CNI International News

တိုင်ပေ၊ ဇန်နဝါရီ ၂၄

ထိုင်ဝမ်နှင့်တရုတ်အကြား စစ်မက်ဖြစ်ပွားမှုသည် ရွေးချယ်စရာတစ်ခုမဟုတ်ကြောင်း၊ ထိုင်ဝမ်ပြည်သူများ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုတို့အပေါ် ခိုင်မာသောယုံကြည်မှုကို လေးစားခြင်းကသာလျှင် တရုတ်နှင့် ဆက်ဆံရေးကို ကောင်းမွန်စေလိမ့်မည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) က ပုပ်ရဟန်း မင်းကြီးဖရန်စစ် (Pope Francis) ထံ ပေးပို့ခဲ့သောစာတွင် ရေးသားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။

ဗာတီကန်သည် တရုတ်က ၎င်းတို့ပိုင်အဖြစ်ကြေညာထားသော ထိုင်ဝမ်၏တစ်ခုတည်းသော ဥရောပသံတမန် ရေးရာမဟာမိတ်ဖြစ်သည်။ ထို့အပြင် ပုပ်ဖရန်စစ်၏ တရုတ်နှင့်ဆက်ဆံရေးမြှင့်တင်နေမှုအပေါ် ထိုင်ဝမ်ဘက်က စိုးရိမ်စွာဖြင့် စောင့်ကြည့်လျက်ရှိသည်။ တရုတ်၏ ဖိအားများကြောင့် ဒီမိုကရေစီနည်းလမ်းကျ အုပ်ချုပ်သော ထိုင်ဝမ်တွင် တရားဝင်ဆက်ဆံရေးရှိသောနိုင်ငံ ၁၄ နိုင်ငံသာရှိသည်။

ပုပ်ဖရန်စစ်၏ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အမှာစကားကို တုန့်ပြန်သော ဆိုင်၏စာတွင် ယူကရိန်းရှိစစ်ပွဲသည် ငြိမ်းချမ်းရေးတန်ဖိုးများအပေါ် ကမ္ဘာကြီး၏အသိအမှတ်ပြုမှုနှင့် ဒေသတွင်းလုံခြုံရေးကိုထိန်းသိမ်းခြင်းဖြင့် အားလုံးလက်ခံသောအရေးပါသည့်အရာ ဖြစ်လာသည်ဟု ဖော်ပြထားသည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်

ပြီးခဲ့သည့်နှစ် အမျိုးသားနေ့တွင် ထိုင်ဝမ်ရေလက်ကြားရှိ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးသည် ရေလက်ကြား ဖြတ်ကျော်ဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံဖြစ်ကြောင်းနှင့် လက်နက်ဖြင့် ထိပ်တိုက် တွေ့ဆုံ ခြင်းသည် ရွေးချယ်စရာမဟုတ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်ဟု ဆိုင်၏ရုံးမှ တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ သော စာမိတ္တူတွင် ဖော်ပြထားသည်။

ထိုင်ဝမ်ပြည်သူများ၏ အချုပ်အခြာအာဏာ၊ ဒီမိုကရေစီနှင့်လွတ်လပ်မှုတို့အပေါ်သဘောထားကို လေးစားခြင်းက သာလျှင် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် အပြုသဘောဆောင်သည့် အပြန်အလှန်ဆက်ဆံရေးများကို ပြန်လည်စတင်ရန် အခြေခံဖြစ်သည်ဟုလည်း ဆိုင်က ပြောသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၁ ရက် မိန့်ခွန်းကို ပြန်လည်ရည်ညွှန်းခြင်းဖြစ်သည်။

တရုတ်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ပြီး ထိုင်ဝမ်ကို ၎င်းတို့လက်အောက်သို့ သွတ်သွင်းရန် အင်အားအသုံးပြုသွားမည်ဆိုခြင်းကို ငြင်းဆိုခဲ့ခြင်းမျိုးမရှိပေ။ ထိုင်ဝမ်သည် ယူကရိန်းသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်ခြင်း၊ ကိုဗစ်ကာလအတွင်း တခြားနိုင်ငံများကို နှာခေါင်းစည်းနှင့် အကာအကွယ်ပစ္စည်းများပေးပို့ကာ ကမ္ဘာကြီးအတွက် ပိုကောင်းသော ထိုင်ဝမ်ဖြစ်စေရန် ရည်ရွယ်ခဲ့သည်ဟု ဆိုင်ကပြောသည်။ တရုတ်ဘက်က ပိုင်ဆိုင်သည်ဆိုသည့် ပြောဆိုချက်ကို ထိုင်ဝမ်ဘက်က ငြင်းဆိုထားကာ ကျွန်းတွင်နေထိုင်သူ ၂၃ သန်းကသာလျှင် ၎င်းတို့၏အနာဂတ်ကို ဆုံးဖြတ်နိုင်သည်ဟု တုန့်ပြန် ထားသည်။

Source:Reuters