CNI International News

တဲလ်အဗစ်၊ ဧပြီ ၂၄

နေတန်ညာဟု၏ လက်ယာစွန်း အစိုးရနှင့် ယင်း၏ နိုင်ငံ့တရားစီရင်ရေးစနစ်ကို ပြင်ဆင်မည့် စီမံကိန်းအား အစ္စရေးပြည်သူ ထောင်ပေါင်းများစွာက တဲလ်အဗစ် (Tel Aviv) မြို့ အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ မြို့များတွင် ကန့်ကွက် ချီတက် ဆန္ဒပြခဲ့ကြသည်ဟု Al Jazeera သတင်းက ဖော်ပြခဲ့သည်။

ဆန္ဒပြသူများသည် နေတန်ညာဟု မျက်နှာပေါ်တွင် “Crime Minister” ဟူသော စကားလုံးများ ရေးသားထား သည့် စာတန်းများကို ကိုင်ဆောင်ကာ တဲလ်အဗစ်မြို့၌ ဆန္ဒပြခဲ့ကြသည်။

ယင်းက ယခုနှစ် စတင်ချိန်ကတည်းက ပြုလုပ်လာသည့် အပတ်စဉ် ဆန္ဒပြပွဲများ၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

ဗဟိုတရားရုံးချုပ်၏ လုပ်ပိုင်ခွင့်ကို လျှော့ချမည့် နေတန်ညာဟု အစိုးရ၏ စီမံကိန်းများအပေါ် အစ္စရေးပြည်သူများ က ဒေါသထွက်နေကြပြီး ယင်းတို့သည် နိုင်ငံ၏ မျှခြေထိန်းသိမ်းမှု စနစ်အပေါ် တိုက်ခိုက်ခြင်းဖြစ်ကာ ဒီမိုကရေးစီ အတွက် ခြိမ်းခြောက်မှုဟု လက်ခံထားသည်။

“Crime Minister” ဟူသော စကားလုံးများ ရေးသားထားစဉ်

ထိုကိစ္စသည် တရားဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှု သက်သက် မဟုတ်ကြောင်း၊ ယင်းသည် ဒီမိုကရေစီစနစ် အတွက်ပါ ဖြစ်ကြောင်း တဲလ်အဗစ်မြို့လယ်တွင် ဆန္ဒပြနေသည့် ဂျူအမျိုးသမီးများ ကောင်စီ၏ ခေါင်းဆောင်က ပြောသည်။

ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ပေးရန် မြင့်မြတ်သော တရားရုံးများ အနေဖြင့် နိုင်ငံရေးနှင့် ပတ်သက် ဆက်နွယ်မှု မရှိရန် လိုအပ်သည်ဟုလည်း သူမက ဆက်လက် ပြောဆိုသည်။

ပြီးခဲ့သည့်လ ဆန္ဒပြပွဲများတွင် အစ္စရေးမြို့ကြီးများသည် ရပ်တန့်သွားသည့် အနေအထားသို့ ရောက်ရှိခဲ့ကာ စီးပွားရေး ပြိုလဲသွားမည့် အန္တရာယ်နှင့်လည်း ရင်ဆိုင်ခဲ့ရသောကြောင့် နေတန်ညာဟု အနေဖြင့် အပေးအယူ တစ်ခု ရှာဖွေရေးအတွက် တရားဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှု စီမံကိန်းများကို ရွေ့ဆိုင်းခဲ့ရသည်။

သို့သော် ယင်းက ဆန္ဒပြပွဲများကို ရပ်တန့်သွားရန် မစွမ်းသာခဲ့ပေ။

နေတန်ညာဟုနဲ့ အစိုးရအဖွဲ့၀င် တစ်ဦးကိုတွေ့ရစဉ်

နေတန်ညာဟု ဘက်က နောက်ဆုတ် သွားပြီးချိန်တွင်ပင် လမ်းမများပေါ်ရှိ ဆန္ဒပြလူအုပ်ကြီးက ရှက်ဖို့ကောင်း သည်ဟု သံပြိုင်အော်ဟစ်ကာ ဥပဒေပြုပြင်ပြောင်းလဲရေး စီမံကိန်းများကို ဖျက်သိမ်းရန်ပါ တောင်းဆိုခဲ့ကြသည်။

နေတန်ညာဟုသည် အကျင့်ပျက် ခြစားမှု စွဲချက်ဖြင့် တရားရင်ဆိုင်နေရသူ ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေး စီမံကိန်းကြောင့် ၎င်းနှင့် လက်ယာစွန်း ညွန့်ပေါင်းအစိုးရအတွင်းမှ မိတ်ဖက်များအနေဖြင့် နိုင်ငံ၏ တရားသူကြီးများ ခန့်အပ်ရေးအတွက် အဆုံးအဖြတ် ပေးခွင့် ရရှိမည် ဖြစ်သည်။

ထို့အပြင် စီမံကိန်းသည် နေတန်ညာဟု၏ မိတ်ဘက်များ ထိန်းချုပ်ထားသည့် လွှတ်တော်အား ဗဟိုတရားရုံးချုပ် ၏ ဆုံးဖြတ်ချက်များကို ပြောင်းလဲရန်၊ ဥပဒေများကို ပြန်လည် ဆန်းစစ်ခွင့်အား ကန့်သတ်ရန် လုပ်ပိုင်ခွင့် ရရှိစေ မည်လည်း ဖြစ်သည်။

Source: Aljazeera