- By CNI
- Category: နိုင်ငံရေး
- Hits: 910
CNI International News
ပေကျင်း၊ စက်တင်ဘာ ၂၀
ဇူလိုင်လက ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း ချင်ကန်း (Qin Gang)သည် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က အိမ်ထောင်ရေး ဖောက်ပြန်မှုရှိခဲ့ ကြောင်း ထိုအကြောင်းအရာနှင့် နီးစပ်သည့် လူပုဂ္ဂိုလ်များ၏ ပြောကြားချက်ကို ကိုးကားပြီး Wall Street Journal (WSJ) က စက်တင်ဘာ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။
ချင်၏ အိမ်ထောင်ရေး အရှုပ်တော်ပုံကြောင့် တရုတ်၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေခဲ့ခြင်း ရှိ/မရှိကို စုံစမ်း စစ်ဆေးမှု ပြုလုပ်နေကြောင်း၊ ထိုစုံစမ်းစစ်ဆေးမှုတွင် ချင်လည်း ပူးပေါင်းပါဝင်ခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

အမေရိကန် သံအမတ်ကြီးအဖြစ် တာ၀န်ထမ်းဆောင်စဉ်က ချင်ကန်းကို တွေ့ရစဉ်
ချင်သည် အမေရိကန်တွင် တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလတစ်လျှောက်လုံး အိမ်ထောင်ရေး အရှုပ်တော်ပုံ၌ ပါဝင်ပတ်သက်ခဲ့သည်ကို ကွန်မြူနစ်ပါတီ အတွင်းစည်း စုံစမ်းစစ်ဆေးမှုအရ တွေ့ရှိခဲ့ရကြောင်း WSJ က ဖော်ပြခဲ့သည်။
ထိုအိမ်ထောင်ရေး အရှုပ်တော်ပုံကြောင့် ချင်သည် အမေရိကန်တွင် ကလေးတစ်ဦး ရရှိခဲ့သည်ဟုလည်း သတင်း ရင်းမြစ်နှစ်ခုက WSF ကို ပြောကြားခဲ့သည်။
ချင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၆ လခန့်သာ တာဝန်ထမ်းဆောင်ခဲ့ရပြီး ဇူလိုင်လတွင် ၎င်း၏နေရာ ကို ယခင် နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်ပြီး အတွေ့အကြုံရင့် သံတမန်တစ်ဦးဖြစ်သည့် ဝမ်ယိ (Wang Yi) ဖြင့် အစားထိုး ခန့်အပ်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း ချင်ကန်းကို တွေ့ရစဉ်
ချင်သည် အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ ယခုနှစ် ဇန်နဝါရီလအထိ တာဝန် ထမ်းဆောင်ခဲ့သည်။
ချင်၏ အိမ်ထောင်ရေး အရှုပ်တော်ပုံနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးတို့က တုံ့ပြန်ခြင်း မရှိခဲ့ကြောင်း WSJ က ရေးသားခဲ့ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 692
CNI International News
နယူးယောက်၊ စက်တင်ဘာ ၂၀
အီရန်သည် ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန်အတွက် ရုရှားကို ဒရုန်းများနှင့် လက်နက်များ ပေးပို့နေသည်ဆိုသည့် သတင်းများကို အီရန်သမ္မတ အီဘရာဟင် ရာအီစီ (Ebrahim Raisi) က ငြင်းဆိုခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အီရန်သည် ရုရှားကို လက်နက်များ ထောက်ပံ့ပေးနေရုံသာမက ထိုလက်နက်များကို ထုတ်လုပ်ရန် စက်ရုံ တည်ဆောက်ရေးတွင် ရုရှားအား ကူညီပေးနေသည်ဟု အမေရိကန်က စွပ်စွဲနေချိန်၌ အီရန်က ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
"ကျနော်တို့က ယူကရိန်းစစ်ပွဲကို ဆန့်ကျင်ပါတယ်" ဟု ရာအီစီက ကုလသမဂ္ဂ အထွေထွေညီလာခံ (UN General Assembly) တွင် အဆင့်မြင့်ခေါင်းဆောင်များအကြား ပြုလုပ်သည့် World's premier global conference အစည်းအဝေး၌ မီဒီယာ အမှုဆောင်များနှင့် သီးသန့်တွေ့ဆုံချိန်မှာ ပြောကြားခဲ့သည်။

အီရန်သမ္မတ အီဘရာဟင် ရာအီစီနဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
