- By CNI
- Category: နိုင်ငံရေး
- Hits: 705
CNI International News
ပေကျင်း၊ အောက်တိုဘာ ၁၉
တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် Belt and Road စီးပွားရေးဖိုရမ်ကို တက်ရောက်သူများသည် ဒေါ်လာ ၉၇ ဒသမ ၂ ဘီလျံ တန်ဖိုးရှိသည့် သဘောတူညီမှုများ ရရှိခဲ့သည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က ပြောကြားခဲ့ ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
"ထိပ်သီးအဆင့် စီးပွားရေး ကိုယ်စားလှယ်တွေကြားမှာ ဒေါ်လာ ၉၇ ဒသမ ၂ ဘီလျံ တန်ဖိုးရှိတဲ့ ပူးပေါင်း ဆောင် ရွက်ရေး သဘောတူညီချက်တွေကို ချုပ်ဆိုနိုင်ခဲ့ပါတယ်" ဟု ရှီက တတိယအကြိမ်မြောက် Belt and Road ဖိုရမ်၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံတွင် ပြောကြားခဲ့သည်။
Belt and Road ဖိုရမ်ကို အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်များတွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်၌ ကျင်းပ ခဲ့ပြီး နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း ၄၀၀၀ ကျော် တက်ရောက်ခဲ့သည်။
ထိုဖိုရမ်ကို ရုရှားသမ္မတ ပူတင် (Vladimir Putin) လည်း အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။

ပူတင်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
Belt and Road အစီအစဉ်ကို တရုတ်သမ္မတ ရှီက ၂၀၁၃ ခုနှစ်တွင် စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထိုအစီအစဉ်၏ ရည်ရွယ်ချက်မှာ တရုတ်နှင့် ပြည်ပ၏ ရင်းနှီးမတည်ငွေများကို အသုံးပြုပြီး များပြားသည့် နိုင်ငံများအကြား နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး စီမံကိန်းများကို အရှိန်မြှင့်တင်ရန် ဖြစ်သည်။
လက်ရှိအချိန်အထိ Belt and Road အစီအစဉ်တွင် နိုင်ငံပေါင်း ၁၅၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၃၀ ကျော် ပူးပေါင်းပါဝင်ခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 786
CNI International News
တဲလအဗစ်၊ အောက်တိုဘာ ၁၉
အစ္စရေးနှင့် ဟားမာ့စ် စစ်ပွဲဖြစ်ပွားနေချိန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် အောက်တိုဘာ ၁၈ ရက်က အစ္စရေးနိုင်ငံသို့ ရောက်ရှိလာခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံတစ်ရုံတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၅၀၀ ဦး သေဆုံးခဲ့သဖြင့် အရှေ့အလယ် ပိုင်းဒေသ၏ တင်းမာမှု အခြေအနေ မြင့်တက်လာခဲ့သည်။
ထိုအချိန်မှာပဲ အမေရိကန်သမ္မတ ဘိုင်ဒန်သည် အစ္စရေးသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဘိုင်ဒန်သည် ယခင်က ဂျော်ဒန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ဝါရှင်တန်မှ ထွက်ခွာချိန်တွင် အာရပ်ခေါင်းဆောင်များနှင့် ပြုလုပ်မည့် အစည်းအဝေးကို ဖျက်သိမ်းခဲ့ကာ အစ္စရေးသို့ သွားရောက်ခဲ့ခြင်း ဖြစ် သည်။

အစ္စရေးကို ဘိုင်ဒန် ရောက်လာစဉ်
ထို့ကြောင့် ယခုကဲ့သို့ ပထဝီနိုင်ငံရေး အခြေအနေ ရှုပ်ထွေးနေချိန်တွင် အာရပ်ခေါင်းဆောင်များနှင့် မျက်နှာချင်း ဆိုင် တွေ့ဆုံဆွေးနွေးနိုင်မည့် အခွင့်အလမ်းကို ဆုံးရှုံးခဲ့သည်။
