- By CNI
- Category: နိုင်ငံရေး
- Hits: 1118
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၅
ပင်လယ်နီတွင် သင်္ဘောများကို တိုက်ခိုက်နေမှုများအား ရပ်တန့်ရန် အမေရိကန်နှင့် မဟာမိတ် ၁၂ နိုင်ငံက ဟူရ်သီ သူပုန်အဖွဲ့ကို နောက်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့သည်။
ထို့နောက် တိုက်ခိုက်မှုများကို မရပ်တန့်ပါက စစ်ရေးအရ ပစ်မှတ်ထား အရေးယူမှုများနှင့် ခံရမည်ဟု သတိပေးခဲ့ ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ယီမင်အခြေစိုက် ဟူရ်သီသူပုန်အဖွဲ့သည် ဂါဇာတွင် အစ္စရေး-ဟားမာ့စ်စစ်ပွဲကို တုန့်ပြန်သည့်အနေဖြင့် ဒီဇင်ဘာ ၁၉ ရက်မှစပြီး ပင်လယ်နီ၌ တိုက်ခိုက်မှုများအား ၂၃ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့သည်။
အမေရိကန်သမ္မတ ဂျိုဘိုင်ဒန် (Joe Biden) ၏ အစိုးရအဖွဲ့မှ ထိပ်သီးအရာရှိတစ်ဦးကတော့ ဟူရ်သီသူပုန် အနေ နှင့် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်မည်ဆိုပါက သတိပေးချက် ထွက်ပေါ်လာမည်မဟုတ်ဘဲ တိုက်ခိုက်မှု ကို ခံရမည်ဟု ပြောကြားခဲ့သည်။
အမေရိကန်နှင့် မဟာမိတ်နိုင်ငံများသည် ဟူရ်သီတို့၏ တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ဇန်နဝါရီ ၃ ရက်က ပူးတွဲ ထုတ်ပြန်ခဲ့သည်။

ဟူရ်သီသူပုန်များကို တွေ့ရစဉ်
ထို့နောက် နိုင်ငံတကာ၏ စိတ်ရှည်သည်းခံမှုသည် ကုန်ခန်းလာပြီဖြစ်ကြောင်း အလေးထားပြောကြားခဲ့သလို အမည်မဖော်လိုသည့် အမေရိကန် ထိပ်သီးအရာရှိ၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုပူးတွဲထုတ်ပြန်ချက်ကို အမေရိကန်၊ သြစတြေးလျ၊ ဘာရိန်း၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ နယူးဇီလန်၊ စင်္ကာပူနှင့် ဗြိတိန်နိုင်ငံတို့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သီးခြားအနေဖြင့် အမေရိကန်က ဟူရ်သီတို့အပေါ် အရေးယူရန် ဇန်နဝါရီ ၃ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကို တိုက်တွန်းခဲ့သလို ဟူရ်သီအဖွဲ့အား ငွေကြေး ထောက်ပံ့ပေးနေသည့် အီရန်အနေဖြင့် ဟူရ်သီအဖွဲ့နှင့် ပတ်သက်ပြီး ရွေးချယ်ခွင့်ရှိသေးကြောင်း သတိပေးခဲ့သည်။

ဟူရ်သီသူပုန်များကို တွေ့ရစဉ်
"ကျနော်တို့ရဲ့ အမှာစကားကတော့ ရှင်းပါတယ်။ ဒီလို တရားမဝင် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ တရား မဝင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ သင်္ဘောတွေနဲ့ သင်္ဘောသားတွေကို ပြန်လွှတ်ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်" ဟု အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ဟူရ်သီအဖွဲ့အနေနှင့် လူ့အသက်များ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ ဒေသတွင်း အရေးကြီးသည့် ကုန်သွယ် ရေး လမ်းကြောင်းများအပေါ် ဆက်လက် ခြိမ်းခြောက်နေမည်ဆိုပါက နောက်ဆက်တွဲ အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
မကြာသေးမီ သီတင်းပတ်များအတွင်း ဟူရ်သီအဖွဲ့သည် အစ္စရေးနှင့် ဆက်နွှယ်မှုရှိသည့် သင်္ဘောများ၊ အစ္စရေး နိုင်ငံ၏ ဆိပ်ကမ်းများသို့ ဦးတည် သွားရောက်နေသည့် သင်္ဘောများကို တိုက်ခိုက်ခဲ့ကြောင်း တာဝန်ခံ ထွက်ဆို ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1039
CNI International News
မက္ကစီကိုစီးတီး၊ ဇန်နဝါရီ ၃
