- By CNI
- Category: နိုင်ငံရေး
- Hits: 1006
CNI International News
မက္ကဆီကို စီးတီး၊ ဒီဇင်ဘာ ၂၉
အမေရိကန်နှင့် မက္ကဆီကို ထိပ်သီးအရာရှိများသည် ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်လာသည့် အရေးကိစ္စနှင့် ပတ်သက်ပြီး အရေးပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် တိုးတက်ဖြစ်ထွန်းမှုများ ရရှိခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အမေရိကန်တွင် သမ္မတရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်မှု များပြား လာသည့် အခြေအနေသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)အတွက် ခေါင်းခဲစရာ အခြေအနေတစ်ခု ဖြစ်နေသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) သည် ခရစ္စမတ်ကာလ သီတင်းပတ် အတွင်း မက္ကဆီကိုနိုင်ငံသို့ သွားရောက်ခဲ့သည်။
ဒီမိုကရက်တစ်သမ္မတ ဘိုင်ဒန်၏ ပြိုင်ဘက် အမေရိကန်၏ ရီပတ်ဘလစ်ကန်ပါတီက ရွှေ့ပြောင်းနေထိုင်သူများ အရေးကို နှိမ်နင်းရန် အလေးထား ပြောဆိုနေပြီး အပြန်အလှန်အနေဖြင့် ဘိုင်ဒန်၏ ယူကရိန်းအတွက် အကူအညီ ပေးရေး အစီအစဉ်ကို သဘောတူမည်ဟု ဖိအားပေးနေချိန်တွင် ဘလင်ကင်၏ မက္ကဆီကို ခရီးစဉ် ပေါ်ပေါက်လာ ခဲ့ခြင်း ဖြစ်သည်။

ရွှေ့ပြောင်းနေထိုင်သူများကိုတွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က ဘိုင်ဒန်သည် မက္ကဆီကိုသမ္မတ အန်ဒရီ မန်နျူယယ် လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) နှင့် တယ်လီဖုန်းဖြင့် စကားပြောကြားခဲ့ပြီးနောက် ဘလင်ကင်သည် အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး အလက်ဂျန်ဒရို မာယော်ကက်စ် (Alejandro Mayorkas) နှင့်အတူ မက္ကဆီကိုနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
လိုပက်ဇ် အိုဘရာဒေါကမူ အမေရိကန်နှင့် မက္ကဆီကို ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် အဓိက သဘောတူညီချက်များ ရရှိခဲ့ကြောင်း ယခင်က Twitter ဟု လူသိများခဲ့သည့် X လူမှုမီဒီယာတွင် ရေးသား ဖော်ပြခဲ့သည်။
အမေရိကန်ဘက်ကလည်း မက္ကဆီကို ခေါင်းဆောင်များ အနေဖြင့် လူမှောင်ခိုကူးမှုကို တိုက်ဖျက်ရေး အပါအဝင် အစီအစဉ်သစ်များ ချမှတ်လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်။

အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ မက္ကစီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါကို တွေ့ရစဉ်
အမေရိကန်အစိုးရအနေဖြင့် ရွှေ့ပြောင်း နေထိုင်သူများနှင့်ပတ်သက်ပြီး နေ့စဉ်နှင့်အမျှ တည်ငြိမ်မှုမရှိသည့် အနေအထားကို ကောက်ချက်ချမည် မဟုတ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင်လည်း မက္ကဆီကိုနိုင်ငံနှင့်အတူ ရွှေ့ပြောင်း နေထိုင်သူများအရေးကို အနီးကပ် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု အမည်မဖော်လိုသည့် အမေရိကန် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ဒီဇင်ဘာလအတွင်း အမေရိကန်နိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းနေသည့် ရွှေ့ပြောင်းနေထိုင်သူများ သည် တစ်ရက်လျှင် ၁၀,၀၀၀ နီးပါးရှိပြီး ထိုပမာဏသည် COVID-19 ကပ်ရောဂါမဖြစ်ပွားမီ အချိန်ကထက် နှစ်ဆ နီးပါး မြင့်တက်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1156