လက်ရှိတွင် ဘိုင်ဒင်သည် တဲလ်အဗစ်မြို့သို့ ရောက်ရှိနေပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) နှင့် အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။
ထို့နောက် ဂါဇာဒေသအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ဆွေးနွေးမည်ဖြစ် သည်။
အစ္စရေးစစ်တပ်ကမူ အောက်တိုဘာ ၇ ရက်က ဟားမာ့စ်တို့၏ တိုက်ခိုက်မှုကို လက်တုန့်ပြန်ရန် ဂါဇာတွင် မြေပြင် ထိုးစစ်ဆင်နွှဲရန် ပြင်ဆင်လျက် ရှိသည်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုခံရမှုကြားက ဂါဇာဒေသခံများကိုတွေ့ရစဉ်
ဘိုင်ဒန်သည် မြေပြင်တွင် ဖြစ်ပွားနေသည့် အခြေအနေများကို လေ့လာသွားမည်ဖြစ်ပြီး အစ္စရေး ခေါင်းဆောင် များကို မေးခွန်းများ မေးမြန်းသွားမည်ဟု အိမ်ဖြူတော်အမျိုးသား လုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
လက်ရှိတွင် အစ္စရေး၌ ဟားမာ့စ်တို့၏ တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံသား ၁၄၀၀ ခန့် သေဆုံးခဲ့ကာ ဂါဇာ၌ အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၂၈၀၀ ခန့် သေဆုံးခဲ့သည်။
အောက်တိုဘာ ၁၇ ရက်က ဂါဇာဒေသရှိ Al-Ahli ဆေးရုံပေါက်ကွဲမှုကြောင့် လူပေါင်း ၅၀၀ သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့တို့သည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲ ပြစ်တင် လျက် ရှိသည်။
Source: CNA
- By CNI
- Category: နိုင်ငံရေး
- Hits: 1278
CNI International News
တီဟီရန်၊ အောက်တိုဘာ ၁၈
အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ဆင်နွှဲရန် ပြင်ဆင်နေချိန်တွင် အစ္စရေးအား ကြိုတင် လက်ဦးမှုရယူပြီး အရေးယူ ဆောင်ရွက်သွားမည့် အခြေအနေကို အီရန်က သတိပေးခဲ့သည်ဟု အယ်လ်ဂျာဇီးယား မှ ဖော်ပြခဲ့သည်။
လက်ဘနွန်နိုင်ငံရှိ အီရန်က ထောက်ခံပေးထားသည့် ဟစ်ဇ်ဘိုလာ (Hezbollah) လက်နက်ကိုင်အဖွဲ့နှင့် အစ္စရေး သည် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက အစ္စရေး-လက်ဘနွန် ရှေ့တန်းစစ်မြေပြင်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က အစ္စရေးကို ဟားမာ့စ်လက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု ကြောင့် အစ္စရေးက ဂါဇာဒေသတောင်ပိုင်းအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေချိန်တွင် တင်းမာမှုများကို ပိုမိုမြင့်တက်စေခဲ့သည်။
"ဟစ်ဇ်ဘိုလာတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်စရာတွေနဲ့ စိတ်မှန်းဖြစ်နိုင်ခြေတွေဟာ ဂါဇာမှာ အစ္စရေးရဲ့ ဘယ်လို လုပ်ဆောင်မှုတွေကိုမဆို ခွင့်မပြုနိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒေသတွင်း အစ္စရေးရဲ့ လုပ်ဆောင်မှုတွေ ကို ခုခံတော်လှန်မယ့် စိတ်အခြေအနေတွေကို ဖြစ်လာစေနိုင်ပါတယ်" ဟု အီရန် နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အမီရာဒိုလာဟီအင် (Hossein Amirabdollahian) က ပြောကြားခဲ့သည်။

ဂါဇာဒေသ ဗုံးကြဲတိုက်ခိုက်ခံရမှုကိုတွေ့ရစဉ်
