- By CNI
- Category: နိုင်ငံရေး
- Hits: 817
CNI International News
ကိယက်ဗ်၊ ဧပြီ ၂၉
ရုရှားစစ်တပ်သည် သောကြာနေ့ အစောပိုင်းတွင် ယူကရိန်းသို့ ခရုစ်ဒုံးကျည် အလုံး ၂၀ ကျော်၊ ဒရုန်း နှစ်စင်းတို့ ဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့ရသည်ဟု အေပီက ဖော်ပြခဲ့သည်။
သေဆုံးသူ အများစုမှာ ဒုံးကျည်နှစ်လုံး လူနေ အဆောက်အဦ တစ်ခုကို ထိမှန်ခြင်းကြောင့်ဖြစ်ပြီး သေဆုံးသူများ တွင် ကလေးငယ် သုံးဦး ပါဝင်သည်ဟု ယူကရိန်းအရာရှိများက ပြောသည်။
သောကြာနေ့ တိုက်ခိုက်မှုသည် နှစ်လနီးပါတာ ကာလအတွင်း မြို့တော်ကိယက်ဗ် (Kyiv) သို့ ပစ်မှတ်ထားသည့် ပထမဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း၊ ပစ်မှတ်ကို ထိမှန်ခြင်း ရှိ/မရှိကိုတော့ မသိရသေးပေ။
ယူကရိန်းလေတပ်သည် ကိယက်ဗ်မြို့ ကောင်းကင်မှ ခရုစ်ဒုံးကျည် ၁၁ လုံးနှင့် ဒရုန်းနှစ်စင်းတို့ကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
ရုရှား ပစ်ခတ်လိုက်တဲ့ အဆောက်အဦကို တွေ့ရစဉ်
ယူကရိန်းအလယ်ပိုင်းရှိ လူနေ ၉ ထပ်တိုက်သည်လည်း ဒုံးကျည်ထိမှန်ခဲ့ကာ လူ ၂၁ ဦးခန့် သေဆုံးသွားခဲ့သည်ဟု ယူကရိန်းအမျိုးသားရဲတပ်ဖွဲ့က ပြောသည်။
ယင်းတွင် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် လမ်းလျှောက်ကာစ ကလေးတစ်ဦးတို့ ပါဝင်သည်ဟုလည်း သိရသည်။
တခြားသေဆုံးသူ တစ်ဦးမှာ အနီးအနားရှိ အဆောက်အဦတွင် နေထိုင်သည့် အသက် ၇၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ပေါက်ကွဲသံကြောင့် အတွင်းပိုင်း သွေးယိုစိမ့်မှုဖြစ်ကာ သေဆုံးခဲ့ခြင်းဟု အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများက ပြောသည်။
လူ ၁၇ ဦး ဒဏ်ရာရကာ ကလေးငယ်သုံးဦးကို အပျက်အစီးများကြားမှ ကယ်တင်ခဲ့ရကြောင်း၊ ကိုးဦးကို ဆေးရုံတင် ထားရကြောင်းလည်း ယူကရိန်းရဲတပ်ဖွဲ့က ပြောသည်။
ဒုံးကျည်များကို မည်သည့်နေရာမှ ပစ်ခတ်သလဲ မသိရသေးသော်လည်း ရုရှားစစ်တပ်သည် ၁၄ လကြာ စစ်ပွဲ ကာလအတွင်း တာဝေးပစ် ဒုံးကျည်များကို မကြာခဏ ဆိုသလို အသုံးပြု တိုက်ခိုက်ခဲ့ကာ အရပ်သား ဧရိယာ များကိုလည်း ထိမှန်ခဲ့သည်။
ရုရှား ပစ်ခတ်လိုက်တဲ့ အဆောက်အဦကို တွေ့ရစဉ်
ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်ရန်အတွက် ယခုကဲ့သို့ တိုက်ခိုက်မှုများကို လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း ယူကရိန်းအရာရှိများနှင့် လေ့လာသူများက သုံးသပ်သည်။
တာဝေးပစ် ဒုံးကျည်များကို စစ်မြေပြင်သို့ ပို့ဆောင်မည့် ယူကရိန်း အရံတပ်ဖွဲ့ဝင်များရှိရာ အဆောက်အဦ များကို ဦးတည်ပစ်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဌာနက ပြောသည်။
ပစ်ခတ်မှုများသည် ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်းလည်း ရုရှားကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
သို့သော် ပစ်မှတ်သည် မည်သည့် နေရာတွင် ရှိသည်နှင့် မည်သည့် အဆောက်အဦ ဖြစ်သည်ကိုတော့ ဖော်ပြထား ခြင်း မရှိပေ။
ယခုတိုက်ခိုက်မှုသည် တရုတ်သမ္မတနှင့် အချိန်ကြာမြင့်စွာ ဖုန်းဖြင့် ပြောဆို ဆွေးနွေးခဲ့သည်ဟု ယူကရိန်းသမ္မတ က ထုတ်ပြန်ပြီး ရက်အနည်းငယ် အကြာတွင် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 725
CNI International News
ခါတွမ်၊ ဧပြီ ၂၉
တိုက်ပွဲများမရပ်မချင်းတွေ့ဆုံဆွေးနွေးမှုကိုလုပ်ဆောင်သွားမည်မဟုတ်ဟု ဆူဒန်ရှိ RSF လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်က ပြောကြောင်း BBC သတင်းတွင် ဖော်ပြသည်။
ဆူဒန်စစ်တပ်နှင့် RSF လက်နက်ကိုင်တပ်ဖွဲ့တို့အကြားတိုက်ပွဲများဖြစ်ပွားလျက်ရှိကာ လက်ရှိအချိန်ထိလည်း တိုက်ခိုက်မှုများ ရပ်တန့်သွားမည့် အရိပ်အယောင်မျိုး မြင်တွေ့ရခြင်းမရှိသေးပေ။
