
- By CNI
- Category: နိုင်ငံရေး
- Hits: 1495
CNI International News
စင်ကာပူ၊ နိုဝင်ဘာ ၁၁
မြန်မာနိုင်ငံအပေါ် အာဆီယံ၏ နောက်ဆက်တွဲ ခြေလှမ်းများ အပါအဝင် ဒေသတွင်း ဖွံ့ဖြိုးရေးကိစ္စများကို နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့ ဆွေးနွေးခဲ့ ကြကြောင်း Channel News Asia သတင်းဝက်ဘ်ဆိုက်၌ ရေးသားထားသည်။
အကြိမ် ၄၀ မြောက်နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ရန် လီရှန်လွန်း သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာပြီးနောက် အင်ဒိုနီးရှားသမ္မတနှင့် အထက်ပါအတိုင်း တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
မစ္စတာလီနှင့် သမ္မတ ဂျိုကိုဝီတို့သည် နှစ်နိုင်ငံ အချင်းချင်းနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့ တွင် နှစ်ပေါင်းများစွာ အနီးကပ် လက်တွဲဆောင်ရွက်ခဲ့ကြပြီး တိုးတက်ကောင်းမွန်သည့် ပုဂ္ဂိုလ်ရေးဆက်ဆံမှုတို့ကို တည်ဆောက်ခဲ့ကြကြောင်း စင်ကာပူဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
အာဆီယံ အစည်းအဝေး ကျင်းပနေသည်ကိုတွေ့ရစဉ် (GETTY IMAGES)
ခေါင်းဆောင်နှစ်ဦးတို့သည် မြန်မာနိုင်ငံအပေါ် အာဆီယံ၏ နောက်ဆက်တွဲ ခြေလှမ်းများ အပါအဝင် ဒေသတွင်း ဖွံ့ဖြိုးရေး တိုးတက်မှု အခြေအနေများကို အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
မစ္စတာလီသည် လာမည့် သီတင်းပတ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ ကျင်းပမည့် စက်မှုထိပ်သီး (G-20) အစည်းအဝေးသို့လည်း တက်ရောက်ရန် ရှိနေကြောင်း၊ ဆွေးနွေးမှုများတွင် ပါဝင်လျက် အထောက်အကူပြုရန် မျှော်လင့်ထားကြောင်း စင်ကာပူဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ နေရာကို အင်ဒိုနီးရှားက လွှဲပြောင်းရယူသည့်အခါ စင်ကာပူ၏ အထောက်အကူ နှင့် အာဆီယံဥက္ကဋ္ဌ၏ တာဝန်ဝတ္တရားများအား အကောင်အထည်ဖော်ရန် စင်ကာပူအနေဖြင့် အင်ဒိုနီးရှားနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ဆက်လက် ရေးသားထားသည်။
အဆိုပါ နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံသည့် အစီအစဉ်သို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘလာခရစ်နန်းနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာစူဒီတို့လည်း တက်ရောက်ခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဟွန်ဆန်ကိုတွေ့ရစဉ်
မြန်မာနိုင်ငံ အခြေအနေများနှင့်ပတ်သက်၍ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အချင်းချင်း ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြ ကြောင်း ဒေါက်တာဘလာခရစ်နန်းက နိုဝင်ဘာ ၁၀ ရက်တွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားလွှင့်တင်ခဲ့သည်။
၎င်းသည် နိုဝင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဗာနှင့်လည်း တွေ့ဆုံခဲ့ သည်။
“နယူးယောက်မှာ သူ (ကူလီဗာ) နဲ့ ကျနော်တို့ နောက်ဆုံး တွေ့ပြီးကတည်းက အများကြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဝန်ကြီး ကူလီဗာကလည်း ရုရှားရဲ့ကျူးကျော်စစ်အပေါ် ယူကရိန်းကာကွယ် ခုခံနေတာနဲ့ပတ်သက်လို့ နောက်ဆုံး ဖြစ်ပေါ် တိုးတက်မှုတွေကို ပြောကြားခဲ့ပါတယ်” ဟု ဒေါက်တာဘလာခရစ်နန်းက ဖေ့စ်ဘွတ်ခ်တွင် ဆက်လက် ရေးသားထားသည်။
Source: Channel News Asia

- By CNI
- Category: နိုင်ငံရေး
- Hits: 833
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၁၁
