- By CNI
- Category: နိုင်ငံရေး
- Hits: 783
CNI International News
နယူးယောက်၊ စက်တင်ဘာ ၂၃
ဆူဒန်နိုင်ငံတွင် လနှင့်ချီဖြစ်ပွားနေသည့် စစ်ပွဲသည် ဒေသတစ်ခုလုံးကို ပျံ့နှံ့သွားနိုင်သည်ဟု ဆူဒန်စစ်တပ် အကြီးအကဲ အဗ္ဗဒယ် ဖာတာ အယ်ဘာဟန် (Abdel Fattah al-Burhan)က ကုလသမဂ္ဂတွင် သတိပေးခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
နိုင်ငံတကာအနေဖြင့် ဆူဒန်စစ်တပ်ကို တိုက်ခိုက်နေသည့် အရန်စစ်တပ်(RSF)ကို အကြမ်းဖက်အဖွဲ့အဖြစ် စာရင်း သွင်းမှု အပါအဝင် ဖိအားများ တိုးမြှင့်ရန်လည်း အယ်ဘာဟန်က တိုက်တွန်းခဲ့သည်။
အယ်ဘာဟန်သည် စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ ဆူဒန်၏ အရန်လက်ရုံး တပ်ဖြစ်သည့် (Rapid Support Forces - RSF) ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်းနှင့် ထိုအဖွဲ့သည် ရုရှား၏ ဝဂ်နာ ကြေးစားစစ်သားများနှင့် အဆက်အသွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ဆူဒန်စစ်တပ်ကိုတွေ့ရစဉ်
"ဒီစစ်ပွဲရဲ့ အန္တရာယ်က အခုဆိုရင် ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ခြိမ်းခြောက်လာပါပြီ။ သူပုန်တွေဟာ ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝန်းက မတူညီတဲ့ နိုင်ငံတွေက တရားမဝင်တဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ အကူအညီတွေကို ရရှိဖို့ ကြိုးပမ်းနေပါတယ်" ဟု အယ်ဘာဟန်က ပြောသည်။
ထို့ပြင် ဆူဒန်စစ်ပွဲသည် ဒေသတွင်းရှိ အခြားနိုင်ငံများကိုလည်း ပျံ့နှံ့သွားနိုင်ကြောင်း၊ ထိုလက်နက်ကိုင် အဖွဲ့များ ကို ထောက်ခံရန် ဒေသတွင်းနှင့် နိုင်ငံတကာ၏ ကြားဝင်စွက်ဖက်မှုများ ရှိနေသည်မှာ ရှင်းလင်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ကြောင့် ဆူဒန်စစ်ပွဲသည် ဒေသတွင်းနိုင်ငံများကို အရင်ဆုံး ပျံ့နှံ့နိုင်ကာ ဒေသတွင်း အပြင် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိလာနိုင်သည်ဟုလည်း ဆူဒန် စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါဂလိုကို တွေ့ရစဉ်
ဆူဒန်နိုင်ငံတွင် ဧပြီ ၁၅ ရက်မှစပြီး စစ်တပ်နှင့် အယဘာဟန်၏ လက်ထောက်ဟောင်း ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါဂလို (Mohamed Hamdan Dagalo) ဦးဆောင်သည့် RSF တပ်ဖွဲ့အကြား တိုက်ခိုက်မှုများ စတင် ဖြစ်ပွားခဲ့သည်။
ထိုစစ်ပွဲ စတင်ဖြစ်ပွားမှုအတွက် ဆူဒန်စစ်တပ်နှင့် RSF တို့က တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အပြစ်တင်ခဲ့ ကြပြီး နိုင်ငံအနောက်ပိုင်း ဒါဖာဒေသ အပါအဝင် နေရာဒေသ အများအပြားတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများ ကြောင့် လူပေါင်း ၇၅၀၀ ထက်မနည်း သေဆုံးခဲ့သည်။
ထို့ပြင် လူပေါင်း ၅ သန်းကျော်သည် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ဒေသတွင်း တည်ငြိမ်မှုပျက်ယွင်းမည့် အခြေအနေများ မြင့်တက်လာခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1015
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၂၂