မက္ကဆီကိုနိုင်ငံ၏ ဇာပက်တစ္စတာ (Zapatista) တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုအဖွဲ့ဝင်များနှင့် ၎င်းတို့ အား ထောက်ခံသူများသည် နိုင်ငံတောင်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေး နှစ်ပေါင်း ၃၀ ပြည့် နှစ်ပတ်လည် အဖြစ် ဇန်နဝါရီ ၁ ရက်က အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သည် ၎င်းတို့၏ လူမှုရေး အခြေခံစံနှုန်းများ လျော့နည်းလာခဲ့ပြီး ၎င်းတို့၏ နယ်မြေပေါ်တွင် မူးယစ်ဆေးဝါးဂိုဏ်းများက ကျူးကျော်ဝင်ရောက်ပြီး အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့်တိုင် နှစ်ပတ်လည် အခမ်းအနားကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဒိုလိုရက်စ် ဟီဒယ်လ်ဂို (Dolores Hidalgo) မြို့၏ လူသူ အရောက်အပေါက်နည်းသည့် ရပ်ကွက်တစ်ခုတွင် ထောင်နှင့်ချီသည့် သူပုန်အဖွဲ့ဝင်များ စုရုံးခဲ့ကြပြီး နှစ်ပတ်လည် အခမ်းအနား ပြုလုပ်ခဲ့သည်။

မက္ကဆီကိုနိုင်ငံက ဇာပက်တစ္စတာ သူပုန်တပ်ဖွဲ့ကိုတွေ့ရစဉ်
အမည်းရောင်မျက်နှာစည်းပုဝါ၊ အစိမ်းရောင်ဦးထုပ်၊ အနီရောင်လည်စည်းများနှင့်အတူ စစ်ယူနီဖောင်းများကို ဝင်ဆင်ထားသည့် ဇာပက်တစ္စတာလူငယ် ၁၅၀၀ ခန့်သည် ပုံစံအတိုင်း အုပ်စုဖွဲ့ မတ်တပ်ရပ်ခဲ့ပြီး မိန့်ခွန်းများကို နားထောင်ခဲ့ကြသည်။
ဇာပက်တစ္စတာအဖွဲ့ အနေနှင့် မိမိတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီကို ထိန်းသိမ်းရန် ဆက်လက်ပြီး စနစ်တကျ တိုက်ပွဲဝင်သွားရန် ဇာပက်တစ္စတာအဖွဲ့၏ တွဲဖက်တပ်မှူး မွိုက်စ် (Moises) က ပြောကြားခဲ့သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကလိုပဲ ဒီနေ့မှာလည်း ကျနော်တို့ဟာ တစ်ကိုယ်တော် လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ကျနော်တို့ဟာ အဲဒီအတိုင်း ဆက်လက် တိုက်ပွဲဝင်သွားမှာပါ" ဟု မွိုက်စ်က ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံက ဇာပက်တစ္စတာ သူပုန်တပ်ဖွဲ့ကိုတွေ့ရစဉ်
ဆက်လက်ပြီး မိမိတို့ အိုင်းအဝိုင်းကို အကြမ်းဖက်မှုများမှ ကာကွယ်ပေးရန် လိုအပ်ကြောင်း၊ စစ်သားများနှင့်် ဆိုးရွားသည့် အစိုးရအဖွဲ့များကို သတ်ဖြတ်နှိမ်နင်းရန် မလိုကြောင်း၊ သို့သော် မိမိတို့ကို ထိပါးလာခဲ့မည်ဆိုပါက မိမိတို့က ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း မွိုက်စ်က ဇာပက်တစ္စတာအဖွဲ့သည် ၎င်းတို့ထူထောင်ခဲ့သည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေဒေသများကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ထိုအချိန်က ဂွာတီမာလာနိုင်ငံ နယ်စပ်အနီးရှိ ချီယာပက်စ် (Chiapas) ဒေသတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေပြီး မွိုက်စ်ကမူ ထိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများကို ဖျက်သိမ်းရန် ဆုံးဖြတ်ခြင်းသည် ထိုအကြမ်းဖက်မှုများနှင့် ဆက်နွှယ်မှု ရှိ၊ မရှိကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
ဇာပက်တစ္စတာအဖွဲ့သည် တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးကို ပိုမိုရရှိရေးအတွက် တောင်းဆိုရင် ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ၎င်းတို့၏ လက်နက်ကိုင် တိုက်ခိုက်မှုကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1123
CNI International News
ကာရာကက်စ်၊ ဇန်နဝါရီ ၃
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) က BRICS အဖွဲ့အတွင်း ဝင်ရောက်ရန် ငြင်းပယ်ခဲ့သည့် အာဂျင်တီးနားသမ္မတ ဂျာဗီယာ မီလေ (Javier Milei) ၏ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
