- By CNI
- Category: နိုင်ငံရေး
- Hits: 1114
CNI International News
မော်စကို၊ အောက်တိုဘာ ၂
ယူကရိန်း၏ နာဇီအစိုးရကို အပြီးသတ် မနှိမ်နင်းနိုင်မချင်း ရုရှား၏ အထူးစစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ပြီး ရုရှား၏ မူလနယ်မြေများကို လွတ်မြောက်စေရန် လုပ်ဆောင်သွားမည်ဟု ရုရှား လုံခြုံရေး ကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက် (Dmitry Medvedev) က ပြောကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
"ရန်သူတွေဆီက ရုရှားရဲ့ မူလနယ်မြေတွေကို လွတ်မြောက်စေပြီး နာဇီ ကိယက်ဗ် အစိုးရကို အပြီးသတ် မနှိမ်နင်း နိုင်မချင်း အထူးစစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်သွားမှာပါ" ဟု မက်ဗီဒက်က (Telegram) တွင် ရေးသား ခဲ့သည်။

စစ်ပွဲကြောင့် ပျက်စီးနေသော ယူကရိန်းနိုင်ငံကိုတွေ့ရစဉ်
ယူကရိန်း၏ နယ်မြေများဖြစ်သည့် ဒိုးနက်စ် (Donetsk) ၊ လူဟန့် (Lugansk) ၊ ဇာပိုရီရှား (Zaporizhia) နှင့် ခါဆွန် (Kherson) ဒေသများသည် ရုရှား ပေါင်းစည်းခဲ့သည့် နှစ်ပတ်လည်နေ့တွင် မက်ဗီဒက်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် တစ်နှစ်က ထိုဒေသများတွင် နေထိုင်သော ဒေသခံများသည် ၎င်းတို့၏ အမိမြေ ရုရှားနှင့် ပြန်လည် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

စစ်ပွဲကြောင့် ပျက်စီးနေသော ယူကရိန်းနိုင်ငံကိုတွေ့ရစဉ်
"သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ သမိုင်းဝင် တရားမျှတမှုကို ပြန်လည် ထိန်းသိမ်းရုံသာမကဘဲ ရုရှားပြည်သူတွေနဲ့ စည်းလုံးညီညွတ်မှုကို ပြသရာ ရောက်ခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ကြီးမားတဲ့ စိတ်ဓာတ်ခွန်အားနဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်"ဟု မက်ဗီဒက်က ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့သည် အောင်ပွဲကို ရရှိလိမ့်မည်ဖြစ်ပြီး ရုရှားနယ်မြေအသစ်များ ပိုမိုပေါ်ပေါက် လာလိမ့်မည်ဟုလည်း ရုရှားသမ္မတဟောင်း မက်ဗီဒက်က ပြောကြားခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1108
CNI International News
ကိယက်ဗ်၊ အောက်တိုဘာ ၂
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskyy)က အနောက်နိုင်ငံများမှ လက်နက်ထုတ်လုပ် သည့် ကုမ္ပဏီများနှင့်ပူးပေါင်းပြီး ပြည်တွင်း ကာကွယ်ရေးကဏ္ဍကို ချဲ့ထွင်မည့်် အစီအစဉ်များအား ကြေညာခဲ့ ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ရုရှားတပ်ဖွဲ့များကို တိုက်ခိုက်နေသည့် တန်ပြန်ထိုးစစ်အတွက် လိုအပ်သည့် အထောက်အပံ့များအား တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် ဇာလန်းစကီးက ကာကွယ်ရေးကဏ္ဍကို မြှင့်တင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ယူကရိန်း၏ ကာကွယ်ရေးကဏ္ဍကို စစ်ဘက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်များ ထုတ်လုပ်၊ ပြင်ဆင်သည့် ကြီးမားသော စစ်ဘက်ဆိုင်ရာ ဗဟိုချက်တစ်ခုအဖြစ် ပြောင်းလဲလိုကြောင်း ဇာလန်းစကီးက နိုင်ငံတကာ ကာကွယ်ရေး စက်မှုလုပ်ငန်းများ ဖိုရမ် (International Defence Industries Forum)၏ ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ကာကွယ်ရေး စစ်သင်တန်းပေးနေစဉ်
