CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၆

နစကမှ လုပ်ကိုင်ဆောင်ရွက်နေသော နည်းလမ်းများကို ဝေဖန်ထောက်ပြသည့် နိုင်ငံရေးပါတီများကို မှတ်ပုံတင် ချပေးခြင်းမရှိဟု သုံးသပ်မိကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

ANP ၏ ပါတီမှတ်ပုံတင် လျှောက်ထားမှုကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ဖြင့် ငြိစွန်းနေခြင်း ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ငြင်းပယ်လိုက်ကြောင်း ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၇ တွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ နိုင်ငံတော်ကို လက်နက်ကိုင် ဆန့်ကျင်နေသော အဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းများကို မှတ်ပုံတင်လျှောက်ထားခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။

UEC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်

ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက “နစကကောင်စီ လုပ်ဆောင်နေတဲ့ အလုပ်တွေ အပေါ်ကို ထောက်ခံတဲ့ အဖွဲ့အစည်းတွေလောက်ပဲ ပါတီမှတ်ပုံတင် ခွင့်ပြုမယ်ဆိုတဲ့ သဘောထားမျိုးကို ပြတယ်လို့ ကျနော်မြင်တယ်။ နစကကောင်စီက လုပ်ကိုင်ဆောင်ရွက်နေတဲ့ နည်းလမ်းတွေကို ဝေဖန်ထောက်ပြတဲ့ အဖွဲ့အစည်းတွေဆိုရင် ပါတီ မှတ်ပုံတင်ခွင့် ငြင်းပယ်တယ်လို့ အဲဒီလို သဘောထားမျိုး ရှိတယ်လို့ ကျနော်တော့ သုံးသပ်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

UEC က နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ခြင်းကို ပြန်လည်လုပ်ဆောင် စေခဲ့သည်။

ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားအားလုံး နိုင်ငံရေး အခွင့်အရေးရှိကြောင်း၊ ဒီမိုကရေစီ နိုင်ငံရေး ပါတီတွေကို မှတ်ပုံတင် ချပေးရန်လိုအပ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေ က CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်

၎င်းက “အထူးသဖြင့် ကျနော်တို့ ဘယ်လိုပြောမလဲဆိုရင် ကျန်တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို တရားဝင် ပေါ့ မှတ်ပုံတင် ချပေးဖို့လိုတယ်၊ ဘာဖြစ်လို့ ဆိုလို့ရှိရင် ပြည်ထောင်စုနိုင်ငံ ဖြစ်တဲ့အခါကြတော့ တိုင်းရင်းသား ပေါင်းစုံပေါ့၊ သူတို့ရဲ့ နိုင်ငံရေး အခွင့်အရေးတွေ ရှိတယ်ဆိုလို့ရှိရင်၊ ဘယ်သူမဆိုပေါ့နော်၊ နိုင်ငံရေး အခွင့်အရေး ရှိကြတာပဲ၊ အဲဒါကို မှတ်ပုံတင်ချပေးပါ၊ နောက်ပြီးတော့ တခြား ဒီမိုကရက်တစ်ပါတီတွေလည်း မှတ်ပုံတင်ချပေးဖို့ လိုအပ်တယ်လို့ ကျနော်က ပြောချင်ပါတယ်” ဟု ပြောသည်။

မွန်ညီညွတ်ရေးပါတီ (MUP)သည် ပါတီမှတ်ပုံတင် လျှောက်ထားပြီး တစ်နှစ်ကျော်ကြာသည်အထိ UEC က မှတ်ပုံတင် ချပေးခြင်း မရှိသေးသလို ရခိုင်အမျိုးသားပါတီ (ANP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) အပါအဝင် ပါတီအချို့ တည်ထောင်ခွင့် လျှောက်ထားမှု ငြင်းပယ်ခံထားရသည်။

ယခုနှစ်အတွင်း လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ကြောင်းနှင့် လာမည့် ၂၀၂၅ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ဆောင်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား ထားသည်။