CNI International News
မော်စကို ဒီဇင်ဘာ ၂၉
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) တို့သည် ယူကရိန်းပဋိပက္ခ၊ အာဖဂန်နစ္စတန် အခြေအနေနှင့် အာရှ-ပစိဖိတ်ဒေသအရေးတို့နှင့်ပတ်သက်ပြီး မော်စကိုမြို့တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု တာ့စ်သတင်းဌာမှ ဖော်ပြခဲ့သည်။
မျှတမှုရှိသည့်် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု၊ အမျိုးသားအကျိုးစီးပွားကို အာရုံစိုက်ဆောင်ရွက်မှု၊ ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းမှုနှင့် စဉ်းစားသုံးသပ်မှုများတွင် အိန္ဒိယနိုင်ငံ၏ သင့််တင့်မျှတသည့် ချဉ်းကပ်ဆောင်ရွက်မှုအတွက် အိန္ဒိယမိတ်ဆွေများကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း လာဗရော့ဗ်က အစည်းအဝေးအပြီးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယူကရိန်းစစ်သားကို တွေ့ရစဉ်
ထိုကဲ့သို့ ချဉ်းကပ်ဆောင်ရွက်ပုံသည် ယူကရိန်းနိုင်ငံအတွင်းနှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပွားနေသည့် အခြေအနေ များအပေါ် အိန္ဒိယ၏ ရပ်တည်ချက်ကို ဖော်ပြသည့် ဝိသေသ လက္ခဏာတစ်ရပ်ဖြစ်ကြောင်း၊ မိမိတို့သည် အာဖဂန်နစ္စတန်နိုင်ငံ၏ အခြေအနေနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်ဟုလည်း လာဗရော့ဗ်က ပြောသည်။
ထို့ပြင် အာရှ-ပစိဖိတ်ဒေသ၏ အခြေအနေကဲ့သို့ ဒေသတွင်း အကြောင်းအရာများနှင့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ)အတွင်း ယခင်က ရရှိထားသည့် သဘောတူညီချက်များနှင့် ကွဲလွဲနေသည့် အခြေအနေများ ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ကျယ်ပြောလှသည့် ယူရေးရှား (Eurasia) ဒေသနှင့် အနီးတစ်ဝိုက်ရှိ ရေပြင်များတွင် အိန္ဒိယနှင့် ရုရှား၏ ရပ်တည် မှုများသည် တူညီမှုရှိနေကြောင်း၊ အခြေအနေများကို ဖြေရှင်းရာတွင် သူ့ဘက်ကိုယ့်ဘက် မျှတမှုရှိစေသည့် ပုံစံမျိုး နှင့် ဖြေရှင်းသင့်ကြောင်း၊ ထိပ်တိုက်တွေ့သည့် ပုံစံမျိုးဖြင့် ဖြေရှင်းခြင်းမပြုရန် အရေးကြီးကြောင်း လာဗရော့ဗ်က ပြောကြားခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 944
CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၂၉
နျူကလီးယားစီမံကိန်း အပါအဝင် စစ်ပွဲအတွက် ပြင်ဆင်မှုများကို အရှိန်မြှင့် လုပ်ဆောင်ရန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က သူ၏ အာဏာရပါတီအား အမိန့်ပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
နျူကလီးယားဖြင့် ရန်စခံရမည်ဆိုပါက နျူကလီးယားဖြင့် တိုက်ခိုက်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း ကင်မ် က သတိပေးခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် အဆိုပါအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ကင်မ်သည် မြောက်ကိုရီးယားတွင် ကျင်းပနေသည့် အာဏာရပါတီ၏ နှစ်ကုန် အစည်းအဝေး၌ ထိုအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ကျင်းပနေသည့် အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်အတွက် အဓိက မူဝါဒများကို ကြေညာသွားဖွယ်ရှိသည်။

အမေရိကန်နဲ့တောင်ကိုရီးယားစစ်တပ် အရာရှိကြီးများကိုတွေ့ရစဉ်
မြောက်ကိုရီးယား၏ အာဏာရ အလုပ်သမားပါတီအနေဖြင့် နျူကလီးယား လက်နက်များနှင့် ပြည်သူ့ကာကွယ် ရေးကဏ္ဍများ အပါအဝင် နယ်ပယ်အားလုံးတွင် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆာင်ရန် ကင်မ်က တိုက်တွန်းခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
ထို့ပြင် အမေရိကန်က မြောက်ကိုရီယားကို မကြုံစဖူး ထိပ်တိုက်တွေ့မှုများကို လုပ်ဆောင်ခဲ့သဖြင့် ကိုရီးယားကျွန်း ဆွယ်ပေါ်တွင် စစ်ရေး အခြေအနေသည် ဆိုးရွားပြင်းထန် လာခဲ့သည်ဟုလည်း ကင်မ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့သည် ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ စံချိန်တင် လက်နက် စမ်းသပ်မှုများကို ရင်ဆိုင်ရာတွင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများအား လုပ်ဆောင်ခဲ့သည်။

မြောက်ကိုရီးယား အာဏာရပါတီ အစည်းအဝေး ကျင်းပနေစဉ်
ထို့နောက် မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုများနှင့် ပတ်သက်သည့် အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ မျှဝေသည့် အစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့သည်။
ယခုလ အစောပိုင်းကလည်း အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောသည် တောင်ကိုရီးယား၏ ဘူဆန် (Busan)မြို့ ဆိပ်ကမ်းကို ရောက်ရှိလာခဲ့သည်။
အမေရိကန်သည် တာဝေးပျံသန်းနိုင်သည့် ဗုံးကြဲလေယာဉ်များကို အသုံးပြုကာ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့ နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
မြောက်ကိုရီးယားကလည်း ယခုနှစ်အတွင်း ကင်းထောက်ဂြိုဟ်တုတစ်စင်းကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ၎င်း၏ လက်နက်တိုက်အတွင်း ခေတ်အမီဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) တစ်စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့သည်။
ကင်မ်ကမူ ၂၀၂၃ ခုနှစ်သည် မြောက်ကိုရီးယားအတွက် ကြီးမားသည့် ပြောင်းလဲမှုများနှင့် အောင်မြင်မှုများကို ရရှိခဲ့ သော ခုနှစ်ဖြစ်သည်ဟု ယခုသီတင်းပတ်အစောပိုင်းက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 876
CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၂၈
တောင်ကိုရီးယားသည် မြောက်ကိုရီးယား စပိုင်အကြီးအကဲတစ်ဦးနှင့် အခြား မြောက်ကိုရီးယားနိုင်ငံသား ၇ ဦးကို တရားမဝင် ဆိုက်ဘာလှုပ်ရှားမှုစွဲချက်ဖြင့် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ပိတ်ဆို့မှု ချမှတ်ခံခဲ့ရသူများသည် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်များနှင့် ဒုံးကျည်စီမံကိန်းများ အတွက် ရန်ပုံငွေများ ရှာဖွေထောက်ပံ့ပေးခဲ့သူများဖြစ်သည်ဟု တောင်ကိုရီးယားက ယူဆထားသည်။
မြောက်ကိုရီးယား၏ အထွေထွေ ကင်းထောက်ဗျူရို၏ အကြီးအကဲ ရီချန်းဟို (Ri Chang Ho) သည် တရားမဝင် ဆိုက်ဘာလှုပ်ရှားမှုများနှင့် နည်းပညာ ခိုးယူမှုတို့မှတစ်ဆင့် နိုင်ငံခြားငွေကြေးများ ရယူခဲ့မှုတွင် ပါဝင်ပတ်သက် မှုအတွက် ပိတ်ဆို့ခံရခြင်းဖြစ်သည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် ပြော ကြားခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ကို တွေ့ရစဉ်
