- By CNI
- Category: နိုင်ငံရေး
- Hits: 1183
CNI International News
ဆိုးလ်၊ နိုဝင်ဘာ ၂
မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည် စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသား ဖော်ပြသည်။
နှစ်နိုင်ငံ၏အရှေ့ဘက်နယ်စပ်အနီးတွင် တောင်ကိုရီးယားဘက်မှ တိုက်လေယာဉ်များသည် တိကျသည့် ပဲ့ထိန်း ဒုံးကျည် ၃ စင်းကို နိုဝင်ဘာ ၂ ရက် (ယနေ့)တွင် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
အဆိုပါပစ်လွှတ်မှုသည် နိုဝင်ဘာ ၂ ရက်အစောပိုင်း မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို တုံ့ပြန်ခြင်းဖြစ်သည်။ မြောက်ကိုရီးယားဒုံးကျည် ၁ စင်းသည် ပင်လယ်နှင့်နှစ်နိုင်ငံနယ်စပ်အနီး ကျရောက်ခဲ့ကြောင်း တောင်ကိုရီးယား က သတင်းထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မီးရထားဘူတာရုံတွင် နိုဝင်ဘာလ ၂ ရက်နေ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ရုပ်သံဖိုင်ကို တီဗွီဖန်သားပြင်တွင် ပြသထားစဉ်(ဓါတ်ပုံ-အေပီ)
မြောက်ကိုရီးယားသည် ၎င်းဦးတည်ရာဘက်သို့ နိုဝင်ဘာ ၂ ရက်တွင် ဒုံးကျည်ပစ်ခတ်ခဲ့ပြီးနောက် ပင်လယ်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့ရာ လေကြောင်းအရေးပေါ်သတိပေးမှု ဥဩသံများ ဆူညံသွားခဲ့သည်။
အမေရိကန်နှင့်တောင်ကိုရီးယားတို့ကို အဆိုးရွားဆုံးဖြစ်အောင် နျူကလီးယားလက်နက်သုံးမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါပစ်လွှတ်စမ်းသပ်မှု ပေါ်ထွက်လာခဲ့ သည်။
နှစ်နိုင်ငံ ပြိုင်ဘက်များအကြား အကြီးစားစစ်ရေးလေ့ကျင့်မှုကို ပစ်မှတ်ထားလုပ်ဆောင်လာကြသဖြင့် ကြွေးကြော် သံများကိုလည်း အသီးသီး ပြင်းထန်လာစေခဲ့သည်။
မြောက်ကိုရီးယားသည် ၎င်းနိုင်ငံ၏အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းရိုးတန်းသို့ ဒုံးကျည်အမျိုးစုံ ၁၀ စင်းကျော် ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က အတည်ပြုထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲသည် ဆိုးလ်မြို့ရှိ အမျိုးသားလုံခြုံရေးကောင်စီ (NSC) အစည်းအဝေးသို့ တက်ရောက်ခဲ့စဉ်(ဓါတ်ပုံ-အေပီ)
မြောက်ကိုရီးယား၏ အရှေ့ဘက်ကမ်းရိုးတန်းရှိ ဝန်ဆန် (Wonsan) မှ ပစ်ခတ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည် ၃ စင်းကို မိမိတို့တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂ ရက် အစောပိုင်းတွင် သတင်းထုတ် ပြန်ခဲ့သည်။
အဆိုပါဒုံးကျည်များအနက် တစ်လုံးသည် နှစ်နိုင်ငံနယ်စပ် ပင်လယ်အနီးရှိ ၂၆ ကီလိုမီတာ (၁၆ မိုင်) အကွာ အဝေးသို့ ကျရောက်ခဲ့ကြောင်း သိရသည်။
၎င်းဒုံးကျည်ကျရောက်ခဲ့သော နေရာသည် နိုင်ငံတကာရေပိုင်နက်အတွင်း တည်ရှိသော်လည်း နယ်စပ်၏ တောင်ဘက်နှင့် အလှမ်းဝေးသေးသည်။ မြောက်ကိုရီးယား ဒုံးကျည်ကျရောက်မှုမှာ ၁၉၄၈ ခုနှစ် နှစ်နိုင်ငံပြိုကွဲ သွားပြီးနောက် ပင်လယ်ပြင်နယ်စပ်အနီး ပထမဆုံး ကျရောက်မှုဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1466
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၁
လာမည့်ရွေးကောက်ပွဲ ပြန်လည် အရွေးခံရပါက ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ရာထူးသက်တမ်းသည် ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ဝစ်စနူကရီယာနမ် (Wissanu Krea-ngam)က အောက်တို ဘာ ၃၁ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းအရ သိရသည်။
