- By CNI
- Category: နိုင်ငံရေး
- Hits: 2479
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၉
ပြည်တွင်းပြဿနာများကို ဖြေရှင်းနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်း စည်းလုံးရန် လိုအပ်ကြောင်း ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA)မှ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများကို အဖြေရှာရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း၊ မြန်မာပြည်တစ်ခုလုံး မပျက် စီးရန် အချင်းချင်း ညှိနှိုင်းတိုင်ပင်၍ လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောသည်။
ZRA မှ အရှေ့ပိုင်းဒါရိုက်တာ ပူဇိုထန်က “အဖြေက ပြောရခက်တယ်၊ ကျနော်တို့ မြန်မာ့နိုင်ငံရေး အခြေနဲ့ကလေ။ အခု တောင်ပေါ်သားတွေက တစ်ပိုင်း၊ ကျနော်တို့ တိုင်းရင်းသားတွေထဲမှာလည်း အဖွဲ့အစည်းအသီးသီးက ကျနော် တို့ ချင်းပြည်နယ်တစ်ခုထဲ မဟုတ်ဘူးဗျ၊ မြောက်ပိုင်း ညီနောင်တွေရှိတယ်၊ အရှေ့ပိုင်းမှာ ရှမ်းလက်နက်ကိုင်တွေ ရှိတယ်။ အဲဒီကြားထဲမှာ ကျနော်တို့က အဖြေရဖို့က လောလောဆယ်မှာတော့ ခက်နေဦးမယ်၊ ဒါပေမဲ့ ရေရှည်မှာ ကျနော်တို့ မြန်မာနိုင်ငံတစ်ခုလုံး မပျက်စီးအောင် ကျနော်တို့ အချင်းချင်း ညှိပြီးတော့လေ ကျနော်တို့က တကယ့် လက်နက်ကိုင် အင်အားကြီးတဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေ ကျနော်တို့ ကရင်တွေ၊ ရှမ်းတို့ AA တို့ အခြား လက်နက်ကိုင် အဖွဲ့အစည်းငယ်လေးတွေတော့ မဆိုလိုဘူးပေါ့နော်၊ ကျနော်တို့ အချင်းချင်းကြားထဲမှာ အဖြေရှာ မယ့် နည်းလမ်းတစ်ခု မလုပ်လို့ရှိရင်တော့ ကျနော်တို့ တိုင်းပြည်က ဒီအချိန်မှာတော့ နည်းလမ်းရှာဖို့က ခက်တယ်။ မလွယ်လောက်ပါဘူး၊ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ပြည်နယ်ကိုယ် အဲဒီပုံစံနဲ့ သွားတဲ့အခါကြတော့ အဲဒီစိတ်ထားကို ပစ်ပယ်ထားပြီးတော့ အခု စစ်အစိုးရကိုယ်တိုင် မပါရင်တောင်ပေါ့နော်၊ တိုင်းရင်းသား အချင်းချင်း ညီကိုကြားထဲ မှာ စစ်အာဏာရှင်နဲ့ ဘယ်လိုရင် ဘယ်လိုကောင်းမယ်ဆိုပြီးတော့ ကိုယ့်အပိုင်းမှာ တိုင်းရင်းသားအပိုင်းမှာ စည်းလုံးညီညွတ်မှု အရင်တည်ဆောက်ရင်တော့ စစ်အာဏာရှင်စနစ်နဲ့ တိုင်ပင်ဆွေးနွေးတဲ့ နေရာမှာ ထိရောက်မှု တော့ ရှိနိုင်တယ်၊ မဟုတ်ဘဲနဲ့ တစ်ယောက်တစ်ပေါက်ပေါ့နော်၊ KIA ကချင်လက်နက်ကိုင်တွေက တစ်မျိုး၊ ရှမ်း တွေက တစ်မျိုး လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်က အဖြေရှာဖို့ လောလောဆယ်မှာတော့ ပြောရခက်တယ်” ဟု ပြောသည်။

တိုင်းရင်းသားလူမျိုးများကို တွေ့ရစဉ်
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တစ်စုတစ်စည်းတည်း မရှိဘဲ အပစ်ရပ် လက်မှတ်ထိုးထားသည့်အဖွဲ့၊ တောင်ပိုင်းအဖွဲ့၊ မြောက်ပိုင်းအဖွဲ့ ၊ အနောက်အုပ်စုနှင့် နီးစပ်သောအဖွဲ့၊ တရုတ်နှင့် နီးစပ်သောအဖွဲ့ စသဖြင့် ကွဲပြားနေကြောင်း ထောက်ပြမှုများ ရှိနေသည်။
လက်ရှိတွင်လည်း အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့မှာ နစကနှင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးလျက်ရှိနေသလို အချို့သော အဖွဲ့အစည်းများမှာ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။
ယခင်က မိမိတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့ဖြင့် အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ လက်ရှိမှာ ယုံကြည်မှု ကျဆင်းနေကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း က CNI သတင်းဌာနသို့ ပြောသည်။

အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များကိုတွေ့ရစဉ်
