- By CNI
- Category: နိုင်ငံရေး
- Hits: 674
CNI Internatioanl News
ပေကျင်း၊ ဇူလိုင် ၂၆
ဇွန်လကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း (Qin Gang)သည် ရာထူးမှ ဖယ်ရှားခံခဲ့ရကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက ထုတ်လွှင့်ခဲ့သည်ဟု South China Morning Post မှ ရေး သားဖော်ပြခဲ့သည်။
ချင်၏ ပျောက်ကွယ်နေသည့် အခြေအနေအပေါ် သီတင်းပတ် အနည်းငယ်ကြာ ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့ ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံရသည့်သတင်း ထွက်ရှိခဲ့ခြင်း ဖြစ်သည်။
ချင်ဂန်း ပျောက်ကွယ်နေမှု အကြောင်းအရာသည် ပြည်တွင်းနိုင်ငံရေး စကားဝိုင်းများကို လွှမ်းမိုးခဲ့ပြီး ပြီးခဲ့သည့်် နှစ်က တတိယအကြိမ် သမ္မတသက်တမ်းကို ရရှိခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်(Xi Jinping) အတွက် အကြီး မားဆုံး အကျပ်အတည်းများထဲမှ တစ်ခုဖြစ်လာခဲ့သည်။
CCTV ၏ အကျဉ်းချုံး ထုတ်ပြန်မှုတွင် ရှီ၏ ထိပ်သီး နိုင်ငံခြားရေးမူဝါဒ လက်ထောက် ဝမ်ယိ (Wang Yi) သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်တာ၀န်ယူမည့် ဝမ်ယိကိုတွေ့ရစဉ်
ဗဟို နိုင်ငံခြားရေး ကော်မရှင်ရုံး (Office of the Central Foreign Affairs Commission) ၏ ညွှန်ကြားရေးမှူး ဝမ်သည် ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်အတွင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
ဝမ်သည် ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းများဖြစ်သည့် ဟင်နရီ ကစ်ဆင်ဂျာ (Henry Kissinger) ၊ ဂျွန်ကယ်ရီ (John Kerry) တို့နှင့် အစည်းအဝေးပြုလုပ်ခဲ့သလို တောင်အာဖရိကတွင် ပြုလုပ် မည့် BRICS ညီလာခံကို တက်ရောက်ရန် စီစဉ်ခြင်းတို့ အပါအဝင် သံတမန်ရေးရာ လှုပ်ရှားမှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့သည်။
ချင်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်မခံရမီ ဝမ်သည် ရှီ၏ ပထမ သက်တမ်း နှင့် ဒုတိယသက်တမ်းတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

အမျိုးသားပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီကိုတွေ့ရစဉ်
ဇူလိုင် ၂၄ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ (National People's Congress Standing Committee) ၏ အထူးအစည်းအဝေးတွင် ချင်ကို ရာထူးမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဇွန် ၂၅ ရက်က ရုရှား၊ ဗီယက်နမ်နှင့် သီရိလင်္ကာနိုင်ငံများမှ သံတမန်များနှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ချင်ကို နောက်ဆုံးအကြိမ် လူမြင်ကွင်းတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
Source: SCMP
- By CNI
- Category: နိုင်ငံရေး
- Hits: 764
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၅
ညွန့်ပေါင်းအဖွဲ့ထဲတွင် Move Forward ပါတီ ဆက်ရှိနေပါက ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်မည့် လွှတ်တော်တွင်း ဝန်ကြီးချုပ်ရာထူး မဲခွဲမှုတွင် ဖြူးထိုင်းပါတီကို ထောက်ခံမဲပေးမည် မဟုတ်ကြောင်း အထက်လွှတ်တော် အမတ် အချို့က ဇူလိုင် ၂၄ ရက်၌ ကြေညာခဲ့သည်။
ဖြူးထိုင်းပါတီအနေနှင့် ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ် သူရိယ ဂျန်ဂရွန် ဂရန်ကစ် (Suriya Juangroon gruangkit) ကို အထက်လွှတ်တော် အမတ်များဆီ စေလွှတ်ပြီး ထောက်ခံမဲရရှိရေးအတွက် မဲဆွယ်ခြင်း မပြုရန် လည်း အထက်လွှတ်တော်အမတ်များက ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်အမတ်များသည် နိုင်ငံရေးပါတီများ၏ ထိန်းချုပ်မှုအောက်တွင် မရှိစေရဟု တားမြစ်ထားသဖြင့် ဖြူးထိုင်းပါတီအနေနှင့် သူရိယကို စေလွှတ်ပြီး မဲဆွယ်ရန် အကြောင်းမရှိကြောင်း အထက်လွှတ်တော်အမတ် ဆီးရီး ဆူဝမ်ပါနွတ် (Seree Suwanpanont) က ပြောသည်။
