- By CNI
- Category: နိုင်ငံရေး
- Hits: 901
CNI International News
ဂူဝါဟတီ၊ အောက်တိုဘာ ၂၄
တားမြစ်ပိတ်ပင်ခံထားရသည့် စစ်သွေးကြွအဖွဲ့ဖြစ်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ- ကပ္ပလန်/ ယုံးအောင် (NSCN-K/YA)မှ ကေဒါတစ်ဦးသည် အောက်တိုဘာ ၂၂ ရက်က အာရုနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်ရှိ တီရစ်ပါ (Tirap) ခရိုင် ရဲတပ်ဖွဲ့ထံတွင် လက်နက်ချ အဖမ်းခံခဲ့သည်ဟု Northeast Now သတင်းမှ ဖော်ပြခဲ့သည်။
ဗိုလ် ဝန်ဟွန် နွတ်ပါး (Lieutenant- Wanghong Nokpa) အမည်ရှိ ထိုကေဒါသည် လာဇူ (Lazu)မြို့ ရဲစခန်းသို့ လာရောက်ကာ စခန်းမှူး အက်စ်အိုင် အယ်လ် ကင်ဆင်း (SI L Kimsing) နှင့် အမှတ် ၆ အာသံရိုင်ဖယ် တပ်ဖွဲ့ (Assam Rifles -AR Team) ထံတွင် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။
သူသည် ၉ မမ ပစ္စတိုလ်တစ်လက်၊ ကျည်ဆံ ၃ တောင့်နှင့်အတူ လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူ့ကို တီရစ်ပါ ခရိုင်ရဲတပ်ဖွဲ့နှင့် အမှတ် ၆ အာသံရိုင်ဖယ်တပ်ဖွဲ့က လက်နက်ချသည့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခဲ့သည်။

နန်းယွန်းမြို့နယ် မြေပုံကိုတွေ့ရစဉ်
နွတ်ပါးက သူသည် ဘာရက် (Barap) အလယ်တန်းကျောင်းတွင် ဆဋ္ဌမတန်းတက်ရောက်နေချိန် ၁၉၉၉ ခုနှစ်တွင် သူနှင့် အသက် ၁၈ နှစ်အရွယ် တခြား လူငယ်များကို NSCN-K မှ ဗိုလ်ကြီး ကီဝမ် ဒီအိုဆာ (Kewang Diotsa) က အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့၏အဖွဲ့ထဲသို့ ဝင်ရောက်ခိုင်းခဲ့ကြောင်း ပြောသည်။
ထို့နောက် ၎င်းတို့ကို ၃ လကြာ အခြေခံ သင်တန်းပေးခဲ့ပြီး သင်တန်းပြီးဆုံးချိန်တွင် သူသည် ဗိုလ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ထိုအဖွဲ့အစည်းအတွင်း နေထိုင်ခဲ့သည့် အချိန်အတွင်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု နွတ်ပါးက ပြောသည်။
မိမိသည် တခြားစစ်သွေးကြွများ၏ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရပြီး စခန်းတွင်လည်း လစာငွေ တစ်ကြိမ်တစ်ခါမှ မရရှိခဲ့သဖြင့် မြန်မာနိုင်ငံ Ngaimong (ငိုင်မောင်းရွာ-နန်းယွန်းမြို့နယ်) ဒေသမှတဆင့် CHQ Lahong(လဟောင်)သို့ ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် လာဇူမြို့ ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ပြီး မိသားစုနှင့် အတူ နေထိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
သူသည် စစ်သွေးကြွစခန်း ခေါင်းဆောင်များ၏ မှားယွင်းသည့် ဆုံးဖြတ်ချက်များအောက်တွင် နေထိုင်ခဲ့ရကာ လူငယ်များအနေနှင့် ထိုကဲ့သို့ နိုင်ငံကို ဆန့်ကျင်သည့် အုပ်စုများနှင့် ခပ်ကင်းကင်းနေရန် တိုက်တွန်းခဲ့သည်။
NSCN-K/YA သည် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN)၏ အဖွဲ့ခွဲဖြစ်သည်။ NSCN-K/YA သည် NSCN-IM(အိုက်ဇက်/ဗွီးဗာ)နှင့် အိန္ဒိယဗဟိုအစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆန့်ကျင်သည့် အဖွဲ့ဖြစ်သည်။
NSCN-K/YA သည် မြန်မာနိုင်ငံအတွင်းရှိ နာဂဒေသများနှင့် အိန္ဒိယအတွင်းက နာဂဒေသများကို စုစည်း၍ နာဂ နိုင်ငံထူထောင်ရေး ကြိုးပမ်းနေသော နာဂလက်နက်ကိုင်ဖြစ်သည်။ သို့သော် NSCN-K/YA သည် မြန်မာအစိုးရကို တော်လှန်တိုက်ခိုက်မှု မရှိဘဲ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်လျက်ရှိသည်။