ယူကရိန်းကို ပံ့ပိုးရန်အတွက် အမေရိကန်သည် တောင်ကိုရီးယားကာကွယ်ရေးပစ္စည်းထုတ်လုပ်သူများထံမှ ဟောင်ဝစ်ဇာအမြောက် အရေအတွက် ၁၀၀,၀၀၀ (တစ်သိန်း) ကို ဝယ်ယူသွားမည်ဖြစ်ကြောင်း အမေရိကန် အစိုးရတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းအရ သိရသည်။
အဆိုပါဝယ်ယူရေး သဘောတူညီချက်အတွက် နှစ်နိုင်ငံအစိုးရများသည် အချိန်အတန်ကြာအောင် ညှိနှိုင်းခဲ့ ကြသည်။
စစ်ပွဲအတွင်း ရုရှားတို့ သိမ်းယူခဲ့သောနေရာများကို ပြန်လည်သိမ်းယူသည့် တန်ပြန်ထိုးစစ်အတွက် အခွင့် ကောင်းယူရန် ယူကရိန်းခေါင်းဆောင်များက လက်နက်နှင့်အခြားအကူအညီများ ပိုရဖို့ ကြိုးပမ်းနေကြချိန်၌ အထက်ပါ သဘောတူညီချက် ထွက်ပေါ်လာခဲ့သည်။
ထို့အပြင် ယူကရိန်းသို့ အမေရိကန်၏ ပင်တဂွန်စစ်ဌာနချုပ်ထံမှ ဟောင်ဝစ်ဇာအမြောက်သုံး ခဲယမ်းမီးကျောက် များကို အဆက်မပြတ်လွှဲအပ်ပေးပို့နေရသဖြင့် လက်နက်သိုလှောင်ရုံအတွင်း ပစ္စည်းပြတ်လပ်သွားမည့်အရေး စိုးရိမ်နေကြသည့် အမေရိကန်စစ်တပ်အတွင်း အထူးသဖြင့် ကြည်းတပ်နှင့် မရိန်းတပ်ဖွဲ့များအကြား စိတ် သက်သာရာရစေသည်။
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ရှိ လွတ်လပ်ရေးရင်ပြင်(ဓါတ်ပုံ-အေပီ)
တောင်ကိုရီးယားနှင့် သဘောတူစာချုပ်ပါ အချက်အလက်များကို အခြားအမေရိကန်ကာကွယ်ရေးအရာရှိများက အတည်ပြုခဲ့ကြပြီး ယူကရိန်းတပ်ဖွဲ့များ အလျင်အမြန် သုံးစွဲနေသည့် ဟောင်ဝစ်ဇာခဲယမ်းမီးကျောက်များ အပါအဝင် လက်နက်သိုလှောင်နိုင်ရေးစွမ်းရည်ကို ဆက်လက်ပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့ကြသည်။
ယူကရိန်းသည် နေ့စဉ် အမြောက်ကျည်ဆန်ပေါင်း ၇,၀၀၀ ခန့် ပစ်ခတ်သုံးစွဲနေပြီး ရုရှားဘက်မှ နေ့စဉ် အမြောက်ကျည် ၂၀,၀၀၀ ခန့် ပစ်ခတ်နေကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက သတင်း ထောက်များကို ယခင်သီတင်းပတ်တွင် ပြောကြားခဲ့သည်။
သို့ရာတွင် တောင်ကိုရီးယားနှင့် လက်နက်ဝယ်ယူရေး သဘောတူညီချက်အသေးစိတ်ကိုတော့ အများသိစေရန် ထုတ်ပြန်ခြင်းမရှိကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိများက ပြောကြားခဲ့ကြသည်။
အမေရိကန်၏လက်နက်တိုက်အတွင်း လျော့ပါးလာသည့် အရေအတွက် ကန့်သတ်မထားသော ၁၅၅ မီလီမီတာ အမြောက်ကျည်များ တင်ပို့ရန်အတွက် ဆက်လက်ဆွေးနွေးနေကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
သို့သော် ယခုဆွေးနွေးနေမှုအခြေအနေမှာ အမေရိကန်သည် ယခုလက်နက်များကို နောက်ဆုံးသုံးစွဲသူ (end user) မည်သူမည်ဝါဖြစ်ရမည်ဟု အဆုံးအဖြတ်ပေးသူနေရာ၌ ရပ်တည်လျက် ယူဆောင်အသုံးပြုမည်ဖြစ်ကြောင်း၊ ဆိုးလ်အစိုးရသည် ယူကရိန်းထံသို့ လူအသေအပျောက်နည်းစေမည့် လက်နက်အထောက်အပံ့မျိုးသာ တိုက်ရိုက်ပေးအပ်သွားမည့် မူဝါဒကို ဆက်လက်ထိန်းသိမ်းထားကြောင်း အဆိုပါကြေညာချက်တွင် ရေးသား ထားသည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 1063
CNI International News
ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၀
နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပမည့် မလေးရှားနိုင်ငံ၏ ရွေးကောက်ပွဲ၌ အစဉ်အလာ ကြီးမားသော မလေး အမျိုးသား ပေါင်းစည်းရေးပါတီ (UMNO) သည် အရှိန်အဟုန်ဖြင့် တကျော့ပြန် ရေပန်းစားလာမည်ဟု မျှော်လင့် ရကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
၎င်းပါတီသည် အခွန်ဖြတ်တောက်မှုများနှင့် ပြုပြင်ပြောင်းလဲရေး အချို့အတွက် လူကြိုက်များ စေရန် အခွန် လျှော့ပေါ့ပေးမည်၊ ငွေကြေး အထောက်အပံ့များ သယ်ဆောင်လာမည်ဟု ကြေညာရင်း တည်ငြိမ်ရေး၊ ချမ်းသာ ကြွယ်ဝရေးတို့ကို ကြွေးကြော်နေသည်။
မလေးရှားနိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနိုင်သည့် နိုင်ငံရေးအင်အားစု တစ်ရပ်သည် အစိုးရအတွင်း အကျင့်ပျက်ခြစားမှုအပေါ် လူထုဒေါသကြောင့် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့သည်။
မလေး အမျိုးသား ပေါင်းစည်းရေးပါတီ (UMNO)ကိုတွေ့စဉ် (AP)
အဆိုပါ အင်အားစုသည် အစိုးရသစ်တွင် တစိတ်တပိုင်း ပါဝင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၌ ပြန်လည် အားယူခဲ့သော်လည်း ၎င်း၏နိုင်ငံရေး မဟာမိတ်များနှင့် ဆက်ဆံရေး ပျက်ပြားလာခဲ့သည်။ သို့ဖြစ်၍ ၎င်းအင်အားစု၏ ဗဟိုချက်ဖြစ် သော UMNO ပါတီသည် ပြန်လည် အာဏာရရှိရေးအတွက် လတ်တလော အားသွန်ခွန်စိုက် ကြိုးပမ်းနေရသည်။
ကွဲပြားနေသည့် အတိုက်အခံများနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးနှေး တုံ့ဆိုင်းနေ ခြင်းတို့အပေါ် ငြီးငွေ့နေသော မဲဆန္ဒရှင် ပြည်သူများထံမှ မဲများများ ရရှိရေးမှာ ပါတီ၏လိုလားချက် ဖြစ်သည်။
အခြားတဖက်တွင်လည်း UMNO ပါတီအတွင်း ၎င်း၏ ထိပ်တန်း ခေါင်းဆောင်များကို အကျင့်ပျက် ခြစားမှုဖြင့် တရားစွဲ ခံရနေပြီး ယုံကြည်မှု တည်ဆောက်ရေးအတွက် ဘတ်ဂျက်လိုငွေ ပြမှုကိုလည်း ရင်ဆိုင်နေရသည်။
မလေးရှားနိုင်ငံတွင် မုတ်သုံမိုးကြောင့် ရေကြီးရေလျှံ ဖြစ်နိုင်ခြေရှိသော်လည်း ရွေးကောက်ပွဲကို စောစောကျင်းပ ပေးဖို့ လိုလားချက်များလည်း ပြည်သူများအတွင်း ရှိနေသည်။
မလေး အမျိုးသား ပေါင်းစည်းရေးပါတီ (UMNO)ကိုတွေ့စဉ် (AP)
ပါတီ၏ ပြုပြင်ပြောင်းလဲရေး ပေါ်ပေါက်စေဖို့ တွန်းအားတစ်ရပ်မှာ ယခင်ရွေးကောက်ပွဲ ရှုံးနိမ့်ပြီး ၂၂ လအကြာ အစိုးရ အပြောင်းအလဲကြောင့် နောက်ပြန်ဆုတ် သွားခဲ့ကြောင်း ပြည်သူ့ရေးရာနှင့် နိုင်ငံရေး စွန့်စားမှုအကြံပေး KRA အဖွဲ့မှ မဟာဗျူဟာရေးရာ ဒါရိုက်တာ အေမာဖာရက်ရာဟင်က ပြောကြားခဲ့သည်။
“UMNO ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ အနည်းနဲ့အများဆိုသလို အလားအလာ အတူတူပါပဲ။ ဆိုလိုချင်တာ ကတော့ အပျက်သဘောဆောင်တဲ့ ခံယူချက်ဆိုင်ရာ ပြဿနာတွေနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှု အားနည်းတာတွေ ရှိနေသေးတယ်” ဟု ၎င်းက သုံးသပ်ပြသည်။
UMNO ဦးဆောင်ပါသော ဘာရီဆန် အမျိုးသားတပ်ဦး ညွန့်ပေါင်းအဖွဲ့သည် မလေးရှားနိုင်ငံ လွတ်လပ်ရေး ရပြီး ကတည်းက ၂၀၁၈ ခုနှစ်အထိ အုပ်ချုပ်လာခဲ့သည်။
ပါတီဥက္ကဋ္ဌသည် နိုင်ငံ၏ တရားဝင် အုပ်ချုပ်သူအဖြစ် ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်ရသည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 846
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၁၀
အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သမ္မတ ဘိုင်ဒန်က ရီပက်ဘလစ်ကန်များနှင့် လက်တွဲ လုပ်ဆောင်မည်ဟု ကတိ ပြုခဲ့သည်။
ထို့နောက် ဒီမိုကရက်တစ်ပါတီဝင်များ အပြိုင်အဆိုင် မဲဆွယ်မှုများကြားမှ မဲဆန္ဒရှင်ပြည်သူများ စိတ်ပျက်နေကြ သည်ကို နားလည်ပါကြောင်း ဘိုင်ဒန်က ဆက်လက် ပြောကြားခဲ့သည်။
အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်မှ စတင်ပြီး ကျင်းပနေသည်။
ထို့နောက် နိုဝင်ဘာ ၉ ရက်၌ ရီပက်ဘလစ်ကန်များ အောက်လွှတ်တော်ထဲ၌ အများစု နေရာရဖို့ ပိုမိုနီးကပ် လာ နေသည်။
ရွေးကောက်ပွဲတွင် ဘိုင်ဒန်နဲ့ ထရမ့် အားပြိုင်မှုကို ပြသထားစဉ်
အလားတူ အမေရိကန် အထက်လွှတ်တော်ကိုလည်း ရီပက်ဘလစ်ကန်များ ထိန်းချုပ်နိုင်ရေးမှာ ဟန်ချက်ညီညီ ဖြစ်ခဲ့သည်။
ရီပက်ဘလစ်ကန်ပါတီသည် စိန်ခေါ်သူများကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် နီဗားဒါးနှင့် အရီဇိုးနားပြည်နယ် များမှ အထက်လွှတ်တော် (ဆီးနိတ်)အတွက် ယှဉ်ပြိုင်မှုတွင် မဲအရေအတွက် ထောင်နှင့်ချီ၍ များပြားလွန်းလှ သဖြင့် ရက်များစွာတိုင်အောင် မဲရေတွက်မှု ပြီးစီးဦးမည် မဟုတ်ပေ။