"ယူကရိန်းဟာ ကာကွယ်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး အရေးကြီးနေတဲ့ချိန်မှာ ကာကွယ်ရေးကဏ္ဍကို မြှင့်တင်ဖို့ နောက်မဆုတ်တမ်း ရှေ့ဆက် လုပ်ဆောင်သွားမှာပါ။ ရှေ့တန်းစစ်မြေပြင်တွေမှာ နေ့စဉ်နဲ့အမျှ လိုအပ်မှုတွေ ရှိနေပါတယ်"ဟု ဇာလန်းစကီးက အနောက်နိုင်ငံများမှ လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီ ၂၅၀ ကျော်အား ကိုယ်စားပြုသည့် အမှုဆောင်အရာရှိများကို ပြောကြားခဲ့သည်။
"ကျနော်တို့ စစ်သားတွေ အသုံးပြုနေတဲ့ ကာကွယ်ရေး စနစ်တွေကို အဆင့်မြှင့်တင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်း ကိရိယာတွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်ဖို့ စိတ်ဝင်စားပါတယ်။ အဲဒါမှ ရှေ့တန်းစစ်မြေပြင်တွေမှာ ရလဒ် ကောင်းတွေ ထွက်ပေါ်လာပါလိမ့်မယ်"ဟု ယူကရိန်းသမ္မတက ပြောသည်။
လေကြောင်းကာကွယ်ရေးနှင့် မိုင်းရှင်းလင်းရေးသည် ဦးစားပေး လုပ်ဆောင်ရမည့် ကဏ္ဍများဖြစ်ကြောင်း၊ ယူကရိန်းသည် ဒုံးကျည်များ၊ ဒရုန်းများနှင့် လက်နက်ကြီးကျည်များကို ပြည်တွင်းတွင် တိုးမြှင့်ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်းလည်း ၎င်းက ပြောသည်။

ယူကရိန်းစစ်လက်နက်ထုတ်နေစဉ်
ယူကရိန်း၏ လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီများသည် ပြည်ပမှ လက်နက်ထုတ်လုပ်သော ကုမ္ပဏီများနှင့် လက်နက်များ ထုတ်လုပ်ရေး၊ ဒရုန်းများ၊ ကျည်ကာကားများနှင့် ခဲယမ်းများ ထုတ်လုပ်ရန် လိုအပ်သည့် နည်းပညာများ အပါအဝင် အစိတ်အပိုင်းများ အပြန်အလှန် ဖလှယ်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ၂၀ ခန့်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။
ယခုသီတင်းပတ် အစောပိုင်းက ကိယက်ဗ်သို့ ရောက်ရှိခဲ့သည့် နေတိုးအဖွဲ့အကြီးအကဲ ဂျန်းစ် စတိုတန်ဘာ့ချ် (Jens Stoltenberg) ကလည်း ထိုဖိုရမ်ကို ဗွီဒီယို ဆက်သွယ်မှုမှတစ်ဆင့် တက်ရောက်ခဲ့ပြီး ယူကရိန်း၏ အစီအစဉ်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
"သူရဲကောင်းဝါဒ တစ်ခုတည်းနဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်မချနိုင်ပါဘူး။ ယူကရိန်းဟာ အရည်အသွေးမြင့်ပြီး အရေအတွက်ပါ များပြားတဲ့ လက်နက်တွေကို အမြန်ဆုံး လိုအပ်နေပါတယ်" ဟု စတိုတန်ဘာ့ချ်က ပြောကြားခဲ့ သည်။
Source: Al Jazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1007
CNI International News
ဝါဆော၊ အောက်တိုဘာ ၂
ပိုလန်နိုင်ငံ ဝါဆောမြို့တော်တွင် ရွေးကောက်ပွဲမတိုင်မီ သီတင်းနှစ်ပတ်အလို အောက်တိုဘာ ၁ ရက်၌ အတိုက် အခံများက ဦးဆောင်သည့် လူပေါင်းသိန်းချီ ပါဝင်သော ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
ထိုရွေးကောက်ပွဲသည် ဥရောပသမဂ္ဂအတွင်း ပိုလန်၏ အနာဂတ်နှင့် ပိုလန်၏ ဒီမိုကရေစီ ရပ်တည်ချက်ကို အဆုံးအဖြတ် ပေးလိမ့်မည်ဟု အတိုက်အခံ လစ်ဘရယ် Civic Platform (PO) ပါတီက ပြောသည်။
ရွေးကောက်ပွဲအကြို လူထု သဘောထားဆန္ဒ ကောက်ယူမှု စစ်တမ်းများတွင် အာဏာရ မျိုးချစ် Law and Justice (PiS) ပါတီသည် အနိုင်ရဖွယ်ရှိကြောင်း ဖော်ပြခဲ့သော်လည်း နိုင်ငံအတွင်း စားဝတ်နေရေး ကုန်ကျစရိတ်များ မြင့် တက်နေမှုနှင့် ဒီမိုကရေစီဆိုင်ရာ ဟန်ချက်ညီမှု လျော့ပါးလာသည့် အခြေအနေအပေါ် စိုးရိမ်မှုများကြောင့် နေရာ အများစုရရှိရန် ရုန်းကန်ရဖွယ် ရှိသည်။

အတိုက်အခံ PO ပါတီခေါင်းဆောင် ဒေါ်နယ်တာ့စ်ကို တွေ့ရစဉ်
အတိုက်အခံများကမူ အောက်တိုဘာ ၁ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုသည် ဆယ်စုနှစ်များအတွင်း အကြီးဆုံး ဆန္ဒပြမှု ဖြစ်လာရန်နှင့် ရွေးကောက်ပွဲကို ပါဝင်မဲပေးရန် မဲဆန္ဒရှင်များကို လှုံ့ဆော်ရာ ရောက်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
"ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်လာတော့မှာပါ။ ဒါဟာ ပိုလန်ရဲ့ အသစ်တစ်ဖန် မွေးဖွားမှုရဲ့ သင်္ကေတ တစ်ခု ပါပဲ"ဟု PO ခေါင်းဆောင် ဒေါ်နယ်တာ့စ် (Donald Tusk)က ဝါဆောရင်ပြင်တွင် စုရုံးခဲ့သည့် ဆန္ဒပြသူများကို ပြောကြားခဲ့သည်။
ဥရောပကောင်စီ ဥက္ကဋ္ဌဟောင်းဖြစ်သူ တာ့စ်က အာဏာရ PiS ပါတီသည် ပိုလန်ကို ဥရောပသမဂ္ဂထဲမှ နုတ်ထွက် စေရန် ရည်ရွယ်ထားကြောင်း၊ ရွေးကောက်ပွဲတွင် လူငယ်များနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို ကန့်သတ် ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

အာဏာရ PiS ပါတီ ခေါင်းဆောင်ကို ဆန္ဒပြနေကြစဉ်
၂၀၁၅ ခုနှစ်က အာဏာရလာခဲ့သည့် PiS ပါတီကမူ ရွှေ့ပြောင်း နေထိုင်သူများကို ပိုလန်နိုင်ငံအတွင်း ဆက်လက် ထားရှိမည်ဟု ကတိပြုခဲ့ပြီး ထိုအစီအစဉ်သည် အမျိုးသား လုံခြုံရေးအတွက် အရေးကြီးကြောင်း မဲဆွယ်စည်းရုံး မှုများအတွင်း ပြောကြားခဲ့သည်။
"ဥရောပသမဂ္ဂထဲမှာပဲ လွတ်လွတ်လပ်လပ် နေချင်ပါတယ်။ ဥရောပသမဂ္ဂထဲမှာ လွတ်လွတ်လပ်လပ် လျှောက် သွားချင်ပါတယ်" ဟု အသက် ၅၉ နှစ်အရွယ် သွားဆရာဝန်တစ်ဦးဖြစ်သူ ဟန်နာ ချာစီဝစ်ဇ် (Hanna Chaciewicz) က ပြောကြားခဲ့သည်။
ပိုလန်အစိုးရ လက်အောက်ခံ သတင်းမီဒီယာ ရုပ်သံလိုင်းဖြစ်သည့် TVB ကမူ အောက်တိုဘာ ၁ ရက်က ပြုလုပ်ခဲ့ သော ဆန္ဒပြမှုတွင် လူပေါင်း ၁၀၀,၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း အတိုက်အခံ ခေါင်းဆောင် တာ့စ်ကမူ ထိုဆန္ဒပြမှုတွင် လူပေါင်း သန်းချီ ပါဝင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 917
CNI International News
တမ်ပီ၊ စက်တင်ဘာ ၃၀
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် စက်တင်ဘာ ၂၈ ရက်က သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ကို အစွန်းရောက်ဟု ခေါ်ဆို၍ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခဲ့ကာ အမေရိကန်ဒီမိုကရေစီ အန္တရာယ်ကျရောက်နေပြီးဟု ပြောကြားခဲ့သည်။
ထို့နောက် ဘိုင်ဒန်က ထရမ့်သည် လာမည့်နှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး အာဏာပြန်ရလာပါက အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်စီးလိမ့်မည်ဟု စွပ်စွဲခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဒီမိုကရက်များနှင့် ရီပတ်ဘလစ်ကန်များအကြား အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် အရီဇိုးနား (Arezona) ပြည်နယ်တွင် ဘိုင်ဒန်က မိန့်ခွန်းပြောကြားခဲ့ရာတွင် ထရမ့်သည် အငြိုးကြီးမားသူဖြစ်ကြောင်းနှင့် အမေရိကန် ပြည်သူများအနေဖြင့် အချိန်မနှောင်းမီ ဒီမိုကရေစီကို ကာကွယ်ကြရန် တိုက်တွန်းခဲ့သည်။
အမေရိကန်အောက်လွှတ်တော်မှ ရီပတ်ဘလစ်ကန်များက ဂျိုးဘိုင်ဒန်သည် ၎င်း၏ သားဖြစ်သူ ဟန်တာ ဘိုင်ဒန် (Hunter Biden) ၏ စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး လိမ်ညာပြောဆိုမှုများ ရှိခဲ့သည်ဆိုသည့် သက်သေ အထောက်အထား မပါသော စွဲချက်များအပေါ် အခြေခံပြီး ဘိုင်ဒန်ကို စွပ်စွဲပြစ်တင်မှုဆိုင်ရာ ကြားနာစစ်ဆေးမှု များ ပြုလုပ်နေချိန်တွင် ဘိုင်ဒန်၏ မိန့်ခွန်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
