- By CNI
- Category: နိုင်ငံရေး
- Hits: 883
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၁
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား (Califonia) ပြည်နယ်တွင် ၂၀၂၄ ခုနှစ်မှစပြီး ပြည်သူပိုင်နေရာများတွင် သေနတ်ကိုင်ဆောင်မှုတားမြစ်သည့် ဥပဒေကို ဖက်ဒရယ်အယူခံတရားရုံးက ဒီဇင်ဘာ ၃၀ ရက်တွင် ခွင့်ပြုခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဒုတိယမြောက် ပြင်ဆင်ဖြည့်စွက်ချက်အရ ထိုဥပဒေသည် နိုင်ငံသားများ၏ လက်နက်ကိုင်ဆောင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ကောက်ချက်ချခဲ့သည့် တရားသူကြီးတစ်ဦးက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်စာကို အမေရိကန်၏ အမှတ် ၉ အယူခံတရားရုံးက ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။
တရားသူကြီး ၃ ဦးပါ ဂျူရီအဖွဲ့သည် အခြား ဂျူရီအဖွဲ့က အောက်တရားရုံး တရားသူကြီး၏ အမိန့်ကို ဆိုင်းငံ့ရန် စဉ်းစားမှုများ ပြုလုပ်မည့် အချိန်အထိ ထိုအမိန့်စာကို ထိန်းချုပ်ကန့်သတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယခုဆုံးဖြတ်ချက်အရ ကယ်လီဖိုးနီးယားပြည်နယ်၏ ပုံမှန် သေနတ်ကိုင်ဆောင်ခွင့်ဥပဒေသည် ထိုအတိုင်း ဆက်လက် တည်ရှိနေမည်ဖြစ်ပြီး မိမိတို့သည် ခရိုင်တရားရုံး၏ အန္တရာယ်များလှသည့် စီရင်ချက်ကို အယူခံဝင်နေ ကြောင်း ဒီမိုကရက်တစ်ဦးဖြစ်သည့် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်း (Gavin Newsom)က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံမှာ သေနတ်ကိုင်ခွင့်ပြုရေး မပြုရေး ဆန့်ကျင်နေကြစဉ်
ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ပြည်သူပိုင် နေရာများတွင် သေနတ်ကိုင်ဆောင်မှု တားမြစ်သည့်ဥပဒေသည် ဇန်နဝါရီ ၁ ရက်ကစပြီး အကျုံးဝင် သက်ရောက်မည်ဖြစ်သည်။
အမေရိကန်တရားရုံးချုပ်သည် နယူးယောက် (New York) ပြည်နယ်၏ တင်းကျပ်သည့် သေနတ်ကိုင်ဆောင်ခွင့် အစီအစဉ်ကို လျှော့ချခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဒုတိယမြောက် ပြင်ဆင်ဖြည့်စွက်ချက်အရ မိမိကိုယ်ကို ကာကွယ်မှုအတွက် ပြည်သူပိုင်နေရာများတွင် လက်နက်ကိုင်ဆောင်ခွင့်ကို ဆက်လက် အတည်ပြုကြောင်း ပထမ ဆုံးအကြိမ် အတည်ပြုခဲ့သည်။
ထိုစီရင်ချက်သည် နိုင်ငံ၏ လက်နက်ကိုင်ဆောင်မှု ထုံးတမ်းစဉ်လာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းပုံ ဆိုင်ရာ သေနတ်ဥပဒေများအတွက် စမ်းသပ်ချက် အသစ်တစ်ခု ဖြစ်ခဲ့သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ်သည် အမေရိကန်တွင် သေနတ်ထိန်းချုပ်မှု ဥပဒေများကို အတင်းကျပ်ဆုံး ထုတ်ပြန် ထားသည့် ပြည်နယ်များထဲတွင် ပါဝင်ပြီး ယခုအသစ်ထုတ်ပြန်သည့် ဥပဒေအရ ဆေးရုံများ၊ ကစားကွင်းများ၊ အားကစားကွင်းများ၊ တိရစ္ဆာန်ဥယာဉ်များ၊ ဘာသာရေးဆိုင်ရာ နေရာများ အပါအဝင် နေရာပေါင်း ၂၆ နေရာတွင် သေနတ်များကို လျှို့ဝှက်သယ်ဆောင်ခွင့် ပိတ်ပင်ထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1001
CNI International News
မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၁
ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာ (Guyana) နှစ်နိုင်ငံ၏ ကမ်းလွန် ရေပြင်များတွင်ရှိနေသည့် ဗြိတိန်စစ်သင်္ဘောတစ်စင်း မထွက်ခွာခင်အချိန်ထိ စစ်သား ၆၀၀၀ နီးပါးကို ဆက်လက် ဖြန့်ကြက်ချထားမည်ဟု ဗင်နီဇွဲလားနိုင်ငံက ပြော ကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာ မြေပုံရှေ့တွင် အခြားစစ်ဘက်အရာရှိများ ခြံရံထားသည့် ဗင်နီဇွဲလား ကာကွယ်ရေး ဝန်ကြီး ဗလာဒီမာ ပါဒရီနို (Vladimir Padrino) သည် X လူမှုမီဒီယာတွင် ဗွီဒီယိုတစ်ခု တင်ခဲ့သည်။
လက်ရှိ ဖြန့်ကြက်ချထားသည့် စစ်သားများသည် မိမိတို့၏ အမျိုးသား အချုပ်အခြာအာဏာကို ကာကွယ်ရန်ဖြစ် ကြောင်း ပါဒရီနိုက ပြောသည်။

အငြင်းပွားနေတဲ့ အက်စီကွီဘိုဒေသကို တွေ့ရစဉ်
"လက်နက်ကိုင်တပ်ဖွဲ့တွေကို နိုင်ငံအရှေ့ပိုင်းမှာသာ မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာ ဖြန့်ကြက်ချထားပါတယ်။ ဗင်နီဇွဲလားနဲ့ ဂွိုင်ယာနာနှစ်နိုင်ငံကြားက အငြင်းပွားနေတဲ့ ရေပြင်တွေထဲက ဗြိတိန်နယ်ချဲ့တွေရဲ့ သင်္ဘော တစ်စင်း မထွက်ခွာမချင်း အဲဒီစစ်သားတွေကို ဆက်လက် ဖြန့်ကြက်ချထားမှာပါ" ဟု ၎င်းက ဆိုသည်။
ထိုဗွီဒီယိုသည် ဗင်နီဇွဲလား၏မြို့တော် ကာရာကက်စ် (Caracas)ရှိ စစ်စခန်းတစ်ခုတွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဌာနက အေပီသတင်းဌာနကို အတည်ပြုခဲ့သည်။
ရေနံနှင့် သတ္တုများကြွယ်ဝသည့် အက်စီကွီဘို (Essequibo) ဒေသအား ပိုင်ဆိုင်ရေးနှင့်ပတ်သက်ပြီး ဗင်နီဇွဲလား နှင့် ဂွိုင်ယာနာနိုင်ငံအကြား တင်းမာမှုများ မြင့်တက်ခဲ့ပြီးနောက် ထိုဗွီဒီယို ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရီနိုနဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကိုတွေ့ရစဉ်ကို တွေ့ရစဉ်
ဂွိုင်ယာနာနိုင်ငံသည် အက်စီကွီဘိုဒေသကို ဆယ်စုနှစ်များစွာကြာ ထိန်းချုပ်ထားပြီး ထိုဒေသပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး အငြင်းပွားနေသည့် ပြဿနာအား နယ်သာလန်နိုင်ငံရှိ နိုင်ငံတကာခုံရုံး(ICJ)က ဆုံးဖြတ်ပေးသင့် ကြောင်း ပြောကြားခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံကမူ ထိုပြဿနာတွင် ICJ မပါဝင်သင့်ကြောင်းနှင့် ဒီဇင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သည့် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ၌ ဗင်နီဇွဲလားပြည်သူများက အက်စီကွီဘိုဒေသကို ဗင်နီဇွဲလား၏ နယ်မြေဖြစ်ကြောင်း ထောက်ခံ မဲပေးခဲ့သည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 926
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၁
ဟူရ်သီသူပုန်များသည် ပင်လယ်နီ (Red Sea) တွင် ကုန်တင်သင်္ဘောများအား မဆင်မခြင် တိုက်ခိုက်မှုများကို ရပ်တန့်မည့် လက္ခဏာ ပြသခြင်းမရှိကြောင်း အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်ရေတပ်၏ တပ်မှူးတစ်ဦးက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ပင်လယ်နီရှိ ကုန်သွယ်ရေး လမ်းကြောင်းများနှင့် ရေပြင်များကို ကာကွယ်ရန် နိုင်ငံတကာ ပင်လယ်ရေကြောင်း မစ်ရှင်တစ်ခုဖြစ်သည့် Operation Prosperity Guardian စစ်ဆင်ရေးတွင် နိုင်ငံအများအပြား ပိုမိုပါဝင်လာသည့် တိုင် ဟူရ်သီတို့၏ တိုက်ခိုက်မှုများသည် ရပ်တန့်ဖွယ်မရှိကြောင်း အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဘရက် ကူးပါး (Brad Cooper) က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုစစ်ဆင်ရေး စတင်ကြောင်း ကြေညာခဲ့သည့် လွန်ခဲ့သည့် ၁၀ ရက်အတွင်း ကုန်ကူးသင်္ဘော ၁၂၀၀ ခန့်သည် ပင်လယ်နီဒေသကို ဖြတ်သန်းမောင်းနှင်ခဲ့ပြီး ဒရုန်းနှင့် ဒုံးကျည်များ၏ တိုက်ခိုက်မှုများအား မခံခဲ့ရကြောင်း ကူးပါးက ပြောကြားခဲ့သည်။

