- By CNI
- Category: နိုင်ငံရေး
- Hits: 1540
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂၇
ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavsin) သည် အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းကို ပုံစံအသစ်ဖြင့် ချဉ်းကပ်ရန် လုပ်ဆောင်နေကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ထို့နောက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများအား အာရုံစိုက်လုပ်ဆောင်နေသော်လည်း ထိုချဉ်းကပ်မှုသည် ထိရောက်မှု ရှိ/မရှိဆိုခြင်းအပေါ် ကျွမ်းကျင်သူများက မေးခွန်းထုတ်နေကြသည်။
ထိုင်းအစိုးရသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအတွင်း ထွက်ပြေးတိမ်းရှောင် နေရသူ များကို လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရန် ယန္တရားတစ်ခု ထူထောင်မည့် အစီအစဉ်များအား ချပြခဲ့ပြီး အခြားနိုင်ငံများနှင့် အဖွဲ့အစည်းများကိုလည်း ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။
ထိုအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားထားသည့် အဖွဲ့အစည်းများထဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (နစက)လည်း ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားခဲ့ပြီး အတိုက်အခံတပ်ဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က မဲခေါင်-လန်ချန်း အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထိုလက်နက်ကိုင်ပဋိပက္ခသည် ပြည်တွင်းစစ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကာ ဒေသတွင်း ကြီးမားသည့် ခြိမ်းခြောက်မှုများ ဖြစ်လာစေနိုင်သော အခြေအနေသို့ တာစူနေသည်။
ထိုင်း၏ ဒုတိယဝန်ကြီးချုပ်ဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည့် ပန်ပရီ ဘာဟီဒါ နျူကာရာ(Parnpree Bahiddha-Nukara)ကမူ ဒီဇင်ဘာ ၇ ရက်က တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်ရေး (Mekong-Lancang Cooperation) အစည်းအဝေး၌ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံ ခဲ့ပြီး လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရန်အတွက် အထူးတာဝန်အဖွဲ့ ဖွဲ့စည်းသွား မည့် အစီအစဉ်ကို ဆွေးနွေးခဲ့သည်။
ထိုဆွေးနွေးမှုအတွင်း မြန်မာ့အရေးကို ဖြေရှင်းရန် အာဆီယံ၏ အချက် ၅ ချက်ပါ အစီအစဉ်နှင့်အညီ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးရန် နှစ်ဖက်စလုံးက သဘောတူညီမှု ရရှိခဲ့သည်။
ထို့ပြင် ထိုင်းဝန်ကြီးချုပ် ဆရီသာကလည်း သူသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်တွင် ဒီဇင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ပြုလုပ်ခဲ့သည့် အာဆီယံ-ဂျပန် ညီလာခံတွင် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) နှင့် ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 1288
CNI International News
ဂျေရုဆလင်၊ ဒီဇင်ဘာ ၂၇