"ဒီမိုကရေစီဟာ သေနတ်ပြောင်းဝမှာ သေဆုံးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှုတွေကို ရှုတ်ချဖို့ ဒါမှမဟုတ် ကာကွယ်ပေးဖို့ ပျက်ကွက်တဲ့အချိန်၊ ပြည်သူတွေ ရေငုံနှုတ်ပိတ်နေတဲ့ အချိန်မှာတော့ ဒီမိုကရေစီဟာ သေဆုံးနိုင်တယ်ဆိုတာ ကျနော်တို့အားလုံး အမှတ်ရနေသင့်ပါတယ်" ဟု ဘိုင်ဒန်က ပြောကြားခဲ့ သည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းရန် ကြိုးပမ်းမှုများနှင့် အမေရိကန် လွှတ်တော် အဆောက်အအုံ (US Capitol) ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က ဝင်ရောက်စီးနင်းမှုတို့နှင့် ပတ်သက်ပြီး တရားရေးအရ ရင်ဆိုင် နေရသည့် ထရမ့်၏ အမှုအခင်းများတွင် ဘိုင်ဒင်သည် ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိခဲ့ပေ။
သို့သော် ဘိုင်ဒင်သည် အရီဇိုးနားပြည်နယ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ထရမ့်ကို နာမည်တပ်ကာ ထည့်သွင်း ပြောကြားခဲ့သည်။
ထရမ့်သည် ရွေးကောက်ပွဲတွင် နောက်တစ်ကြိမ် အနိုင်ရရှိခဲ့မည်ဆိုပါက ထရမ့်နှင့် ၎င်းအား ထောက်ခံသူများသည် သတင်းလွတ်လပ်ခွင့်၊ တရားဥပဒေ စိုးမိုးရေးနှင့် အမေရိကန်၏ အင်စတီကျူးရှင်းများကို တိုက်ခိုက်လိမ့်မည်ဟု လည်း ဘိုင်ဒန်က စွပ်စွဲပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တွေ့ရစဉ်
"ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သူ့သဘောဆန္ဒအတိုင်း လုပ်လို့ရတယ်လို့ ထရမ့်က ပြောခဲ့ဖူးပါတယ်။ သမ္မတ တစ်ယောက်ဟာ အဲဒီလိုပြောတာမျိုး ကျနော်တစ်ခါမှ မကြားဖူးခဲ့ပါဘူး" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။
ထရမ့်၏ မဲဆွယ်စည်းရုံးရေး ဆောင်ပုဒ်ဖြစ်သည့် "အမေရိကန်ကို နောက်တစ်ကြိမ် ကြီးမြတ်အောင် လုပ်ဆောင် ရေး" (Make America Great Again - MAGA) ဟူသည့် ဆောင်ပုဒ်အောက်တွင် ရီပတ်ဘလစ်ကန်ပါတီသည် ခြိမ်းခြောက်ခံနေရကြောင်း ဘိုင်ဒန်က သတိပေးခဲ့သည်။
ထို့ပြင် မကြာသေးမီက အမေရိကန် ထိပ်သီးစစ်ဘက် အရာရှိများကို နိုင်ငံတော် သစ္စာဖောက်မှုဖြင့် စွပ်စွဲခဲ့သည့် ထရမ့်၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး ရီပတ်ဘလစ်ကန်ပါတီ၏ နှုတ်ဆိတ်နေမှုကိုလည်း ဘိုင်ဒန်က ဝေဖန်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 726
CNI International News
ကာဇန်၊ စက်တင်ဘာ ၃၀
အာဖဂန်နစ္စတန်နိုင်ငံအတွင်းနှင့် အနီးတစ်ဝိုက်ဒေသများတွင် ဒေသတွင်းမှ မဟုတ်သည့် အပြင်လူများ၏ လှုပ်ရှားမှုများ မြင့်တက်နေပြီး ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) က ပြောကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံ၊ ကာဇန် (Kazan) မြို့တွင် ပြုလုပ်သည့် အာဖဂန်အရေး ဆွေးနွေးညှိနှိုင်းပွဲတွင် ပါဝင်တက်ရောက် သူများကို လာဗရော့ဗ်က မိန့်ခွန်းစာရွက်ထဲတွင် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။
"ဒေသတွင်းက မဟုတ်တဲ့ ပြင်ပနိုင်ငံတွေကလူတွေဟာ အာဖဂန်ကို ဦးတည်ချက်ထားပြီး လှုပ်ရှားမှုတွေကို တိုးမြှင့်ဖို့ ကြိုးပမ်းနေတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စိုးရိမ်မိပါတယ်" ဟု လာဗရော့ဗ်က စာဖြင့် ရေးသား ပေးပို့ခဲ့သည့် မက်ဆေ့ချ်ကို ရုရှားသမ္မတ၏ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ် (Russian Special Presidential Representative for Afghanistan) ဇမ်မီယာ ကာဘူလော့ဗ် (Zamir Kabulov) က ဖတ်ကြား ခဲ့သည်။
ကာဘူလော့ဗ်သည် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယ အာရှဌာန (Second Asian Department) ၏ ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

အာဖဂန် အမျိုးသမီးတွေကြားမှာ တာလီဘန်တစ်ယောက်ကို တွေ့ရစဉ်