၎င်း၏ လှုပ်ရှားမှုများသည် မြောက်ကိုရီးယား အစိုးရနှင့် မြောက်ကိုရီးယား၏ နျူကလီးယား၊ ဒုံးကျည်လှုပ်ရှားမှု များအတွက် ရန်ပုံငွေများ ရရှိစေရန် အထောက်အကူ ဖြစ်ခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ရီချန်းဟို ဦးဆောင်သည့် အေဂျင်စီသည် ယခင်ကတည်းက တောင်ကိုရီးယား၏ ပိတ်ဆို့မှုများ ခံထားရသော Kimsuky၊ Lazarus နှင့် Andariel အမည်ရှိ ဟက်ကာအဖွဲ့များကို ကြိုးကိုင်နေသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ယူဆခံထားရသည်။
မြောက်ကိုရီးယားသည် ပြည်ပနိုင်ငံများမှ လေကြောင်း၊ အာကာသနှင့် ကာကွယ်ရေး ကုမ္ပဏီများကို ပစ်မှတ်ထား ပြီး ဒစ်ဂျစ်တယ်ငွေကြေးများကို ခိုးယူရန် ထူးခြားဆန်းပြားသည့် နည်းပညာများကို အသုံးပြုခဲ့သည်ဟု ကုလသမဂ္ဂ၏ ယခုနှစ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ကွယ်လွန်သွားပြီး ဖြစ်တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ၂ ဦးကိုတွေ့ရစဉ်
နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် စီမံကိန်းများကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် မြောက်ကိုရီးယားနိုင်ငံသည် ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) လက်အောက်တွင် စစ်တပ်နှင့် စစ်လက်နက်ပစ္စည်းများကို အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
မြောက်ကိုရီးယား၏ ဆိုက်ဘာ ရာဇဝတ်မှု၊ ဒစ်ဂျစ်တယ်ငွေကြေး၊ ငွေမည်းခဝါချမှုတို့ကို ဖြေရှင်းရန် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့အကြား သုံးပွင့်ဆိုင် စီမံကိန်းများကို စတင်လုပ်ဆောင်ခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် တောင်ကိုရီးယား၏ ပိတ်ဆို့မှုကြေညာချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယားသည် ရီချန်းဟို အပြင် တရုတ်နိုင်ငံအခြေစိုက် သံတမန်ဟောင်း ယွန်ချောလ် (Yun Chol) အပါအဝင် အခြား မြောက်ကိုရီးယားနိုင်ငံသား ၇ ဦးကိုလည်း ကုလသမဂ္ဂ၏ တားမြစ်ပိတ်ပင်မှုထဲတွင် ပါဝင်သည့် နျူကလီးယားနှင့် ဆက်နွှယ်သော lithium-6 ဓာတ်သတ္တုကို ရောင်းဝယ်မှုများ၌ ပါဝင်မှုဖြင့် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1035
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၈
အီရတ်နိုင်ငံမြောက်ပိုင်းတွင် ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း အမေရိကန်စစ်သား ၃ ဦး ဒဏ်ရာရခဲ့ပြီးနောက် အီရန်က ကျောထောက်နောက်ခံပေးထားသည့် လက်နက်ကိုင်အဖွဲ့များကို လေကြောင်း တိုက်ခိုက်မှုများလုပ်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က အမေရိကန်စစ်တပ်ကို အမိန့်ပေးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့ သည်။
ဒီဇင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ ဒရုန်းတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်၏ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အက်ဒရီယန်နီ ဝတ်ဆန် (Adrienne Watson) က ပြောကြားခဲ့သည်။
အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် Kataib Hezbollah အဖွဲ့နှင့် အခြား ဆက်စပ်အဖွဲ့များသည် ဒီဇင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် ဒရုန်းတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။