ဟီမက်တီ (Hemedti) ဟု ထင်ရှားသော ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒမ် ဒါဂါလို (Mohamed Hamdan Dagalo) က ဆူဒန်စစ်တပ်သည် သုံးရက်ကြာအပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးပြီးကတည်းက လေကြောင်း တိုက်ခိုက်မှုများကို အဆင်အခြင်မဲ့လုပ်ဆောင်နေသည်ဟု ပြောသည်။ ဆူဒန်ကို ဖျက်ဆီးလိုခြင်းမရှိဟု ၎င်းက ပြောကာ ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများအတွက်လည်း ဆူဒန်စစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတက် အယ်လ်-ဘာဟန် (Abdel Fattah al-Burhan) အား အပြစ်တင်ခဲ့သည်။
သို့သော် ဗိုလ်ချုပ်ကြီး ဘာဟန်သည် တောင်ဆူဒန်တွင် မျက်နှာချင်းဆိုင်ဆွေးနွေးမှုများ လုပ်ဆောင်ရန် သဘောတူထားသူဖြစ်သည်။ ဆူဒန် ပဋိပက္ခရပ်တန့်ရေးအတွက် အိမ်နီးချင်းနိုင်ငံများအပြင် အမေရိကန်၊ဗြိတိန်နှင့် ကုလ တို့၏ သံတမန်ရေး ကြိုးပမ်းမှုများကြောင့် မလွယ်ကူသော အပစ်အခတ်ရပ်စဲရေးကို ကြာသပတေးနေ့တွင် သက်တမ်းတိုးနိုင်ခဲ့သည်။
ဟီမက်တီက ၎င်းအနေဖြင့်တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန် တံခါးဖွင့်ထားကြောင်း သို့သော် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာစွာ ချမှတ်နိုင်မှသာလျှင် ဆွေးနွေးမှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း BBC သို့ ပြောသည်။
၎င်းသည် ဘာဟန်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာမရှိကြောင်း ၊ သို့သော်သမ္မတဟောင်း ဘာရှားကို သစ္စာခံသူ များအား အစိုးရအဖွဲ့အတွင်းသို့ ထည့်ခဲ့သည့်အတွက် ၎င်းအား သစ္စာဖောက်ဟု ရှုမြင်ထားကြောင်းလည်း ဟီမက်တီက ပြောသည်။
ဆူဒန်စစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတက် အယ်လ်-ဘာဟန်(ဓါတ်ပုံ-အေပီ)
ဘာဟန်၏စစ်တပ်နှင့် ဟီမက်တီ၏ RSF တပ်များပူးပေါင်းကာ ဘာရှားအား ရာထူးမှ ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။ ဘာရှားအစိုးရသည် ဆူဒန်တွင် ဆယ်စုနှစ်သုံးခုကျော်ကြာ အာဏာရရှိခဲ့ပြီး အစ္စလာမ္မစ်အတွေးအခေါ်များနှင့် တင်းကြပ်သော ရှရီယာ (Sharia) ဥပဒေကို ကျင့်သုံးခြင်းတို့အတွက် ထင်ရှားသည်။
၂၀၂၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဘာဟန်သည် အရပ်သားများနှင့် အာဏာခွဲဝေယူရေး သဘောတူညီချက်ကို ဖျက်ပစ်ခဲ့ကာ အာဏာသိမ်း၍ အပြည့်အဝချုပ်ကိုင်ခဲ့သည်။ ယခုနှစ် အရပ်ဘက်အုပ်ချုပ်မှုဆီသို့ ပြန်သွားရေး အဆိုပြုချက်သည်လည်း ပျက်ပြားခဲ့ရသည်။
ဟီမက်တီ၏ RSF တပ်ဖွဲ့ဝင် ၁၀၀၀၀၀ ကို စစ်တပ်အတွင်းသို့ ထည့်သွင်းရေးအချိန် ကာလသတ်မှတ်ချက်ကြောင့် ဖြစ်သည်။ အရပ်သားအစိုးရ ပေါ်ပေါက်လာရေးအတွက် များစွာမျှော်လင့်ထားသည်ဟုလည်း ဟီမက်တီက ပြောသည်။
၎င်းသည် ဒီမိုကရေစီနှင့်ပတ်သက်၍ မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုလေ့ရှိသူဖြစ်သော်လည်း ၎င်း၏ တပ်ဖွဲ့ များသည် ယခင်တုန်းက ဆန္ဒပြသူများအပေါ် ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ခြင်းများ ရှိသည်ဟု လေ့လာသူများက ထောက်ပြသည်။ RSF တပ်ဖွဲ့များသည် စစ်သားများ၏ ရန်သူများမဟုတ်ကြောင်း ၎င်းတို့သည် ယခင်နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်ခဲ့သော အစိုးရ၏ဆိုးမွေမှ တိုင်းပြည်ကို ကာကွယ်ရန် တိုက်ခိုက်နေခြင်းသာဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။
Source:BBC
- By CNI
- Category: နိုင်ငံရေး
- Hits: 672
CNI International News
ဒူဘိုင်း၊ ဧပြီ ၂၉
အီရန်ရေတပ်သည် အမေရိကန်သို့ ဦးတည်နေသည့် အိုမင်ပင်လယ်ကွေ့ရှိ မာရှယ်ကျွန်းများ (Marshall Islands) အလံတင်ထားသော ရေနံတင်သင်္ဘောတစ်စင်းကို ကြာသပတေးနေ့တွင် သိမ်းပိုက်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။
အီရန် နျူကလီးယား စီမံကိန်းနှင့် ပတ်သက်၍ တင်းမာမှုများရှိနေချိန်တွင် ယခုကဲ့သို့ သိမ်းယူမှု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ယင်းက ကမ္ဘာ့စွမ်းအင် ဈေးကွက်အတွက် အရေးပါသော ရေကြောင်းလမ်းတွင် နောက်ထပ်တစ်ကြိမ် သိမ်းပိုက်မှု ဖြစ်သည်။
အရှေ့အလယ်ပိုင်း အခြေစိုက် အမေရိကန်၏ အမှတ် ၅ ရေတပ်အုပ်စုက သိမ်းခံရသောသင်္ဘောမှာ Advantage Sweet ဖြစ်သည်ဟု ပြောသည်။