အီရန်နိုင်ငံခြားရေးဝန်ကြီး အမီရာဒိုလာဟီအမ်သည် အစ္စရေး-ဟားမာ့စ် စစ်ပွဲနှင့်ပတ်သက်ပြီး ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟက်ဆန် နက်စရာလာ (Hassan Nasrallah) နှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစည်းအဝေး ပြုလုပ်ခဲ့ချိန်က ပြောကြားခဲ့သည့် မှတ်ချက်များကို အောက်တိုဘာ ၁၆ ရက်က နိုင်ငံပိုင် ရုပ်သံမှတစ်ဆင့် ပြန်လည် ပြောပြခဲ့ခြင်း ဖြစ်သည်။
တော်လှန်ရေး ခေါင်းဆောင်များ အနေနှင့် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လုပ်ဆောင်မှုများ အားလုံးကို ခွင့်ပြုမည် မဟုတ်ကြောင်းလည်း အမီရာဒိုလာဟီအမ်က ပြောသည်။
"ကျနော်တို့အနေနဲ့ ဒီနေ့မှာ ဂါဇာကို မကာကွယ်ဘူးဆိုရင် မနက်ဖန်မှာ ကျနော်တို့နိုင်ငံထဲက ကလေးဆေးရုံတွေ အပေါ်ကို အစ္စရေးရဲ့ မီးစုံးဗုံး (Phosphorus bomb) တွေ ကျလာပါလိမ့်မယ်" ဟု မကြာသေးမီက လူ့အခွင့်အရေး အဖွဲ့များ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

အစ္စရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသနှင့် လက်ဘနွန်နိုင်ငံအတွင်း ပြုလုပ်နေသည့် စစ်ဆင်ရေးများအတွင်း အဖြူရောင် မီးစုံးဗုံး (White Phosphorus munitions) များကို အသုံးပြုခဲ့သဖြင့် အရပ်သားများကို အလွန် ထိခိုက် စေခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင် လက်ဘနွန်နှင့် ဂါဇာဒေသတို့တွင် ရိုက်ကူးခဲ့သည့် ဗွီဒီယို မှတ်တမ်းများ ၌ အစ္စရေးသည် ဂါဇာစီးတီးမြို့ ဆိပ်ကမ်းမှာ အဖြူရောင် မီးစုံးဓာတ်ပါသော ခဲယမ်းများကို အမြောက်များဖြင့် ပစ်ခတ်ခဲ့ပြီး အစ္စရေး-လက်ဘနွန် နယ်စပ်တစ်လျှောက် ကျေးလက်ဒေသ နှစ်ခုတွင်လည်း ထိုခဲယမ်းများ အသုံးပြု ခဲ့သည်ကို စိစစ်အတည်ပြု နိုင်ခဲ့သည်ဟု HRW က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 627
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၁၈
အမေရိကန်၏ ဖက်ဒရယ်တရားသူကြီးတစ်ဦးက သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump)အား ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန် လျှို့ဝှက်ကြံစည်မှုနှင့်ပတ်သက်ပြီး ထရမ့်အား လွတ်လပ်စွာ ဝေဖန်ပြောဆို ခြင်းအား တားမြစ်ကန့်သတ်မိန့် ထုတ်ပြန်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ်၊ မတ်လတွင် ဝါရှင်တန်၌ ပြုလုပ်မည့် ထိုအမှုကို မစစ်ဆေးမီ အချိန်အထိ ထရမ့်ကို အစိုးရရှေ့နေများ၊ တရားရုံးစာရေးများ သို့မဟုတ် မျက်မြင်သက်သေများအား လူသိရှင်ကြား ဝေဖန်ပြောဆိုခြင်း မပြုရန် အမေရိကန် ခရိုင် တရားသူကြီး တန်ယာ ချွတ်ကမ်(Tanya Chutkan) က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ရီပတ်ဘလစ်ကန် သမ္မတဟောင်း ထရမ့်ကမူ တရားသူကြီး ချွတ်ကမ်၏ အမိန့်သည် ယနေ့ခေတ် ဒီမိုကရေစီ၏ ထိတ်လန့်ကြောက်မက်ဖွယ် အရာတစ်ခု ဖြစ်သည်ဟု ၎င်း၏ Truth Social လူမှုမီဒီယာ ပလက်ဖောင်းတွင် ရေးသားတုန့်ပြန်ခဲ့သည်။

အမေရိကန် ခရိုင် တရားသူကြီး တန်ယာ ချွတ်ကမ်ကို တွေ့ရစဉ်
ထိုကဲ့သို့ ဝေဖန်ပြောဆိုပိုင်ခွင့်ကို တားမြစ်ပိတ်ပင်မှုအား အယူခံဝင်ခွင့် ရှိ/မရှိနှင့် ၎င်း၏ အမှုသည် အပြစ်မရှိ အပြစ်ရှာသည့် အမှုမျိုး ဖြစ်နေသည်ဟုလည်း ထရမ့်က ရေးသားဖော်ပြခဲ့သည်။