ဒီဇင်ဘာ ၂၆ ရက်တွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်သွေးကြွ ၁ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း အီရတ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် ဒေသတွင်း ပဋိပက္ခများ ကျယ်ပြန့်လာမည့် အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။
အစ္စရေးသည် ဆီးရီးယားနိုင်ငံ၏မြို့တော် ဒမတ်စကတ် (Damascus)၏ ဆင်ခြေဖုံးဒေသကို တိုက်ခိုက်ခဲ့သဖြင့် အီရန်ထိပ်သီးတပ်မှူး တစ်ဦးဖြစ်သူ ဆေးယက် ရာဇီ မူဆာဗီ (Seyed Razi Mousavi) သေဆုံးသွားခဲ့ကြောင်း အီရန်က ကြေညာခဲ့သည်။

Kataib Hezbollah အဖွဲ့ကို တွေ့ရစဉ်
မူဆာဗီသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက အီရတ်တွင် အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံး သွားခဲ့သည့် အီရန်၏ လက်ရွေးစင် Quds Force တပ်ဖွဲ့၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ကက်ဆမ် ဆိုလေမာနီ (Qassem Soleimani) နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူ ဖြစ်သည်။
အီရန်အရာရှိများကမူ မူဆာဗီ သေဆုံးမှုအတွက် လက်တုန့်ပြန်မည်ဟု ကြုံးဝါးထားသော်လည်း တုန့်ပြန်တိုက်ခိုက် မှုများကို ချက်ချင်းလုပ်ဆောင်ခြင်း မရှိခဲ့ပေ။
ခရစ္စမတ်ကာလ အားလပ်ရက်တွင် မေရီလန်း (Maryland) ပြည်နယ်၊ Camp David စစ်စခန်းရှိ သမ္မတဆိုင်ရာ အပန်းဖြေစခန်းသို့ ရောက်ရှိနေသည့် ဘိုင်ဒန်ကို အမေရိကန်စစ်သားများ တိုက်ခိုက်ခံရကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ် ဆူလေဗန် (Jake Sullivan) က အကြောင်းကြားခဲ့သည်။
ထို့နောက် ဘိုင်ဒန်သည် အီရတ်နိုင်ငံ၊ အာဘီလ် (Irbil) မြို့ရှိ အမေရိကန်တပ်ဖွဲ့များ အသုံးပြုနေသည့် လေတပ် စခန်းကို တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွအဖွဲ့များအား လက်တုန့်ပြန်သည့်အနေဖြင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1162
CNI International News
ပေကျင်း၊ ဒီဇင်ဘာ ၂၈
တရုတ်သည် မကြာသေးမီက ရေဒါဖြင့် ထောက်လှမ်းနိုင်စွမ်းမရှိသည့် ကိုယ်ပျောက်နည်းပညာ အသုံးပြုသည့် အကာအကွယ်တစ်ခုကို ထုတ်ဖော်ပြသခဲ့သည်ဟု Asia Times မှ ဖော်ပြခဲ့သည်။ထိုနည်းပညာသည် ခရုစ်ဒုံးကျည်များကို ခရီးသည်တင် လေယာဉ်များအဖြစ် ရုပ်ဖျက်ပြီး ပုံဖော်ပြသနိုင်သည်။
ထို့ကြောင့် ထိုနည်းပညာသည် ထိုင်ဝမ်အား တိုက်ခိုက်ရာတွင် အလွန်အသုံးဝင်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
ယခုလအတွင်း တရုတ်နိုင်ငံက ထုတ်လုပ်ခဲ့သည့် Golden Veil ဟု အမည်ပေးထားသော ကိုယ်ယောင်ဖျောက် သည့် ခြုံလွှာတစ်ခုကို South China Morning Post (SCMP) သတင်းတွင် ဖော်ပြခဲ့သည်။

ရေဒါစနစ်ကိုတွေ့ရစဉ်
ထိုခြုံလွှာသည် ရေဒါစခရင်မ်များပေါ်တွင် ခရုစ်ဒုံးကျည်များကို ခရီးသည်တင် လေယာဉ်များအဖြစ် ပြောင်းလဲ ဖော်ပြနိုင်သည်ဟု ဆိုသည်။
အဆိုပါ နည်းပညာသည် တန်ဖိုးကြီးမားသည့် လေကြောင်း ကာကွယ်ရေးစနစ်များကို အာရုံရှုပ်ထွေးသွားစေနိုင်ပြီး တစ်ဖက်စစ်တပ်၏ တပ်မှူးများအတွက် တုန့်ပြန်ဆောင်ရွက်နိုင်သည့် အချိန်ကို လျော့နည်းသွားစေနိုင်သည်ဟု SCMP က ဖော်ပြခဲ့သည်။
