- By CNI
- Category: နိုင်ငံရေး
- Hits: 1819
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၆
ယခုနှစ် ၂၀၂၄ မကုန်ခင်အတွင်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတစ်ခု ပေါ်လာနိုင်သလားဆိုသည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။
ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးအတွက် တည်ဆောက်ရန် လိုအပ် ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘာမဆို ဖြစ်နိုင်ပါတယ်။ ဆိုပါစို့၊ ရွေးကောက်ပွဲအလွန် အစိုးရပေါ့ဗျာ၊ ရွေးကောက်ပွဲအလွန် အစိုးရက အရေးကြီးပါတယ်။ ရွေးကောက်ပွဲသည် ၂၀၂၅ ဒီဇင်ဘာလုပ်ရင် ၂၀၂၆ က စမယ့် ၅ နှစ်တာ အစိုးရ တည်ငြိမ် အေးချမ်းမှုနဲ့ ရှေ့ဆက်သွားနိုင်မယ့် အင်အားကြီးတစ်ခု ရှိဖို့က အလွန်အရေးကြီးတဲ့အခါကြတော့ အဲဒီအစိုးရ အတွက် အခြေပြုတာက ၂၀၂၅ ရွေးကောက်ပွဲပေါ့ဗျာ၊ ရွေးကောက်ပွဲဆိုရင် ရွေးကောက်ပွဲ မတိုင်ခင် အခင်း အကျင်းက အရေးတကြီး ကျန်တာပေါ့။ ခြုံပြောရရင် ပွင့်ပွင့်လင်းလင်း ပြောရင် အားလုံး အချိန်နဲ့အမျှ အရေးကြီးပါတယ်။ ရွေးကောက်ပွဲအလွန် တည်ငြိမ်တဲ့အစိုးရ ဖြစ်ထွန်းစေဖို့အတွက် ဥပဒေက နိုင်ငံရေးအားဖြင့် ညှိနှိုင်းတိုင်ပင်မှုပေါ့ဗျာ၊ ငြိမ်းချမ်းမှုဖြစ်စဉ် ကြိုးစားပမ်းစား တည်ဆောက်ဖို့အတွက် လိုအပ်တာပေါ့” ဟု ပြော သည်။

လက်နက်ကိုင်၊ တပ်မတော်၊ အစိုးရခေါင်းဆောင်များကို တွေ့ရစဉ်
ယခုနှစ်အတွင်း လူဦးရေနှင့် သန်းခေါင်စာရင်း အပြီးသတ် ကောက်ယူမှာဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။
နစက၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများနှင့် အခြားသော အဖွဲ့အစည်းများ စုပေါင်း၍ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပေါ်ပေါက်ပါက ကောင်းမွန်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင် နေသူ စဝ်ခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပေါ်လာနိုင်မယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့၊ ဘယ်သူက ဦးဆောင်မလဲဆိုရင် ဦးဆောင်နေသူတွေကို ကျနော်တော့ အားလုံးဝိုင်းဝန်းပြီး အားပေးစေလိုပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာအောင် စည်းရုံးဖို့ လိုအပ်ကြောင်း၊ မိမိတို့ နိုင်ငံရေးပါတီ အစုအဖွဲ့မှာ ရှိနေကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

လက်နက်ကိုင်၊ တပ်မတော်၊ အစိုးရခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ဖြစ်နိုင်ဖို့ကြရင် နိုင်ငံရေး ယဉ်ကျေးမှု၊ နိုင်ငံရေး ညှိနှိုင်းမှု ရဖို့ဆိုရင် နိုင်ငံရေးပါတီများနဲ့ပဲ လုပ်လို့လည်း မရဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပါဝင်မှ ဖြစ်နိုင်မယ့် အနေအထားဖြစ်တာပေါ့၊ အခု ကျနော်တို့ ဆွေးနွေးနေကြတဲ့ NCA လမ်းကြောင်းဆိုတာ လမ်းပေါ်လာတာပေါ့၊ NCA လမ်းကြောင်း အဲဒီလမ်းကြောင်းအထဲ မှာ ၇ ဖွဲ့ပေါ့ဗျာ၊ 7 EAO Alliance ဆိုတာ ရှိတာပေါ့၊ ကျန်တာကတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ NCA မထိုးတဲ့ အင်အားစု အဲဒီ အင်အားစု နှစ်ခုလုံးပါလာအောင် နိုင်ငံရေးအားဖြင့် ကျနော်တို့ ဆွဲဆောင်စည်းရုံးနိုင်မှာလား လက်နက်ကိုင် အဖွဲ့အစည်းတွေဖက်ကို ပြောတာပါ။ နိုင်ငံရေးပါတီဖက်ခြမ်းကတော့ မှတ်ပုံတင်ကျပြီးသား ပါတီတွေ ရှိတာကို၊ မှတ်ပုံတင် မကျသေးတဲ့ ပါတီတွေကတော့ဖြင့် ရှေ့ဆက် ဘယ်လိုသွားမှာလဲ၊ ဒါကြတော့ မပြောတတ်ဘူး” ဟု ပြောသည်။