Source: Northeast Now
- By CNI
- Category: နိုင်ငံရေး
- Hits: 937
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၄
အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် အမေရိကန်စစ်မှုထမ်းများ သို့မဟုတ် တပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်လာပါက အမေရိကန်အနေနှင့် တုန့်ပြန်ရန် ပြင်ဆင်ထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin)တို့က ပြောကြားခဲ့ ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထို့ပြင် အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် အီရန်၏ ပါဝင်မှုနှင့်အတူ ပဋိပက္ခသည် အရှိန်မြင့် လာလိမ့်မည်ဟု ခန့်မှန်းရ ကြောင်း ဘလင်ကင်နှင့် လွိုက်အော်စတင်တို့က ပြောသည်။
"အဲဒီအခြေအနေမျိုးကို ကျနော်တို့ မလိုချင်ပါဘူး။ တင်းမာမှုတွေကို မမြင့်တက်စေချင်ပါဘူး။ ကျနော်တို့ စစ်မှုထမ်းတွေ တိုက်ခိုက်ခံတာကို မမြင်ချင်ပါဘူး။ ဒါပေမယ့် တိုက်ခိုက်ခံရမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ တုန့်ပြန်ဖို့ အသင့်ပြင်ထားပါတယ်" ဟု ဘလင်ကင်က ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးကို တွေ့ရစဉ်
လွိုက်အော်စတင်ကလည်း ဒေသတွင်းရှိ မိမိတို့ စစ်သားများနှင့် မိမိတို့ ပြည်သူများအပေါ် တိုက်ခိုက်မှုများ မြင့်တက်လာမည့်် အလားအလာကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်အနေနှင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိပြီး သင့်တော်သလို ပြန်လည်လုပ်ဆောင်ရန် တွန့်ဆုတ် နေမည် မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောသည်။
အောက်တိုဘာ ၇ ရက်ကစပြီး ဟားမာ့စ်အဖွဲ့သည် အစ္စရေးနိုင်ငံတောင်ပိုင်းရှိ လူနေရပ်ကွက်များတွင် အရပ်သား များကို တိုက်ခိုက်ခဲ့သဖြင့် အစ္စရေးစစ်တပ်က ဂါဇာတွင် လေကြောင်း တိုက်ခိုက်မှုများနှင့် တုန့်ပြန် တိုက်ခိုက်နေ ချိန်တွင် အမေရိကန် ထိပ်သီးအရာရှိနှစ်ဦး၏ သတိပေးချက်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်စစ်တပ်ကိုတွေ့ရစဉ်
အောက်တိုဘာ ၂၁ ရက် ညသန်းခေါင်တွင်လည်း အစ္စရေး စစ်လေယာဉ်များသည် ဂါဇာဒေသကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဆီးရီးယားရှိ လေဆိပ်နှစ်ခုနှင့် အနောက်ဘက်ကမ်း (West Bank) ဒေသရှိ စစ်သွေး ကြွများ အသုံးပြုနေသည်ဟု စွပ်စွဲထားသည့် ဗလီတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့ပြင် စစ်ပွဲ စတင်ဖြစ်ပွားချိန်ကတည်းက အစ္စရေးသည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် နေ့စဉ်နီးပါး နယ်စပ် ဖြတ်ကျော် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
အီရတ်ရှိ အမေရိကန်သံရုံးမှ သံရုံးဝန်ထမ်းများကို အီရတ်မှ ထွက်ခွာသင့်ကြောင်း အမေရိကန်က အောက်တိုဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1097
CNI International News
တိုကျို၊ အောက်တိုဘာ ၂၄
ဂျပန်နှင့် ရုရှား ဆက်ဆံရေးသည် လက်ရှိအချိန်တွင် အခက်အခဲများ ရှိနေသည့်တိုင် ရုရှားနှင့် ငြိမ်းချမ်းရေးစာချုပ် အပြီးသတ် ချုပ်ဆိုရေးနှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် ပြဿနာကို ဖြေရှင်းရန် ဆက်လက် လုပ်ဆောင် သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida)က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ကီရှီဒါသည် ဂျပန်အောက်လွှတ်တော်၏ အထူးအစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