MarineTraffic.com မှ နောက်ယောင်ခံ ဂြိုဟ်တု အချက်အလက်များအရ သင်္ဘောသည် ကြာသပတေးနေ့ မွန်းလွဲ ပိုင်းတွင် အိုမန်မြို့တော် မတ်စ်ကတ် (Muscat)၏ မြောက်ဘက် အိုမန်ပင်လယ်ကွေ့အတွင်း ရှိနေသည်ကို တွေ့ရသည်။
အိုမန်ပင်လယ်ကွေ့ မြေပုံကိုတွေ့ရစဉ်
ယင်းသည် ကူဝိတ်မှ ထွက်လာခြင်းဖြစ်ကာ ဟူစတန် (Huston)သို့ သွားရန် မှတ်တမ်းတင်ထားသည်။
အီရန်ရေတပ်၏ သိမ်းပိုက်မှုကြောင့် Advantage Sweet သည် နိုင်ငံတကာ ရေပိုင်နက်၌ ရှိနေစဉ် ညနေ ၁ နာရီ ၁၅ မိနစ်တွင် အချက်ပြမှု လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်ရေတပ်က ပြောသည်။
အီရန်၏ လုပ်ရပ်သည် နိုင်ငံတကာ ဥပဒေများနှင့် ဆန့်ကျင်နေကာ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် အနှောင့်အယှက် ဖြစ်စေကြောင်း၊ အီရန်အနေဖြင့် ရေနံတင် သင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးသင့်ကြောင်း အမှတ် ၅ တပ်ဖွဲ့က ကြေညာချက် တစ်စောင်ထုတ်ပြန်သည်။
သင်္ဘောကို အီရန်၏ တော်လှန်ရေးတပ်ဖွဲ့ဟုခေါ်သော လက်နက်ကိုင်တပ်ဖွဲ့က သိမ်းယူခဲ့သည်ဟု ရေတပ်ဘက်က ကနဦးတွင် ထုတ်ပြန်ခဲ့သော်လည်း အီရန်ရေတပ်၏ သိမ်းယူမှုဟု နောက်ပိုင်းတွင်မှ အတည်ပြုနိုင်ခဲ့သည်ဟု ရေတပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ပြီးခဲ့သည့်နေ့က ပါရှန်ပင်လယ်ကွေ့ရှိ အီရန် သင်္ဘောတစ်စင်းကို အမည်မသိ သင်္ဘောတစ်စင်းက ဝင်တိုက်ခဲ့ သည်ဟု သင်္ဘောသိမ်းယူမှု ပြီးနောက် အီရန်ဘက်က ထုတ်ပြန်ခဲ့သည်။
အိုမန်ပင်လယ်ကွေ့ မြေပုံကိုတွေ့ရစဉ်
ဝင်တိုက်မှုကြောင့် အီရန် သင်္ဘောသားများ ပျောက်ဆုံးခြင်း၊ ဒဏ်ရာရခြင်းတို့ ရှိခဲ့သည်ဟု သိရသော်လည်း ဝင်တိုက်မှုတွင် ပါဝင်သည့် တခြားသင်္ဘောနှင့် ပတ်သက်သော အကြောင်းအရာများကိုတော့ ထုတ်ပြန်ခြင်း မရှိပေ။
Advantage Sweet သင်္ဘောသည် ဗုဒ္ဓဟူးနေ့ကတည်းက ပါရှန်ပင်လယ်ကွေ့တွင် ရှိနေခြင်းဖြစ်ပြီး အချက်အလက် မှတ်တမ်းများအရ ယင်းသည် ဟောမုဇ် (Hormuz) ရေလက်ကြားကို ဖြတ်ကျော်ချိန်အထိ မူမမှန်မှု တစ်စုံတစ်ရာ ရှိသည်ကို မတွေ့ရပေ။
အီရန်သည် ယခင်ကတည်းက ထိုသို့ သင်္ဘောများအား သိမ်းယူမှု လုပ်ဆောင်ခဲ့ဖူးသည်။ ယခင် အချိန်များတွင် သင်္ဘောသိမ်းယူမှုနှင့် ပတ်သက်၍ အီရန်ဘက်က အကြောင်းပြချက်များ ပေးခဲ့ဖူးသော်လည်း နောက်ပိုင်းတွင်မူ အီရန်သည် သင်္ဘောများကို သိမ်းယူခြင်းဖြင့် တခြားနိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းရေးတွင် အားသာမှုတစ်ခုအဖြစ် အသုံးချရန် ကြိုးစားသည်ကို တွေ့ခဲ့ရသည်။
ယခုတစ်ကြိမ် သိမ်းယူမှုသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း အီရန်တို့မှ ပြုလုပ်သည့် အနိမ့်ဆုံး ငါးကြိမ်မြောက် သင်္ဘော သိမ်းယူမှု ဖြစ်သည်ဟုလည်း အမေရိကန်၏ အမှတ် ၅ ရေတပ်အုပ်စုက ပြောသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 688
CNI International News
တိုင်ပေ၊ ဧပြီ ၂၉
တရုတ်စစ်တပ်၏ တိုက်လေယာဉ် ၃၈ စင်းနှင့် တခြား စစ်လေယာဉ်များ ထိုင်ဝမ်အနီး ပျံသန်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဌာနက သောကြာနေ့တွင် ပြောကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထိုသို့ ဖြတ်သန်းခြင်းက ဧပြီလ အစောပိုင်း ထိုင်ဝမ်ကို သိမ်းယူရန် စစ်ရေး လေ့ကျင့်မှု လုပ်ဆောင်ပြီးနောက် အကြီးမားဆုံး အင်အားပြမှုလည်း ဖြစ်သည်။
အဆိုပါ ဧရိယာအနီးတွင် ရေတပ် သင်္ဘောများကိုပါ တွေ့ခဲ့ရပြီး ယင်းက တရုတ်၏ ထိုင်ဝမ်အား ရည်ရွယ်ချက်ရှိရှိ ရန်စရေး ကာလရှည် ကမ်ပိန်း၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။
အမေရိကန် ရေတပ်၏ P-8A Posedion တင့်ဖျက် ကင်းလှည့် လေယာဉ်တစ်စင်း ထိုင်ဝမ် ရေလက်ကြား ဖြတ်သန်းမှုကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က သောကြာနေ့တွင် ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
စစ်သင်္ဘောကို ကြည့်နေကြစဉ်
ထိုင်ဝမ်ရေလက်ကြားသည် ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးအား ပိုင်ခြားထားရာ လိုင်းလည်း ဖြစ်သည်။