အကယ်၍ ပါတီအသီးသီး၌ မဲများ ကွဲပြားသွားလျှင် အထက်လွှတ်တော်၏ ကံကြမ္မာသည် ဂျော်ဂျီယာပြည်နယ် တကျော့ပြန် ရွေးကောက်ပွဲ၌ နှစ်နှစ်အတွင်း ဒုတိယအကြိမ်အဖြစ် အလှည့်အပြောင်း ဖြစ်လာနိုင်သည်။
ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ရာဖယ်ဝါးနော့ (Raphael Warnock) နှင့် ရီပက်ဘလစ်ကန် ခေါင်းဆောင် ဟာရှယ်ဝေါ့ကာာ (Herschel Walker) တို့သည် လာမည့် ဒီဇင်ဘာလ ၆ ရက်၌ မကျေပွဲ ဆက်နွှဲနိုင်ကြရန် လိုအပ် သည့် မဲပမာဏ ၅၀ ရာခိုင်နှုန်းအထိ ထိရောက်စွာ ရရှိနိုင်ဖွယ် မမြင်ကြောင်း အက်ဒီဆင်သုတေသနဌာန (Edison Research) က ခန့်မှန်းတွက်ချက် ထားသည်။
ရီပက်ဘလစ်ကန် အမတ်များသည် အောက်လွှတ်တော်ရှိ ဒီမိုကရက်တစ်များ ထိန်းချုပ်ရန် လိုအပ်သည့် နေရာ ၂၁၈ နေရာကို ဝင်ရောက်၍ အစားထိုး နေရာယူကြရန် ဦးတည်နေကြရာ ယခုအခါ နေရာ ၂၁၀ အထိ ရရှိလာနိုင် သည့် အလားအလားရှိကြောင်း အက်ဒီဆင်သုတေသနဌာနက ဆက်လက် ခန့်မှန်းထားသည်။
အမေရိကန်နိုင်ငံသားများ မဲပေးနေစဉ်
သို့သော် နိုင်ငံရေးပါတီဝင် မဟုတ်သည့် ထိပ်တန်းခန့်မှန်းသူများ၏ အကဲဖြတ်ချက်ကို အခြေခံ၍ ရိုက်တာ သတင်း ဌာနက သုံးသပ်ကြည့်ရာတွင် မဲပြိုင်ဆိုင်မှု ၅၃ ခုအနက် ၂၁ ခုမှာ နိုဝင်ဘာ ၉ ရက် ညနေပိုင်းအထိ ဆိုင်းငံ့နေဆဲ ဖြစ်ကြောင်း တွေ့ရှိရသည်။
သို့ဖြစ်၍ နောက်ဆုံး မဲရလဒ်ကို အချိန်အတန်ကြာအောင် မသိရှိနိုင်သေးပေ။
အောက်လွှတ်တော် အမတ်အများစုသည်ပင်လျှင် ဒီမိုကရက်တစ်ပါတီမှ သမ္မတ ဂျိုးဘိုင်ဒန်ကို လာမည့် နှစ်နှစ် အတွင်း ရီပက်ဘလစ်ကန်များ၏ အဟန့်အတား ပေါ်ပေါက်စေရန် ခွင့်ပြုပေးမည်ဖြစ်ပြီး ဘိုင်ဒန်အပေါ် ဥပဒေအရ ပိတ်ဆို့မှုများနှင့် နိုင်ငံရေးအရ ထိခိုက်စေသော စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်စေသည်။
Source: Reuters

- By CNI
- Category: နိုင်ငံရေး
- Hits: 1388
CNI International News
ဘေဂျင်း၊ နိုဝင်ဘာ ၁၀
ကမ္ဘာ့ကြီး တည်ငြိမ်အေးချမ်းမှု ပျက်စီးလာခြင်းနှင့်အတူ စစ်ပွဲအတွက် ပြင်ဆင်ထားရန် တရုတ်သမ္မတ ရှီကျင့်ဖျင် က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ကို မှာကြားခဲ့ကြောင်း ဂါးဒီးယန်းသတင်းစာက ရေးသား ဖော်ပြသည်။
ရှီကျင့်ဖျင်သည် စစ်ပွဲအတွက် ပြင်ဆင်ရာ၌ မိမိတို့စွမ်းရည်အားလုံးကို အာရုံစိုက်ထားရန် တရုတ်ပြည်သူ့လွတ် မြောက်ရေး တပ်မတော် (PLA) ကို မှာကြားခဲ့သည်ဟု တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်တစ်ခုကို ကိုးကား၍ ဂါးဒီးယန်းသတင်းစာက ရေးသားဖော်ပြသည်။
မကြာသေးမီက ပါတီ၏ ထိပ်ဆုံးခေါင်းဆောင် တတိယသက်တမ်းကို ရယူခဲ့သော ရှီ၏ ဓာတ်ပုံများကို နိုဝင်ဘာ ၉ ရက်ထုတ် People Daily သတင်းစာ၏ ရှေ့မျက်နှာဖုံးတွင် ဖော်ပြထားသည်။ အဆိုပါ ပုံထဲတွင် စစ်ဘက် ကွပ်ကဲ ရေးဌာနတစ်ခုသို့ ရှီရောက်ရှိစဉ် PLA တပ်မတော် ယူနီဖောင်းကို ဝတ်ဆင်ထားသည်။
စစ်ပွဲအတွက် ပြင်ဆင်သည့်အခါ စစ်ရေးလေ့ကျင့်မှုကို အားကောင်းစေရမည်ဖြစ်ကြောင်း၊ မိုးကုပ်စက်ဝိုင်းပေါ်ရှိ အန္တရာယ်များသော မုန်တိုင်းများကို ဂရုစိုက်ကြရမည်ဖြစ်ကြောင်း ရှီသည် မကြာသေးမီက ပါတီညီလာခံ (ကွန်ဂရက်)တွင် သတိပေးခဲ့သည်။
“တိုက်ခိုက်ခြင်းအတွက် ရဲဘော်တို့ရဲ့ စွမ်းရည်အားလုံးကို အာရုံစိုက်ကြစေလိုတယ်။ တိုက်ပွဲဝင်ဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်ပြီး အနိုင်ယူဖို့ ရဲဘော်တို့ရဲ့ စွမ်းရည်တွေကို မြှင့်တင်ကြရမယ်” ဟု ၎င်းက တိုက်တွန်း မှာကြားခဲ့သည်။
Tai Wan ခေါင်းဆောင်ကိုတွေ့ရစဉ် (Reuters)