အီရန်နှင့် အမေရိကန်အကြား သဘောတူညီချက် တစ်ခုကြောင့် အီရန်တွင် ဖမ်းဆီးခံထားရသည့် အမေရိကန် နိုင်ငံသား ၅ ဦးသည် အီရန်မှ လွတ်မြောက်လာခဲ့ပြီးနောက် ကာတာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နာရီပိုင်းအကြာတွင် ရာအီစီက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ထိုအမေရိကန်နိုင်ငံသားများ ပြန်လည်လွတ်မြောက်ရန် ပိတ်ဆို့ထားခဲ့သည့် အီရန်ပိုင် ဒေါ်လာ ၆ ဘီလျံကို ပြန်ဖွင့်ပေးဖို့ သဘောတူညီခဲ့ခြင်း ဖြစ်သည်။
အီရန်သည် ရုရှားကို အခိုင်အမာ ထောက်ခံနေသည့် နိုင်ငံများထဲတွင် ပါဝင်နေသည့်တိုင် ရုရှား-ယူကရိန်းစစ်ပွဲကို ကြားဝင်စေ့စပ်ပေးရန်သာ ကမ်းလှမ်းခဲ့သည်ဟုလည်း ရာအီစီက ထပ်တလဲလဲ ပြောကြားခဲ့သည်။

အီရန်ဒရုန်းကိုတွေ့ရစဉ်
ထို့ပြင် အမေရိကန်နှင့် အကျဉ်းသား လဲလှယ်ရေးနှင့် ပိတ်ဆို့ခံထားရသည့် ပိုင်ဆိုင်မှုများကို ပြန်ဖွင့်ပေးရေး သဘောတူညီချက်သည် အီရန်နှင့် အမေရိကန်အကြား နားလည်မှု တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေသည်ဟုလည်း ၎င်းက ပြောသည်။
အီရန်နှင့် ရုရှားအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ကာလကြာရှည် ခိုင်မာသည့် ဆက်ဆံရေး ရှိသည်ကို ရာအီစီက ဝန်ခံခဲ့သော်လည်း ယူကရိန်းစစ်ပွဲ စတင်ချိန်ကတည်းက ရုရှားကို လက်နက်များ မပေးပို့ခဲ့ ကြောင်း ပြောကြားခဲ့သည်။
"ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက် အီရန်က ရုရှားကို လက်နက်တွေ ဒါမှမဟုတ် ဒရုန်းတွေ ပေးပို့ခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ ရှိပါသလား" ဟု ရာအီစီက ပြောသည်။
ထို့ပြင် အီရန်သည် ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အပါအဝင် အရှေ့အလယ် ပိုင်းမှ အိမ်နီးချင်းနိုင်ငံများ အားလုံးနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက် နေသည်ဟုလည်း ရာအီစီက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 937
CNI International News
နယူးဒေလီ၊ စက်တင်ဘာ ၂၀
ကနေဒါနိုင်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းကြောင့် အိန္ဒိယနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကို အိန္ဒိယက စက်တင်ဘာ ၁၉ ရက်နေ့က နိုင်ငံအတွင်းကနေ နှင်ထုတ်လိုက်ကြောင်း အေပီမှ ရေးသားဖော်ပြခဲ့သည်။
ကနေဒါနိုင်ငံတွင် ဆစ်ခ် (Sikh) ဘာသာဝင် တက်ကြွလှုပ်ရှားသူတစ်ဦး သတ်ဖြတ်ခံရနှင့် ပတ်သက်၍ အိန္ဒိယ အစိုးရ ပါဝင်ပတ်သက်ခဲ့သည်ဟု ကနေဒါအစိုးရက စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုများ မြင့်တက် နေသည်။
ထိုသို့ နိုင်ငံနှစ် ဆက်ဆံရေး တင်းမာမှု မြင့်တက်နေချိန်တွင် အိန္ဒိယက ကနေဒါ သံတမန်တစ်ဦးကို နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာ (British Columbia) ပြည်နယ်၊ ဆာရေး (Surrey) မြို့ရှိ ဆစ်ခ်ယဉ်ကျေးမှု စင်တာ (Sikh cultural center) အပြင်ဘက်တွင် ဇွန်လ ၁၈ ရက်က ဆစ်ခ်ဘာသာဝင် တက်ကြွလှုပ်ရှားသူ ဟာဒိပ် ဆင်း နစ်ဂျာ (Hardeep Singh Nijjar) သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး လုပ်ကြံသတ်ဖြတ် ခံခဲ့ရသည်။