"ဂျပန်-ရုရှား ဆက်ဆံရေးဟာ ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုရေးနဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ပြဿနာကို ဖြေရှင်းမယ့် မူဝါဒကို ဆက်လက် ကျင့်သုံး သွားမှာပါ" ဟု ကီရှီဒါက ပြောကြားခဲ့ပြီး ယူကရိန်းတွင် ရုရှား၏ လုပ်ဆောင်ချက်များကိုလည်း ဝေဖန်ခဲ့သည်။
ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်ကတည်းက ဂျပန်နှင့်ရုရှားသည် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် ဆယ်စုနှစ်များစွာကြာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
ဂျပန်နှင့် ရုရှားအကြား ကူရိုင်းလ် (Kuril)ကျွန်းစု ပိုင်ဆိုင်မှုပြဿနာသည် အဓိက ပြဿနာတစ်ခု ဖြစ်သည်။

ဂျပန်နဲ့ရုရှား သူပိုင်တယ်ကိုယ်ပိုင်တယ် အငြင်းပွားနေတဲ့ ကျွန်းစုကိုတွေ့ရစဉ်
၁၉၄၅ ခုနှစ်က ထိုကျွန်းစုတစ်ခုလုံးကို ဆိုဗီယက်ယူနီယံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ဂျပန်က အီတူရပ် (Iturup) ကျွန်း၊ ကူနာရှီယာ (Kunashir) ကျွန်း၊ ရှီကိုတန် (Shikotan)ကျွန်းနှင့် အခြား လူမနေသည့် ကျွန်းစုကို ပိုင်ဆိုင်ကြောင်း ထွက်ဆိုထားသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုကျွန်းစုများသည် နိုင်ငံတကာဥပဒေများနှင့်အညီ ရုရှား၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအောက်တွင် ရှိကြောင်းနှင့် မေးခွန်းထုတ်စရာ မလိုကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။

ဂျပန်နဲ့ရုရှား ကိုယ်စားလှယ်များ ဆွေးနွေးနေကြစဉ်
ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး ဂျပန်က ရုရှားအပေါ် တစ်ဖက်သတ် တားမြစ်ကန့်သတ်ချက်များ ပြုလုပ်ခဲ့သဖြင့် ရုရှားအစိုးရသည် ဂျပန်နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရေး ဆွေးနွေးမှုများကို ဖျက်သိမ်းမည်ဟု ကြေညာခဲ့သည်။
ထို့ပြင် ရုရှားသည် ကူရိုင်းကျွန်းစုများပေါ်တွင် ဂျပန်နှင့် ပူးတွဲစီးပွားရေး အစီအစဉ်များကို ရုပ်သိမ်းခဲ့ပြီး ပင်လယ် နက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Organization of Black Sea Economic Cooperation) တွင် ဂျပန် ကို မိတ်ဖက်ဆွေးနွေးမှု နိုင်ငံအဆင့်မှ ပိတ်ပင်ခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 751
CNI International News
ဂါဇာ၊ အောက်တိုဘာ ၂၃
အစ္စရေး-ဟားမာ့စ်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် ကြီးမားကျယ်ပြန်သည့် ပဋိပက္ခတစ်ခု ပေါ်ပေါက် လာမည့်အရေးကို စိုးရိမ်မှုများ မြင့်တက်နေချိန်၌ အမေရိကန်က အရှေ့အလယ်ပိုင်းမှာ စစ်အင်အားများကို တိုးမြှင့် နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စရေးသည် ဂါဇာဒေသ အပါအဝင် လက်ဘနွန်နှင့် ဆီးရီးယားရှိ ဟားမာ့စ်ထောက်ခံသူများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိပြီး အောက်တိုဘာ ၂၁ ရက် ညပိုင်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာ တွင် ပါလက်စတိုင်း ၅၀ ကျော် သေဆုံးခဲ့သည်။