"BRICS အဖွဲ့ထဲ မဝင်တာဟာ မီလေအနေနဲ့ အာဂျင်တီးနာပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ အာဂျင်တီးနားနိုင်ငံကို ဆန့်ကျင်တဲ့ မီလေရဲ့ အမိုက်မဲဆုံး လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်" ဟု မာဒူရိုက ဇန်နဝါရီ ၁ ရက်တွင် Le Monde diplomatique သတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
မီလေ၏ ဆုံးဖြတ်ချက်သည် အာဂျင်တီးနားနိုင်ငံကို ၁၉ ရာစုသို့ နောက်ကြောင်း ပြန်ဆွဲခေါ်သွားခဲ့ခြင်း ဖြစ်သည် ဟုလည်း မာဒူရိုက ပြောကြားခဲ့သည်။
ယခင်ကလည်း မာဒူရိုသည် အာဂျင်တီးနားသမ္မတ၏ ခေတ်သစ်လစ်ဘရယ် နိုင်ငံရေးအစီအစဉ်များကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ဖူးသည်။

အာဂျင်တီးနားသမ္မတ ဂျာဗီယာမီလေကို တွေ့ရစဉ်
"အာဂျင်တီးနားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ဗဟိုလက်ယာယိမ်း ခေတ်သစ် ဖက်ဆစ်ဝါဒက အနိုင်ရသွားပါတယ်။ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံ ဒေသတစ်လျှောက် ခေတ်သစ် ကိုလိုနီ စီမံကိန်းကို ဦးဆောင်ဖို့ ရည်ရွယ်ထားတဲ့ လက်ယာစွန်းဝါဒီက အနိုင်ရသွားပါတယ်" ဟု မာဒူရိုက နိုဝင်ဘာ ၂၁ ရက်တွင် Venezolana de Television ရုပ်သံလိုင်းအား ပြောကြားခဲ့သည်။
BRICS အဖွဲ့ကို ၂၀၀၆ ခုနှစ်က ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
၂၀၁၁ ခုနှစ်တွင်မူ ထိုအဖွဲ့ကို တောင်အာဖရိကနိုင်ငံလည်း ပူးပေါင်းပါဝင်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အီဂျစ်၊ အီရန်၊ ယူအေအီး၊ ဆော်ဒီအာရေဗျနှင့် အီသီယိုပီးယားနိုင်ငံတို့သည် BRICS ၏ တန်းပြည့်အဖွဲ့ဝင်များ ဖြစ်လာခဲ့သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက တောင်အာဖရိကနိုင်ငံတွင် ပြုလုပ်ခဲ့သည့် BRICS ညီလာခံတွင် အာဂျင်တီးနား နိုင်ငံကို ပူးပေါင်းပါဝင်ရန် ဖိတ်ကြားခဲ့သော်လည်း ဒီဇင်ဘာ ၂၉ ရက်တွင် အာဂျင်တီးနားသမ္မတသစ် မီလေက ထိုဖိတ်ကြားချက်ကို ငြင်းပယ်ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် မီလေက ယခုအချိန်သည် အာဂျင်တီးနားနိုင်ငံအတွက် BRICS အဖွဲ့အတွင်းသို့ ဝင်ရောက် ရန် သင့်တော်သည့် အချိန်မဟုတ်သေးကြောင်း ပြောကြားခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 951
CNI International News
မော်စကို၊ ဇန်နဝါရီ ၃
ရုရှားသည် ယူကရိန်းကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရုရှား၏ ဘယ်လ်ဂိုရော့ (Belgorod) မြို့ကို ယူကရိန်းက မကြုံစဖူး တိုက်ခိုက်ခဲ့ ပြီးနောက် ပူတင်၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရုရှားသည် ယူကရိန်း၏ မြို့များကို တိုက်ခိုက်မှုများအား အရှိန်မြှင့်ခဲ့ပြီးနောက် ဒီဇင်ဘာ ၃၀ ရက်တွင် ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် ရုရှားတွင် ကလေး ၅ ဦး အပါအဝင် လူ ၂၅ ဦး သေဆုံးခဲ့သည်။
ထိုအချိန်အတောအတွင်း ရုရှားသည် နှစ်သစ်ကူးနေ့တွင် စံချိန်တင်များပြားသည့် ဒရုန်းများဖြင့် ယူကရိန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။
"ကျနော်တို့ဟာ တိုက်ခိုက်မှုတွေကို ပိုပြီး အရှိန်မြှင့်တင်သွားမှာပါ။ အရပ်သားတွေအပေါ် ရာဇဝတ်မှုကျူးလွန်တဲ့ ဘယ်သူမဆို အပြစ်ပေးခံရမယ့်အရေးက ပြေးမလွတ်ပါဘူး။ သေချာပေါက် အပြစ်ပေးခံရမှာပါ" ဟု ပူတင်က စစ်ဆေးရုံတစ်ခုသို့ သွားရောက်ကြည့်ရှုသည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