ဂါဇာကမ်းမြောင်ဒေသတွင် ဟားမာ့စ်အဖွဲ့ကို အမြစ်ပြတ် မချေမှုန်းနိုင်မချင်း တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု(Benjamin Netanyahu) က ပြောသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် အမေရိကန်နှင့် အီရန်၏ မဟာမိတ်အဖွဲ့များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေမှု နှင့်အတူ ပဋိပက္ခသည် ပိုမိုကြီးထွားလာနိုင်သဖြင့် အပစ်အခတ်ရပ်စဲရန် နိုင်ငံတကာ၏ တောင်းဆိုမှုများရှိနေ သည့်တိုင် နေတန်ယာဟုက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၂၅ ရက်က ဂါဇာဒေသမြောက်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့များထံ သွားရောက်ခဲ့သည့် နေတန်ယာဟုက ၎င်း၏ လီကွတ်ပါတီ (Likud Party) မှ လွှတ်တော်အမတ်များကို စစ်ပွဲကြာမြင့်နိုင်ကြောင်း ပြောကြားခဲ့ပြီး ၎င်း၏ အစိုးရ အဖွဲ့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန် တိုက်တွန်းဖွယ်ရှိသည်ဆိုသည့် မီဒီယာများ၏ ခန့်မှန်းဖော်ပြမှုများအား ငြင်းဆိုခဲ့သည်။

ဟားမာ့စ်တပ်ဖွဲ့ကိုတွေ့ရစဉ်
အစ္စရေးအနေနှင့် စစ်ရေးအရ ဖိအားမပေးဘဲ ဟားမာ့စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများကို လွှတ်မြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။
"ကျနော်တို့ မရပ်တန့်ပါဘူး။ စစ်ပွဲဟာ ကျနော်တို့ အဆုံးမသတ်မချင်း အဆုံးစွန်အထိ ဆက်လက် ဖြစ်ပွားနေပါ လိမ့်မယ်"ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂၅ ရက်က အမေရိကန်၏ Wall Street Journal တွင်လည်း နေတန်ယာဟုက ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် အချက် ၃ ချက်ကို ထပ်မံ ရေးသားဖော်ပြခဲ့သည်။
ထိုအချက်သုံးချက်မှာ ဟားမာ့စ်တို့ကို ချေမှုန်းရေး၊ ဂါဇာတွင် လက်နက်ကိုင်တပ်ဖွဲ့များကို ဖယ်ရှားရေးနှင့်၊ ပါလက်စတိုင်းများကို အစွန်းမရောက်စေရေး အစရှိသည့် အချက်များဖြစ်သည်။
ဟားမာ့စ်အဖွဲ့၏ အောက်တိုဘာ ၇ ရက်က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကို လက်တုန့်ပြန်သည့် အနေဖြင့် အစ္စရေးသည် ဂါဇာတွင် ပြင်းထန်သော ထိုးစစ်ကို ဆင်နွှဲနေပြီး ၎င်း၏ အနီးစပ်ဆုံး မဟာမိတ်ဖြစ်သည့် အမေရိကန်ကမူ အရပ်သားသေဆုံးမှုများအား လျော့နည်းစေရန် စစ်ဆင်ရေး၏ ပုံစံကို ပြောင်းလဲရန် ဖိအားပေး လျက်ရှိသည်။

လီကွတ်ပါတီ (Likud Party)ကို တွေ့ရစဉ်
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ ၂၅၀ အပါအဝင် ဂါဇာတွင် သေဆုံးသူ စုစုပေါင်း ၂၀,၇၀၀ နီးပါးရှိလာခဲ့ကြောင်း ဂါဇာအာဏာပိုင်များက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေးကို ထောက်ခံပေးထားသော အမေရိကန်တပ်ဖွဲ့များအား အီရတ်နှင့် ဆီးရီးယားရှိ အီရန်က ထောက်ပံ့ပေး ထားသည့်် လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်ခဲ့သည်။
ထို့နောက် အမေရိကန်ကလည်း လက်တုန့်ပြန်သည့် အနေဖြင့်် ထိုလက်နက်ကိုင်အဖွဲ့များကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 889
CNI International News
နယူးယောက်၊ ဒီဇင်ဘာ ၂၆
ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ခန်းယူနစ် (Hhan Yunis) မြို့ကို အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က ထိန်းချုပ်နိုင်ရန် တိုက်ခိုက်နေသည့် တိုက်ပွဲများသည် လနှင့်ချီ ကြာမြင့်နိုင်ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့ သည်။
ထိုမြို့ကို ထိန်းချုပ်နိုင်ရန် လနှင့်ချီ အချိန်ယူရမည်ဟု ခန်းယူနစ်မြို့ရှိ အစ္စရေးစစ်သားများအား ကြီးကြပ်နေရသည့် အစ္စရေးစစ်တပ်၏ ထိပ်သီးအရာရှိတစ်ဦးက ပြောကြားခဲ့မှုကို ကိုးကားပြီး အမေရိကန်၏ Wall Street Journal က ဖော်ပြခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းတွင် ဟားမာ့စ် လက်နက်ကိုင်များ၏ အင်အားသည် ပိုမိုများပြားနေသည်။
ဟားမာ့စ်လက်နက်ကိုင်များသည် မိမိတို့စစ်သားများကို နှောင့်ယှက်တိုက်ခိုက်ပြီး မြေအောက် လိုဏ်ခေါင်းများ ထဲသို့ ပြန်လည် ပုန်းအောင်းနေသဖြင့် တိုက်ပွဲသည် ကြာမြင့်နိုင်သည်ဟု အမည်မဖော်လိုသည့် အစ္စရေးအရာရှိက ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်သည် ဂါဇာတောင်ပိုင်းတွင် အရပ်သားများ ထိခိုက်မှုကို လျှော့ချရန်အတွက် ခန်းယူနစ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုများအား လျှော့ချထားကြောင်း၊ အစ္စရေး စစ်သားများသည် အဆောက်အအုံများထဲသို့ ဝင်ရောက်စစ်ဆေးပြီး ထောက်လှမ်းရေး အချက်အလက်များ ပေးပို့ပြီးနောက်မှသာ လေကြောင်းတိုက်ခိုက်မှုများ ကို ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အစ္စရေးစစ်သားများကိုတွေ့ရစဉ်
အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းတွင် နေထိုင်သူများအားလုံးကို တစ်ချိန်တည်းမှာပင် မြောက်ပိုင်းသို့ ရွှေ့ပြောင်းပေးနေခြင်း မဟုတ်ကြောင်း၊ သို့သော် တိုက်ခိုက်ရန် စီစဉ်ထားသည့် နေရာဒေသများ တွင် နေထိုင်သူများကိုမူ ချက်ချင်းနေရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။
ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရက်ဖ် အယ် ကွက်ဒရာ (Ashraf Al Qedra) ကမူ ခန်းယူနစ်မြို့၏ အခြေအနေသည် ဂါဇာ၏ နေရာဒေသအားလုံးနှင့် ကွဲပြားခြားနားမှုမရှိကြောင်း ပြောကြားခဲ့ သည်။
ထိုအချိန်အတောအတွင်း အစ္စရေးသည် ဂါဇာဒေသတွင် ၎င်း၏ ထိုးစစ်ကို တတိယအဆင့်သို့ မကြာမီ မြှင့်တင် တော့မည်ဖြစ်ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။
အစ္စရေး၏ လုံခြုံရေး ကျွမ်းကျင်သူများကမူ အစ္စရေးအနေနှင့် ဂါဇာဒေသထဲမှ ဟားမာ့စ်တို့၏ တိုက်ခိုက်မှုများကို ဟန့်တားရန် အစ္စရေး-ဂါဇာနယ်စပ်တစ်လျှောက်တွင် စစ်သားများကို ပိုပြီး ဖြန့်ကြက်ချထားလိမ့်မည်ဟု ပြောကြားခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 918
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂၆
ထိုင်းနိုင်ငံ၏ Move Forward ပါတီ(MFP)က တော်ဝင်မိသားစုအား ဝေဖန်တိုက်ခိုက်မှုမှ အကာအကွယ်ပေးထား သည့် တော်ဝင်အသရေဖျက်မှုဥပဒေကို ပြုပြင်ပြောင်းလဲရန် တရားရေးဆိုင်ရာ အမှုအခင်းတွင် အနိုင်ရရှိရန် ယုံကြည်ထားကြောင်း ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