ထိုလုပ်ကြံ သတ်ဖြတ်မှုဖြစ်စဉ်သည် အိန္ဒိယအစိုးရနှင့် ဆက်နွှယ်နေသည်ဆိုသော စွပ်စွဲချက်များရှိခဲ့သည်ဟု ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုး (Justin Trudeau) က ပြောကြားခဲ့သည်။

သတ်ခံရသော ဟာဒိပ်ဆင်းနစ်ဂျာကို တွေ့ရစဉ်
ထို့နောက် အိန္ဒိယထိပ်သီး သံတမန်ကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ပြီး ရက်ပိုင်းအကြာတွင် အိန္ဒိကလည်း ကနေဒါ သံတမန်ကို နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယကမူ ကနေဒါ၏ စွပ်စွဲချက်များကို အခြေအမြစ် မရှိဟုဆိုကာ ငြင်းပယ်ခဲ့သည်။
အိန္ဒိယတွင် ၁၉၈၄ ခုနှစ်က ဝန်ကြီးချုပ် အင်ဒီယာ ဂန္ဓီ (Indira Gandhi) ကို ၎င်း၏ ဆစ်ခ်ဘာသာဝင် သက်တော် စောင့်များက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် နိုင်ငံအတွင်း ဆစ်ခ် ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ၁၉၈၀ ပြည့်နှစ်ကျော် ကာလများကတည်းက အိန္ဒိယသည် ခါလစ္စတန် (Khalistan) ဟု လူသိများသည့် လွတ်လပ် သော ဆစ်ခ်အမိမြေ ထူထောင်ရေး လှုပ်ရှားမှုကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။
နစ်ဂျာသည် အိန္ဒိယရှိ ဟိန္ဒူဘုန်းတော်ကြီးတစ်ပါးကို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရ ပြီး အိန္ဒိယအစိုးရက ၎င်းအား ဖမ်းဆီးရန် အလိုရှိနေသည်။

ခါလစ္စတန် (Khalistan)အလံကို လွှင့်ထူထားစဉ်
နစ်ဂျာကို ဖမ်းဆီးရမိရန် သတင်းပေးသူကို ဆုငွေချီးမြှင့်မည်ဟုလည်း ကြေညာခဲ့သည်။
နစ်ဂျာသည် ၎င်းသေဆုံးချိန်က အိန္ဒိယလက်အောက်မှ ဆစ်ခ် လွတ်လပ်ရေးနှင့် ပတ်သက်ပြီး တရားမဝင်သည့် ဆန္ဒခံယူပွဲကို စီစဉ်ကျင်းပနေချိန် ဖြစ်သည်။
နစ်ဂျာသည် သေနတ်ဖြင့် ပစ်ခတ်မခံရချိန်က ကနေဒါ ထောက်လှမ်းရေး အရာရှိများက နစ်ဂျာကို လုပ်ကြံ သတ်ဖြတ်ခံရနိုင်ကြောင်း သတိပေးခဲ့ဖူးသည်ဟု ဆစ်
ခ် တရားမျှတရေး (Sikhs For Justice) အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ရှေ့နေ ဂူရာပတ်ဝန့် ဆင်း ပန်နန် (Gurpatwant Singh Pannun) က ပြောကြားခဲ့သည်။
ကနေဒါဝန်ကြီးချုပ် ထရူဒိုးကမူ ကနေဒါ ထောက်လှမ်းရေး အေဂျင်စီများသည် ကနေဒါနိုင်ငံသား တစ်ဦးဖြစ်သည့် နစ်ဂျာ လုပ်ကြံသတ်ဖြတ်ခံရမှုတွင် အိန္ဒိယအစိုးရ၏ ထောက်လှမ်းရေး အေးဂျင့်များ ပါဝင်ပတ်သက်နေသည်ဆို သည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနေသည်ဟု စက်တင်ဘာ ၁၆ ရက်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 854
CNI International News
နယူးယောက်၊ စက်တင်ဘာ ၁၉
အမေရိကန်စစ်တပ်သည် အင်ဒို-ပစိဖိတ် ဒေသတစ်လျှောက် အသေးစား ထောက်ပို့သင်္ဘောများဖြင့် လက်နက် များ၊ စစ်မှုထမ်းများနှင့် အခြား ထောက်ပံ့မှုများကို ဖြန့်ချိရန် ဂျပန်၊ သြစတြေးလျနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက် မှုများကို မြှင့်တင်ရန် လုပ်ဆောင်နေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ဂျပန်နှင့်အမေရိကန်အကြား စက်တင်ဘာလလယ်ပိုင်းမှ စက်တင်ဘာ ၂၃ ရက်အထိ ပြုလုပ်နေသည့် Orient Shield ပူးတွဲစစ်ရေး လေ့ကျင့်မှုများအတွက် ထောက်ပို့လုပ်ငန်းသည် အဓိက အာရုံစိုက် လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။