ဘယ်လ်ဂိုရော့မြို့ကို တွေ့ရစဉ်
ရုရှားနှင့် ယူကရိန်းသည် တစ်ဖက်နှင့်တစ်ဖက် အကြီးစားတိုက်ခိုက်မှုများ အပြန်အလှန် ပြုလုပ်ခဲ့ပြီးနောက် ယူကရိန်းတွင် လူသေဆုံးမှုများပြားခဲ့သည့် သီတင်းပတ်ကုန်တွင် ပူတင်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ ခြင်းဖြစ်သည်။
"ရုရှားဟာ ယူကရိန်းရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဆက်လက် တိုက်ခိုက်သွားမှာပါ။ ဒီနေ့မှာရော မနက်ဖန်မှာရော အဲဒီလို တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ"ဟု ပူတင်က ယူကရိန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် ၂ နှစ်နီးပါးပြည့်ကာနီး အချိန်တွင် ပြောကြားခဲ့သည်။
"ဘယ်လ်ဂိုရော့မှာ ဖြစ်ခဲ့တာတွေက အကြမ်းဖက် လုပ်ရပ်ဖြစ်ပါတယ်။ ဒါကို တစ်ခြားစကားလုံးနဲ့ ဖော်ပြလို့မရ ပါဘူး" ဟု ပူတင်က ဆေးရုံအတွင်းရှိ ဒဏ်ရာရနေသည့် ရုရှားစစ်သားများကို ပြောကြားခဲ့သည်။
ထို့ပြင် ယူကရိန်းတပ်ဖွဲ့များသည် နှစ်သစ်ကူးမတိုင်မီ ပြည်သူများ သွားလာလှုပ်ရှားနေကြသည့် မြို့တော်ခန်းမ တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်းနှင့် ယူကရိန်းသည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ခဲ့ခြင်းဖြစ်ကြောင်း ပူတင်က စွပ်စွဲခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1126
CNI International News
ခါတွန်၊ ဇန်နဝါရီ ၃
ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် တိုက်ခိုက်နေသည့် အရန်လက်ရုံးတပ်(RSF) ခေါင်းဆောင် မိုဟာမက် ဟမ်ဒန် ဟမ်မက်တီ ဒါဂလို (Mohamed Hamdan Hemedti Dagalo) သည် ဆူဒန်နိုင်ငံကို အုပ်ချုပ်လိုသည့် ၎င်း၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသခဲ့သည်ဟု အယ်လ်ဂျားဇီးယားမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ် ဧပြီလက ဆူဒန်စစ်တပ်နှင့် အရန်တပ်အကြား ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ချိန်က ဒါဂလိုသည် ပြည်သူ့မြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။
ထို့ကြောင့် သူသည် တိုက်ပွဲများအတွင်း ဒဏ်ရာရသွားခြင်း သို့မဟုတ် သေဆုံးသွားခြင်း ဖြစ်နိုင်သည်ဟု ထင်ကြေး ပေးမှုများ ထွက်ပေါ်လာခဲ့သည်။
သို့သော် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်က ဒါဂလိုသည် ယူဂန်ဒါသမ္မတ ယိုဝါရီ မူဆဗန်နီ (Yoweri Museveni) နှင့် အတူရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံ ထွက်ပေါ်လာခဲ့သည်။

ဆူဒန်စစ်တပ်ခေါင်းဆောင်နဲ့ RSF RSF တပ်ဖွဲ့ခေါင်းဆောင် ဒါဂလိုကို တွေ့ရစဉ်
ထို့နောက် ဒီဇင်ဘာ ၂၈ ရက်တွင် ဒါဂလိုသည် အီသီယိုပီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး အီသီယိုပီးယားဝန်ကြီးချုပ် အဘီ အာမက် (Abiy Ahmed) နှင့် တွေ့ဆုံခဲ့ကာ ဆူဒန်ပဋိပက္ခကို အဆုံးသတ်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် သူသည် ဂါနာနှင့် ဂျဘူတီနိုင်ငံများသို့လည်း သွားရောက်ခဲ့သည်။ ဒါဂလို၏ ထိုခရီးစဉ်များသည် ဆူဒန် တစ်နိုင်ငံလုံးကို စစ်တပ်၏ လက်ထဲမှ သိမ်းပိုက်နိုင်ရေးအတွက် ဒေသတွင်းနိုင်ငံများ၏ ထောက်ခံမှုများကို ရရှိရန် ကြိုးပမ်းခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆထားသည်။
ပြီးခဲ့သည့်လက RSF သည် ဆူဒန်၏ စားနပ်ရိက္ခာများ ထုတ်လုပ်ပေးနေသည့် ဂီဇီရာ (Gezira) ပြည်နယ်ကို သိမ်းပိုက်ခဲ့သဖြင့် ထိုပြည်နယ်ကို ရရှိခဲ့ခြင်းသည် စစ်တပ်ကို အသားစီးရခဲ့ခြင်းလည်း ဖြစ်သည်။