ဟူရ်သီသူပုန်ကို တွေ့ရစဉ်
အဆိုပါ စစ်ဆင်ရေးတွင် နောက်ထပ်နိုင်ငံများ ပါဝင်လာရန် မျှော်လင့်သည်ဟုလည်း ၎င်းက ပြောသည်။
ထို့နောက် ဒီဇင်ဘာ ၂၈ ရက်က ဒိန်းမတ်နိုင်ငံသည် ထိုစစ်ဆင်ရေးတွင် ပါဝင်ကြောင်း ကြေညာခဲ့ပြီး ဖရီးဂိတ် (frigate) စစ်သင်္ဘောတစ်စင်း စေလွှတ်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ကလည်း အမေရိကန်ရေတပ်၏ အမှတ် ၅ စစ်သင်္ဘောအုပ်စု အခြေစိုက်သည့် ဘာရိန်းနိုင်ငံသို့ ရောက်ရှိချိန်တွင် ပင်လယ်နီ၌ ဟူရ်သီသူပုန်များ၏ တိုက်ခိုက် မှုသည် နိုင်ငံတကာက ပူးပေါင်းဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
အေဒင် ပင်လယ်ကွေ့ (Gulf of Aden) နှင့် ပင်လယ်နီအကြား ဆက်သွယ်ထားသည့် ကျဉ်းမြောင်းသော ဘက် အယ် မန်ဒက် (Bab el-Mandeb)ရေလက်ကြားသည် အာရှနှင့် ဥရောပအကြား ကုန်တင်သင်္ဘောများ၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည်။

စစ်သင်္ဘောကိုတွေ့ရစဉ်
ထိုရေလက်ကြားတွင် ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် သင်္ဘောကုမ္ပဏီများသည် ထိုနေရာတွင် သင်္ဘော ပြေးဆွဲမှုများကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပြီး Operation Prosperity Guardian စစ်ဆင်ရေးကြောင့် လုံခြုံရေး အခြေအနေ တိုးတက်လာချိန်တွင် သင်္ဘောများကို ပြန်လည်ပြေးဆွဲခဲ့ကြသည်။
ထိုစစ်ဆင်ရေး မတိုင်မီက သင်္ဘောကုမ္ပဏီများသည် ၎င်းတို့၏ ကုန်တင်သင်္ဘောများကို အာဖရိကဘက်မှ ပတ်ပြီး မောင်းနှင်ခဲ့ရသဖြင့် ကုန်ကျစရိတ်များ ပိုမိုများပြားခဲ့ကာ ကုန်များရောက်ရှိမှုမှာလည်း အချိန်နှောင့်နှေး ကြန့်ကြာခဲ့ ရသည်။
လက်ရှိတွင် ပင်လယ်နီတောင်ပိုင်းနှင့် အေဒင်ပင်လယ်ကွေ့ အနောက်ပိုင်း ရေပြင်များ၌ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှ စစ်သင်္ဘော ၅ စင်းသည် ကင်းလှည့် မောင်းနှင်လျက်ရှိသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1309
CNI International News
ပြုံယမ်း၊ ဇန်နဝါရီ ၁
မြောက်ကိုရီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း နောက်ထပ် စစ်ဘက်သုံး ကင်းထောက်ဂြိုဟ်တု ၃ စင်းကို လွှတ်တင်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
အလားတူ နျူကလီးယားလက်နက်များကို ပိုမိုထုတ်လုပ်မည်ဖြစ်သလို ခေတ်မီ တိုက်ပွဲဝင်ပစ္စည်းများကိုလည်း ပြသသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်ဦးဆောင်သည့် ထိပ်တိုက်တွေ့သော လှုပ်ရှားမှုများကို ရင်ဆိုင်ရန် သာလွန်အင်အားဖြင့် စစ်ပွဲအတွက် အသင့် အနေအထားရှိမှုအား ပြင်ဆင်ရန် ကင်မ်က တိုက်တွန်းခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဒီဇင်ဘာ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား အာဏာရပါတီ ကိုယ်စားလှယ်များကိုတွေ့ရစဉ်
ကင်မ်သည် လာမည့်နှစ်အတွက် နိုင်ငံ့မူဝါဒများ ချမှတ်ရန် အာဏာရ အလုပ်သမားပါတီ အစည်းအဝေးတွင် ထိုမှတ်ချက်များကို ပြောကြားခဲ့ခြင်း ဖြစ်သဖြင့် သူသည် လာမည့်နှစ် နိုဝင်ဘာလ၌ ပြုလုပ်မည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမတိုင်မီ လက်နက်စမ်းသပ်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် သံတမန်ပရိယာယ်ကို ကျင့်သုံးဖွယ်ရှိနေသည်။
