး သမားများကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။
မြန်မာနိုင်ငံဆိုင်ရာ အလှည့်ကျအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည့် လာအိုနိုင်ငံမှ အာဆီယံအထူးကိုယ်စား လှယ်သည် ဇန်နဝါရီ ၁၀ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအချို့နှင့် တွေ့ဆုံမည် ဖြစ်သည်။
ထို့နောက် ဇန်နဝါရီ ၁၂ ရက်တွင် နိုင်ငံရေးပါတီအချို့နှင့် တွေ့ဆုံမည်ဖြစ်သည်။
အာဆီယံအထူးကိုယ်စားလှယ်ထံမှ မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းရန် မျှော်လင့်၍မရကြောင်း၊ သို့သော်လည်း တွန်းအားတစ်ခု ဖြစ်နိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်း ဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလက ကျင်းပခဲ့သော အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို တွေ့ရစဉ်
၎င်းက “ဒီအာဆီယံအထူးကိုယ်စားလှယ် လာတာလည်း ကြီးကြီးမားမားတော့ မျှော်လင့်စရာမရှိဘူး။ မြန်မာ့နိုင်ငံ ရေးကို မြန်မာပြည်တွင်းမှာပဲ ဖြေရှင်းကြရမှာ ဆိုတဲ့အခါကြတော့ သူကတော့ တွန်းအားတစ်ခုတော့ ပေးနိုင်တာ ပေါ့နော်၊ တွန်းအားတစ်ခု ပေးနိုင်တယ်ဆိုတာ မြန်မာနိုင်ငံအတွင်းမှာ အခုဖြစ်နေတဲ့ ဖြစ်စဉ်လေးတွေကိုလည်း သူသိသွားဖို့ လိုအပ်တာပေါ့။ အဲဒီအခါကြတော့ ကြီးကြီးမားမားဆိုတာ ရွေးကောက်ပွဲအတွက်ကိုတော့ အထိုက် အလျှောက်တော့ အားရှိလာမယ်လို့ မျှော်လင့်ရတာပေါ့။ ကြီးကြီးမားမား မျှော်လင့်စရာတော့ သိပ်မရှိပါဘူး” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေး အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေး ပြဿနာအား ဖြေရှင်းရန် အာဆီယံထိပ်သီး ခေါင်းဆောင်များအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလက ကျင်းပခဲ့ပြီး ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့သည်။
အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အခြေအနေအား လာရောက်လေ့လာ စုံစမ်းခြင်း ဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ဘာတွေ မျှော်လင့်လို့ ရနိုင်မလဲဆိုရင် အာဆီယံ အခုက လာအိုက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဆိုတော့ လာအိုက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူထားတဲ့လူဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံ 5 Point Consensus နဲ့ ပတ်သက်လို့ လာအိုသည် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံအခြေအနေကို လာပြီး လေ့လာစုံစမ်းတယ်၊ သဘောထားရှိတယ်လို့ ကျနော်က အဲဒီလို မြင်တယ်” ဟု ပြောသည်။

အာဆီယံ အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်ထိုင်ခုံလွတ်နေစဉ်
လက်ရှိ လက်နက်ကိုင်ပဋိပက္ခအား ဖြေရှင်းရန် အာဆီယံအထူးကိုယ်စားလှယ် တာဝန်ယူထားသော လာအို အနေဖြင့် ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လာအိုက တရုတ်ရဲ့ အကြွေးတွေနဲ့ ပိနေတဲ့ ဟိုခေတ်က စကားဆိုရင်တော့ တပည့်အဆင့်၊ အဲဒီက လွှတ်လိုက်တဲ့ ကိုယ်စားလှယ်က ဘာဖြစ်မှာလဲ၊ ဘာမှမဖြစ်ဘူး။ အဲဒါတွေ ထည့်တွက် မနေနဲ့ အာဆီယံလည်း ထည့်မတွက်နဲ့ UN လည်း ထည့်မတွက်နဲ့ ကမ္ဘာကြီးက သူ့အလုပ်တွေနဲ့ သူရှုပ်နေတာ၊ ကျနော်တို့က ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်၊ စစ်ကောင်စီကလည်းပဲ အကောင်းဆုံးကို ရွေးချယ်ပြီး လမ်းကို ရွေးရမယ်၊ ဒီဘက်ကလည်း နိုင်ငံရေးနည်းနဲ့ ရှင်းမရလို့ စစ်တိုက်နေတာ စစ်ကို နိုင်အောင်တိုက်ရမယ်။ အဲဒါပဲ” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလက ကျင်းပခဲ့သော အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးတွင် သွေးထွက်သံယိုမှု များ ရပ်တန့်ရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန်၊ ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေး ရန်၊ သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို ခန့်အပ်ခြင်းနှင့် မြန်မာပြည်သွားရောက်ခွင့်ပြုရန် စသည့် ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့သည်။
လက်ရှိအချိန်ထိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ လက်နက်ကိုင် ပဋိပက္ခများ ပိုမို ဖြစ်ပွားလာ၍ တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးများမှာ အကျပ်အတည်းများ ဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 973
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရှေ့ဆက်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တိုင်းရင်းသား လက်နက် ကိုင်များ ရှိရာဒေသများ၌ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး လုပ် ငန်းများကို အဓိကဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲသို့ NSPNC ဘက်က NSPNC ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ် ချုပ်ကြီး စိန်ဝင်း(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်တို့ တက်ရောက်ခဲ့ပြီး EAOs များဘက်ကတော့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အဖွဲ့ဝင် ဦးခွန်ဥက္ကာနှင့် ဦးမျိုးဝင်း၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(A LP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုဖွံ့ဖြိုးရေးဌာန ဒုတိယတာဝန်ခံ နိုင်ညီညီ၊ လား ဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)ဒုဥက္ကဋ္ဌ ကျာဖူး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဗဟို ဦးဆောင်ကော်မတီဝင် နန်းစံဖောင်း၊ KNU/KNLA-PC ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ခွန်မင်းသိန်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)ဆက်ဆံရေးဌာနမှူး စောကျော်သန်းဋ္ဌေးတို့ တက်ရောက်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1249
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို မြန်မာ့တပ်မတော်ဘက်က အထိခိုက်ခံမှာ မဟုတ်လောက်ဘူးဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနကို ပြောသည်။
လားရှိုးမြို့တွင် တိုင်းစစ်ဌာနချုပ် တည်ရှိနေသလို လေတပ်စခန်းပါ ရှိနေကြောင်း၊ လားရှိုးမြို့အား အပါခံမှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။