လက်ရှိ မြန်မာတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုများ ဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 4115
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ကုတင် ၁၀၀ ဆေးရုံကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)က တိုက်ခိုက်ခဲ့ခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း ရန်ကုန်မြို့မှာ လူအင်အားရာချီက သြဂုတ် ၆ ရက်နေ့မှာ ဆန္ဒပြခဲ့ကြသည်။
သြဂုတ် ၂ ရက်နေ့က MNDAA သည် လားရှိုးမြို့ရှိ ကုတင် ၁၀၀ ဆေးရုံးကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ဆေးကုသ မှုခံယူနေသည့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ဆရာဝန်၊ သူနာပြုများ စုစုပေါင်း ၁၀၀ ဝန်းကျင် သေဆုံးသွားခဲ့သည်။

၂၀၂၄ ခုနှစ်၊ သြဂုတ် ၆ ရက်နေ့ နံနက်က MNDAA ကို ဆန္ဒပြနေကြစဉ်
ထို့နောက် ရန်ကုန်မြို့၊ မြို့တော်ခန်းမအရှေ့တွင် လူအင်အား ရာချီက MNDAA ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1266
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၆
တရုတ်-မြန်မာနယ်စပ်မှာရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များသည် လက်နက်ခဲယမ်း များထုတ်လုပ်ပြီး PDF များကို ထောက်ပံ့ခြင်းနှင့်ရောင်းချခြင်းများ လုပ်နေသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၅ ရက်နေ့က နိုင်ငံတော်၏ လုံခြုံရေးအခြေအနေနှင့်ပတ်သက်ပြီး ပြည်သူလူထုအား ရှင်းလင်းအသိပေးပြောကြားသည့် မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ EAO နယ်မြေအချို့မှာ လက်နက်ခဲယမ်း မီး ကျောက် စက်ရုံများ တည်ထောင်ထားပြီး လက်နက်များ၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေတာ ကို သိရှိရပါတယ်။ အဲဒီ လက်နက်စက်ရုံတွေက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို PDF အမည်ခံ အကြမ်း ဖက်သမားတွေနဲ့ အခြား EAO အဖွဲ့တွေကို ထောက်ပံ့တာတွေ၊ ရောင်းချတာတွေ ပြုလုပ်နေတာကို တွေ့ရှိရပါ တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိတဲ့ လက်နက်တွေ၊ ခဲယမ်းအများစုဟာလည်း အဲဒီစက်ရုံထဲက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းများ ဖြစ်တာကိုလည်း တွေ့ရှိရပါတယ်”ဟု ပြောသည်။

မန္တလေးတိုင်းထဲမှာ လက်နက်ခဲယမ်းများ ဖမ်းမိစဉ်
အဆိုပါ လက်နက်ခဲယမ်း မီးကျောက် စက်ရုံများ ထူထောင်ဖို့ဆိုသည်မှာ သာမန် အခြေအနေနှင့်မရကြောင်း၊ ငွေကြေးအင်အားနှင့် နည်းပညာ အင်အားများ များစွာလိုအပ်ကြောင်း၊ ထိုစက်ရုံများ လည်ပတ်ဖို့ ငွေကြေးနှင့် နည်းပညာ အင်အား ဘယ်နေရာက ရရှိသည်လဲဆိုခြင်းကိုလည်း ဆန်းစစ်သွားရမှာဖြစ်သည်ဟု ၎င်းက ပြော သည်။
တရုတ်-မြန်မာ နယ်စပ်တွင် အခြေစိုက်လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များမှာ ကချင်လွတ်လပ်ရေးတပ် မတော်(KIA)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-မိုင်းလား(NDAA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP) တို့ဖြစ်သည်။
ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် KIA နှင့် UWSA သည် လက်နက်ခဲယမ်း ထုတ်လုပ်သည့် စက်ရုံများ ရှိကြသည်။