အမေရိကန်ကျည်းတပ်၏ ရေကြောင်းတပ်ဖွဲ့ (U.S. Army watercraft unit) နှင့် ဂျပန်၏ မြေပြင် ကာကွယ်ရေး တပ်ဖွဲ့ (Ground Self-Defense Forces) တို့သည်ပထမဆုံးအကြိမ်အဖြစ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေသည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အမေရိကန်- ဩစတြေးလျ- ဂျပန် စစ်ရေးပူးတွဲ လေ့ကျင့်နေကြစဉ်
ထိုစစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်၏ အိုကီနာဝါ (Okinawa) ကျွန်းနှင့် အခြားနေရာများတွင် ထောက်ပို့ပစ္စည်း များကို အတင်-အချနှင့် သယ်ယူပို့ဆောင်မှု လေ့ကျင့်ခန်းများလည်း ပါဝင်သည်ဟု ဆိုသည်။
ကမ်းတက်သင်္ဘော (Landing craft) များသည် ထောက်ပို့လုပ်ငန်းစဉ်တွင် အလွန်အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ပြီး ထောက်ပံ့ရေးပစ္စည်းများနှင့် စစ်မှုထမ်းများကို ဆိပ်ကမ်းများ၌ ဆိုက်ကပ်စရာ မလိုဘဲ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ပေးနိုင်သည်။

အမေရိကန်- ဩစတြေးလျ- ဂျပန် စစ်ရေးပူးတွဲ လေ့ကျင့်နေကြစဉ်
အမေရိကန်စစ်တပ်၏ မဟာဗျူဟာသည် လူသူအရောက်အပေါက်နည်းသည့် ကျွန်းများတွင် တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ချထားနိုင်ရန်ဖြစ်ပြီး အိုကီနာဝါ၊ ထိုင်ဝမ်နှင့် ဖိလစ်ပိုင်တို့ကို ချိတ်ဆက်ထားသော ကျွန်းစုများတွင် တပ်ဖွဲ့များကို လျင်မြန်စွာဖြန့်ကြက်ကာ တရုတ်ကို ဟန့်တားရန်ဖြစ်သည်။
ဂျပန်၏ ယိုကိုဟားမား မြောက်ဘက် သင်္ဘောကျင်း (Yokohama North Dock) တွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၈၀ အခြေစိုက်ရန် အမေရိကန်နှင့် ဂျပန်အကြား ဇန်နဝါရီလက သဘောတူညီချက် ရရှိခဲ့သည်။
ထို့ပြင် အမေရိကန်သည် ထိုသင်္ဘောကျင်းတွင် ကမ်းတက်သင်္ဘောများနှင့် အခြားသင်္ဘောများကို အလှည့်ကျ ဖြန့်ကြက်ချထားရန် သြစတြေးလျနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေသည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 603
CNI International News
တိုင်ပေ၊ စက်တင်ဘာ ၁၉
တရုတ်အနေဖြင့် ပျက်စီးစေတတ်ပြီး တစ်ဖက်သတ်ဆန်သည့် စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ရန် ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်တွင် တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်ခဲ့ပြီးနောက် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ တိုက်တွန်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အလားတူ တရုတ်၏ ထိုအပြုအမူများသည် တင်းမာမှုများကို ပိုမိုမြင့်တက်စေလိမ့်မည်ဟု ထိုင်ဝမ်ဘက်က သတိပေးခဲ့သည်။
ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ထားသည့် တရုတ်သည် မကြာသေးမီ နှစ်များအတွင်း ထိုင်ဝမ် ကျွန်းအနီးတွင် စစ်ရေေးလ့ကျင့်မှုများကို မကြာခဏ ပြုလုပ်ခဲ့၍ ထိုင်ဝမ်အပေါ် သြဇာလွှမ်းမိုးမှုနှင့် ပိုင်ဆိုင် ကြောင်း ကြေညာချက်အား ပိုမိုခိုင်မာအောင် လုပ်ဆောင်ခဲ့သည်။

ထိုင်ဝမ်နှင့် ဖိလစ်ပိုင်အကြားရှိ ဘာရှီ ရေလက်ကြားကို တွေ့ရစဉ်
စက်တင်ဘာ ၁၇ ရက်ကတည်းက ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၁၀၃ စင်းကို ထောက်လှမ်း တွေ့ရှိခဲ့ပြီး ထိုစစ်လေယာဉ် အရေအတွက်သည် မကြာသေးမီ ရက်ပိုင်းအတွင်း အများဆုံး အရေအတွက် ဖြစ်သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း တရုတ် တိုက်လေယာဉ်များသည် ထိုင်ဝမ်နှင့်တရုတ်အကြား ပိုင်းခြားထားသည့် ထိုင်ဝမ်ရေလက်ကြား(Taiwan Strait)အတွင်းရှိ တရားမဝင် နယ်စပ်စည်းဖြစ်သည့် အလယ်စည်း (Median line) ကို ဖြတ်သန်းဝင်ရောက်ခဲ့သည်ဟု ထိုင်ဝမ်က ဖော်ပြခဲ့သည်။