MFP သည် မေလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် နေရာအများဆုံး အနိုင်ရခဲ့သော်လည်း MFP ခေါင်းဆောင် ဟောင်း ပီတာလင်မ်ဂျာရွန်ရတ် (Pita Limjaroenrat)ကို အထက်လွှတ်တော်၏ ကွန်ဆာဗေးတစ် အင်အားစုက ဝန်ကြီးချုပ်မဖြစ်စေရန် တားမြစ်ပိတ်ပင်ခဲ့သည်။
MFP ၏ တော်ဝင်အသရေဖျက်မှုဥပဒေအား ပြောင်းလဲမည့် ကြိုးပမ်းမှုကို တော်ဝင်မိသားစုကို သစ္စာစောင့်သိသည့် လွှတ်တော်အမတ်များက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ခဲ့သည်။
ထို့ကြောင့် MFP သည် ရွေးကောက်ပွဲ အနိုင်ရခဲ့သော်လည်း အစိုးရဖွဲ့နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

MFP ၏ လက်ရှိ ခေါင်းဆောင် ချိုင်သာဝတ် တူလာသွန်းကို တွေ့ရစဉ်
MFP ခေါင်းဆောင်ဟောင်း ပီတာသည် တော်ဝင်အသရေဖျက်မှုဥပဒေအား ပြုပြင်ပြောင်းလဲရန် အသနားခံစာ တင်သွင်းခဲ့သည်။ ထိုအမှုကို ဒီဇင်ဘာ ၂၅ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ကြားနာစစ်ဆေးခဲ့ချိန် အတွင်း သက်သေ အထောက်အထားများကို တင်သွင်းခဲ့သည်။
ထိုဥပဒေနှင့် စွဲချက်များကို လေ့လာသုံးသပ်မည်ဆိုပါက အဆိုးရွားဆုံး အခြေအနေမှာ ထိုဥပဒေကို ပြင်ဆင်ရေး အတွက် လုပ်ငန်းစဉ်များအား ရပ်တန့်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက မိမိတို့အား အမိန့်ချမှတ်မည့် အခြေအနေဖြစ်လိမ့်မည်ဟု ပီတာက ပြောကြားခဲ့သည်။
ထို့ပြင် MFP ပါတီသည် ဖျက်သိမ်းခံရမည့် အန္တရာယ်ရှိလာနိုင်သည်ဆိုသည့် ထင်ကြေးပေးမှုများကိုလည်း ပီတာက ငြင်းဆိုခဲ့သည်။
ထိုအမှုနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် စီရင်ချက်ချမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြောကြားခဲ့သည်။
MFP ၏ လက်ရှိ ခေါင်းဆောင် ချိုင်သာဝတ် တူလာသွန်း (Chaithawat Tulathon) ကမူ ၎င်းတို့ပါတီ၏ မူဝါဒ သည် တရာဥပဒေကို ချိုးဖောက်ခြင်းမရှိသဖြင့် ထိုအမှုတွင် မိမိတို့အနိုင်ရလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
Source: CNA
- By CNI
- Category: နိုင်ငံရေး
- Hits: 1087
CNI International News
ကိယက်ဗ်၊ ဒီဇင်ဘာ ၂၆
ရုရှား၏ ညအချိန် တိုက်ခိုက်မှုအတွင်း ရုရှားတိုက်လေယာဉ်နှစ်စင်း၊ ခရုစ်ဒုံးကျည် နှစ်စင်းနှင့် Shahed အမျိုး အစား ဒရုန်း ၂၈ စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းလေတပ်က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ရုရှားသည် ယူကရိန်း၏ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုများ ကြောင့် ထိခိုက်သူနှင့် သေဆုံးသူ ရှိ/မရှိ သတင်းများ ချက်ချင်းထွက်ပေါ်ခြင်း မရှိခဲ့ပေ။
ရုရှားသည် ဒရုန်း စုစုပေါင်း ၃၁ စင်းကို ပစ်လွှတ်ခဲ့သော်လည်း ယူကရိန်းလေတပ်က ၂၈ စင်းကို ပစ်ချနိုင်ခဲ့ကာ ကျန်ဒရုန်း ၃ စင်းသည် ပစ်မှတ်များကို ထိမှန်ခဲ့ခြင်း ရှိ/မရှိ ယူကရိန်းလေတပ်က အသေးစိတ် ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ယူကရိန်းနိုင်ငံအတွင်းက တစ်နေရာ ပျက်စီးမှုကိုတွေ့ရစဉ်