ထိုနည်းပညာကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ သုတေသနအဖွဲ့တစ်ဖွဲ့က တီထွင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်လက ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုကို တရုတ်၏ Radio Science ဂျာနယ်တွင် ဖော်ပြခဲ့သည်။

First Island Chain ကျွန်းကိုတွေ့ရစဉ်
ထိုစီမံကိန်းသည် First Island Chain ၊ ဂူအမ် (Guam) နှင့် အမေရိကန် ပင်မကုန်းမြေတို့တွင်ရှိသည့် လေကြောင်း ကာကွယ်ရေးစနစ်များကို ထွင်းဖောက်ဝင်ရောက်ရန် နည်းလမ်းများရှာဖွေနေသည့် တရုတ်၏ ကြိုးပမ်းအားထုတ် မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ထိုကဲ့သို့ ကိုယ်ယောင်ဖျောက် နိုင်စွမ်းရှိသည့် ခြုံထည်ကို ရေဒါအချက်ပြမှုများအား ရောင်ပြန်ဟပ်စေရန် ရွှေရည်စိမ်ထားသော သတ္တုအမျှင်များဖြင့် ကွန်ရက်ဖွဲ့ ပြုလုပ်ထားခြင်း ဖြစ်သည်ဟု SCMP က ဖော်ပြထားသည်။
အမေရိကန်သည်လည်း ADM-160 Miniature Air-Launched Decoy (MALD) ကဲ့သို့ ဒုံးကျည်များကို လေယာဉ် များအဖြစ် ကိုယ်ယောင်ဖျောက် ပုံဖော်နိုင်စွမ်းရှိသည့် ရေဒါရှောင်ကွင်းသော နည်းပညာများကို ယခင်ကတည်းက ပိုင်ဆိုင်ထားကြောင်း သတင်းရင်းမြစ်များတွင် ဖော်ပြခဲ့သည်။
Source: Asia Times
- By CNI
- Category: နိုင်ငံရေး
- Hits: 828
CNI International News
ဘိုဂိုတာ၊ ဒီဇင်ဘာ ၂၈
ကိုလံဘီယာနိုင်ငံ၏ အင်အားအကြီးဆုံး လက်နက်ကိုင်သူပုန်အဖွဲ့ဖြစ်သည့် ELN အဖွဲ့၏ အကြီးအကဲက အစိုးရ အနေနှင့် ၎င်းတို့အဖွဲ့အတွက် ငွေကြေးထောက်ပံ့ပေးမည့် ပရောဂျက်များ လုပ်ဆောင်ပေးမည်ဆိုသော ကတိ စကားအတိုင်း လုပ်ဆောင်ပေးမည်ဆိုပါက ပြန်ပေးဆွဲမှုများကို ရပ်တန့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN)၏ တပ်မှူးဖြစ်သူ အန်တိုနီယို ဂါစီယာ (Antonio Garcia)က ကိုလံဘီယာ အစိုးရအရာရှိများနှင့် ဂျာနယ်လစ်များသည် ဒီဇင်ဘာ ၁၇ ရက်က အများပြည်သူကို သတင်းအမှား များပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
ကိုလံဘီယာအစိုးရသည် အပစ်အခတ်ရပ်စဲရေး နောက်ထပ်တစ်နှစ် သက်တမ်းတိုးမည်ဆိုပါက ELN သူပုန်အဖွဲ့ သည် အရပ်သားများကို ပြန်ပေးဆွဲမှုများအား ရပ်တန့်လိမ့်မည်ဟု ကိုလံဘီယာအရာရှိများနှင့် ဂျာနယ်လစ်များ၏ ဖော်ပြချက်များသည် သတင်းအမှားသာဖြစ်သည်ဟု ဂါစီယာက ပြောသည်။
လက်ရှိတွင် ကိုလံဘီယာ ပြည်သူများသည် ELN အဖွဲ့၏ ပြန်ပေးဆွဲမှုများကြောင့် လူထု၏ မကျေနပ်ချက်များ မြင့်တက်လျက်ရှိသည်။

ကိုလံဘီယာအစိုးရနဲ့ ကိုလံဘီယာသူပုန်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးစဉ်
ဂါစီယာကမူ မကြာသေးမီက မက္ကဆီကိုနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများအတွင်း ရရှိခဲ့ သော သဘောတူညီချက် တစ်ခုအရ အစိုးရသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် အပစ်အခတ်ရပ်စဲမှု များအတွက် ELN အဖွဲ့ကို ရန်ပုံငွေများ ရရှိစေမည့် နည်းလမ်းများ ရှာဖွေပေးမည်ဟု ကတိပြုခဲ့ကြောင်း ဂါစီယာက ပြောသည်။
ကိုလံဘီယာအစိုးရနှင့် လက်ဝဲယိမ်း သူပုန်အဖွဲ့ဖြစ်သည့် ELN အဖွဲ့အကြား ၁၉၆၉ ခုနှစ်များကတည်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ELN အဖွဲ့ထက် အင်အားပိုကြီးသည့် ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့(FARC)သည် ၂၀၁၆ ခုနှစ်တွင် ကိုလံဘီယာအစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည်။