၎င်းက “ကျမတို့က ၂၀၁၂၊ ၂၀၁၃ မှာဆိုလို့ရှိရင် ကျမတို့ ၂၁ ဖွဲ့ပေါ့၊ EAO ၂၁ ဖွဲ့နဲ့ UPWC ပေါ့လေ၊ အဲဒီအဖွဲ့နဲ့ အစိုးရဖက်က အဖွဲ့နဲ့ ဆွေးနွေးခဲ့ကြတယ်၊ ပထမဆုံးမှာဆိုလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်နေတဲ့ အနေအထားကနေပြီးတော့မှ ကျမတို့ စကားပြောလာခြင်းကနေပြီးမှ ယုံကြည်မှုတွေ တည်ဆောက်လာကြတယ်၊ အခုတော့ ယုံကြည်မှုတွေက ကျဆင်းနေကြတယ်။ ယုံကြည်မှုတွေ ကျဆင်းနေရတဲ့ အနေအထားမှာ ဘယ်လိုမှ လုပ်ပါ၊ ဘယ်လိုမှ ဖြစ်မယ်ဆိုတာမျိုးကို ကျမတို့က တပ်အပ်ဖြစ်နိုင်ဖို့ အင်မတန်မှ ခက်ခဲတယ်၊ ဒါပေမဲ့ စကားဝိုင်း ပေါ်ပေါက်လာဖို့ အတွက်ကိုတော့ တွန်းအားပေးကြဖို့ အများကြီး လိုတယ်လို့ ကျမမြင်ပါတယ်၊ ကျမဆိုလိုရှိရင် လည်းပဲ အရင်က စကားဝိုင်းဆွေးနွေးပွဲကို ကျမ ငယ်ငယ်တုန်းကဆိုရင် အယုံအကြည်မရှိခဲ့ဘူး။ ဒါပေမဲ့ စကားဝိုင်း မှာ ကျမတို့ တစ်ဖက်နဲ့တစ်ဖက် တစ်ဦးနဲ့တစ်ဦး စကားပြောလာကြတဲ့အခါမှာ ယုံကြည်မှုတွေ ကျမတို့ ရလာခဲ့ကြ တယ်၊ အဓိက-ကတော့ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း များလာလေလေ တစ်ဦးကိုတစ်ဦး ယုံကြည်မှုတွေ ရှိလာ လေလေ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိ တိုင်းပြည်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီအချို့၊ တိုင်းရင်းသား အင်အားစုများ၊ အာဆီယံ အပါအဝင် နိုင်ငံတကာ အင်အား စုအချို့က ကြိုးပမ်းလုပ်ဆောင်နေသော်လည်း ပြေလည်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2846
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၈
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ လျော့ကျသွားအောင် မလုပ်နိုင်သေးသည့်တိုင်အောင် နိုင်ငံရေးကောင်းရန် လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြပြောဆိုလျက်ရှိနေသည်။
လက်ရှိ နိုင်ငံရေးဘောင် ကျဉ်းသွားသည့်အတွက် စစ်ဘောင်ကျယ်လာကြောင်း၊ ထို့အတူ မိမိတို့ ရခိုင်အမျိုးသား ပါတီ (ANP) မှတ်ပုံတင် ငြင်းပယ်ခံရသည်အထိ နိုင်ငံရေးဘောင် ကျဉ်းသွားကြောင်း ANP မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစကတည်းက မြန်မာနိုင်ငံမှာဖြစ်တဲ့ နိုင်ငံရေးဖြစ်စဉ်ကို အုပ်ချုပ်သူတွေလည်း သိတယ်၊ တိုက်နေတဲ့ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတွေလည်း သိတယ်။ အဲဒီတော့ အစကတည်းက ညှိနှိုင်းဆွေးနွေး မှုတွေ လုပ်ခဲ့မယ်ဆိုလိုရှိရင် ဒီလို ပြင်းထန်တဲ့ စစ်ပွဲ ပဋိပက္ခတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုက အဲဒီ အဆင့်တွေ ကျော်လွန်သွားပြီ ပြည်နယ်သား တိုင်းရင်းသားတွေကလည်း အရင်ယုံကြည်ခဲ့တဲ့ ဖက်ဒရယ်ပုံစံထက် အခုက အဆင့်မြင့်တဲ့ ကွန်ဖက်ဒရိတ်လို ပုံစံမျိုးတွေ တောင်းဆိုလာတဲ့ အဖွဲ့တွေ ရှိနေတယ်။ အဲဒါကြောင့် ဒီစစ်ရေးပဋိပက္ခကို ပြေလည်ငြိမ်းချမ်းနိုင်ဖို့ အတွက်ကတော့ စိတ်ကောင်းစေတနာနဲ့ နှစ်ဖက်ညှိနှိုင်းပြီးတော့ ဆွေးနွေးတိုင်ပင်ဖို့ပဲ ကျနော်တို့က မြင်ပါတယ်။ လက်ရှိ အခြေအနေမှာပဲ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ အတိုင်း လက်ခံပြီးတော့မှ တွေ့ဆုံဆွေးနွေးကြရင် နိုင်ငံရေး အဖြေတစ်ခု ထွက်မယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူ လူထုရဲ့ အကျိုးစီးပွားအတွက် ဘေးဒုက္ခအန္တရာယ် ရင်ဆိုင်နေရတဲ့ ပြည်သူလူထု အတွက်လည်း ငြိမ်းချမ်းတဲ့ တည်ငြိမ်တဲ့ အခြေအနေ တစ်ခုကို ဖန်တီးဖော်ဆောင်နိုင်မယ်လို့ မြင်ပါတယ်ခင်ဗျ” ဟု ပြောသည်။

မွန်လက်နက်ကိုင်ကိုတွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အပြောင်းအလဲများကြောင့် တိုင်းပြည် တစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ပြည်သူလူထုများမှာ စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင် ရှားပါးမှုများဖြင့် ရင်ဆိုင်နေကြရသည်။
လက်ရှိ လက်နက်ကိုင်ပဋိပက္ခအား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေသည့်တိုင် ပြေလည် နိုင်ခြင်းမရှိသေးဘဲ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေကြသော အဖွဲ့အစည်းများမှာ တစ်ဖက်နှင့် တစ်ဖက် အပြုတ်တိုက်ရေးကိုသာ လုပ်ဆောင်နေကြကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား ထောက်ပြလျက်ရှိသည်။
မိမိတို့၏ လိုလားချက်ကို နိုင်ငံရေးအရ စားပွဲဝိုင်းတွင် ဆွေးနွေးသင့်ကြောင်း၊ ဆွေးနွေးပွဲ တစ်ရပ်ပေါ်လာရန် နိုင်ငံရေးပါတီများက ကြိုးပမ်းလုပ်ဆောင်ရမှာ ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်