ယူကရိန်းသမ္မတရုံးက အကျဉ်းချုံး ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရုရှား၏ တိုက်ခိုက်မှုများ ကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ရုရှားတပ်များ၏ ထိန်းချုပ်မှု အောက်တွင်ရှိနေပြီး တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့် ခါဆွန် (Kherson) ဒေသရှိ ချာနိုဘစ်ဗ်ကာ (Chornobaivka) မြို့တွင် အရပ်သားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယူကရိန်းသည် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် ခရစ္စမတ်နေ့ကို အစိုးရရုံး ပိတ်ရက်အဖြစ် ပထမဆုံး အကြိမ် သတ်မှတ်ခဲ့ပြီး ရုရှား အပါအဝင် အော်သိုဒို့စ် ခရစ်ယာန်ဘာသာ ကိုးကွယ်သည့် နိုင်ငံများကမူ ဇန်နဝါရီ ၇ ရက်ကို ခရစ္စမတ်နေ့အဖြစ် သတ်မှတ်ထားသည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးသည် ဇူလိုင်လအတွင်းက အစိုးရရုံးပိတ်ရက် ပြောင်းလဲသည့် ဥပဒေကို လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။
ယူကရိန်းတွင် အော်သိုဒို့စ် ခရစ်ယန်ဘာသာဝင်များက လွှမ်းမိုးထားသော်လည်း ယူကရိန်း အော်သိုဒို့စ် ဘုရားကျောင်းနှင့် ရုရှားအော်သိုဒို့စ် ဘုရားကျောင်းအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1165
CNI International News
တီဟီရန်၊ ဒီဇင်ဘာ ၂၆
အိန္ဒိယသမုဒ္ဒရာအတွင်း ဓာတုပစ္စည်းများ တင်ဆောင်ထားသည့် သင်္ဘောတစ်စင်းကို အီရန်က တိုက်ခိုက်ခဲ့သည် ဆိုသည့် အမေရိကန်၏ စွပ်စွဲချက်အား အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ နက်ဆာ ကာနာနီ (Nasser Kanaani)က ဒီဇင်ဘာ ၂၅ ရက် တွင် ပြုလုပ်ခဲ့သည့်် သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယကမ်းလွန်ရေပြင်တွင် မောင်းနှင်နေသည့် ဂျပန်နိုင်ငံပိုင် ဓာတုပစ္စည်းတင်သင်္ဘောကို အီရန်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဆိုသော အမေရိကန်၏ ပြောကြားချက်သည် မှားယွင်းကြောင်း ကာနာနီက ပြောသည်။

ဟူရ်သီသူပုန်များကိုတွေ့ရစဉ်
ပင်လယ်နီ (Red Sea) တွင် ယီမင်နိုင်ငံရှိ အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် ဟူရ်သီ (Houthi) သူပုန်များမှ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအပေါ် အကြီးအကျယ် ထိခိုက်နေချိန်၌ ဂျပန်နိုင်ငံပိုင် ဓာတုပစ္စည်းတင်သင်္ဘော တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး တင်းမာမှုများ မြင့်တက်လာခဲ့သည်။
ဟူရ်သီသူပုန်များကမူ ဂါဇာဒေသတွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်စေရန် ဖိအားပေးသည့် အနေဖြင့် အစ္စရေးနှင့် အဆက်အသွယ်ရှိသော သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
"ဒီစွပ်စွဲချက် (အမေရိကန်၏ စွပ်စွဲမှု) တွေဟာ အခြေအမြစ်မရှိဘဲ ပြတ်ပြတ်သားသား ငြင်းဆိုပါတယ်။ အဲဒီ စွပ်စွဲချက်တွေဟာ ဂါဇာဒေသမှာ အစ္စရေးအစိုးရရဲ့ ရာဇဝတ်မှုတွေကို ထောက်ခံပေးနေတဲ့ အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဖုံးကွယ်ဖို့နဲ့ လူတွေကို အာရုံလွှဲတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်" ဟု ကာနာနီက ပြောကြား ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်