ထရမ့်၏ ခြိမ်းခြောက် ဝေဖန်မှုများသည် ရွေးကော်ပွဲရလဒ်ကို ပယ်ဖျက်ရန် ကြိုးပမ်းသည့် ၎င်း၏အမှုကို လျော့ပါး သက်သာစေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အမေရိကန် တရားရေးဝန်ကြီးဌာန၏ တရားရုံးချုပ်ရှေ့နေ ဂျက်ခ် စမစ် (Jack Smith) က ပြောကြားခဲ့ပြီးနောက် ချွတ်ကမ်၏ အမိန့်ချမှတ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထရမ့်ကမူ ချွတ်ကမ်သည် ထရမ့်ဆန့်ကျင်သည့် တရားသူကြီး တစ်ဦးဖြစ်ကြောင်းနှင့် စမစ်၏ ရုံးတွင် လူရမ်းကား များရှိနေကာ ဝါရှင်တန်မြို့တော်၌ နေထိုင်သူ ၉၀ ရာခိုင်နှုန်းကျော်သည် ရိုင်းစိုင်းသူများနှင့် ပြည့်နေကြောင်း လူမှုမီဒီယာများပေါ်၌ ရေးသားဖော်ပြခဲ့ဖူးသည်။

အမေရိကန် တရားရေးဝန်ကြီးဌာန၏ တရားရုံးချုပ်ရှေ့နေ ဂျက်ခ်စမစ်ကို တွေ့ရစဉ်
ထရမ့်၏ ရှေ့နေဖြစ်သူ ဂျွန်လာအူရို(John Lauro) ကမူ အောက်တိုဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့်် ကြားနာစစ် ဆေးမှုတွင် ထရမ့်အား ဝေဖန်ပြောဆိုပိုင်ခွင့် တားမြစ်ကန့်သတ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပေဒေကို ချိုးဖောက်ရာရောက်ကြောင်း ပြောကြားခဲ့သည်။
"ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့ဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေချိန်မှာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေကို ဆင်ဆာဖြတ်တောက်ဖို့ ကြိုးပမ်းနေပါတယ်"ဟု လာအူရိုက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 902
CNI International News
ဂါဇာ၊ အောက်တိုဘာ ၁၈
ဂါဇာကမ်းမြောင်ဒေသရှိ ခန်း ယွန်းနစ် (Khan Younis) ၊ ရာဖာ (Rafah) နှင့် ဒိုင်ယာ အယ် ဘာလာ (Deir el-Balah) မြို့များတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၇၀ ကျော် သေဆုံးပြီး လူနေအိမ် များ ထိခိုက်ပျက်စီးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြ ခဲ့သည်။
အစ္စရေးနိုင်ငံ တောင်ပိုင်းဒေသကို ဟားမာ့စ် လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများအား လက်တုန့်ပြန်သည့် အစ္စရေး၏ တန်ပြန်တိုက်ခိုက်မှု ၁၀ ရက်မြောက်ဖြစ်သည့် အောက်တိုဘာ ၁၆ ရက် ညသန်းခေါင်ကျော်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာ ၇ ရက်က စတင်ဖြစ်ပွားခဲ့သည့် အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် အစ္စရေးတွင် လူပေါင်း ၁၄၀၀ ထက်မနည်း သေဆုံးကာ ဂါဇာ၌ လူပေါင်း ၂၈၀၀ ကျော် သေဆုံးခဲ့သည်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရတဲ့လူတွေကို ကယ်ဆယ်နေကြစဉ်
အစ္စရေး၏ နောက်ဆုံးအကြိမ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ အများစုသည် ဂါဇာစီးတီးမြို့တော်မှ ထွက်ပြေးတိမ်းရှောင်ပြီး ဂါဇာမြောက်ပိုင်းဒေသသို့ သွားရောက်နေထိုင်ခဲ့သူများ ဖြစ်သည်ဟု ဂါဇာဒေသရှိ အယ်လ်ဂျာဇီးယားသတင်းဌာန၏ သတင်းထောက်တစ်ဦးဖြစ်သူ ဆက်ဖ်ဝတ် ခါလွတ် (Safwat Kahlout) က သတင်းပေးပို့ခဲ့သည်။
"လူနာတင်ယာဉ်တွေဟာ အရင်ကတည်းက လူနာတွေ ပြည့်နေတဲ့ ဆေးရုံတွေဆီကို နောက်ထပ် လူနာအသစ် တွေ ပို့ဆောင်ပေးနေပါတယ်။ လူအများအပြားဟာလည်း ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်" ဟု ခါလွတ်က သတင်းပေးပို့ခဲ့သည်။
