- By CNI
- Category: နိုင်ငံရေး
- Hits: 909
CNI International News
မော်စကို၊ စက်တင်ဘာ ၂၉
မြေပြင်တွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့် ရုရှား၏ လုံခြုံရေးအကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားပြီး ယူကရိန်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ရုရှားက အသင့်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) က ပြောသည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
"ကျနော်တို့ရဲ့ သဘောထားက မပြောင်းလဲပါဘူး။ ကျနော်တို့ရဲ့ လုံခြုံရေး အကျိုးစီးပွားတွေအပေါ် ထားရှိတဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်နဲ့ မြေပြင်မှာ ဖြစ်ပွားနေတဲ့ လက်ရှိ အခြေအနေတွေကို ထည့်သွင်းစဉ်စားပြီး ယူကရိန်း နဲ့ သဘောတူညီမှုတွေ ပြုလုပ်ဖို့ ကျနော်တို့ဘက်က အသင့်ရှိပါတယ်"ဟု လာဗရော့ဗ်က တာ့စ်နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြေကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်စကီးကို တွေ့ရစဉ်
ခရိုင်းမီးယား(Crimea) နှင့် နိုဗိုရော့စီယာ (Novorossiya) ဒေသများရှိ ရုရှား၏ ပိုင်ဆိုင်မှုအားလုံးကို ဖျက်ဆီးရန် ကြေညာခဲ့သည့် ရုရှားနယ်စပ်အနီးရှိ ရန်လိုသော နာဇီစနစ်ဖန်တီးမှုအား တားဆီးရန်လည်း ပါဝင်သည်ဟု လာဗရော့ဗ်က ပြောသည်။
ယူကရိန်းနှင့် ရုရှားအကြား ဆွေးနွေးမှုများ နှောင့်နှေးကြန့်ကြာလေလေ၊ သဘောတူညီမှုတစ်စုံတစ်ရာ ရရှိရန် ခက်ခဲလေလေဖြစ်ကြောင်း လာဗရော့က ပြောသည်။
ထို့ပြင် ရုရှားနှင့် ဆွေးနွေးမှုများကို တားမြစ်ထားသည့် ယူကရိန်းသမ္မတ ဇာလန်စကီး (Volodymyr Zelensky) ၏ တားမြစ်ချက်ကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်းနှင့် ဆွေးနွေးမှုများပြုလုပ်ရန် လမ်းဖွင့်ပေးသင့်ကြောင်းလည်း လာဗရော့ဗ်က ပြောကြားခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1064
CNI International News
နယူးယောက်၊ စက်တင်ဘာ ၂၈
နျူကလီးယားလက်နက်များ အပြိုင်အဆိုင် တပ်ဆင်မှုသည် ကမ္ဘာကို ပျက်သုဉ်းစေမည့် အန္တရာယ်တစ်ခုကို ဆောင်ကြဉ်းလာကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Gutteres)က သတိပေးခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ကိုရီးယားကျွန်းဆွယ်ပေါ်တွင် နျူကလီးယား စစ်ပွဲဖြစ်ပွားလုနီး အခြေအနေအထိ ရောက်ရှိနေကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့ပြီးနောက် ဂူတာရက်စ်၏ သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံများသည် ၎င်းတို့၏ နျူကလီးယား လက်နက်များကို တိုးမြှင့်ထုတ်လုပ် ခြင်း၊ အဆင့်မြှင့်တင်မှုများ ပြုလုပ်နေခြင်းနှင့်အတူ ထိုနျူကလီးယား လက်နက်များ လျှော့ချရေးနှင့် ဖျက်သိမ်းရေး အတွက် အားထုတ်ကြိုးပမ်းမှုများကို ပြန်လည် လုပ်ဆောင်သင့်သည်ဟု ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို တွေ့ရစဉ်
"စိုးရိမ်ဖို့ကောင်းတဲ့ လက်နက်အပြိုင်အဆိုင် တပ်ဆင်မှု အခြေအနေသစ်တစ်ခု ပေါ်ပေါက်လာခဲ့ပါပြီ။ ဆယ်စုနှစ် တွေအတွင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားလက်နက် အရေအတွက် မြင့်တက်လာနိုင်ပါတယ်"ဟု ဂူတာရက်စ်က ကုလသမဂ္ဂ အထွေထွေညီလာခံ၏ နောက်ဆုံးနေ့ဖြစ်သည့် စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