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး တို့တွင် ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများမှာ KIA နှင့် UWSA မှ ထုတ်လုပ်သည့် လက်နက်ခဲယမ်းများ ဖြစ်ကြောင်း စစ်ရေးအကဲ ခတ် တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်ဘက်မှာ လက်နက်ခဲယမ်းများ ဖမ်းမိစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ KIA အဖွဲ့ဟာဆိုရင် ၂၀၂၁ ခုနှစ်လောက်ကတည်းက စစ်ကိုင်းတိုင်းဒေသ ကြီး အထက်ပိုင်းမှာရှိတဲ့ PDF တွေကို လက်နက်များ တပ်ဆင်ပေးတာတွေ၊ အကြမ်းဖက် စစ်သင်တန်းပေးတာ တွေကို လုပ်ဆောင်လာခဲ့ပြီး နယ်မြေမငြိမ်မသက် ဖြစ်အောင် ပုံဖော်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ စပ် ဆက် နယ်မြေများမှာလည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ ပြည်သူ့အသက် အိုးအိမ်နဲ့ မြို့ရွာများ ဖျက်ဆီး နေမှုရဲ့ အဓိက အရင်းအမြစ်ဟာ KIA အဖွဲ့ကြောင့်ဖြစ်ကြောင်း တွေ့ရှိပါတယ်”ဟု ပြောသည်။
လက်နက်ကိုင် ပဋိပက္ခ သက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံအပေါ် သူတို့လိုချင်သည့် လက္ခဏာမျိုးရရှိစေရန် အတွက် လက်နက်ကိုင်ထားသူများကို ငွေကြေး၊ အစားအသောက်၊ ဆေးဝါး၊ လက်နက်ခဲယမ်း၊ နည်းပညာ၊ အုပ်ချုပ်ထောက်ပံ့မှု စသည်များကို ထောက်ပံ့ကူညီပေးခဲ့သည်ဟု ၎င်းက ပြောသည်။
ထို့နောက် မြန်မာနိုင်ငံတောင်ပိုင်း ဒေသမှာရှိသည့် လက်နက်ကိုင်အဖွဲ့များ ကိုင်ဆောင်နေသည့် လက်နက်များ သည် ထိုင်း-မြန်မာ နယ်စပ်မှောင်ခိုလမ်းကြောင်းကနေ တင်သွင်းလာသော လက်နက်များဖြစ်ကြောင်း၊ EAO အဖွဲ့များနှင့် PDF များ ကိုင်ဆောင်နေသည့် ဆက်သွယ်ရေးစက်များ၊ ဒရုန်းများ၊ လက်နက်ခဲယမ်းများသည် အဆိုပါ အရင်းအမြစ်များက ရရှိနေခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များ၊ PDF များ ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ များအပြင်းအထန် ဖြစ်ပွားနေပြီး မြို့များနှင့် စစ်စခန်းများ နစကဘက်က လက်လွတ်ဆုံးရှုံးရမှု အများအပြားရှိနေ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2442
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၅
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးပြောကြားချက် မိန့်ခွန်းကို သြဂုတ် ၅ ရက်နေ့ ညနေပိုင်းမှာ ပြောမည် ဖြစ်သည်။
အဆိုပါ မိန့်ခွန်းကို နိုင်ငံပိုင် ရုပ်မြင်သံကြားများမှ ထုတ်လွှင့်သွားမည်ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန်ဖြစ် ပွားနေသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က တိုက်ခိုက်ထိန်းချုပ်သွားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 4196
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်၍ တိုက်ခိုက်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ် ၄ ရက်နေ့ တွင် ပြောကြားခဲ့သည်။