ဗိုလ်ချုပ်ကြီး ပရာယွတ်၏ ရာထူးသက်တမ်း ကန့်သတ်ချက်အပေါ် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်တွင် စီရင် ချက် ချခဲ့ခြင်းသည် ဝန်ကြီးချုပ်အဖြစ် မည်မျှကြာကြာ ဆက်လက် ထမ်းဆောင်နိုင်ခြင်းအား အဓိပ္ပါယ် အကောက် အယူ လွဲမှားစေခြင်း မရှိကြောင်း မစ္စတာ ဝစ်စနူက ဆက်လက် ပြောကြားခဲ့သည်။

ထိုင်း ဒုတိယဝန်ကြီးချုပ် ဝစ်စနူကရီယာနမ် သတင်းထောက်များကို ရှင်းပြနေစဉ် (GETTY IMAGES)
ဗိုလ်ချုပ်ကြီး ပရာယွတ်၏ ရာထူးသက်တမ်း မည်သည့်ကာလတွင် ကုန်ဆုံးမည်ကို အတိအကျ မဖော်ပြထားသော် လည်း လက်ရှိ ပဋိညာဉ်စာတမ်း အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ၎င်း၏ ဝန်ကြီးချုပ် ရာထူး သက်တမ်း စတင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဗိုလ်ချုပ်ကြီး ပရာယွတ်သည် လာမည့်နှစ်တွင် ဝန်ကြီးချုပ်အဖြစ် ပြန်လည် အရွေးခံရပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၁၅၈ ပါ ပြဋ္ဌာန်းချက်ကြောင့် ၎င်းအနေဖြင့် ၂၀၂၅ ခုနှစ်ထက် ကျော်လွန်၍ ၎င်းရာထူး၌ ဆက်ရှိ နေနိုင်မည် မဟုတ်ကြောင်း မစ္စတာ ဝစ်စနူက ထပ်လောင်း ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၈ တွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ၄ နှစ်တာ တာဝန်ထမ်းဆောင်သည် ဖြစ် စေ၊ ရှေ့ဆင့်နောက်ဆင့် ထမ်းဆောင်သည်ဖြစ်စေ ထိုအခြေအနေနှင့် မသက်ဆိုင်ဘဲ အများဆုံး ၈ နှစ်အထိ ဝန်ကြီးချုပ်ရာထူး ထမ်းဆောင်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
မစ္စတာ ဝစ်စနူက “နောက်ထပ် စီရင်ချက်တစ်ခု ထပ်မလိုပါဘူး။ ဒါပေမယ့် ပုဒ်မ ၁၅၈ မှာ ဝန်ကြီးချုပ်က အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်တဲ့ ကာလနဲ့ပတ်သက်ပြီး ဘာမှ မပြောထားတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက် ထမ်းဆောင်နိုင်ခြေရှိတယ်။ ၈ နှစ်ကြာပြီးရင်တော့ ရာထူးက ချက်ချင်းထွက်ရ မယ်လို့ တချို့က အခိုင်အမာ ပြောနိုင်တယ်” ဟု ရှင်းပြသည်။

ဖူထိုင်းပါတီခေါင်းဆောင် ချော်နန်စရီကောကိုတွေ့ရစဉ် (GETTY IMAGES)
ထို့နောက် ပုဒ်မ ၁၅၉ နှင့်ပတ်သက်၍ သတင်းထောက်များမှ ဆက်လက်မေးမြန်းခဲ့ရာ မစ္စတာ ဝစ်စနူက “ဝန်ကြီး ချုပ် ရွေးချယ်ခြင်းရာတွင် အချို့သော ဥပဒေပညာရှင်များအနေဖြင့် ပရာယွတ် ရာထူးသက်တမ်းနှင့် ပတ်သက်၍ ငြင်းခုံစရာအဖြစ် ထိုပုဒ်မကို သုံးနိုင်ကြောင်း ပြောကြားမှုရှိသော်လည်း မိမိက အသေးအဖွဲဟု ယူဆ ကြောင်း” ဖြေကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဖူထိုင်းပါတီခေါင်းဆောင် ချော်နန်စရီကောက “ဝန်ကြီးချုပ်သည် လာမည့်နှစ်၊ မတ်လတွင် ကျင်းပမည့် အစည်းအဝေးများကို စောင့်ဆိုင်းခြင်းထက် အောက်လွှတ်တော်ကို ဖျက်သိမ်းမည်ဟု ယုံကြည် ကြောင်း” အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ဖူထိုင်းသည် အစောပိုင်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားပြီး ပါတီ၏ ဝန်ကြီးချုပ်လောင်း ၃ ဦးကို ကြေညာ မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Source: Bangkok Post
- By CNI
- Category: နိုင်ငံရေး
- Hits: 1461
CNI International News
မော်စကို၊ နိုဝင်ဘာ ၁
တစိတ်တပိုင်း စစ်ရေးလှုပ်ရှားမှုများနှင့် စစ်မှုထမ်းဆင့်ခေါ်စာများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု မော်စကိုအခြေစိုက် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