"နျူကလီးယားလက်နက်တွေကို ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လို အခြေအနေမျိုးနဲ့မဆို အသုံးပြုတာဟာ လူသားချင်းစာနာထောက်ထားမှုအတွက် ကြီးမားတဲ့ ကပ်ဘေးတစ်ခုကို ဖြစ်စေနိုင်ပါလိမ့်မယ်။ နျူကလီးယား လက်နက်တွေရဲ့ ခြိမ်းခြောက်မှုက နောက်တစ်ကြိမ် မြင့်တက်လာခဲ့ပါပြီ။ ဒါဟာ ရူးသွပ်မှုတစ်ခုပါပဲ။ ကျနော်တို့ အနေနဲ့ နောက်ကြောင်း ပြန်လှည့်ရမှာပါ" ဟု ဂူတာရက်စ်က ပြောသည်။
ရုရှားနှင့် အမေရိကန်သည် နျူကလီးယား လက်နက် အများဆုံးနိုင်ငံများဖြစ်ပြီး တရုတ်၏ နျူကလီးယား လက်နက် အင်အားသည်လည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

ဗုံးကြဲမှုကို တွေ့ရစဉ်
ထို့အတူ မြောက်ကိုရီးယားသည်လည်း နျူကလီးယား လက်နက် စီမံကိန်းနှင့် ဒုံးကျည်စမ်းသပ်မှုများကို မကြာခဏ ပြုလုပ်လျက်ရှိသည်။
ကုလအထွေထွေညီလာခံတွင် မြောက်ကိုရီးယားသံအမတ် ကင်မ်ဆောင်း (Kim Song) က မိန့်ခွန်းပြောကြားခဲ့ရာ တွင် အမေရိကန်သည် ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားစစ်ပွဲ ဖြစ်ပွားမည့် အခြေအနေသို့ တွန်းပို့နေသည်ဟု စွပ်စွဲခဲ့သည်။
ထို့ပြင် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ (Yoon Suk Yeol) လက်ထက်တွင် တောင်ကိုရီးယားသည် အမေရိကန်၊ ဂျပန်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေမှုကိုလည်း ကင်မ်က ရှုတ်ချခဲ့သည်။
"ပြင်ပ အင်အားစုတွေကို အရမ်းမှီခိုလွန်းတဲ့ တောင်ကိုရီးယားရဲ့ မူဝါဒကြောင့် ကိုရီးယားကျွန်းဆွယ်ဟာ နျူကလီယားစစ်ပွဲ ချက်ချင်းဖြစ်ပွားမယ့် အခြေအနေကို ကြုံတွေ့နေရပါတယ်" ဟု ကင်မ်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1105
CNI International News
နယူးဒေလီ။ စက်တင်ဘာ ၂၈
ကနေဒါနိုင်ငံတွင် ဆစ်ခ်ဘာသာဝင် ခွဲထွက်ဝါဒီ ဟာဒိပ် ဆင်း နစ်ဂျား (Hardeep Singh Nijjar) သတ်ဖြတ်ခံ ရသည့် အသေးစိတ် အချက်အလက်များကို လေ့လာသုံးသပ်လိုကြောင်း ကနေဒါအစိုးရအား ပြောခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာ (Subramanyam Jaishankar) က ပြောကြောင်း CNA မှ ဖော်ပြခဲ့သည်။
နစ်ဂျား သတ်ဖြတ်ခံရမှုတွင် အိန္ဒိယ ထောက်လှမ်းရေး အေးဂျင့်များနှင့် ဆက်နွှယ်မှုရှိကြောင်း ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုး (Justin Trudeau) က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရကမူ ကနေဒါ၏ စွပ်စွဲချက်များကို ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး နယူးယောက်မြို့ရှိ ပြည်ပဆက်ဆံရေးကောင်စီတွင် မေးမြန်းခံရချိန်၌ ဂျိုင်ရှန်ကာက အိန္ဒိယ၏ သံတမန် ထိတွေ့ဆက်ဆံမှုများ အကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
"ပထမအချက်က ဒီဖြစ်စဉ်ဟာ အိန္ဒိယအစိုးရရဲ့ မူဝါဒ မဟုတ်ဘူးဆိုတာကို ကနေဒါကို ပြောခဲ့ပါတယ်။ ဒုတိယ အချက်က ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရရှိထားတဲ့ အသေးစိတ် အချက်အလက်တွေကို ကျနော်တို့ကို မျှဝေ ပေးဖို့ ကနေဒါကို ပြောခဲ့ပါတယ်"ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

သေဆုံးခဲ့သော ဆစ်ခ်ဘာသာဝင် ခွဲထွက်ဝါဒီ ဟာဒိပ် ဆင်း နစ်ဂျားရဲ့ ရုပ်ပုံကိုတွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်တွင် အိန္ဒိယသည် ကနေဒါနိုင်ငံများအတွက် ဗီဇာအသစ်များ ထုတ်ပေးမှုကို ဆိုင်းငံ့ခဲ့ပြီး အိန္ဒိယတွင် ကနေဒါ၏ သံတမန်ရေးရာ တည်ရှိမှုကို လျှော့ချရန် ကနေဒါအစိုးရကို တောင်းဆိုခဲ့သည်။