ထို့ပြင် ကင်မ်သည် လက်နက်စမ်းသပ်မှုများကို ရပ်နားခြင်းအားဖြင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများအား ရုပ်သိမ်းရန် ကမ်းလှမ်းဖွယ်ရှိသော်လည်း ၎င်း၏ နျူကလီးယားစီမံကိန်းကို အပြည့်အဝ စွန့်လွှတ်ဖွယ်မရှိကြောင်း ကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၃၀ ရက်က ပြီးဆုံးခဲ့သည့် အလုပ်သမားပါတီ၏ ၅ ရက်ကြာ အစည်းအဝေးအတွင်း ကင်မ်က အမေရိကန် နှင့် ၎င်း၏ လက်အောက်ခံနိုင်ငံများသည် ၂၀၂၃ ခုနှစ်အတွင်းမှာ မြောက်ကိုရီးယားကို မကြုံစဖူး ဖိအားများပေးခဲ့ သဖြင့် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားစစ်ပွဲ ဖြစ်ပွားလုနီး အခြေအနေသို့ ရောက်ရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အာဏာရပါတီ ကိုယ်စားလှယ်များကိုတွေ့ရစဉ်
"ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ကျနော်တို့ဟာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ဖို့ လိုအပ်ရတဲ့ အခြေအနေအထိ ရောက်ရှိစေခဲ့ပါတယ်"ဟု ကင်မ်က ပြောကြားခဲ့ကြောင်း KCNA မှ ဖော်ပြခဲ့သည်။
ကင်မ်သည် ယခုနှစ် နိုဝင်ဘာလက မြောက်ကိုရီးယား၏ ပထမဆုံး စစ်ဘက်သုံး ကင်းထောက်ဂြိုဟ်တုတစ်စင်းကို လွှတ်တင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် နောက်ထပ် စစ်ဘက်သုံးဂြိုဟ်တု ၃ စင်းကို လွှတ်တင်ရန် စီစဉ်လျက်ရှိ သည်။
ထို့ပြင် နျူကလီယားလက်နက်များ၊ တိုက်ခိုက်ရေးဒရုန်းများ၊ အီလက်ထရောနစ် စစ်ဆင်ရေး ပစ္စည်းများကဲ့သို့ ခေတ်မီ တိုက်ပွဲဝင် လက်နက်မျိုးစုံကို ထုတ်လုပ်ရန်လည်း ကင်မ်က သက်ဆိုင်ရာ အာဏာပိုင်များကို တိုက်တွန်း ခဲ့သည်ဟု KCNA မှ ဖော်ပြခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1166
CNI International News
ကိုးလ်ကတ္တား၊ ဒီဇင်ဘာ ၃၀
အာသံပြည်နယ်၏ တပ်မှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အာရ်ပီ ကာလီတာက အာသံလွတ်မြောက်ရေးတပ်ဦး (ULFA-I) အကြီးအကဲ ပါရက်ရှ်ဘာရူအာ ( Paresh Baruah)ကို အာသံပြည်နယ်သို့ ပြန်လာရန် တိုက်တွန်းခဲ့သည်ဟု Northeast Now မှ ဖော်ပြခဲ့သည်။
ULFA-I အကြီးအကဲ ပါရက်ရှ်ဘာရူအာ အနေနှင့် အာသံပြည်နယ်သို့ ပြန်လာသင့်ကြောင်း၊ ပြီးခဲ့သည့်နှစ်များ အတွင်း အာသံပြည်နယ်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုခံစားသင့်ကြောင်း ကာလီတာက ပြောကြားခဲ့သည်။
ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စစ်တပ်မှ အငြိမ်းစားယူတော့မည့် ဒုတိယဗိုလ်ချုပ်ကြီး ကာလီတာသည် အာသံပြည်နယ်ကို ချီးကျူးစကား ပြောကြားမှုသည် စိတ်ဝင်စားစရာ ကောင်းလှသည်။
"ပါရက်ရှ် ဘာရူအာနဲ့ ULFA-I အဖွဲ့ထဲက လူတွေကို အာသံပြည်နယ်ကို ပြန်လာဖို့နဲ့ အာသံပြည်နယ်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ ငြိမ်းချမ်းမှုကို ခံစားဖို့ ကျနော် တိုက်တွန်းပါတယ်" ဟု ကာလီတာက ပြောသည်။

အာသံလွတ်မြောက်ရေးတပ်ဦး (ULFA-I) အကြီးအကဲ ပါရက်ရှ်ဘာရူအာကို တွေ့ရစဉ်
ဒုတိယဗိုလ်ချုပ်ကြီး ကာလီတာသည် ဒီဇင်ဘာ ၂၈ ရက်က ကိုးလ်ကတ္တားမြို့ရှိ အိန္ဒိယစစ်တပ်၏ အရှေ့ပိုင်း စစ်ဌာနချုပ်ရှိ Fort William စစ်စခန်းတွင် မီဒီယာများနှင့် တွေ့ဆုံချိန်အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ် သည်။
