
- By CNI
- Category: နိုင်ငံရေး
- Hits: 1167
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများ ထွက်ရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ မည်သည့်ပုံစံဖြင့် မှတ်ပုံတင်ရမည်ကို မဆုံးဖြတ်ရသေးကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
ANP ပါတီ အနေဖြင့် ယခင်က နိုင်ငံတစ်ဝန်း ဝင်ပြိုင်သည့် ပါတီအဖြစ် မှတ်ပုံတင်ခဲ့ကြောင်း၊ လက်ရှိ နစက ထုတ်ပြန်သည့် ဥပဒေများအရ နိုင်ငံတစ်ဝန်း ဝင်ပြိုင်နိုင်သည့် အနေအထား မရှိတော့ကြောင်း ၎င်းက ပြောသည်။
ဦးသာထွန်းလှက “မြန်မာနိုင်ငံမှာ ရှိတဲ့၊ ဗမာလူမျိုးကလွဲလို့ ကျန်တဲ့ တိုင်းရင်းသားလူမျိုးတွေကို ပြည်ထောင်စု နိုင်ငံတစ်ဝှမ်းလုံးကို စည်းရုံးလှုပ်ရှားခွင့် ခွင့်မပြုဘူးဆိုတဲ့ သဘောမျိုး အခုထုတ်ပြန်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေက အဲဒီလို အဓိပ္ပာယ်မျိုး သက်ရောက်သွားတဲ့သဘော ဖြစ်နေတယ်၊ အဲဒါကြောင့် လောလောဆယ်မှာ ကျနော်တို့ ပါတီအနေနဲ့ ဘယ်လိုပုံစံမျိုး မှတ်ပုံတင်ရမယ်ဆိုတာတောင်မှ ကျနော်တို့က ဘာမှ တိတိကျကျ ကျနော်တို့ ဆုံးဖြတ်ချက်ချထားတာ လောလောဆယ်အချိန်ထိ ကျနော်တို့ မရှိသေးဘူး” ဟု ပြောသည်။
ဦးသာထွန်းလှကိုတွေ့ရစဉ်
ယခင်ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ခဲ့သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ခဲ့လျှင်တောင် မြန်မာနိုင်ငံ၏ မဲဆန္ဒနယ် တစ်ဝက်ကို ပါတီရုံးခန်း ဖွင့်ရမည်ဆိုသည့်အတွက် အဆိုပါ ရုံးခန်းများဖြင့် မလုံလောက်ကြောင်း ၎င်းက ပြောသည်။
ထို့နောက် မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့်လည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဝင်ရောက် ယှဉ်ပြိုင်မှုများ ရှိခဲ့ခြင်းကြောင့် နစက ထုတ်ပြန်ခဲ့သည့် ဥပဒေ၊ နည်းဥပဒေများမှာ မိမိတို့ပါတီအတွက် အခက်အခဲဖြစ်နေကြောင်း ဖေဖော်ဝါရီ အစောပိုင်းက CNI ကို ပြောကြား ထားသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည်ဖြစ်ကြောင်း မှတ်ပုံတင်ထား သည့် နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် အခြား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် စည်းရုံးဆောင်ရွက် ခွင့်နှင့် မဲဆန္ဒနယ်များ၌ ပါဝင်ယှဉ်ပြိုင်ခွင့်များ မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောကြားထားသည်။
UEC ဥက္ကဋ္ဌ ဦးသိန်းစိုး နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဉပဒေ လက်မှတ်ထိုးနေစဉ်
လက်ရှိ တိုင်းပြည်၏ အခြေအနေမှာ သာမန်အချိန်မဟုတ်ဟု ဆုံးဖြတ်သည့် အဖွဲ့အစည်းက ယခုကဲ့သို့ ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်သင့်သည့်အချိန်မဟုတ်ဟု ဦးသာထွန်းလှက ပြောသည်။
၎င်းက “ဥပဒေနည်းဥပဒေထုတ်တဲ့ အချိန်အခါက ဒီဥပဒေထုတ်ပြန်သင့်တဲ့ အချိန်မဟုတ်ဘူးလို့ ကျနော်က အဲဒီလို မြင်တယ်၊ အဲဒါကြောင့် ဥပဒေထုတ်ပြန်တဲ့ အဖွဲ့အစည်းကိုယ်တိုင်က မြန်မာနိုင်ငံမှာ သာမန်အချိန် မဟုတ်ဘူးဆို တာလည်း ဆုံးဖြတ်ခဲ့တဲ့၊ သုံးသပ်ခဲ့တဲ့၊ တင်ပြခဲ့တဲ့ အဖွဲ့အစည်းဖြစ်နေတယ်၊ အဲဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရ ပြောမယ်ဆိုရင် ဒီဥပဒေတွေ ထုတ်ပြန်တာက ဥပဒေထုတ်ပြန်သင့်တဲ့ အချိန်အခါ မဟုတ်ဘူးလို့ပဲ ကျနော် အဲဒီလို မြင်တယ်လို့ ပြောလိုတယ်” ဟု ပြောသည်။
အဆိုပါ ဥပဒေများတွင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေစတင် ပြဋ္ဌာန်းသည့် နေ့ရက်မှ စ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ ထို သတ်မှတ်ရက်အတွင်း လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီး ဖြစ် ကြောင်း နစကမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့သည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 844