နေတိုးအဖွဲ့ဝင် နိုင်ငံများနှင့်အတူ ဒေသတွင်း နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်ရေး အားထုတ်ကြိုးပမ်းမှုများသည် အာဖဂန်နစ္စတန်နိုင်ငံကို ပရမ်းပတာဖြစ်စေခဲ့သည့် ၎င်းတို့၏ နှစ်ပေါင်း ၂၀ ကြာ စစ်ပွဲ၏ အန္တရာယ်ကြီးမားသော ရလဒ်များအတွက် အပြည့်အဝ တာဝန်ယူမှုနှင့် ဝန်ခံမှုကို ပြသခြင်း ဖြစ်နိုင်သည်ဟု လာဗရော့ဗ်က ပြောကြားခဲ့ သည်။
အာဖဂန်ပြည်သူများကို အစားထိုးမရနိုင်သည့် ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့ခံစားစေခဲ့ရသော အနောက် နိုင်ငံများအနေဖြင့် စစ်ပွဲအလွန် အာဖဂန်ပြန်လည် ထူထောင်ရေးတွင် အဓိကနေရာမှ ပါဝင်ထမ်းဆောင် ပေးရ မည်ဟုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
"ဒါနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အာဖဂန် ဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်က ထိန်းချုပ်ထားတာဟာ အကျိုးမရှိဘဲ အောက်ခြေ အာဖဂန်ပြည်သူတွေရဲ့ စားဝတ်နေရေးကို ပိုမိုဆင်းရဲကျပ်တည်းစေပြီး အခြေအနေ တွေကို ပိုမိုဆိုးရွားစေရုံသာ ရှိခဲ့ပါတယ်" ဟု လာဗရော့ဗ်က နိဂုံးချုပ်အနေဖြင့် ပြောကြားခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1013
CNI International News
ကိယက်ဗ်၊ စက်တင်ဘာ ၃၀
နေတိုးအဖွဲ့၏ အတွင်းရေးမှူးချုပ် ဂျန်းစ် စတိုတန်ဘာ့ချ် (Jens Stoltenberg) သည် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskyy) နှင့် စက်တင်ဘာ ၂၈ ရက်က ကိယက်ဗ်မြို့တော်တွင် တွေ့ဆုံခဲ့ပြီး စစ်ပွဲ အခြေအနေနှင့် ယူကရိန်းစစ်သားများ၏ လိုအပ်ချက်များကို ဆွေးနွေးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ခရိုင်းမီးယား (Crimea) ကျွန်းဆွယ်ရှိ ရုရှား၏ ရေတပ်စခန်းဌာနချုပ်အား ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကို ယူကရိန်း၏ အနောက်နိုင်ငံများက အစီအစဉ်ရေးဆွဲပေးခဲ့ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲခဲ့ပြီး တစ်ရက်အကြာတွင် စတိုတန်ဘာ့ချ်နှင့် ဇာလန်းစကီးတို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဆောင်းရာသီက ရုရှား၏ တိုက်ခိုက်မှုများကြောင့် ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့သည့် ယူကရိန်း၏ လျှပ်စစ် ဓာတ်အားပေး စက်ရုံများနှင့် စွမ်းအင် အခြေခံ အဆောက်အအုံများကို ကာကွယ်ရန် နောက်ထပ် လေကြောင်းကာကွယ်ရေး စနစ်များ ပိုမိုထောက်ပံ့ပေးရေး စတိုတန်ဘာ့ချ်က သဘောတူခဲ့သည်ဟု ဇာလန်းစကီး က ပြောသည်။
ထို့ပြင် မကြာသေးမီ ရက်ပိုင်းအတွင်းက ယူကရိန်းအရပ်သားများ သေဆုံးခဲ့သည့် ရုရှား၏ ဒရုန်းတိုက်ခိုက်မှုများ၊ ဒုံးကျည်တိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ အခြေအနေကိုလည်း ဇာလန်းစကီးက နေတိုး အကြီးအကဲကို ပြောပြခဲ့သည်။

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသော ယူကရိန်းနိုင်ငံအတွင်းက တစ်နေရာကိုတွေ့ရစဉ်
"ယူကရိန်းပြည်သူတွေနဲ့ ယူကရိန်းရဲ့ မြို့တွေ၊ ဆိပ်ကမ်းတွေကို ပြင်းထန်စွာ တိုက်ခိုက်နေတဲ့ ရုရှားရဲ့ တိုက်ခိုက်မှု တွေကို ကာကွယ်ဖို့ လေကြောင်းကာကွယ်ရေးစနစ်ကို ပိုမိုတိုးမြှင့်ဖို့ လိုအပ်ပါတယ်။ ယူကရိန်းရဲ့ ဆိပ်ကမ်းတွေ ဟာ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ လုံခြုံရေးအတွက် အရမ်းကို အရေးကြီးပါတယ်"ဟု ဇာလန်းစကီးက ပြော သည်။
နေတိုးအဖွဲ့သည် ယူကရိန်းကို ၁၅၅ မမ ဟောင်ဝပ်ဇာ ( 150 mm Howitzer) လက်နက်ကြီးကျည်များ၊ တင့်ကား ဖျက် ပဲ့ထိန်းဒုံးကျည်များနှင့် တင့်ကားများအတွက် လိုအပ်သည့် လက်နက်ခဲယမ်းများ အပါအဝင် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ တန်ကြေးရှိ ကန်ထရိုက်များ ချုပ်ဆိုထားကြောင်း နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ချ်က ပြော သည်။