"အစ္စရေးဟာ ကလေးတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်" ဟု ခန်းယွန်းနစ်မြို့ရှိ နက်ဆာ (Nasser) ဆေးရုံတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦးက မွေးကင်းစ ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို ပွေ့ချီထားရင်း အယ်လ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို တွေ့ရစဉ်
အစ္စရေးနိုင်ငံတောင်ပိုင်း ဆီဒါရော့ (Sderot) မြို့ရှိ အယ်လ်ဂျာဇီးယား သတင်းထောက်တစ်ဦးဖြစ်သည့် တီရက် ဆာ ဘို (Teresa Bo) ကလည်း အစ္စရေးစစ်သားများသည် နယ်စပ်စည်းရိုးများ ကာရံထားသည့် ဂါဇာဒေသ အနီး သို့ ဆက်လက် ချီတက်နေသည်ဟု ပြောကြားခဲ့သည်။
အစ္စရေးစစ်သားများ၊ ကျည်ကာကားများ၊ တင့်ကားများနှင့် စစ်သင်္ဘောများသည် ဂါဇာဒေသအတွင်းသို့ ထိုးစစ်ဆင် ဝင်ရောက်ရန် ပြင်ဆင်နေသည့် အခြေအနေကို မြင်တွေ့နေရကြောင်း ၎င်းက ဆိုသည်။
"ဒါပေမယ့် လက်ရှိအချိန်အထိတော့ အစ္စရေးဟာ ဂါဇာဒေသကို ဘယ်အချိန်မှာ မြေပြင်ထိုးစစ်ဆင်ပြီး ဝင်ရောက် မလဲဆိုတာ မသိရသေးပါဘူး"ဟု တီရက်ဆာဘိုက ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 902
CNI International News
ကွီတို၊ အောက်တိုဘာ ၁၇
အီကွေဒေါနိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနိုင်သည့် အခြေအနေများ ရှိနေသည့်တိုင် အောက်တိုဘာ ၁၅ ရက် က သမ္မတရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီး မဲရုံများတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ အဆင်ပြေ ချောမွေ့စွာ ပြီးစီးခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မကြာသေးမီ သီတင်းပတ်များအတွင်းက အီကွေဒေါတွင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတစ်ဦး လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသဖြင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများသည် ကျည်ကာအင်္ကျီများ ဝတ်ဆင်ပြီး မဲရုံ များသို့ လာရောက်မဲပေးခဲ့ကြသည်။
နောက်ဆုံးအဆင့် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ရှေ့နေတစ်ဦးဖြစ်သူ လူဝီဆာ ဂွန်ဇာလက်ဇ် (Luisa Gonzalez) နှင့် စီးပွားရေးလုပ်ငန်းရှင် ဒန်နီယယ် နိုဘိုဝါ (Daniel Noboa)တို့က မူးယစ်စစ်ပွဲများ ဖြစ်ပွားနေသည့် အီကွေဒေါ နိုင်ငံ၏ သမ္မတရာထူး နေရာအတွက် အဓိက ယှဉ်ပြိုင်ခဲ့ကြသည်။
ကိုယ်စားလှယ်လောင်း နှစ်ဦးလုံးကမူ နိုင်ငံအတွင်း မြင့်တက်နေသည့် အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ဦးစားပေး လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြသည်။

ရှေ့နေတစ်ဦးဖြစ်သူ လူဝီဆာ ဂွန်ဇာလက်ဇ်ကို တွေ့ရစဉ်
ရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင်တစ်ဦးက နိုဘိုဝါအတွက် ထောက်ခံမဲ အများအပြားကို ပေးခဲ့သည့် ဓာတ်ပုံများ သည် လူမှုမီဒီယာများတွင် ပျံ့နှံ့ခဲ့သဖြင့် ထိုဖြစ်စဉ်ကို ချက်ချင်းစုံစမ်း စစ်ဆေးသွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ဒိုင်ယာနာ အက်တာမိန့် (Diana Atamaint) က ပြောကြားခဲ့သည်။
၁၀ နာရီကြာ ပြုလုပ်ခဲ့သည့် မဲပေးချိန်အတွင်း ရဲတပ်ဖွဲ့ကို အင်အားတိုးမြှင့် ချထားခဲ့သော်လည်း အကြမ်းဖက် သည့် ဖြစ်စဉ်များ မဖြစ်ပွားခဲ့ကြောင်း အီကွေဒေါ ပြည်ထဲရေးဝန်ကြီး ဟွမ် ဇာပါတာ (Juan Zapata) က ပြောကြားခဲ့သည်။