ပြီးခဲ့သည့် နှစ်များအတွင်း ULFA-I အဖွဲ့၏ စွမ်းဆောင်ရည်များသည် လျော့နည်းလာခဲ့ပြီး လက်ရှိတွင် ပြန်ပေးဆွဲမှု များနှင့် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကဲ့သို့ ရာဇဝတ်မှုများကိုသာ လုပ်ဆောင်နေကြောင်း ၎င်းက ပြော ကြားခဲ့သည်။
အကြမ်းဖက်မှုများနှင့် သောင်းကျန်းမှုများ လျော့ကျမှုကြောင့် အာသံပြည်နယ်၏ မတူညီသည့် နေရာအစိတ်အပိုင်း များတွင် လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ အထူးလုပ်ပိုင်ခွင့်အက်ဥပဒေ (AFSPA) ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ကာလီတာက ပြောကြားခဲ့သည်။
လက်ရှိတွင် ထိုအက်ဥပဒေကို အာသံပြည်နယ်၏ ခရိုင် ၄ ခုတွင်သာ ဆက်လက် ပြဋ္ဌာန်းထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ကာလီတာက ပြောကြားခဲ့သည်။
Source: Northeast Now
- By CNI
- Category: နိုင်ငံရေး
- Hits: 1166
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၃၀
ထိုင်းနိုင်ငံတွင် ကိုးနှစ်ကြာ အာဏာရယူခဲ့သည့် စစ်တပ် အကြီးအကဲဟောင်း သုံးဦးဖြစ်သည့် ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha) ၊ ပရာဝစ်ဝေါင်ဆူဝမ် (Prawit Wongsuwan)နှင့် အနူပွန် ပေါ့ခ် ပါအိုချင်ဒါ (Anupong "Pok" Paochinda) တို့သည် လက်ရှိတွင် အာဏာကို ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း Thai PBS World မှ ဖော်ပြခဲ့ သည်။
၎င်းတို့၏ အမည်များကို အစွဲပြုပြီး P သုံးလုံးဟု အမည်ပေးခံထားရသည့် ပရာယွတ်၊ ပရာဝစ်နှင့် ပါအိုချင်ဒါတို့ ၃ ဦးသည် မေလ ၁၄ ရက်က ပြုလုပ်ခဲ့သည့်် အထွေထွေရွေးကောက်ပွဲတွင် စိတ်ပျက်ဖွယ်မဲရလဒ်များကိုသာ ရရှိခဲ့ သည်။
ရွေးကောက်ပွဲမတိုင်မီ ပရာယွတ်နှင့် ပရာဝစ်တို့၏ အကွဲအပြဲကြောင့် ၎င်းတို့သုံးဦး၏ အာဏာပြန်လည်ရရှိနိုင်မည့် အခွင့်အလမ်းသည် လျော့ကျသွားခဲ့သည်။
ဝန်ကြီးချုပ်ရာထူး နေရာအတွက် ဆက်လက်ယှဉ်ပြိုင်လိုသည့် ပရာယွတ်က ၎င်း၏ယခင်ပါတီဖြစ်သည့် Palang Pracharath ပါတီမှ နုတ်ထွက်ပြီး United Thai Nation ပါတီသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ပရာယွတ်အား လွှတ်တော်တွင် အယုံအကြည်မရှိအဆို တင်သွင်းခံခဲ့ရချိန်က ထိုလှုပ်ရှားမှု၌ Palang Pracharath ပါတီ၏ လွှတ်တော်အမတ်များ ပါဝင်ပတ်သက်နေကြောင်း ပရာယွတ်က သိရှိခဲ့သည်။
ထို့နောက် ပရာယွတ်နှင့် ပရာဝစ်အကြား အကွဲအပြဲများ ဖြစ်ပွားလာခဲ့သည်။ အလားတူ ၎င်းတို့နှစ်ဦးအကြား ဝန်ကြီးချုပ်ရာထူး နေရာအတွက် ပြိုင်ဆိုင်မှုများသည် ပိုမိုအရှိန်မြင့်တက်လာခဲ့သည်။

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲက ပရာယွတ်သည် Palang Pracharath ပါတီ၏ တစ်ဦးတည်းသော ကိုယ်စားလှယ် လောင်းဖြစ်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့သည်။
ပရာယွတ် ဦးဆောင်သည့် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပရာယွတ်၊ ပရာဝစ်နှင့် ပါအိုချင်ဒါတို့ ၃ ဦးသည် ငါးနှစ်သက်တမ်းရှိသည့် စစ်အစိုးရကို ဖွဲ့စည်းပြီး ၎င်းတို့၏အာဏာများကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