MNDAA သည် ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ စတင် တိုက်ခိုက်ကတည်းက စစ်ရေးနှင့်မဆိုင်သော အရပ်သားနေရာများကို တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြော သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “MNDAA အကြမ်းဖက် ပူးပေါင်းအဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကို ချိုးဖောက်ပြီး ဇူလိုင် ၃ ရက်မှာ လားရှိုးကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ စတင် တိုက်ခိုက် ကတည်းက စစ်ရေးနဲ့မဆိုင်တဲ့ သာမန်အရပ်သား ပြည်သူတွေနေတဲ့ နေရာတွေကိုပါ ရှော့တိုက်ဒုံးတွေ ဒရော့ဗုံး များ ရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။သာမာန်အရပ်သား ပြည်သူရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်ရာမှာ စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါးများ သုံးစွဲ ပြီး တိုက်ခိုက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဩဂုတ်လ ၂ ရက်နေ့မှာတော့ တိုင်းစစ်ဌာနချုပ်အနီးက တပ်မတော် ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တချို့လူနာများကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ တချို့ကိုတော့ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များအနေနဲ့ ရန်သူ ကို အစွမ်းကုန် ခုခံခဲ့ပါတယ်” ဟု ပြောသည်။

MNDAA တပ်ဖွဲ့ကိုတွေ့ရစဉ်
တိုင်းစစ်ဌာနချုပ်၏ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်မှ မိသားစုဝင် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ အရပ်သားများပါ ရှိနေသည့်အတွက် ပစ်ခတ်တိုက်ခိုက်မှုတွင် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း ရဲမေများ၊ မှီခိုသူ မိသားစုဝင်များ လည်း သေဆုံးမှုများရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့က ၁၀၂၇ စစ်ဆင် ရေးကို စတင်ဖော်ဆောင်ခဲ့ပြီး ရှမ်းမြောက်တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ ဟိုင်ဂင်သဘောတူညီချက်ကိုရရှိပြီး မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ်တို့ အပစ်အခတ်ရပ်စဲခဲ့သည်။
သို့သော် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် မြန်မာ့တပ်မတော်နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ MDY-PDF၊ DPLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သလို ဇူလိုင် ၃ ရက်နေ့တွင် MNDAA၊ BPLA၊ PDF ပူးပေါင်းတပ်ဖွဲ့က လားရှိုးမြို့ကို စတင်တိုက်ခိုက်ခဲ့၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

MNDAA တပ်ဖွဲ့ကိုတွေ့ရစဉ်
မြန်မာ့တပ်မတော်ဖက်က TNLA၊ MNDAA တို့ကို ဟိုင်ဂင်သဘောတူညီချက် ကာလအတွင်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြန်လည်တိုက်ပွဲ စတင်ရခြင်းဟု ပြောဆိုကြကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုက TNLA ကလည်း ပြောတယ်၊ MNDAA ကလည်း ပြောတယ်၊ ဒီဟိုင်ဂင်သဘောတူညီချက် ကာလ အတွင်းမှာ အကြိမ်ရာနဲ့ချီပြီးတော့ ဗုံးကြဲတယ်၊ နောက်ပြီးတော့ အမြှောက်နဲ့ပစ်တယ်၊ ဒါကြောင့် သူတို့ဖက်က လေးယောက်တောင်သေတယ်၊ အဲဒါကြောင့် တိုက်တယ်လို့ ပြောတာပဲ” ဟု ပြောသည်။
လက်ရှိတွင် ရှမ်းမြောက်ရှိ လားရှိုး၊ ကျောက်မဲ၊ မိုးမိတ်၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးတို့တွင် မြန်မာ့တပ်မတော်နှင့် MNDAA၊ TNLA၊ MDY-PDF၊ BPLA၊ DPLA၊ PLA ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2347
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၃