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ အခြေခံကျသော ပုဒ်မများ ပြင်ဆင်နိုင်ရေး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သော မွန်ပြည်သစ်ပါတီ(NMSP) တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲ ဒုတိယနေ့ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ မေလက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NMSP တွေ့ဆုံစဉ်
ထိုဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ(NMSP)ဘက် ဒုတယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေ အတွင်းရေး မှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် နိုင်ဗညားလယ်၊ နိုင်အောင်မငေးတို့ တက် ရောက်ခဲ့ပြီး နစက ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဘက်က NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ နစကအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။
မွန်ပြည်သစ်ပါတီ(NMSP)သည် ၂၀၂၂ ခုနှစ်၊ မေလက ပထမအကြိမ် အနေဖြင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့်လည်းကောင်း တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးထားသည်။
မွန်ပြည်သစ်ပါတီ(NMSP)သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)နှင့်အတူတူ လက်မှတ်ရေးထိုးထား သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1419
CNI Nwes
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံတစ်ဝှမ်း မြို့နယ်ပေါင်း ၁၅၈ မြို့နယ်မှာ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားနိုင်ပြီး ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်သည့် မြို့ပေါင်းမှာလည်း ၇၃ မြို့အထိ ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျင်းပသည့် NUG နှင့် တစ်ကမ္ဘာလုံးရှိ ပြည်သူလူထု၊ အွန်လိုင်းတွေ့ဆုံ မေးမြန်းပွဲတွင် NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနဝန်ကြီး ဦးလွင်ကိုလတ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးလွင်ကိုလတ်က “တိုင်းဒေသကြီးတွေ အားလုံးမှာတော့ လတ်တလော အခြေအနေမှာ ကျနော်တို့ ၁၅၈ မြို့နယ် မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဒီ ၁၅၈ မြို့နယ်က အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတဲ့အခါမှာလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဒေသတွေမှာ မြို့တွေကို ကျနော်တို့က ၇၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်တဲ့မြို့ စုစုပေါင်းဆိုလို့ရှိရင် ကျနော်တို့ ၇၃ မြို့လောက် ရှိပါပြီ” ဟု ပြောသည်။
ထို့အတူ ကျန်ရှိသည့် မြို့နယ်များတွင်လည်း အုပ်ချုပ်အဖွဲ့များ၏ နယ်မြေတိုးချဲ့မှုမှာ အရှိန်အဟုန် ရလာပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
တပ်မတော်နဲ့ လက်နက်ကိုင်၊ PDF များလှုပ်ရှားနေတဲ့ နယ်မြေတပ် အညွန်းပြမြေပုံကိုတွေ့ရစဉ်(ISP)
စစ်ရေးကဏ္ဍက နယ်မြေများ တိုးချဲ့ရရှိလာသည်နှင့်အမျှ အုပ်ချုပ်မှုကဏ္ဍက အဆင်သင့် အုပ်ချုပ်မှုကို တည်ဆောက်နိုင်ရန် သက်ဆိုင်ရာ ဒေသခံများကို တတ်နိုင်သလောက် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက် နေကြောင်း ဦးလွင်ကိုလတ်က ပြောသည်။
NUG က ထိန်းချုပ်ထားသည့် မြို့နယ်များမှာ မည်ကဲ့သို့ ထိန်းချုပ်ထားသလဲဆိုတာ မေးခွန်းထုတ်စရာ ရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါတော့ မရှိပါဘူး။ ထိန်းချုပ်တယ်ဆိုတဲ့အဆင့် ဘာကိုလဲလို့ ကျနော်တို့က မေးရတော့မယ်၊ တောထဲ ကနေပြီး ထိန်းချုပ်တယ်ဆိုတာကတော့ ဒါကတော့ အစကတည်းက KNU ကလည်း သူ့ဟာသူ ထိန်းချုပ်ထားတာ ပဲလေ၊ KIA လည်း သူ့ဟာသူ ထိန်းချုပ်ထားတာရှိပါတယ်၊ ရှမ်းပြည်နယ်ထဲလည်း ကျန်တဲ့ RCSS တို့၊ SSPP တို့ ထိန်းချုပ်ထားတာတွေ ရှိတယ်လေ၊ ထိန်းချုပ်တယ်ဆိုတာက အဓိက ကျနော်တို့က ဒီနယ်တစ်နယ်လုံးရဲ့ အုပ်ချုပ် ရေး၊ လူမှုရေး၊ စီးပွားရေးအစ အားလုံးကို သူတို့ ထိန်းသိမ်းကွပ်ကဲပြီးတော့ လှမ်းနေတယ်ဆိုတဲ့ ဥစ္စာလေး၊ သဘော မျိုးတာ ပြောလို့ရတာပေါ့။ အခုကတော့ ဘာမှ ပြောလို့မရသေးဘူး။ တောထဲမှာ နေပြီးတော့ အကြောက်တရားနဲ့ ဟိုဖြစ်ပြီးတော့ ပြောလို့ရတာပေါ့၊ အဲဒါတွေကတော့ ကျနော်တို့လည်း တွေ့ပါဘူး တစ်ခါမှ” ဟု ပြောသည်။