အရန်လက်ရုံးတပ်ဖွဲ့(RSF)ကို တွေ့ရစဉ်
သို့သော် ပဋိပက္ခကို အဆုံးသတ်ရန် ဆွေးနွေးညှိနှိုင်းမှုများတွင် စစ်ရေးအရ အသာစီးရနေသည့် အခြေအနေထက် ဒါဂလိုသည် ဆူဒန်တစ်နိုင်ငံလုံးအား အုပ်ချုပ်ရန် ရည်မှန်းထားပုံပေါ်ကြောင်း ဆူဒန်ဂျာနယ်လစ်များနှင့် သံတမန် များက ပြောကြားခဲ့သည်။
RSF သည် နိုင်ငံကို အုပ်ချုပ်နေသည့် တပ်ဖွဲ့ဖြစ်သည်ဆိုသည့် ခံစားချက်ကို ပြည်သူများ ခံစားမိစေရန် ဒါဂလိုက အသည်းအသန် ကြိုးပမ်းနေခြင်းကြောင့် ဒေသတွင်းနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံလိုခြင်း ဖြစ်သည်ဟု ဆူဒန်ကျွမ်းကျင်ပညာရှင်အဖွဲ့ Confluence Advisory မှ ကျွမ်းကျင်သူ ခိုလွတ် ခါအီယာ (Kholood Khair) က ပြောကြားခဲ့သည်။
"ဒါဂလိုဟာ သူ့ကိုယ်သူ ခေါင်းဆောင်ဖြစ်ရမယ်ဆိုတဲ့ အတွေးအမြင်နဲ့အတူ တတ်အားသရွေ့ ကြိုးပမ်း လုပ်ဆောင် သွားပါလိမ့်မယ်" ဟု ခါအီယာက အယ်လ်ဂျာဇီးယားသတင်းဌာနသို့ ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1091
CNI International News
တိုင်ပေ၊ ဇန်နဝါရီ ၂
ထိုင်ဝမ်၏ ရွေးကောက်ပွဲများ မစတင်မီ သီတင်းနှစ်ပတ်အလိုတွင် ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) က တရုတ်ကို တိုက်တွန်းခဲ့သည်ဟု Japan Times မှ ဖော်ပြခဲ့သည်။
"ထိုင်ဝမ်ရေလက်ကြားရဲ့ တစ်ဖက်စီမှာ ရှိနေတဲ့ ထိုင်ဝမ်နဲ့ တရုတ်အကြား ကောင်းမွန်ပြီး ခိုင်မာမှုရှိတဲ့ အပြန် အလှန် ဖလှယ်မှုတွေ ပြန်လည်ရရှိနိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ ကျမတို့အနေနဲ့ ရန်လိုမှာ မဟုတ်ပါ ဘူး။ ဒါပေမယ့် ကျမတို့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ရရှိအောင်လုပ်ဆောင်မှာဖြစ်ပြီး ဒီမိုကရေ စီ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်သွားမှာပါ။ ဒါမှသာ ကမ္ဘာကြီးနဲ့ တရုတ်ကို ယုံကြည် မှုရှိရှိ၊ တည်ငြိမ်မှုရှိရှိနဲ့ ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်"ဟု ဆိုင်က ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားခဲ့ သည်။
ဇန်နဝါရီ ၁၃ ရက်တွင် ပြုလုပ်မည့် ထိုင်ဝမ်၏ သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ မတိုင်မီ ဆိုင်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုရွေးကောက်ပွဲများသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေး လမ်းကြောင်းကို ပုံဖော်စေနိုင်လိမ့်မည်ဟု ယူဆချက်များ ထွက်ပေါ်နေသည်။
မိမိတို့အနေနှင့် ငြိမ်းချမ်းရေး၊ သာတူညီမျှမှု၊ ဒီမိုကရေစီနှင့် ဆွေးနွေးညှိနှိုင်းမှုများအရ ရေရှည်တည်ငြိမ်မှုရှိသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ပူးပေါင်းကြိုးပမ်းလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆိုင်က ပြောသည်။

ထိုင်ဝမ်ပြည်သူများကို တွေ့ရစဉ်
ယခုနှစ်သစ်ကူးမိန့်ခွန်းသည် မေလတွင် ရာထူးမှ ထွက်ခွာရမည့် ဆိုင်၏ နောက်ဆုံးအကြိမ် နှစ်သစ်ကူး မိန့်ခွန်း ပြောကြားမှုဖြစ်ပြီး တရုတ်နှင့် ဆက်ဆံရေးများ ပြန်လည်စတင်ရန် မျှော်လင့်ကြောင်း ဆိုင်က ပြောကြားခဲ့သည်။
ဆိုင်၏ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) သည် အမေရိကန်နှင့် ဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိပြီး၊ အတိုက်အခံ ကူမင်တန် (Kuomintang) ပါတီကမူ တရုတ်နှင့် ဆက်ဆံရေးကို မြှင့်တင်ရန် လိုလားလျက်ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအကြား တရုတ် ၏ အရေးကိစ္စနှင့်ပတ်သက်ပြီး အပြန်အလှန် ဝေဖန်ပုတ်ခတ်မှုများ ရှိခဲ့သည်။