အထက်လွှတ်တော် အမတ်များသည် ဘုရင်စနစ်နှင့် နိုင်ငံ၏ အဓိက အင်စတီကျူးရှင်းများကို ထိခိုက်စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲရန် ကြိုးပမ်းလိုသည့် မည်သည့်ပါတီကိုမဆို ထောက်ခံခြင်းမပြုသည့် မိမိတို့၏ ရပ်တည်ချက်ကို ဆက်လက် ထိန်းသိမ်းထားမည်ဟု ၎င်းက ဆိုသည်။
ဝန်ကြီးချုပ်ရာထူးကို ရွေးကောက်ရာတွင် အထက်လွှတ်တော် အမတ်များ၏ လုပ်ပိုင်ခွင့်ကို လျှော့ချလိုပြီး တော်ဝင်မိသားစုအား အကာအကွယ်ပေးထားသည့် ဥပဒေများကိုပြင်ဆင်ရန် စီစဉ်ခဲ့သော Move Forward ပါတီအား ဆူဝမ်ပါနွတ်က ရှင်းလင်းပြတ်သားစွာ ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဖြူးထိုင်းပါတီ ဝန်ကြီးချုပ်လောင်း နှစ်ဦးကိုတွေ့ရစဉ်
ဇူလိုင် ၁၃ ရက်က ပြုလုပ်ခဲ့သည့် ဝန်ကြီးချုပ်ရွေးချယ်ရေး ပထမအကြိမ် မဲခွဲဆုံးဖြတ်မှုတွင် အထက်လွှတ်တော် အမတ် အများစုသည် မဲမပေးဘဲ လက်ရှောင်ခဲ့သဖြင့် Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရတ် (Pita Limjaroenrat) ၏ ဝန်ကြီးချုပ်ဖြစ်ရေး ကြိုးပမ်းမှုကို ထိရောက်စွာ တားဆီးနိုင်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်မှုတွင်လည်း အထက်လွှတ်တော်အမတ် များသည် တည်ရှိဆဲ ညွန့်ပေါင်းအဖွဲ့ထဲမှ လွှတ်တော်အမတ်များနှင့် ပူးပေါင်းပြီး ပီတာအား နောက်တစ်ကြိမ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်းသွင်းမှုကို တားဆီးခဲ့သဖြင့် ဝန်ကြီးချုပ်နေရာအတွက် မဲပေးရွေးချယ်မှုကို ထပ်မံရွှေ့ဆိုင်းခဲ့ရသည်။
ထို့နောက် Move Forward ပါတီက ဖြူးထိုင်းပါတီကို ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းရေးအတွက် ဦးဆောင်ရန် လမ်းဖယ်ပေးခဲ့သည်။
"တကယ်လို့ ဖြူးထိုင်းပါတီအနေနဲ့ အစိုးရဖွဲ့ဖို့ လွှတ်တော်အမတ်တွေရဲ့ လုံလောက်တဲ့ ထောက်ခံမဲကို ရချင်တယ် ဆိုရင် နိုင်ငံရဲ့ အဓိက အင်စတီကျူးရှင်းတွေကို ထိခိုက်စေမယ့်် မူဝါဒတွေမရှိမှပဲ အထက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမဲတွေကို ရပါလိမ့်မယ်" ဟု ဆူဝမ်ပါနွတ်က ပြောကြားခဲ့သည်။
အထက်လွှတ်တော် အမတ်များအနေဖြင့် ဝန်ကြီးချုပ် ရွေးချယ်ရေးအတွက် မဲခွဲဆုံးဖြတ်မှုကို ရွေ့ဆိုင်းခြင်းနှင့် ပတ်သက်ပြီး အရေးတကြီး လုပ်ဆောင်မည် မဟုတ်သဖြင့် ဖြူးထိုင်းပါတီအနေဖြင့် မိတ်ဖက်ပါတီများနှင့် အရင် ဆုံး တိုင်ပင်ညှိနှိုင်းနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

MFP ပါသည့် ညွန့်ပေါင်းအဖွဲ့ကိုတွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း ဖြူးထိုင်းပါတီသည် ညွန့်ပေါင်းအဖွဲ့ထဲမှ မိတ်ဖက်ပါတီများနှင့် အလွတ် သဘော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး မိတ်ဖက်ပါတီများအားလုံးက Move Forward ပါတီသည် ညွန့်ပေါင်း အဖွဲ့ထဲတွင် ဆက်ရှိနေမည်ဆိုလျှင် ၎င်းတို့အနေဖြင့် ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်ခြင်း သို့မဟုတ် ဖြူးထိုင်းပါတီကို ထောက်ခံမဲပေးခြင်းတို့ ပြုလုပ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ကစ်တီဆက်ခ် ရတ္တနဝါရာဟ (Kittisak Rakanawaraha) ကလည်း သူ့အနေနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်သော်လည်း Move Forward ပါတီသာ ညွန့်ပေါင်းအဖွဲ့ထဲတွင် ဆက်ရှိနေပါက ထောက်ခံမဲပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
နောက်ထပ် အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်သူ အနူဆစ် ကူနာကွန်း (Anusit Kunakorn) ကလည်း ဖြူးထိုင်းပါတီအနေဖြင့် ၎င်း၏ ညွှန့်ပေါင်းအဖွဲ့ထဲတွင် Move Forward ပါတီကို ထည့််သွင်းရန် သင့်/မသင့်အတွက် ဆုံးဖြတ်ရာ၌ အမျိုးသားအကျိုးစီးပွားကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ပြောကြားခဲ့သည်။