“စစ်မှုထမ်းရုံးတွေနဲ့ ဒေသန္တရအစိုးရအသီးသီးတွေမှာ အရန်တပ်အင်အား စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့ လှုပ်ရှားမှု အားလုံးကို ရပ်ဆိုင်းလိုက်ပါပြီ။ ပြင်ဆင်ရေးနဲ့ ဆင့်ခေါ်စာပေးပို့တာတွေကိုလည်း အခု ရပ်ဆိုင်းထားပါတယ်” ဟု ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
တစိတ်တပိုင်း စည်းရုံးသိမ်းသွင်းမှု အပြီးသတ်အစီရင်ခံစာများကို နိုဝင်ဘာ ၁ ရက် (ယနေ့) နောက်ဆုံးတင်ပြ ကြရမည်ဖြစ်ပြီး ယင်းကိစ္စနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်များကို စစ်တိုင်းနှင့်ခရိုင်အလိုက် တပ်မှူးများနှင့် မြောက်ပိုင်းတိုင်း ရေတပ်မှ တပ်မှူးထံသို့ ပေးပို့ထားကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

မော်စကိုရှိ စစ်ပညာကျောင်းဆင်း တပ်သားများကိုတွေ့ရစဉ်(ဓါတ်ပုံ-Victor Berzkin/ZUMA)
စည်းရုံးသိမ်းသွင်းရေးလုပ်ငန်းစဉ်အရ အသုံးပြုခဲ့သော အစည်းအဝေးပွဲနေရာများနှင့် အခြားအဆောက်အအုံများကို ယခုအခါ ၎င်းတို့၏ယခင်မူလရည်ရွယ်ချက်များအတိုင်း အသုံးပြုသွားရမည်ဖြစ်ဖြစ်ပြီး စစ်မှုရေးရုံးများကို လည်း မူလလုပ်ငန်းဆောင်တာများအတိုင်း ပြန်လည်တာဝန်ထမ်းဆောင်သွားစေမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောသည်။
စစ်မှုထမ်းရေးအတွက် စစ်သားစုဆောင်းရေးရုံးခွဲအသီးသီးမှာ တပ်ဖွဲ့ဝင်သစ်များအဖြစ် စေတနာ့ဝန်ထမ်းနှင့် စာချုပ်ချုပ်ထားသည့် တပ်သားများကိုသာ ဆက်လက်ခေါ်ယူသွားမည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်တွင် စတင်ခဲ့သည့် တစိတ်တပိုင်း စစ်မှုထမ်းစည်းရုံးသိမ်းသွင်းရေးလှုပ်ရှားမှုကို အပြီးသတ်လိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂု (Sergey Shoigu) က သမ္မတဗလာ ဒီမာပူတင်ထံသို့ အစီရင်ခံတင်ပြပြီးဖြစ်သည်။
လူသစ် ၃၀၀,၀၀၀(သုံးသိန်း) ဆင့်ခေါ်ထားပြီးဖြစ်သည်ဟု ရွှိုင်ဂုက ပြောကြားထားပြီး တစိတ်တပိုင်း စည်းရုံးခြင်း အတွက် နောက်ထပ်ရည်မှန်းချက်များ ချမှတ်ထားမှု မရှိကြောင်း သိရသည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 2012
CNI International News
မော်ဘီ၊ အောက်တိုဘာ ၃၁
အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် အောက်တိုဘာ ၃၀ ရက်၌ ရာစုနှစ်တစ်ခုကြာ သက်တမ်းရှိသည့် ကြိုးတံတားတစ်စင်း ပြိုကျခဲ့သဖြင့် လူပေါင်း ရာနှင့်ချီ၍ ရေနစ်ခဲ့ပြီး အနည်းဆုံး ၁၃၂ ဦး သေဆုံးခဲ့ကြောင်း အေပီ သတင်းဌာနက ရေးသားဖော်ပြသည်။
ယခုဖြစ်စဉ်သည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အိန္ဒိယနိုင်ငံ၌ အဆိုးရွားဆုံး မတော်တဆမှု ဖြစ်ကြောင်း အေပီက ဆက်လက် ရေးသားသည်။
အသက်ရှင်ကျန်ရစ်သူ ၁၇၇ ဦးထက် မနည်းကို မြစ်ကမ်းပေါ်သို့ ကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူများကို ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များက ရှာဖွေနေဆဲဖြစ်ကြောင်း ဂူဂျာရတ်ပြည်နယ်ရှိ သတင်းအချက်အလက်ဌာနမှ တာဝန်ရှိသူ ဂျီဂါခန့် (Jigar Khunt) က ပြောကြားခဲ့သည်။

ကြိုးတံတား ပြတ်သွား၍ သေဆုံးသွားသည်များကို သယ်ဆောင်လာစဉ် (AP)
တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ခဲ့သော ဗွီဒီယိုဖိုင် တစ်ဖိုင်တွင် ရာနှင့်ချီသူများသည် ကျိုးပဲ့နေသော တံတား အပိုင်း အစများကို အသည်းအသန် ဖက်တွယ်ထားကြကြောင်း တွေ့ရသည်။ မြစ်ကမ်းပေါ်ရှိ လူအုပ်ကြီးလည်း ရေထဲ ပြုတ်ကျသူများကို ကယ်ဆယ်ရန် အော်ဟစ်နေကြပုံများလည်း တွေ့ရသည်။