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အရွယ်ရောက်ပြီးသူတိုင်းကို ကျောင်းသားများအတွက် ထုတ်ပေးသည့် ချေးငွေ (Student Loan) ကို ရရှိမည်ဖြစ်ကြောင်း ကျောင်းသား ချေးငွေ ရန်ပုံငွေအဖွဲ့ (Student Loan Fund - SLF) ၏ မန်နေဂါ ချိုင်နာရွန် ကတ်ချာပါနန် (Chainarong Katchapanan) က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ရှိရင်းစွဲ ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင် သင်ယူရန်နှင့် နောက်ထပ် ပညာရပ်အသစ်များ သင်ယူနိုင်ရန် သမားရိုးကျ ပညာရေးစနစ်မဟုတ်သည့် အဖွဲ့အစည်းများအား ယခုနှစ်ကုန်ပိုင်းမှစပြီး Student Loan ကို အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြား လူတိုင်းအတွက် ထုတ်ပေးမည်ဖြစ်သည်။
ထိုလုပ်ဆောင်မှုသည် SLF ထူထောင်သည့် ၁၉၉၆ ခုနှစ်မှစပြီး ပထမဆုံးအကြိမ် မူဝါဒအပြောင်းအလဲ တစ်ခုဖြစ် သည်။

ထိုင်းကျောင်းသူများကိုတွေ့ရစဉ်
ထိုပြောင်းလဲမှုသည် ၂၀၂၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် SLF အက်ဥပဒေအပေါ် အခြေခံပြီး ပညာရေး အခွင့်အလမ်းများ ကို ချဲ့ထွင်သည့် မူဝါဒနှင့် ကိုက်ညီနေသည်။
ထို့ပြင် ယခုနှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံ၏ သက်ကြီးပိုင်းလူဦးရေ မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းရန် သူနာပြု သင်တန်းကျောင်း (Nursing care Institution) ၂၀၀၀ ခန့်ကို ချေးငွေများ ထုတ်ပေးမည်ဟု မစ္စတာ ချိုင်နာရွန်က ပြောသည်။
ချေးငွေလျှောက်ထားသူတိုင်းသည် တစ်ဦးကို ဘတ် ၅၀၀၀၀ စီ ချေးငွေ ရယူနိုင်မည်ဖြစ်ပြီး ကနဦးအနေနှင့် လူပေါင်း ၂၀၀၀ ကို ထုတ်ပေးသွားမည်ဟု ၎င်းက ပြောသည်။
ပညာသင်ကြားချိန် နာရီ ၁၅၀ ထက်မပိုသည့် ကာလတို သင်တန်းများနှင့်အတူ သက်မွေးမှုပညာ သင်တန်း ကျောင်းများကဲ့သို့ သမားရိုးကျ မဟုတ်သည့် ပညာသင်ကြားမှု အဖွဲ့အစည်းများကို ချေးငွေထုတ်ပေးခြင်းဖြင့် လုပ်သားအင်အားစုများအား ကျွမ်းကျင်မှု တိုးတက်စေရန်နှင့် နောက်ထပ် ပညာရပ်အသစ်များ သင်ယူရေးအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။
သူနာပြုသင်တန်းများအပြင် ဟိုတယ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု (Hotel Management)၊ ရေအောက် ဂဟေဆော်မှု (Underwater Welding) နှင့် ရေပူစမ်း ရောဂါကုထုံး ပညာရပ် (Spa Therapy) များ အပါအဝင် ကာလတို ပညာသင်ကြားမှု စီမံကိန်းများကိုလည်း ချေးငွေထုတ်ပေးသွားမည် ဖြစ်သည်။

ထိုင်းတောင်ပိုင်းက ကျောင်းသူ ၂ ဦး အလံတင်နေစဉ်
ချေးငွေလျှောက်ထားမည့် ကျောင်းသားတိုင်းသည် ပုဂ္ဂလိက ပညာရေး ကော်မရှင်ရုံး (Office of th Private Education Commission) က အသိအမှတ်ပြုထားသည့် သက်မွေးမှုပညာရပ်ကဲ့သို့ သမားရိုးကျ မဟုတ်သည့် ပညာသင်ကြားရေး အဖွဲ့အစည်းများတွင် တစ်နှစ်ထက်မပိုသည့် ပညာသင်ကာလကို လျှောက်ထားရမည် ဖြစ်သည်။
ချေးငွေကာလကို နှစ်နှစ်ကြာ သတ်မှတ်မည်ဖြစ်သဖြင့် ချေးငွေကို နှစ်နှစ်အတွင်း အရစ်ကျ ပြန်လည်ပေးဆပ်ရ မည်ဖြစ်သည်။ ချေးငွေ ဘတ် ၅၀၀၀၀ ကို နှစ်နှစ်အတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်သဖြင့် ပျမ်းမျှ တစ်လလျှင် ဘတ် ၂၀၀၀ ကို အရစ်ကျ ပြန်လည်ပေးသွင်းရမည် ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 699
CNI International News
နယူးယောက်၊ စက်တင်ဘာ ၂၂
အီရန်နှင့် ရုရှားသည် စစ်ရေး-နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုကို ကာလကြာရှည်စွာ ထိန်းသိမ်းခဲ့သည်ဟု အီရန် သမ္မတ အီဘရာဟင်မ် ရာအီစီ (Ebrahim Raisi) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ရာအီစီသည် အီရန်သို့ ရောက်ရှိနေသည့်် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေ ရှိုင်ဂူ (Sergey Shoigu) ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးသည့် အနေဖြင့် အမေရိကန်နိုင်ငံ နယူးယောက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အီရန်သမ္မတ အီဘရာဟင်မ် ရာအီစီနဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