နေတိုးအဖွဲ့၏ အတွင်းရေးမှူးချုပ် ဂျန်းစ် စတိုတန်ဘာ့ချ်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီးကို တွေ့ရစဉ်
"ယူကရိန်းရဲ့ အင်အား ပိုမိုကြီးမားလာလေလေ၊ ရုရှားရဲ့ ကျူးကျော်မှု အဆုံးသတ်ဖို့ နီးစပ်လာလေလေပါပဲ။ ရုရှား အနေနဲ့ အခုပဲ လက်နက်ချပြီး စစ်ပွဲကို အဆုံးသတ်ရမှာ ဖြစ်ပါတယ်။ ယူကရိန်းကတော့ ဒီလိုမဟုတ်ပါဘူး။ ယူကရိန်းရဲ့ လက်နက်ချမှုဟာ ငြိမ်းချမ်းရေးကို မဖြစ်စေပါဘူး။ ရုရှားရဲ့ ကျူးကျော်မှုကို ပိုပြီးဆိုးရွားစေဖို့ပဲ ဖြစ်လာပါလိမ့်မယ်" ဟု စတိုတန်ဘာ့ချ်က ပြောကြားခဲ့သည်။
ယူကရိန်းသည် နေတိုးအဖွဲ့ထဲ ဝင်ရောက်ရေးအတွက် တွန်းအားပေး ပြောနေပြီး စတိုတန်ဘာ့ချ်ကလည်း နေတိုးအဖွဲ့အတွင်း ယူကရိန်း၏ အနာဂတ်ရှိကြောင်းနှင့် ယူကရိန်းဘက်မှ ဆက်လက် ရပ်တည်မည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုခဲ့သည်။
ရုရှားကမူ ယူကရိန်းသည် နေတိုးအဖွဲ့ဝင် ဖြစ်လာနိုင်သည်ဟု ရှုမြင်ထားပြီး နေတိုးအဖွဲ့သည် ပြင်ပခြိမ်းခြောက်မှု ဖြစ်ကာ ယူကရိန်းကို နေတိုးအဖွဲ့ဝင် မဖြစ်စေရန် တားဆီးမည်ဟု ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 781
CNI International News
မော်စကို၊ စက်တင်ဘာ ၃၀
ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) သည် စက်တင်ဘာ ၂၉ ရက်က ဝဂ်နာ ကြေးစားအုပ်စု၏ ထိပ်သီးတပ်မှူး တစ်ဦးဖြစ်သည့် ဒန်ဒရီ ထရိုရှက်ဗ် (Andrei Troshev) နှင့် တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲအတွင်း ဗော်လန်တီယာ တပ်ဖွဲ့များကို အသုံးပြုရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုတွေ့ဆုံဆွေးနွေးမှုအရ ဇွန်လအတွင်း အောင်မြင်ခြင်း မရှိခဲ့သည့် ဝဂ်နာအဖွဲ့၏ ပုန်ကန်မှုဖြစ်ပွားပြီးနောက် ရုရှားအစိုးရသည် ဝဂ်နာအဖွဲ့အပေါ် လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့သည့် အခြေအနေကို ပြသရာရောက်ခဲ့သည်။
ရုရှားအစိုးရအား ပုန်ကန်မှုကို ဦးဆောင်ခဲ့သည့် ဝဂ်နာအဖွဲ့အကြီးအကဲ ယက်ဂျီနီ ပရီဂေါ့ဇ်ဟင် (Yevgeny Prigozhin) နှင့် ၎င်း၏ ထိပ်သီးတပ်မှူး အချို့သည် သြဂုတ်လက လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သည်။
ရုရှားနိုင်ငံပိုင် ရုပ်သံတွင်မူ ပူတင်သည် ဝဂ်နာ တပ်မှူးဟောင်း ထရိုရှက်ဗ်နှင့် တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်နေ ပုံများကို ဖော်ပြခဲ့သည်။

ဝဂ်နာတပ်ဖွဲ့ ထိပ်သီးတပ်မှူး တစ်ဦးဖြစ်တဲ့ ဒန်ဒရီ ထရိုရှက်ဗ်ကို တွေ့ရစဉ်
မကြာသေးမီ လများအတွင်းက ဝဂ်နာ ကြေးစားစစ်သားများ လှုပ်ရှားနေသည့် နိုင်ငံအချို့သို့ သွားရောက်ခဲ့သည့် ရုရှား၏ ဒုကာကွယ်ရေးဝန်ကြီး ယူနက်စ်-ဘက်ခ် ယက်ဗ်ကူရော့ဗ် (Yunus-Bek Yevkurov) သည်လည်း ထိုအစည်းအဝေးကို တက်ရောက်ခဲ့သည်။
ဗော်လန်တီယာ တပ်ဖွဲ့များအနေဖြင့် တိုက်ခိုက်ရေး တာဝန်များနှင့် အထူးစစ်ဆင်ရေးများ ပြုလုပ်သည့် ဇုန်များ တွင် မည်ကဲ့သို့ စွမ်းဆောင်နိုင်မည်ဆိုခြင်းကို ဆွေးနွေးခဲ့ကြသည်ဟု ပူတင်က ပြောကြားခဲ့သည်။
"သင့်အနေနဲ့ အဲဒီလို တပ်ဖွဲ့ထဲမှာ တစ်နှစ်ကျော်လောက် ပါဝင်တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဘာတွေလုပ်ရမလဲ ဆိုတာ ကိုလည်း သိထားပြီးပါပြီ။ တိုက်ပွဲကို အအောင်မြင်ဆုံး နည်းလမ်းနဲ့ အကောင်းဆုံး တိုက်ခိုက်ဖို့အတွက်လည်း သင်သိပါတယ်" ဟု ပူတင်က ထရိုရှက်ဗ်အား ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျလို့ သေဆုံးသွားတဲ့ ဝဂ်နာတပ်ဖွဲ့ခေါင်းဆောင် ယက်ဂျီနီ ပရီဂေါ့ဇ်ဟင်ကို တွေ့ရစဉ်