NUG ဝန်ကြီး သုံးဦးကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာ့တပ်တော်က အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် နွေဦးတော်လှန်ရေးကို ဒီမိုကရေစီအင်အားစုများမှ ဆင်နွှဲလျက်ရှိသည်။
လက်ရှိတွင်လည်း မြန်မာ့တပ်တော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1096
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
လက်ရှိ မြန်မာ့နိုင်ငံရေး ထွက်ပေါက်မှာ ပင်လုံစာချုပ်ထဲတွင်သာရှိကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင် အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်အရ နိုင်ငံကို တည်ဆောက်ဖို့လိုကြောင်း၊ ထိုကဲ့သို့ မဟုတ်ပါက နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။
ဦးကွမ်ဂေါင်အောင်ခမ်းက “အခုဆွေးနွေးမယ့် အကျပ်အတည်းဆိုတာက အခုပဲ မဟုတ်ပါဘူး၊ အကျပ်အတည်းက ၁၉၆၂ ခုနှစ်၊ နေဝင်း အာဏာသိမ်းပြီးကတည်းက သူ့အကျပ်အတည်းက အထွက်အထိပ်ကို ရောက်လာပြီးပေါ့၊ အဲဒီဟာတော့ အာဏာသိမ်းပြီးကတည်းက ပြောရမှာပေါ့၊ ဒီဟာကို ပြောဖို့ဆိုတာက ပင်လုံစာချုပ်အရ သွားဖို့လိုပါ တယ်။ ပင်လုံစာချုပ်ဖက်ကို သွားဖို့ပဲ ပင်လုံစာချုပ်အရပဲ နိုင်ငံကို တည်ဆောက်ဖို့ လိုပါတယ်၊ ဒါမှ မဟုတ်ဘူး ဆိုရင် ဖြေရှင်းဖို့ကတော့ အခုမဟုတ်ဘူး၊ ဟိုကတည်းကနဲ့ ဖြစ်လာတယ်၊ ဒါကြောင့်မို့ ဒီဟာက ဆက်လက်ပြီးမှ ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့် နိုင်ငံရေးထွက်ပေါက်ဆိုတာ ပင်လုံစာချုပ်ထဲမှာပဲ ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပင်လုံစာချုပ်အရ ပူးပေါင်းပြီး အသစ်ဖွဲ့စည်းထူထောင်မည့် ပြည်ထောင်စုတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းတောင်တန်းဒေသများတွင် မိမိတို့နယ်မြေအတွင်း အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိစေရန် “မူ” အားဖြင့် သဘောတူကြသည်။
ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်
ထို့အတူ ပြည်မဗမာလူမျိုးတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့် ရှိရ မည်ဟုလည်း ပါရှိသည်။
နောင်မှာ ပြည်ထောင်စုကို ဖွဲ့စည်းသည့်အခါ မြန်မာပြည်ကို မည်ကဲ့သို့သော ဖက်ဒရယ်ပြည်ထောင်စုဖြင့် ဖွဲ့စည်း ရမည်ဆိုသည်ကို ပင်လုံစာချုပ်တွင် မပါဝင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသန်းစိုးနိုင်က “အဲဒါတွေက နားမလည်လို့ ပြောနေတာလို့ ကျနော်ကတော့ ချုပ်ပြောလိုက်မယ်ဗျာ၊ ဘာကြောင့် လဲဆိုတော့ ပင်လုံစာချုပ်ဆိုတာ ကျနော်တို့ ဗမာပြည်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် ကျနော်တို့ ဆွေးနွေးပြောဆိုတဲ့ စာချုပ် မဟုတ်ဘူးဗျ၊ ပင်လုံစာချုပ်ထဲမှာ အနာဂတ် ဗမာပြည်ကို ဖက်ဒရယ်ဘယ်လို လုပ်မယ် ဘာညာဆိုတာ တစ်ခွန်းမှ မပါဘူး။ ခင်ဗျားတို့ ပြန်ကြည့်၊ အဓိက-က အင်္ဂလိပ်အစိုးရက တောင်တန်းဒေသနဲ့ ဗမာ မြေပြန့် နှစ်ခုကြားထဲမှာ ကျနော်တို့ တောင်တန်းဒေသက လွတ်လပ်ရေးကို ဖဆပလနဲ့ ပေါင်းပြီး ယူမလား၊ မယူ ဘူးလားဆိုတာ ဆုံးဖြတ်တဲ့ အစည်းအဝေး သို့သော် အဲဒီစာချုပ်မှာ အဲဒီစာချုပ် ချုပ်ဆိုတဲ့ နေရာမှာ ဗိုလ်ချုပ် အောင်ဆန်းက စိန်ခေါ်လိုက်တာပေါ့ဗျာ၊ ကျုပ်တို့ ဖဆပလအစိုးရအဖွဲ့က လုပ်တာ အသုံးမကျလို့ဆိုရင် နောင် ၁၀ စုနှစ် တစ်ခုအတွင်းမှာ ခင်ဗျားတို့ သီးခြားနိုင်ငံထူထောင်ချင်ရင်လည်း ထူထောင်လို့ရတယ်၊ အဲဒါကို ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေထဲမှာ ရေးဆွဲတဲ့ထဲမှာ ထည့်ပေးမယ်ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း အဲဒီမှာ ပြောခဲ့တာ အဲဒီ စကားကို ပြောနေတာ ပင်လုံစာချုပ်၊ ပင်လုံစာချုပ်ဆိုတာ ခင်ဗျား