CNI International News

နယူးဒေလီ၊ ဧပြီ ၂၄

ဆစ်ခ် (Sikh) ဒေသ လွတ်လပ်ရေးနှင့် ပန်ဂျပ် (Punjab) ပြည်နယ် ခွဲထွက်ရေးတို့ကို ပြန်လည်တောင်းဆိုခဲ့သည့် ခွဲထွက်ရေး ခေါင်းဆောင်တစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ဖမ်းဆီးခဲ့သည်ဟု အေပီသတင်းမှ ဖော်ပြခဲ့သည်။

အသက် ၃၀ အရွယ် တရားဟောဆရာ တစ်ဦးဖြစ်သူ အမ်ရစ်ပယ် ဆင်း(Amritpal Singh) သည် ၎င်း၏ ထောက်ခံ သူများက ပန်ဂျပ်ပြည်နယ်ရှိ ရဲစခန်းတစ်ခုကို ဝင်ရောက် စီးနင်းခဲ့ခြင်းအတွက် တစ်နိုင်ငံလုံး၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီးနောက် ပြီးခဲ့သည့်လက ထွက်ပြေးခဲ့သည်။

၎င်းကို မိုဂါ (Moga) မြို့တွင် ဖမ်းမိခဲ့သည့်ဟု ပန်ဂျပ်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့၌ တွစ်တာမှာ ရေးသားခဲ့သည်။

ဆင်းသည် မိုဂါမြို့ ဆစ်ခ်ဘုရားကျောင်း တစ်ခုတွင် မနက်ပိုင်း ဝတ်ပြုဆုတောင်းမှုပြီးနောက် ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့သည်ဟု ဆစ်ခ်ဘာသာရေး ခေါင်းဆောင်တစ်ဦးက ပြောသည်။

သတင်းအရ အမ်ရစ်ပယ်ဆင်း ရှိရာ ဘုရားကျောင်းကို ရဲတပ်ဖွဲ့က ပိတ်ဆို့ခဲ့ကြောင်း၊ ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ခြင်းမရှိဘဲ ၎င်းထွက်လာချိန်မှသာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ရဲအရာရှိ ဂီးလ် (Gill) က ပြောသည်။

အမ်ရစ်ပယ်ဆင်းအား ထောက်ခံသူများ ပြောသကဲ့သို့ အဖမ်းခံခဲ့ခြင်း ဟုတ်/မဟုတ်ကိုတော့ အတည်ပြုခဲ့ခြင်း မရှိပေ။

အမ်ရစ်ပယ်ဆင်း နဲ့ သူ၏ ထောက်ခံသူများကိုတွေ့ရစဉ်

ဆင်းအား တရားရင်ဆိုင်မှုများ မလုပ်ဆောင်ခင် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ ဒီဘရူဂါ့ (Dibrugarh) တွင် ထိန်းသိမ်း ထားမည် ဖြစ်သည်။ ဆင်းအား ဝရမ်းပြေးတစ်ဦးအဖြစ် ရဲတပ်ဖွဲ့က ကြေညာထားကာ ၎င်းနှင့်လက်ထောက်ဖြစ်သူ များသည် ပြည်နယ်အတွင်း မတည်ငြိမ်မှုများဖြစ်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။

ထို့အပြင် ၎င်းတို့သည် ပြည်သူများ အချင်းချင်း သွေးကွဲစေရန် ဆောင်ရွက်မှု၊ လူသတ်ရန် ကြံစည်မှု၊ ရဲတပ်ဖွဲ့ဝင် များကို တိုက်ခိုက်မှု၊ ပြည်သူ့ဝန် ထမ်းများကို နှောင့်ယှက်မှုတို့နှင့်လည်း စွပ်စွဲခံထားသည်။

ဖမ်းဆီးခံထားရသော လက်ထောက်တစ်ဦးကို လွှတ်ပေးရေး တောင်းဆိုရန်အတွက် ဆင်းအား ထောက်ခံသူ ရာပေါင်းများစွာက အန်နာလာ (Ajnala) မြို့ရှိ ရဲစခန်းတစ်ခုကို သစ်သားတုတ်များ၊ ဓားများ၊ သေနတ်များဖြင့် ဝင်ရောက် စီးနင်းခဲ့ကြသည်။

ထို့ကြောင့် အာဏာပိုင်များ အနေဖြင့် ပန်ဂျပ်ပြည်နယ်အတွင်း လက်နက်ကိုင် တပ်ဖွဲ့ဝင် ထောင်နှင့်ချီ အသုံးပြုခဲ့ ရပြီး ဆင်းအား ထောက်ခံသူ တစ်ရာနီးပါးကိုလည်း ဖမ်းဆီးခဲ့ကြသည်။

၂၀၂၂ ပန်ဂျပ်ပြည်နယ်သို့ ရောက်မလာခင် ၎င်း၏ အကြောင်းကို အနည်းငယ်သာ သိရှိထားပြီး ၎င်းသည် ဆစ်ခ် လူမျိုးများ၏ အခွင့်အရေး ကာကွယ်ပေးရေး ချီတက်ပွဲများကိုလည်း ဦးဆောင်ခဲ့သည်။

ဆစ်ခ်လူမျိုးများသည် အိန္ဒိယလူဦးရေ၏ ၁ ဒသမ ၇ ရာခိုင်နှုန်းနီးပါး ရှိသည်။

ပန်ဂျပ်ပြည်နယ်တွင် ၁၉၈၀ နှစ်များ၌ သွေးထွက်သံယို မှုများသော ပုန်ကန်ထကြွမှုများ ဖြစ်ပွားခဲ့သည်။

အမ်ရစ်ပယ်ဆင်းကို ဖမ်းဆီးနေစဉ်

အဆိုပါ ပုန်ကန်ထကြွမှုများ ဖြစ်ပွားစဉ် အချိန်ကာလမှာပဲ ဝန်ကြီးချုပ် အင်ဒီယာ ဂန္ဒီ (Indira Gandhi)အား သူမ ၏ ဆစ်ခ်လူမျိုး သက်တော်စောင့်က လုပ်ကြံခဲ့သည်။

လုပ်ကြံမှုကြောင့် သူမ၏ ဟိန္ဒူထောက်ခံသူများက နိုင်ငံမြောက်ပိုင်းရှိ ဆစ်ခ်လူမျိုးများကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြသည်။

ဆင်းအား ဖမ်းမိခြင်းက ခွဲထွက်ရေး ကွန်ယက်များနှင့် ၎င်းအား ထောက်ခံသူများကို ဖြိုခွဲရေးတွင် ရဲတပ်ဖွဲ့ အတွက် များစွာ အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ပန်ဂျပ်ပြည်နယ်မှ ရှေ့နေတစ်ဦးက ပြောသည်။

ပန်ဂျပ်သည် အိန္ဒိယထိန်းချုပ်ရာ ကတ်ရှ်မီးဒေသ၊ ပါကစ္စတန်နိုင်ငံတို့နှင့် ထိစပ်နေသည်။

ပါကစ္စတန်သည် သူပုန်များကို ထောက်ပံ့ခြင်း၊ လေ့ကျင့်ပေးခြင်းနှင့် လက်နက်တပ်ဆင်ခြင်းများ လုပ်ဆောင်ပေး နေသည်ဟု အိန္ဒိယဘက်က စွပ်စွဲထားသော်လည်း ပါကစ္စတန်ဘက်က ငြင်းဆိုသည်။

Source: AP