အာဏာပိုင်များသည် မဲရုံများတွင် ရဲတပ်ဖွဲ့နှင့် စစ်သားအင်အား ၁၀၀,၀၀၀ ခန့်ကို ဖြန့်ကြက် ချထားခဲ့ခြင်း ဖြစ်သည်။
"ဒီရွေးကောက်ပွဲက အရေးကြီးပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ မသိရဘဲ ကြောက်ကြောက်လန့်လန့်နဲ့ပဲ မဲပေးခဲ့ရတာပါ" ဟု မဲဆန္ဒရှင် တစ်ဦးဖြစ်သည့် အဆိုတော် ဖရက်ဒီ အက်စကိုဘား (Freddy Escobar) က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
အီကွေဒေါနိုင်ငံသည် ကိုလံဘီယာနှင့် ပီရူးမှ ကိုကင်းမှောင်ခို တင်သွင်းသူများအတွက် အဓိကခိုလှုံသည့် နိုင်ငံ ဖြစ်ပြီး မကြာသေးမီ နှစ်များအတွင်း မက္ကဆီကိုနှင့် ကိုလံဘီယာ မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ဆက်နွှယ်မှုရှိသည့် လူဆိုးဂိုဏ်းများအကြား အားပြိုင်မှုများကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 807
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၁၇
အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် အမေရိကန်၏ ရီပတ်ဘလစ်ကန် ပါတီဝင်များအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပွားနေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ရီပတ်ဘလစ်ကန် တစ်ဦးဖြစ်သူ နစ်ကီ ဟာလေ (Nikki Haley) ကမူ အစ္စရေးကို ဘက်ပေါင်းစုံမှ ထောက်ခံသွား မည်ဟု ပြောကြားခဲ့ပြီး အီရန်၏ စီးပွားရေးကို လျော့ပါးစေရန် လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။
ထို့ပြင် ရုရှား၏ ကျူးကျော်မှုကို တွန်းလှန်တိုက်ခိုက်နေသည့် ယူကရိန်းကိုလည်း ရန်ပုံငွေများ ဆက်လက် ထောက်ပံ့ပေးရန် ဟာလေက ပြောကြားခဲ့သည်။
"လက်ရှိအချိန်မှာ ကမ္ဘာကြီးဟာ အန္တရာယ်ရှိနေပါတယ်။ ဒီအခြေအနေဟာ အကောင်းဘက်ထက် အဆိုးဘက်ကို ဦးတည်နေပါတယ်" ဟု ဟာလေက အမေရိကန်၏ နယူးဟမ့်ပ်ရှိုင်းယား (New Hampshire) ပြည်နယ်တွင် American Legion အမည်ရှိ NGO အဖွဲ့၏ စင်တာတွင် ရီပတ်ဘလစ်ကန် ပါတီကို ထောက်ခံသည့် မဲဆန္ဒရှင် များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။
ဟာလေ၏ ပြောကြားချက် ထွက်ပေါ်ပြီးနောက် ၂၄ နာရီ မပြည့်မီအချိန်မှာပင် ဖလော်ရီဒါပြည်နယ်၏ ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ် (Ron DeSantis)က စီးပွားရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ ရာတွင် ရှင်းလင်းသည့် မဟာဗျူဟာတစ်ခု မရှိခင်အချိန်အထိ ယူကရိန်းကို ရန်ပုံငွေ ထောက်ပံ့နေမှုအား ရပ်တန့် သင့်ကြောင်း ပြောကြားခဲ့သည်။

ဖလော်ရီဒါပြည်နယ်၏ ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ်ကို တွေ့ရစဉ်
သူ့အနေနှင့် အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ပြည်ပနိုင်ငံသားများ၏ ခြိမ်းခြောက်မှုကို ပိုမိုအာရုံစိုက်ခဲ့ကြောင်း နှင့် အစ္စရေးအနေနှင့်လည်း မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။
"စစ်ရေးအရ ကျနော်တို့ အများကြီး လုပ်ပေးဖို့လိုတယ်လို့ ကျနော်မထင်ပါဘူး။ ကျနော်တို့အနေနဲ့ ပုံမှန်အတိုင်းပဲ ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်" ဟု ဒီဆန်းတစ်က အစ္စရေး-ဟားမာ့စ် စစ်ပွဲနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။