အခြားလေယာဉ်များသည် ထိုင်ဝမ်နှင့် ဖိလစ်ပိုင်အကြားရှိ ဘာရှီ ရေလက်ကြား (Bashi Channel) ကိုဖြတ်ပြီး ထိုင်ဝမ်ကျွန်းတောင်ပိုင်းတွင် ပျံသန်းခဲ့သည်ဟု ဆိုသည်။
မကြာသေးမီ ရက်များအတွင်း တရုတ်၏ လှုပ်ရှားမှုများသည် ထိုင်ဝမ် ရေလက်ကြားနှင့် ဒေသတွင်း လုံခြုံရေး အတွက် ကြီးမားသည့် စိန်ခေါ်မှုများကို ဖြစ်စေခဲ့သည်ဟုလည်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်စစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်
ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် ဒေသတွင်း သက်ဆိုင်ရာ နိုင်ငံများအားလုံး၏ တာဝန်ဖြစ်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
"တရုတ်စစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ အဆက်မပြတ် နှောင့်ယှက်မှုတွေဟာ ဒေသတွင်း လုံခြုံရေးကို ပိုမိုဆိုးရွား စေပြီး တင်းမာမှုတွေကို အလွယ်တကူ မြင့်တက်စေနိုင်ပါတယ်။ တရုတ်အာဏာပိုင်တွေ အနေနဲ့ အဲဒီလို ပျက်စီး စေတတ်ပြီး တစ်ဖက်သတ်ဆန်တဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ တာဝန်ယူဖို့ ကျနော်တို့ တိုက်တွန်းပါ တယ်"ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်း မတုံ့ပြန်ခဲ့ပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 785
CNI International News
မော်စကို၊ စက်တင်ဘာ ၁၉
ယူကရိန်းတွင် စစ်ရေးလုပ်ဆောင်ချက်အားလုံးကို အမေရိကန်က ထိန်းချုပ်ထားသည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
လာဗရော့ဗ်သည် Rossiya-1 ရုပ်သံမှ ထုတ်လွှင့်ခဲ့သည့် "မော်စကို၊ ကရင်မလင်၊ ပူတင်" အမည်ရှိ ရုပ်သံအစီအစဉ် တစ်ခုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့နောက် အမေရိကန်သည် ယူကရိန်းကို လက်နက်များ ထောက်ပံ့ပေးခြင်းဖြင့် ရုရှားကို စစ်ပွဲဆက်လက် ဆင်နွှဲ နေသည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
"ဘယ်လိုပဲပြောပြော၊ အမေရိကန်က ဒီစစ်ပွဲကို ထိန်းချုပ်နေတာပါ။ အမေရိကန် လက်နက်ခဲယမ်းတွေ၊ ထောက်လှမ်းရေး အချက်အလက်တွေ၊ ဂြိုဟ်တုသတင်းတွေကို ယူကရိန်းဆီ ထောက်ပံ့ပေးနေပြီး ကျနော်တို့ကို စစ်ပွဲဆင်နွှဲနေတာပါ" ဟု လာဗရော့ဗ်က အရှေ့တိုင်း စီးပွားရေး ဖိုရမ် (EFE) တွင် သတင်းထောက်တစ်ဦးနှင့် သီးသန့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျေ လာဗရော့ဗ်ကို တွေ့ရစဉ်
ထိုရုပ်သံ အစီအစဉ်အတွက် ပြောကြားခဲ့သည့် လာဗရော့ဗ်၏ မှတ်ချက်များထဲမှ တချို့တစ်ဝက်ကို သတင်းထောက် တစ်ဦးဖြစ်သူ ပေဗယ် ဇာရူဘင် (Pavel Zarubin) က ၎င်း၏ Telegram တွင် ရေးသား ဖော်ပြခဲ့ သည်။
ထို့ပြင် ယူကရိန်းကို ထောက်ပံ့ပေးဖွယ်ရှိသည့် အနောက်နိုင်ငံများ၏ တာဝေးပစ် ဒုံးကျည်များသည်လည်း ယူကရိန်းစစ်ပွဲ၏ အခြေအနေကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ကြောင်းလည်း လာဗရော့ဗ်က ပြောသည်။