"အီရန်နဲ့ ရုရှားဟာ စစ်ရေးနဲ့ နိုင်ငံရေး နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို ကာလကြာရှည် ထိန်းသိမ်းထားခဲ့ ပါတယ်။ ကျနော်တို့ဟာ အဲဒီမူဘောင်အတွင်းမှာပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်" ဟု ရာအီစီက ပြောသည်။
ရှိုင်ဂူ၏ အီရန်ခရီးစဉ်နှင့် ပတ်သက်ပြီး မိမိတို့အနေနှင့် ရုရှားနှင့် အီရန် စစ်တပ်များထံမှ တရားဝင် မှတ်ချက်စကား များ ထုတ်ပြန်မှုကို စောင့်ဆိုင်းသင့်သည်ဟုလည်း အီရန်သမ္မတက ပြောသည်။
အီရန်နှင့် ရုရှားအကြား ထိပ်သီးညီလာခံများ အပါအဝင် ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်နေပြီး မိမိတို့၏ ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက် လုပ်ဆောင်မည်ဟုလည်း ရာအီစီက ပြောကြားခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1039
CNI International News
ကိယက်ဗ်၊ စက်တင်ဘာ ၂၂
ရုရှားသည် သီတင်းပတ် အနည်းငယ်အတွင်း ယူကရိန်း၏ ကိယက်ဗ်မြို့တော်နှင့် ယူကရိန်းနိုင်ငံတစ်ဝန်းကို အကြီးမားဆုံး ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
စက်တင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုများကြောင့် လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရကာ စွမ်းအင်စက်ရုံများ ပျက်စီးပြီး ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သည်ဟု ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံ အနောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ဒေသ ၅ ခုတွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက် ခဲ့ပြီး ပြီးခဲ့သည့်နှစ် ဆောင်းရာသီအတွင်း ယူကရိန်းပြည်သူများကို ဒေါသထွက်စေခဲ့သည့် အဓိက စွမ်းအင်စက်ရုံ များအပေါ် ရုရှား၏ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ကို အမှတ်ရစေခဲ့သည်။
"ရစ်ဗ်နီ (Rivne) ၊ ယက်တိုမြာ (Zhytomyr) ၊ ကိယက်ဗ် (Kyiv)၊ ဒီနီပရိုပက်ထရော့ဗ်စ် (Dnipropetrovsk)၊ ခါကိဗ် (Kharkiv) ဒေသတွေမှာ လျှပ်စစ်ဓာတ်အားအချို့ ပြတ်တောက်ခဲ့ပါတယ်"ဟု ယူကရိန်းအာဏာပိုင်များက ပြော သည်။

ဒုံးကျည်တစ်စင်းကိုတွေ့ရစဉ်
ရုရှားသည် ညသန်းခေါင်အချိန်တွင် ယူကရိန်းပစ်မှတ်များကို ခရုစ် (Cruise) ဒုံးကျည် ၄၃ စင်းဖြင့် ပစ်ခတ်ခဲ့ပြီး ယူကရိန်းလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ရုရှား၏ ဒုံးကျည် ၃၆ စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ် ဗယ်လာရီ ဇာလူချ်နီ (Valeriy Zaluzhnyi) က ပြောသည်။
ရုရှား၏ ဒုံးကျည်များသည် ယူကရိန်းလေပိုင်နက်အတွင်းသို့ ဘက်ပေါင်းစုံမှ ဝင်ရောက်လာခဲ့ပြီး လမ်းကြောင်း ပြောင်းလဲမှုများ ရှိခဲ့သည်ဟု ၎င်းက Telegram တွင် ရေးသားခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့် ကိယက်ဗ်မြို့တော်တွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူ ၇ ဦး ဒဏ်ရာရခဲ့သည်။