သို့သော် သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအားလုံးက တရုတ်နှင့် တိုက်ရိုက် ဆွေးနွေးညှိနှိုင်းမှုကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
တရုတ်ကမူ ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာပါက တစ်နေ့နေ့တွင် အင်အားသုံးပြီး သိမ်းယူသွားမည်ဟု ပြောကြားထားသည်။
ထိုင်ဝမ်တွင် ၂၀၁၆ ရွေးကောက်ပွဲအပြီး ဆိုင်နှင့် ၎င်း၏ DPP ပါတီ အာဏာရလာခဲ့ပြီးကတည်းက တရုတ်သည် ထိုင်ဝမ်အပေါ် စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေးဖိအားများကို တိုးမြှင့်ခဲ့သည်။
Source: Japan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 1088
CNI International News
နယူးဒေလီ၊ ဇန်နဝါရီ ၂
အမေရိကန်မြေပေါ်တွင် ဆစ်ခ်ခွဲထွက်ဝါဒီတစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတစ်ခုကို အမေရိကန်အစိုးရ က ဟန့်တားနိုင်ကြောင်း လန်ဒန်အခြေစိုက် Financial Times သတင်းစာက ဖော်ပြခဲ့ပြီးနောက် အိန္ဒိယနှင့် အမေရိကန်အကြား ဆက်ဆံရေး ကတောက်ကဆ ဖြစ်လာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
Financial Times သတင်းစာ ဖော်ပြချက်တွင် နယူးယောက်အခြေစိုက် ဆစ်ခ်ခွဲထွက်ဝါဒီ တစ်ဦးဖြစ်သူ အမေရိကန်-ကနေဒါ နှစ်နိုင်ငံသားအဖြစ် ခံယူထားသည့် ဂူရာပက်ဝန့် ဆင်း ပန်နန် (Gurpatwant Singh Pannun) အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတစ်ခုတွင် အိန္ဒိယအေးဂျင့်များ ပါဝင်နေကြောင်းနှင့် ထိုကြံစည်မှု ကို အမေရိကန်အစိုးရက ဟန့်တားနိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
အိန္ဒိယအစိုးရသည် ပန်နန်ကို အိန္ဒိယအစိုးရအား ဆန့်ကျင်သည့် အကြမ်းဖက် ခြိမ်းခြောက်မှုများ ထုတ်ပြန်နေမှု ဖြင့် အကြမ်းဖက်သမားအဖြစ် စာရင်းသွင်းထားသည်။

ဆစ်ခ်ခွဲထွက်ဝါဒီ ဂူရာပက်ဝန့်ဆင်းပန်နန်ကို တွေ့ရစဉ်
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)သည် ပုံမှန်အားဖြင့် မီဒီယာများနှင့် အင်တာဗျူး ပြုလုပ်လေ့မရှိသော် လည်း ထိုသတင်းနှင့်ပတ်သက်ပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် Financial Times သတင်းစာနှင့် အင်တာဗျူး ပြုလုပ် ခဲ့သည်။
ထိုအင်တာဗျူးတွင် မိုဒီက ပန်နန်အား လုပ်ကြံရန် ကြံစည်မှု၌ အိန္ဒိယအေးဂျင့်များ ပါဝင်နေသည်ဆိုသည့်် အမေရိကန်၏ စွပ်စွဲချက်များသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နှစ်နိုင်ငံအကြား ဆက်ဆံရေးများကို ထိခိုက် စေခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုကဲ့သို့ ဖြစ်စဉ်အချို့ကို နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးများနှင့် ချိတ်ဆက်ရန် သင့်တော်သည်ဟု မထင် ကြောင်း၊ ထိုဖြစ်စဉ်နှင့််ပတ်သက်ပြီး အိန္ဒိယသည် အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မိုဒီက ပြောကြားခဲ့သည်။

အမေရိကန်နဲ့ အိန္ဒိယအလံကိုတွေ့ရစဉ်
ဒီဇင်ဘာ ၁၂ ရက်က အမေရိကန်၏ ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) အကြီးအကဲ ခရစ္စတိုဖာ ဝရေး (Christopher Wray) သည် နယူးဒေလီမြို့တော်သို့ လာရောက်ခဲ့သည်။
ထိုခရီးစဉ်သည် ပန်နန်၏ ဖြစ်စဉ်နှင့် ဆက်နွှယ်မှု ရှိနိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆခဲ့သည်။