၎င်းက “အဲဒါကိုလည်း ကျနော်တို့က ဘာပဲဖြစ်ဖြစ် လက်နက်ကိုင်ခြင်း ပြဿနာက အဆုံးအဖြတ်တော့ မဟုတ် ဘူး။ စားပွဲဝိုင်းပေါ်မှာ အဆုံးအဖြတ်ဖြစ်အောင်တော့ ကျနော်တို့ ကြိုးစားကြရမှာ တိုင်းရင်းသားတွေရဲ့ လိုလားမှု ဘာရှိတယ်၊ ကျနော်တို့ နိုင်ငံတော်ဖက်ကနေပြီးမှ ဘာတွေ ဖြေလျှော့ပေးရမလဲ အဲဒါတွေဟာ အားလုံးက အခု ကျနော်တို့ နိုင်ငံရေးပါတီ ဖက်ကနေပြီးတော့ အင်တိုက်အားတိုက်လုပ်ဖို့တော့ လိုတာပေါ့၊ နိုင်ငံရေး ဆွေးနွေးပွဲ တွေ ဖြစ်လာဖို့တော့ နိုင်ငံရေးပါတီက အင်နဲ့အားနဲ့ လုပ်မှပဲ ပိုပြီးမှ တိုးတက်မယ်လို့ ကျနော့်အနေနဲ့ မြင်တာပေါ့” ဟု ပြောသည်။
နိုင်ငံရေးဘောင် ကျယ်ပြန့်လာရေး ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်ခံထားရသော ရခိုင်အမျိုးသားပါတီ (ANP)၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် (ZDC) အပါအဝင် နိုင်ငံရေးပါတီအချို့အား မှတ်ပုံတင်ခွင့် ပြုသင့်ကြောင်း၊ ထို့အတူ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားပြီး တစ်နှစ်ကျော်ကြာသည့်အထိ မှတ်ပုံတင်မကျသေးသော မွန်ညီညွတ်ရေးပါတီ (MUP) ကိုလည်း မှတ်ပုံတင်ခွင့် ပြုသင့်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား ထောက်ပြလျက်ရှိနေသည်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ်မကုန်ခင် လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူ သွားမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 4458
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၇
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် ငြိမ်းချမ်းရေး လမ်းစဉ်အရ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် မှာရှိနေကြောင်း ALP မှ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
ထို့အတူ စစ်ရေးအနေအထားမှာ မိမိကိုယ်ကိုယ် ကာကွယ်ရန် သတိဖြင့် ရှိနေကြောင်း၊ စစ်တွေမြို့ လုံခြုံရေး အတွက် ပြည်သူ့အိုးအိမ်စီမံကိန်းကို လုပ်ဆောင်နေကြောင်း ပြောသည်။
ALP မှဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက “ကျမတို့က ဒီငြိမ်းချမ်းရေးကတော့ နဂိုသွားနေတဲ့ ပုံစံအတိုင်းပါပဲ။ ငြိမ်းချမ်းရေး လမ်းစဉ်နဲ့ပဲ ကျမတို့က သွားတယ်၊ ဒီငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ တစ်စိုက်မတ်မတ် ရပ်တည်ပြီးတော့မှ ဆွေးနွေးမှုတွေကို လုပ်နေတယ်။ စစ်ရေးကတော့ ကျမတို့က ဘယ်သူ့ကိုယ်မှ ရန်မပြုဘူးပေါ့၊ မိမိကိုယ်ကိုယ်မိမိ ကာကွယ်တဲ့အနေနဲ့ သတိနဲ့နေတယ်၊ ဒါပဲ ကျမတို့က စစ်ရေးအနေနဲ့ ရှိပါတယ်။ သူတစ်ပါးကို သွားရောက်ပြီးတော့ ရန်ပြုမယ်လို့ ကျမတို့ မရှိဘူး။ နောက်တစ်ခုက ကျမတို့က အဓိကထားပြီး လုပ်တာက စစ်တွေမှာဆိုလို့ရှိရင် ပြည်သူတွေက အာလုံး အိမ်တွေယာတွေကို ပစ်ပြီးမှ ထွက်ခွာသွားကြတယ်၊ စွန့်ခွာသွားကြ တယ်၊ အဲဒီမှာ သူခိုးတွေက အရမ်းများတယ်၊ အဲဒီတော့ ပြည်သူအိုးအိမ်တွေကို ကာကွယ်စောင့်ရှောက်တဲ့အနေနဲ့ နေ့တိုင်းကင်းလှည့်ပြီးတော့မှ ပြည်သူတွေနေအိမ်ကို မဖျက်ဆီးရအောင် ကျမတို့ ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ အားလုံးကို လုံလောက်လားဆိုတော့ မလုံလောက်ဘူး။ ရေနံဆီ၊ ဓါတ်ဆီဆိုတာ တအားဈေးကြီးတော့ ကျမတို့ အချိန်တိုင်းတော့ မလုပ်နိုင်ဘူး။ ဒါပေမဲ့ တစ်ခါတစ်ခါကြလို့ရှိရင် သူခိုးတွေကို တွေ့တယ်၊ တွေ့တယ်ဆိုလို့ ရှိရင် ကျမတို့က ပြန်လည်ထိန်းသိမ်းတယ်၊ ခေါ်ယူလာတယ်၊ သူတို့ကို ဆုံးမတယ်၊ အဲဒီလို ပြည်သူ့အိုးအိမ်စီမံကိန်းကို ကျမတို့ လုပ်ပါတယ်” ဟု ပြောသည်။

ALP က ရခိုင်လူထုကို အစားအသောက်များ ထောက်ပံ့ပေးနေစဉ်
လက်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဟုဆိုပြီး မြို့ခံအများအပြား မြို့မှ စွန့်ခွာ နေကြပြီဖြစ်ကြောင်း၊ စစ်တွေမြို့ကို မြန်မာ့တပ်မတော်၊ ALP တို့က ထိန်းသိမ်း၍ လှုပ်ရှားနေကြောင်း ဒေသခံများ က ပြောသည်။
စစ်တွေမြို့ခံတစ်ဦးက “ရခိုင်ပြည်၊ စစ်တွေက လူတွေရဲ့ လုံခြုံရေးကို သူတို့က (ALP) က လုပ်ပေးတယ်ဆိုရင် သူခိုးသူဝှက်ဆိုတာ မရှိစေရဘူး။ အခုဆိုရင် စစ်တွေမြို့မှာ အိမ်လေးသွယ်ထားတဲ့ မီးကြိုးတွေဆိုတာ စစ်တွေ တစ်မြို့လုံးနီးပါးကို ကုန်နေပြီ” ဟု ပြောသည်။