ပစ်ချခံခဲ့ရသည့် ဒုံးကျည် အပျက်အစီးများသည် မြို့တော်ခန်းမနှင့် လူမနေသည့် အခြားအဆောက်အအုံများပေါ်သို့ ကျခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု ဇာလူချ်နီက ပြောသည်။

ရုရှား ဒုံးကျည်တိုက်ခိုက်မှုကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်
ယူကရိန်းအလယ်ပိုင်း ချာကာစီ (Cherkasy) မြို့တွင်လည်း ရုရှား၏ ဒုံးကျည် တိုက်ခိုက်မှုများကြောင့် ဟိုတယ် တစ်ခုနှင့် ဈေးဆိုင်များ ပျက်စီးခဲ့ကာ လူ ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယူကရိန်းပြည်ထဲရေးဝန်ကြီး အိုင်ဟော် ကလီမန်ကို (Ihor Klymenko) က ပြောသည်။
ထို့ပြင် ချာကာစီ၊ ခါကိဗ်၊ ခါမယ်လ်နစ်စကီး (Khmelnytskiy) ၊ ရစ်ဗ်နီ ၊ ဗင်နစ်ရှာ (Vinnytsia) ၊ လစ်ဗျူ (Lviv) နှင့် အိုင်ဗန်နို-ဖရန်ကစ် (Ivano-Frankivsk) ဒေသများတွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ယူကရိန်း ပြည်ထဲ ရေးဝန်ကြီးဌာနနှင့် ဒေသဆိုင်ရာ အရာရှိများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 938
CNI International News
ဒူဘိုင်း၊ စက်တင်ဘာ ၂၁
ယီမင်နိုင်ငံ၏ ဟူရ်သီ (Houthi) သူပုန်များသည် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ဆော်ဒီအာရေဗျသို့ လာရောက်ခဲ့ပြီးနောက် ဆွေးနွေးညှိနှိုင်းမှုများသည် အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်ခဲ့မှုပေါ် ဆော်ဒီက စက်တင်ဘာ ၂၀ ရက်တွင် ချီးမွမ်းခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
သို့သော်လည်း ဆော်ဒီသည် အာရပ်ကမ္ဘာ၏ အဆင်းရဲဆုံး နိုင်ငံဖြစ်သည့် ယီမင်တွင် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်စေရန် ဟူရ်သီ သူပုန်အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများအား အသေးစိတ် ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
ဆော်ဒီသည် ၎င်းဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့၏ ယီမင်စစ်ဆင်ရေးကို အဆုံးသတ်ရန် ကြိုးပမ်းနေချိန်တွင် ဟူရ်သီ သူပုန်အဖွဲ့နှင့် ၅ ရက်ကြာ ထိပ်သီးအဆင့် ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယီမင်စစ်ပွဲသည် ဆော်ဒီနှင့် ၎င်း၏ ဒေသတွင်းပြိုင်ဘက် အီရန်တို့အကြား ကြားခံစစ် တစ်ခုအဖြစ် ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားခဲ့သော်လည်း ယခုနှစ် အစောပိုင်းတွင် ဆော်ဒီနှင့်အီရန်အကြား ဆက်ဆံရေး တင်းမာမှုများ လျော့ကျခဲ့သည်။
ဆော်ဒီနိုင်ငံခြားရေဝန်ကြီးဌာန၏ စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ချက်တွင် ယီမင်၌ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်ရန် အထောက်အကူဖြစ်စေမည့် လမ်းပြမြေပုံတစ်ခု ရရှိရေးအတွက် အရေးကြီးသည့် ဆွေးနွေးမှုများ၏ အပြုသဘောဆောင်သော ရလဒ်များကို ကြိုဆိုကြောင်း ဖော်ပြခဲ့သည်။

လက်နက်ကိုင်ထားသူ တစ်ဦးကိုတွေ့ရစဉ်
ဟူရ်သီ ကိုယ်စားလှယ်အဖွဲ့သည် ဆော်ဒီကာကွယ်ရေးဝန်ကြီး မင်းသား ခါလစ် ဘင် ဆယ်လ်မန် (Khalid bin Salman) နှင့်လည်း တွေ့ဆုံခဲ့သည်။
မင်းသား ခါလစ်သည် ဆော်ဒီ၏ သြဇာကြီးမားသည့် အိမ်ရှေ့စံ မိုဟာမက် ဘင် ဆယ်လ်မန် (Mohammed bin Salman) ၏ ညီတော်ဖြစ်သည်။
"ယီမင်အတွက် ဆော်ဒီရဲ့ အထောက်အပံ့တွေကို ကျနော် အလေးထား ပြောဆိုခဲ့ပါတယ်။ ပြီးတော့ ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုအောက်မှာ ပြည့်စုံကျယ်ပြန့်တဲ့ နိုင်ငံရေးအဖြေတစ်ခုကို ရရှိဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်ဖို့ ကျနော်တို့ရဲ့ ကတိကဝတ်ကိုလည်း ထပ်လောင်း အတည်ပြု ပါတယ်"ဟု မင်းသား ခါလစ်က ပြောကြားခဲ့သည်။