Sources: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 962
CNI International News
ဆိုးလ်၊ ဇူလိုင် ၂၅
မြောက်ကိုရီးယားနှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန်၏ ဒုတိယမြောက် နျူကလီးယား စွမ်းအင် သုံး ရေငုပ်သင်္ဘောတစ်စင်းသည် တောင်ကိုရီးယားနိုင်ငံသို့ ဇူလိုင် ၂၄ ရက်တွင် ရောက်ရှိခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
တောင်ကိုရီးယားနှင့် အမေရိကန်သည် မြောက်ကိုရီးယားကို ဟန့်တားရန် ကြိုးပမ်းနေစဉ် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်၏ နျူကလီးယားလက်နက်တပ် ရေငုပ်သင်္ဘောတစ်စင်း တောင်ကိုရီးယားသို့ ရောက်ရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် နောက်ထပ် ရေငုပ်သင်္ဘောတစ်စင်း ထပ်မံရောက်ရှိခဲ့ခြင်း ဖြစ်သည်။
USS Annapolis ရေငုပ်သင်္ဘောသည် စစ်ပစ္စည်းများကို တင်ဆောင်ရန် တောင်ကိုရီးယား၏ တောင်ပိုင်း ဂျယ်ဂျူးကျွန်းရှိ ရေတပ်စခန်းသို့ ဝင်ရောက်ခဲ့သည်ဟု တောင်ကိုရီးယားရေတပ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ကိုတွေ့ရစဉ်
သို့သော် စစ်ဆင်ရေးဆိုင်ရာ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
" USS Annapolis ရေငုပ်သင်္ဘော ရောက်ရှိမှုနဲ့အတူ နှစ်နိုင်ငံ ရေတပ်တွေဟာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက် မှုကို တိုးမြှင့်ဖို့နဲ့ မဟာမိတ်ဖွဲ့မှု နှစ်ပေါင်း ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်" ဟု တောင်ကိုရီးယားရေတပ်က အစီအရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၁၈ ရက်ကလည်း အမေရိကန်၏ ပဲ့ထိန်းစနစ်တပ် ရေငုပ်သင်္ဘော USS Kentucky သည် တောင်ကိုရီးယား ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။
ထိုသင်္ဘောသည် ၁၉၈၀ ပြည့်နှစ်က အမေရိကန်၏ နျူကလီးယား ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသည့် ရေငုပ် သင်္ဘော SSBN ပြီးနောက် တောင်ကိုရီးယားသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည့် နျူကလီးယား ရေငုပ်သင်္ဘော ဖြစ်သည်။
ထို့ပြင် မြောက်ကိုရီးယားနှင့် နျူကလီးယား စစ်ပွဲဖြစ်ပွားမည့် အခြေအနေအတွက် ပူးပေါင်းတုံ့ပြန်ရန် အမေရိကန် နှင့် တောင်ကိုရီးယားအကြား ဆွေးနွေးမှုများ ပြုလုပ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

တောင်ကိုရီးယားသမ္မတ အမေရိကန်ရဲ့ ရေငုပ် သင်္ဘောပေါ် တက်လေ့လာနေစဉ်
တောင်ကိုရီးယားသို့ USS Kentucky သင်္ဘော ရောက်ရှိခဲ့ပြီးနောက် ဇူလိုင် ၁၉ ရက်တွင် မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို ပစ်လွှတ်ခဲ့သလို ဇူလိုင် ၂၂ ရက်ကလည်း ခရုစ်ဒုံးကျည် ငါးစင်းကို ထပ်မံ ပစ်လွှတ်ခဲ့ သည်။
USS Annapolis သည် USS Kentucky ကဲ့သို့ နျူကလီးယားလက်နက်များ တပ်ဆင်မထားသည့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောဖြစ်ပြီး သင်္ဘောဖျက် စစ်ဆင်ရေးနှင့် ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေးများအတွက် အသုံးပြုသည့် ရေငုပ်သင်္ဘော အမျိုးအစားဖြစ်သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း ကိုရီးယားကျွန်းဆွယ်၏ ကမ်းလွန်ရေပြင်များတွင် တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နှင့် ပြုလုပ်ခဲ့သည့် သုံးပွင့်ဆိုင် ရေငုပ်သင်္ဘောဖျက် စစ်ရေးလေ့ကျင့်မှုများတွင် USS Annapolis ရေငုပ်သင်္ဘောလည်း ပါဝင်ခဲ့သည်။
Source : ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 851
CNI International News
မော်စကို၊ ဇူလိုင် ၂၅