အီရန်၏ စစ်အင်အား တည်ရှိပြီး ဟားမာ့စ်အဖွဲ့ကို ထောက်ခံသည့် ဆီးရီးယားနိုင်ငံ၏ ဒမတ်စကတ် (Damascus) နှင့် အလက်ပို (Aleppo) နိုင်ငံတကာလေဆိပ်များတွင်လည်း အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက အစ္စရေး၏ ဒုံးကျည်များ ထိမှန်ခဲ့သဖြင့် လေဆိပ်ဝန်ထမ်း နှစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆီးရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

အစ္စရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင်လည်း အီရန်က ကျောထောက် နောက်ခံပေးထားသည့် ဟစ်ဇ်ဘိုလာ (Hezbo llah)အဖွဲ့သည် ဟားမာ့စ်အဖွဲ့ကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် အစ္စရေးနှင့် နယ်စပ် ဖြတ်ကျော် ပစ်ခတ် မှုများ ဖြစ်ပွားခဲ့သည်။
ထို့နောက် အောက်တိုဘာ ၂၁ ရက်တွင် အစ္စရေးက ဟစ်ဇ်ဘိုလာ ပစ်မှတ်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သဖြင့် ဟစ်ဇ်ဘိုလာ လက်နက်ကိုင် ၆ ဦး သေဆုံးခဲ့သည်။
လက်ဘနွန်နိုင်ငံ အနေနှင့် အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း ပါဝင်မည်ဆိုပါက လက်ဘနွန်ပြည်သူများ ထိခိုက် လိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်(Antony Blinken)က လက်ဘနွန် ယာယီ ဝန်ကြီးချုပ်ကို သတိပေးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
နယ်စပ်ဒေသတွင် အကြမ်းဖက်မှုများ မြင့်တက်နေချိန်၌ အစ္စရေးသည် လက်ဘနွန်နှင့် ဆီးရီးယား နယ်စပ်အနီးရှိ အစ္စရေး၏ ရပ်ကွက် ၁၄ ခုမှာ နေထိုင်သူများကို နိုင်ငံမြောက်ပိုင်းသို့ ရွှေ့ပြောင်းပေးရန် စီစဉ်ခဲ့သည်။

ဂါဇာဒေသ ဗုံးကြဲခံရမှုကြောင့် ပျက်စီးမှုကိုတွေ့ရစဉ်
အောက်တိုဘာ ၇ ရက်ကစပြီး ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အစ္စရေးတွင် လူပေါင်း ၁၄၀၀ ထက် မနည်း သေဆုံးပြီး လူပေါင်း ၂၀၀ ကျော် ပြန်ပေးဆွဲ ဖမ်းဆီးခံထားရချိန်၌ အစ္စရေးသည် ဂါဇာဒေသကို ပြင်းထန်စွာ လေကြောင်း တိုက်ခိုက်ခဲ့သည်။
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများ၊ ဒုံးကျည်တိုက်ခိုက်မှုများကြောင့် လူဦးရေ ၂ ဒသမ ၃ သန်း နေထိုင်သည့် ဂါဇာတွင် ကလေးသူငယ်များ အပါအဝင် ပါလက်စတိုင်း ၄၃၈၅ ဦး သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် (Lloyd Austin) ကတော့ အစ္စရေးကို ကူညီထောက်ပံ့သည့် အနေဖြင့် အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသတွင် စစ်အင်အား တည်ရှိမှုကို တိုးမြှင့်သွားမည်ဟု ပြောကြား ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 886
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၂၃
ထိုင်းနိုင်ငံ၏ Move Forward Party (MFP) သည် ၎င်း၏ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ လိင်ပိုင်း ဆိုင်ရာ စွပ်စွဲခံရမှုကို စုံစမ်းစစ်ဆေးသွားမည်ဟု MFP ၏ ပြောရေးဆိုခွင့်ရှိသူ ပါရစ် ဝါချာရာဆင်ဟူ (Parit Wacharasindhu) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဘန်ကောက်မြို့တော်၏ သွန်ဘူရီ (Thon Buri) ဒေသရှိ ခရိုင်တစ်ခုကို ကိုယ်စားပြုသည့် MFP ၏ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို အမျိုးသမီး ၃ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြင့် စွပ်စွဲခဲ့ပြီးနောက် ပါရစ်က ၎င်း၏ X လူမှုမီဒီယာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၁၂ ရက်ကလည်း ပရာချင် ဘူရီ (Prachin Buri) ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး သည် အလားတူ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု စွဲချက်ဖြင့် ရင်ဆိုင်ခဲ့သည်။