ဟူရ်သီအဖွဲ့၏ စေ့စပ်ညှိနှိုင်းရေးခေါင်းဆောင် မိုဟာမက် အဗ္ဗဒူ ဆာလမ် (Mohammed Abdul Salam) ကလည်း ဟူရ်သီအဖွဲ့သည် ဆော်ဒီနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ယီမင်ပြည်သူများ ခံစားနေရသည့် ဆင်းရဲဒုက္ခများကို ဖြေရှင်းရန်နှင့်် ယီမင်စစ်ပွဲကို အဆုံးသတ်ရန် အဓိပ္ပာယ်ပြည့်ဝပြီး ရေရည်တည်တံ့သည့် ဖြေရှင်းမှုနည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။
ဟူရ်သီများ ထိန်းချုပ်ထားသည့် ယီမင်၏ SABA သတင်းအေဂျင်စီကမူ ဟူရ်သီ ကိုယ်စားလှယ်အဖွဲ့သည် ဆော်ဒီမှ ယီမင်သို့ ပြန်လည် ရောက်ရှိလာကြောင်း ဖော်ပြခဲ့သော်လည်း ဆွေးနွေးပွဲ၏ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 866
CNI International News
မော်စကို၊ စက်တင်ဘာ ၂၁
အဇာဘိုင်ဂျန်နိုင်ငံက ခွဲထွက်ရေး လက်နက်ကိုင်တပ်ဖွဲ့များကို စစ်ဆင်ရေးပြုလုပ်နေသည့် နာဂေါ်နို-ကာရာဘက် (Nagorno-Karabakh) ဒေသတွင် တိုက်ခိုက်မှုများအား ချက်ချင်းရပ်တန့်ရန် ရုရှားက တိုက်တွန်းခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
တောင်ကော့ကေးဆပ် (South Caucasus) တွင် အာမေးနီးယားနိုင်ငံက ထိန်းချုပ်ထားသော နာဂေါ်နို-ကာရာ ဘက် ဒေသ၌ ခွဲထွက်ရေးဝါဒီများကို တိုက်ခိုက်ရန် အဇာဘိုင်ဂျန်က စစ်သားများစေလွှတ်ခဲ့သည့် စက်တင်ဘာ ၁၉ ရက်ကစပြီး တိုက်ပွဲများဖြစ်ပွားခဲ့ကာ လူပေါင်း ဒါဇင်ချီသေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
နာဂေါ်နို-ကာရာဘက်ဒေသသည် အဇာဘိုင်ဂျန်၏ နယ်မြေအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားသော်လည်း ထိုဒေသ၏ အချို့ နေရာများကို ခွဲထွက်ရေးဝါဒီ အာမေးနီးယားလူမျိုးများက ထိန်းချုပ်ထားသည်။
ထိုနေရာသည် ၎င်းတို့၏ မျိုးရိုးအစဉ်အဆက် နေထိုင်ခဲ့သည့် အမိမြေဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့ကိုတွေ့ရစဉ်
နာဂေါ်နို-ကာရာဘက်ဒေသသို့ စေလွှတ်ထားသည့် ရုရှား၏ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၂၀၀၀ သည် တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် ဒေသခံများကို ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းပေးနေသလို ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ ပြုလုပ်ပေးနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်တွင် ပြောကြား ခဲ့သည်။
"သွေးစွန်းမှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ရန်လိုမှုတွေကို ရပ်တန့်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်ပျက်စီးစေတဲ့ အခြေအနေကို ရပ်တန့်ဖို့ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့ တိုက်တွန်း ပါတယ် " ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အရပ်သားများကိုတွေ့ရစဉ်
အမေရိကန်နှင့် ပြင်သစ်ကလည်း ကာရာဘက် ခွဲထွက်ရေးဝါဒီများကို တိုက်ခိုက်နေသည့် အဇာဘိုင်ဂျန်၏ ထိုးစစ် ကို ချက်ချင်း ရပ်တန့်ရန် စက်တင်ဘာ ၁၉ ရက်က တိုက်တွန်းခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့် အရပ်သားနှစ်ဦး အပါအဝင် လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ကာ လူပေါင်း ၂၀၀ ကျော် ဒဏ်ရာ ရခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