ကြာသပတေးနေ့က အမေရိကန်လေယာဉ် ပျံသန်းမှုသည် ရန်စမှုတစ်ခု ဖြစ်ကြောင်းပြောကာ PLA ၏ အရှေ့ပိုင်းဌာနချုပ်သည် လေယာဉ်နောက်လိုက်ရန် ဂျက်တိုက်လေယာဉ်ကို စေလွှတ်ခဲ့သည်။
ထိုလုပ်ရပ်များသည် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေကာ၊ လုံခြုံရေး အတွက် အန္တရာယ် ဖြစ်စေကြောင်း၊ တရုတ်စစ်တပ်သည် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးအပြင် အချုပ်အခြာ အာဏာကို ထိန်းသိမ်းရေးတို့အတွက် အချိန်တိုင်း အဆင်သင့်ရှိနေကြောင်း အရှေ့ပိုင်းဌာနချုပ်က ပြောသည်။
သို့သော် ကြာသပတေးနေ့က ပျံသန်းမှုကို နိုင်ငံတကာဥပဒေများနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းက အင်ဒို-ပစိဖိတ်တွင် လွတ်လပ်ပွင့်လင်းသော ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ရေး အမေရိကန်၏ ပေးထားသော ကတိကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု အမေရိကန်ရေတပ် အမှတ် ၇ သင်္ဘောအုပ်စုက ပြောသည်။
တရုတ်ကိုတွေ့ရစဉ်
ထိုင်ဝမ်ရေလက်ကြား အပါအဝင် နိုင်ငံတကာ ဥပဒေအရ ခွင့်ပြုထားသော နေရာများတွင် လေယာဉ်ပျံခြင်း၊ သင်္ဘောသွားခြင်းတို့ကို ဆက်လက် လုပ်ဆောင်သွားဦးမည်ဟုလည်း ပြောသည်။
အမေရိကန်သည် ထိုင်ဝမ်အား နိုင်ငံရေးနှင့်စစ်ရေးအရ နီးကပ်သော မဟာမိတ် နိုင်ငံတစ်ခုအဖြစ် သတ် မှတ်ထားသည်။
တရားဝင် သံတမန်ရေး ဆက်ဆံမှု အားနည်းသော်လည်း အမေရိကန်ဥပဒေအရ ထိုင်ဝမ်နှင့်ပတ်သက်သည့် ခြိမ်းခြောက်မှုများကို ကာကွယ်ပေးရန် လိုအပ်သည်။ တရုတ်ဘက်ကလည်း ထိုင်ဝမ်ကို ၎င်းတို့ပိုင်အဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အား အသုံးပြု သိမ်းပိုက်သွားမည်ဟု ကြေညာထားသည်။
၎င်းတို့ပိုင် နယ်မြေများကို တစ်လက်မမှ အကျူးကျော် မခံဟူသော တရုတ်သမ္မတ၏ ပြောဆိုမှုတွင် ထိုင်ဝမ်၊ အိန္ဒိယနှင့် နယ်စပ်တို့အပြင် တောင်တရုတ်ပင်လယ်အတွင်းမှ ဒေသများပါ အကျုံးဝင်နေသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 635
CNI International News
မားမန့်ခ်၊ ဧပြီ ၂၈
ရုရှား၏ မြောက်ဝန်ရိုးတန်းမြို့ တစ်မြို့မှာ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီးနောက် တရုတ်နှင့် ရုရှားတို့သည် ရေကြောင်းဥပဒေခိုင်မာစေရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု Bangkok Post သတင်း၌ ဖော်ပြထားသည်။
ဆွေးနွေးပွဲကို နေတိုးအဖွဲ့ဝင်သစ် ဖင်လန်နှင့် နယ်စပ်အနီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
တရုတ်ကမ်းခြေစောင့်တပ်နှင့် ရုရှား၏ ဖက်ဒရယ်လုံခြုံရေးအဖွဲ့ (FSB) တို့သည် နားလည်မှု စာချွန်လွှာ (MOU)ကို အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု နိုင်ငံပိုင် သတင်း၌ ဖော်ပြသော်လည်း သဘောတူညီချက်၏ အသေးစိတ် အချက်အလက်များကိုမူ မဖော်ပြထားပေ။
သဘောတူညီချက်သည် အင်္ဂါနေ့တွင် ပြီးဆုံးခဲ့သော တရုတ်ကမ်းခြေစောင့်တပ်နှင့် FSB တို့ နှစ်ရက်ကြာ ဆွေးနွေး ပွဲ၏ ရလဒ်ဖြစ်သည်ဟု တရုတ်ုနိုင်ငံပိုင် CCTV သတင်းတွင် ဖော်ပြသည်။
လက်မှတ်ရေးထိုးမှုကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ခေါင်းဆောင်နှင့် ရုရှား၏ FSB ဒါရိုက်တာတို့က တက်ရောက်ခဲ့သည်။
ရေတပ်ကိုတွေ့ရစဉ်
ရေကြောင်းဥပဒေ ခိုင်မာစေရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ရေကြောင်း အသိုက်အဝန်းအား တည်ထောင်ရေး ပူးတွဲဆောင်ရွက်ရန်နှင့် ခေတ်သစ်ကာလ တရုတ်နှင့်ရုရှားတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ရေး ကြိုးစားမှုများကို လုပ်ဆောင်သွားကြရန် ပြောဆိုခဲ့သည်ဟု CCTV သတင်းတွင် ဖော်ပြသည်။
နှစ်နိုင်ငံအနေဖြင့် သမ္မတနှစ်ဦးအကြား တွေ့ဆုံဆွေးနွေးမှုများတွင် ရရှိထားသည့် ဘုံသဘောတူညီချက်များကို အကောင်အထည် ဖော်သွားမည်ဟုလည်း ပြောသည်။
နှစ်နိုင်ငံကြား ဆက်ဆံရေးတွင် အကန့်အသတ် မရှိဟု တရုတ်နှင့် ရုရှားသမ္မတများက ၂၀၂၂ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည့် ပူးတွဲကြေညာချက် တစ်စောင်၌ ပြောဆိုခဲ့ဖူးသည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားမြောက်ဝန်ရိုးတန်း ရေကြောင်း လေ့ကျင့်မှုများကိုပါ လေ့လာခဲ့သည်ဟု CCTV သတင်းတွင် ရေးသားထားသည်။