ဦးသက်ဇော်က “လားရှိုးတော့ သူက အထိခိုက်ခံမှာ မဟုတ်ဘူး၊ လားရှိုးမှာ လေတပ်ရော၊ တိုင်းဌာနချုပ် ရှိတဲ့ အခါကြတော့ သူတို့ အပါခံမှာ မဟုတ်ဘူဗျ၊ ဒါပေမဲ့ ဘယ်လို သူတို့ရင်ဆိုင်ကြမယ်၊ ဘယ်လို လုပ်ကြမယ်၊ ကွတ်ခိုင်တော့ ကျတယ်လို့ မကြားသေးဘူး။ သတင်းထဲမှာတော့။ လောက်ကိုင်ကတော့ သူတို့ the bargain (အလျှော့အတင်း) တစ်ခုအနေနဲ့ ပေးလိုက်ရတယ်လို့လည်း ကြားတယ်ဗျ၊ ကျနော်တော့ အတိအကျတော့ သေချာတော့ မသိဘူး။ နိုင်ငံရေးကလည်း သူတို့လည်း ဘယ်လိုတွေ လုပ်ထားတယ်ဆိုတာ သတင်းတိတိကျကျ လည်း မထုတ်ပြန်တော့ ကျနော်တို့ကလည်း ခန့်မှန်းသတင်းအရပဲ ကျနော်တို့က နားထောင်နေရတာလေ။ ရှင်းရှင်းပြောရရင်တော့ တရုတ်ကြီးရဲ့ အဓိက စေ့စပ်ညှိနှိုင်းရေးပါမှပဲ လုပ်မယ်၊ အာဆီယံလာရင်လည်း စေ့စပ် တာပဲ၊ စကားပြောတာပဲ ရှိမယ်ထင်တယ်ဗျ၊ သိပ်ကြီးထူးခြားမယ်တော့ မထင်ဘူးဗျ။ ကျနော်ထင်တာတော့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ကာ ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ဆင်နွှဲခဲ့သည်။
ထို့နောက် ချင်းရွှေဟော်၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ လောက်ကိုင်၊ နမ္မတူ စသဖြင့် ရှမ်းမြောက် ရှိ မြို့အများစုအား သိမ်းယူနိုင်ခဲ့သလို တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကိုလည်း ထိန်းချုပ်ထားသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ စစ်ရေးဖြင့် ဖြေရှင်းခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ပြဿနာ ဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အချိန်လွန်ပြီဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့က ဦးကျိုးသွားပြီ။ ဦးကျိုးသွားပြီ၊ စိတ်ဓါတ်တွေလည်း ပျက်နေပြီ။ ပျက်နေပြီ ဆိုတဲ့အခါကြတော့ စစ်ဆိုတာ အင်အားနည်းတာ၊ များတာဆိုတာ နည်းပရိယာယ်၊ ပြည်သူထောက်ခံမှုကလည်း အရေးကြီးတယ်၊ ပြည်သူ မထောက်ခံရင် ဓါးသွားလည်း ကြွေ၊ လှံလည်းခွေအံ့ ဆိုတဲ့ စကားရှိတယ်။ အဓိက ပြည်သူပဲ ဌာနေပြည်သူ တွေက ကြိုနေပြီဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကို မလွန်ဆန်နိုင်ဘူး။ အခု ရခိုင်မှာလည်းပဲ ရာနဲ့ချီပြီး လက်နက်ချကုန် ကြပြီ။ အဲဒါမျိုးတွေ ရှိတာပေါ့လေ၊ အခု ရန်ကုန်တို့ မန္တလေးတို့ ရန်ကုန်ထားပေါ့ဗျာ၊ ခင်ဗျား ဝင်တာလာ၊ လူတွေ က ဝင်ပေါင်းမှာ အဲဒါတွေက ရှိတယ်၊ အဲဒီတော့ တပ်တွေကလည်း သူတို့ စားဝတ်နေရေး ရှိတာကို မိသားစုအရေး တွေ ရှိတာကို အဲဒါတွေလည်း တပ်တွေက ရှိတာပဲလေ၊ ဟိုတုန်းက မကြည့်ပေမယ့် အခုမကြည့်မဖြစ်တော့ဘူး။ ကုန်ဈေးနှုန်းတွေ တအားတက်လာပြီ။ အရှေ့က ယောကျာ်းက စစ်ထွက်နေချိန်မှာ အနောက်က မိန်းမက လစာနဲ့ မလောက်ဘူး။ ပြည်သူတစ်ရပ်လုံး ခံရသလို သူတို့လည်း ခံရတာပဲ၊ ကုန်ဈေးနှုန်းက ဘယ်သူမှ ချမ်းသာမပေးဘူး။ အဲဒီတော့ အကောင်းဆုံးကတော့ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ဘဲနဲ့ စစ်ရေးနည်းနဲ့ ဖြေရှင်းတာဟာ မှားတယ်။ အခုကြမှ နိုင်ငံရေးနည်းနဲ့ နောက်ကြောင်း ပြန်ပြောနေတာ နောက်ကျတယ်။ အချိန်လွန်သွားပြီ။ အဲဒီတော့ ကျနော်ထင်သလောက်ကတော့ သိမ်းရတာကိုတော့ သိမ်းသွားမှာပဲ၊ အဲဒီသဘောပါပဲ” ဟု ပြောသည်။
လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်ပြီး တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အလွန်အရေးပါသော မြို့ဖြစ်သည်။
ထို့နောက် မြန်မာ့တပ်မတော်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) သည် လားရှိုးမြို့တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1076