ထို့ပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် အိန္ဒိယ၏ သမ္မတနိုင်ငံနေ့ (Republic Day) ဖြစ်သည့် ဇန်နဝါရီ ၁၃ ရက်တွင် အိန္ဒိယသို့ လာရောက်လည်ပတ်ရန် မိုဒီ၏ ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့ပြီး ထိုသို့ ငြင်းဆိုရ သည့် အကြောင်းရင်းကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ထို့ကြောင့် အိန္ဒိယတွင် ပြုလုပ်ရန် စီစဉ်ထားသည့် အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်တို့ ပါဝင်သော Quad အဖွဲ့ အစည်းအဝေးကိုလည်း ရွှေ့ဆိုင်းခဲ့ရသည်။
ထိုဖြစ်စဉ်များအရ ဆစ်ခ်ခွဲထွက်ဝါဒီ ပန်နန်၏ ဖြစ်စဉ်သည် အမေရိကန်နှင့် အိန္ဒိယအကြား ဆက်ဆံရေးများကို တင်းမာစေသည့် လက္ခဏာများ ဖြစ်နေသည်ဟု နယူးဒေလီအခြေစိုက် မူဝါဒ သုတေသနစင်တာမှ ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ ဆူရှန့် ဆင်း (Sushant Singh) က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1111
CNI International News
ဘေကျင်း၊ ဇန်နဝါရီ ၂
တရုတ်၏ ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးသည် မလွဲဧကန်ဖြစ်မည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jingpin) က ဒီဇင်ဘာ ၃၁ ရက်တွင် ၎င်း၏နှစ်သစ်ကူး မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
ထိုင်ဝမ်တွင် သမ္မတရွေးကောက်ပွဲနှင့်် လွှတ်တော်ရွေးကောက်ပွဲများ မတိုင်မီ သီတင်းနှစ်ပတ်ပင် မလိုတော့သည့်် အချိန်၌ ရှီ၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။
တရုတ်နှင့် ထိုင်ဝမ်အကြား ဆက်ဆံရေးများ ယိုယွင်းနေချိန်တွင် ဇန်နဝါရီ ၁၃ ရက်၌ ထိုင်ဝမ်မှာ ရွေးကောက်ပွဲ များ ကျင်းပမည်ဖြစ်သည်။
တရုတ်သည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်သည့် ထိုင်ဝမ်အပေါ် ၎င်း၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု ထွက်ဆို ချက်များအား ပိုမိုခိုင်မာစေရန် ထိုင်ဝမ်အပေါ် စစ်ရေးဖိအားများ တိုးမြှင့်လျက်ရှိသည်။
ရှီ၏ မိန့်ခွန်းအတွင်း စစ်ရေးအရ ခြိမ်းခြောက်မှုများ မပါဝင်သော်လည်း တရုတ်သည် ထိုင်ဝမ်ကို အင်အားသုံး ထိန်းချုပ်မည့် ၎င်း၏ ပြောကြားချက်များကို မည်သည့်အခါကမျှ ရုပ်သိမ်းခဲ့ခြင်း မရှိပေ။

ထိုင်ဝမ်သမ္မတအဖြစ် ရေပန်းစားနေတဲ့ လိုင်ချင်တေးကို တွေ့ရစဉ်
"အမိမြေနဲ့ ပြန်လည် ပေါင်းစည်းရေးဟာ သမိုင်းဝင် သေချာတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်" ဟု ရှီက ပြောကြားခဲ့ သည်ကို နိုင်ငံပိုင် ဆင်ဟွာ (Xinhua) သတင်းအေဂျင်စီက အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ဖော်ပြခဲ့သည်။
"ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးမှာရှိတဲ့ တစ်နိုင်ငံတည်းသားတွေဟာ တရုတ်နိုင်ငံရဲ့ ဂုဏ်ကျက်သရေနဲ့ အားသစ်လောင်းတဲ့နေရာမှာ အပြန်အလှန်ဖလှယ်မှုနဲ့ တူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ ချည်နှောင်ထားသင့်ပါတယ်" ဟု ရှီက ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနက အင်္ဂလိပ်ဘာသာစကားနှင့် ပြန်လည်ဖော်ပြရာတွင် "တစ်နိုင်ငံတည်းသားတွေ" ဟူသည့် စကားလုံးအစား "တရုတ်နိုင်ငံသားအားလုံး" ဟူ၍ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် နှစ်ကလည်း ရှီ၏ နှစ်သစ်ကူးမိန်းခွန်းတွင် "တူညီသည့် မိသားစုတစ်စု၏ မိသားစုဝင်များ" ဟု သုံးနှုန်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ ရေရှည်ချမ်းသာ ကြွယ်ဝရေးအတွက် ပူးပေါင်းဆောင်ရွက်ကြလိမ့်မည်ဟု မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။