အဆိုပါ တံတားသည် ဂူဂျာရတ်ပြည်နယ်၊ မော်ဘီခရိုင်၊ မက်ချုးမြစ်ပေါ်တွင် ၁၉ ရာစု၊ ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လူအုပ်ကြီး အလေးချိန်ကို ခံနိုင်ရည် မရှိတော့သဖြင့် ပြိုကျခဲ့ရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဟိန္ဒူဘာသာဝင်တို့၏ ပွဲတော်ရာသီဖြစ်သဖြင့် အဆိုပါဒေသရှိ ခရီးသွား ဆွဲဆောင်ရာ နေရာများသို့ လာရောက် လည်ပတ်ကြသူ ပေါင်းမှာ ရာနှင့်ချီ၍ ရှိခဲ့သည်။
အရှည် ၂၃၂ မီတာ (၇၆၁ ပေ) ရှည်လျားသည့် အဆိုပါတံတားသည် ပြုပြင်ထိန်းသိမ်းရန်အတွက် ယခင်က ၆ လ နီးပါး ပိတ်ထားခဲ့သော်လည်း ဂူဂျာရတ် နှစ်သစ်ကူး ပွဲတော်မတိုင်မီ ၄ ရက်အလိုတွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

ကြိုးတံတား ပြတ်၍ သေဆုံးသွားသူများကိုတွေ့ရစဉ် (AP)
သတင်း မှတ်တမ်း ပုံများအရ တံတားသည် အလယ်ခေါင်တွင် ပြိုကျခဲ့ပြီး သတ္တုကြိုးဆိုင်းနေရာများ ပြတ်တောက် သွားခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
လူ ၁၃၂ ဦး သေဆုံးကြောင်း ပြည်နယ်ဝန်ကြီး ဟာ့ရှ်ဆန်ဗီက အတည်ပြုခဲ့ပြီး ဒဏ်ရာရသူ အများအပြားမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
အသက်ရှင် ကျန်ရစ်သူများကို ရှာဖွေရန်အတွက် အရေးပေါ်ကယ်ဆယ်ရေး ညတွင်းချင်း လုပ်ဆောင်ခဲ့ကြောင်း ဆန်ဗီက ဆက်လက် ပြောကြားခဲ့သည်။
သေဆုံးသူအများစုမှာ ဆယ်ကျော်သက်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြကြောင်း ၎င်းက ရှင်းပြခဲ့သည်။
“တံတားပေါ်မှာ လူတွေ အများကြီးပဲ။ ကျနော်တို့ လှုပ်လို့တောင် မရဘူး” ဟု မော်ဘီဆေးရုံရှိ ကုတင်တစ်လုံးပေါ် တွင် ဒဏ်ရာများ ပြန်လည် သက်သာလာသူ အသက် ၂၇ နှစ်ရှိ စီဒစ်ဘိုင်းက ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1938
CNI International News
မော်စကို၊ အောက်တိုဘာ ၃၁
၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အကျပ်အတည်းနှင့် အလားသဏ္ဌာန်တူသည့် ကမ္ဘာလုံးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှု များ ကိုင်တွယ်ဖြေရှင်းရာတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေဖြင့် အမြော်အမြင် ရှိလိမ့်မည်ဟု မိမိမျှော်လင့် ကြောင်း ယူကရိန်းစစ်ပွဲကို ရည်ညွှန်း၍ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်း တစ်လိုင်းနှင့် အင်တာဗျူးတွင် လာဗရော့က ကျူးဘား အကျပ်အတည်းနှင့် ယနေ့ ယူကရိန်းစစ်တို့ တူညီမှုများ ရှိကြောင်း၊ အဓိကအားဖြင့် ရုရှားသည် ယခုအခါ ယူကရိန်းတွင် အနောက်နိုင်ငံများ၏ လက်နက်များဖြင့် ခြိမ်းခြောက်ခံ နေရသဖြင့် တူညီသည်ဟု ပြောရခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။
“ယနေ့ အခြေအနေမှာတော့ သမ္မတ ဂျိုးဘိုင်ဒန်က ဘယ်လို အမိန့်ပေးမလဲဆိုတာ နားလည်ဖို့ အခွင့်အရေး ပိုရ မယ်လို့ မျှော်လင့်ပါတယ်” ဟု လာဗရော့က ပြောကြားခဲ့သည်။
“ဒီလိုအခြေအနေဟာ အင်မတန် စိတ်ပျက်စရာ ကောင်းပါတယ်။ ခြားနားချက်ကတော့ ၁၉၆၂ ခုနှစ်တုန်းက ကရူးရှက်ဗ်နှင့် ကနေဒီတို့ဟာ တာဝန်ယူမှုနဲ့ ဉာဏ်အမြော်အမြင်တို့ကို ပြသခဲ့ကြပါတယ်။ အခုတော့ ဝါရှင်တန် ဘက်က အဲဒီလို အဆင်သင့် ဖြစ်တာမျိုး ကျနော်တို့ မတွေ့ရတော့ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

ကျူးဘားက ဒုံးကျည်တပ်ဆင်ထားမှုကိုတွေ့ရစဉ် (GETTY IMAGES)