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးထားသည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် အစား ဗိုလ်ချုပ်ကြီးမိုးအောင်ကို အစားထိုး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် နစကမှ သတင်းထုတ်ပြန် ကြေညာသွားသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးအဖြစ်လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)ဥက္ကဋ္ဌအဖြစ်လည်းကောင်း အသီးသီး တာဝန်ယူထားသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နေရာမှာ အစားထိုးခန့်အပ်ခံရသည့် ဗိုလ်ချုပ်ကြီးမိုးအောင်သည် ကာကွယ်ရေးဦးစီး ချုပ်(ရေ)အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

ထို့နောက် ဗိုလ်ချုပ်ကြီးမိုးအောင် နေရာကို စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား အစားထိုး ခန့်အပ် တာဝန်ပေးလိုက်သည်။
လက်ရှိတွင် ဗိုလ်ချုပ်ကြီးမိုးအောင်သည် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)၊ ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း တာဝန် ယူသွားမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကိုကိုလှိုင် အားလည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်နိုင်ဦး အားလည်းကောင်း အသီးသီး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့မှာ နစကမှ ထုတ်ပြန်သွားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2355
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈
တပ်မတော်(ရေ)ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင် အပါအဝင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မမှူး တချို့ကို အပြောင်းအရွှေ့များ ပြုလုပ်ခဲ့ကြောင်း နေပြည်တော်စစ်ရုံးချုပ်မှ သတင်းရင်းမြစ်များထံမှ သိရသည်။
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်ကို အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုက်သည်။
ထို့နောက် ဗိုလ်ချုပ်ကြီးမိုးအောင် နေရာကို စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို အစားထိုး တာဝန်ပေးလိုက်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို တွေ့ရစဉ်
အလားတူ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုး မင်းထွန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်ပြီး ၎င်းနေရာမှာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဇော်မင်းလတ်အား အစားထိုး ခန့်အပ်ခဲ့သည်။
ထို့အပြင် ငွေစက္ကူနှင့်ထီလက်မှတ်များ ပုံနှိပ်ထုတ်ဝေသည့် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြား ရေးမှူးရုံး၏ ကကလုံ ညွှန်မှူးကို အရန်အင်အားသို့ ပြောင်းရွှေ့လိုက်ပြီး ဒုညွှန်မှူးကို ညွှန်မှူး အဖြစ် အစားထိုး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။
ထို့နောက် တပ်မချုပ်(၂၂)မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ကျော်စိုးလင်းကို တပ်မချုပ်(၆၆) တပ်မမှူးအဖြစ် ရာထူးတိုး ခန့်အပ် တာဝန်ပေးလိုက်သလို စကခ(၈) ဒုစကမှူးကို တပ်မ ၅၅ တပ်မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခဲ့ ကြောင်း နေပြည်တော်စစ်ရုံးချုပ်နှင့် နီးစပ်သူများထံမှ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 753
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈
အာဆီယံအထူးကိုယ်စားလှယ်နှင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
လာမည့် ဇန်နဝါရီ ၁၀ ရက်နေ့မှာ တွေ့ဆုံရန်ရှိကြောင်း၊ လက်ရှိတွင် မိမိတို့ အပစ်ရပ် ၅ ဖွဲ့မှ တက်ရောက်ရန် ရှိနေပြီး ကျန်အဖွဲ့အစည်းများ တက်ရောက်ခြင်း ရှိ/မရှိကို မသိရှိသေးကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး စောကျော်ညွန့်က “လောလောဆယ် ကျနော် confirm ဖြစ်တာကတော့ အပစ်ရပ်အဖွဲ့ထဲက ၅ ဖွဲ့ လောက်တော့ တက်ဖို့တော့ ကျနော်အဲဒီလို နားလည်မှု ရှိတယ်ခင်ဗျ။ ဒါကတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်ပေါ့လေ၊ အဲဒါ အသစ်လည်း ဟုတ်တယ်၊ လာအိုက ကျနော်တို့ ဒီအာဆီယံဥက္ကဋ္ဌ ပြန်လည်ပြီးတော့ တာဝန်ယူတဲ့ကာလမှာကတော့ ပထမဦးဆုံးတွေ့ဆုံနိုင်တဲ့ အခင်းအကျင်းလည်း ဖြစ်တယ်။ ဘာတွေ ဆွေးနွေးကြ မလဲဆိုတဲ့ agenda အရကတော့ ကျနော်လည်း သေသေချာချာတော့ မသိဘူး။ အခုလိုမျိုး အာဆီယံဥက္ကဋ္ဌရဲ့ ကိုယ်စားလှယ်ကနေပြီးတော့ ပထမဦးဆုံးအကြိမ် လာရောက်တွေ့ဆုံတဲ့ ပွဲမှာကတော့ ကျနော်စိတ်ထင်ကတော့ ကိုယ်ကလည်း agenda တွေ သတ်သတ်မှတ်မှတ် ဘယ်လိုရှိသလဲဆိုတာ ကိုယ်ကလည်း အတိအကျ မရှိတဲ့အခါ ကြတော့ မသိနိုင်ဘူး။ အဓိကတော့ လက်ရှိကြုံတွေ့နေရတဲ့ ကျနော်တို့နိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းကို အာဆီယံရဲ့ 5 point consensus အပေါ်မှာ အကောင်အထည်ဖော်ပြီးတော့ ဘယ်လို ကျော်လွှားနိုင်အောင် လမ်းစ ရှာနိုင်ကြမလဲဆိုတာ ပထမဦးဆုံးတွေ့ဆုံ မိတ်ဆက်တဲ့ပွဲလည်း ဖြစ်သလို စတင်ပြီးတော့ အမြင်သဘောထားတွေ ဖလှယ်တဲ့ပွဲလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ခင်ဗျ၊ အတိအကျတော့ ကျနော်မပြောနိုင်ပါဘူးခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူခဲ့စဉ်တုန်းကလည်း အာဆီယံအထူးကိုယ်စား လှယ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော မစ္စတာပရတ်ဆိုခွန်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့က NCA ထိုး ထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်နဲ့ PPST ကိုယ်စားလှယ်များကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက်တွေ့ရစဉ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ လက်မှတ်ထိုးခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲခဲ့သော နိုင်ငံရေး အခင်းအကျင်းများအရ KNU၊ CNF နှင့် ABSDF တို့သည် PPST တွင် ပါဝင်မှုအဆင့်များကို လျှော့ချထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ့ဆုံဆွေးနွေးပွဲ များ တက်ရောက်ခြင်း မရှိသည်ကို တွေ့ရသည်။
ထို့အတူ အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများကလည်း ဇန်နဝါရီ ၁၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း၊ နစက ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးကြမည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၄ ခုနှစ်၊ ဇန်ဝါရီ ၆ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