ဒီဇင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အရ အိန္ဒိယနိုင်ငံ၏ ကမ်းလွန် ရေမိုင် ၂၀၀ ( ကီလိုမီတာ ၃၇၀) အကွာအဝေးတွင် မောင်းနှင်နေသော ဂျပန်နိုင်ငံပိုင် MV Chem Pluto သင်္ဘောသည် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထိုသင်္ဘောသည် အစ္စရေးနှင့်် ဆက်နွှယ်မှုရှိပြီး ဆော်ဒီအာရေဗျနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဦးတည်မောင်းနှင်နေချိန် တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ပင်လယ်ရေကြောင်း လုံခြုံရေးကုမ္ပဏီ Ambrey က ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်သည် ဟူရ်သီသူပုန်များ တိုက်ခိုက်နေသည့် ပင်လယ်နီ၏ အပြင်ဘက်တွင် ပထမဆုံးအကြိမ်အဖြစ် ကုန်တင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရသော ဖြစ်စဉ်ဖြစ်သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 956
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ၂၃
ထိုင်းတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) အား အကျဉ်းထောင် အပြင်ဘက်တွင် အထူးအရေးကြီးပုဂ္ဂိုလ်အဖြစ် ဆေးဝါးကုသမှု ခံယူခွင့်ပေးသည့် ကိစ္စနှင့်စပ်လျဉ်းပြီး တရားရေးဝန်ကြီး ရဲမှူး တာဝီ ဆွတ်ဆောင် (Tawee Sodsong) က လွှတ်တော်အမတ်တစ်ဦး၏ မေးခွန်းများကို ဖြေကြားခဲ့ရသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အတိုက်အခံ Move Forward ပါတီ (MFP) လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ချွန်သီချာ ဂျန်ဂရူးသည် ထိုအကြောင်း အရာကို ဒီဇင်ဘာ ၂၁ ရက်က လွှတ်တော် အစည်းအဝေးအတွင်း ထည့်သွင်းပြောကြားခဲ့ပြီး တာဝီကို မေးခွန်းများ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မေးမြန်းချိန်အတွင်း တာဝီက သက်ဆင်အား အကျဉ်းထောင် အပြင်ဘက်တွင် ဆေးဝါးကုသမှုပေးခဲ့သည့်် အကျဉ်းသား စာရိတ္တ ပြုပြင်ပြောင်းလဲရေး ဌာန (Department of Corrections- DoC) ၏ ဆုံးဖြတ်ချက်သည် သူနှင့် သက်ဆိုင်ခြင်း မရှိသည့်ပုံစံမျိုးဖြင့် ဖြေကြားခဲ့သည်။
ချွန်သီချာက သက်ဆင်အား ရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် ရက်ပေါင်း ၁၂၀ ထက်ကျော်လွန်ပြီး ဆေးဝါးကုသမှု ပေးခဲ့သည့် DoC ၏ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး သက်ဆင်အား ထိုကဲ့သို့ အခွင့်ထူးခံပေးထားမှုကို အခြားအကျဉ်းသားများက လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။

တရားရေးဝန်ကြီး ရဲမှူး တာဝီ ဆွတ်ဆောင်
မစ္စစ် ချွန်သီချာသည် သက်ဆင်၏ အခြေအနေကို အကျဉ်းချခံခဲ့ရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အီကာချိုင်း ဟောင်ကန်ဝမ် (Ekachai Hongkangwan) ၏ အခြေအနေနှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်။
အီကာချိုင်းသည် အသည်းရောဂါကို ကုသရန် အကျဉ်းထောင် အပြင်ဘက်ရှိ ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပြီး ကုသမှုခံယူခဲ့သော်လည်း ကုသမှုများ အဆုံးမသတ်မီ အကျဉ်းထောင် အပြင်ဘက်တွင် ကုသမှုခံယူခွင့်ရရှိသည့် သတ်မှတ်ကာလ ပြည့်သွားချိန်တွင် အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသည်ဟု ချွန်သီချာက ပြောကြား ခဲ့သည်။