ယခင်က အမေရိကန် ရွေးကောက်ပွဲများတွင် ပြည်တွင်းရေး အကြောင်းအရာများက လွှမ်းမိုးထားခဲ့သော်လည်း လက်ရှိတွင် နိုင်ငံခြားရေးမူဝါဒအတွက် စိန်ခေါ်မှုများကသာ လွှမ်းမိုးထားခဲ့သည်။
နယူးဟမ့်ပ်ရှိုင်းယားပြည်နယ်မှ ရီပတ်ဘလစ်ကန်ပါတီကို ထောက်ခံသည့် မဲဆန္ဒရှင်များကလည်း နိုင်ငံခြားရေး မူဝါဒများနှင့်ပတ်သက်ပြီး ရီပတ်ဘလစ်ကန် သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ သဘော ထားကို မေးခွန်းထုတ်နေကြသည်။
"လက်ရှိ နိုင်ငံတကာ အခင်းအကျင်းက ကောင်းမွန်ပြီး သင့်တော်တဲ့ ဖြေရှင်းမှုတစ်ခုကို လိုအပ်နေပါတယ်။ အခု အချိန်ထိ အဲဒီလို လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး" ဟု နယူးဟမ့်ပ်ရှိုင်းယား အစိုးရရှေ့နေချုပ်ဟောင်း တွမ် ရတ် (Tom Rath) က ပြောကြားခဲ့သည်။
Soruce: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 783
CNI International News
မော်စကို၊ အောက်တိုဘာ ၁၇
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) သည် ယခုသီတင်းပတ်အတွင်း မြောက် ကိုရီးယားသို့ သွားရောက်လိမ့်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန် ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားအား ခဲယမ်းများနှင့် စစ်လက်နက်ပစ္စည်းများ ပေးပို့ခဲ့သည်ဟု အမေရိကန်က ပြောကြားခဲ့ပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ မြောက်ကိုရီးယား ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
လာဗရော့ဗ်သည် အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် မြောက်ကိုရီးယားတွင် ရှိနေလိမ့်မည်ဟု ရုရှားနိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထိုခရီးစဉ်အတွင်း မည်သူဖြင့် တွေ့ဆုံမည်ဆိုခြင်းနှင့် ခရီးစဉ်၏ ရည်ရွယ်ချက်ကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
မြောက်ကိုရီးယားကနေ ရုရှားသို့ စစ်လက်နက်ပစ္စည်းများနှင့် ခဲယမ်းများ ထည့်ထားသည့် ကွန်တိန်နာသေတ္တာ ၁၀၀၀ ကျော် ပေးပို့ခဲ့သည်ဟု အမေရိကန်က အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကို တွေ့ရစဉ်
ပြီးခဲ့သည့်လက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ရုရှားသို့ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် အစည်းအဝေး ပြုလုပ်ခဲ့ကာ ရုရှား၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံ များကို သွားရောက်ကြည့်ရှုခဲ့သည်။
ထို့ကြောင့် မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးရန် စီစဉ် နေဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သည်။
ကင်မ်သည် ရုရှားကို ခဲယမ်းများ ထောက်ပံ့ပေးပြီး အပြန်အလှန်အနေဖြင့် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားစီမံကိန်းကို မြှင့်တင်ရန် ရုရှားထံမှ ခေတ်မီလက်နက် နည်းပညာများကို ရယူရန် ကြိုးပမ်းနေသည် ဟု အမေရိကန်က ယူဆထားကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby)က ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ ကွန်တိန်နာ သေတ္တာများကို ရုရှားအလံ လွှင့်ထူထားသည့် သင်္ဘောများပေါ်သို့ တင်ဆောင်ပြီး ထိုမှတစ်ဆင့် ရုရှားအနောက်တောင်ပိုင်းဒေသသို့ ရထားများဖြင့် ပို့ဆောင်ပေးခဲ့သည့် ဓာတ်ပုံများကို အိမ်ဖြူတော် မှ ထုတ်ပြန်ခဲ့သည်။