လက်ရှိတွင် ALP အနေဖြင့် အပစ်ရပ် လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွေ့ဆုံ ဆွေးနွေးလျက်ရှိနေ သည်။
ဒေါ်စောမြရာဇာလင်းက “နောက်တစ်ခုက စစ်ရှောင်လာကြတဲ့ ပြည်သူတွေကို ဆေးဝါးကုသပေးပါတယ်။ ဆေးဝါ ကုသပေးတယ်၊ တစ်ခါတစ်ခါကြလို့ရှိရင် ရိက္ခာတွေကို ပြည်သူတွေဆီက အလှူခံတယ်၊ ရနိုင်သမျှတော့ နေရာများ က ရိက္ခာတွေကို စုဆောင်းပြီးမှ ကျမတို့ ပြည်သူတွေကို ဖြန့်ဝေတယ်ဆိုတဲ့ အလုပ်တွေကိုတော့ ကျမတို့ လုပ်ပါ တယ်။ ဆက်လက်ပြီးတော့လည်း ရိက္ခာအခက်အခဲ ရှိကြတဲ့ ပုဂ္ဂိုလ်တွေကို ကျမတို့ ရှေ့ဆက်လှူဒါန်းပေးဖို့ အတွက် ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ ဆေးဝါးကတော့ နေ့တိုင်း ကုသပေးနေပါတယ်။ အနည်းဆုံးကတော့ တစ်နေ့ကို စစ်တွေဝန်းကျင် အနေနဲ့ဆိုလို့ရှိရင် တစ်နေ့ကို လူ ၄၀ နဲ့ ၅၀ ကြားမှာ ကျမတို့ ဆေးခန်းကို ရောက်တာ ရှိပါတယ်။ အဲဒါကတော့ အခမဲ့ ကုသပေးတဲ့ ကူညီမှုပဲဖြစ်ပါတယ်။ ဒီအလုပ်တွေကိုတော့ ကျမတို့ လုပ်နေပါတယ်” ဟု ပြောသည်။

NSPNC နဲ့ လက်နက်ကိုင်များ တွေ့ဆုံဆွေးနွေးစဉ်
စစ်တွေမြို့ခံနှင့် တိုက်ပွဲရှောင်များကို ဆေးဝါးကုသမှု၊ လုံခြုံမှုများပေးရန် ALP ၏ အထက်လူကြီးက မူဝါဒရှိသော် လည်း အောက်ခြေတွင် ကွဲလွဲမှုရှိသည်ဟု မြင်မိကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
၎င်းက “စစ်ဘေးရှောင်တွေကို ဆေးကုသပေးနေတယ်ဆိုတာ ဒေါ်စောမြရာဇာလင်းက သူခိုင်းချင် ခိုင်းထားလိမ့် မယ်၊ ဒါပေမဲ့ အောက်က သူ့ရဲ့ လက်အောက်ငယ်သားတွေက မလုပ်တာပဲလို့ အန်တီကတော့ ထင်တယ်ပေါ့နော်၊ ဒေါ်စောမြရာဇာလင်းက အကောင်းလုပ်ခိုင်းပါလိမ့်မယ်၊ စောစောက ပြောတဲ့ ဒေါ်စောမြရာဇာလင်းက စစ်တွေကို လုံခြုံအောင်၊ လုံခြုံမှုတွေရှိအောင်လို့ သူခိုး၊ ဓါးမြတွေရန်က ကင်းအောင်လို့ သူတို့ကာကွယ်ပေးတယ်ဆိုတာလည်း ဒေါ်စောမြရာဇာလင်း အနေနဲ့ သေချာလေ့လာပြီးတော့ ဟုတ်မဟုတ် ဆိုတာလည်း သိစေချင်တယ်ပေါ့နော် အန်တီတို့ မြို့သူမြို့သား အနေနဲ့ကတော့” ဟု ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် စစ်တွေမြို့မှာ အခြေပြု လှုပ်ရှားလျက် ရှိကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3382
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၇
၂၀၂၅ ခုနှစ်တွင် ကြားကာလက တော်လှန်ရေးအစိုးရ ပေါ်ပေါက်နိုင်အောင် ကြိုးပမ်းသွားမည်ဟု တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။
သြဂုတ် ၁၇ ရက်နေ့ မိုးကုတ်မြို့တွင် ရပ်ရွာလူထုနှင့် TNLA အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံကြစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်တားဘုန်းကျော်က “လတ်တလော ကာလအတွက် အုပ်ချုပ်ရေးလုပ်ငန်းများကို PSLF/TNLA မှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်၌ ကြားကာလ တော်လှန်ရေးအစိုးရ၊ PSLF/TNLA နှင့် အရပ်သားများ ပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်း ပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရ ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသွားမည်”ဟု ပြောသည်။
TNLA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ရှမ်းပြည် နယ်မြောက်ပိုင်းရှိ နမ္မတူ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ ကွက်ခိုင်၊ နမ့်ခမ်း၊ မိုင်းလုံ စသည့် မြို့နယ်များကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားများ ထူထောင်လျက်ရှိနေသည်။

ဗိုလ်ချုပ်တားဘုန်းကျော်ကို တွေ့ရစဉ်
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဆက်လက် ဖော်ဆောင်ကာ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စသည့် မြို့နယ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားများ ထူ ထောင်ရန် ပြင်ဆင်နေသည်။
TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ် တို့သည် သြဂုတ် ၁၅ ရက်မှ ၁၈ ရက်နေ့အထိ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် ဒေသများ သို့ သွားရောက်ကာ လူထုတွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