နစ်ဂျား သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ကနေဒါအစိုးက ထွက်ဆိုခဲ့သည့် အကြောင်းအရာများအပေါ် အိန္ဒိယ အစိုးရက ကနေဒါကို နားပူနားဆာ မလုပ်ခဲ့ကြောင်းနှင့် အသေးစိတ် အချက်အလက်များကို အိန္ဒိယထံ လွှဲပြောင်း ပေးရန်သာ တောင်းဆိုခဲ့ကြောင်း ဂျိုင်ရှန်ကာက ပြောသည်။
"နောက်ခံ အခြေအနေတွေမပါတဲ့ ရုပ်ပုံကားချပ်တစ်ခုဟာ မပြည့်စုံပါဘူး။ မကြာသေးခင် နှစ်တွေအတွင်း ကနေဒါ ဟာ စနစ်တကျ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ ခွဲထွက်ရေး အင်အားစုတွေ၊ အကြမ်းဖက်မှုတွေ၊ အစွန်းရောက်မှုတွေ အများကြီးကို မြင်တွေ့ခဲ့ရပါတယ်"ဟု ၎င်းက ဆိုသည်။
အမေရိကန် အပါအဝင် ကနေဒါ၏ မဟာမိတ်များကမူ ကနေဒါ၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး စိုးရိမ် ကြောင်း ဖော်ပြခဲ့ကာ ကနေဒါ၏ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပါဝင်ရန် အိန္ဒိယကို တိုက်တွန်းခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 1012
CNI International News
ဂျီနီဗာ၊ စက်တင်ဘာ ၂၈
ယူကရိန်း၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လွတ်လပ်ခွင့်များအား ဖိနှိပ်မှုအပေါ် တုံ့ပြန်ဆောင်ရွက်ရန် (၅၄) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေး (54th session of the UN Human Rights Council) တွင် ရုရှားကိုယ်စားလှယ်အဖွဲ့က တိုက်တွန်းခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
"ယူကရိန်းအာဏာပိုင်တွေရဲ့ တရားဥပဒေချိုးဖောက်မှုတွေနဲ့ အနိုင်ကျင့်မှုတွေကို တုံ့ပြန်ဆောင်ရွက်ဖို့ ကုလ သမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ သက်ဆိုင်ရာ အထူး လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်"ဟု ရုရှားကိုယ်စားလှယ် အဖွဲ့ဝင် တစ်ဦးဖြစ်သူ အီလ်ယာ ဘာမင် (Ilya Barmin) က ပြောကြားခဲ့သည်။
ယူကရိန်းအစိုးရ၏ အလုံးစုံ ယူကရိန်းဇာတ်သွင်းရေး (total Ukrainization) မူဝါဒသည် ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှု၊ မီဒီယာ၊ ရေဒီယိုနှင့် ရုပ်သံကဏ္ဍများကို ထိခိုက်စေကြောင်းလည်း ဘာမင်က ပြောသည်။
"ယူကရိန်းမှာ အစိုးရနဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ ပုံစံအားလုံးကို တရားစီရင်ပြီး အပြစ်ပေးတာတွေက ပိုပြီး ဆိုးရွားလာပါတယ်။ ခေတ်သစ် နာဇီ အုပ်စုတွေဟာ ယူကရိန်းနိုင်ငံအနှံ လွတ်လပ်စွာ လှုပ်ရှားနေပါတယ်" ဟု ဘာမင်က ယူကရိန်း အော်သိုဒို့စ် ဘုရားကျောင်းနှင့် ထိုဘုရားကျောင်း၏ ခရစ်ယာန်ဘုန်းတောင်ကြီးများ၊ အသင်း တော်အဖွဲ့ဝင်များကို ယူကရိန်းအစိုးရက ဖိနှိပ်နေသည့် အခြေအနေအား ရည်ညွှန်းပြောကြားခဲ့သည်။

ကုလဆိုင်ရာ ရုရှားကိုယ်စားလှယ်ကို တွေ့ရစဉ်
ယူကရိန်းတွင် လူမသိ၊ သူမသိ ပျောက်ကွယ်သွားရသူများနှင့် တစ်ဖက်သတ် ဖမ်းဆီးမှုများ ပျံ့နှံ့နေကြောင်းလည်း ဘာမင်က ပြောသည်။
ယူကရိန်း၏ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးအရာရှိများက ဖမ်းဆီးခံထားရသူများကို နှိပ်စက်ညှင်းပန်းမှုများ နှင့် အကြမ်းဖက်မှုများ စနစ်တကျ လုပ်ဆောင်နေသည်ဟုလည်း ၎င်းက ဆိုသည်။
"အဲဒါက လုံးဝကို လက်မခံနိုင်စရာပါပဲ။ ဘော်လ်တစ်နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေဟာ ယူကရိန်းမှာ ခေတ်သစ် နာဇီဝါဒကို အားပေးအားမြှောက် လုပ်နေပါတယ်။ နာဇီဝါဒီတွေ၊ စစ်ရာဇဝတ်ကောင်တွေနဲ့ ကြံရာပါတွေကတော့ ယူကရိန်းလွှတ်တော်မှာ ချီးကျူးဂုဏ်ပြုခံနေရပါတယ်"ဟု ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်က ပြောသည်။