ရုရှားသည် ယူကရိန်းကို ကျူးကျော် ဝင်ရောက်ပြီး ကတည်းက ရုရှားနှင့် အနောက်အုပ်စုတို့အကြား ကျူးဘား ဒုံးကျည် အကျပ်အတည်း နောက်ပိုင်း အကြီးမားဆုံး ရန်လိုမှုများ ဖြစ်ပေါ်ခဲ့သည်။
ကျူးဘားဒုံးကျည် အကျပ်အတည်းတွင် ဆိုဗီယက်ပြည်ထောင်စု(ရုရှား)နှင့် အမေရိကန်တို့သည် နျူးကလီးယား စစ်ဖြစ်မည့် အန္တရာယ်နှင့် နီးကပ်ခဲ့ဖူးသည်။
ထိုစဉ်က ကျူးဘားကျွန်းပေါ်သို့ နျူကလီးယား ဒုံးကျည်များ လာရောက် ဖြန့်ကြက်ထားရှိရန် ဆိုဗီယက် ခေါင်း ဆောင် နီကီတာကရူးရှက်ဗ် ညွှန်ကြားခဲ့ကြောင်း အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက တွေ့ရှိခဲ့သည်။
အခြားတဖက်တွင်လည်း ကျူးဘားကျွန်းပေါ်မှ နှင်ထုတ်ခံရသော အမေရိကန် ကျောထောက် နောက်ခံပြု အစိုးရ ဟောင်းက ကျူးဘားအာဏာရ ကွန်မြူနစ်အစိုးရသစ်ကို ဖြုတ်ချရန် ကြိုးပမ်းမှုလည်း မအောင်မြင်ခဲ့ပေ။
၁၉၆၂ ခုနှစ်၊ အောက်တိုဘာလတွင် ဆိုဗီယက်ရေငုပ်သင်္ဘော ကပ္ပတိန်တစ်ဦးသည် အမေရိကန်ရေတပ်၏ ရေငုပ် သင်္ဘောလှုပ်ရှားမှုကို စွပ်စွဲခဲ့ပြီး နျူကလီးယားလက်နက် သုံးစွဲလိုသည့် အလားအလာများ ပြသလာခဲ့သည်။
ထိုနေ့ နှောင်းပိုင်းတွင် ကနေဒီသည် ကရူးရှက်ဗ်ကို ကျူးဘားမှ ဒုံးကျည်များ ဖယ်ရှားပေးဖို့ အလဲအလှယ် သဘော ဖြင့် တူရကီသို့ အမေရိကန် ပေးပို့ထားသည့် ဒုံးကျည်အားလုံး ဖယ်ရှားပေးရန် လျှို့ဝှက်သဘောတူခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် စစ်အေးတိုက်ပွဲတွင် စူပါပါဝါချင်း ပြိုင်ဆိုင်မှု၏ ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာခဲ့ သော်လည်း အကျပ်အတည်းမှာ နောက်ပိုင်းတွင် ပြေလည်သွားခဲ့သည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1144
CNI International News
ဆိုးလ်၊ အောက်တိုဘာ ၃၁
လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့သည့် အီထယ်ဝမ် (Itaewon) လူစုလူဝေးဖြစ်ရပ်ဆိုးနှင့်ပတ်သက်၍ လူမှုကွန်ရက် မီဒီယာများပေါ်သို့ အမုန်းစကားများ လွှင့်တင်ခြင်း (သို့မဟုတ်) အတည်မပြုနိုင်သော သတင်းအချက်အလက်များ ဖြန့်ဝေခြင်းမှ ရှောင်ကြဉ်ကြပါရန် တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒက်ဆိုး (Han Duck-soo) က အောက်တိုဘာ ၃၁ ရက် (ယနေ့)တွင် တောင်းဆိုခဲ့ကြောင်း ယွန်ယက်သတင်းကို ကိုးကား၍ ကိုရီးယားတိုင်းမ်ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။
“အင်တာနက်နဲ့ လူမှုကွန်ရက်မီဒီယာတွေမှာ တချို့တွေက သေဆုံးသူတွေအကြောင်း အမုန်းပွားစေတဲ့ မှတ်ချက် တွေ ရေးတင်နေကြပါတယ်။ မတော်တဆဖြစ်စဉ်အပေါ် အတုယောင်နဲ့ ရန်လိုစေတဲ့ဗီဒီယိုဖိုင်တွေကို မျှဝေနေ ကြပါတယ်” ဟု ဟန်ဒက်ဆိုးက ဗဟိုအစိုးရ၏တုံ့ပြန်ရေးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
“အင်တာနက်သုံးစွဲသူတွေအနေနဲ့ ဒီလိုအပြုအမူမျိုးကို လုံးဝရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
သေဆုံးသူ ၁၅၄ ဦးအနက် တစ်ဦးမှအပ ကျန်သူအားလုံးကို ဖော်ထုတ်နိုင်ခဲ့သည်ဟု သိရကြောင်း၊ ကျန်ရစ်သူ မိသားစုကို ထောက်ပံ့ကူညီရန် အစိုးရအနေဖြင့် အစွမ်းကုန်လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ သေဆုံးသူများထဲတွင် ဆိုးလ်မြို့အပြင်ဘက်မှ လာရောက်ကြသူများ၊ နိုင်ငံခြားခရီးသွား များလည်း ပါဝင်ကြသည်။

တောင်ကိုရီးယား သမ္မတ ယွန်ဆော့ရွဲမှ လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့သည့် အီထယ်ဝမ်ဖြစ်ရပ်ဖြစ်ပွားခဲ့ရာ နေရာသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ်(ဓါတ်ပုံ- Associated Press)