ပြန်ကြည့်လိုက်ပါ၊ ခင်ဗျားတို့ အခုပြောနေတဲ့ ဖက်ဒရယ်တို့ ဘာတို့ ပါလားဆိုတာ ပင်လုံစာချုပ် မူရင်းကို ပြန်ကြည့်လိုက်စမ်းပါဗျာ။ တကယ်တမ်း အဲဒါက အင်္ဂလိပ်ကနေပြီးတော့ တောင်တန်းနဲ့ မြေပြန့်ကို နိုင်ငံရေး သဘောထားကွဲပြားအောင် လုပ်တာ အဲဒါကို စေ့စပ် အောင် လုပ်တာ၊ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိန်ခေါ်မှုက ၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ ပါတယ်၊ ၁၀ နှစ်ကြာလို့ စောက်သုံးမကျဘူးဆိုရင် သီးခြား နိုင်ငံထူထောင်ခွင့်ပေးမယ် ဆိုတဲ့ဟာ ၄၇ ဥပဒေထဲမှာ ပါတယ်ဗျ၊ အဲဒါကို ပြောတာ၊ အဲဒီတော့ ပင်လုံစာချုပ်၊ ပင်လုံစာချုပ်ဆိုတာကို ဗူးလုံးတန်းထွင်းတွေ လျှောက်ပြော နေတာတွေပေါ့ဗျာ၊ ကျနော်တော့ အတော်စိတ်ပျက်တယ်၊ ထားလိုက်ပါတော့” ဟု ပြောသည်။
NUG ၏ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်နဲ့ PDF များကိုတွေ့ရစဉ်
လက်ရှိ ပြည်တွင်းမှာ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းပြီး သွေးမြေမကျသည့် နိုင်ငံရေးဖြင့် အသွင်ပြောင်းနိုင်ပါက ပင်လုံစာချုပ်က ထွက်ပေါက်ဟုဆိုခြင်းက မှန်ကန်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္က ဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၄၇ အခြေခံဥပဒေအရ သဘောတူညီချက်တွေနဲ့ ၄၈ က လွတ်လပ်ရေးရလာတဲ့ မြန်မာနိုင်ငံ အခု ၇၅ နှစ် ကြာပြီ ထွက်ပေါက်ပိတ်နေတာ ၇၅ နှစ်ကြာ ပြည်တွင်းစစ်ကြီးကို သံသရာ ဘယ်လောက်ရှည်နေပြီလဲ၊ အခု တစ်ခါ ပြန်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းကို ထွက်ပေါက်အနေနဲ့ စဉ်းစားတဲ့အခါမှာ မြန်မာနိုင်ငံ အင်္ဂလိပ် လက်အောက်ကနေ လွတ်မြောက်ဖို့အတွက် ထွက်ပေါက်ဖြစ်ခဲ့တဲ့ ပင်လုံစာချုပ်ကို ပြန်ပြီး အမှတ်ရကြ တယ်ဆို လက်ခံကြရမှာပေါ့၊ ပင်လုံစာချုပ်သည်ပင်လျှင် မြန်မာ့လွတ်လပ်ရေးရဲ့ ထွက်ပေါက်ဆိုရင် မြန်မာ့နိုင်ငံ ရေး အကျပ်အတည်းကြီး ၇၅ နှစ်ကြာမှာ ပြန်ပြီးတော့ ပင်လုံကို သတိရတာဟာ မှန်တယ်၊ ပင်လုံရဲ့ ထွက်ပေါက် ကို ပြန်ကြည့်သင့်တာပေါ့၊ အဲဒီလောက်ဆိုရင် အခြေခံဥပဒေဆိုင်ရာ ထွက်ပေါက်တစ်ခုအဖြစ် ကျနော်တို့ အသွင် ပြောင်း ပေးကြရမှာပေါ့၊ အဲဒီလို ပြောင်းပေးခြင်းအားဖြင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းမှာလား၊ သွေးမြေကျနေ တဲ့ လက်ရှိ နိုင်ငံရေးကို သွေးမြေမကျတဲ့ နိုင်ငံရေးဖြင့် အသွင်ပြောင်းနိုင်မှာလား ပင်လုံလိုပေါ့၊ အဲဒီလိုဆိုရင်တော့ ရပ်တည်ချက်မှန်တယ်၊ ထွက်ပေါက်မှန်တယ်လို့ ပြောရမှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ပင်လုံစာချုပ်အရ ပြည်ထောင်စုတစ်ခုကို တည်ထောင်ခဲ့သည်မှာ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ဆိုလျှင် ၇၆ နှစ်ပြည့်တော့မည်ဖြစ်သော်လည်း လက်နက်ကိုင်ပဋိပက္ခမှာ ချုပ်ငြိမ်းနိုင်ခြင်း မရှိသေးဘဲ ပြည်တွင်း စစ်များ ဖြစ်ပွားလျက်ရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1158
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည်ဖြစ်ကြောင်း မှတ်ပုံတင်ထား သည့် နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် အခြား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် စည်းရုံးဆောင်ရွက် ခွင့်နှင့် မဲဆန္ဒနယ်များ၌ ပါဝင်ယှဉ်ပြိုင်ခွင့်များ မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃(က)အရ “ပါတီတစ်ရပ်ထူထောင်၍ ပြည်ထောင်စု တစ်ဝန်းလုံး တွင် ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာဖြစ်စေ စည်းရုံးဆောင်ရွက်လိုသည့် ပါတီ တည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးသည် ယင်းတို့ တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပါတီဝင် များကို ဥပဒေနှင့်အညီ စည်းရုံးခွင့်ပြုရန် ကော်မရှင်သို့ လျှောက်ထားရမည်”ဟု သတ်မှတ်ပြဋ္ဌာန်းထားကြောင်း ၎င်းက ပြောသည်။