(၅၄)ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် စက်တင်ဘာ ၁၁ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ပြုလုပ်နေခြင်း ဖြစ်သည်။
ရုရှားသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ကောင်စီ၏ အစည်းအဝေး များကို တက်ရောက်လေ့ရှိသည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 879
CNI International News
ဘေဂျင်း၊ စက်တင်ဘာ ၂၈
ထိုင်ဝမ်ကျွန်းအနီးတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်၏ စိတ်ကြီးဝင်နေ သော ခွဲထွက်ဝါဒီအင်အားစုကို တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်ဟု တရုတ်က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ယခုလအတွင်း တရုတ်၏ တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ဗုံးကြဲလေယာဉ်များ၊ စစ်သင်္ဘောများနှင့် တရုတ်၏ ရှန်တုန် (Shandong)လေယာဉ်တင်သင်္ဘောသည် ထိုင်ဝမ်ကျွန်းအနီးတွင် ဖြတ်သန်းမောင်းနှင်ခဲ့သည်ကို တွေ့ရှိခဲ့ ရကြောင်း ထိုင်ဝမ်က ပြောသည်။
တရုတ်၏ မြင့်တက်နေသည့် စစ်ရေးလှုပ်ရှားမှုများသည် ထိန်းချုပ်နိုင်စွမ်း မရှိသည့် ဖြစ်စဉ်များ၏ အန္တရာယ်ကို မြင့်တက်စေခဲ့ပြီး မတော်တဆ တိုက်ခိုက်မှုများကို ဖြစ်စေနိုင်သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတိ ပေးခဲ့သည်။

တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူးဖန်လျန်ကို တွေ့ရစဉ်
တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူးဖန်လျန်(Zhu Fenglian)ကမူ တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (PLA) ၏ စစ်ရေးလေ့ကျင့်မှုများကို စက်တင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်း ပွဲတွင် အတည် ပြုခဲ့သည်။
"စစ်ရေးလေ့ကျင့်မှုတွေရဲ့ ရည်ရွယ်ချက်ကတော့ စိတ်ကြီးဝင်နေတဲ့ ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ဝါဒီ အင်အားစု တွေနဲ့ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပြတ်ပြတ်သားသား တိုက်ခိုက်ဖို့ ဖြစ်ပါတယ်" ဟု ကျူးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်ဝမ် လွတ်လပ်ရေးအတွက် ရန်လိုမှုများကို ဆက်လက် လုပ်ဆောင်နေသမျှ ကာလပတ်လုံး တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် အမျိုးသား အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ဆက်လက် ကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုင်ဝမ် ဒုတိယသမ္မတ ဝီလျံလိုင်ကို တွေ့ရစဉ်
ထိုင်ဝမ်ပြည်သူများ အနေနှင့်လည်း အမှန်နှင့်အမှားကို ခွဲခြားသိမြင်ရန်၊ ထိုင်ဝမ်လွတ်လပ်ရေးကို ပြတ်သားစွာ ဆန့်ကျင်ရန်၊ ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအား ထိန်းသိမ်းရန်၊ တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် စသဖြင့် ကျူးက တိုက်တွန်းခဲ့သည်။
ထိုင်ဝမ်တွင် လာမည့်နှစ် ဇန်နဝါရီလအတွင်း ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရန် ရေပန်းစားနေသည့် ဒုတိယသမ္မတ ဝီလျံလိုင်(William Lai)ကတော့ တရုတ်သည် ထိုင်ဝမ်ကို သိမ်းပိုက်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။
လိုင်သည် ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံအားပေးသည့် မှတ်ချက်စကားများ ပြောကြားခဲ့သဖြင့် တရုတ် အစိုးရက ၎င်းကို နှစ်သက်ခြင်း မရှိခဲ့ပေ။