ဇူလိုင် ၂၄ ရက် နံနက်အစောပိုင်းက မော်စကိုမြို့တော်၏ ကောင်းကင်ယံတွင် ယူကရိန်းဒရုန်းနှစ်စင်းကို ပစ်ချနိုင် ခဲ့ပြီး ဒရုန်းတစ်စင်းသည် ကာကွယ်ရေးဝန်ကြီးဌာနအနီးတွင် ပျက်ကျသွားခဲ့သည်ဟု ရုရှားက ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အဆိုပါ ဒရုန်းများသည် မြို့တော်အတွင်းရှိ လူမနေသည့် အဆောက်အအုံများနှင့် တိုက်မိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ရုရှားအရာရှိများက ပြောကြားခဲ့သည်။
ပင်လယ်နက် ဆိပ်ကမ်းမြို့ဖြစ်သည့် အိုဒက်ဆာတွင် ရုရှား၏ ဒုံးကျည် တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်သွား မည်ဟု ယူကရိန်းက ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထိုဒရုန်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။
"မော်စကိုမြို့တော်ရဲ့ နယ်နိမိတ်အပေါ်မှာ ဒရုန်းနှစ်စင်းနဲ့ အကြမ်းဖက် တိုက်ခိုက်မယ့် ယူကရိန်းအစိုးရရဲ့ ကြိုးပမ်းမှု ဟန့်တားခံခဲ့ရပါတယ်"ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
"ယူကရိန်း ဒရုန်းနှစ်စင်းဟာ နှိမ်နင်းခံခဲ့ရပြီး ပျက်ကျသွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး"ဟု ရုရှားအစိုးရ က ပြောသည်။

ယူကရိန်းဒရုန်း တိုက်ခိုက်မှုကြောင့် ပျက်စီးမှုတွေကို ရှင်းလင်းနေစဉ်
ဒရုန်းတစ်စင်းသည် မော်စကိုမြို့တော်၏ အဓိကလမ်းမကြီး တစ်ခုဖြစ်သည့် လီခါချာဗာ(Likhacheva)လမ်းပေါ်ရှိ စီးပွားရေးစင်တာတစ်ခုကို ဝင်တိုက်ခဲ့ပြီး အခြားဒရုန်းတစ်စင်းသည် ကာကွယ်ရေးဝန်ကြီးဌာန အနီးတွင် ပျက်ကျခဲ့ သည်ဟု တာ့စ်သတင်းက ဖော်ပြခဲ့သည်။
အခင်းဖြစ်ပွားသည့် နေရာသို့ ရောက်ရှိခဲ့သည့် အေအက်ဖ်ပီ သတင်းထောက်များသည် ခန်းဆိုမိုစကီး ပရိုစပန့် ( Komsomolsky Prospekt) လမ်းပေါ်ရှိ အဆောက်အအုံ တစ်ခုတွင် ခေါင်မိုးများ ထိခိုက်ပျက်စီးနေသည်။
ထိုနေရာကို ရဲတပ်ဖွဲ့က အကာအရံများဖြင့် ပိတ်ဆို့နေသည်။
ရဲကားအချို့၊ မီးသတ်ကား အချို့နှင့် လူနာတင်ယာဉ်တစ်စီးကို မြင်တွေ့ခဲ့ကြောင်း၊ ရဲအရာရှိများက ဗွီဒီယိုရိုက်ကူး ခြင်း မပြုရန်နှင့် ဗွီဒီယိုရိုက်ကူးမည်ဆိုပါက ဖမ်းဆီးထိန်းသိမ်းခြင်း ခံရမည်ဟု ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောသည်။
၎င်းက "ကျနော် အိပ်မပျော်သေးပါဘူး။ အချိန်ကတော့ မနက် ၃ နာရီခွဲလောက်မှာပါ။ အိမ်တောင် တုန်သွားပါ တယ်"ဟု အသက် ၇၀ အရွယ် ဒေသခံတစ်ဦးဖြစ်သည့် ဗလာဒီမာ (Vladimir)က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။

ရုရှား ရဲတပ်ဖွဲ့ လုံခြုံရေးယူထားစဉ်
မော်စကိုမြို့တော်ဝန် ဆာဂျေး ဆိုဗျာနင် (Sergei Sobyanin) ကမူ ဒရုန်းတိုက်ခိုက်မှုသည် ဒေသစံတော်ချိန် နံနက် ၄ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သည်ဟု ပြောသည်။
အခင်းဖြစ်ပွားသည့် နေရာမှာ အရေးပေါ်လုပ်ငန်းများ လုပ်ဆောင်နေပြီး ထိခိုက်သေဆုံးသူ မရှိကြောင်း ထုတ်ပြန် ခဲ့သည်။
မော်စကိုမြို့တော်သည် ယူကရိန်းနယ်စပ်နှင့် ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) အကွာအဝေးတွင် တည်ရှိသော်လည်း မေလအတွင်း ကရင်မလင်နန်းတော်ကို ဒရုန်းတစ်စင်း ဝင်တိုက်ခဲ့မှုနှင့်အတူ ယခုနှစ်အတွင်း ဒရုန်းများဖြင့် မကြာ ခဏ တိုက်ခိုက်ခံခဲ့ရသည်။
ယခုလ အစောပိုင်းကလည်း မော်စကိုမြို့တော်၏ ဗာနုကိုဗို(Vnukovo) နိုင်ငံတကာလေဆိပ်ကို အနှောင့်အယှက် ဖြစ်စေခဲ့ သည့် ယူကရိန်းဒရုန်း ငါးစင်းကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 926
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၅
ထိုင်းနိုင်ငံတွင် အစိုးရသစ် ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် နိုင်ငံအတွင်း တည်ငြိမ် ငြိမ်းချမ်းစေရန် မျှော်လင့်ကြောင်း ရာထူးမှ ထွက်ခွာတော့မည့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha)က ပြောသည်ဟု Thai PBS မှ ဖော်ပြခဲ့သည်။