မစ္စတာ ပါရစ်ကမူ ပါတီ၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် နောက်ထပ် သတင်းအချက်အလက်များ ရရှိရန် ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များအား စွပ်စွဲခဲ့သည့် အမျိုးသမီးများနှင့် ဆက်သွယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ဘယ်တော့မှ မနေ့ဘူး
ယခုနောက်ဆုံးအမှုတွင် စွပ်စွဲခဲ့သည့် အမျိုးသမီး ၃ ဦးအနက် နှစ်ဦးသည် ၎င်းတို့၏ ဖြစ်စဉ်များကို အလုံးစုံ ပြောကြားခဲ့ပြီးဖြစ်ကာ နောက်တစ်ဦးသည် ၎င်း၏ ဖြစ်စဉ်ကို အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားလိမ့်မည်ဟု ပါရစ်က ဆိုသည်။
"လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဟာ ပါတီအတွင်း လက်မခံနိုင်စရာ ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ စွပ်စွဲခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဒီကိစ္စကို တာဝန်ယူရမှာဖြစ်ပြီး အပြစ်ရှိရင် အရေးယူခံရမှာ ဖြစ်ပါ တယ်" ဟု ပါရစ်က ပြောကြားခဲ့သည်။
MFP ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ အရှုပ်တော်ပုံများကို ဖော်ထုတ်နေသည့် Wan Nee MFP Ko Hok Arai အမည်ရှိ Facebook page တစ်ခုတွင် MFP ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို တင်ခဲ့ရာမှ လူသိများလာခဲ့ခြင်း ဖြစ်သည်။
ထို Facebook page တွင် MFP ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် နစ်နာသူ အမျိုးသမီးများကို နိုက်ကလပ်သို့ ဖြားယောင်းသွေးဆောင် ခေါ်ယူခဲ့ပြီး အဖျော်ယမကာများတိုက်ကာ အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 857
CNI International News
မော်စကို၊ အောက်တိုဘာ ၂၃
ဒွန်းနက်စ် (Donetsk) ဒေသ တောင်ပိုင်းတွင် ယူကရိန်းတပ်ဖွဲ့များ၏ တာဝန်ချိန်လဲလှယ် ထမ်းဆောင်ရန် ကြိုးပမ်းမှုကို ရုရှား၏ အရှေ့ပိုင်းတပ်ဖွဲ့ (Battlegroup East) က ဟန့်တားနိုင်ခဲ့သည်ဟု ထိုတပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ အိုလက် ချက်ကော့ဗ် (Oleg Chekhov)မှ ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

ယူကရိန်းစစ်သားတစ်ဦးကို တွေ့ရစဉ်
"ဒွန်းနက်စ်ဒေသ တောင်ပိုင်းမှာ ရုရှားရဲ့ အရှေ့ပိုင်းတပ်ဖွဲ့ဟာ လက်နက်ကြီး ပစ်ကူတွေနဲ့အတူ အူဟယ်ဒါ (Ugledar) မြို့အနီးနဲ့ မြောက်ပိုင်း နိုဗိုဒွန်းနက်စ် (Novodonetsk) ဒေသက ယူကရိန်းတပ်ဖွဲ့တွေရဲ့ တာဝန်ချိန် လဲလှယ် ထမ်းဆောင်မယ့် ကြိုးပမ်းမှုနှစ်ခုကို ဟန့်တားနိုင်ခဲ့ပါတယ်။ ယူကရိန်းအဖျက်သမား အုပ်စုတစ်စုဟာ ပရီယွတ်နိုယီ (Priyutnoye) အရပ်ရဲ့ မြောက်ဘက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ချေမှုန်း ခံခဲ့ရပါတယ်"ဟု ချက် ကော့ဗ်က ပြောကြားခဲ့သည်။
ထို့ပြင် ဒွန်းနက်ဒေသ တောင်ပိုင်းတွင် ရုရှားတပ်ဖွဲ့များ၏ လေကြောင်း တိုက်ခိုက်မှုများ၊ အမြောက်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ယူကရိန်းစစ်တပ်၏ အမှတ် ၇၂ ယန္တရားတပ်၊ အမှတ် ၇၉ လေကြောင်းတပ်၊ အမှတ် ၅၈ ခြေလျင်တပ်နှင့် အမှတ် ၁၂၈ နယ်မြေကာကွယ်ရေး တပ်မဟာ၏ လူအင်အားနှင့် လက်နက်အင်အားများကို ထိခိုက်ပျက်စီးစေခဲ့သည်ဟုလည်း ချက်ကော့ဗ်က ပြောကြားခဲ့သည်။

ယူကရိန်းအလံကို ဆုပ်ဖြဲနေတဲ့ ရုရှားစစ်ပသား ၂ ဦးကိုတွေ့ရစဉ်