တရုတ်သည် တည်ငြိမ်သော်လည်း မသေချာ မရေရာသော လုံခြုံရေး အခြေအနေအောက်တွင် ရှိနေသဖြင့် PLA အနေဖြင့် တိုင်းပြည် အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးကို ပြတ်သားစွာ ကာကွယ်သွားရမည်ဟု ၎င်းက ဆက်လက် မှာကြားခဲ့သည်။
၂၀၁၃ ခုနှစ်တွင်လည်း အလားတူ စစ်ရေးပြင်ဆင်ဖို့ အာရုံစိုက်ကြရန် PLA တပ်ကို ရှီက အမိန့်ပေးခဲ့ဖူးသည်။
သို့သော် ရှီသည် ၂၀၁၇ ခုနှစ်နှင့် မကြာသေးမီက ပြောကြားခဲ့သည့် မိန့်ခွန်းများတွင် ပိုမိုသိသာစွာ တိုက်တွန်း မှာကြားခဲ့ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။
၂၀၁၆ ခုနှစ်တွင် PLA စစ်ဘက်ကွပ်ကဲရေးဌာနသို့ သွားရောက် စစ်ဆေးစဉ်ကလည်း တိုက်ခိုက်ရေး စွမ်းရည်တွင် သစ္စာရှိရှိ၊ သတ္တိရှိရှိဖြင့် ရဲဝံ့စွန့်စားစွာဖြင့် အနိုင်ယူစွမ်း ရှိကြရန် PLA တပ်အရာရှိများကို ရှီက မှာကြားခဲ့ဖူးသည်။
“သူက အမေရိကန်နဲ့ ထိုင်ဝမ်ကို သတင်းအချက်အလက် ပေးပို့နေတာဖြစ်တယ်။ တရုတ်စစ်အင်အားဟာ အမေရိကန်နဲ့ တန်းတူမဟုတ်သေးပေမယ့် ရှီရဲ့ဆုံးဖြတ်ချက်ဟာ ဆင်ခြင်တုံတရား တွက်ချက်အပေါ်မှာ အမြဲတမ်း အခြေခံထားတာ မဟုတ်ဘူး” ဟု ဝါရှင်တန်အခြေစိုက် ဂျိမ်းစ်တောင်းဖောင်ဒေးရှင်း (Jamestown Foundation) မှ ဝါရင့်ပညာရှင်တစ်ဦးဖြစ်သူ ဝီလီလမ် (Willy Lam) က သုံးသပ်ပြခဲ့သည်။
Source: The Guardian

- By CNI
- Category: နိုင်ငံရေး
- Hits: 848
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၉
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် စီးနင်းဖမ်းဆီးမှုများအတွင်း မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်အမှုများဖြင့် သံသယရှိသူ ၆၀,၀၀၀ ကို ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းအရ သိရသည်။
အဆိုပါ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးကို ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ခြင်းမှာ ၂၉ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း (APEC) ထိပ်သီးအစည်းအဝေးကို တက်ရောက်လာကြမည့် နိုင်ငံတကာ ခေါင်းဆောင်များအကြား ယုံကြည်မှု တိုးမြှင့်လာစေရန် အဓိကရည်ရွယ်ကြောင်း ဘန်ကောက်ပို့စ်က ဆက်လက် ရေးသားသည်။
ထိုင်းနိုင်ငံမှာ ကျင်းပမည့် APEC ဖိုရမ်ပြင်ဆင်မှုကိုတွေ့ရစဉ်(Reuter)
ဖမ်းဆီးရမိသော စာရင်းတွင် လက်နက်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် ခဲယမ်းမီးကျောက်များ အပါအဝင် မှုခင်း ၁၁,၈၁၁ မှုတွင် သံသယရှိသူ ၁၀,၄၅၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ စစ်သုံးလက်နက်ကြီး ၃၆ လက်၊ မှတ်ပုံ မတင်ထားသော သေနတ် ၅,၃၄၅ လက်၊ မှတ်ပုံတင်ထားသောသေနတ် ၉၃၆ လက်၊ ဖောက်ခွဲရေးပစ္စည်း ၄,၃၄၂ ခုနှင့် ကျည်ဆန် ၃၇ တောင့်တို့ သိမ်းဆည်းရမိကြောင်း ထိုင်းအမျိုးသားရဲချုပ် ဒမ်ရောင်ဆက်ကစ်ကီပရာပက်က နိုဝင်ဘာ ၈ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ပထမဆုံး ဖမ်းဆီးရမိသည့် သံသယ တရားခံများကိုတော့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် လက်နက် ထုတ်လုပ် ဖြန့်ဖြူးမှုဖြင့် တရားစွဲဆိုထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
မူးယစ်အမှုပေါင်း ၄၁,၈၀၃ မှုတွင် သံသယရှိသူ ၄၃,၀၂၇ ဦးကို ဖမ်းဆီးခဲ့ပြီး စိတ်ကြွဆေးပြား ၄၉ ဒသမ ၅၈ သန်း ကို သိမ်းဆည်း ရမိကြောင်း ၎င်းက ရှင်းပြသည်။
ထို့ပြင် ရဲတပ်ဖွဲ့ အလိုရှိသည့် ရာဇဝတ်မှုဖြင့် သံသယရှိသူ ၁၀,၀၀၀ အနက် ၄,၀၀၀ ခန့်ကို နောက်ဆုံး ဖမ်းဆီးမှု တွင် ထိန်းသိမ်းနိုင်ခဲ့ကြောင်း ထိုင်း ဒုတိယရဲချုပ် ဆူရာချက်ဟက်ပန်က ပြောကြားခဲ့သည်။
ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိထားတဲ့ လက်နက်များနဲ့ မူးယစ်ဆေးများကိုတွေ့ရစဉ် (Thai PBS)
သံသယရှိသူ အားလုံးအတွက် မှုခင်းဆေးပညာဆိုင်ရာ သက်သေအဖြစ် တင်ပြနိုင်ရန် ၎င်းတို့၏ DNA နမူနာများ ကိုလည်း စုဆောင်းထားပြီး ဖြစ်သည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ထိုင်းရဲ၊ ထိုင်းစစ်တပ်နှင့် အခြားလုံခြုံရေး၊ ထောက်လှမ်းရေးဌာနများသည် ယခုနောက်ဆုံး ဒုစရိုက်နှိမ်နင်းမှု စစ်ဆင်ရေးအတွက် အမေရိကန်မှ CIA နှင့် FBI တို့ဖြင့် လက်တွဲ ဆောင်ရွက်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်မှု ဆန့်ကျင်ရေး လေ့ကျင့်မှုကို နိုဝင်ဘာ ၁၁ ရက်၌ မိဖုရားကြီး သီရိခေတ် အမျိုးသားကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သလို APEC (အေပက်) ဖိုရမ်မတိုင်မီ လုံခြုံရေး တိုးမြှင့်ရန်အတွက် အထူး ကင်းလှည့် စောင့်ကြည့်မှုများကို ထိုင်းနိုင်ငံတဝန်း နိုဝင်ဘာ ၇ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
Source: Bangkok Post

- By CNI
- Category: နိုင်ငံရေး
- Hits: 1145
CNI International News
ဖနွမ်ပင်၊ နိုဝင်ဘာ ၉
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တော်၌ နိုဝင်ဘာ ၁၀ ရက် (မနက်ဖြန်)နေ့ စတင်ကျင်းပမည့် အာဆီယံ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးသည် ဦးစားပေး ဆွေးနွေးစရာဖြစ်နေကြောင်း အေပီ က ရေးသားဖော်ပြထားသည်။
မြန်မာ့တပ်မတော် အုပ်ချုပ်မှုအောက် ရောက်ရှိနေရသည့် မြန်မာနိုင်ငံသည် အာဆီယံ၏ ငြိမ်းချမ်းရေး အစီအစဉ် ကို လိုက်နာမည့် အရိပ်အယောင် မပြသခြင်းနှင့်အတူ အာဆီယံ ထိပ်သီး အစည်းအဝေးသည် မြန်မာပြည်တွင်း အကြမ်းဖက်မှု အရှိန်မြှင့်လာခြင်းအား တားဆီးပေးဖို့ စိန်ခေါ်ချက်များဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အေပီက ဆက်လက် ရေးသားခဲ့သည်။
ဝါရှင်တန်နှင့်ဘေဂျင်းတို့က အာရှ-ပစိဖိတ်ဒေသတွင် ဩဇာလွှမ်းမိုးရေး ပြိုင်ဆိုင်နေကြချိန်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ဖနွမ်ပင်မြို့၌ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က ကျင်းပခဲ့သော အာဆီယံ ထိပ်သီး အစည်းအဝေးကိုတွေ့ရစဉ်
အခြားတဖက်တွင်လည်း အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပမည့် စက်မှုထိပ်သီး G-20 အစည်းအဝေးကို လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ပါဝင်ကြမည်ဖြစ်သည်။
ထို့နောက် ဆက်လက်ကျင်းပမည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ စီစဉ်ထားသော အာရှ-ပစိဖိတ် စီးပွားရေးဖိုရမ် (APEC) သို့လည်း ၎င်းတို့ တက်ရောက်မည်ဟု မျှော်လင့်ရသည်။
၄ ရက်ကြာ ဆွေးနွေးကြမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာ့အရေးအပြင် တောင်တရုတ် ပင်လယ် ပြင်၌ အငြင်းပွားမှုများ၊ ကပ်ရောဂါမှ ပြန်လည်ထူထောင်ရေး၊ ဒေသတွင်း ကုန်သွယ်ရေးနှင့် ရာသီဥတု ပြောင်းလဲမှု တို့ကို ဦးစားပေး ဆွေးနွေးကြမည်ဟု မှန်းဆရသည်။
အဆိုပါ အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တရုတ်နှင့်ရုရှား နှစ်နိုင်ငံစလုံးမှ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဆာဂျေလာဗရော့တို့ ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ အသီးသီး စေလွှတ်ကြမည်ဟု ယူဆရသော်လည်း ရှီကျင့်ဖျင်ရော ပူတင်ပါ တက်ရောက်မည့် အလားအလာ နည်းပါးသည်။
အာဆီယံထိပ်သီး ခေါင်းဆောင်များနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုတွေ့ရစဉ်