ဆွေးနွေးပွဲကို ရုရှား အနောက်မြောက်ပိုင်း မားမန့်ခ် (Murmansk) မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ကာ ယင်းသည် မြောက်ဝန်ရိုးတန်းဒေသ (Arctic Circle) တွင်းရှိကာ ဖင်လန်နယ်စပ်နှင့် နီးသည်။
ရှီကျင့်ဖျင်နဲ့ ပူတင်ကိုတွေ့ရစဉ်
ယခုလ အစောပိုင်း ဖင်လန် နေတိုးအဖွဲ့ဝင် အသစ် ဖြစ်လာခြင်း၊ ဆွီဒင်အနေဖြင့် နေတိုးသို့ ပူးပေါင်းရန် ကြိုးပမ်း နေခြင်းတို့ကြောင့် ထိုဒေသတွင် စစ်ရေးအရ အကြီးစား ပြင်ဆင်မှုများ ပေါ်ပေါက်လာခဲ့သည်။
ရုရှားသည် ယခုလ အစောပိုင်းတွင် အရေးပေါ်ဌာန၏ ကြီးကြပ်မှုဖြင့် မြောက်ဝန်ရိုးတန်း ကူညီကယ်ဆယ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ကာ ယင်းသို့ အမည်မဖော်ပြထားသော အာဖရိက၊ လက်တင်အမေရိကနှင့် အာရှ-ဥရောပတို့မှ နိုင်ငံ ၉ နိုင်ငံ ပါဝင်ကာ အနည်ဆုံး နိုင်ငံ ၁၃ နိုင်ငံက လေ့လာသူအဖြစ် ရှိခဲ့သည်။
ရုရှားရေတပ်သည်လည်း အကြီးစား စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။
နေတိုးအဖွဲ့ကို တန်ပြန်နိုင်ရေးအတွက် ရုရှားအစိုးရသည် အိန္ဒိယ၊ အီရန်နှင့် ဆော်ဒီတို့ အပါအဝင် နေတိုးအဖွဲ့ဝင် မဟုတ်သော နိုင်ငံများကို ရေလမ်းကြောင်းများ၊ သဘာဝဓာတ်ငွေ့ စီမံကိန်းများ၊ ဓာတ်အားပေး စက်ရုံများနှင့် တခြားသော စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံ စေခြင်းဖြင့် ဒေသတွင်း စီးပွားရေအရ ပါဝင်မှုကို မြှင့်တင်ရန်လည်း တိုက်တွန်း ဆောင်ရွက်လျက်ရှိသည်။
Source: Bangkok post
- By CNI
- Category: နိုင်ငံရေး
- Hits: 648
CNI International News
ကိယက်ဗ်၊ ဧပြီ ၂၈
ရုရှားနှင့် စစ်ပွဲအတွင်း နေတိုးအဖွဲ့ဝင်များနှင့် မိတ်ဖက်နိုင်ငံများသည် ယူကရိန်းအား ထောက်ပံ့မည်ဟု ကတိ ပြုထားသည့် တိုက်ခိုက်ရေးယာဉ်များ၏ ၉၈ ရာခိုင်နှုန်းကျော်ကို ပေးပို့ခဲ့ပြီးဖြစ်သည်ဟု နေတိုးအဖွဲ့အကြီးအကဲ ဂျန်းစ်စတိုတန်ဘာ့ဂျ်က ကြာသပတေးနေ့တွင် ပြောကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထိုထောက်ပံ့မှုများက တန်ပြန်ထိုးစစ် ဆင်မှုများ လုပ်ဆောင်ရန် စီစဉ်နေသည့် ယူကရိန်းအတွက် ကြီးမားသော အထောက်အကူလည်း ဖြစ်သည်။
ကျဉ်ကာယာဉ် ၁၅၅၀ ၊ တင့်တား အစီး ၂၃၀ အပြင် တခြားသော အသုံးအဆောင်များနှင့်အတူ ယူကရိန်း မဟာမိတ်များသည် ခဲယမ်း အရေအတွက်များစွာကို ထောက်ပံ့ပေးခဲ့ရုံမက ယူကရိန်းစစ်တပ်အတွက် တပ်ရင်း အသစ် ၉ ခုကို လေ့ကျင့်ပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးနိုင်ခဲ့သည်ဟု နေတိုးအဖွဲ့၏ အထွေထွေအတွင်း ရေးမှူး ဂျန်းစ်စတိုတန်ဘာ့ဂျ် (Jens Stoltenberg)က ပြောသည်။
နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဂျန်းစ်စတိုတန်ဘာ့ဂျ်ကို တွေ့ရစဉ်
တပ်အသစ်များတွင် တပ်ဖွဲ့ဝင် ၃၀၀၀၀ ကျော် ပါဝင်သည်ဟု ယူဆရကာ နေတိုး၏ မိတ်ဖက်နိုင်ငံများဖြစ်သော ဆွီဒင်နှင့်သြစတြီးယားတို့ကလည်း ယူကရိန်းသို့ စစ်ဘက်သုံးယာဉ်များ ထောက်ပံ့ပေးခဲ့သည်။
ထောက်ပံ့မှုများက ယူကရိန်းအတွက် ၎င်းတို့ နယ်မြေများ ပြန်လည်သိမ်းပိုက်ရေး လုပ်ဆောင်ရန် အထာက် အကူ ဖြစ်စေသည်ဟု နေတိုးအဖွဲ့အကြီးအကဲက ဘရပ်ဆဲလ် (Brussels) တွင် သတင်းထောက်များကို ပြောခဲ့သည်။
တရုတ်သမ္မတ ရှီ (Xi) နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှု လုပ်ဆောင်ခဲ့သည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီး(Zelenskyy) က ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် နေတိုးအဖွဲ့က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဇာလန်းစကီးက ၎င်းသည် ရှီနှင့် အဓိပ္ပါယ်ရှိသော ဖုန်းပြောဆိုမှုတစ်ခုကို အချိန်အတန်ကြာ လုပ်ဆောင်ခဲ့ ကြောင်း ပြောသည်။
ယင်းက ရုရှားကျူးကျော်စစ် စတင်သည့် တစ်နှစ်ကျော်ကြာ ကာလအတွင်း ယူကရိန်းနှင့် တရုတ် ခေါင်းဆောင် တို့အကြား ပြောဆိုဆက်သွယ်မှုရှိသည်ကို ပထမဆုံးအကြိမ် သိရှိရခြင်းလည်း ဖြစ်သည်။