UEC က “သို့ဖြစ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည်ဖြစ်ကြောင်း မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် အခြား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် စည်း ရုံးဆောင်ရွက်ခွင့်၊ အဆိုပါ မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်ခွင့်များ ရှိမည်မဟုတ်ပါ”ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၂၆ အရ ပါတီတစ်ခုသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်လိုလျှင် ဖြစ်စေ၊ ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ထားပြီးမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင် လိုလျှင်ဖြစ်စေ ယင်းပါတီဗဟိုအလုပ်အမှု ဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်းနှင့်အတူ ပုံစံ(င)နှစ်စုံ ပူးတွဲ၍ ကော်မရှင်သို့ တင်ပြ လျှောက်ထားနိုင်ပါသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြောသည်။
ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီမဟုတ်ဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခု အတွင်းမှာသာ ဝင်ပြိုင်မည့် ပါတီအဖြစ် မှတ်ပုံတင်၍ တခြားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်းရှိ မဲဆန္ဒနယ်များကို ဝင်ပြိုင်ရန် ထပ်မံ မှတ်ပုံတင်ရမည်ဆိုပါက နိုင်ငံရေးပါတီများအတွက် ငွေကြေးနှင့် ပါတီဝင် စည်းရုံးရေးအတွက် အခက်အခဲများ ရှိစေကြောင်း နိုင်ငံရေးပါတီများက ဆိုကြသည်။
အဆိုပါ ပြဋ္ဌာန်းချက်အတိုင်းဆိုလျှင် လက်ရှိ နိုင်ငံရေးပါတီထဲကနေ တခြားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်အတွက် ပါတီအသစ် ထပ်မံ ထူထောင်ရမည့် အနေအထားများ ဖြစ်နေကြောင်း ထောက်ပြလျက်ရှိကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 982
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
နိုင်ငံအဝန်းပြိုင်မည်ဟု မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီများ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဆိုသော သတင်းမှာ သတင်းအမှား သာဖြစ်ပြီး မဲဆန္ဒနယ်အားလုံးတွင် ဥပဒေနှင့်အညီ ယှဉ်ပြိုင်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် နိုင်ငံရေးပါတီများကြားမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုမှာပဲ ဝင်ရောက် ယှဉ်ပြိုင်ပါက ထိုဒေသအတွင်းရှိ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရ ဘူးဟု သတင်းများ ထွက်ပေါ်နေသည်။
အဆိုပါ သတင်းမှာ မှားယွင်းကြောင်း၊ မှတ်ပုံတင်ထားသည့် ပါတီတစ်ခုအနေဖြင့် အဆိုပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း အကျုံးဝင်သည့် မဲဆန္ဒနယ်များကို ဥပဒေနှင့်အညီ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိ ကြောင်း UEC က ပြောသည်။
UEC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်
၎င်းက “ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည်ဖြစ်ကြောင်း မှတ်ပုံ တင်ထားသည့် ပါတီတစ်ခုအနေဖြင့် အဆိုပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း အကျုံးဝင် သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒ နယ်များအားလုံးတွင် ဥပဒေနှင့်အညီ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိပါကြောင်း ဖြေကြားအပ်ပါသည်”ဟု CNI သတင်းဌာန သို့ ပြောသည်။
ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုတွင်သာ ဝင်ပြိုင်သည့် နိုင်ငံရေးပါတီများ အနေဖြင့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှာ ပြိုင်ခွင့် မရဟုဆိုသည့် သတင်းမှာ မဟုတ်ကြောင်း ဖက်ဒရယ်ဒီမိုကရက် တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရပါတယ်၊ ရပါတယ်၊ မေးကြည့်ပြီးပါပြီ။ ရပါတယ်၊ အန်တီ UEC ရောက်တယ်လေ၊ တနေ့က UEC ရောက်လို့ မှတ်ပုံတင်ခဲ့တယ်၊ အဲဒီမှာ မေးခဲ့တယ်၊ တိုင်းဒေသကြီးက အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် မဟုတ် ပါဘူး ဆရာမတဲ့ ရပါတယ် ပြောတယ်၊ အန်တီလည်း ကြားလို့ မေးလိုက်တယ်၊ မေးလိုက်တော့ သူတို့က မဟုတ် ပါဘူးတဲ့၊ ပြိုင်လို့ရပါတယ်တဲ့ အဲဒီလို ပြောတာ၊ UEC ထက်တော့ ဘယ်သူက ပိုသေချာမလဲနော်” ဟု ပြောသည်။
ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၂၆ အရ ပါတီတစ်ခုသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်ထားပြီးမှ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်ထားပြီးမှ ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီအဖြစ် ပြောင်းလဲ မှတ်ပုံတင်လိုလျှင် ဖြစ်စေ၊ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်ထားပြီးမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီအဖြစ် ပြောင်းလဲ မှတ်ပုံတင်လိုလျှင် ဖြစ်စေ ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်းနှင့်အတူ ပုံစံ(င)နှစ်စုံ ပူးတွဲ၍ ကော်မရှင်သို့ တင်ပြလျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြော သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 667
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုတွင်သာ ဝင်ပြိုင်သည့် နိုင်ငံရေးပါတီများ အနေဖြင့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရနိုင်ဘူးဟု နိုင်ငံရေးပါတီများကြားမှာ သတင်းများ ထွက်ပေါ်နေသည်။
နိုင်ငံတစ်ဝန်း မပြိုင်သည့် ပါတီများ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှာ ပြိုင်ခွင့်မရဟု သတင်းထွက် လာမှုကို ကြားသိရကြောင်း၊ အဆိုပါ ဥပဒေမှာ ပြဋ္ဌာန်းလာနိုင်ခြေ နည်းသော်လည်း မပြဋ္ဌာန်းလာနိုင်ကြောင်း ပြော၍လည်း မရဘူးဟု ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲ မဲရလဒ်ကြေညာနေစဉ်
၎င်းက “ဒါပေမဲ့ အခုနောက်ပိုင်း ရွေးကောက်ပွဲ ဥပဒေအသစ် ထွက်လာရင် အဲဒီလို စည်းကမ်းတင်းကြပ်တဲ့ ဥပဒေ မျိုး မထွက်လာနိုင်ဘူးလို့လည်း ကျနော်တို့ အဲဒီလို ပြောလို့ မရဘူးထင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် အခုနောက်ပိုင်း နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေမှာက ပြည်နယ်အခြေစိုက် ပါတီဆိုရင် ပါတီဝင် အင်အား ၁ ထောင်ရှိရမယ်၊ သိန်း ၁၀၀ ရှိရမယ်၊ ပြည်ထောင်စု တစ်ဝှမ်းလုံးဆိုရင် ပါတီအင်အား ၁ သိန်းရှိရမယ်၊ သိန်း ၁ ထောင် ရှိရမယ်ဆိုတာက ကိန်းဂဏန်းအားဖြင့် တအားကွာဟနေတဲ့ အတွက်ကြောင့် အဲဒီလို ဒေသအခြေစိုက် ပါတီတွေက ပြည်သူ့ လွှတ်တော် အမျိုးသားလွှတ်တော်တို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးဆိုတဲ့ ရွေးကောက်ပွဲ ဥပဒေမျိုးလည်း ထွက် မလာနိုင်ဘူးလို့ ပြောဆိုလို့ မရဘူးထင်တယ်၊ ဘာဖြစ်လို့လည်းဆိုရင် ဒီနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထုတ်ပြန်တဲ့အချိန်မှာ UEC က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဘာမှ ပြုလုပ်ခဲ့တာ မရှိတဲ့အတွက် ကြောင့် အဲဒီလို ဥပဒေမျိုးလည်း မထွက်လာနိုင်ဘူးလို့လည်း ဘယ်သူမှ အတိအကျ ပြောလို့ရတဲ့ အခြေအနေမျိုး ရှိမနေတဲ့ အတွက်ကြောင့် အဲဒီလို စည်းကမ်းသတ်မှတ်တဲ့ ဥပဒေမျိုးလည်း မထွက်လာနိုင်ဘူးလို့လည်း ဘယ်သူမှ အတိအကျ ပြောလို့ရမှာ မဟုတ်ဘူးထင်တယ်” ဟု ပြောသည်။
အဆိုပါ ကန့်သတ်ချက်မျိုး ထုတ်ပြန်ပါက မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ နိုင်ငံရေးပြဿနာ ကို ပိုပြီးရှုပ်ထွေးအောင် လုပ်သည့် ဥပဒေမျိုး ဖြစ်လိမ့်မည်ဟု ဦးသာထွန်းလှက ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာပို့ပြီး မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိသေးပေ။
ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုတွင်သာ ဝင်ပြိုင်သည့် နိုင်ငံရေးပါတီများ အနေဖြင့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှာ ပြိုင်ခွင့် မရဟုဆိုသည့် သတင်းမှာ မဟုတ်ကြောင်း ဖက်ဒရယ်ဒီမိုကရက် တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။