တရုတ်သည် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရေပန်းစားနေသည့် အာဏာရ DPP ပါတီမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း လိုင်ချင်တေး (Lai Ching-te) ကို အန္တရာယ်များသည့် ခွဲထွက်ဝါဒီ တစ်ဦးဖြစ်ကြောင်း မကြာခဏ ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1076
CNI International News
တိုကျို၊ ဇန်နဝါရီ ၂
ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ရွေးကောက်ပွဲ အပါအဝင် အထင်ကရဖြစ်ရပ်များကို မြင်တွေ့ရမည့် ၂၀၂၄ ခုနှစ်၏ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများတွင် ရှေ့တန်းမှ ပါဝင်လုပ်ဆောင်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) က ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
ယူကရိန်း-ရုရှား ပဋိပက္ခ၊ အစ္စရေး-ဟားမာ့စ် ပဋိပက္ခတို့ကဲ့သို့ စိန်ခေါ်မှုများကို ကျော်လွှားဖြေရှင်းရန်အတွက် မိမိအနေဖြင့် အခြား ကမ္ဘာ့ခေါင်းဆောင်များနှင့် သံတမန်ရေးရာ ထိပ်သီးဆွေးနွေးမှုများမှတစ်ဆင့် ဂျပန်၏ ဦးဆောင်နိုင်စွမ်းကို ပြသသွားမည်ဟု ကီရှီဒါက နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
"ကျနော်တို့ဟာ အရှေ့အာရှရဲ့ ရှုပ်ထွေးပွေလီတဲ့ လုံခြုံရေး အခြေအနေထဲမှာ ဂျပန်နိုင်ငံရဲ့ နယ်နိမိတ်၊ ရေပိုင်နက်၊ လေပိုင်နက်တွေနဲ့ ဂျပန်ပြည်သူတွေရဲ့ လုံခြုံရေးကို ပြတ်ပြတ်သားသား ကာကွယ်သွားမှာပါ" ဟု ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက ဝန်ကြီးချုပ်အဖြစ် တာဝန်မထမ်းဆောင်မီ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီး တာဝန်များ ကို ထမ်းဆောင်ခဲ့ဖူးသည့် ကီရှီဒါက ပြောကြားခဲ့သည်။
စီးပွားရေးကဏ္ဍတွင်လည်း ကုန်ဈေးနှုန်းများကို မြင့်တက်စေသည့် အသုံးစရိတ်များ မြင့်တက်မှုကို လျှော့ချရန် လိုအပ်သော စီမံချက်များအား လုပ်ဆောင်သွားမည်ဟု ၎င်းက ကတိပြုခဲ့သည်။

ဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဂျပန်နိုင်ငံသားများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကျေနပ်အားရလိမ့်မည်ဟု မျှော်လင့်ကြောင်း ကီရှီဒါက ပြောကြားခဲ့သည်။
မကြာသေးမီက ၎င်း၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP)အတွင်း ရန်ပုံငွေ အရှုပ်တော်ပုံများ ပေါ်ပေါက်ခဲ့မှု နှင့်အတူ အများပြည်သူ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန် နည်းလမ်းမျိုးစုံဖြင့် အားထုတ်ကြိုးပမ်းသွားမည်ဟု ၎င်းက ဆိုသည်။
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး (Shinzo Abe) ဦးဆောင်ခဲ့သည့် LDP ပါတီ၏ အကြီးဆုံး ဂိုဏ်းခွဲအုပ်စုအတွင်း ယန်းငွေ သန်းနှင့်ချီသော ရန်ပုံငွေများကို ထုတ်ပြန်ကြေညာခြင်း မရှိသည့် သတင်းများ ထွက်ပေါ်ခဲ့သဖြင့် ကီရှီဒါ၏ အစိုးရအဖွဲ့အပေါ် လူထုထောက်ခံမှုနှုန်း ကျဆင်းခဲ့သည်။
ထိုအရှုပ်တော်ပုံတွင် အစိုးရအရာရှိများနှင့် LDP ပါတီအရာရှိများ ပါဝင်ပတ်သက်ခဲ့သဖြင့် ကီရှီဒါ၏ ပုံရိပ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။
"မူဝါဒတွေကို မြှင့်တင်ဖို့၊ နိုင်ငံရေးလောက တည်ငြိမ်မှုရှိစေဖို့ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ခြင်းဟာ မရှိမဖြစ် အရေးကြီးပါတယ်" ဟု ကီရှီဒါက ပြောကြားခဲ့သည်။
Source: Japan Times