အရာအားလုံးသည် ပိုမိုကောင်းမွန်လာမည့် အခြေအနေတွင် ရှိနေကြောင်း၊ နိုင်ငံ့စီးပွားရေးသည်လည်း ပြန်လည် နာလန်ထူနေကြောင်း၊ ကမ္ဘာလှည့် ခရီးသည်များလည်း ထိုင်းနိုင်ငံအတွင်းသို့ ပိုမိုဝင်ရောက်လာကြောင်း ပရာယွတ် မှ ပြောကြားခဲ့သည်ဟု ထိုင်းအစိုးရ၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ရာချဒါ ဓနဒီရက် (Rachada Dhnadirek) က ပြောကြားခဲ့သည်။

ရာချဒါ ဓနဒီရက်ကိုတွေ့ရစဉ်
ပရာယွတ်က သူ့အနေဖြင့် အစိုးရအသစ် ဖွဲ့စည်းနေသည့် အချိန်တွင် တိုင်းပြည်ကို ထိန်းသိမ်းစောင့်ရှောက် သွားမည်ဖြစ်ပြီး လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားမျာကိုလည်း ထမ်းဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
Move Forward ပါတီ၏ ဝန်ကြီးချုပ်ရာထူး နေရာအတွက် ကိုယ်စားလှယ်လောင်း ပီတာလင်ဂျာရိုရတ်သည် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှု၌ လိုအပ်သည့် ထောက်ခံမဲ မရရှိခဲ့၍ ဖြူးထိုင်းပါတီက အစိုးရသစ် ဖွဲ့စည်းရန် ဦးဆောင်မည်ဖြစ်သည်။

ဖြူးထိုင်းပါတီကိုတွေ့ရစဉ်
ဖြူးထိုင်းပါတီ၏ အတွေ့အကြုံ ရင့်ကျက်သည့် အဖွဲ့ဝင်များသည် United Thai Nation ပါတီနှင့် အစည်းအဝေး ပြုလုပ်ခဲ့သဖြင့် တက်ကြွလှုပ်ရှားသူများ အဖွဲ့တစ်ဖွဲ့က ဖြူးထိုင်းပါတီ၏ ဌာနချုပ်ကို ဇူလိုင် ၂၃ ရက်တွင် ဝင်ရောက်ခဲ့ပြီး ဆန္ဒပြခဲ့ကြသည်။
United Thai Nation ပါတီ၏ ခေါင်းဆောင်သည် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ(Gen Prayut Chan-o-cha) ပါသည့် ပါတီဖြစ်သည်။
ထိုပါတီသည် အာဏာရှင်အလိုကျ ပါတီဟု တက်ကြွလှုပ်ရှားသူများက တံဆိပ်ကပ်ခဲ့ကြသည်။
Source: TPBS
- By CNI
- Category: နိုင်ငံရေး
- Hits: 1245
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၄
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစပြီး ထိုင်းနိုင်ငံတစ်ဝန်း စီးနင်းရှာဖွေမှုများတွင် တရားမဝင် လက်နက်အများအပြားနှင့် သံသယရှိသူ ၉၆၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့၏ လက်ထောက်အကြီးအကဲ တော်ဆက်ခ် ဆွတ်ခ်ဝီမို က ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဇူလိုင် ၂၁ ရက်အထိ ရဲတပ်ဖွဲ့သည် နိုင်ငံတစ်ဝန်းရှိ ပစ်မှတ် ၁၆၅၈ နေရာကို စီးနင်းခဲ့ပြီး သံသယရှိသူ ၉၆၆ ဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် တရားမဝင် သေနတ် ၉၆၆ လက်နှင့် ကျည်ဆန် ၄၄၅၄၀ တောင့်၊ ဖောက်ခွဲရေးပစ္စည်း နှစ်ခု၊ မက်သာဖက်တမင်း ဆေးပြား ၆၂၃၉ ပြားကို သိမ်းဆည်း ရမိခဲ့သည်ဟု ၎င်းက ပြောသည်။

ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများကိုတွေ့ရစဉ်
Krabi ပြည်နယ်၊ Khao Phanom ခရိုင်မှ ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးမှု၊ လူသတ်မှုစွဲချက်များဖြင့် ဖမ်းဝရမ်း ၃ ခု ထုတ်ခံထားရသည့် အသက် ၂၈ နှစ်အရွယ် ဘွန်အမည်ရှိ သံသယရှိသူ ပိုင်ဆိုင်သည့် Na Khao ရပ်ကွက်က နေအိမ်တစ်လုံးကို ဝင်ရောက် ရှာဖွေခဲ့ခြင်း ဖြစ်သည်။
သံသယရှိသူသည် နေအိမ်နောက်ဘက်မှ မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ချိန်တွင် ရဲတပ်ဖွဲ့က လိုက်လံ၍ ပစ်ခတ် ဖမ်းဆီးခဲ့သည်ဟု တော်ဆက်ခ်က ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသော လက်နက်များကိုတွေ့ရစဉ်
ထိုသံသယရှိသူသည် ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်ရင်း သေဆုံးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
အဆိုပါ သံသယရှိသူထံမှ ၉ မမ Mauser ပစ္စတို တစ်လက်နှင့် M-67 လက်ပစ်ဗုံးအပြင် မီးခိုးဗုံးနှစ်လုံးကိုလည်း တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 942