UEC နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
၎င်းက “ရပါတယ်၊ ရပါတယ်၊ မေးကြည့်ပြီးပါပြီ။ ရပါတယ်၊ အန်တီ UEC ရောက်တယ်လေ၊ တနေ့က UEC ရောက်လို့ မှတ်ပုံတင်ခဲ့တယ်၊ အဲဒီမှာ မေးခဲ့တယ်၊ တိုင်းဒေသကြီးက အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် မဟုတ် ပါဘူး ဆရာမတဲ့ ရပါတယ် ပြောတယ်၊ အန်တီလည်း ကြားလို့ မေးလိုက်တယ်၊ မေးလိုက်တော့ သူတို့က မဟုတ် ပါဘူးတဲ့၊ ပြိုင်လို့ရပါတယ်တဲ့ အဲဒီလို ပြောတာ၊ UEC ထက်တော့ ဘယ်သူက ပိုသေချာမလဲနော်” ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ထားပြီး ဖြစ်သည်။
ထိုဥပဒေများတွင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေစတင် ပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါ သတ်မှတ်ရက်အတွင်း လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီး ဖြစ် ကြောင်း နစကမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 999
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းဖြင့် ရယူရန် လုပ်ဆောင်နေသည်ကို တွေ့မြင်ရကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် နစက၏ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်သော အစည်းအ ဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းဖြင့် ရယူရန် လုပ်ဆောင်နေကြသည် ကို တွေ့မြင်ရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ခံယူချက်များနှင့် ၎င်းအကြမ်းဖက်အဖွဲ့၏ ယုံ ကြည်ချက်၊ ခံယူချက်များ တူညီမှုမရှိကြောင်း၊ တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့အစည်းအများစုသည် NCA အပေါ်တွင် လက်မှတ်ရေးထိုးထားခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် လက်နက် ကိုင် အဖွဲ့အစည်းများသည် ဒီမိုကရေစီပေါ်တွင် သဘောထားကွဲလွဲမှုများကြောင့် ပေါ်ပေါက်လာသည့် အဖွဲ့အစည်း များဖြစ်ကြောင်း။ ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင် အကြမ်းဖက်ခြင်းကို မည်သည့်နိုင်ငံ၊ မည်သည့် အစိုးရမှ ခွင့်ပြု ထားခြင်းမရှိ”ဟု ပြော သည်။
ဒီမိုကရေစီကို လက်နက်ကိုင် အကြမ်းဖက်နည်းလမ်းဖြင့် ရယူသွားသည်မှာ မည်သည့် အဖွဲ့အစည်းလဲဟု မေးခွန်း ထုတ်စရာဖြစ်နေကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူတစ်ရပ်လုံးက ဒီမိုကရေစီကို လက်နက် အားကိုးဖြင့် အရ ယူသွားသည်မှာ မည်သည့်အဖွဲ့ သို့မဟုတ် လူပုဂ္ဂိုလ်ဖြစ်သည်ဟု ယုံကြည်ထားသလဲ မေး ကြည့်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အကြမ်းဖက်မှုများကို ဒုတိယအကြိမ် အရေးပေါ် သက်တမ်းကာလတွင် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေး အမိန့်များ တိုးမြှင့် သတ်မှတ်ခဲ့ရပြီး အကြမ်းဖက်မှုများ လျော့ပါးအောင် ကိုင်တွယ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ စစ်အုပ် ချုပ်ရေး သတ်မှတ်ခြင်းသည် ပြစ်မှုကျူးလွန်သူများအတွက်သာဖြစ်ပြီး ပြည်သူများကို ကြေညာ ခြင်း မဟုတ်ကြောင်း၊ ပြည်သူများအနေဖြင့် စည်းကမ်းနှင့်အညီ လွတ်လပ်စွာ နေထိုင်သွားလာ လှုပ်ရှားနိုင် ကြောင်း၊ လာမည့် ၆ လတာ ကာလအတွင်း အဆိုပါ ဒေသများ၏ တည်ငြိမ်အေးချမ်းမှုသည်လည်း အတိုင်းအတာ တစ်ခုအထိ တိုးတက်လာမည်ဟု ယူဆသည်”ဟု ပြောသည်။
ထို့နောက် တပ်မတော်သည် နိုင်ငံတော်ကို ပါတီစုံစနစ်ပေါ်တွင် ခိုင်ခိုင်မာမာရပ်တည် နိုင်စေရန် ထိန်း သိမ်း စောင့်ရှောက်ပေးသည့် Guardian အဖွဲ့အစည်းတစ်ခုဖြစ်နေမည့် အဖွဲ့အစည်း အဖြစ် ခံယူထား ကြောင်း၊ မိမိတို့ သည် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် ဆောင်ရွက်နေခြင်းဖြစ်သည်ကို ပြောကြား လို ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးပါက အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေး မည်ဖြစ် ကြောင်း ပြောသည်။