"သူတို့ (အနောက်နိုင်ငံများ) ရဲ့ ထုတ်ပြန်ချက်တွေကို ကျနော် မှတ်ချက်မပေးနိုင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ အထောက်အပံ့တွေဟာ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပြောင်းလဲနိုင်စေမှာ မဟုတ်ပါဘူး။ ယူကရိန်းဟာ အနောက်နိုင်ငံတွေရဲ့ အကူအညီတွေကို အသုံးချပြီး ရုရှားကို အရှုံးပေးဖို့ ပြင်ဆင်ခဲ့တာ တော်တော် ကြာခဲ့ပါပြီ"ဟု လာဗရော့ဗ်က ပြောကြားခဲ့သည်။
အစောပိုင်းက အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် ယူကရိန်းအတွက် ဒေါ်လာ ၁၇၅ သန်း တန်ကြေးရှိ လုံခြုံရေး အကူအညီသစ်ကို ကြေညာခဲ့သည်။
ထိုအကူအညီ အသစ်ထဲတွင် ယူကရိန်းကို ထောက်ပံ့ပေးထားသည့် အမေရိကန်လုပ် Abrams တင့်ကားများ အတွက် ယူရေနီယံအမြောက်ကျည်များ ပထမဆုံးအကြိမ် ပါဝင်ခဲ့သည်။
Source: တာ့စ်
- By cni
- Category: နိုင်ငံရေး
- Hits: 1135
CNI International News
ဆိုးလ်၊ စက်တင်ဘာ ၁၈
ရုရှားနှင့် မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ပိုမိုစည်းလုံးညီညွတ်ရန် လိုအပ်သည်ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ယွန်းသည် ယခုသီတင်းပတ်အတွင်း စတင်ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ (UN General Assembly) တွင် မြောက်ကိုရီးယား အရေးနှင့်ပတ်သက်ပြီး ၎င်း၏ အစီအစဉ်များကို ကမ္ဘာ့ခေါင်းဆောင်များအား ပြောကြားရန် စီစဉ်ထားသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ရုရှားသို့ သွားရောက်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးများ မြင့်တက်လာမှုအပေါ် စိုးရိမ်စိတ်များ ဖြစ်ပေါ်စေခဲ့သည်။

ပူတင်နဲ့ ကင်မ်ကို တွေ့ရစဉ်
"မြောက်ကိုရီးယားနဲ့ ရုရှားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ တရားမဝင်ဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပြဋ္ဌာန်းချက်တွေ၊ နိုင်ငံတကာ ပိတ်ဆို့မှုတွေနဲ့ ဆန့်ကျင်နေပါတယ်" ဟု ယွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ရန် နယူးယောက် (New York) သို့ မသွားမီ အေပီသတင်းဌာနက မေးမြန်းခဲ့သည့် မေးခွန်းများကို စာဖြင့် ရေးသားပြီး ဖြေကြားခဲ့သည်။
"နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပိုပြီး စည်းလုံးညီညွတ်စွာနဲ့ အဲဒီအခြေအနေကို တုံ့ပြန် ဆောင်ရွက်သွား မှာပါ"ဟု ယွန်းက ပြောကြားခဲ့သည်။
နှစ်စဉ်ပြုလုပ်နေကျ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာ ၂၀ ရက်၌ ပြောကြားမည့် မိန့်ခွန်းအတွင်း ယွန်းက ရုရှား-မြောက်ကိုရီးယား လှုပ်ရှားမှုများနှင့် ပတ်သက်သည့် ၎င်း၏ ခန့်မှန်းသုံးသပ်ချက်များကို ပြောကြား လိမ့်မည်ဟု တောင်ကိုရီးယားသမ္မတရုံးက ပြောကြားခဲ့သည်။

အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန် ခေါင်းဆောင်များကို တွေ့ရစဉ်
ရုရှားနှင့် မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုများသည် ယူကရိန်းတွင် ဆင်နွှဲသည့် ရုရှား၏ စစ်ရေး အားထုတ် ကြိုးပမ်းမှုများကို မြင့်တက်စေလိမ့်မည်ဟု စိုးရိမ်မှုများ ထွက်ပေါ်ခဲ့သည်။
မြောက်ကိုရီးယား၏ နျူကလီးယား စီမံကိန်းကြောင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်နေမှုနှင့်အတူ မြောက်ကိုရီးယားသည် ပြီးခဲ့သည့် နှစ်ကတည်းက ဒုံးကျည်စမ်းသပ်မှုများကို စံချိန်တင် ပြုလုပ်ခဲ့ကာ ၎င်း၏ ပြိုင်ဘက်များကိုလည်း နျူကလီးယား လက်နက်များနှင့် ခြိမ်းခြောက်ခဲ့သည်။