ထို့ကြောင့် သက်ဆင်ကို ရဲတပ်ဖွဲ့ဆေးရုံ၏ ၁၄ လွှာရှိ အထူးအခန်းတွင် နေထိုင်ခွင့်ပေးထားသည့် အခြေအနေကို ရှင်းလင်းတင်ပြရန် ချွန်သီချာက တာဝီကို မေးမြန်းခဲ့သည်။
တာဝီကမူ သက်ဆင်ကို ကုသပေးနေသည့် ဆရာဝန်များက သက်ဆင်သည် ဖျားနာနေကြောင်း အတည်ပြုခဲ့ သည်ဟု ဆိုသည်။
ထို့ပြင် DoC အရာရှိများကလည်း သက်ဆင်သည် နာကျင်မှု၊ သွေးတိုးနှင့် နှလုံးရောဂါများ အပါအဝင် ဝေဒနာ အချို့ကို ခံစားနေရကြောင်း အတည်ပြုခဲ့သည်ဟု တာဝီက ပြောသည်။
ထို့ပြင် DoC ၏ စည်းမျဉ်းစည်းကမ်းများ အောက်တွင် သက်ဆင်၏ လုံခြုံရေးအတွက် ဆေးရုံ၏ ၁၄ လွှာတွင် ထားရှိခြင်းဖြစ်ပြီး ထို ၁၄ လွှာတွင် နေထိုင်ခြင်းသည် အခွင့်ထူးခံ အခြေအနေ မဟုတ်ကြောင်းလည်း တာဝီက ဖြေကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 972
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂၃
ဒီဇင်ဘာ ၂၂ ရက်က ထိုင်းနိုင်ငံ၊ မောင်း (Muang)ခရိုင်ရှိ Youtuber တစ်ဦး၏အိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေခဲ့ချိန်အတွင်း လက်နက်နှင့် ခဲယမ်း အများအပြားကို တွေ့ရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဆိုက်ဘာရဲတပ်ဖွဲ့ (Police Cyber Taskforce) မှ အရာရှိများနှင့် ဒေသခံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းထားသည့် အဖွဲ့သည် ဘန်ကရန် (Ban Krang) ရပ်ကွက်ရှိ အိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့သည် ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများ မတိုင်မီ အများပြည်သူ လုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် သံသယရှိသည့် နေရာများကို ဝင်ရောက်ရှာဖွေသော စစ်ဆင်ရေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Tacticool BoB အမည်ဖြင့် YouTube ချန်နယ်တစ်ခုဖွ င့်ထားပြီး လက်နက်များအကြောင်းကို ဗွီဒီယိုများ တင်ဆက်ပေးနေသည့် ထရင်ဆက် ဝါချီရာဆရီစီရီကူလ် (Transak Wachirasrisirikul)၏ နေအိမ်ခြံဝင်းအတွင်း ရဲအရာရှိများက တရားရုံး၏ ရှာဖွေခွင့်ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုရှာဖွေမှုအတွင်း အမျိုးအစားစုံလင်သည့် သေနတ် ၈၇ လက်၊ ကျည်ဆန် ၄၅၇၆ တောင့်၊ ကျည်အိမ် ၇ ခုကို တွေ့ရှိခဲ့ကြောင်း ရဲချုပ် နစ်ခွန်း ခူနိုပါရတ် (Nikhom Kheunopparat) က ပြောကြားခဲ့သည်။
အသက် ၃၃ နှစ်အရွယ် မစ္စတာ ထရင်ဆက်က သူသည် ထိုလက်နက်များကို သူ့အဖေထံမှ အမွေရရှိခဲ့ခြင်းဖြစ် သည်ဟု ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။
ထိုလက်နက်အားလုံးကိုလည်း သူ့ဖခင်အမည်ဖြင့် တရားဝင် မှတ်ပုံတင်ထားခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့သည် ထိုလက်နက်များ၏ မှတ်ပုံတင်ပိုင်ဆိုင်ခွင့်ကို မစ္စတာ ထရင်ဆက်အား တရားဝင် လွှဲပြောင်းရန် သင့််/မသင့် စဉ်းစားသုံးသပ်လျက်ရှိသည်။
အကယ်၍ မှတ်ပုံတင် မူပိုင်ခွင့်နှင့်ပတ်သက်ပြီး မှတ်တမ်းမရှိပါက ထရင်ဆက်သည် လက်နက်ခဲယမ်းများကို တရားမဝင် ပိုင်ဆိုင်မှုနှင့်ဆက်နွှယ်သည့် စွဲချက်များဖြင့် အမှုရင်ဆိုင်ရနိုင်သည်။