အဇာဘိုင်ဂျန် အစိုးရအရာရှိများကမူ နာဂေါ်နို-ကာရာဘက်ဒေသရှိ ခွဲထွက်ရေးဝါဒီများ လက်နက်မချမချင်း ထိုးစစ်ဆင် တိုက်ခိုက်မှုကို ဆက်လက် လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။
"တရားမဝင် အာမေးနီးယား တပ်ဖွဲ့တွေဟာ အလံဖြူထောင် ရပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး အစီအစဉ်တွေကို အဆုံးအထိ ဆက်လက် လုပ်ဆောင်သွားမှာပါ" ဟု အဇာဘိုင်ဂျန် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 851
CNI International News
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁
ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အစည်းအဝေးတွင် ရုရှားအရာရှိများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံလိမ့်မည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဇာလန်းစကီးသည် နှစ်စဉ်ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ (UN General Assembly) ကို တက်ရောက်ရန် နယူးယောက်သို့ သွားရောက်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင် စစ်စိမ်းရောင်ဝတ်စုံဖြင့် အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့သည်။
ထိုမိန့်ခွန်းတွင် ရုရှားကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းခဲ့သည်။
စက်တင်ဘာ ၂၀ ရက်ကလည်း ဇာလန်းစကီးသည် လုံခြုံရေးကောင်စီတွင် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး ပြုလုပ်မည့် အထူးအစည်းအဝေးမှာ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ်ကို တွေ့ရစဉ်
လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံဖြစ်သည့် ရုရှားသည် မည်သည့် ဆုံးဖြတ်ချက်ကိုမဆို ပယ်ချရန် ဗီတိုအာဏာကို ကိုင်စွဲထားသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergie Lavrov) သည်လည်း နယူးယောက်သို့ စက်တင်ဘာ ၁၉ ရက် နှောင်းပိုင်းတွင် ရောက်ရှိခဲ့ပြီး သူသည် ဥရောပလေပိုင်နက်များကို ရှောင်ကွင်းကာ အမေရိကန်သို့ လေယာဉ် ဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ရုရှားနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ဟောင်းဖြစ်သည့် လာဗရော့ဗ်သည် လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ရန် ရှိ/မရှိနှင့် ဇာလန်းစကီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရန် ရှိ/မရှိကိုတော့ ရှင်းလင်းစွာ မသိရသေး ပေ။
ဇာလန်းစကီးနှင့် ရုရှားအရာရှိများ တွေ့ဆုံဖွယ်ရှိသည့် အခြေအနေသည် ကုလသမဂ္ဂ၏ မမေ့နိုင်စရာ အခိုက် အတန့်များထဲတွင် တစ်ခု အပါအဝင် ဖြစ်လာလိမ့်မည်ဟု ဝါရှင်တန်ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာ (Center for Strategic and Internatioanl Studies) မှ ကျွမ်းကျင်သူ မာတီ ဖလက်စ် (Marti Flacks) က ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို UN မှာတွေ့ရစဉ်
လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ပြင်သစ်၏ သံတမန်များသည် ထိုအစည်းအဝေးကို တက်ရောက်လိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) နှင့် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ကက်သရင်း ကိုလွန်နာ (Catherine Colonna) တို့က ပြောသည်။
လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌ နေရာကို ရယူထားပြီး ယူကရိန်းကို အခိုင်အမာ ထောက်ခံသည့် အယ်လ်ဘေးနီးယားနိုင်ငံကမူ အစည်းအဝေးကို တက်ရောက်လာမည့် ကိုယ်စားလှယ် ၆၀ အတွက် အမှာစကား များ ပြောကြားခွင့်ပေးရန် သဘောတူခဲ့သည်ဟု အစည်းအဝေး အစီအစဉ်များတွင် ဖော်ပြခဲ့သည်။
ထိုအစည်းအဝေးသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ရုရှား၏ ယူကရိန်းကျူးကျော်စစ် စတင်ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားနှင့် ယူကရိန်းအကြား သံတမန်ရေးရာ တိုက်ရိုက် ထိတွေ့ဆက်ဆံမှု ဖြစ်လာမည် ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 970
CNI International News
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁
ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး အားထုတ်ကြိုးပမ်းမှုများကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိစေရန် ဦးဆောင်ပြုလုပ်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
အဆိုပါ အားထုတ် ကြိုးပမ်းမှုအတွက် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံများအနေဖြင့် နျူကလီးယား လက်နက် မပိုင်သည့် နိုင်ငံများနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်လည်း ကီရှီဒါက တိုက်တွန်းခဲ့သည်။
ထို့ပြင် ကုလသမဂ္ဂတွင် တစ်ကြိမ်တစ်ခါမျှ မဆွေးနွေးရသေးသည့် နျူကလီးယားလက်နက် ထုတ်လုပ်မှု ပိတ်ပင် ရေး စာချုပ်ဖြစ်သည့် ၁၉၉၃ ခုနှစ် Fissile Materials Cutoff Treaty (FMCT) စာချုပ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှု များကို ပြန်လည် ပြုလုပ်ရန်လည်း ၎င်းက အဆိုပြုခဲ့သည်။

ဒုံးကျည်များရှေ့က ကလေးငယ်နဲ့မိခင် တစ်ဦးကိုတွေ့ရစဉ်
စက်တင်ဘာ ၁၉ ရက် အစောပိုင်းက ကီရှီဒါသည် နျူကလီးယားလက်နက် မပိုင်ဆိုင်သည့် သြစတြေးလျ၊ ဖိလစ်ပိုင်တို့နှင့်အတူ FMCT ထိပ်သီးအဆင့် ဆွေးနွေးပွဲကို ပူးတွဲဦးဆောင်ပြီး ကမကထ ပြုလုပ်ခဲ့သည်။
ဂျပန်သည် နျူကလီးယားလက်နက်များ မရှိသည့် ကမ္ဘာဖြစ်စေရန်အတွက် ပြည်ပနိုင်ငံများရှိ သုတေသန အဖွဲ့အစည်းများနှင့် ကျွမ်းကျင် ပညာရှင်အဖွဲ့များကို ရန်ပုံငွေ ထောက်ပံ့ရန် ယန်း ၃ ဘီလျံ (ဒေါ်လာ သန်း ၂၀) သုံးစွဲသွားမည်ဟု ဆိုသည်။
ရည်ရွယ်ချက်မှာ နျူကလီးယား လက်နက်များကို ပြည်ပရန်များမှ ကာကွယ်သည့် အဟန့်အတားဆိုသော စကားလုံးနှင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုသည့် စကားလုံးအကြား ရွေးချယ်မှုများကို ကျော်လွှား ဖြေရှင်းရန် ဖြစ်သည်ဟု ကီရှီဒါက ပြောသည်။

ပူတင်နဲ့ ဘိုင်ဒန်ကို နျူကလီးယား လက်နက်ပုံတူနဲ့အတူ တွေ့ရစဉ်
ကမ္ဘာ့ ပထမဆုံး နျူကလီးယားဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရသည့် ဂျပန်၏ ဟီရိုရှီးများမြို့မှ လွှတ်တော်အမတ်လည်း ဖြစ်သည့် ကီရှီဒါက နျူကလီးယားလက်နက် ဖျက်သိမ်းရေးသည် ၎င်း၏ အသက်တမျှ အရေးကြီးသည့် လုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ ဂျပန်သည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံမဟုတ်သည့်တိုင် နျူကလီးယား ဖျက်သိမ်းရေးအတွက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရုရှား၏ တရားဥပဒေ ချိုးဖောက်မှုကို ကီရှီဒါက ရှုတ်ချခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နျူကလီးယား ခြိမ်းခြောက်မှုများကို ရပ်တန့်ရန် အားထုတ်ကြိုးပမ်းမှုများအား ထပ်မံမြှင့်တင်ရန်လည်း တိုက်တွန်းခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဗီတိုအာဏာ အသုံးပြုမှုသည် ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲရန် ပြင်ဆင်နေ ချိန်တွင် အဖွဲ့အစည်းအတွင်း သဘောထား ကွဲလွဲမှုများနှင့် ယှဉ်ပြိုင်မှုများကို ပိုမိုဆိုးရွားစေကြောင်းလည်း ကီရှီဒါက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 914