မြောက်ကိုရီးယား၏ စစ်ရေးလှုပ်ရှားမှုများကို တုံ့ပြန်သည့်အနေဖြင့် ယွန်းနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့သည် ဧပြီလက ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပိုမိုတိုးမြှင့်ရန် သဘောတူညီခဲ့ပြီး ကိုရီးယားကျွန်းဆွယ် တွင် အမေရိကန်၏ မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်းများ ယာယီဖြန့်ကြက်ချထားခဲ့သည်။
"ကျနော်တို့ နှစ်နိုင်ငံ (တောင်ကိုရီးယားနှင့် အမေရိကန်)ဟာ မြောက်ကိုရီးယားရဲ့ ဘယ်လို နျူကလီးယား တိုက်ခိုက်မှုမျိုးကိုမဆို လျင်မြန်ပြီး၊ တိကျမှုရှိတဲ့ သာလွန်အင်အားနဲ့ တုံ့ပြန်သွားမှာပါ"ဟု ယွန်းက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 846
CNI International News
ခါတွမ်၊ စက်တင်ဘာ ၁၈
ဆူဒန်နိုင်ငံတွင် ပြိုင်ဘက် လက်နက်ကိုင် တပ်ဖွဲ့များအကြား နိုင်ငံတကာ၏ တရားဝင်မှုရရှိရန် ပြိုင်ဆိုင်နေသည် ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဆူဒန်၏ အရန်လက်ရုံးတပ် (Rapid Support Forces - RSF) တပ်မှူး မိုဟာမက် ဟမ်ဒန် ဟီမက်တီ ဒါဂလို (Mohamed Hamdan Henedti Dagalo) ၏ ညီဖြစ်သူ အဗ္ဗဒယ် ရာဟင်မ် ဟမ်ဒန် ဒါဂလို (Abdelrahim Hamdan Dagalo)သည် အမေရိကန်တွင်ရှိသည့် ပိုင်ဆိုင်မှုများ ပိတ်ပင်ခံခဲ့ရသည်။
ထို့နောက် အနောက်ဒါဖာ (West Darfur) ပြည်နယ်၏ RSF တပ်မှူး အဗ္ဗဒူ ရာမန် ဂျူးမား (Abdul Rahman Juma) သည်လည်း ဗီဇာ ပိတ်ပင်ခံခဲ့ရသည်။
စက်တင်ဘာ ၆ ရက်က ၎င်းတို့နှစ်ဦး ပိတ်ဆို့မှုများ ချမှတ်ခံခဲ့ရပြီးနောက် RSF အဖွဲ့သည် နိုင်ငံရေးအရ တရားဝင်မှု ရရှိလိုသည့် မျှော်လင့်ချက်လည်း ဆုံးရှုံးသွားခဲ့သည်ဟု ကျွမ်းကျင်သူများနှင့် တက်ကြွလှုပ်ရှားသူများက ပြောသည်။

အဗ္ဗဒယ် ရာဟင်မ် ဟမ်ဒန် ဒါဂလိုကို တွေ့ရစဉ်
၎င်းတို့နှစ်ဦးလုံးသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ အထူးသဖြင့် အနောက်ဒါဖာ ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပိတ်ဆို့မှုများ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
ဂျူးမားသည် အနောက်ဒါဖာ ပြည်နယ် အုပ်ချုပ်ရေးမှူး ခါမစ် အဗ္ဗဒယ်လာ အဘာကာ (Khamis Abdallah Abakar)ကို ဇွန် ၁၅ ရက်က လုပ်ကြံသတ်ဖြတ်ရန် အမိန့်ပေးမှုအတွက် ပိတ်ဆို့မှု ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) က ပြောသည်။
"အဲဒီပိတ်ဆို့မှုတွေဟာ ဒါဂလို မိသားစုရဲ့ ပုဂ္ဂိုလ်ရေး ပုံရိပ်အတွက် ထိုးနှစ်ချက်တစ်ခု ဖြစ်ပါတယ်" ဟု Confluence Advisory အဖွဲ့ကို ထူထောင်သည့် ညွှန်ကြားရေးမှူးနှင့် ဆူဒန်အရေး ကျွမ်းကျင်သူ ခါလွတ်ကာယာ (Khalood Kair) က ပြောကြားခဲ့သည်။
အဗ္ဗဒယ်ရာဟင်မ် ဒါဂလိုကမူ အနောက်ဒါဖာဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများသည် စစ်တပ်၏ သွေးထိုး လှုံ့ဆော်မှုကြောင့် ဖြစ်ပွားခဲ့သည့် လူမျိုးစုစစ်ပွဲ၏ ရလဒ်ကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

RSF လက်နက်ကိုင်တပ်ဖွဲ့ကို တွေ့ရစဉ်
ဆူဒန်စစ်တပ်သည်လည်း RSF နှင့် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ထိခိုက်ခဲ့သော ၎င်း၏ ပုံရိပ်ကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းနေသည်။