ယူကရိန်းစစ်ပွဲအတွင်းက မြို့ပျက်ကြီးကိုတွေ့ရစဉ်
ဗုဒ္ဓဟူးနေ့ ဖုန်းပြောဆိုမှုသည် ၎င်းအတွက် အထောက်အပံ့ ဖြစ်စေသည်ဟု ဇာလန်းစကီး၏ ပြောစကားအပြင် ရှီ၏ လုပ်ရပ်အပေါ် အနောက်အုပ်စု အရာရှိများ၏ ကြိုဆိုမှုရှိသော်လည်း ယင်းသည် ငြိမ်းချမ်းရေးအတွက် တိုးတက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်လာနိုင်ဖွယ် မရှိပေ။
ရုရှားနှင့်ယူကရိန်းတို့သည် ငြိမ်းချမ်းရေးအတွက် သတ်မှတ်ချက်များကြား လုံးဝကွဲပြားနေပြီး တရုတ်သည် လည်း ရုရှား၏ ကျူးကျော်မှုကို ဝေဖန်ရန် ငြင်းဆိုထားသည်။
တရုတ်အစိုးရသည် ရုရှားအား အမေရိကန်၏ လွှမ်းမိုးမှုကို တွန်းလှန်ရန်သံတမန်ရေး မဟာမိတ်အဖြစ် ရှုမြင်ထားခြင်းကြောင့် ဖြစ်သည်။
နေတိုးအဖွဲ့ဝင် ၃၁ နိုင်ငံအနေဖြင့် ယူကရိန်းစစ်တပ်ကို အဆင့်မြှင့်တင်ရေး ဆက်လက် ထောက်ပံ့ ပေးသွား မည်ဖြစ်ကြောင်း နေတိုးအရာရှိကပြောပြီးနောက် ရုရှားတို့ သိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေများကို ပြန်လည် သိမ်းယူနိုင်ခြင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပေါ်ပေါက်လာချိန်တွင် ယူကရိန်းအတွက် ညိုနှိုင်း ဆွေးနွေးရန် ခိုင်မာမှုရှိသော အနေအထားကို ရောက်ရှိစေသည်ဟု ပြောသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 571
CNI International News
ခါတွမ်၊ ဧပြီ ၂၈
အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ရန် နီးကပ်လာချိန်တွင် ဆူဒန်စစ်တပ်သည် မြို့တော်ခါတွမ် (Khartoum) ရှိ RSF တပ်ဖွဲ့များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်ဟု Al Jazeera သတင်း၌ ဖော်ပြသည်။
ထို့နောက် ဒါဖာ (Dafur) ဒေသတွင် ပြင်းထန်သော တိုက်ပွဲများ ပေါ်ပေါက်လျက်ရှိသည်။
ကြာသပတေးနေ့တွင် ခါတွမ်ရှိ သမ္မတနန်းတော်အနီးနှင့် မြောက်ပိုင်း ဧရိယာများတွင် လေကြောင်း တိုက်ခိုက် မှုများကြောင့် မီးခိုးများ ထွက်ပေါ်နေသည်ကို မြင်တွေ့ရသည်။
ရန်ဘက်ဖြစ်သော ဆူဒန်စစ်တပ်သည် ကာဖူရီ (Kafouri) ခရိုင်ရှိ ၎င်းတို့၏ စခန်းကို လေကြောင်းမှ တိုက်ခိုက် ခဲ့သည်ဟု RSF တပ်ဖွဲ့က ပြောသည်။
တိုက်ပွဲများကြောင့် သေဆုံးသူ ဦးရေလည်း မြင့်တက်လာသည်ဟု ယူဆရသည်။
ဆူဒန်နိုင်ငံအတွင်း မြို့တွင်း တိုက်ပွဲများကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်
ဆူဒန်ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်တွင် ၁၃ ရက်ကြာ တိုက်ပွဲများအတွင်း အနည်းဆုံး လူပေါင်း ၅၁၂ ဦး သေဆုံးကာ ၄၁၉၃ ဦးဒဏ်ရာ ရရှိထားသည်ဟု ဖော်ပြထားသော်လည်း အမှန်တကယ် သေဆုံး ထိခိုက်သူ အရေအတွက်မှာ ယခုထက်ပို၍ များနိုင်သည်။
ဆူဒန်ပဋိပက္ခများအတွက် အမေရိကန်မှ ကြားဝင်ဆောင်ရွက်ပေးသော သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး သည် အင်္ဂါနေ့အစောပိုင်းမှ စတင် အသက်ဝင်ခဲ့သော်လည်း တိုက်ပွဲများမှာ ဆက်ဖြစ်နေဆဲ ဖြစ်သည်။
မြို့တော်မြောက်ဘက် အရပ်များတွင် စစ်လေယာဉ်များ ပျံဝဲလျက်ရှိကာ မြေပြင်တွင်လည်း လက်နက်ကိုင် တပ်များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်နေကြဆဲ ဖြစ်သည်။
ကြာသပတေးနေ့ နှောင်းပိုင်းတွင် သက်တမ်းကုန်မည့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုရန် အိမ်နီးချင်း တောင်ဆူဒန်မြို့တော် ဂျူဘာ (Juba) တွင် တွေ့ဆုံဆွေးနွေးရေး သဘောတူသည်ဟု ဆူဒန်စစ်တပ်က ပြောသည်။
ယင်းကို အရှေ့အာဖရိကနိုင်ငံများအဖွဲ့နှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု အာဏာပိုင်အဖွဲ့ (IGAD) တို့က အဆိုပြုခဲ့ခြင်း ဖြစ်သည်။
ဆူဒန်ပဋိပက္ခသည် ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတက်အယ်လ်-ဘာဟန် (Abdal Fattach al-Burhan) ဆောင် သော စစ်တပ်နှင့် ပြိုင်ဘက်ဗိုလ်ချုပ်ကြီး မိုဟာမက် ဟီမတ်ဒီ ဟမ်ဒမ် ဒတ်ဂလို (Mohamed “Hemedti” Hamdan Daglo) တို့ ဦးဆောင်သော RSF လက်နက်ကိုင်များကြား ဧပြီ ၁၅ ရက်နေ့မှ စတင်ဖြစ်ပွားနေခြင်း ဖြစ်သည်။
ဆူဒန်ကနေ ထွက်ခွာနေကြတဲ့ နိုင်ငံခြားအစိုးရသံတမန်များကိုတွေ့ရစဉ်