မည်သို့ပင်ဆိုစေ လိုင်က သူသည် ရှိရင်းစွဲအခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းမည်မဟုတ်ဘဲ တရုတ်အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်လိုကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 983
CNI International News
ဆိုးလ်၊ စက်တင်ဘာ ၂၇
တောင်ကိုရီးယားသည် ဆယ်စုနှစ် တစ်စုအတွင်း ပထမဆုံးအကြိမ်အဖြစ် အကြီးစား စစ်ရေးပြ အခမ်းအနား တစ်ခုကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပြီး ပဲ့ထိန်းဒုံးကျည်များနှင့် တင့်ကားများကို ဆိုးလ်မြို့တော်တွင် လှည့်လည်ပြသခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
တောင်ကိုရီးယားသည် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ထိုစစ်ရေးပြ အခမ်းအနားကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားအား သတိပေးသည့်အနေဖြင့် ၎င်း၏ စစ်အင်အားကို ပြသခဲ့ခြင်းလည်း ဖြစ်သည်။
ပုံမှန်အားဖြင့် တောင်ကိုရီးယားသည် တပ်မတော်နေ့ အထိမ်းအမှတ်များကို ယခုကဲ့သို့ ခမ်းနာကြီးကျယ်စွာ စစ်ရေးပြ အခမ်းအနား ပြုလုပ်ခြင်း မရှိခဲ့ပေ။
သို့သော် မြောက်ကိုရီးယားသည် ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) လက်ထက်တွင် စစ်ရေးပြ အခမ်းအနားများကို ခမ်းနားကြီးကျယ်စွာ ပြုလုပ်ခဲ့ပြီး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) များကို ထုတ်ဖော်ပြသခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲကို တွေ့ရစဉ်
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) က ဆိုးလ်လေတပ်စခန်း (Seoul Air Base) တွင် မိန့်ခွန်း ပြောကြားခဲ့ရာတွင် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်အသုံးပြုမည့် ခြိမ်းခြောက်မှုကို ဆန့်ကျင် ကြောင်းပြောကြားခဲ့သလို စစ်ရေးနှင့် ကာကွယ်ရေးကဏ္ဍများကို တိုးမြှင့်မည်ဟု ကတိပြုခဲ့သည်။
"တကယ်လို့ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေကို အသုံးပြုမယ်ဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားက သာလွန်အင်အားနဲ့ တုံ့ပြန်ပြီး မြောက်ကိုရီးယား အစိုးရကို အဆုံးသတ်ပစ်မယ်"ဟု ယွန်းက ပြောကြားခဲ့သည်။

တောင်ကိုရီးယားရဲ့ စစ်ရေးပြ အခမ်းအနားကို တွေ့ရစဉ်
စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့သည့် တောင်ကိုရီးယား၏ စစ်ရေးပြ အခမ်းအနားတွင် ထောင်နှင့်ချီသည့် တောင်ကိုရီးယား စစ်သားများ၊ ပြည်တွင်းလုပ် တင့်ကားများ၊ အမြောက်များနှင့်အတူ တောင်ကိုရီးယားတွင် တပ်စွဲထားသည့် အမေရိကန်စစ်သား ၂၈၅၀၀ အနက် ၃၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
တောင်ကိုရီးယားတွင် ယခုကဲ့သို့ အကြီးစား စစ်ရေးပြ အခမ်းအနားကို ၂၀၁၃ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားတွင် တပ်မတော်နေ့အဖြစ် တရားဝင် သတ်မှတ်ထားသည့် အောက်တိုဘာ ၁ ရက်တွင် စစ်ရေးပြ အခမ်းအနားများကို နှစ်စဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုနှစ်တွင် အစိုးရရုံးပိတ်ရက်များနှင့် တိုက်ဆိုင်နေ သဖြင့် စစ်ရေးပြ အခမ်းအနားကို ကြိုတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 1231
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၂၇