ထိုအချိန် အတောအတွင်း အမေရိကန်က RSF အပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းကြောင့် စစ်တပ်သည် နိုင်ငံရေး အသာစီး ရရှိခဲ့သည်ဟု နိုင်ငံတကာ အကျပ်အတည်းဆိုင်ရာအဖွဲ့ (International Crisis Group) ၏ အာဖရိက ဦးချို (Horn of Africa) ဒေသဆိုင်ရာ ကျွမ်းကျင်သူ အလန် ဘော့စ်ဝဲလ် (Alan Boswell) က ပြောကြားခဲ့သည်။
သို့သော်လည်း ထိုအချက်က အနောက်နိုင်ငံများမှ သံတမန်များအနေဖြင့် ဆူဒန်စစ်တပ်ကို RSF ထက်ပိုပြီး တရားဝင်မှုပေးရန် ဆုံးဖြတ်သည့် သဘောမျိုး မဟုတ်ကြောင်း ဘော့စ်ဝဲလ်က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 738
CNI International News
အော်စလို၊ စက်တင်ဘာ ၁၈
မြောက်ကိုရီးယားအနေနှင့် ရုရှားကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးမည်ဆိုသည့်တိုင် ယူကရိန်းစစ်ပွဲအပေါ် သိသိသာသာ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ကြောင်း အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့ခ် မီလေ (Mark Milley)က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဗိုလ်ချုပ်ကြီး မာ့ခ် မီလေ (Mark Milley)သည် စက်တင်ဘာ ၁၆ ရက်က စတင် ကျင်းပနေသည့် နေတိုး အစည်းအဝေးကို တက်ရောက်ရန် နော်ဝေသို့ ရောက်ရှိလာချိန်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) တို့၏ အစည်းအဝေးတွင် မြောက်ကိုရီးယားက ရုရှားကို ဆိုဗီယက်ခေတ် ၁၅၂ မမ အမြောက် ကျည်ဆန်များ ထောက်ပံ့မည့် အစီအစဉ်အား ဆွေးနွေးခဲ့ဖွယ်ရှိသည်ဟု ဗိုလ်ချုပ်ကြီး မီလေက ပြောသည်။
သို့သော် မြောက်ကိုရီးယား အနေနှင့် ရုရှားကို အမြောက်ကျည်ဆန် မည်မျှထောက်ပံ့မည်ဆိုခြင်းနှင့် မည်သည့် အချိန်တွင် ထောက်ပံ့မည်သည်ကိုတော့ ရှင်းလင်းစွာ မသိရကြောင်း ၎င်းကဆိုသည်။

ပူတင်နဲ့ ကင်မ်ကို တွေ့ရစဉ်
"မြောက်ကိုရီးယားရဲ့ လက်နက်တွေက စစ်ပွဲကို ပြောင်းလဲနိုင်ပါ့မလား။ ကျနော်ကတော့ သိပ်မထင်ပါဘူး။ အဲဒီ လက်နက်တွေဟာ စစ်ပွဲကို အဆုံးအဖြတ် ပေးနိုင်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး" ဟု ဗိုလ်ချုပ်ကြီး မီလေက ပြောကြားခဲ့သည်။
ကင်မ်သည် ရုရှားကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးဖွယ်ရှိပြီး အပြန်အလှန်အားဖြင့် ခေတ်မီလက်နက်များ သို့မဟုတ် နည်းပညာကို ရုရှားထံမှ လက်ခံရယူဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
ဗိုလ်ချုပ်ကြီး မီလေနှင့် နေတိုးအဖွဲ့ဝင် နိုင်ငံများမှ ကာကွယ်ရေး အကြီးအကဲများသည် နော်ဝေနိုင်ငံ၏ ဟော်လ်မန်ကွန်လန် (Holmenkollen) နှင်းလျှောစီးမြို့တွင် ယူကရိန်းကို အထောက်အပံ့ ပေးရန်နှင့် အခြား ဒေသတွင်း ကာကွယ်ရေး ပြဿနာများအား ဆွေးနွေးရန် ရက်အနည်းငယ်ကြား အစည်းအဝေး ပြုလုပ်မည် ဖြစ် သည်။
ထို့မှတဆင့် ဗိုလ်ချုပ်ကြီး မီလေသည် ဂျာမနီနိုင်ငံတွင် စက်တင်ဘာ ၁၉ ရက်၌ ကျင်းပမည့် လစဉ်ပြုလုပ်နေကျ ယူကရိန်း ကာကွယ်ရေး ထိတွေ့ဆက်ဆံမှုအဖွဲ့ (Ukraine Defense Contact Group) အစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။
ထိုအဖွဲ့သည် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ဦးဆောင်သည့် အဖွဲ့ဖြစ်ပြီး ယူကရိန်းကို စစ်ရေး အထောက်အပံ့များ တိုးမြှင့်ပေးရန်အတွက် အဓိကကျသည့် နိုင်ငံတကာ အဖွဲ့တစ်ခု ဖြစ် သည်။
Source: အေပီ