ထိုတိုက်ပွဲများ ရပ်တန့်ရေး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များစွာ ပေါ်ထွက်လာခဲ့သော်လည်း အားလုံးမှာ အောင်မြင်မှု မရခဲ့ပေ။
အယ်လ်ဘာဟန်က အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ၇၂ နာရီ တိုးမြှင့်ရန် IGAD မှ အဆိုပြုသော ဆွေးနွေး ပွဲများအား ဗုဒ္ဓဟူးနေ့တွင် သဘောတူခဲ့သည်ဟု ဆူဒန်စစ်တပ်က ပြောသည်။
ထိုသဘောတူညီချက်နှင့် ပတ်သက်၍ RSF ဘက်က တုန့်ပြန်မှုကိုတော့ ယခုအထိ မသိရသေးပေ။
မြို့တော်ခါတွမ်အပြင် တခြားသော ပြည်နယ်များတွင်လည်း တိုက်ပွဲများ ပေါ်ပေါက်လာလျက်ရှိသည်။
အထူးသဖြင့် စစ်ဘေးဒဏ်သင့် ဒါဖာဒေသတွင် ဖြစ်သည်။
အနောက် ဒါဖာမြို့တော် ဂျီရိုင်နာ (Geneina)မြို့တွင် တိုက်ပွဲများ နှစ်ရက်ဆက်တိုက် ပေါ်ပေါက်ခဲ့ကာ အရပ်သားများအနေဖြင့် အိမ်နီးချင် ချဒ်နိုင်ငံဘက်သို့ ထွက်ပြေးနေရကြောင်း ကိုယ်တိုင် မြင်တွေ့ရသူများက ပြောသည်။
Source:Aljazeera

- By CNI
- Category: နိုင်ငံရေး
- Hits: 1279
CNI International News
ဘန်ကောက်၊ ဧပြီ ၂၈
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပဋိပက္ခဖြေရှင်းနိုင်ရေး မြန်မာနှင့် တရုတ်၊ အိန္ဒိယတို့ကဲ့သို့ အိမ်နီးချင်း နိုင်ငံများမှ အစိုးရများ အပါအဝင် ပညာရှင်အဖွဲ့ ကိုယ်စားလှယ်များသည် နယူးဒေလီ၌ တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင်းရှိ ပဋိပက္ခကို လျော့ပါးစေရေး လျှို့ဝှက် ကြိုးပမ်းမှု အစိတ်အပိုင်းတစ်ခုအဖြစ် ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်းဟု သတင်းရင်းမြစ်နှစ်ခုက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ခဲ့သည့် မြန်မာ့နိုင်ငံရေး ပဋိပက္ခကြောင့် လက်နက်ကိုင် တော်လှန်မှုများ ပေါ်ပေါက်လာခဲ့သည်။
ယခု သီတင်းပတ်အတွင်း ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသည် ပြီးခဲ့သည့်လက ထိုင်းတွင် စတင်ခဲ့သည့် လမ်းကြောင်း ၁.၅ (Track 1.5) ၏ အစိတ်အပိုင်း တစ်ခုဖြစ်ကာ ၂၀၂၁ ခုနှစ်၊ ဧပြီတွင် သဘောတူထားသော ငြိမ်းချမ်းရေး စီမံကိန်းအား အကောင်အထည်ဖော်ရန် ပျက်ကွက်မှုဖြင့် နစကအပေါ် အာဆီယံအဖွဲ့အတွင်း မကျေလည်မှုများ ရှိနေချိန်၌ ပေါ်ပေါက်လာသည်။
NUG ၏ ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းနဲ့ PDF ရဲဘော်များကိုတွေ့ရစဉ်
အင်္ဂါနေ့က ဆွေးနွေးပွဲကို မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့အပြင် အာဆီယံဥက္ကဋ္ဌ နိုင်ငံ ဖြစ်သော အင်ဒိုနီးရှားတို့ပါ တက်ရောက်ခဲ့သည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်များက ပြောသည်။
NUG အဖွဲ့အား ဆွေးနွေးမှု လုပ်ငန်းစဉ်များသို့ ထည့်သွင်းရန်လည်း အစည်းအဝေး တက်ရောက်ခဲ့သူများက စိတ်ပါဝင်စားမှုရှိသည်ဟု သတင်းအရင်းအမြစ် တစ်ခုက ပြောသည်။
NUG သည် တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်ကာ ယင်းကို အကြမ်းဖက်သမားများဟု နစကဘက်က ကြေညာထားသည်။
NUG နှင့် နစက တို့အကြား တရားဝင် စကားပြောဆိုမှု မရှိခြင်းကြောင့် NUG နှင့်တရားဝင် ဆွေးနွေးမှု လုပ်ဆောင် လိုနေသည်ဟု သတင်းအရင်းအမြစ်က ပြောသည်။
ထိုအခင်းအကျင်းကို ဆွေးနွေးမှုတွင် ပါဝင်သူများက မျှော်လင့်နေသည်ဟုလည်း ပြောသည်။
ယခုကိစ္စများနှင့် ပတ်သတ်၍ Reuters ၏ မေးမြန်းမှုကို အိန္ဒိယ၊ ထိုင်း နိုင်ငံခြားရေးဌာနများအပြင် နယူးဒေလီရှိ တရုတ်သံရုံးဘက်မှ ပြန်လည် ဖြေကြားခြင်း မရှိသေးသလို နစက၏ ပြောခွင့်ရပုဂ္ဂိုလ်ကိုလည်း ဆက်သွယ်၍ မရသေးပေ။
ယခု ကိစ္စများနှင့်ပတ်သက်၍ သတိပြုမိခြင်း မရှိဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြန်လည် ဖြေကြားသည်။
ဘန်ကီမွန်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
NUG အနေဖြင့် အိမ်နီးချင်းနိုင်ငံအပြင် ဒေသတွင်း နိုင်ငံများနှင့် တွေ့ဆုံဆွေနွေးမှု လုပ်ဆောင်ရန် လမ်းဖွင့်ထား သည်ဟု ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်က ပြောသည်။