လက်ရှိမှာလည်း TNLA သည် မန္တလေးတိုင်းဒေသကြီးအတွင်းက မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကိုင်း တိုက်ပွဲများ တွင် မန္တလေး PDF နှင့်ပူးပေါင်း၍ တိုက်ခိုက်နေပြီး ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့ကို တိုက်ခိုက်ရန်လည်း စစ်ရေး ပြင်ဆင်မှုများပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။
တခြား တစ်ဖက်မှာတော့ TNLA၊ AA၊ MNDAA တို့နှင့် မြန်မာ့တပ်မတော်ကြား တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်ဆွေးနွေးပွဲကို (၅)ကြိမ်တိတိ တွေ့ဆုံဆွေးနွေးထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 4183
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၆
ပြည်တွင်းမှာ ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ပြည်သူလူထုမှာ ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ စစ်ပွဲများကြောင့် ပြည်သူလူထုများမှာ ဒုက္ခများဖြင့် ကြုံတွေ့နေရကြောင်း၊ ထို့အတူ လက်နက်ကိုင် အဖွဲ့အစည်းများမှာလည်း ပြည်သူလူထုထံက အထောက်အပံ့ တောင်းခံနေကြောင်း ၎င်းက ပြောသည်။
ပဒိုစောရွှေမောင်းက “လူထုတွေကတော့ ပြေးပြီးပြေးပြန်ပေါ့။ အခုက စားဖို့သောက်ဖို့ကလည်း အဆင်မပြေ၊ လုပ်ကိုင်စားသောက် ရတာလည်း အဆင်မပြေ၊ နေထိုင်ရတာလည်း အဆင်မပြေမှုတွေနဲ့ပဲ ဖြစ်နေတာပေါ့၊ ပြီးတော့ အခုက ရောဂါကလည်း ထပ်ပြီးတော့ ဖြစ်လာပြန်တယ်ဆိုတော့ ပိုဆိုးတာပေါ့၊ ပြေးနေရတဲ့ လွှားနေ ရတဲ့လူတွေ ပိုပြီးတော့ ဒုက္ခရောက်သထက် ရောက်သွားမှာပေါ့၊ မပြေးရပေမဲ့လည်း ဒီလိုမျိုး ပစ်ခတ်တိုက်ခိုက် နေကြတဲ့အပေါ်မှာ စိတ်ဆင်းရဲနေကြရတာပေါ့၊ ပြီးတော့ နှစ်ဖက်ကလည်း လူထုဆီမှာပဲ အထောက်အပံ့ အကူအညီတွေ တောင်းခံနေကြရတာကိုး၊ လူထုပဲ ဝန်ထုပ်ဝန်ပိုးတွေ ပိသထက် ပိုပြီးတော့ ပိလာတာကိုး” ဟု ပြောသည်။

ကရင်နီလက်နက်ကိုင်ကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပေါ်လာခဲ့ပြီး လက်နက်ကိုင်အဖွဲ့အစည်း ရာနှင့်ချီ၍ ပေါ်ထွက်ခဲ့သည်။
လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု တိုးလာတိုင်း ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးတစ်ခု တိုးလာကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ဝန်ပိတာတော့ တစ်နိုင်ငံလုံး ဝန်ပိတာပေါ့၊ ပြီးကြတော့ ပြည်သူဝန်ပိတာပေါ့၊ လက်နက်ကိုင် အဖွဲ့အစည်း တစ်ဖွဲ့ ထွက်တိုင်းလိုလို ပြည်သူမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု တိုးလာတာနဲ့ အတူတူပဲလေ၊ အခုက အားလုံးက တစ်နိုင်ငံလုံးက ဆူပူနေတော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။
လက်ရှိ လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေကြသော လက်နက်ကိုင်အဖွဲ့အစည်းများမှာ ပြဿနာကို ဖြေရှင်းရာမှာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းအား မနှစ်သက်ကြကြောင်း ပဒိုစောရွှေမောင်းက CNI သတင်း ဌာနသို့ ပြောသည်။

TNLA လက်နက်ကိုင်ကိုတွေ့ရစဉ်
၎င်းက “တစ်ဖက်နဲ့တစ်ဖက် မာန်မာနတွေ ရှိနေသရွေ့ကတော့ ကျနော်တို့လမ်းကြောင်းကို ဘယ်ကြိုက်မလဲ၊ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် အာဃာတတရားတွေကလည်း နာကြည်းမှုတွေကလည်း ဒီလိုမျိုးတာ ဆက်ပြီးတော့ ဆောင်ရွက် ပိုပြီးတော့ နာကြည်းမှုတွေ ထပ်ဖြစ်၊ ကျနော်တို့ တပ်ထဲမှာ ယုံကြည်မှုကို တည်ဆောက်ခါစပဲ ရှိသေးတယ်၊ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု အားကောင်းလာတယ်ဆိုလို့ရှိရင် ပြန်ပြီးတော့ သင့်မြတ်မှုတွေ ရှိလာမှာပေါ့၊ အခုက သင့်မြတ်မှု ရှိဖို့ဆိုတာထက် ပိုပြီးတော့ ဆိုးဝါးတဲ့ အခြေအနေကို ရောက် သွားပြီ။ ပိုပြီးတော့ နာကြည်းသွားမယ် တစ်ဖက်နဲ့ တစ်ဖက် ဖြစ်ပြီးတဲ့ဟာတွေကို သင်ပုန်းချေလိုစိတ်မှ မရှိတာကို ဒီလိုမျိုးသာ ဆက်ပြီးတော့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် သေကြေအနာတရဖြစ်ပြီးတော့ ပိုပြီးတော့ ဆိုးဝါးတဲ့ အခြေအနေမျိုးကို ရောက်သွားမှာပေါ့” ဟု ပြောသည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေကြသော လက်နက်ကိုင်အဖွဲ့အစည်းများမှာ တစ်ဖက်နှင့် တစ်ဖက် အပြုတ်တိုက်ရေးက ဦးတည်လုပ်ဆောင်နေကြကြောင်း နိုင်ငံရေးသမားများမှ ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) စသဖြင့် အဖွဲ့အစည်းပေါင်း မြောက်များစွာရှိနေ သည်။
အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငွေကြေးတောင်းခံမှု၊ ကန့်သတ်မှု၊ ထိန်းချုပ်မှု၊ ပိတ်ဆို့ အရေးယူမှုများ အကြား ပြည်သူလူထုမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေကြရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 4413
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၆
ပြည်သူ့လုံခြုံရေး(People Security)ကို လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးအသိ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နစကဥက္ကဋ္ဌက “ လုံခြုံရေးနှင့်ပတ်သက်၍ ဒေသအလိုက် လူတစ်ဦးတစ်ယောက်ချင်းစီမှ လုံခြုံရေးအသိ စိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူ့လုံခြုံရေး People Security၊ Public Security နှင့် ပတ်သက်၍ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက် ရန်လိုကြောင်း၊ မိမိတို့နေထိုင်သည့်ဒေသ ရပ်ကွက်၊ ကျေးရွာများအလိုက်၊ လမ်းများအလိုက် လုံခြုံရေးစနစ်များ တည်ဆောက်၍ ဆောင်ရွက်မည်ဆိုပါက နယ်မြေဒေသလုံခြုံရေးအတွက် များစွာအကျိုးရှိ ထိရောက်စေမည်”ဟု ပြောသည်။

ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာချက်ကို တွေ့ရစဉ်
ထို့နောက် ပြည်သူ့လုံခြုံရေး လုပ်ငန်းများနှင့် ပတ်သက်၍ Check, recheck, Counter Check များပြုလုပ်၍ အပြန်ပြန်အလှန်လှန် စစ်ဆေးနေရန် လိုအပ်မည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာများ နည်းလမ်းမျိုးစုံဖြင့် ထိခိုက်ခြင်းကြောင့် ဒေသအလိုက် ထိခိုက်မှုများကို ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်လိုပြီး လုံခြုံရေးအမြင်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ပြောသည်။
နစကသည် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ရေးအဖွဲ့ကို ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၆ ရက်နေ့က ဖွဲ့စည်းခဲ့သည်။
ထိုအဖွဲ့တွင် နယ်စပ်ရေးရာဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပြည်ထဲရေးဒုဝန်ကြီးနှင့် ကာကွယ်ရေးဒုဝန်ကြီး တို့က ဒုဥက္ကဋ္ဌများအဖြစ် တာဝန်ယူကြမည်ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
ထို့နောက် တွဲဖက်စစ်ထောက်ချုပ်၊ ဒုတိုင်းမှူးများ၊ နယ်လုံဝန်ကြီးများ၊ ရဲချုပ်၊ မီးသတ်၊ ထွေ/အုပ်များ လည်းပါဝင်ကြသည်။
လက်ရှိတွင် ပြည်သူ့လုံခြုံရေးအတွက် အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ ကျန်းမာသန်စွမ်းသော အမျိုးသား များကို တာဝန်ထမ်းဆောင်နိုင်ရန် မြန်မာ့တပ်မတော်ဘက်က စုဖွဲ့လျက်ရှိကြောင်း သတင်းများထွက်ပေါ်နေ သည်။
လတ်တလောတွင် မြန်မာနိုင်ငံတဝန်းလုံးမှာ မြန်မာ့တပ်မတော်နှင့် အတိုက်အခံ လက်နက်ကိုင်အင်အားစုများ ကြား နယ်မြေသိမ်းနှင့်အုပ်ချုပ်ရေးယန္တရားထူထောင်နိုင်ရေးအတွက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြ သည်။
အဆိုပါ တိုက်ပွဲများကြောင့် နယ်မြေမတည်ငြိမ်မှုများနှင့် တရားဥပဒေ စိုးမိုးမှုများ အားနည်းလာပြီး ခိုးဆိုးလုနှိုက် မှုများ၊ အုပ်စုဖွဲ့ ရန်ရှာမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ပေါ်ပေါက်လာနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3584
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်းကို မြန်မာ့တပ်မတော်က ကြီးမားသည့် စစ်ဆင်ရေး လုပ်ဆောင်လာနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြန်လည်ဖြစ်ပွားခဲ့ပြီး တပ်မတော်က မြို့အများစုကို လက်လွှတ်ခဲ့ရသည်။
လက်ရှိတွင်လည်း သီပေါမြို့တွင် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ပူးပေါင်းမဟာမိတ်နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ကိုးကန့်တပ်ဖွဲ့ကို တွေ့ရစဉ်