တရုတ်ကို တန်ပြန်ရန်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)သည် ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်း ဆောင်များကို တွေ့ဆုံကာ စည်းရုံးနေကြောင်း The Japan Times မှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)သည် စက်တင်ဘာ ၂၅ ရက်က ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် ပစိဖိတ် ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များနှင့် အစည်းအဝေး ပြုလုပ်ခဲ့ချိန်တွင် ထိုကျွန်းနိုင်ငံများအပေါ် ထားရှိသည့် အမေရိကန်၏ ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့သည်။
ပစိဖိတ်ဒေသတွင် တရုတ်၏ သြဇာလွှမ်းမိုးမှု မြင့်တက်နေသည့် အခြေအနေကို တန်ပြန်ရန် ရည်ရွယ်သည့် အနေဖြင့် ဘိုင်ဒန်သည် ပစိဖိတ်ကျွန်းနိုင်ငံများကို စည်းရုံးရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ဘိုင်ဒန်နဲ့ ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များကိုတွေ့ရစဉ်
ထိုအစည်းအဝေးတွင် အမေရိကန်၏ ပထမဆုံး ပစိဖိတ် မိတ်ဖက်ဆက်ဆံရေး မဟာဗျူဟာကို ချပြသည့်အနေဖြင့် ပစိဖိတ်ဒေသအတွက် အမေရိကန်၏ အစီအစဉ်များအား ကြေညာခဲ့သည်။
အဆိုပါ အစီအစဉ်များအနက် ပစိဖိတ်ဒေသတွင် ရာသီဥတုအရေး၊ လုံခြုံရေးနှင့် စီးပွားရေး စီမံကိန်းများအတွက် ထပ်ဆောင်း အကူအညီအဖြစ် ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မှုနှင့်အတူ ပစိဖိတ်ဒေသတွင် အမေရိကန်၏ သံတမန်ရေး ခြေကုပ်ယူမှုကို ချဲ့ထွင်ခဲ့သည်။
တရုတ်သည် ပစိဖိတ်ဒေသ၏ ဟာကွက်များကို ဖြည့်ဆည်းရန် ကြိုးပမ်းနေချိန်တွင် အမေရိကန်သည် ပစိဖိတ် ကျွန်းနိုင်ငံများကို လုံလောက်စွာ ထောက်ပံ့ခဲ့ခြင်း မရှိကြောင်း ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အိမ်ဖြူတော်တွင် ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များနှင့် အစည်းအဝေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဘိုင်ဒန်နဲ့ ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များကိုတွေ့ရစဉ်
"နောက်ဆုံးမှာတော့ အမေရိကန်ဟာ ပစိဖိတ်ကျွန်းနိုင်ငံတွေရဲ့ လိုအပ်ချက်တွေကို နားထောင်လာတဲ့ပုံ ပေါ်ပါ တယ်။ ရာသီဥတုအရေး၊ ဆက်ဆံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ၊ ဒါမှမဟုတ် ပင်လယ်ရေကြောင်းဆိုင်ရာ အရေးကိစ္စတွေအပြင် ဘယ်လို အခြေအနေတွေ အတွက်ပဲဖြစ်ဖြစ် အခုလို အစည်းအဝေး ကျင်းပလိုက်တာဟာ ပစိဖိတ်ကျွန်းနိုင်ငံတွေရဲ့ အရေးကြီးတဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးလိုက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါ တယ်"ဟု အမေရိကန်အခြေစိုက် ကျွမ်းကျင်ပညာရှင် အဖွဲ့ဖြစ်သည့် Rand Corp မှ နိုင်ငံရေးသိပ္ပံပညာရှင် ဂျက်ဖရိ ဟော်နန်း (Jeffery Hornung) က ပြောကြားခဲ့သည်။
သို့သော် အမေရိကန်၏ ကူညီထောက်ပံ့ရေး အစီအစဉ်သစ်များသည် တရုတ်ဘက်သို့ ယိမ်းလာသည့် ပစိဖိတ် ကျွန်းနိုင်ငံအချို့ကို အမေရိကန်ဘက်သို့ ပြန်လည်ဆွဲဆောင်ရန် လုံလောက်မည် အခြေအနေ ရှိ/မရှိကိုမူ ရှင်းလင်း စွာ မသိရသေးပေ။
တရုတ်သည် "အားလုံးနှင့် မိတ်ဆွေဖြစ်ရေး၊ ရန်သူမရှိရေး" (Friends to all, Enemies to none) ဆိုသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေပြီး ၎င်း၏ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် ကြိုးပမ်းလျက်ရှိသည်။