ရဲတပ်ဖွဲ့သည် ထိုလက်နက်များကို သိမ်းဆည်းခဲ့ပြီးနောက် မစ္စတာ ထရင်ဆက်သည် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည် ဟု အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 967
CNI International News
ဒါကာ၊ ဒီဇင်ဘာ ၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထည်ချုပ်စက်ရုံဝန်ထမ်းများ၏ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အမေရိကန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အဓိကဝင်ငွေရှာပေးနေသည့် RMG အထည်ချုပ်လုပ်ငန်းအား အလုပ်သမား အခွင့်အရေးချိုးဖောက်မှု ပြဿနာများနှင့် ပတ်သက်ပြီး ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ သည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒေါ်လာ ဘီလျံချီ တန်ကြေးရှိသည့် အထည်ရောင်းချမှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို ဝယ်ယူနေသဖြင့် ပိတ်ဆို့မှုများ ချမှတ်ခံရမည်ဆိုပါက ယခင်ကတည်းက ယိုယွင်း နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်သည်။
ဘင်္ဂလားဒေ့ရှ်တွင် ဇန်နဝါရီ ၇ ရက်၌ ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ပြီး ထိုရွေးကောက်ပွဲများမတိုင်မီ အမေရိကန်၏ ပိတ်ဆို့မှု ခြိမ်းခြောက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုရွေးကောက်ပွဲသည် အတိုက်အခံများကို ဖိနှိပ်ထားပြီး တစ်ဖက်သတ်ဆန်သည့် ရွေးကောက်ပွဲ ဖြစ်လာလိမ့် မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသည်။
ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ် လုပ်ငန်းကဏ္ဍတွင် ထိပ်သီး ခေါင်းဆောင်များနှင့် အစိုးရ အရာရှိများကမူ အမေရိကန်၏ ပိတ်ဆို့မှု ခြိမ်းခြောက်စကားများကို ကောလာဟလအဖြစ် ယူဆထားပြီး ထိုခြိမ်းခြောက်မှုများသည် ဘင်္ဂလားဒေ့ရှ်အစိုးရကို ဆန့်ကျင်သည့် ဝါဒဖြန့်မှုများဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်အပေါ် စီးပွားရေးပိတ်ဆို့မှုများ၊ အထူးသဖြင့် အထည်ချုပ်ကဏ္ဍအပေါ် ပိတ်ဆို့မှုများ ချမှတ်နိုင်မည် မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ် လုပ်ငန်းများသည် နိုင်ငံတကာ အလုပ်သမား ဥပဒေများ အားလုံးကို လိုက်နာကျင့်သုံး လျက်ရှိကြောင်း စောဒကတက်ခဲ့သည်။
မကြာသေးမီက ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်စက်ရုံ ဝန်ထမ်းများက လုပ်ခလစာ တိုးမြှင့်ပေးရန် အစိုးရကို တောင်းဆိုသည့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သဖြင့် အထည်ချုပ်စက်ရုံ အများအပြားသည် လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိဘဲ စက်ရုံများကို ပိတ်ခဲ့ရသည်။
ထို့ပြင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) အစိုးရအဖွဲ့ကို နုတ်ထွက်ရန် တောင်းဆိုသည့် ဆန္ဒပြမှုများ လည်း ဖြစ်ပွားခဲ့ပြီး ထိုဆန္ဒပြမှုများအတွင်း အတိုက်အခံခေါင်းဆောင် အများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
Source: အယ်လ်ဂျာဇီးယား