သို့သော် လက်နက်ကိုင်အင်အား ၂၀၀၀ မှ ၄၀၀၀ အကြားရှိသည့် ELN သည် ကိုလံဘီယာနှင့် ဗင်နီဇွဲလားနိုင်ငံတို့ တွင် ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်သည်။
ELN ခေါင်းဆောင် ဂါစီယာကမူ အပစ်အခတ်ရပ်စဲရေးအတွက် ရန်ပုံငွေ ရှာဖွေမှုသည် ပြန်ပေးဆွဲမှုများ ဆိုင်းငံ့ ရေးနှင့် ဆက်နွှယ်မှုရှိသင့်ကြောင်း၊ ငြိမ်းချမ်းရေးသည် တစ်ဖက်တည်းအတွက် မဟုတ်ဘဲ လူတိုင်းနှင့်သက်ဆိုင် ကြောင်း၊ လူတိုင်း အကျိုးအမြတ်ရသင့်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းသင့်ကြောင်း ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1004
CNI International News
တိုကျို၊ ဒီဇင်ဘာ ၂၇
ဂျပန်နိုင်ငံက ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဟားမာ့စ်အဖွဲ့၏ ထိပ်သီးခေါင်းဆောင် ၃ ဦးကို ပိတ်ဆို့မှုများပြုလုပ်ကြောင်း ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဂျပန်အစိုးရသည် ဟားမာ့စ် ခေါင်းဆောင် ၃ ဦး၏ ပိုင်ဆိုင်မှုများကို ပိတ်ပင်သွားမည်ဖြစ်ပြီး ငွေကြေးလွှဲပြောင်း မှုများနှင့် ငွေကြေးပေးချေမှုများအပေါ် ပိတ်ဆို့မှုများ ချမှတ်ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် ဟာယာရှီ ယိုရှီမာဆာ (Hayashi Yoshimasa) က ဒီဇင်ဘာ ၂၆ ရက်တွင် ကြေညာခဲ့သည်။
အမည်ဖော်ပြထားခြင်းမရှိသည့် ပိတ်ဆိုမှုချမှတ်ခံရသည့် ဟားမာ့စ်ခေါင်းဆောင် ၃ ဦးသည် အောက်တိုဘာ ၇ ရက် က အစ္စရေးကို တိုက်ခိုက်ခဲ့သည့် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုများနှင့် ပါဝင်ပတ်သက်မှုရှိပြီး အနာဂတ်တွင်လည်း အလားတူ တိုက်ခိုက်မှုများပြုလုပ်ရန် ရန်ပုံငွေများ စုဆောင်းနေသည်ဟု ယူဆထားကြောင်း ယိုရှီမာဆာက ပြော သည်။

ဟားမာ့စ်ခေါင်းဆောင် ၃ ဦးကိုတွေ့ရစဉ်
အောက်တိုဘာလကလည်း ဂျပန်သည် ဟားမာ့စ်အဖွဲ့နှင့် ဆက်နွှယ်မှုရှိသည်ဟု ယူဆခံထားသည့် လူ ၉ ဦးနှင့် ကုမ္ပဏီတစ်ခုကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
ဂျပန်သည် အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း ၎င်း၏ အနီးစပ်ဆုံး မဟာမိတ်ဖြစ်သည့် အမေရိကန်နှင့် အရှေ့အလယ် ပိုင်းဒေသမှ စွမ်းအင်ထောက်ပံ့ပေးသည့် မိတ်ဖက်နိုင်ငံများအကြား ဆက်ဆံရေးများကို မထိခိုက်စေရန် ဟန်ချက် ညီသည့် ရပ်တည်မှုတစ်ခုကို ထိန်းသိမ်းရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) ကမူ အောက်တိုဘာ ၇ ရက်က အစ္စရေးအား တိုက်ခိုက်ခဲ့သည့် ဟားမာ့စ်အဖွဲ့၏ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ဓားစာခံများကို ချက်ချင်း ပြန်လည်လွှတ်ပေးရန် တောင်းဆိုနေပြီး တစ်ဖက်တွင်လည်း ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် အရပ်သားများသေဆုံးမှုကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

ဂါဇာစစ်ပွဲကို တွေ့ရစဉ်