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်တာဝန်ကို ပူးတွဲ တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို စစ်ဘက်သို့ ပြန်ပို့ကာ မူလ တာဝန်များ ပြန်လည် ထမ်းဆောင်ခိုင်း ကြောင်း နစက-က သြဂုတ် ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် ပြည်ထဲရေးဒုဝန်ကြီးနှင့် ရဲချုပ် တာဝန်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်က ခန့်အပ် တာဝန်ပေးခံခဲ့ရပြီးနောက် တစ်နှစ်ကျော်အကြားမှာ မူလစစ်ဘက်သို့ ပြန်လည် ပို့ဆောင်ခံရ ခြင်းဖြစ်သည်။
ဒုဝန်ကြီးနှင့် ရဲချုပ်တာဝန် ခန့်အပ်မခံရခင်တုန်းက ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တို့မှာ တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 4031
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂
တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်း “ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) တပ်ဖွဲ့များ မည်သည့်အခြေအနေကြောင့် ဝင်ရောက်လာသလဲဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်က UWSA တပ်ဖွဲ့ဝင်များသည် မြန်မာ့တပ်မတော်ကို ကြိုတင်အကြောင်းကြား၍ လားရှိုးမြို့ နေရာအချို့တွင် ဝင်ရောက်နေရာယူခဲ့သည်။
UWSA တပ်ဖွဲ့များ ဝင်ရောက်ခြင်းက နှစ်ဖက်ထိခိုက်ကျဆုံးမှု ထပ်မဖြစ်ရန် ဖြစ်နိုင်သလို မြို့ပြပျက်စီးမှု လျော့နည်းနိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်ထင်တာတော့ “ဝ”က ကြားဝင်တာက နှစ်ဖက် ထိခိုက်ကျဆုံးမှု ထပ်မဖြစ်အောင် ဖြစ်နိုင်တယ်၊ နောက်တစ်ခါ “ဝ” ဝင်ထိုင်ခြင်းအားဖြင့် လေကြောင်းအသုံးပြုပြီးတော့ တိုက်ခိုက်မှုကို လျော့နိုင်တဲ့အခါကြတော့ မြို့ပြမပျက်စီးဘူးပေါ့ဗျာ၊ အဓိကတော့ မြို့ပြတွေကို သိမ်းတယ်၊ ပြုတယ်တို့ ပြောပေမယ့် အဲဒီမြို့ပြက လူသူ မရှိ တော့ဘဲနဲ့ ပျက်စီးပြီးတော့ အိမ်ပျက်တွေ တိုက်ပျက်တွေ ဖြစ်နေရင်လည်း ဘာမှ အကျိုးမရှိဘူးဗျ၊ အင်္ဂတေပုံကြီး ကို စောင့်နေရသလို ဖြစ်တော့ မြို့ပြက မြို့ပြအတိုင်း ရှင်သန်ပြီးတော့ သူ့ရဲ့စုဖွဲ့ပုံ မပျက်ဘဲနဲ့ အုပ်ချုပ်မှုတာ လွှဲပြောင်းသွားတယ်ဗျာ၊ အရင်အုပ်ချုပ်တဲ့လူက တစ်မျိုး၊ ရောက်လာတဲ့သူက အစားထိုးအုပ်ချုပ်တယ်၊ ကောင်း အောင်လုပ်ပေးတယ်၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ ပိုကောင်းအောင် လုပ်ပေးတယ်။ လုံခြုံမှုတွေ ပိုပေးတယ် ဆိုရင်တော့ ဒါက သိမ်းတယ်လို့ ခေါ်တာကိုးဗျ၊ သိမ်းတယ်ဆိုတာ ပြာပုံကြီးဖြစ်မှ သိမ်းတယ်လို့ ပြောလို့က မဖြစ် ဘူးလေ၊ ဒါကြောင့် “ဝ”က ဝင်ပြီးတော့ ထိန်းသိမ်းတဲ့ သဘောလို့ ကျနော်ယူဆတယ်ဗျ” ဟု ပြောသည်။

လားရှိုးမြို့က ပျက်စီးနေသော အဆောက်အအုံကို တွေ့ရစဉ်
လက်ရှိ လားရှိုးမြို့တွင် မြန်မာ့တပ်မတော်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ပူးပေါင်းမဟာမိတ်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့ကလည်း လားရှိုးမြို့နှင့် မိုင် ၇၀ ဝန်းကျင်ဝေးသော တန့်ယန်းမြို့ကို UWSA တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့သည်။