အင်္ဂါနေ့ တွေ့ဆုံမှုကို အိန္ဒိယပညာရှင်များအဖွဲ့က လက်ခံ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယင်းတွင် ဘက်ပေါင်းစုံမှ အကြမ်း ဖက်မှု လျော့ချရေး၊ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးနှင့် လူသားချင်း စာနာမှု အကူအညီများ ပို့ဆောင်ရေးတို့ ပါဝင် သည်ဟု ဒုတိယ သတင်းအရင်းအမြစ်က ပြောသည်။
နောက်ထပ် အစည်းအဝေးကို လာအိုတွင် ကျင်းပသွားမည်ဟုလည်း ယင်းက ပြောသည်။
နစကသည် အနောက်နိုင်ငံများ၏ ဖယ်ကျဉ်ခြင်းကို ခံထားရသော်လည်း ရုရှားနှင့် ကူးလူးဆက်ဆံမှု မြင့်တက် လျက် ရှိသည်။
မကြာသေးခင်ကလည်း ထိုင်းမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။ သံတမန်ဟောင်း တစ်ဦးဖြစ်သူ ဘန်ကီမွန်း (Ban Ki-moon) သည်လည်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကာ အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန် တနင်္လာနေ့က တောင်းဆိုခဲ့သည်။
Source: Bangkok Post
- By CNI
- Category: နိုင်ငံရေး
- Hits: 613
CNI International News
ခါတွမ်၊ ဧပြီ ၂၇
ဖြုတ်ချခံထားရသော သမ္မတဟောင်း အိုမာအယ်လ်-ဘာရှား (Omar al-Bashir)အား ခါတွမ် (Khartoum)မြို့ရှိ စစ်ဆေးရုံတစ်ခုတွင် ထိန်းသိမ်းထားသည်ဟု Al Jazeera သတင်းတွင် ဖော်ပြသည်။
ဆူဒန်စစ်တပ်နှင့် RSF လက်နက်ကိုင် တပ်ဖွဲ့တို့အကြား တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် ဘာရှားကို ထိန်းသိမ်းထားရာ ထောင်မှ ဆေးရုံသို့ ရွှေ့ပြောင်းထားခြင်း ဖြစ်သည်။
ခိုဘာ (Kober) ထောင် ကျန်းမာရေး ဝန်ထမ်းများ၏ ထောက်ခံမှုဖြင့် ဘာရှားနှင့် ထောင်သား ၃၀ ခန့်ကို အလီယာ (Aliyaa) ဆေးရုံသို့ ရွှေ့ပြောင်းထားကြောင်း ဆူဒန်စစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
ဘာရှားသည် ၎င်း၏ အစိုးရဟောင်း အဖွဲ့ဝင်များနှင့်အတူ ဘာရီ (Bahri) မြို့ရှိ ခိုဘာထောင်တွင် ဖမ်းဆီးခံထားရ ခြင်း ဖြစ်သည်။ လက်နက်ကိုင် အဖွဲ့နှစ်ခု၏ တိုက်ခိုက်မှုများတွင် ခိုဘာထောင်လည်း ပါဝင်ခဲ့ကာ ထောင်ဖောက်မှု တစ်ခု ဖြစ်ခဲ့သည့် တနင်္ဂနွေနေ့တွင် ထောင်သားများစွာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
အပြန်အလှန်တိုက်ခိုက်နေတဲ့ စစ်ဗိုလ်ချုပ်ကြီး နှစ်ဦးကိုတွေ့ရစဉ်
ဘာရှားတွင် အပြစ်မရှိကြောင်း သက်သေပြရန်အတွက် တိုက်ပွဲများ ပြီးဆုံးမည့် အချိန်ကိုစောင့်နေသည်ဟု သူ၏ မိသားစုဝင်များက ပြောကြောင်း ဆူဒန်မြို့တော်ရှိ သတင်းထောက်က ပြောသည်။
ထောင်မှ ထွက်ပြေး လွတ်မြောက်လာသော ရာဇဝတ်သား ၂၅၀၀၀ ခန့်သည် ခါတွမ်မြို့၏ ဥပဒေမဲ့ အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ကာ လုယက်မှုများနှင့် လမ်းမများပေါ်တွင် အုပ်စုဖွဲ့ လှည့်လည်သွားလာ နေမှုများကြောင့် မလုံခြုံမှု အခြေအနေမှာ ပို၍ ဆိုးရွားလာသည်ဟု ဒေသခံများက ပြောသည်။
ဘာရှားသည် ၂၀၁၉ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခံ ခဲ့ရသူဖြစ်ကာ ၎င်းအား လက်ရှိအချိန်တွင် တိုက်ခိုက်နေကြ သည့် ဆူဒန်စစ်တပ်နှင့် RSF တို့၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနှစ်ဦးက ပူးတွဲဖြုတ်ချခဲ့သည်။
အိုမာအယ်လ်ဘာရှားကိုတွေ့ရစဉ်
ထောင်ဖောက်မှုအတွင်း ဘာရှားအစိုးရ၏ ထိပ်တန်းအရာရှိ အနည်းဆုံး လေးဦးခန့် လွတ်မြောက်သွားခဲ့ကာ အခြေအနေများ ပြန်လည်တည်ငြိမ်လျှင် လာရောက် အဖမ်းခံမည်ဟု ၎င်းတို့၏ အသံဖိုင် ထုတ်ပြန်ထားသည်။
လက်ရှိ ဖြစ်ပွားနေသော ဆူဒန်နိုင်ငံတွင်းမှ အာဏာလုပွဲတွင် ဆူဒန်ပြည်သူများဘက်မှ ရပ်တည်သည်ဟု ထောင်မှ ထွက်ပြေး လွတ်မြောက်သွားသူ အာမက် ဟာရွန် (Ahmed Haroun) က ပြောသည်။
အာမက်သည် ဘာရှားအစိုးရ၏ ထိပ်တန်းအရာရှိ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူလည်းဖြစ်သည်။
ဘာရှားနှင့် အာမက်တို့ နှစ်ဦးစလုံးကို ၂၀၀၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင် ဒါဖာ (Darfur) ဒေသတွင် လူသားချင်း စာနာမှုဆိုင်ရာ ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများဖြင့် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC က အလို ရှိနေသည်။
Source: Aljazeera