CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကို ပြန်လည် ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုများဖြစ်သည့် KNU၊ CNF၊ KNPP၊ NUG တို့က ယ‌နေ့ (ဇန်နဝါရီ ၃၁ ရက်)တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။

မြန်မာ့တပ်မတော်၏ အာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမဝင်တော့ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU၊ CNF၊ KNPP၊ NUG တို့က “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်နိုင်မည် မဟုတ်သည့်အပြင် အာဏာသိမ်းမှု တရားဝင်ဖြစ်စေပြီး မြန်မာစစ်တပ် ကို ကာလ အကန့်အသတ်မရှိ အုပ်ချုပ်ခွင့် ပေးခြင်းသာ ဖြစ်မည်။ စစ်တပ်သည် အနာဂတ် နိုင်ငံရေး လုပ်ငန်းစဉ် တွင် ပါဝင်ခွင့် မရှိစေရ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေး ပြန်လည်ဖော်ဆောင်ရန် သက်ဆိုင်သူများအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်နှင့်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် တစ်ရပ် လိုအပ်သည်” ဟု ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NUG ကာကွယ်ရေး၀န်ကြီးကို တွေ့ရစဉ်

ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ၎င်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်ရန်၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်များ ပါရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရွေးကောက်ပွဲ နှစ်ကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီ ဖော်ဆောင်နိုင်ခဲ့ ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီမိုကရေစီ ဖော်ဆောင်နိုင်လို့ သက်တမ်းနှစ်ကြိမ်တောင်မှ ၂၀၁၀ ကနေ ၂၀၂၀ အထိတောင် လုပ်ခဲ့ပြီးပြီ လေ၊ သက်တမ်းနှစ်ကြိမ်တောင်မှ ဒီမိုကရေစီ ဖော်ဆောင်ခဲ့ပြီပဲ၊ ဒီမိုကရေစီဆိုတာကတော့ တဖြည်းဖြည်းတော့ ပြောင်းရမှာပေါ့၊ အခု မြန်မာနိုင်ငံရဲ့ အခြေအနေအရကတော့ ဒီလိုအကန့်အသတ်လေး မလုပ်ထားရင်လည်း မဖြစ်ဘူးလေ၊ ကျနော်တို့ ဒီမိုကရေစီက နုနယ်နေသေးတော့ ပရမ်းပတာတွေ ဖြစ်နေတာ အခုတောင်မှ လွန်ခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်တောင်မှ ပရမ်းပတာတွေ ရှိနေတယ်။ အဲတော့ တဖြည်းဖြည်းတော့ ပြောင်းလဲ ရမှာပေါ့” ဟု ပြောသည်။

 NUG အဖွဲ့ကိုတွေ့ရစဉ်

အဆိုပါ ကိစ္စရပ်များမှာ မိမိတို့၏ မူဝါဒများကို ထုတ်ပြန်ကြခြင်းဖြစ်ကြောင်း ၂၀၀၈ ခြေဥအရ ဒီမိုကရေစီ ဖော်ဆောင်နိုင်ခြင်း ရှိ/မရှိကိုမူ ပြည်သူလူထုက ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်ပြောသလိုပဲ သူ့အမြင် ကိုယ့်အမြင်ပေါ့ဗျာ၊ သူတို့လည်း သူတို့ အမြင်ကို ထုတ်ပြန်တာပေါ့ဗျာ၊ ပြည်သူလူထုအများစုက ဘယ်သူ့ကို ထောက်ခံလဲ၊ ပြည်သူထောက်ခံတဲ့ အပေါ်မှာပဲ မူတည်ပြီးတော့ သမိုင်းက သွားမှာပဲ၊ အဲဒီလိုရှိတာကိုး ပြည်သူထောက်ခံတယ်ဆိုတာလည်း နှစ်နည်းရှိတာပေါ့ဗျာ၊ လက်နက်နဲ့ ချိန်ပြီးတော့ ထောက်ခံခိုင်းတာနဲ့ ဒီမိုကရေစီနည်းနဲ့ ရွေးကောက်ပွဲနဲ့ ထောက်ခံတာနဲ့ ကွာတာပေါ့၊ အဲဒီဟာတော့ ဗမာပြည်မှာ အခုဖြစ်နေတဲ့ဟာပေါ်မှာ ကြည့်ပြီးတော့ ပြည်သူလူထုက ဆုံးဖြတ်လိမ့်မယ်လို့ ကျနော်ဒီလိုပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

လက်ရှိ ၂၀၂၄ ခုနှစ်အတွင်း နစကသည် နိုင်ငံတစ်ဝှမ်း သန်းခေါင်စာရင်း အပြီးသတ် ကောက်ယူသွားမည် ဖြစ်ကြောင်း၊ ထို့နောက် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး အရပ်သားအစိုးရထံ အာဏာလွှဲအပ် သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။