ဖြစ်ရပ်ဆိုးကြီး၏နောက်ဆက်တွဲမလိုလားအပ်သည်များကို အစွမ်းကုန်ရင်ဆိုင်ဖို့ တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူများကို ဟန်ဒက်ဆိုးက တိုက်တွန်းခဲ့သည်။
ဆိုးလ်မြို့တော်ရှိ ဖျော်ဖြေရေးလုပ်ငန်းများတည်ရှိရာ အီထယ်ဝမ်ခရိုင်တွင် ၃ ဒသမ ၂ မီတာကျယ်ဝန်းသော လမ်းကြားထဲ Halloween ပွဲတော်ဆင်နွှဲသူများအကြား ထုထည်ကြီးမားသည့်လူအုပ်ထဲတွင် မတော်တဆ သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။
လူအချို့လဲပြိုကျရာမှ အနီးအနားရှိလူများပါ ဆက်တိုက်လဲပြိုပြီး အချင်းချင်း ထိပ်တိုက်တိုးဝှေ့မိခြင်း နင်းမိခြင်း များ ရှိခဲ့သည်။
“အစိုးရအနေနဲ့ မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းရင်းကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး လိုအပ်တဲ့မူဝါဒတွေ ပြန်လည်ပြင်ဆင်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာပါ” ဟု ဆိုးလ်မြို့တော်ရှိ အစိုးရအာဏာပိုင်များ၊ ယောင်စန် ရပ်ကွက်ရုံးတို့တွင် တုံ့ပြန်ဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန် ဟန်ဒက်ဆိုးက မှာကြားခဲ့သည်။
အခင်းဖြစ်ပွားရာနေရာရှိ ကယ်ဆယ်ရေးလုပ်ငန်းများတွင် စေတနာအလျောက်ပါဝင်ခဲ့ကြသည့် ပြည်သူများကို ကျေးဇူးတင်ရှိပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Source: The Korea Times
- By CNI
- Category: နိုင်ငံရေး
- Hits: 1031
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၃၁
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် အောက်တိုဘာ ၃၀ ရက်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့ပြီး ရုရှား- ယူကရိန်းစစ်ပွဲအရေး အပါအဝင် တရုတ်နှင့် အမေရိကန် ဆက်ဆံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
ထို့နောက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် စီးပွားရေး တည်ငြိမ်မှုတို့အပေါ် ခြိမ်းခြောက်မှုများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
ပွင့်လင်းမြင်သာသော ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ထိန်းထားရန်နှင့် အမေရိကန်-တရုတ် ဆက်ဆံရေးကို တာဝန်သိစွာ စီမံခန့်ခွဲရန် လိုအပ်ကြောင်း ဘလင်ကင်က ဝမ်ယိကို ပြောကြားခဲ့သည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
ဟေတီတွင် ဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးအခြေအနေ၊ ဟေတီပြည်သူများကို ပံ့ပိုးကူညီမှုများ ဆက်လက် ညှိနှိုင်းလိုအပ်ကြောင်း ဘလင်ကင်က ဆက်လက် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
အောက်တိုဘာ ၂၈ ရက်ကလည်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် နီကိုလပ်စ်ဘန့်စ် (Nicholas Burns) နှင့် တွေ့ဆုံခဲ့ပြီး အမေရိကန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် လက်တွေ့ကျသော မျှော်လင့်ချက်များ ပိုမိုလိုအပ်ကြောင်း ပြသခဲ့သည်။
“သံအမတ်ကြီးအနေနဲ့ တရုတ်နဲ့အမေရိကန် ချိတ်ဆက် ထိတွေ့ရာတွင်မှာ ပေါင်းကူးတံတားတစ်စင်း ဖြစ်လာမယ် လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ဝမ်ယိက ပြောကြားခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေး အခြေအနေသည် ယခုအခါတွင် အရေးကြီးသော လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိနေပြီဖြစ် ကြောင်း ရိုက်တာသတင်းကို ကိုကား၍ တရုတ်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုဖြစ်သော news.cgtn.com က ရေးသားခဲ့သည်။