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဒွန်းနက်စ်ဒေသ တောင်ပိုင်းတွင် ယူကရိန်းစစ်တပ်၏ ဆုံးရှုံးမှုများထဲ၌ ယူကရိန်း စစ်သား ၁၄၀ သေဆုံးမှု၊ ကျည်ကာကား သုံးစင်း ထိခိုက်ပျက်စီးမှုတို့ ပါဝင်သည်ဟုလည်း ချက်ကော့ဗ်က အသေးစိတ် ပြောကြားခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 971
CNI International News
ပြုံယမ်း၊ အောက်တိုဘာ ၂၀
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်တွင် အောက်တိုဘာ ၁၉ ရက်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) နှင့် မြောက်ကိုရီးယားနိုင်ငံခြာရေးဝန်ကြီး ချိုးဆွန်ဟွီ (Choe Sun Hui) တို့ အစည်းအဝေး ပြုလုပ်ခဲ့ချိန်တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်နေသည့် အခြေအနေအပေါ် ဂုဏ်ပြုပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအား လက်နက်ခဲယမ်းများ ပို့ဆောင်ပေးခဲ့ကြောင်း အမေရိကန် က ပြောကြားခဲ့ပြီးနောက် ရုရှားနှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများအကြား တွေ့ဆုံဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။
လာဗရော့ဗ်သည် အောက်တိုဘာ ၁၈ ရက်တွင် မြောက်ကိုရီးယားသို့ ၂ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး လက်ရှိတွင် ပြုံယမ်းသို့ ရောက်ရှိနေသည်။
မြောက်ကိုရီးယားသို့ ရောက်ရှိပြီး ကြိုဆိုနှုတ်ဆက် မိန့်ခွန်းပြောကြားချိန်အတွင်း လာဗရော့ဗ်က ယူကရိန်းစစ်ပွဲ အတွင်း ရုရှား၏ စစ်ပွဲကို ခိုင်မာစွာ ထောက်ပံ့ပေးခဲ့သည့် မြောက်ကိုရီးယားကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်နဲ့ လာဗရော့ဗ်တွေ့ဆုံစဉ်
လာဗရော့ဗ်၏ မြောက်ကိုရီးယား ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် မြောက်ကိုရီးယားသို့ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) လာရောက်မည့်အချိန် အတိအကျကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။
ပြီးခဲ့သည့် လအတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)သည် ရုရှားအရှေ့ဖျားဒေသ သို့ သွားရောက်ခဲ့ပြီး ပူတင်နှင့် ထိပ်သီး အစည်းအဝေး ပြုလုပ်ခဲ့ကာ ရုရှား၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံ များကို သွားရောက်ကြည့်ရှုခဲ့သည်။
ထို့ကြောင့် ကင်မ်၏ ခရီးစဉ်အတွင်း မြောက်ကိုရီးယားသည် ရုရှားကို လက်နက်များ ထောက်ပံ့ပေးပြီး အပြန် အလှန် အနေဖြင့် ရုရှားထံမှ လက်နက်နှင့် အာကာသနည်းပညာများကို ရယူဖွယ်ရှိသည့် ထင်ကြေးပေးမှုများအား ထွက်ပေါ်စေခဲ့သည်။

ရုရှားနဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး
သို့သော်လည်း ကင်မ်နှင့် ပူတင်တို့၏ ထိပ်သီးညီလာခံအတွင်း မည်သည့် သဘောတူညီချက်များ ရရှိခဲ့သည် ဆိုခြင်းကိုမူ မြောက်ကိုရီးယားနှင့် ရုရှားအစိုးရတို့က အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ပူတင်နှင့် ကင်မ်တို့၏ သမိုင်းဝင် ညီလာခံအပြီးတွင် မိမိတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးများသည် မဟာဗျူဟာ မြောက် အဆင့်သစ်တစ်ခုသို့ ရောက်ရှိခဲ့သည်ကို ယုံကြည်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးက ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံပိုင် Interfax သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