ထို့ကြောင့် အမေရိကန်နှင့် ၎င်း၏ ဒေသတွင်း မဟာမိတ်များသည် ပစိဖိတ်ဒေသတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို စိုးရိမ်နေပြီး သေးငယ်သည့် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများအား တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ် သည်။
Source: Japan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 1222
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၂၇
ယခုသီတင်းပတ်အတွင်း ပြုလုပ်မည့် ထိုင်းနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့၏ အစည်းအဝေးတွင် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် ပြဿနာကို အဓိကထား ဆွေးနွေးသွားမည်ဟု ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟီဒါ နူကာရာ (Parnpree Bahiddha-Nukara) က ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
အွန်လိုင်းမှ ငွေကြေး လိမ်လည်သူများသည် စိတ်ပျက်စရာကောင်းပြီး ထိုင်းပြည်သူများကို အလွန်ထိခိုက် နစ်နာ စေခဲ့ကာ ထိုလိမ်လည်မှုများအား ချက်ချင်း တိုက်ဖျက်ရန် လိုအပ်သည်ဟု ပန်ပရီက ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက် (Hun Manet)တို့သည် စက်တင်ဘာ ၂၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တော်၌ တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟီဒါ နူကာရာကို တွေ့ရစဉ်
ထိုင်းဝန်ကြီးချုပ် ဆရီသာသည် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ နိုင်ငံ များအသင်း (အာဆီယံ) အစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။
ထို့ကြောင့် ထိုအစည်းအဝေးသည် ဆရီသာအတွက် ထိုင်းဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ် တက်ရောက်မည့် အာဆီယံ အစည်းအဝေး ဖြစ်လာမည်ဖြစ်သည်။
ထိုင်းနိုင်ငံသည် အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို အမြတ်ဖြတ် ချေမှုန်းရန် ဆန္ဒရှိနေသည်ဟု လည်း မစ္စတာ ပန်ပရီက ပြောသည်။
ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် ပန်ပရီသည် ကမ္ဘောဒီးယား၏ အော်ဒါ မင်းချေး (Oddar Meanchey) ခရိုင်ရှိ ဘန် စတန်း ဘော့ (Ban Stung Bot) မြို့နှင့် ထိုင်း၏ အာရန်ယာပရာသက် (Aranyaprathet) ခရိုင်ရှိ ဘန်နောင်အိုင်ရန် (Ban Nong Ian) နှင့် ဆက်သွယ်ထားသည့် ထိုင်း-ကမ္ဘောဒီးယား ချစ်ကြည်ရေးတံတား (Thai-Cambodian Friendship Bridge) တည်ဆောက်နေသည့် အခြေအနေများကို လေ့လာကြည့်ရှုရန် ဆာကီယို ပြည်နယ်သို့ စက်တင်ဘာ ၂၅ ရက်က သွားရောက်ခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယား ချစ်ကြည်ရေးတံတားကို တွေ့ရစဉ်
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ သြဂုတ်လအကြား ဆာကီယိုပြည်နယ်တွင် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် ဘတ် ၁၀၃ ဒသမ ၆ ဘီလျံအထိ ရှိခဲ့သည်ဟု ပန်ပရီက ပြောကြားခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်ရှိ စတုရန်းကီလိုမီတာ ၁၀၀ အကျယ်ရှိသည့် နယ်မြေဒေသတွင် မြေမြှုပ်မိုင်းများ ကို ရှင်းလင်းရန်အတွက် ထိုင်းစစ်တပ်က တာဝန်ယူ လုပ်ဆောင်ခဲ့သည်ဟုလည်း ပန်ပရီက ပြောသည်။
လက်ရှိတွင် ထိုနယ်မြေဒေသတွင် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်သည် တိုးတက်မှုများ ရရှိနေပြီး မိုင်းရှင်းလင်းရေး အတွက် ကျန်ရှိသည့် မြေနေရာသည် ၅ ဒသမ ၉ စတုရန်းကီလိုမီတာသာ ကျန်ရှိတော့ကြောင်းလည်း ပန်ပရီက ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 1313
