CNI International News

ဝါရှင်တန်၊ ဧပြီ ၂၆

လအတန်ကြာ သို့လောသို့လော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် သမ္မတရာထူး ဒုတိယသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မှုနှင့်ပတ်သက်၍ အင်္ဂါနေ့တွင် ထုတ်ပြန် ကြေညာသွားမည်ဟု ယူဆရကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။

စစ်တမ်းရလဒ်များ ကောင်းမွန်မှုမရှိခြင်း၊ ကမ္ဘာပေါ်တွင် ဖိအားအများဆုံးအလုပ်များမှတစ်ခုအတွက် အသက် အရွယ်အကန့်အသတ်ရှိနေခြင်း စသည့် အခြေအနေများကိုအာခံကာ ဒုတိယသက်တမ်းအတွက် ဝင်ရောက် ယှဉ်ပြိုင်မှုပြုလုပ်သွားမည့် အနေအထားဖြစ်သည်။

“မကြာခင်သိရတော့မှာပါ” ဟု ဘိုင်ဒန်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောခဲ့သည်။ လက်ရှိအချိန် အထိ သမ္မတကိုယ်တိုင်သာမက အိမ်ဖြူတော်နှင့် ဒီမိုကရတ်တစ်ပါတီတို့ဘက်မှ ဒုတိယသက်တမ်းနှင့် ပတ်သက် ၍ တစုံတရာအတည်ပြု ပြောဆိုမှု မရှိသေးသော်ငြားလည်း သမ္မတသည် အင်္ဂါနေ့အစောပိုင်း ဗီဒီယိုမိန့်ခွန်းတစ်ခု တွင် ဒုတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှုအတွက် အတည်ပြု ပြောဆိုသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသော သတင်းအရင်းအမြစ်များကို ကိုးကား၍ အမေရိကန်မီဒီယာများတွင် ဖော်ပြသည်။

အဆိုပါ ကြေညာချက်နှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် မကြာခင် အသိပေးသွားမည်ဟု ဘိုင်ဒန်က ဖြေကြားခဲ့သည်။ ကြေညာချက်ထုတ်ပြန်မည့်နေ့သည် ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ပြီးခဲ့သည့်လေးနှစ်က ဘိုင်ဒန်ကြေညာခဲ့သည့်နေ့နှင့်လည်း တစ်ထပ်တည်းကျနေသည်။

ရွေးကောက်ပွဲတွင် မဲပေးနေကြသူများ(ဓါတ်ပုံ-Getty Images)

ထိုစဉ်တုန်းက ကြေညာချက်ကိုလည်း မထင်မရှား ဗီဒီယိုမိန့်ခွန်းတစ်ခုမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဘိုင်ဒန်နှင့်မတူညီသည်က ၎င်း၏ပြိုင်ဘက် ထရမ့်သည် သူ၏ ဒုတိယမြောက်သက်တမ်းအတွက် ဝင်ရောက် ယှဉ်ပြိုင်မည်ဆိုသော အသိပေးချက်ကို အထင်ကရ လူထုစုဝေးပွဲများမှ တစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အသက် ၇၆ နှစ်အရွယ် ထရမ့်သည် လက်ရှိအချိန်တွင် တရားစွဲဆိုမှု၊ စုံစမ်းစစ်ဆေးမှုများစွာနှင့် ရင်ဆိုင်နေရသော်လည်း ၂၀၂၄ သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကာ ရီပတ်ပလီကန်အမတ်လောင်းအဖြစ်လည်း တစ်ပြေးနေသည်။

ဘိုင်ဒန်သည် အင်္ဂါနေ့တွင် ဝါရှင်တန်ဟိုတယ် အစည်းအဝေးခန်းမ၌ စီးပွားရေးဆိုင်ရာ မိန့်ခွန်းပြောဆိုမှုတစ်ခုကို လုပ်ဆောင်သွားရန် စီစဉ်ထားသည်။ ယင်းသည် မဲဆွယ်မှုနှင့်သက်ဆိုင်ခြင်းမရှိသော်ငြား မိန့်ခွန်း၏ နောက်ခံ အကြောင်းအရာသည် ဒီမိုကရတ်တစ်များ၏ ၂၀၂၄ ရွေးကောက်ပွဲသတင်းစကားနှင့်ပတ်သက်၍ အဓိက အကြောင်းအရာဖြစ်သည်။

အင်္ဂါနေ့တွင် ဘိုင်ဒန်နှင့်သမ္မတကတော်တို့သည် အမေရိကန်သို့ရောက်ရှိလာမည့် တောင်ကိုရီးယားသမ္မတ၊ သမ္မတကတော်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ယင်းတွင် သူ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မှတ်တမ်းကို ထုတ်ဖော် ပြောဆိုရန်လည်း အခွင့်အရေးဖြစ်စေမည်။

Source:Bangkok Post