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၄
ထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲမည့်ပါတီ ညွန့်ပေါင်းအဖွဲ့ထဲတွင် ပါဝင်ပါက အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်း မည့် ဖြူးထိုင်းပါတီ (Pheu Thai)ကနေ အဆိုပြုတင်သွင်းမည့် ဝန်ကြီးချုပ်လောင်းအား ထောက်ခံမဲပေးမည် မဟုတ်ကြောင်း ချတ်ထိုင်းပတ္တနာပါတီ(Chartthaipattana Party) ခေါင်းဆောင် ဝါရာဝပ် စီလ်ပါ အာချာ (Varawut Silpa-archa)က ပြောကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဝါရာဝပ်သည် ဇူလိုင် ၂၃ ရက်က ဖြူးထိုင်းပါတီ ဌာနချုပ်တွင် ဖြူးထိုင်းပါတီ ခေါင်းဆောင်များနှင့် အစည်းအဝေး ပြုလုပ်ပြီးနောက် သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းပါတီ၏ ရပ်တည်ချက်ကို ထုတ်ဖော် ပြောကြားခဲ့သည်။
ဝါရာဝပ်သည် ထိုင်းတော်ဝင် အသရေဖျက်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ ကို ပြုပြင်ပြောင်းလဲလိုသည့် ရွေးကောက်ပွဲ အနိုင်ရ Move Forward Party(MFP)ပါတီကို ရည်ညွှန်းပြီး ပြောကြားခဲ့ဖွယ် ရှိသည်။
၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် Move Forward (MFP)ပါတီသည် အောက် လွှတ်တော်တွင် နေရာ ၁၅၁ နေရာ အနိုင်ရရှိခဲ့သည်။

ပီတာ ဦးဆောင်တဲ့ ၈ ပါတီ ညွန့်ပေါင်းအဖွဲ့ကိုတွေ့ရစဉ်
ထို့နောက် MFP သည် ရွေးကောက်ပွဲတွင် နေရာ ၁၄၁ နေရာနှင့် ဒုတိယ နေရာအများဆုံး ရရှိခဲ့သည့် ဖြူးထိုင်းပါတီ နှင့်အတူ အခြား (၆)ပါတီနှင့်ပူးပေါင်းပြီး အစိုးရဖွဲ့ရန် ကြိုးပမ်းခဲ့သည်။
ထိုညွန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော် နေရာ ၅၀၀ ရှိသည့်အနက် ၃၁၂ နေရာကို ရရှိခဲ့သည်။
သို့သော် Move Forward ပါတီသည် ခေါင်းဆောင်ဖြစ်သူ ပီတာလင်ဂျာရိုရုတ်(Pita Limjaroenrat)အား ဝန်ကြီးချုပ်ရာထူး နေရာအတွက် အမည်စာရင်း တင်သွင်းခဲ့သော်လည်း စစ်တပ်က ခန့်အပ်ထားသည့် အထက်လွှတ်တော် အပါအဝင် လွှတ်တော် နှစ်ရပ်ပေါင်း၏ လိုအပ်သော ထောက်ခံမဲကို မရရှိခဲ့ပေ။
ထို့နောက် Move Forward ပါတီသည် အစိုးရအဖွဲ့ ဖွဲ့စည်းရေးကို ဦးဆောင်ရန် ဖြူးထိုင်းပါတီကို ခွင့်ပြုပေးခဲ့ပြီး ဖြူးထိုင်းပါတီက အဆိုပြုမည့် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းကို ထောက်ခံမည်ဟု ကြေညာခဲ့သည်။
ဖြူးထိုင်းပါတီကမူ အစိုးရအဖွဲ့ ဖွဲ့ရန် ၎င်းတို့၏ (၈)ပါတီ ညွန့်ပေါင်းအဖွဲ့အပြင် Bhumjaithai ပါတီ၊ United Thai Nation ပါတီနှင့် Chartpattanakla ပါတီတို့နှင့်လည်း အစည်းအဝေး ပြုလုပ်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းခဲ့သည်။

ဖြူးထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းများကိုတွေ့ရစဉ်
Bhumjaithai ပါတီနှင့် United Thai Nation ပါတီတို့ကမူ Move Forward ပါတီသည် ညွန့်ပေါင်းအဖွဲ့အတွင်း ပါဝင် နေမည်ဆိုပါက ဖြူးထိုင်းပါတီ၏ အစိုးရဖွဲ့စည်းရေးကို အားပေးထောက်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့ ကြသည်။
ထို့နောက် ဖြူးထိုင်းပါတီသည် ဇူလိုင် ၂၃ ရက်တွင် အောက်လွှတ်တော် နေရာ ၁၀ နေရာ အနိုင်ရရှိခဲ့သည့် ချတ်ထိုင်းပတ္တနာပါတီနှင့် တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေး အပြီးတွင် ချတ်ထိုင်းပတ္တနာပါတီ ခေါင်းဆောင် ဝါရာဝပ်က သူ့ပါတီသည် ညွန့်ပေါင်းအဖွဲ့အတွင်း တော်ဝင် အသရေဖျက်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်မည့်ပါတီ မရှိပါက ဖြူးထိုင်းပါတီမှ အဆိုပြုမည့် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းကို ထောက်ခံသွားမည်ဟု ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 774
CNI International News
