CNI International News

တိုင်ပေ၊ ဧပြီ ၈

တရုတ်သည် ဒုတိယမြောက်နေ့အဖြစ် သောကြာနေ့တွင်လည်း စစ်သင်္ဘောများနှင့် လေယာဉ်များကို ထိုင်ဝမ် အနီးသို့ စေလွှတ်ခဲ့သည်ဟု ထိုင်ဝမ်အစိုးရက ပြောသည်။ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tasi Ing-wen) က အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက္ကာသီနှင့်တွေ့ဆုံကာ တရုတ်အစိုးရကို ဒေါသဖြစ်အောင်လုပ်ဆောင်ခဲ့ ပြီးနောက် ထိုသို့ဖြစ်ခဲ့ခြင်းဟု Bangkok Post သတင်းတွင် ဖော်ပြသည်။

တရုတ်စစ်သင်္ဘောသုံးစင်းသည် ထိုင်ဝမ်ကျွန်းအနီးရေပြင်သို့ ရောက်ရှိလာကာ၊ ဂျက်တိုက်လေယာဉ်တစ်စင်းနှင့် ရေငုပ်သင်္ဘောဖျက် ရဟတ်ယာဉ်တစ်စင်းတို့သည်လည်း ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးဇုံအတွင်းသို့ ဝင်ရောက်လာခဲ့သည်ဟု ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဌာနက ပြောသည်။ ဗုဒ္ဓဟူးနေ့တွင် တရုတ်၏ ရှန်ဒေါင် (Shandong) လေယာဉ်တင်သင်္ဘောသည် အနောက်ပစိဖိတ်သို့သွားရန် ထိုင်ဝမ်၏အရှေ့တောင်ဘက်ရေပြင်သို့ ဖြတ်သွားခဲ့သည်။

ထိုင်ဝမ်သမ္မတနှင့်မက္ကာသီတို့ တွေ့ဆုံပွဲမတိုင်ခင် နာရီပိုင်းအလိုတွင် ဖြစ်သည်။ တရုတ်သည် ထိုင်ဝမ်အား ၎င်းတို့ အပိုင်အဖြစ် ရှုမြင်ထားကာ သမ္မတနှင့်လွှတ်တော်ဥက္ကဋ္ဌတို့၏တွေ့ဆုံမှုအတွက် ကြိုတင်သတိပေးမှုများစွာ လုပ်ဆောင်ထားသည်။ ထို့အပြင် တုန့်ပြန်မှုလုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။

ဆိုင်သည် ထိုင်ဝမ်အစိုးရအနေဖြင့် ထိုင်ဝမ်ပြည်သူများအတွက် လွတ်လပ်၍ ဒီမိုကရေစီနည်းလမ်းကျသော လူနေမှုပုံစံအား သေချာစေရန် ဆုံးဖြတ်ထားသည်ဟု ပြောသည်။ လက်တင်အမေရိကနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသည့် လမ်းတစ်ထောက်နားရာ လော့စ်အိန်ဂျလိစ်မြို့တွင် သတင်းထောက်များကို ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ထိုင်ဝမ်အနီးတစ်ဝိုက်တွင် တရုတ်ရေတပ်သင်္ဘောနှစ်စင်းကို တွေ့ရစဉ်

နှစ်ဖက်အကြား ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အကောင်းဆုံးလုပ်ဆောင်သွားမည်ဟုလည်း သူမကပြောသည်။ ပြီးခဲ့သည့်နှစ် သြဂုတ်လက ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ (Nancy Pelosi) ရောက်ရှိလာခဲ့ပြီးနောက် တရုတ်သည် ထိုင်ဝမ်အနီးတွင် စစ်သင်္ဘောများ၊ ဒုံးကျည်များနှင့် ဂျက်တိုက် လေယာဉ်များပါဝင်သော အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့သည်။

လက်ရှိအချိန်အထိ ဆိုင်နှင့်မက္ကာသီတို့တွေ့ဆုံမှုအပေါ် တရုတ်၏တုန့်ပြန်မှုမှာ ပြင်းထန်သည့်အနေအထားတွင် ရှိမနေသော်လည်း ထိုင်ဝမ်အနေဖြင့် အသင့်အနေအထားတွင် ရှိနေသည်။ ထိုင်ဝမ်ကာကွယ်ရေးနှင့် လုံခြုံရေး အေဂျင်စီများသည် လက်ရှိအချိန်အထိ အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိကာ ပြည်သူများအတွက် အာခံချက်ပေးထားသည်ဟုလည်း ထိုင်ဝမ်ဝန်ကြီးချုပ်က ပြောသည်။

တရုတ်စစ်သင်္ဘောသုံးစီးကို ထိုင်ဝမ်ရေလက်ကြားအနီးတွင်တွေ့ခဲ့ရကာ တရုတ်ရေတပ် ရဟတ်ယာဉ်တစ်စင်း သည်ထိုင်ဝမ်၏ လေကြောင်း ကာကွယ်မှုဇုံကို ဖြတ်သန်းသွားသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဌာနက ကြာသပတေး နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုအခြေအနေများကြောင့် အမေရိကန်ဘက်က တရုတ်အနေဖြင့် ထိုင်ဝမ်အား စစ်ရေး၊ သံတမန်ရေးနှင့် စီပွားရေး အရ ဖိအားပေးနေမှုများကို လျော့ချကာ အဓိပ္ပါယ်ရှိသော သံတမန်ရေးနည်းလမ်းကို ကျင့်သုံးရန် တောင်းဆိုခဲ့ သည်။

Source:Bangkokpost