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “သူတို့ကတော့ သီပေါရယ်၊ ကျောက်မဲရယ် လားရှိုးရယ် မဟုတ်ပါဘူး။ သူဆုတ်ရမယ့် အချိန်မှာ ဆုတ်ထားပြီးတော့ သူပြန်ပြီးတော့ တိုက်ခိုက်မယ်ဆိုတာ ဘာညာဆိုတာ ကြီးမားတဲ့ စစ်ဆင်ရေးတွေ ရေးဆွဲပြီးတော့ ပြင်ဆင်မှုတွေ လုပ်ပြီးတော့ တိုက်လိမ့်မယ်ထင်တယ်။ အခုလောလောဆယ်ဆယ်တော့ ကောက်သိမ်းကောက်ပေါ့၊ ဟိုမြို့ကျလို့ ပြန်တိုက်၊ ဒီမြို့ကျလို့ ပြန်တိုက် အဲဒီလိုတော့ လုပ်မယ်လို့ ကျနော် မထင်ဘူးဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းမြောက်ဒေသအား ပြန်လည်ထိုးစစ်ဆင်ရန် တပ်မတော်က ဆင်ဖြူရှင်စစ်ဆင်ရေးကို သြဂုတ် ၁၃ ရက်မှာ ဖွဲ့စည်းခဲ့ပြီး ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင် ဦးဆောင်မှာဖြစ်ကြောင်း DVB သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို ဒုတပ်ချုပ်က ဦးဆောင်ပြီး ကစထ- ၂ မှူး၊ တိုင်းမှူး ၄ ဦး၊ လေတပ်မှ ဗိုလ်ချုပ် ၃ ဦး၊ ဒရုန်းနှင့်နည်းပညာမှ ဗိုလ်ချုပ် ၁ ဦး၊ ဗိုလ်မှူးချုပ် ၃ ဦး စုစုပေါင်း ၁၃ ဦးဖြင့် ဖွဲ့စည်းကြောင်း ဖော်ပြခဲ့သည်။
တပ်မတော်ဖက်က ရှမ်းမြောက်ကို ပြန်ရရန် ကြိုးပမ်းမှာဖြစ်ကြောင်း၊ သို့သော်လည်း လွယ်ကူမှာ မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ရဲ့ အထူးတပ်ဖွဲ့ကိုတွေ့ရစဉ်
၎င်းက “သူတို့လည်း လုပ်ဖို့တော့ ကြိုးစားမယ်ထင်တယ်၊ ဒါပေမဲ့ သိပ်မလွယ်ဘူးထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အရံအင်အားတောင် မရှိလို့ အခု အမျိုးသမီးတွေကိုတောင်မှ စစ်မှုထမ်းခေါ်နေရတယ်လို့ ပြောတယ်။ လုပ်တော့ လုပ်ချင်မှာပေါ့၊ ဒါပေမဲ့ မလွယ်ပါဘူးခင်ဗျ၊ လောက်ကိုင်တုန်းကလည်း သူတို့ ဒီလိုပဲ ပြောတာပဲ ပြန် သိမ်းမယ်လို့ ဒါပေမဲ့ လုပ်မှ မလုပ်နိုင်တာ၊ ကျမကြည့်တယ် နဂိုရှိတဲ့ နေရာတွေတောင် သူတို့ တော်တော်ထိန်းနေ ရဦးမယ်ထင်တယ် ကြည့်ရတာ ထပ်မပါသွားဖို့၊ ဒါပေမဲ့ အခုကြည့်ရတာတော့ ထပ်ပါစရာ အကြောင်းတွေပဲ ရှိတယ်။ ပြန်ပြီးတော့ သိမ်းဖို့ဆိုတာတော့ သိပ်မလွယ်ဘူးထင်တယ်” ဟု ပြောသည်။
တပ်မတော် အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆုတ်ခွာခဲ့ရသည့် နယ်မြေများကို ပြန်လည်ရရှိရန် လုပ်ဆောင်ရမှာဖြစ်ပြီး တပ်မတော်မှာ စိတ်ဓါတ်ပိုင်း ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ထောက်ပြ ပြောဆိုသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ လောက်ကိုင်၊ လားရှိုး၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ ကုန်ကြမ်း စသဖြင့် မြို့အများအပြားကို သိမ်းယူထားသလို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးမြို့တို့ကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းယူထားကြောင်း ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 7883
CNI News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၂
အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရှိပြီး အစိုးရဖွဲ့လာပါက မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လို သက်ရောက်၍ အပြောင်းအလဲများ ဖြစ်လာနိုင်သလဲအပေါ် နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်လျက် ရှိနေသည်။
လာမည့် နိုဝင်ဘာလတွင် အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။
ထို့ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ကာမယ်လာ ဟားရစ် (Kamala Harris) တို့ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ရွေးကောက်ခံရပါက မြန်မာအပေါ် ရန်လိုမှုများ ရပ်တန့်သွားမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသူကို တွေ့ရစဉ်