ရှမ်းမြောက်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခမှာ ရှမ်းတောင်သို့ ကူးစက်လာပါက အခြေအနေမှာ ရှုပ်ထွေးသွားနိုင်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးနည်းဖြင့် ဆွေးနွေးရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ စဝ်ခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု လောလောဆယ်က ရှမ်းပြည်က ရှမ်းမြောက်က အခြေအနေတစ်မျိုး၊ ရှမ်းတောင်က အခြေအနေ တစ်မျိုး၊ ရှမ်းအရှေ့ပိုင်းမှာ အခြေအနေတစ်မျိုး သူက ဖြစ်နေတာကို အဲဒီတော့ အခြေအနေဟာ ရှမ်းတောင်မှာ ဖြစ်နေတဲ့ အခြေအနေကို အခုလောလောဆယ်မှာတော့ သူဟာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ပြောသလို ရှမ်း တောင်ရဲ့ တစ်စိတ်တစ်ပိုင်းကတော့ အိုအေစစ်လေးလို ဖြစ်နေတာကို ရှမ်းပြည်အရှေ့ပိုင်းလည်း အတူတူပဲ၊ ဒါပေမဲ့ ဒီအခြေအနေဟာ ပြောင်းလဲလာနိုင်တယ်၊ ပြောင်းလဲလာနိုင်တာ အကောင်းဖက်ကို ပြောင်းလဲလာမလား၊ အဆိုးဖက်ကို ပြောင်းလဲလာမလား ကျနော်တို့ ပြောလို့ မရဘူး။ အဆိုးဖက်ကို ပြောမယ်ဆိုလို့ရှိရင် သူက ရှမ်းမြောက်ဆိုရင် အခြေအနေက ဒီအတိုင်းထားဖို့ မရဘူး။ ကျနော်တို့ ရှမ်းတောင်ကိုလည်း ရွှေ့ဖို့လိုတယ်၊ ရှမ်း အရှေ့ကိုလည်း ရွှေ့ဖို့လိုတယ်ဆိုတဲ့ အတွေးအခေါ် မျိုးရှိရင်တော့ ပိုရှုပ်လာနိုင်တာပေါ့၊ ဒီလိုမှ မဟုတ်ဘဲနဲ့ ကျနော် တို့ အားလုံးဆွေးနွေးဖို့ လိုတယ်၊ အခုလောလောဆယ်ဆိုရင် UWSP က သော်လည်းကောင်း၊ RCSS က သော် လည်းကောင်း အားလုံးသက်ဆိုင်ရာတို့ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖို့ လိုတယ်ဆိုတာကို အားလုံး လက်ခံနိုင်လို့ရှိရင် သိပ်ပြီးတော့မှ မျှော်လင့်ချက်ကောင်းပါတယ်” ဟု ပြောသည်။

လားရှိုးမြို့ထဲမှာတွေ့ရတဲ့ MNDAA တပ်ဖွဲ့
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စတင်ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့ သိမ်းပိုက်ရရှိခဲ့သော ဟိုပန်နှင့် ပန်လုံမြို့ကို UWSA က ထိန်းချုပ်လိုက်ပြီး ၎င်းတို့၏ အုပ်ချုပ်မှု အောက်ကို ထည့်သွင်းလိုက်သည်။
လက်ရှိ မြန်မာနိုင်ငံသည် စစ်ရေးပဋိက္ခကြောင့် နိုင်ငံတော်တစ်ခုလုံး ပြိုကွဲမည့် အနေအထားကို ရောက်ရှိနေပြီး စီးပွားရေးကပ်ဆိုက်ခြင်း၊ ထုတ်လုပ်မှု ရပ်ဆိုင်းခြင်း၊ ကုန်သွယ်မှု ရပ်တန့်ခြင်းနှင့် လုပ်ငန်းများ အသီးသီး ထိခိုက် ပျက်စီးမှုများကြောင့် ပြည်သူများ၏ ဘဝမှာ မျှော်လင့်ချက်မဲ့သော အခြေအနေကို ရောက်ရှိနေခြင်းကြောင့် ပြဿနာများကို တွေ့ဆုံဆွေးနွေးမှု အပါအဝင် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းကြရန် UWSP/UWSA က ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန်ခဲ့သည်။
အလားတူ မိမိ၏ အင်အားဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးသွားမည်ဟုလည်း UWSP/UWSA က ထုတ်ပြန်ခဲ့ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 4681
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁
ပြည်ပနိုင်ငံတချို့သည် လက်နက်ကိုင်များကို ငွေကြေးရရှိအောင်၊ အစားအသောက်ရရှိအောင်၊ ဆေးဝါးရရှိ အောင်နှင့် လက်နက်ခဲယမ်း မီးကျောက်နှင့် နည်းပညာများ ရရှိအောင် ထောက်ပံ့ပေးနေသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့က ကျင်းပခဲ့သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိမိတို့ အနေဖြင့် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေး ရရှိရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များနှင့်တွေ့ဆုံ ဆွေးနွေးလျက်ရှိပြီး နှစ်ဖက် ဆွေးနွေးချက်များမှ ရရှိလာသည့် သဘောထား မှတ်ချက်များကို Union Accord အဖြစ် မှတ်တမ်းတင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး
တော့လည်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

မန္တလေး PDF က ဒရုန်းနည်းပညာကို သုံးစွဲနေစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံ အပေါ် ၎င်းတို့လိုချင်သည့် လက္ခဏာမျိုး ရရှိစေရန် ပြည်ပနိုင်ငံအချို့သည် လက်နက်ကိုင်သောင်းကျန်းသူများ၊ နိုင်ငံရေး သဘောထား ကွဲလွဲသူများမှ အကြမ်းဖက်လမ်းစဉ်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများကို ငွေကြေးရရှိအောင်၊ အစားအသောက် ရရှိအောင်၊ ဆေးဝါးရရှိအောင်၊ လက်နက်ခဲယမ်း မီးကျောက်ရရှိအောင်၊ နည်းပညာများရရှိ အောင်၊ အုပ်ချုပ်ထောက်ပံ့မှု အခွင့်အလမ်းများရရှိအောင် လုပ်ဆောင်လျက်ရှိသည်”ဟု ပြောသည်။
သို့သော် မည်သည့် နိုင်ငံများဖြစ်သည်ကိုတော့ နစကဥက္ကဋ္ဌက ထည့်သွင်း ပြောသွားခြင်းတော့ မရှိပေ။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသူ ၁ သန်းကျော်ရှိလာသလို မြို့၊ ကျေးရွာ၊ ရပ်ကွက်များ ပျက်စီးမှုများလည်း ရှိလာနေသည်။
ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင် KIA၊ TNLA၊ MNDAA၊ AA ၊ PDF တို့နှင့် မြန်မာ့တပ်မတော်ကြား ဖြစ်ပွားနေသော တိုက်ပွဲများတွင် လက်နက်ကိုင်အဖွဲ့များသည် ပြည်ပနိုင်ငံတချို့ကနေ ဒရုန်းနည်းပညာများနှင့် လက်နက်ခဲယမ်းများအထောက် အပံ့များ ရရှိခဲ့ကြသည်ဟု ပြည်တွင်းရှိစစ်ရေးအကဲခတ်များက ပြောသည်။

TNLA ကို တွေ့ရစဉ်
ထိုသို့ ထောက်ပံ့ကူညီမှုများ လက်နက်ကိုင်များရရှိခဲ့ခြင်းကြောင့် မြန်မာ့တပ်မတော်၏ စစ်စခန်းပေါင်းမြောက် များစွာကို သိမ်းပိုက်နိုင်ခဲ့သလို မြို့နယ်များကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ထောက်ပြကြသည်။
မြန်မာနိုင်ငံသည် တရုတ်နှင့် အမေရိကန်ကြားမှာ Proxy War အဖြစ် အသုံးချခံနေရသည်ဟု ပြည်တွင်းရှိ နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး တို့တွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိ နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2426
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁
မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် အလှမ်းဝေးသွားပြီးလားဆိုသည့်အပေါ် မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းကြား သဘောထား အမြင်ကွဲလွဲမှုများ ဖြစ်ပေါ်နေသည်။
လက်ရှိ မြန်မာ့တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှာလည်း တိုက်ခိုက် သိမ်းပိုက်၍ရသော နယ်မြေများအား မိမိတို့နယ်မြေအဖြစ် သတ်မှတ်နေပြီး ပြည်ထောင်စုအရေးထက် မိမိတို့ အဖွဲ့အစည်းအရေးကို ဦးစားပေး လုပ်ဆောင်နေကြောင်း သုံးသပ်သူများက ပြောသည်။
တိုက်ပွဲဝင်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာလည်း ခံယူချက်များ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း၊ နိုင်ငံသားအားလုံး၏ အကျိုးအတွက် တစ်ဖက်နှင့်တစ်ဖက် အလျော့အတင်း လုပ်ဆောင်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “အခုက တိုင်းရင်းသား တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ ခံယူချက်တွေ ပြောင်းလဲသွားပြီ။ သာမန်အားဖြင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာထက် မိမိတို့အနေနဲ့ မိမိတို့ ရပ်တည်ချက် ဆန္ဒတွေ အားလုံး ကွဲပြားသွားပြီဆိုတော့ ဒီကိစ္စတွေကို ညှိနှိုင်းဆောင်ရွက်ဖို့အတွက် နိုင်ငံတကာက ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို နောက်တစ်ခုက အဓိကတော့ မြန်မာနိုင်ငံမှာ ပါဝင်နေတဲ့ Stakeholders တွေပေါ့၊ ပါဝင် လှုပ်ရှားနေတဲ့ အဓိက အင်အားစုတွေရဲ့ စိတ်စေတနာအပေါ်မှာလည်း မူတည်မယ်လို့ ထင်ပါတယ်။ ပြည်ထောင်စု အထဲမှာရှိတဲ့ ပြည်ထောင်စု နိုင်ငံသားတွေ အားလုံးရဲ့ အကျိုးအတွက် ငါတို့အနေနဲ့ကတော့ စေတနာ သန့်သန့်နဲ့ တစ်ဖက်ကိုတစ်ဖက် အလျော့အတင်း လုပ်ပြီးတော့ ဆွေးနွေးညှိနှိုင်းချင်တဲ့ စိတ်ဆန္ဒ မရှိသမျှ ကာလပတ်လုံး ဒီနိုင်ငံရေးပြဿနာကို ဘယ်လိုနည်းနဲ့မှ ဖြေရှင်းနိုင်မယ်လို့ မယူနိုင်ပါဘူးခင်ဗျ” ဟု ပြောသည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော် ပြန်လည်ဆုတ်ခွာခဲ့သည့် မြို့နယ်အချို့မှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းအကြား နယ်မြေအငြင်းပွားမှု၊ အုပ်ချုပ်ရေးယန္တရား အားပြိုင်မှုများ ဖြစ်ပေါ်ခဲ့ပြီး ထိတွေ့ ပစ်ခတ်မှုများလည်း ရှိခဲ့သည်။
မိမိရရှိသည့် နယ်မြေ မိမိယူမယ်ဆိုသည့် အစွဲမျိုး ယခင်ကတည်းက ရှိခဲ့ကြောင်း၊ လူ့အခွင့်အရေးကို အလေးထား မအုပ်ချုပ်နိုင်ပါက ရေရှည်စစ်ပွဲဖြစ်ပွားနိုင်သည့် အသွင်သဏ္ဍာန် ဆောင်လိမ့်မည်ဖြစ်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် ပါဝင်နေသူ စဝ်ခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံကို တွေ့ရစဉ်
၎င်းက “ဒီအခြေအနေမှာဆိုလို့ရှိရင် ကိုယ်ရတာ ကိုယ်ယူတယ်ဆိုတာက ဒီဟာက ဖြစ်စဉ်တစ်ရပ်ဖြစ်ပေမယ့်၊ ဒီခေတ်မှာတော့ ဘာလိုလဲဆိုတော့ ကိုယ်ရတာ ကိုယ်ယူမယ်ဆိုပေမယ့် အရင်တုန်းကဆိုလို့ရှိရင် အင်္ဂလိပ်တွေ အုပ်စိုးတုန်းကဆိုရင် အင်္ဂလိပ်က ယူထားတာပဲ၊ အင်္ဂလိပ်က ယူထားပေမယ့်၊ သူတို့အုပ်ချုပ်တဲ့ နယ်မြေတွေ တိုင်းပြည်တွေကို သူတို့က လူ့အခွင့်အရေးကို လေးစားမှုရှိတယ်။ လူ့အခွင့်အရေးကို အရေးထားတယ်၊ ကျနော်တို့ ရှမ်းပြည်ဆိုလို့ရှိရင် စော်ဘွားတွေ အုပ်ချုပ်နေတာကို စနစ်တွေကို မဖျက်ခဲ့ဘူး။ ဒါပေမဲ့ စော်ဘွားတွေဟာ သူတို့ရဲ့ အုပ်ချုပ်တဲ့နယ်မြေထဲမှာ ရှိနေတဲ့ လူထုတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကို လေးစားရမယ်၊ မစော်ကားရဘူး။ မဖျက်ဆီးရဘူး။ သူတို့ရဲ့ အခွင့်အရေးတွေကို မကျူးလွန်ရဘူး။ စသည်ဖြင့် ဒီလိုမျိုးစည်းမျဉ်းတွေ ချမှတ်ပြီးတော့မှ သူတို့ရဲ့ စော်ဘွားဖြစ်မှုကို အသိအမှတ်ပြုခဲ့တဲ့ စာတွေ တွေ့ရပါလိမ့်မယ်၊ ဒီလိုမျိုးဖြစ်မယ်ဆိုလို့ရှိရင် ကျနော်တို့ နိုင်ငံဟာ ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ် ဒါဟာ အေးချမ်းတဲ့ နိုင်ငံဖြစ်နေတာပဲပေါ့။ ဒီလိုမျိုး မအုပ်ချုပ်ဘဲနဲ့ ငါရတဲ့ နေရာမှာ ငါကြိုက်သလို အုပ်ချုပ်မယ်ဆိုလို့ရှိရင်တော့ ဒါဟာ ရေရှည်ငြိမ်းချမ်းရေး မရနိုင်ဘူး။ ရေရှည်စစ်ပွဲဖြစ် မယ့် သဏ္ဍာန်ကိုပဲ ဆောင်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မည်ဟု အသီးသီး ပြောဆိုထားကြသည့် နစက နှင့် NUG တို့သည်လည်း မည်ကဲ့သို့ ဖက်ဒရယ်ပြည်ထောင်စုများ တည်ဆောက်မလဲဆိုသည်ကို တရားဝင် ချပြ ခြင်း မရှိသည်ကို တွေ့ရသည်။
ထို့အတူ လက်နက်ကိုင် တိုက်ပွဲဝင်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာလည်း ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ကွန်ဖက်ဒရေးရှင်းအဆင့် ရရှိရေး မတူညီသည့် ပုံစံများဖြင့် လုပ်ဆောင်လျက်ရှိနေသည်။