တခြား တစ်ဖက်မှာတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးမည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LDP)နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း တချို့က ထုတ်ဖော် ပြောကြားထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1144
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၉
ကရင်လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း လက်နက်ကိုင် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမှုထက် တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်(KTLA) တို့သည် တစ်ဖက်နှင့် တစ်ဖက် ဆက်ဆံရေး ပိုတင်းမာလာသည်ကို တွေ့ရပြီး ကရင်လက်နက်ကိုင် အချင်းချင်းအကြား ဖြစ်ပေါ်သော ပဋိပက္ခများကို ဖြေရှင်းရာမှာ လက်နက်ဖြင့် ဖြေရှင်းခြင်းသည် ကရင်လူထုအနေဖြင့် လုံးဝလက်ခံနိုင်သည့် အရာ မဟုတ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကရင်လူထုများမှ သဘောထား ထုတ် ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်မှာ မှန်ကန်ကြောင်း၊ အချင်းချင်း တွေ့ဆုံဆွေးနွေးပြီးမှ ဖြေရှင်းစေလိုကြောင်း မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါ သိပ်မှန်တယ်လို့ပဲ ကျနော်ပြောလိုက်တော့မယ်၊ တိုတိုတုတ်တုတ်ပဲ၊ သူတို့ရဲ့ ထုတ်ပြန်ချက်က သိပ်မှန်တယ်လို့ လက်နက်ကိုင်ဖြေရှင်းဖို့ မသင့်ဘူး၊ အချင်းချင်း တွေ့ဆုံဆွေးနွေးပြီးတော့မှ ကရင်တပ်ဖွဲ့ အချင်း ချင်းပဲဆိုတော့ ဒီလို လက်နက်နဲ့ ဖြေရှင်းကြလို့ရှိရင် တိုက်ပွဲ ပြီးဆုံးမှာ မဟုတ်ဘူး။ ကျန်တဲ့ ဒီဖက်က ဆန့်ကျင် ဘက် အဖွဲ့အစည်းလို့ပဲ ပြောပြော တပ်မတော်နဲ့လည်း လုပ်လာခဲ့တာ နှစ်ပေါင်း ၇၀ ကျော်နေပြီ ဒါလည်း မဖြေ ရှင်းနိုင်တဲ့ဟာကို ကိုယ့်အချင်းချင်းကြ ပိုဆိုးတာပေါ့ဗျာလို့ ကျနော်အဲဒီလိုပဲ ပြောချင်တယ်” ဟု ပြောသည်။
စောနယ်ဒါးမြကို တွေ့ရစဉ်
ကရင်လက်နက်ကိုင် အချင်းချင်းအကြား လက်နက်ကိုင် အဖြေရှာခြင်းမှာ ကရင်လူထုအတွက် ကောင်းမွန်သည့် ရလဒ်ကို မပေးခဲ့သလို ဆိုးရွားသည့် အခြေအနေသို့သာ တွန်းပို့ကြောင်း ကရင့်တော်လှန်ရေး၏ ခါးသီးသော အတွေ့အကြုံများမှလည်း သင်ခန်းစာများ ရယူစေလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ ဖြစ်ပွားနေသည့် ပြဿနာများကို တွေ့ဆုံညှိနှိုင်းသင့်ကြောင်း၊ KNU ၏ မူကို လက်ခံဖြေရှင်းပါက အဆင် ပြေမည်ဟု မြင်မိကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက် (KPSN) မှ စောလေးကပေါက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ KNU ရဲ့ မူကို လက်ခံတယ်ဆိုရင်တော့ ခွဲထွက်ရေးတို့၊ ကွဲပြားရတာတွေက ပိုမိုပြီးတော့မှ နည်းမယ်ပေါ့ နော်၊ ပြဿနာဖြစ်တာ ပိုနည်းမယ်ပေါ့၊ အရင်ကတည်းကလည်း တစ်လျှောက်လုံးကလည်း အရင်က ကျနော်တို့ တပ်မဟာ ၄ မှာရှိတဲ့ KNU ကပဲ ပိုပြီးမှ ဦးဆောင်နေတာ ရှိတာကိုး KNU ပဲ ဒီတော်လှန်ရေးမှာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာဆိုတော့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာလည်း KNU မူကို ပိုပြီးမှ ကျင့်သုံးတဲ့ဟာမျိုး ဆွေးနွေးတဲ့ ဟာမျိုးဆိုရင် ပိုကောင်းတဲ့ အဖြေရမယ်လို့ ကျနော် မြင်တယ်” ဟု ပြောသည်။
KNU တပ်မဟာ ၄ ကိုတွေ့ရစဉ်
ကော်သူးလေတပ်မတော်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းက ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ၏ စစ်ဦးစီးချုပ် တာဝန်မှ ရပ်ဆိုင်းခြင်း ခံခဲ့ရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဖွဲ့စည်းခဲ့ပြီး KNU တပ်မဟာ ၄ နယ်မြေတွင် လှုပ်ရှားလျက်ရှိကြောင်း သိရသည်။
ထို့နောက် နှစ်ဖက် အချင်းချင်းကြား ပဋိပက္ခများမှာ ပိုမို ကြီးထွားလာပြီး လက်နက်ကိုင် ဖြေရှင်းသည့် နည်းလမ်း များပါ ပါဝင်လာကာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ၊ ခြိမ်းခြောက်ပြောဆိုမှုများ၊ စွပ်စွဲပြောဆိုမှုများ ရှိလာခဲ့သည်။