နိုဝင်ဘာ ၂၉ ရက်တွင် ပရာယွတ်သည် ဘုရင့်အတိုင်ပင်ခံအဖွဲ့ဖြစ်သည့် Privy Council ၌ ခန့်အပ်ခံခဲ့ရသဖြင့် ပရာယွတ်သည် နိုင်ငံရေးလောကနှင့် တိုက်ရိုက် ပါဝင်ပတ်သက်နိုင်ခြင်း မရှိတော့ချေ။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ Privy ကောင်စီဝင်များသည် နိုင်ငံရေးပါတီများနှင့် ဆက်နွှယ်မှုရှိခြင်း၊ လွှတ်တော် ကိုယ်စားလှယ် သို့မဟုတ် အထက်လွှတ်တော်အမတ် အစရှိသည့် နိုင်ငံရေးတာဝန်များကို ထမ်းဆောင်းခြင်းတို့မှ တားမြစ်ထားခြင်းကြောင့် ဖြစ်သည်။
ပါအိုချင်ဒါသည်လည်း မေလ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက နိုင်ငံရေးလောကထဲမှ ပျောက်ကွယ်သွားခဲ့ သည်။ သူသည် အသက်အရွယ် အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ မပြုလုပ်မီ လပိုင်းအလိုတွင် နိုင်ငံရေး လောကမှ အနားယူကြောင်း ကြေညာခဲ့သည်။
ပရာဝစ်အနေနှင့် Palang Pracharath ပါတီ ခေါင်းဆောင်အဖြစ် နိုင်ငံရေးလောကထဲတွင် ဆက်ရှိနေဦးမည် ဖြစ်သော်လည်း ၎င်း၏နေရာကို ဆက်ခံရန် သင့်တော်မည့်သူကို တွေ့ရှိပါက ပါတီခေါင်းဆောင်ရာထူးကို လွှဲပြောင်းပေးပြီး နိုင်ငံရေးလောကမှ အနားယူဖွယ်ရှိသည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 1157
CNI International News
မော်စကို၊ ဒီဇင်ဘာ ၃၀
ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ နိုက်ကလပ်တစ်ခုတွင် ပြုလုပ်ခဲ့သည့် ဝစ်လစ်စလစ်ပါတီကို တက်ရောက်ခဲ့သော နာမည်ကြီး အနုပညာရှင်များသည် ဝေဖန်ခံနေရကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၂၀ ရက်နေ့ ညပိုင်းက ကျင်းပခဲ့သည့် ထိုပါတီပွဲတွင် လူသိများသည့် ရက်ပါတစ်ဦးဖြစ်သူ ဗာစီယို (Vacio) သည် ၎င်း၏ ကျားအင်္ဂါကို ခြေစွပ်စွပ်ပြီးဖုံးကွယ်မှုမှလွဲ၍ မည်သည့်အဝတ်အစားမှ ဝတ်ဆင်ခဲ့ခြင်းမရှိဘဲ ဖမ်းဆီးခံ ခဲ့ရကာ ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံခဲ့ရသည်။
ထို့ပြင် အာဏာပိုင်များက ထိုပွဲကို တက်ရောက်ခဲ့သည့် လူသိများ ထင်ရှားသူများအား ပြည်သူလူထုကို ပြန်လည် တောင်းပန်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး စစ်ဆေးမေးမှုများ ပြုလုပ်ခဲ့သည်။
ရုပ်သံ အစီအစဉ် တင်ဆက်သူဖြစ်ပြီး သရုပ်ဆောင်တစ်ဦးဖြစ်သည့် အန်နက်စတာစီယာ အီဗ်လီဗာ (Anastasia Ivleeva) က စီစဉ်ကျင်းပခဲ့သော ထိုပါတီ၏ ဓာတ်ပုံများသည် လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မူတာဘာ (Mutabor) နိုက်ကလပ်တွင် ဗာစီယိုနှင့်အတူ အခြားလူသိများထင်ရှားသည့် အနုပညာရှင်များလည်း တက်ရောက်ခဲ့ပြီး ပွဲစီစဉ်သူ အီဗ်လီဗာသည် ရူဘယ်လ် ၂၃ သန်း (ဒေါ်လာ ၂၅၁၀၀၀) တန်ကြေးရှိ ရတနာဆွဲကြိုး တစ်ခုကို ၎င်း၏ခါး၌ ပတ်ထားခဲ့ပုံကို ဓာတ်ပုံများထဲတွင် တွေ့ရသည်။

ကွန်ဆာဗေးတစ် လွှတ်တော်အမတ်များ၊ ဘလော့ဂါများနှင့် အခြားသူများကမူ ထိုပါတီတွင် ရိုက်ကူးထားသည့် ဓာတ်ပုံများကို ဝေဖန်ခဲ့ပြီး ယူကရိန်းနှင့် စစ်ပွဲဖြစ်ပွားနေချိန်၌ ထိုပွဲမျိုးကျင်းပခဲ့ခြင်းကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ ကြသည်။
ထိုပါတီကျင်းပသည့် အကြောင်းအရာသည် ရုရှားမီဒီယာများတွင် ရက်ပေါင်းများစွာကြာ ခေါင်းကြီးပိုင်း သတင်း များဖြစ်ခဲ့ပြီး ရုရှား၌ ပြည်သူများက စားဝတ်နေရေးအတွက် ရုန်းကန်နေရချိန်တွင် ထိုပါတီကျင်းပမှုကို နှိုင်းယှဉ် ရေးသားသည့် ဆောင်းပါးများလည်း ထွက်ပေါ်လာခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယား ဇာခါရိုဗာ (Maria Zakharova) ကလည်း ထိုပါတီ ပွဲကို တက်ရောက်ခဲ့သူများသည် အမည်းစည်း ထင်သွားခဲ့သော်လည်း ၎င်းတို့အနေဖြင့် အနုပညာအလုပ်များကို ဆက်လက်လုပ်ကိုင်ရန် အခွင့်အရေးရှိသေးကြောင်း ပြောကြားခဲ့သည်။