CNI Internatioanl News
ဝါရှင်တန်၊ စက်တင်ဘာ ၂၀
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) သည် လာမည့်နှစ်တွင် ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း နေရာအတွက် စကားရည်လုပွဲကို တက်ရောက်မည် မဟုတ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုအစား ထရမ့်သည် စက်တင်ဘာ ၂၇ ရက်တွင် ဒက်ထရွိုက် (Detroit) မြို့တွင် မော်တော်ယာဉ်စက်ရုံ လုပ်သားများနှင့် အခြားကာယ လုပ်သားများကို မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း ၎င်း၏ လက်ထောက် တစ်ဦးက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်သည် သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ လျှပ်စစ်ကား မူဝါဒများကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး မော်တော် ယာဉ်စက်ရုံ လုပ်သားများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးပမ်းနေချိန်တွင် ထိုကဲ့သို့ မိန့်ခွန်းပြောကြားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

မော်တော်ယာဉ် စက်ရုံလုပ်သားများက ဘိုင်ဒန်အစိုးရကို ဆန္ဒပြနေကြစဉ်
ထို့ကြောင့် ထရမ့်အနေနှင့် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း နေရာအတွက် စကားရည်လုပွဲကို တက်ရောက်ရန် ဒုတိယအကြိမ်မြောက် ပျက်ကွက်မှု ဖြစ်လာမည်ဖြစ်သည်။
တရားရေးပြဿနာ အများအပြားနှင့် ရင်ဆိုင်နေရသည့်တိုင် ထရမ့်သည် ရီပတ်ဘလစ်ကန် ပါတီတွင် ၎င်း၏ အနီးကပ်ဆုံး ပြိုင်ဘက်ထက် အမှတ် ၅၀ ရာခိုင်နှုန်းနီးပါး အသာစီး ရရှိထားသည်ဟု မကြာသေးမီက ပြုလုပ်သည့် လူထုသဘောထား ကောက်ယူမှု စစ်တမ်းများတွင် ဖော်ပြခဲ့သည်။
ကာယလုပ်သား သမဂ္ဂ အဖွဲ့ဝင်များကို မိန့်ခွန်းပြောကြားမည့် အစီအစဉ်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက ဘိုင်ဒန်ကို မဲပေးခဲ့သည့် အလုပ်သမားလူတန်းစား မဲဆန္ဒရှင်များကို ၎င်းဘက်သို့ ပြန်လည်ဆွဲဆောင်ရန် ထရမ့်၏ မဲဆွယ်စည်းရုံးရေး အစီအစဉ်များထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်လာမည်ဖြစ်သည်။

မော်တော်ယာဉ် စက်ရုံလုပ်သားများက ဘိုင်ဒန်အစိုးရကို ဆန္ဒပြနေကြစဉ်
ပြီးခဲ့သည့် သီတင်းပတ်က မော်တော်ယာဉ် စက်ရုံလုပ်သားများ သမဂ္ဂ (United Auto Workers Union) သည် လုပ်ခလစာငွေနှင့်ပတ်သက်ပြီး အမေရိကန်၏ အကြီးဆုံး မော်တော်ကား ထုတ်လုပ်သည့်် ကုမ္ပဏီများကို ဆန့်ကျင်သည့် ဆန္ဒပြမှုကို စတင်ပြုလုပ်ခဲ့သည်။
ထို မော်တော်ယာဉ်လုပ်သား ပြဿနာသည် သမ္မတ ဂျိုးဘိုင်ဒန်အတွက် ကြီးမားသည့် နိုင်ငံရေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဘိုင်ဒန်သည် အလုပ်သမားသမဂ္ဂများကို ဆယ်စုနှစ်များစွာကြာ ထောက်ခံခဲ့သော်လည်း လုပ်ခလစာငွေနှင့် အခြား အကျိုးအမြတ်များနှင့်ပတ်သက်ပြီး ကုမ္ပဏီများ၊ အမှုဆောင်များနှင့် အငြင်းပွားခဲ့သည့် ဖြစ်စဉ်များတွင် ဘိုင်ဒန် သည် အလုပ်သမားများဘက်မှ လုံလောက်စွာ မရပ်တည်ပေးခဲ့မှုအပေါ် အလုပ်သမားသမဂ္ဂအချို့က ဒေါသထွက် နေကြသည်။
Source: ရိုက်တာ