ဒေသတွင်း ရှုထောင့်မှ ကြည့်လျှင် ဝါရှင်တန်နှင့်ဘေဂျင်းတို့အတွက် နီးစပ်သော မိတ်ဖက်များသည် အင်အားကြီး နိုင်ငံ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုနှင့် တွက်ချက်မှု လွဲမှားသည့်အန္တရာယ် တိုးလာနိုင်သည့် အခြေအနေကို စောစီးစွာ တားဆီးရန် လိုအပ်ကြောင်း ပြသခဲ့သည်။
ထို့ကြောင့် အမေရိကန်သည် ငြိမ်းချမ်းရေးအတွက် ဒေသတွင်း မျှော်လင့်ချက်များကို ပိုမိုတုံ့ပြန်ရန် လိုအပ်ကြောင်း ဘန့်စ်နှင့်တွေ့ဆုံစဉ် ဝမ်ယိက ပြောကြားခဲ့သည်။
Source: Reuters, CGTN
- By CNI
- Category: နိုင်ငံရေး
- Hits: 1567
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၉
နျူကလီယားအရေးနှင့်ပတ်သက်၍ အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး၏သဘောထားမှတ်ချက်များကြောင့် မြောက်ကိုရီးယားအပေါ် မိမိတို့ မူဝါဒ အပြောင်းအလဲမရှိကြောင်း အမေရိကန်အစိုးရက အောက်တိုဘာ ၂၈ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်သည် ပြုံယမ်းအစိုးရကို လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲများ၌ ပါဝင်စေလိုသည့် ဆန္ဒရှိကြောင်း အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး၏သဘောထားမှတ်ချက်ကို ထိုကဲ့သို့ ထပ်မံရှင်းလင်း၍ သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံအဖြစ် အသိအမှတ်ပြုရေးမှာ ပြုံယမ်းအစိုးရ လိုလားနေသည့်အရာဖြစ်ပြီး ယင်းဆွေးနွေးမှုပေါ်ပေါက်စေဖို့ ကြိုတင်ပြင်ဆင်ခြင်း ဖြစ်နိုင်ကြောင်း စစ်ရေး ကျွမ်းကျင်သူ အချို့က ကောက်ချက်ချကြသည်။
သို့သော် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်သည် တရားမဝင်ကြောင်း၊ ကုလသမဂ္ဂပိတ်ဆို့ အရေးယူမှု အောက်တွင်သာ ရှိသေးကြောင်း ဝါရှင်တန်က စောဒကတက်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။

Hwasong-17 တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှ လှည့်ပတ် ကြည့်ရှုနေစဉ်(ဓါတ်ပုံ-အေပီ)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်နက်ထိန်းချုပ်ရေးဆိုင်ရာအတွင်းဝန် ဘွန်နီဂျန်ကင် (Bonnie Jenkins) သည် အောက်တိုဘာ ၂၇ ရက်တွင် ဝါရှင်တန်၌ ကျင်းပသည့် နျူကလီးယားကွန်ဖရင့်၌ မြောက်ကိုရီးယားလက်နက်ထိန်းချုပ်ရေးကို ဆွေးနွေးစရာ ပြဿနာတစ်ရပ်အဖြစ် ရှုမြင်သင့်ကြောင်း သဘောထားမှတ်ချက်ပေးခဲ့သည်။
“ကျနော်တို့နဲ့ စားပွဲဝိုင်းမှာထိုင်ပြီး စကားစမြည်ပြောချင်တဲ့ နိုင်ငံနှစ်နိုင်ငံရှိတယ်ဆိုရင် လက်နက်ထိန်းချုပ်ရေးဟာ ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ” ဟု ၎င်းက သဘောထားမှတ်ချက်ပေးခဲ့သည်။
“နျူကလီးယားလက်နက်ထိန်းချုပ်ရုံမကဘဲ အန္တရာယ်လျှော့ချရေး၊ သမားရိုးကျလက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ရေးတို့လည်း အကျုံးဝင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“သူတို့နဲ့ စကားပြောဖို့ အဆင်သင့်ရှိတယ်ဆိုတာ မြောက်ကိုရီးယားကို ကျမတို့ ရှင်းရှင်းလင်းလင်း ပြောထား ပြီးပါပြီ။ ကျမတို့ ကြိုတင်သတ်မှတ်ထားတဲ့အခြေအနေတွေ မရှိပါဘူး” ဟု မြောက်ကိုရီးယားနိုင်ငံ၏ တရားဝင် အမည်ကို ရည်ညွှန်းသုံးနှုန်း၍ ဘွန်နီဂျန်ကင်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားဗုံးစမ်းသပ်ရေး ပြန်လည်စတင် တော့မည်ကို အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက စိုးရိမ်နေကြသည်။ ထို့ပြင် လာမည့်လအစောပိုင်း အမေရိကန်ရွေးကောက်ပွဲများ မတိုင်မီ ဘိုင်ဒန်အစိုးရအတွက် မလိုလားအပ်စရာအရေးကိစ္စတစ်ခုလည်း ဖြစ်သည်။