ကိယက်ဗ်၊ ဇူလိုင် ၂၄
ဇူလိုင် ၂၃ ရက်က ယူကရိန်း၏ အိုဒက်ဆာ(Odesa)မြို့ကို ရုရှားက ဒုံးကျည်များ ပစ်ခတ်၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည့်အတွက် ရုရှားကို လက်တုံ့ပြန်မည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီး( Volodmyr Zelensky)က ပြောကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူနက်စကို စာရင်းဝင် အော်သိုဒေ့ါစ်ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့သည်။
ရုရှားသမ္မတ ပူတင်(Putin)သည် ၎င်း၏ မဟာမိတ် ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို(Alexander Lukashenko)နှင့် မတွေ့ဆုံမီ နာရီပိုင်းအလိုတွင် ပင်လယ်နက် စပါးတင်ပို့ရေး သဘောတူညီချက်မှ နုတ်ထွက် ခဲ့ပြီးနောက်ပိုင်း ရုရှားတပ်များ အဆက်မပြတ် တိုက်ခိုက်နေသည့် အိုဒက်ဆာ ဆိပ်ကမ်းမြို့တွင် အဆိုပါ တိုက်ခိုက် မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၂ ဦး ဒဏ်ရာရခဲ့ပြီးနောက် ရုရှားကို တုံ့ပြန်တိုက်ခိုက်မည်ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပြောကြားခဲ့သည်။
"ငြိမ်းချမ်းနေတဲ့ မြို့တွေ၊ လူနေ အဆောက်အအုံတွေနဲ့ ဘုရားကျောင်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အိုဒက်ဆာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုတွေအတွက် မဖြစ်မနေ လက်တုံ့ပြန်သွားမှာပါ"ဟု ၎င်းက ပြော သည်။

အော်သိုဒေ့ါစ်ဘုရားကျောင်း တိုက်ခိုက်ခံရလို့ ပျက်စီးသွားစဉ်
သမိုင်းဝင် အိုဒက်ဆာမြို့ရှိ ယူနက်စကို၏ အကာအကွယ်အောက်တွင် ရှိနေသည့် Orthodox Savior and Transfiguration Cathedral ဖျက်ဆီးခံခဲ့ရခြင်းသည် မည်သည့်အခါမျှမေ့ပစ်စရာ၊ ခွင့်လွှတ်စရာ မရှိသည့် ရာဇဝတ်မှု ဖြစ်သည်ဟုလည်း ယူကရိန်းဘက်က ပြောသည်။
တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ဘုရားကျောင်းထဲတွင် ရှိနေသူများ အသက်ရှင် လွတ်မြောက်ခဲ့သည်ဟု အဆိုပါ ဘုရားကျောင်းမှ ခရစ်ယာန် ဂိုဏ်းထောက် ဘုန်းတော်ကြီး အန်ဒရီ ပယ်လ်ချော့ခ်က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
ရုရှားအစိုးရကမူ အိုဒက်ဆာမြို့ တိုက်ခိုက်မှုတွင် ရည်ရွယ်ထားသည့်် ပစ်မှတ်များ အားလုံးကို ထိမှန်ခဲ့ကြောင်း၊ ထို ပစ်မှတ်များသည် ရုရှားကို ဆန့်ကျင်သည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် အသုံးပြုသော စခန်း များ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ရုရှား၏ ကျူးကျော်မှု စတင်ခဲ့ချိန်ကတည်းက အိုဒက်ဆာမြို့သည် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ဇန်နဝါရီလတွင် ယူနက်စကိုက အိုဒက်ဆာမြို့ကို သမိုင်းဝင်နေရာ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

ပူတင်နဲ့ လူကာရှန်ကို ကိုတွေ့ရစဉ်
ပြီးခဲ့သည့်နှစ်က ရုရှား-ယူကရိန်း-တူရကီနှင့် ကုလသမဂ္ဂတို့အကြား သဘောတူထားသည့် ယူကရိန်း၏ ဂျုံ-စပါး တင်ပို့ရေး သဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး ကတည်းက ရုရှားသည် တိုက်ခိုက်မှုများကို အရှိန်မြှင့်ခဲ့သည်။
ထို့နောက် ရုရှားအစိုးရသည် ပင်လယ်နက်တွင် ယူကရိန်း၏ ဂျုံ-စပါးတင်ပို့သည့် ဆိပ်ကမ်းများထံ သွားရောက် ဆိုက်ကပ်မည့် မည်သည့် သင်္ဘောကိုမဆို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မည်ဟု ကြေညာခဲ့သည်။
ယူကရိန်းကမူ ရုရှားသည် ယူကရိန်း၏ ဂျုံ-စပါးများ တင်ပို့ရေးအတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံ အဆောက် အအုံများနှင့် ဂျုံ-စပါးတင်ပို့မှုများကို ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု စွပ်စွဲခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 745
CNI International News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄
IS အဖွဲ့ ခေါင်းဆောင်များ အာဖဂန်သို့ ပို့ခံရဟု အီရန်က ပြောကြားခဲ့သော်လည်း တာလီဘန်များဘက်က ငြင်းခဲ့ ကြောင်း အယ်ဂျာဇီးလ်ယားမှ ရေးသားဖော်ပြခဲ့သည်။
မကြာသေးခင် လများအတွင်းက အီရတ်၊ ဆီးရီးယားနှင့် လစ်ဗျားနိုင်ငံတို့မှ IS စစ်သွေးကြွအဖွဲ့၏ ခေါင်းဆောင် များသည် အာဖဂန်နစ္စတန်သို့ ပို့ဆောင်ခံခဲ့ရသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အမီရာဒိုလာဟီအန် (Hossein Amirabdollahian)က ပြီးခဲ့သည့် သီတင်းပတ်အတွင်း အီရန်နိုင်ငံပိုင် ရုပ်သံမှ ပြောကြားခဲ့သည်။
"ဒါက တာလီဘန်တွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
ISIS အဖွဲ့နှင့် ဆက်နွှယ်မှုရှိသည့် ခိုရာဆန်ပြည်နယ်မှ ISIS-K နှင့် ISKP အဖွဲ့သည် တာလီဘန် အာဏာပိုင်များ အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ခဲ့ပြီး အာဖဂန်နစ္စတန်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများသည် ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ISIS စစ်သွေးကြွအဖွဲ့၏ ခေါင်းဆောင်များ အာဖဂန်နစ္စတန်သို့ ပို့ဆောင်ခံခဲ့ရသည်ဆိုသည့် အီရန်နိုင်ငံခြားရေးဝန် ကြီး၏ ပြောကြားချက်ကို တာလီဘန်အဖွဲ့က ငြင်းသည်။
"အီရန်အနေနဲ့ Daesh အဖွဲ့ဝင်တွေ အာဖဂန်နစ္စတန်ကို လွှဲပြောင်းပို့ဆောင်ခံခဲ့ရတဲ့ ထောက်လှမ်းရေး သတင်း တွေ ရှိမယ်ဆိုရင် သူတို့ (အီရန်) အဲဒီသတင်းတွေကို မျှဝေပေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒါမှ အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေဟာ လိုအပ်တာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်" ဟု တာလီဘန် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ ကာဟာ ဘယ်လ်ခီ(Abdul Qahar Balkhi)က ISIS အဖွဲ့၏ အာရဗီ အမည်ကို အသုံးပြုပြီး Twitter လူမှုမီဒီယာတွင် ဇူလိုင် ၂၂ ရက်က ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အမီရာဒိုလာဟီအန်ကို တွေ့ရစဉ်
ထို့နောက် "အာဖဂန်နစ္စတန် အစ္စလာမ်မစ် စော်ဘွားနိုင်ငံဟာ သိမ်းပိုက်ခံထားရတဲ့ အချိန်မှာရော သိမ်းပိုက်ခံရမှု အဆုံး သတ်တဲ့ အချိန်မှာပါ IS အဖွဲ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။
အီရန်အာဏာပိုင်များ အနေဖြင့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ပြဿနာများအပေါ် တိကျခိုင်မာသည့် ရပ်တည် ချက်မျိုး ထားရှိရန်လည်း ဘယ်လ်ခီက တိုက်တွန်းခဲ့သည်။
ထို့ပြင် တာလီဘန်အစိုးရသည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မိမိတို့နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်ခွင့် သို့မဟုတ် မိမိတို့နိုင်ငံ နယ်နိမိတ်ကို အသုံးပြုပြီး အခြားသူများကို ဆန့်ကျင်တိုက်ခိုက်ခွင့် ပြုမည်မဟုတ်ကြောင်း ဘယ်လ်ခီက အခိုင်အမာ ပြောကြားခဲ့သည်။

ISKP အဖွဲ့ကိုတွေ့ရစဉ်
တာလီဘန်အစိုးရအဖွဲ့ကို အင်အားချိနဲ့စေရန် လုပ်ဆောင်သည့် ISIS-K အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ဟာဇာရမ် လူနည်းစု(Hazara community) အဖွဲ့ဝင်များနှင့် ပြည်ပနိုင်ငံသားများ အပါအဝင် လူပေါင်းရာချီ သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သည်။
ထိုလက်နက်ကိုင်အဖွဲ့သည် ယခုလအတွင်း နိုင်ငံ အရှေ့မြောက်ပိုင်း ဘာဒက်ခ်ရှန်(Badakhshan)ပြည်နယ်၏ ယာယီအုပ်ချုပ်ရေးမှူးနှင့် မတ်လက နိုင်ငံမြောက်ပိုင်း ဘာ့ခ်(Balkh)ပြည်နယ် အုပ်ချုပ်ရေမှူးတို့ အပါအဝင် တာလီဘန်အစိုးရ အရာရှိများကိုလည်း သတ်ဖြတ်ခဲ့သည်။
တာလီဘန် အစိုးရအဖွဲ့ကတော့ ပြည်နယ်အချို့တွင် ISKP အဖွဲ့၏ ခြေကုပ်စခန်းများကို ဝင်ရောက်စီးနင်းပြီး ISKP အဖွဲ့ဝင်များအား လိုက်လံနှိမ်နင်းလျက် ရှိသည်။
Source: အယ်ဂျာဇီးလ်ယား