ထို့ပြင် ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက် ခဲ့သူများအတွက် လူမှုရေးဆိုင်ရာ အကူအညီများ ပေးရေးနှင့်လည်း ဆွေးနွေးခဲ့သည်ဟု ပူတင်က ပြောသည်။
ထရိုရှက်ဗ်သည် ပူတင်၏ ပြောစကားများကို ရိုကျိုးစွာ နားထောင်နေပြီး လက်ထဲတွင်လည်း ဘောပင်တစ်ချောင်း ကိုင်ထားသည်ကို ရုရှားနိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်သည့် မှတ်တမ်းများတွင် မြင်တွေ့ရသည်။
သို့သော် ထိုအစည်းအဝေးအတွင်း ထရိုရှက်ဗ်၏ မှတ်ချက်စကားများကိုမူ ရုရှားနိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့ခြင်း မရှိပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 918
CNI International News
ဆိုးလ်၊ စက်တင်ဘာ ၂၉
စစ်အေးအသစ်တွင် အမေရိကန်နှင့် ထိပ်တိုက်တွေ့သည့် ညွန့်ပေါင်းနိုင်ငံများ၌ ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ရန်နှင့် နျူကလီးယား လက်နက်များ ထုတ်လုပ်မှုကို အဆမတန် တိုးမြှင့်ရန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား၏ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့်် လွှတ်တော်အစည်းအဝေးတွင် ကင်မ်က အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ အမြင့်ဆုံး ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စီမံကိန်းကို တိုးမြှင့်ရန် မူဝါဒများပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမှုကို ပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယား လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
ကင်မ်သည် ရုရှား၏ အရှေ့ဖျားဒေသသို့ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အစည်းအဝေး ပြုလုပ်ခဲ့သလို ရုရှား၏ စစ်ဘက်ဆိုင်ရာနှင့် နည်းပညာစင်တာများကို လေ့လာကြည့်ရှုခဲ့ပြီးနောက် လွှတ်တော် အစည်းအဝေးကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကင်မ်၏ ရုရှားခရီးစဉ်အတွင်း မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအား လက်နက်ခဲယမ်းများ ထောက်ပံ့ပေးဖွယ်ရှိပြီး အပြန်အလှန်အနေဖြင့် ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည်စနစ်များကို တိုးမြှင့်ရန် ရုရှား၏ နည်းပညာများနှင့် စီးပွားရေးအကူအညီများကို လက်ခံရယူဖွယ်ရှိသည်။
ထိုအခြေအနေအပေါ် အနောက်နိုင်ငံများက စိုးရိမ်နေသည်။
မြောက်ကိုရီးယားသည် ကပ်ရောဂါဆိုင်ရာ လော့ဒေါင်းများကို တဖြည်းဖြည်း အဆုံးသတ်နေချိန်တွင် အမေရိကန် ကို ဆန့်ကျင်သည့် အင်အားစုတစ်ခုတွင် ပါဝင်ရန်နှင့် သံတမန်ရေးအရ ဖယ်ကြဉ်ခံထားရမှုကို ရှောင်လွှဲရန် ကင်မ် သည် ရုရှား၊ တရုတ်တို့နှင့် မိတ်ဖက် ဆက်ဆံရေးများကို တိုးမြှင့်လုပ်ဆောင်နေသည်။

မြောက်ကိုရီးယား၏ ဖွဲ့စည်းပုံအခြေခံဉပဒေ စာအုပ်ကို တွေ့ရစဉ်
ကမ္ဘာသည် စစ်အေးအသစ်ထဲသို့ ဝင်ရောက်နေသဖြင့် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား စွမ်းဆောင်ရည် များကို တိုးမြှင့်သင့်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယား လွှတ်တော် အစည်းအဝေးအတွင်း နိုင်ငံ၏ နျူကလီးယား လက်နက် ထုတ်လုပ်မှုကို လျင်မြန်စွာ မြှင့်တင်ခြင်းဖြင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကို ကာကွယ်ရန် အတည်ပြုခဲ့ကြသည်။
အလားတူ စစ်ပွဲကို တားဆီးရန် အပြင် မြောက်ကိုရီးယား၏ တည်ရှိပိုင်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်တို့ကို စိတ်ချ သေချာစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်ခွဲအသစ်တစ်ခုကို ထပ်မံထည့်သွင်းရန် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ကြသည်။