အမည်ရင်း နီကိုလိုင် ဗာစီလ်ယက်ဗ် (Nikolai Vasilyev) ဖြစ်သည့် ရက်ပါ ဗာစီယိုသည် လိင်တူစုံမက်သူများ ဆိုင်ရာ ဝါဒဖြန့်မှု ဥပဒေအောက်တွင် ထောင်ဒဏ် ၁၅ ရက်အပြင် ဒဏ်ငွေ ရူဘယ် ၂၀၀,၀၀၀ လည်း ချမှတ်ခံခဲ့ ရသည်။
ထို့ပြင် ပွဲစီစဉ်သူ အီဗ်လီဗာ၊ ရက်ပါ ဗာစီယို အပါအဝင် ထိုပွဲကို တက်ရောက်ခဲ့သည့် နာမည်ကြီး အနုပညာရှင် များကလည်း ၎င်းတို့၏ ဝတ်စားဆင်ယင်ပုံများအတွက် ပြည်သူလူထုကို တောင်းပန်စကား ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1034
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၃၀
အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည့် နစ်ကီ ဟာလေး (Nikki Haley)သည် အမေရိကန်ပြည်တွင်းစစ်ကို ဖြစ်ပွားစေခဲ့သည့် အဓိကအကြောင်းတရားများကို မေးမြန်းခံရချိန်၌ ကျေးကျွန်ပြဿနာအား ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိသည့်အတွက် ဝေဖန်ခံနေရသည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲ တစ်ခုတွင် အမေရိကန်ပြည်တွင်းစစ် ဖြစ်စေခဲ့ သည့် အကြောင်းတရားများကို ပွဲတက်လာသူတစ်ဦးက ဟာလေးကို မေးမြန်ခဲ့ခြင်း ဖြစ်သည်။
ဟာလေးက ထိုမေးခွန်းကို ဖြေကြားရာတွင် ကျေးကျွန်ပြဿနာအား ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိသဖြင့် ထိုမေးခွန်း မေးမြန်သူက အမေရိကန်ပြည်တွင်းစစ်တွင် ကျေးကျွန်ပြဿနာကို ထည့်သွင်းဖြေကြားခြင်း မရှိခဲ့ခြင်း ကြောင့် အလွန်အံ့အားသင့်မိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဟာလေး၏ ဖြေကြားမှုကို ဒီမိုကရက်များနှင့် နိုင်ငံရေးပြိုင်ဘက်များက ပြစ်တင်ဝေဖန်ခဲ့သည်။ ထို့နောက် တောင်ကာရိုလိုင်းနား ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သည့် ဟာလေးက ၎င်း၏ မှတ်ချက်စကားကို ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။

"ဟုတ်တာပေါ့။ ပြည်တွင်းစစ်ဟာ ကျေးကျွန်းပြဿနာကြောင့် ဖြစ်ခဲ့တာပါ" ဟု ဒီဇင်ဘာ ၂၈ ရက်တွင် ဟာလေး က မဲဆွယ်စည်းရုံးပွဲတွင် ဖြေကြားခဲ့သည့် ၎င်း၏ မှတ်ချက်စကားကို ပြန်လည်ပြင်ဆင်သည့် အနေဖြင့် ပြောကြား ခဲ့သည်။
ဟာလေး၏ နိုင်ငံရေးပြိုင်ဘက်များကမူ ဟာလေး၏ အဖြေကို ပြက်ရယ်ပြုခဲ့ကြပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကလည်း လူမှုမီဒီယာတွင် ဟာလေး၏ မှတ်ချက်ကို တုန့်ပြန်သည့်အနေဖြင့် ကျေးကျွန်ပြဿနာနှင့် ပတ်သက်သည့် ဗွီဒီယိုတစ်ခုကို တင်ပြီး တုန့်ပြန်ခဲ့သည်။
"နစ်ကီဟာလေးဟာ အခြေခံကျတဲ့ နိုင်ငံရေးဆိုင်ရာ မေးခွန်းကိုတောင်မှ မဖြေနိုင်ခဲ့ပါဘူး။ ပြီးတော့ ၁၂ နာရီ အတွင်းမှာပဲ သူ့မှတ်ချက်ကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့ရပါတယ်။ သူဟာ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် အဆိုပြုခံရဖို့ အသင့်မဖြစ်သေးပါဘူး" ဟု ရီပတ်ဘလစ်ကန်ပြိုင်ဘက် ရွန် ဒီဆန်းတစ် (Ron DeSantis) က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