အာဆီယံနိုင်ငံများ၌ ကြီးမားကျယ်ပြန့်စွာ ကျင်းပမည့် G-20 အစည်းအဝေးနှင့် APEC ဖိုရမ်တို့သည် ယူကရိန်းသို့ ရုရှားကျူးကျော်စစ် နောက်ပိုင်း ရုရှား၏ စွမ်းအင်ဈေးကွက် တိုးချဲ့ရှာဖွေရေး၊ ထောက်ပံ့ ပို့ဆောင်ရေး ကွင်းဆက် နှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့နှင့်လည်း ဆက်စပ်နေသည်။
ထို့ပြင် ထိုင်ဝမ်ကျွန်း အရေးကိစ္စနှင့် ပတ်သက်၍ တရုတ်အပေါ် ပြင်းထန်စွာ ထိုးနှက်ချက်နှင့် ကိုရီးယားကျွန်း ဆွယ် တင်းမာမှုလည်း မြင့်တက်လာခြင်းတို့နှင့်လည်း ဆက်စပ်နေသည်။
အာဆီယံ အစည်းအဝေးသို့ ဘိုင်ဒန် ကိုယ်တိုင် တက်ရောက်ခြင်းအားဖြင့် အမေရိကန်၏ အကျိုးစီးပွားများကို တွန်းအားပေး လာနိုင်ဖွယ်ရှိနေပြီး ဒေသတွင်း၌ ဝါရှင်တန်၏ အသစ်တဖန် ပေးအပ်လာမည့် ကတိကဝတ်များကို ထင်ရှားစွာ ပြသနိုင်လိမ့်မည်ဟု မလေးရှားမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးသိပ္ပံမှ ကျွမ်းကျင်ပညာရှင် သောမတ်ဒန်နီယယ် (Thomas Daniel) က ပြောကြားခဲ့သည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 887
CNI International News
နယူးဒေလီ၊ နိုဝင်ဘာ ၉
ယူကရိန်းသို့ ရုရှားကျူးကျော်ပြီးနောက် အိန္ဒိယအနေဖြင့် ရုရှားရေနံကို ဆက်လက်ဝယ်ယူတင်သွင်းသွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံးမော်စကိုခရီးစဉ်အတွင်း ပြောကြားခဲ့သည်ဟု အယ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။
ရုရှားကို စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်ရန် အနောက်အုပ်စုကြိုးပမ်းနေခြင်းကို တန်ပြန်သည့် လုပ်ရပ်လည်း ဖြစ်ကြောင်း သိရသည်။
မော်စကိုမြို့သို့ ရောက်ရှိနေသော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာသည် ရုရှားအစိုးရဘက်မှ စိုက်ပျိုးရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ဆိပ်ကမ်းများနှင့်ရေကြောင်းပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ ဓာတုပစ္စည်း၊ ဓာတ်မြေဩဇာ နှင့် ကုန်သွယ်ရေးတာဝန်ခံ အကြီးတန်းအရာရှိများနှင့် နိုဝင်ဘာ ၈ ရက်တွင် တွေ့ဆုံခဲ့သည်။
ရုရှားနှင့် ဆက်ဆံရေးသည် အိန္ဒိယအတွက် အရေးကြီးကြောင်း ၎င်းက ယခုခရီးစဉ်အတွင်း ထုတ်ဖော် ပြောကြား ခဲ့သည်။
“ရုရှားဟာ တည်ငြိမ်ပြီး အချိန်နဲ့တပြေးညီ အစမ်းသပ်ခံနိုင်တဲ့ မိတ်ဖက်ဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာကြာအောင် ကျနော်တို့ ဆက်ဆံရေးအပေါ်မှာ ရည်မှန်းချက်အကဲဖြတ်မှုတွေနဲ့အတူ ကျနော်တို့နှစ်နိုင်ငံစလုံးဟာ အမှန် တကယ်ပဲ ကောင်းကောင်းမွန်မွန် အကျိုးပြုတဲ့အကြောင်း အတည်ပြုနိုင်ပါလိမ့်မယ်” ဟု ဂျိုင်ရှန်ကာက ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရုရှားရေနံကန်တစ်ခုကို တွေ့ရစဉ်(ဓါတ်ပုံ-Shutterstock)
“ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ရေနံနဲ့သဘာဝဓာတ်ငွေ့သုံးစွဲသူအနေနဲ့ ဝင်ငွေအဆင့်လည်း သိပ်မမြင့်သေးတဲ့ ကျနော်တို့ အိန္ဒိယစားသုံးသူတွေဟာ နိုင်ငံတကာဈေးကွက်ထဲက အမြင့်ဆုံးစည်းကမ်းချက်တွေနဲ့ အနီးစပ်ဆုံး ရနိုင်ဖို့က ကျနော်တို့ရဲ့အခြေခံတာဝန်ဝတ္တရားပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“အိန္ဒိယ-ရုရှားဆက်ဆံရေးကို အားသာချက်တစ်ခုဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တာကို ကျနော်တို့ အခု မြင်တွေ့ ရပါပြီ။ အဲဒီအတွက် ကျနော်တို့အကျိုးရှိတယ်ဆိုရင် ဒီအတိုင်းပဲ ဆက်သွားချင်ပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဂျိုင်ရှန်ကာက ထပ်လောင်းပြောကြားခဲ့သည်။