လာဗရော့ဗ်နှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးသည် ကင်မ်နှင့် ပူတင်တို့အကြား ရရှိခဲ့သည့် သဘောတူညီမှုများကို အကောင်အထည်ဖော်သည့် အဓိက အဆင့်တစ်ခု ဖြစ်လာလိမ့်မည်ဟုလည်း ချိုးက ပြောကြားခဲ့သည်ဟု ရုရှား နိုင်ငံပိုင် တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 754
CNI International News
ဆိုးလ်၊ အောက်တိုဘာ ၂၀
ဟားမာ့စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ခဲ့ချိန်အတွင်း မြောက်ကိုရီးယား လက်နက် များကို အသုံးပြု ပစ်ခတ်ခဲ့ဖွယ်ရှိသည့် အထောက်အထားများ ထွက်ပေါ်လာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဟားမာ့စ်တို့ထံမှ ထွက်ပေါ်လာခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခုနှင့် အစ္စရေးစစ်တပ်က သိမ်းဆည်းရမိခဲ့သည့် လက်နက် များကို ကျွမ်းကျင်သူများနှင့် အေပီသတင်းဌာနက လေ့လာဆန်းစစ်ခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။
ဟားမာ့စ်တို့၏ ဗွီဒီယိုဖိုင်နှင့် အစ္စရေးစစ်တပ်က ထုတ်ပြန်သည့်် ဓာတ်ပုံများကို တောင်ကိုရီးယားအရာရှိများ၊ မြောက်ကိုရီးယား လက်နက်ဆိုင်ရာ ကျွမ်းကျင်သူနှစ်ဦးနှင့် အေပီသတင်းဌာနတို့က လေ့လာကြည့်ရှုခဲ့ရာတွင် ဟားမာ့စ်အဖွဲ့သည် မြောက်ကိုရီးယား၏ F-7 ဒုံးပစ်လောင်ချာ (RPG) များကို အသုံးပြုခဲ့ကြောင်း ကောက်ချက်ချ ခဲ့သည်။
ထို့ကြောင့် ဟားမာ့စ်အဖွဲ့သည် ဒုံးကျည်နှင့် နျူကလီးယား စီမံကိန်းများကြောင့် ပိတ်ဆို့မှုများ ချမှတ်ခံထားရ သည့် မြောက်ကိုရီးယား၏ လက်နက်များကို မှောင်ခိုတင်သွင်းခဲ့သည်ဆိုသည့် ထင်ကြေးပေးမှုများကို ပိုမိုခိုင်မာ စေခဲ့သည်။

မြောက်ကိုရီးယား တပ်ဖွဲ့က ကိုင်ထားသော F-7 RPG လက်နက်များကိုတွေ့ရစဉ်
RPG များသည် တစ်ချိန်တည်းတွင် လက်နက်ထိပ်ဖူးတစ်ခု အသုံးပြု ပစ်ခတ်နိုင်ပြီး နောက်ထပ် ထိပ်ဖူးတစ်ခုကို လျှင်မြန်စွာ တပ်ဆင်အသုံးပြုနိုင်ကာ ပြောက်ကြားတပ်ဖွဲ့များအတွက် နေရာရွှေ့ပြောင်း သယ်ဆောင်ရ လွယ်ကူ ပြီး ကျည်ကာကားများကို အဓိကတိုက်ခိုက် ဖျက်ဆီးသည့် လက်နက်တစ်မျိုး ဖြစ်သည်။
F-7 RPG များသည် ဆီးရီးယား၊ အီရတ်၊ လက်ဘနွန်နှင့် ဂါဇာကမ်းမြောင်ဒေသသို့ ရောက်ရှိခဲ့သည့် မှတ်တမ်းများ လည်း ရှိခဲ့သည်ဟု Armament Research Services အဖွဲ့၏ ညွှန်ကြားရေးမှူးလည်းဖြစ်၊ လက်နက်ကျွမ်းကျင်သူ လည်းဖြစ်သည့် ဂျန်ဇန် ဂျုံးစ် (Jenzen-Jones) က ပြောသည်။
"မြောက်ကိုရီးယားဟာ အရင်ကတည်းက ပါလက်စတိုင်း စစ်သွေးကြွတွေကို ထောက်ပံ့ပေးခဲ့ပြီး မြောက်ကိုရီးယား လက်နက်တွေကိုလည်း စစ်သွေးကြွတွေ အသုံးပြုခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်" ဟု ဂျုံးစ်က အေပီသတင်းဌာနကို ပြောကြားခဲ့သည်။

မြောက်ကိုရီးယားစစ်တပ်ကိုတွေ့ရစဉ်
"မြောက်ကိုရီးယား လက်နက်တွေကို အီရန်ကတစ်ဆင့် စစ်သွေးကြွအဖွဲ့တွေကို ထောက်ပံ့ပေးခဲ့ပြီး၊ အဲဒီ အချက် က ပါလက်စတိုင်း စစ်သွေးကြွတွေအတွက် မြောက်ကိုရီးယား လက်နက်တွေကို ပိုင်ဆိုင်လာစေတဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့ ယူဆရပါတယ်" ဟု ၎င်းက ဆိုသည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် အေပီသတင်းဌာန၏ တောင်းဆိုချက်ကို ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား သံတမန်အဖွဲ့က မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
ပြီးခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကမူ ဟားမာ့စ်အဖွဲ့သည် မြောက်ကိုရီးယား လက်နက်များကို အသုံးပြုနေသည်ဆိုသည့် အမေရိကန်၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 702
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၀
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ရှိ လွှတ်တော် အဆောက်အအုံထဲတွင် ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရန် ထိုင်သပိတ် ပြုလုပ်ခဲ့ပြီး တောင်းဆိုဆန္ဒပြခဲ့ကြသည့် ဂျူးတက်ကြွ လှုပ်ရှားသူများ ဖမ်းဆီးခံခဲ့ရကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထိုင်သပိတ်တွင် ပါဝင်သည့် ဂျူးလူမျိုးများက ပါလက်စတိုင်းတို့အပေါ် အစ္စရေး၏ ဖိနှိပ်မှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပြီး ထိုဆန္ဒပြမှုတွင် လူပေါင်း ၅၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်ဟု ဆန္ဒပြမှုကို ဦးဆောင်ပြုလုပ်သည့် Jewish Voice for Peace အဖွဲ့က ပြောကြားခဲ့သည်။
ဆန္ဒပြမှုတွင် ပါဝင်သည့် ဂျူးလူမျိုးများက ဂါဇာကို တိုက်ခိုက်နေသော အစ္စရေး၏ စစ်ပွဲကို ထောက်ခံသည့် ဂျူးလူမျိုးများထဲ၌ ၎င်းတို့ ပါဝင်ခြင်းမရှိကြောင်း ပြသသည့်အနေဖြင့် "ငါတို့ နာမည် မပါဘူး" ဟု ရေးသား ထားသည့်် စာတန်းများကို ရိုက်နှိပ်ထားသောအင်္ကျီများကို ဝတ်ဆင်ခဲ့ကြသည်။

ဂါဇာပျက်စီးမှုကိုတွေ့ရစဉ်
ထို့ပြင် လွှတ်တော် အဆောက်အအုံ၏ ဧည့်ခန်းမဆောင်တွင် ထိုင်သပိတ် ပြုလုပ်ချိန်အတွင်း "အပစ်အခတ် ရပ်စဲရေး" ဟု ရေးသားထားသည့် လက်ကိုင်ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။
ထို့ပြင် ဝါရှင်တန်မြို့တော်၏ လမ်းများပေါ်တွင် လူပေါင်း ၁၀,၀၀၀ ခန့် ချီတက်ဆန္ဒပြခဲ့သည်ဟုလည်း Jewish Voice for Peace အဖွဲ့က ပြောသည်။
"ပါလက်စတိုင်းတွေအပေါ် အစ္စရေး ဖိနှိပ်မှုမှာ အမေရိကန်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကို အများပြည်သူတွေ အာရုံ စိုက်မိစေဖို့အတွက် ကျနော်တို့ဟာ လွှတ်တော်ကို ပိတ်ချခဲ့ပါတယ်" ဟု Jewish Voice for Peace အဖွဲ့က ယခင်က Twitter ဟု လူသိများခဲ့သည့် X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
အမေရိကန် ရဲတပ်ဖွဲ့ကမူ အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် လွှတ်တော်အတွင်းရှိ ထိုင်သပိတ် ဆင်နွှဲနေသူ များကို လူစုခွဲ ရှင်းလင်းခဲ့ပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ဂျူးတက်ကြွ လှုပ်ရှားသူတွေကို ဖမ်းဆီးနေစဉ်
ဟားမာ့စ်တို့ စတင်တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၇ ရက်ကတည်းက အစ္စရေးသည် လူဦးရေ ၂ ဒသမ ၃ သန်း ရှိသော ဂါဇာကမ်းမြောင်ဒေသကို အစားအစာ၊ သောက်သုံးရေ၊ လျှပ်စစ်ဓာတ်အားနှင့် ဆေးဝါးများ တင်သွင်းခွင့် ပိတ်ဆို့ခဲ့သည်။
လက်ရှိ အချိန်အထိ ဟားမာ့စ်တို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် လူပေါင်း ၁၄၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၉၉ ဦးခန့် ပြန်ပေးဆွဲ ဖမ်းဆီးခံထားရသည်။
ဂါဇာတွင်မူ အစ္စရေး၏ ပြင်းထန်သည့် လေကြောင်း တိုက်ခိုက်မှုများကြောင့် လူပေါင်း ၃၄၀၀ ကျော် သေဆုံးခဲ့ သည်။
သေဆုံးသူများအနက် သုံးပုံတစ်ပုံသည် ကလေးသူငယ်များဖြစ်ကာ အဆောက်အအုံပေါင်းများစွာ ထိခိုက်ပျက်စီး ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
