CNI International News

မော်စကို၊ ဧပြီ ၂၄

နိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ (Servey Lavrov) ၏ နယူးယောက်ခရီးစဉ်တွင် သတင်းယူမည့် ရုရှား ဂျာနယ်လစ်များကို အမေရိကန်ဘက်က ဗီဇာပေးရန် ငြင်းဆိုခဲ့သည်ဟု ရုရှားအစိုးရက တနင်္ဂနွေနေ့တွင် ပြောကြောင်း အေပီသတင်းတွင် ဖော်ပြသည်။

ယင်းကိုရုရှားဘက်က ပြင်းပြင်းထန်ထန် ပြန်လည်တုန့်ပြန်သွားမည်ဟုလည်း လာဗရော့က ပြောသည်။

လက်ရှိအချိန်အထိ ရုရှားဂျာနယ်လစ်များ၏ ဗီဇာကို ငြင်းဆိုခဲ့သည်ဟူသော ပြောဆိုမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဌာနက တစုံတရာ မှတ်ချက်ပြု ပြောဆိုခြင်းမရှိသေးပေ။ ရုရှားဂျာနယ်လစ်များသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ရုရှားအနေဖြင့် ဥက္ကဋ္ဌရာထူးကို ရယူခြင်းအတွက် လာဗရော့၏ ကုလသမဂ္ဂသို့ ခရီးစဉ်တွင် သတင်းရယူရန် ဗီဇာလျှောက်ထားခဲ့ခြင်းဖြစ်သည်။

ကိုယ့်ကိုယ်ကို အခိုင်မာဆုံး၊ အတော်ဆုံး၊ လွတ်လပ်၍ တရားမျှတသည်ဟု ပြောထားသော နိုင်ငံတစ်ခုအနေဖြင့် ကလေးဆန်သော အပြုအမူကိုလုပ်ဆောင်ခဲ့ကာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရယူခွင့်တို့သည် အဖိုးတန်သည်ဟု ပြောခြင်းဖြင့် ရူးကြောင်ကြောင်လုပ်ရပ်ကို လုပ်ဆောင်ခဲ့သည်ဟု လာဗရော့က မော်စကိုမြို့မှ မထွက်ခွာခင် တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။ ယခုကိစ္စကို လုံးမဝမမေ့ရန်၊ ခွင့်မလွှတ်ရန် လိုအပ် သည်ဟုလည်း ၎င်းက ပြောသည်။

ယခုအခြေအနေကို တုန့်ပြန်ရန် နည်းလမ်းရှာဖွေသွားမည်ဖြစ်ပြီး ထိုမှသာ အမေရိကန်အနေဖြင့် ယခု ဖြစ်ရပ် နှင့်ပတ်သက်၍ အချိန်အတန်ကြာ မှတ်မိနေလိမ့်မည်ဟုလည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆာဂျေ ရက်ကော့ဗ်က ပြောသည်။

မတ်လ ၂၃ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်တွင် နျူကလီးယားမပြန့်ပွားရေးနှင့် ပတ်သက်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခု ပြုလုပ်ဖို့ ကိုယ်စားလှယ်အဖွဲ့များ စုဝေးခဲ့ကြစဉ်(ဓါတ်ပုံ-အေပီ)

ယခု ပဋိပက္ခသည် အမေရိကန်နှင့် ရုရှားနိုင်ငံတို့အကြား Wall Street Journal သတင်းထောက် အီဗန် ဂတ်ရှ် ကိုဗစ်ချ် (Evan Gershkovich) အား ဖမ်းဆီးမှုနှင့်ပတ်သက်၍ တင်းမားမှုများမြင့်တက်နေချိန်တွင် ပေါ်ပေါက် လာခြင်းဖြစ်သည်။

ရုရှားဘက်က အီဗန်အား သူလျှိုလုပ်သည်ဟု စွပ်စွဲထားသော်လည်း အမေရိကန်ဘက်ကမူ ၎င်းကို မှားယွင်း ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ကြေညာထားသည်။ ရုရှားအစိုးရက ယူကရိန်းကျူးကျော်စစ် စတင်ပြီးကတည်းက အနောက်နိုင်ငံသားဂျာနယ်လစ်များစွာ ရုရှားမှ ထွက်ခွာခဲ့ကြသည်။

လက်ရှိတွင်ရုရှားအစိုးရသည်နိုင်ငံတွင်းရှိ အနောက်နိုင်ငံသား ဂျာနယ်လစ်များကို သုံးလတစ်ကြိမ် ဗီဇာသက်တမ်း တိုးရန် သတ်မှတ်ထား ပြီး ယူကရိန်းစစ် မဖြစ်ခင်က သတ်မှတ်ချက်မှာ တစ်နှစ်တစ်ခါသာ သက်တမ်းတိုးရန် ဖြစ်သည်။

Source:AP