အမေရိကန်ပြည်တွင်းစစ် ဖြစ်စေခဲ့သည့် အဓိက အကြောင်းတရားသည် ကျေးကျွန်ပြဿနာကြောင့် ဖြစ်သည်ဟု သမိုင်းပညာရှင်များက ယူဆခဲ့ကြသော်လည်း ကျေးကျွန်စနစ် လိုလားသည့် အမေရိကန်တောင်ပိုင်း ပြည်နယ်များ နှင့် ကွန်ဆာဗေးတစ်များကမူ ထိုယူဆချက်ကို သဘောတူခြင်း မရှိပေ။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1053
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၉
ပင်လယ်နီ (Red Sea)တွင် ကုန်တင်သင်္ဘောများကို တိုက်ခိုက်နေသည့် ယီမင်နိုင်ငံ၏ ဟူရ်သီ (Houthi)သူပုန်များ ၏ တိုက်ခိုက်မှုများအား တုန့်ပြန်ရန် အမေရိကန်က ဦးဆောင်သော ပင်လယ်ရေကြောင်းဆိုင်ရာ ကာကွယ်ရေး တပ်ဖွဲ့အသစ် ဖွဲ့စည်းမှု၌ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ရန် အမေရိကန်၏ မဟာမိတ်များက တွန့်ဆုတ်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကမူ Operation Prosperity Guardian ဟု အမည်ပေး ဖွဲ့စည်းခဲ့ သည့် ပင်လယ်နီတွင် ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့သည် ဟူရ်သီတို့၏ တိုက်ခိုက်မှုများအပေါ် နိုင်ငံတကာ၏ ခိုင်မာသည့် တုန့်ပြန်ဆောင်ရွက်မှုတစ်ခုအဖြစ် မျှော်လင့်ခဲ့သည်။
သို့သော် ထိုတပ်ဖွဲ့ ဖွဲ့စည်းအပြီး တစ်ပတ်အကြာတွင် အမေရိကန်၏ မဟာမိတ်များက ထိုတပ်ဖွဲ့ထဲ၌ ထဲထဲ ဝင်ဝင် ပါဝင်လှုပ်ရှားလိုခြင်း မရှိသည့်ပုံစံများကို သိသာထင်ရှားစွာ ပြသခဲ့သည်။
အမေရိကန်၏ ဥရောပမဟာမိတ် ၂ နိုင်ငံဖြစ်သည့်် အီတလီနှင့် စပိန်တို့ကမူ ၎င်းတို့သည် Operation Prosperity Guardian တပ်ဖွဲ့တွင် ပါဝင်ကြောင်း စာရင်းသွင်းထားသော်လည်း ထိုတပ်ဖွဲ့နှင့် ခပ်ကင်းကင်းနေလိုသည့် ပုံစံမျိုး ရေးသားထားသည့် အစီရင်ခံစာများကို ထုတ်ပြန်ခဲ့သည်။

ပင်လယ်နီအတွင်း ဖြစ်သန်းနေတဲ့ သင်္ဘော တစ်စင်းကို တွေ့ရစဉ်
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကမူ Operation Prosperity Guardian တပ်ဖွဲ့သည် ယီမင်နိုင်ငံ၏ ကမ်းလွန်ရေပြင်များတွင် ဒေါ်လာဘီလျံချီ တန်ကြေးရှိသည့် ပင်လယ်ကူးသင်္ဘော လမ်းကြောင်းများကို ကာကွယ်ရန် ဖွဲ့စည်းထားသော နိုင်ငံပေါင်း ၂၀ ကျော်ပါဝင်သည့် ကာကွယ်ရေး ညွန့်ပေါင်းအဖွဲ့ဖြစ်သည်ဟု ပြောကြားခဲ့သည်။
သို့သော် လက်ရှိအချိန်အထိ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည့် နိုင်ငံပေါင်း ၂၀ ကျော်တွင် ၁၀ နိုင်ငံသာ ပါဝင်ရန် စာရင်းပေးထားဆဲ ဖြစ်သည်။
ထိုညွန့်ပေါင်းအဖွဲ့တွင် ပါဝင်စာရင်းပေးထားသည့် ၁၀ နိုင်ငံထဲကလည်း စစ်သင်္ဘောများ ဖြန့်ကြက်ချထားခြင်း မရှိသေးဘဲ စစ်တပ်အရာရှိ အနည်းငယ်ကိုသာ စေလွှတ်ထားဆဲဖြစ်သည်။
အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဘိုင်ဒန်က အစ္စရေးကို ခိုင်မာစွာ ထောက်ပံ့ပေးထားသဖြင့် ဂါဇာပဋိပက္ခနှင့်ပတ်သက် ပြီး အမေရိကန်၏ မဟာမိတ်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပွားနေနိုင်သည့် အခြေအနေကို Operation Prosperity Guardian စစ်ဆင်ရေးက မီးမောင်းထိုးပြသရာ ရောက်နေသည်ဟုလည်း ကျွမ်းကျင်သူများက ပြော ကြားခဲ့သည်။
လက်ရှိတွင် Operation Prosperity Guardian ညွန့်ပေါင်းကာကွယ်ရေးတပ်ဖွဲ့အတွင်း ပါဝင်သည့် နိုင်ငံများမှာ အမေရိကန်၊ ဗြိတိန်၊ ဘာရိန်း၊ ကနေဒါ၊ ဒိန်းမတ်၊ ဂရိ၊ နယ်သာလန်၊ နော်ဝေ၊ သြစတြေးလျနှင့် ဆေးချဲလ်စ် ကျွန်း နိုင်ငံများ ဖြစ်သည်။
Source: ရိုက်တာ