၎င်းက “မြန်မာပြည် ငြိမ်းချမ်းရေးအတွက်ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အာဆီယံကိုယ်စားလှယ် လာတာတော့ ကျနော်တို့ ကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဆီယံ စိတ်ဝင်စား လာတယ်ပေါ့ဗျာ၊ အခုလုပ်မယ့် ရွေးကောက်ပွဲကလည်း နိုင်ငံတကာက လက်ခံအသိအမှတ်ပြု ရွေးကောက်ပွဲ ဖြစ်စေချင်တယ်ဗျ၊ ကျနော်တို့ ပါတီတွေ အနေနဲ့လေ၊ ရှင်းရှင်းပြောရရင်တော့ ကျနော်တို့ ပါတီတွေ ပါဝင်ပူးပေါင်း မယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံတကာ အသိအမှတ်ပြုစေတဲ့ ရွေးကောက်ပွဲတော့ ဖြစ်ရင်တော့ ကျနော်တို့လည်း ဂုဏ်သိက္ခာရှိတဲ့ အစိုးရတစ်ရပ်ကိုတော့ ဖော်ဆောင်နိုင်မှာပေါ့ဗျာ၊ အခုစပြီး အာဆီယံက လာပြီးမှ လာ Join တာ ပေါ့ဗျာ၊ Join တဲ့အခါကြတော့ ဘာပဲပြောပြော ကျနော်တို့ အနေနဲ့ သိက္ခာတစ်ရပ်တော့ ရှိလာတာပေါ့၊ ငြိမ်းချမ်း ရေး ကိစ္စကတော့ ကျနော်တို့က အတိအကျတော့ ပြောလို့မရဘူးဗျ၊ သူတို့လည်း ရှင်းရှင်းပြောရရင်တော့ အာဆီယံ မှာလည်း တရုတ်ကြီးက လက်တံလည်း ရှည်တာကိုးဗျ၊ ဒီအာဆီယံအထူးကိုယ်စားလှယ် အပေါ်မှာလည်း သူ့ရဲ့ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိသလဲဆိုတာ ကျနော်တို့လည်း ပြောလို့တော့ မရသေးဘူးဗျ” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင်း တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးများမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။
ထိုပဋိပက္ခများအား ဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီများ၊ အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက ကြိုးပမ်းလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 981
CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈
လုံခြုံရေးတပ်ဖွဲ့က အလိုရှိနေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်ချိတ်ပိတ်ခံထားရသူ ဦးစောဆန်းဝင်းအား နစကမှ လူမှုထူးချွန်ဆုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့က ချီးမြှင့်ခဲ့သည်။
ဦးစောဆန်းဝင်းသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတစ်ပင်ကျေးရွာအုပ်စု၊ ကော့ကံကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ပေါင် PDF အဖွဲ့နှင့်ပတ်သက် ဆက်နွယ်သည်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့ဝင်က အလိုရှိနေသူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၇ ရက်က ဦးစောဆန်းဝင်း၏ နေအိမ်တွင် မီးလန့်မှုဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာမှ ဝင်ရောက်စစ်ဆေးရာ နေအိမ်ဧည့်ခန်းထောင့်၌ ချိတ်ဆွဲထားသည့် ပလိုင်းအတွင်း လက်ပစ်ဗုံး (၁) လုံး၊ ၉ – မမ ကျည်အတောင့်(၅၀) နှင့် စနိုက်ပါမှန်ပြောင်းတစ်လက် တွေ့ရှိခဲ့သည်ဟုဆိုကာ ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။

လူမှုထူးချွန်ဆု ချီးမြှင့်ခံရသော ဦးစောဆန်းဝင်း နာမည်ကိုတွေ့ရစဉ်
ထို့နောက် လုံခြုံရေးတပ်ဖွဲ့က ဦးစောဆန်းဝင်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့် ထားထားသည်။
ဦးစောဆန်းဝင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပေါင်မြို့နယ် အလုပ်အမှုဆောင်တစ်ဦးဖြစ်သည်။
အဆိုပါ အခြေအနေများ ဖြစ်တည်နေသော ဦးစောဆန်းဝင်းကို နစက-က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့က လူမှုထူးချွန် ပထမအဆင့် ချီးမြှင့်ခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်ရှိတွင် ဆုကို ပယ်ဖျက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို ပြန်လည် ဖြေကြားခဲ့သည်။