ထို့ပြင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့အကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင်တင်နေခြင်းသည် ကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်ပြီး ထိုသုံးနိုင်ငံသည် အာရှနေတိုးအဖွဲ့ပုံစံ ဖန်တီးနေခြင်းဖြစ်ကြောင်း ကင်မ်က စွပ်စွဲခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1015
CNI International News
ကောင်းရှောင်၊ စက်တင်ဘာ ၂၉
ထိုင်ဝမ်သည် စက်တင်ဘာ ၂၈ ရက်က ၎င်း၏ ပထမဆုံး ပြည်တွင်းလုပ် ရေငုပ်သင်္ဘောတစ်စင်းကို ထုတ်ဖော်ပြသ ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
တရုတ်ရေတပ်ကို ဆန့်ကျင်သည့် ထိုင်ဝမ်၏ ကာကွယ်ရေးစနစ်အား တိုးမြှင့်သည့်အနေဖြင့် ပြည်တွင်းတွင် ရေငုပ်သင်္ဘောများ ထုတ်လုပ်ရေး စီမံကိန်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခုထုတ်ဖော်ပြသခဲ့သည့် ရေငုပ်သင်္ဘောကိုမူ လာမည့်နှစ်နှစ်အတွင်း ရေတပ်တွင် တာဝန်အပ်နှင်းသွားဦးမည် မဟုတ်ပေ။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကို တွေ့ရစဉ်
ထိုင်ဝမ်အနီးတွင် တရုတ်က နေ့စဉ်နီးပါး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသဖြင့် ထိုင်ဝမ်သည် ၎င်း၏ လက်နက် ကိုင် တပ်ဖွဲ့အင်အားကို အဆင့်မြှင့်တင်ရန် ရည်မှန်းချက်ကြီးမားသည့် စီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ပြည်တွင်းတွင် ရေငုပ်သင်္ဘောများ ထုတ်လုပ်သည့် အစီအစဉ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်က အာဏာရလာခဲ့သည့် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) သည် စက်တင်ဘာ ၂၈ ရက်က ထိုင်ဝမ်တောင်ပိုင်း ကောင်းရှောင်မြို့တွင် ပထမဆုံး ပြည်တွင်းလုပ် ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသခဲ့သည်။
ထိုရေငုပ်သင်္ဘောသည် ပြည်တွင်းတွင် ထုတ်လုပ်ရန် စီစဉ်ထားသည့် ရေငုပ်သင်္ဘော ၈ စင်းထဲမှ ပထမဆုံး ရေငုပ် သင်္ဘော ဖြစ်သည်။
"အတိတ်ကာလတုန်းကတော့ ရေငုပ်သင်္ဘောကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အလုပ်တစ်ခုပါ။ ဒါပေမယ့် ဒီနေ့မှာတော့ ကျမတို့ ပြည်သူတွေရဲ့ မျက်စိရှေ့မှောက်မှာပဲ ရေငုပ်သင်္ဘောတစ်စင်းကို ဒီဇိုင်းထွင် ထုတ်လုပ်နိုင်ခဲ့ပါပြီ" ဟု ဆိုင်က ပြောကြားခဲ့သည်။

ထိုင်ဝမ်ပြည်တွင်းထုတ် ရေငုပ်သင်္ဘောကို တွေ့ရစဉ်
ရေငုပ်သင်္ဘော ထုတ်လုပ်မှုကို အရဲစွန့်ပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသည့်တိုင် ထိုင်ဝမ်သည် မိမိကိုယ်ကိုယ် အားထားသည့် အမျိုးသားကာကွယ်ရေးမူဝါဒကို ဆက်လက် ရှင်သန်စေရန်နှင့် ထိုင်ဝမ်အား ကြီးပွားတိုးတက်စေရန် ဆက်လက် လုပ်ဆောင်ရမည်ဟုလည်း ဆိုင်က ပြောသည်။
Narwhal ဟု အမည်ပေးထားသည့် အဆိုပါ ရေငုပ်သင်္ဘောသည် ၂၀၂၅ ခုနှစ်တွင် တပ်တော်ဝင်ပြီး တာဝန် ထမ်းဆောင်မည်ဖြစ်ကာ ၁၉၈၀ ပြည့်နှစ်က နယ်သာလန်နိုင်ငံမှ ဝယ်ယူထားသော ရှိရင်းစွဲ ရေငုပ်သင်္ဘော နှစ်စင်းနှင့် ပူးပေါင်းမည်ဟု ထိုင်ဝမ်သမ္မတက ဆိုသည်။
ထိုင်ဝမ်သည် ၂၀၂၇ ခုနှစ်တွင် နောက်ထပ် ပြည်တွင်းလုပ် ရေငုပ်သင်္ဘောနှစ်စင်း ထပ်မံဖြန့်ကြက်ရန် မျှော်လင့် ထားပြီး ထိုရေငုပ်သင်္ဘောများတွင် ဒုံးကျည်များ တပ်ဆင်သွားမည်ဟု ရေငုပ်သင်္ဘော တည်ဆောက်ရေး စီမံကိန်း ကို တာဝန်ယူ ဆောင်ရွက်နေသည့် ထိုင်ဝမ်၏ CSBC Corp က ပြောကြားခဲ့သည်။
Source: ရိုက်တာ