၎င်းက “အများကြီး သက်ရောက်မှာပေါ့၊ ဒေါ်နယ်ထရမ့် တက်လာတာနဲ့ တစ်ပြိုင်နက်ထဲ အမေရိကန် ပြည်ထောင်စုကနေပြီးတော့ မြန်မာနိုင်ငံအပေါ် ရန်လိုနေတဲ့အရာတွေ ရပ်တန့်သွားပြီးတော့ ဒီဖက်က ကောင်း ကောင်း ဆက်ဆံလိုက်လို့ရှိရင် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ဟန့်တားဖို့အတွက်ကို အမေရိကန် ကူညီလာနိုင် တာပေါ့နော်၊ သို့သော် မြန်မာနိုင်ငံအစိုးရကတော့ အမေရိကန်ရဲ့ အကူအညီကို တိုက်ရိုက်ကြီးတော့ တောင်းမှာ မဟုတ်ဘူး၊ ခရိုင်းမီးယားလိုတော့ ယူကရိန်းလို ဖြစ်သွားမှာတော့ သူတို့ နားလည်ပါတယ်။ အဲလောက်ကြီးလည်း မလိုပါဘူးလေ၊ သို့သော်လည်းပဲ အမေရိကန်ဖက်က NUG ကို အကူအညီ မပေးတော့ဘူး။ အကူအညီ ရပ်တန့် လိုက်တယ်ဆိုတာနဲ့ တစ်ပြိုင်နက်ထဲ တပ်က စစ်မျက်နှာကို ပြန်ပြီးတော့ အရှေ့မြောက်ဖက်ကို အင်အားစုစည်း လာနိုင်တာပေါ့နော်” ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်းက တော်လှန်ရေးအင်အားစုများကို နည်းပညာနှင့် စစ်လက်နက်ပစ္စည်း မဟုတ်သော ကူညီ ထောက်ပံ့မည့် အစီအစဉ်နှင့်ပတ်သက်ပြီး အမေရိကန်အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA)ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် အမေရိကန်အထက်လွှတ်တော်က အတည်ပြုခဲ့သည်။
မြန်မာပြည်အရေးကို ပြည်သူလူထုကသာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမှ ဆုံးဖြတ်၍ မရကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဗမာပြည်အရေးကိစ္စကို တကယ့်တကယ် အဆုံးအဖြတ်ပေးမှာ ကျမတို့ ဗမာပြည်သူပဲဗျ၊ ဝမ်ယိလာလာ၊ အမေရိကန်က တွမ်ဆူလပန်လား ဘယ်သူလာလာ၊ ဘယ်သူ ဘာပြောပြော ကျမတို့ပြည်သူက ကိုယ့်ဟာကိုယ် ဆုံးဖြတ်မှာပဲ၊ အဲဒီတော့ ကျမတို့ ပြည်သူမှာ ဆုံးဖြတ်ချက်က နှစ်ရပ်ရှိပြီးသား၊ အဲဒါဘာလဲဆိုတော့ တစ်ခုက ဒီစစ်တပ်ကိုတော့ စေ့စပ်လို့မရဘူး။ အပြတ်ကို တိုက်ရတော့မယ်ဆိုတာ ကျမတို့ ပြည်သူမှာ ပြတ်သားထားတယ်၊ နောက်တစ်ခုက တိုက်မယ်ဆိုလို့ရှိရင် တစ်ဖွဲ့တစ်ယောက်ထဲနဲ့ အကောင်းတိုက်လို့ မရဘူး။ အားလုံးစုပေါင်း တိုက်ရမယ်ဆိုတာ လျာထားတယ်၊ အဲဒီဟာနဲ့ ကျမတို့ ရှေ့ဆက်သွားစရာရှိတာ သွားရမှာပဲဗျ” ဟု ပြောသည်။

မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းသူ NUG ၀န်ကြီး ဦးရည်မွန်ကို တွေ့ရစဉ်
အမေရိကန်သမ္မတအဖြစ် မည်သူဖြစ်လာပါစေ မြန်မာ့အိမ်နီးချင်း တရုတ်ကို ပိတ်ဆို့နိုင်ရေး လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်လိုမျိုးတွေ သက်ရောက်သလဲဆိုရင် ထရမ့်ပဲ တက်တက်၊ ဘယ်သူပဲ တက်တက်ပါ၊ အန်ကယ် မြင်တာကတော့ အမေရိကန်သမ္မတတွေကလည်း တက်လာတဲ့ဟာတွေက တရုတ်ကို ပိတ်ဆို့၊ သူတို့အတွက် အင်အားကြီးအောင်လုပ် ဒါပဲ သူတို့လုပ်မှာပဲ၊ တရုတ်ကလည်း ဒေါ်လာကိစ္စတွေ ဗိုလ်ကျစိုးမိုး နေကြတဲ့ဟာတွေကို အရှေ့တောင်အာရှမှာ ယွမ်ကို တည်ထောင်မယ့် အစရှိသဖြင့်ပေါ့လေ သူ့မှာလည်း အိမ်မက်တွေရှိတယ်။ အခု နောက်ဆုံးပိတ် တရုတ်လုပ်တဲ့ စီမံကိန်းကြီးတွေဆိုရင် အမေရိကန်အတွက် တဖြည်းဖြည်းနဲ့ နယ်မြေကျဉ်း လိုက်တဲ့ သဘောမျိုး ဖြစ်သွားတာ” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းအရ အမေရိကန်သည် မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှု၊ မြန်မာ့တပ်မတော် ခေါင်းဆောင်အချို့ကို အရေးယူမှုများ ပြုလုပ်လျက်ရှိနေ သလို မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့် လက်နက်ကိုင် ခေါင်းဆောင်အချို့အား တွေ့ဆုံဆွေးနွေးမှုများ ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3270
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၂
တရုတ်-မြန်မာ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကာကွယ်ပေးမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အလားတူ ကာကွယ်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ မြင့်တင်ရေးကိစ္စများ၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၁ ရက်နေ့က နစကဥက္ကဋ္ဌနှင့် တရုတ်သံအမတ် တွေ့ဆုံစဉ်
လက်ရှိ မြန်မာနိုင်ငံ တစ်ဝှမ်းမှာ မြန်မာ့တပ်မတော်နှင့် အတိုက်အခံ လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေသည်။
ထိုတိုက်ပွဲများကြားတွင် မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းများအနက် စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံနှင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အယ်ဖာ ဘိလပ်မြေစက်ရုံများကို အတိုက်အခံ လက်နက်ကိုင်များက ထိန်းချုပ်ထားသည်။
ထို့အပြင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေနက်စီမံကိန်း အနီးမှာလည်း မြန်မာ့တပ်မတော်နှင့် AA ကြား တိုက်ပွဲ များ အပြင်းအထန်ဖြစ်ပွားနေသည်။