နျူကလီးယားဆွေးနွေးပွဲသို့ ပြန်လည်ဝင်ရောက်ရန် အမေရိကန်၏တောင်းဆိုချက်ကို မြောက်ကိုရီးယားက ပယ်ချခဲ့ပြီးလည်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1656
CNI International News
ဘာလင်၊ အောက်တိုဘာ ၂၉
အနာဂတ်ကာလတွင် သုံးစွဲရန် ရည်ရွယ်သည့် စွမ်းရည်မြင့် လေဆာ (HEL) လက်နက်ကို ဘောလ်တစ်ပင်လယ် ပြင်၌ ဂျာမန်ရေတပ်၏ လေကြောင်းရန်ကာကွယ်ရေး ဖရီးဂိတ်သင်္ဘောမှနေ၍ ပထမဆုံး ပစ်ခတ်စမ်းသပ်ခဲ့ ကြောင်း ရိုင်မတ်တော (Rheinmetall) နည်းပညာကုမ္ပဏီ၏ အောက်တိုဘာ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ဆက်ဆန်ကလပ်စ် ဖရီးဂိတ်သင်္ဘော (Sachsen-class frigate) သည် ဒရုန်းများစွာနှင့် အောင်မြင်စွာ ချိတ်ဆက် ပစ်ခတ်နိုင်ခဲ့ရာ တိုတောင်းသော အကွာအဝေးရှိ ပစ်မှတ်များကို တိကျစွာ ထိမှန်နိုင်စွမ်းရှိကြောင်း သက်သေပြ ခဲ့သည်။
HEL (လေဆာ)လျှပ်စစ် အလင်းအာရုံ ကိရိယာများနှင့် ရေဒါစွမ်းရည်များကို တိုက်ရိုက် ပစ်ခတ်စမ်းသပ်ခြင်းဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း ဂျာမန်ဒုံးကျည် ထုတ်လုပ်ရေး MBDA ကုမ္ပဏီနှင့် ပူးပေါင်းတီထွင်ခဲ့သည့် ရိုင်မက်တော နည်းပညာကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ဂျာမန်ရေတပ်သည် ပစ်မှတ်ချိန်ရွယ်မှုနှင့် ထိမှန်မှုတို့မှနေ၍ အဆိုပါလက်နက်၏ အစိတ်အပိုင်း အားလုံးနှင့် လုပ်ဆောင်ပုံ အဆင့်ဆင့်တို့၏ အပြန်အလှန် အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ခဲ့သည်။

လေဆာလက်နက်တစ်မျိုးကိုတွေ့ရစဉ်
အဆိုပါ လက်နက်စမ်းသပ်မှုကို ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းအထိ ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး HEL လေဆာ လက်နက် စွမ်းဆောင်ရည်များကို စိန်ခေါ်မြှင့်တင်သွားမည်ဟု သိရသည်။
စမ်းသပ်မှုမှ ထွက်ပေါ်လာသော ရလဒ်များကို အခြေခံ၍ HEL လေဆာလက်နက်ကို လက်တွေ့ အပြည့်အဝ အသုံးချနိုင်ရန် အထောက်အကူပြု သွားမည်ဖြစ်ကြောင်း ရိုင်မက်တော နည်းပညာကုမ္ပဏီက ဆက်လက် ပြောကြားခဲ့သည်။
“လက်ရှိ စမ်းသပ်ပြီးသမျှ အခြေအနေကို ယခုအခါ ဂျာမန်စစ်တပ်တွင် လေဆာလက်နက်စနစ်နှင့် စွမ်းရည်များ အတွက် မိတ်ဆက်ဖို့ အခြေခံအဆင့် သတ်မှတ်ပြီး ဖြစ်ကြောင်း၊ ယင်းလက်နက်သည် ရေတပ်နှင့်လည်း သက်ဆိုင် ပြီး အကန့်အသတ်မရှိဘဲ သုံးစွဲနိုင်မည့် စွမ်းရည်များ ရှိကြကြောင်း” ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ရေးသားထား သည်။
ဂျာမန်ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းသည် အသုံးချ ပရိုဂရမ်များစွာဖြင့် စစ်မြေပြင် အထောက်အကူပြု လေဆာစနစ်များကို ရှေ့တိုးဆောင်ရွက်လျက်ရှိသည်။
ယခုအခါ အနောက်အုပ်စု နိုင်ငံအသီးသီး၏ စစ်တပ်များသည် ဒရုန်းတိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်အောင် အပြိုင်အဆိုင် တီထွင်နေကြပြီး အနာဂတ်စစ်ရေးပဋိပက္ခ၌ ဒရုန်းများက စစ်မြေပြင်ကို စိုးမိုးလာမည်ဟု အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ရှုမြင်ထားသည်။
Source: အာရ်တီသတင်းဌာန