CNI International News
အင်ဖာ၊ စက်တင်ဘာ ၂၆
မြန်မာနိုင်ငံတွင် တားမြစ်ပိတ်ပင်ခံထားရသည့် လက်နက်ကိုင်အဖွဲ့များသည် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် မဏိပူရပြည်နယ်ရှိ လူမျိုးစုအဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်မှုများပြုလုပ်ရန် အလုပ်သမားများ အား တပ်သားသစ်အဖြစ် စုဆောင်းနေသည်ဟု အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (national investigation agency) က ပြောကြားခဲ့ကြောင်း North East Now မှ ဖော်ပြခဲ့သည်။
မဏိပူရပြည်နယ်တွင် တရားမဝင်အဖွဲ့အဖြစ် သတ်မှတ်ခံထားရသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army- PLA) က လေ့ကျင့်သင်ကြားပေးခဲ့သူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် NIA ၏ အစီရင်ခံစာ ထွက်ပေါ်လာခဲ့သည်။
အသက် ၄၅ နှစ်အရွယ် မိုရန်သမ် အာနန် ဆင်း (Moirangthem Anand Singh) အမည်ရှိ အမျိုးသားသည် စက်တင်ဘာ ၁၆ ရက်က မဏိပူရရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သူ ၅ ဦးထဲတွင် ပါဝင်ခဲ့ပြီး ခေတ်မီဆန်းပြားသည့် လက်နက်များ ကိုင်ဆောင်မှုနှင့် ရဲတပ်ဖွဲ့ယူနီဖောင်း ဝတ်ဆင်မှုတို့ဖြင့် တရားစွဲခံထားရသည်။
ထိုဖမ်းဆီးရမိသူ ၅ ဦးစလုံးကို ဒေသန္တရ တရားရုံးက အာမခံဖြင့်် ပြန်လည်လွှတ်ပေးခဲ့သော်လည်း NIA က အာနန် ဆင်းကို ပြန်လည်ဖမ်းဆီးခဲ့ပြီး ဒေလီ (Delhi) သို့ ပို့ဆောင်ခဲ့သည်။

မဏိပူရပြည်နယ်မှာ ကသည်းလူမျိုးနှင့် ကူကီးလူမျိုး အဓိကရုဏ်းဖြစ်ပွားနေကြစဉ်
မဏိပူရတွင် လူမျိုးရေး မတည်ငြိမ်မှုများကို အသုံးချပြီး အိန္ဒိယအစိုးရအား စစ်ပွဲဆင်နွှဲရန် မြန်မာအခြေစိုက် လက်နက်ကိုင်အဖွဲ့ဝင်များကို နိုင်ငံဖြတ်ကျော် ပူးပေါင်းကြံစည်မှုနှင့် ဆက်နွှယ်သည့် အမှုတစ်ခုဖြင့် ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု NIA က ပြောသည်။
မဏိပူရတွင် လက်ရှိဖြစ်ပွားနေသည့်် မငြိမ်မသက်မှုများကို အသုံးချပြီး လူမျိုးစုအဖွဲ့များအား ဆန့်ကျင်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ရန် အကြမ်းဖက်အဖွဲ့များသည် မြေပြင်လုပ်သားများ၊ ကေဒါများနှင့် ထောက်ခံ အားပေးသူများအား စုစည်းနေပြီး မြန်မာရှိ အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အချက်ကို ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု NIA က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်ဖို့ မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘိုင်ရန်ဆင်း လေ့လာနေစဉ်
မြန်မာအခြေစိုက် ခေါင်းဆောင်များသည် အစိုးရ၏ ပစ္စည်းများနှင့် အရင်းအမြစ်များကို လုယက်ယူငင်မှု အပါအဝင် လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား တရားမဝင် စုဆောင်းနေသည်ဟုလည်း NIA က ထုတ်ပြန် ခဲ့သည်။
၇၀ ကီလိုမီတာ အရှည်ရှိသည့် အိန္ဒိယ-မြန်မာနယ်စပ်တွင် နယ်စပ်ခြံစည်းရိုးတစ်ခု တည်ဆောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘိုင်ရန် ဆင်း (N Biren Singh) က စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
နယ်စပ်လမ်းမများ အဖွဲ့ (BRO) မှ အရာရှိများနှင့်ပြုလုပ်သည့် အစည်းအဝေးတွင် နယ်စပ်ခြံစည်းရိုး တည်ဆောက် မည့် အစီအစဉ်ကို စဉ်းစားချင့်ချိန်နေကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
Source: North East Now