ထိုကွန်တိန်နာ သေတ္တာများကို စက်တင်ဘာ ၇ ရက်မှ အောက်တိုဘာ ၁ ရက်အတွင်း ရုရှားသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 700
CNI International News
ဘေရွတ်၊ အောက်တိုဘာ ၁၆
လက်ဘနွန်နိုင်ငံ၊ တောင်ပိုင်းတွင် အစ္စရေး၏ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရိုက်တာ သတင်းထောက် တစ်ဦး သေဆုံးခဲ့သည်ဟု လက်ဘနွန်စစ်တပ်က အောက်တိုဘာ ၁၄ ရက်၌ ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြ ခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး လက်ဘနွန် စစ်တပ်သည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရိုက်တာ သတင်း ထောက် သေဆုံးမှုအတွက် အစ္စရေးကို အပြစ်တင်ခဲ့ခြင်း ဖြစ်သည်။
အစ္စရေးစစ်တပ်ကမူ ရိုက်တာသတင်းထောက် အစ်ဆမ် အဗ္ဗဒယ်လာ သေဆုံးခဲ့သည့်အချိန်တွင် လက်ဘနွန်နိုင်ငံမှ လက်နက်ကိုင်များ ဖောက်ထွင်း ဝင်ရောက်လာမည့် အခြေအနေကို ဟန့်တားရန် ထိုဒေသသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
အစ္စရေး-လက်ဘနွန် နယ်စပ်ဒေသတွင် ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့၏ တိုက်ခိုက်မှုများကို တုန့်ပြန်သည့် အနေဖြင့် ပြန်လည်ပစ်ခတ် ရခြင်းဖြစ်ပြီး ထိုဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေသည်ဟု အစ္စရေးစစ်တပ်က ပြောကြား ခဲ့သည်။
ရိုက်တာ သတင်းထောက် သေဆုံးခဲ့သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုတွင် အမြောက်ကျည်ဆန် ခွံကို လေ့လာသုံးသပ်ခဲ့ရာ၌ ထိုကျည်ခွံသည် အစ္စရေးမှ ပစ်ခတ်ခဲ့သော ကျည်ခွံဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ သည်ဟု အမည်မဖော်လိုသည့် လက်ဘနွန်စစ်တပ်၏ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်ကို တွေ့ရစဉ်
"ရန်သူ အစ္စရေးတွေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တစ်စင်းဟာ မီဒီယာကုမ္ပဏီတစ်ခုရဲ့ ကားတစ်စီးကို ထိမှန်ခဲ့ပါတယ်။ အဲဒါကြောင့် အာဇာနည်တစ်ဦးဖြစ်တဲ့ သတင်းထောက် အဗ္ဗဒယ်လာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်" ဟု လက်ဘနွန်စစ်တပ်က ၎င်း၏ ဝက်ဘ်ဆိုက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ရိုက်တာသတင်းဌာနကမူ ၎င်းတို့၏ သတင်းထောက်တစ်ဦး သေဆုံမှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် အစ္စရေး စစ်တပ်ကို တောင်းဆိုခဲ့သည်။
ရိုက်တာ သတင်းထောက် အဗ္ဗဒယ်လာသည် လက်ဘနွန်နိုင်ငံအတွင်းရှိ အစ္စရေးနယ်စပ်အနီး အယ်လ်မာ အယ်ရှာ အက်ဘ် (Alma al-Shaab) ကျေးရွာအနီးတွင် အခြား ဂျာနယ်လစ်များနှင့်အတူ သတင်းယူနေချိန်တွင် သေဆုံးခဲ့ ခြင်း ဖြစ်သည်။
အဗ္ဗဒယ်လာ သေဆုံးမှုနှင့် ပတ်သက်ပြီး လက်ဘနွန်၏ ပြစ်တင်ဝေဖန်မှုများကို အစ္စရေးစစ်တပ်က ချက်ချင်း မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
Source: ရိုက်တာ