ယခုလ အစောပိုင်းကလည်း ဂျပန်သည် ဂါဇာတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အတွက် တောင်းဆိုသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ကြေညာချက်ကို ထောက်ခံခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ဂျပန်၏ ကွန်တိန်နာတင် သင်္ဘောများပြေးဆွဲသည့် Ocean Network Express ကုမ္ပဏီ သည် ပင်လယ်နီအတွင်း ပြေးဆွဲသည့် သင်္ဘောလမ်းကြောင်းများကို ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဂါဇာစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးကတည်းက ယီမင်နိုင်ငံ၏ ဟူရ်သီသူပုန်များသည် အစ္စရေးသို့ ဦးတည်သွားရောက် သည့် ပင်လယ်ကူးသင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် ထိုတိုက်ခိုက်မှုများကို ရှောင်လွှဲရန် သင်္ဘော လမ်းကြောင်းများအား ပြန်လည်ရေးဆွဲသွားမည်ဟု Ocean Network Express ကုမ္ပဏီက ကြေညာခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1095
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂၇
ထိုင်းနိုင်ငံတွင် တရားရုံးချုပ်၏ နိုင်ငံရေးရုံး တာဝန်ထမ်းဆောင်သူများအတွက် ပြစ်မှုဆိုင်ရာဌာနက ဝန်ကြီးချုပ် ဟောင်း ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra)၏ အာဏာအလွဲသုံးမှု စွပ်စွဲချက်ကို ပယ်ချလိုက်ကြောင်း ဒီဇင်ဘာ ၂၆ ရက်က စီရင်ချက်ချမှတ်ခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ထို့ပြင် တရားရုံးချုပ်က ယင်လတ်အား ဖမ်းဝရမ်းထုတ်ထားသည့် အမိန့်ကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့သည်။
ယင်လတ်သည် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် သာဝီလ် ပလီယန်ဆရီ (Thawil Pliensri) ကို ဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်လွှဲပြောင်းပေးမှုတွင် အာဏာ အလွဲသုံးမှု စွဲချက်များနှင့် စွပ်စွဲခံခဲ့ရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ချက်ချမှတ်မှုသည် ပြစ်မှုဆိုင်ရာ တာဝန်ရှိမှုနှင့် ဥပဒေကြောင်းအရာ သက်ဆိုင်မှု မရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ဝန်ကြီးတစ်ဦး၏ အရည်အချင်း ပြည့်မီမှု ရှိ/မရှိ အကြောင်းအရာများနှင့် ဝန်ကြီးဌာနအဆင့် ရာထူးများ ပယ်ဖျက်မှုနှင့်သာ သက်ဆိုင် ကြောင်း တရားရုံးချုပ်က ထုတ်ပြန်ခဲ့သည်။

ထိုင်းတရားရုံးချုပ်ကို တွေ့ရစဉ်
ထိုအမှုနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးချုပ်၏ စီရင်ချက်အရ သာဝီလ်၏ ရာထူးလွှဲပြောင်းမှုသည် တရားဝင်မှုရှိသည်ဟု ယူဆရကြောင်း၊ ပြစ်မှုဆိုင်ရာ တာဝန်ရှိမှုနှင့် ဥပဒေကြောင်းအရ သက်ဆိုင်မှုမရှိကြောင်း တရားရုံးချုပ်က သတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယင်လတ်ကလည်း ထိုအမှုနှင့်ပတ်သက်ပြီး စွပ်စွဲချက်များအားလုံးကို ငြင်းဆိုထားပြီး သူသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က ပြည်သူများအတွက် ထမ်းဆောင်စရာရှိသည့် တာဝန်နှင့် ဝတ္တရားများကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။
၂၀၂၀ ပြည့်နှစ်က ထိုင်း၏ အမျိုးသားအကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်က ယင်လတ်သည် ၎င်း၏ တာဝန်နှင့် ဝတ္တရားများကို အလွဲသုံးစားပြုလုပ်ခဲ့ပြီး ၎င်း၏အမှုတွင် အစိုးရရှေ့နေချုပ်၏ အထောက်အကူရရှိရန် ကြိုးပမ်းခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
သို့သော် ယခုတွင် တရားရုံးချုပ်က ယင်လတ်အပေါ် စွဲဆိုထားသည့် အာဏာအလွဲသုံးမှုစွဲချက်ကို ပယ်ချခဲ့ပြီး ယင်လတ်အား ဖမ်းဝရမ်းထုတ်ထားသည့် အမိန့်ကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။
Source: Thai PBS World