ယူကရိန်းသို့ ကျူးကျော်ထိုးစစ်ကို ရုရှားအနေဖြင့် အထူးစစ်ဆင်ရေးဟု ကင်ပွန်းတပ်ခြင်းအား ပြတ်သားစွာ ရှုတ်ချခြင်းမရှိခဲ့သည့် အိန္ဒိယသည် အနောက်နိုင်ငံများမှ ဝယ်လက်များ ရုရှားရေနံကို မဝယ်ယူရေး လုပ်ဆောင်ချိန် ၌ တရုတ်ပြီးလျှင် ရုရှား၏အကြီးဆုံး ရေနံဖောက်သည် ဖြစ်လာခဲ့သည်။
အထက်ပါအတိုင်း ဂျိုင်ရှန်ကာ၏ကြေညာချက်သည် ယခုသီတင်းပတ်နှောင်းပိုင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ယဲလန် (Janet Yellne) ၏ ခရီးစဉ်မတိုင်မီ ပေါ်ထွက်လာခဲ့သည်။ လက်ရှိအခြေအနေတွင် အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် စက်မှုထိပ်သီး (G-7) နိုင်ငံများသည် ရုရှားရေနံဈေးကို ကန့်သတ်မည့်အစီအမံ ၇ ချက်ကို ဆွေးနွေးရန် မျှော်မှန်းထားကြသည်။
Source: Aljazeera

- By CNI
- Category: နိုင်ငံရေး
- Hits: 1069
CNI International News
ဘေဂျင်း၊ နိုဝင်ဘာ ၈
တိုင်ပေ(ထိုင်ဝမ်)အစိုးရနှင့် တရားဝင် အဆက်အသွယ်ဖြတ်ရန် ဗြိတိန်ကို ဘေဂျင်းအနေဖြင့် တိုက်တွန်းခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျောက်လီကျန်း (Zhao Lijian) က နိုဝင်ဘာ ၇ ရက်တွင် ကျင်းပ သည့် သတင်းစာရှင်းလင်းတွင် ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂရက်ဟမ်းစ် (Greg Hands) ၏ ထိုင်ဝမ်ခရီးစဉ်နှင့်ပတ်သက်၍ သဘောထား မှတ် ချက်ပေးစဉ် ၎င်းက အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
“တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့၊ ‘တရုတ်တစ်ပြည်ထောင်တည်း’မူဝါဒကို တိတိကျကျ လိုက်နာပြီး ထိုင်ဝမ်နဲ့ တရားဝင် အဆက်အသွယ်အားလုံး ဖြတ်တောက်ဖို့ ဗြိတိန်ကို တိုက်တွန်းခဲ့ပါတယ်” ကျောက်လီကျန်းက ပြောကြားခဲ့သည်။
ထိုင်ဝမ်၏ လွတ်လပ်ရေးကို ထောက်ခံအားပေးသည့် အပြုအမူမျိုးကို လန်ဒန်(ဗြိတိန်)အနေဖြင့် မလုပ်ဆောင်သင့် ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂရက်ဟမ်းစ်သည် ထိုင်ဝမ်ကျွန်းသို့ နှစ်ရက်ကြာ သွားရောက်ခဲ့ပြီး ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း လန်ဒန်က နိုဝင်ဘာ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂရက်ဟမ်းစ်နဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကို တွေ့ရစဉ် (GETTY IMAGES)
၎င်း၏ခရီးစဉ်အတွင်း ဟမ်းစ်သည် ထိုင်ဝမ်ရှိ ဗြိတိန်ကုမ္ပဏီများ၏ ပို့ကုန်နှင့်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်၊ ဘဏ္ဍာရေး၊ ဆေးဝါး၊ စားနပ်ရိက္ခာ ကဏ္ဍများ၌ ကုန်သွယ်မှု အဟန့်အတားများကို ဖြေရှင်းရန် ရည်ရွယ်ထားသည်။
ထို့ပြင် ဟိုက်ဒရိုဂျင် စွမ်းအင်နှင့် တပိုင်းလျှပ်ကူးပစ္စည်း (semi-conductors) ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို လည်း ဆွေးနွေးကြမည် ဖြစ်သည်။
ထိုင်ဝမ်အစိုးရ၏ ကိုယ်စားလှယ်များနှင့် အခြားနိုင်ငံများမှ တာဝန်ရှိသူများ အဆက်အသွယ် ပြုလုပ်တိုင်း ဘေဂျင်း က ဆန့်ကျင်နေကျ ဖြစ်သည်။
ယခုကဲ့သို့ ဟမ်းစ်၏ ထိုင်ဝမ် ခရီးစဉ်သည်လည်း ၎င်းတို့ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းနှင့် နှောင့်ယှက် ခြင်း အဖြစ် တရုတ်က ယူဆထားသည်။
ချန်ကေရှိတ် (၁၈၈၇-၁၉၇၅) ဦးဆောင်သည့် ကူမင်တန်တပ် အကြွင်းအကျန်များသည် တရုတ်ပြည်တွင်းစစ်တွင် ရှုံးနိမ့်ပြီးနောက် ထိုင်ဝမ်ကျွန်းကို ကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့် အစိုးရတစ်ရပ် ထူထောင်ခဲ့သည်။
တရားဝင် ရပ်တည်နေသော ဘေဂျင်းအစိုးရကတော့ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ် အစိတ်အပိုင်း တစ်ခုအဖြစ်သာ မှတ်ယူထားသည်။ ထိုသို့ မှတ်ယူခြင်းအပေါ် ရုရှား အပါအဝင် နိုင်ငံအများအပြား က ထောက်ခံခဲ့သည်။
Source: တာ့စ်သတင်းဌာန