- By CNI
- Category: နိုင်ငံရေး
- Hits: 1092
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၁၆
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) သည် လာမည့် သီတင်းပတ်အတွင်း ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံ (United Nations General Assembly) အတွင်း အမေရိကန် အိမ်ဖြူတော်နှင့် လွှတ်တော်အဆောက်အအုံ (Capitol Hill) သို့ သွားရောက်ဖွယ်ရှိသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ရုရှား၏ ကျုးကျော်မှုကို တွန်းလှန်တိုက်ခိုက်နေသည့် ယူကရိန်းအတွက် စစ်ရေးနှင့် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၂၄ ဘီလျံကို ထောက်ပံ့ပေးမည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ တောင်းဆိုချက်နှင့်ပတ်သက်ပြီး အမေရိကန် လွှတ်တော်တွင် အချေအတင် ငြင်းခုံဆွေးနွေးနေချိန်၌ ဇာလန်းစကီး၏ ခရီးစဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဇာလန်းစကီးသည် စက်တင်ဘာ ၂၁ ရက်တွင် အိမ်ဖြူတော်၌ ဘိုင်ဒန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမည်မဖော် လိုသည့် အမေရိကန် အစိုးရအရာရှိတစ်ဦးက ပြောသည်။
ထို့ပြင် ဇာလန်းစကီးသည် အမေရိကန် လွှတ်တော် အဆောက်အအုံကိုလည်း သွားရောက်လိမ့်မည်ဟု လွှတ်တော် ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးများက အတည်ပြုခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြောနေစဉ်
ယူကရိန်းသမ္မတ ဇာလန်းစကီးသည် စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ဝါရှင်တန်သို့ သွားရောက်ခဲ့ပြီး လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။
ထိုခရီးစဉ်သည် ရုရှား၏ ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ဇာလန်းစကီး၏ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်ခဲ့သည်။
အဆိုပါခရီးစဉ်အတွင်း ဇာလန်းစကီးက ယူကရိန်းစစ်ပွဲအတွင်း အမေရိကန်မှ ကူညီပေးခဲ့သည့် ငွေကြေး အထောက်အပံ့သည် ပရဟိတသဘောမျိုး မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် ဒီမိုကရေစီအတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း အမေရိကန်လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့ချိန်၌ ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်ကို တွေ့ရစဉ်
ဇာလန်းစကီး၏ အမေရိကန် ခရီးစဉ်နှင့်ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ Punchbowl News သတင်းဝက်ဘ်ဆိုက်က ပထမဆုံးအကြိမ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီကလည်း ဇာလန်းစကီး၏ ခရီးစဉ် အသေးစိတ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ထိုအချိန်အတောအတွင်း အမေရိကန် ဘဏ္ဍာရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများကလည်း ယူကရိန်းအပေါ် ဆင်နွှဲသည့် ရုရှား၏ ကျူးကျော်စစ်နှင့် ပတ်သက်ဆက်နွှယ်သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်း ၁၅၀ ကျော်ကို ပိတ်ဆို့မှုအသစ်များ ချမှတ်ကြောင်း ကြေညာခဲ့သည်။
အမေရိကန်သည် ယူကရိန်းတွင် စစ်ပွဲဆင်နွှဲနေသည့် ရုရှားစစ်တပ်အတွက် ပစ္စည်းကိရိယာများ၊ နည်းပညာများကို ကူညီပေးနေသော ရုရှားစစ်တပ်၏ ထောက်ပံ့ရေးကွင်းဆက်အား ဆက်လက် ပစ်မှတ်ထား အရေးယူနေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက် ယယ်လန် (Jenet Yellen) က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 876
CNI International News
ပေကျင်း၊ စက်တင်ဘာ ၁၆
တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူ (Li Shangfu)သည် လူမြင်ကွင်းကနေ သီတင်းပတ် အနည်းငယ်ကြာ ပျောက်ကွယ်နေသဖြင့် စုံစမ်းစစ်ဆေးခံနေရပြီး ရာထူးမှဖယ်ရှားခံရကာ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံ ထားရဖွယ်ရှိသည်ဟု အမေရိကန်မီဒီယာများကို ကိုးကားပြီး ရိုက်တာမှ ဖော်ပြခဲ့သည်။
အသက် ၆၅ နှစ်အရွယ် တရုတ်ကာကွယ်ရေးဝန်ကြီးလီ၏ သတင်းအစအန ပျောက်နေမှုသည် သီတင်းပတ် အနည်းငယ် ကြာမြင့်လာချိန်တွင် အနောက်နိုင်ငံများမှ သတင်းစာများ၏ ဖော်ပြချက်များကြောင့် စက်တင်ဘာ ၁၅ ရက်၌ ၎င်း၏ အခြေအနေနှင့်ပတ်သက်ပြီး သံသယများ ပိုမိုကြီးထွားလာခဲ့သည်။
လီသည် မကြာသေးမီ သီတင်းပတ်များအတွင်းက ဗီယက်နမ်၊ စင်္ကာပူ ကာကွယ်ရေးဝန်ကြီးများနှင့် ပြုလုပ်သည့် အစည်းအဝေးပွဲများကို တက်ရောက်ခဲ့ခြင်း မရှိကြောင်း၊ ထိုအကြောင်းအရာနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

သြဂုတ် ၂၉ ရက်က ပေကျင်းတွင် အာဖရိကနိုင်ငံများနှင့် ပြုလုပ်ခဲ့သည့် လုံခြုံရေးဖိုရမ်တစ်ခု၌ ၎င်းကို နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
လီသည် အကျင့်ပျက်ခြစားမှုကြောင့် စုံစမ်းစစ်ဆေးခံနေရပြီး ရာထူးမှ ဖယ်ရှားခံရဖွယ်ရှိကြောင်း အမေရိကန်အရာ ရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြခဲ့သည်။
ထို့ပြင် Wall Street ဂျာနယ်ကလည်း လီသည် တာဝန်မှ ရပ်စဲခံရဖွယ်ရှိကြောင်း ဖော်ပြခဲ့ပြီး Financial Times သတင်းစာကမူ လီသည် စုံစမ်းစစ်ဆေးခံနေရသည်ဟု အမေရိကန်အစိုးရက ယူဆထားကြောင်း ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ရာမ် အီမန်နျူရယ် (Rahm Emanuel) ကလည်း တရုတ်ကာကွယ်ရေး ဝန်ကြီး လီရှန်ဖူကို မမြင်တွေ့ရသည်မှာ သီတင်းသုံးပတ်ရှိပြီ ဖြစ်ကြောင်း၊ လီသည် ဗီယက်နမ် ခရီးစဉ်တွင် ထွက်ပေါ် မလာခဲ့ကြောင်း၊ လက်ရှိတွင်လည်း စင်္ကာပူ ရေတပ်အကြီးအကဲနှင့် တွေ့ဆုံရန် စီစဉ်ထားသည့် အစည်း အဝေးကို တက်ရောက်ရန် ပျက်ကွက်ခဲ့ကြောင်း၊ လီသည် နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံရထားခြင်း ဟုတ်၊ မဟုတ် မေးခွန်းထုတ်ရေးသားထားသည့် ပို့စ်တစ်ခုကို X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်မပေးခဲ့သလို ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ အမေရိကန်သံရုံးကလည်း ချက်ချင်း မှတ်ချက်မပေးခဲ့ပေ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မောင်းနင် (Mao Ning) ကလည်း လီသည် စုံစမ်းစစ်ဆေး ခံနေရခြင်း ဟုတ်/မဟုတ် မေးမြန်းခံရချိန်တွင် သူ့အနေနှင့် ထိုအကြောင်းအရာကို မသိရှိကြောင်း နေ့စဉ် ပြုလုပ်နေကျ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ဖြေကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (Qin Gang) သည်လည်း လူမြင်ကွင်းမှ သီတင်းပတ် အနည်းငယ်ကြာ ပျောက်ကွယ်ခဲ့ပြီးနောက် ဇူလိုင်လတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရကြောင်း၊ ယခုအခါ၌ လီနှင့်ပတ်သက်သည့် သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
လီနှင့် ချင် တို့သည် တရုတ်၏ သာမန်ဝန်ကြီးများထက် ပိုမိုအဆင့်မြင့်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖွဲ့ဖြစ်သည့် အဖွဲ့ဝင် ၅ ဦးပါ နိုင်ငံတော်ကောင်စီဝင်များထဲတွင် ပါဝင်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 902
CNI International News
မော်စကို၊ စက်တင်ဘာ ၁၅
ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ရုရှား၏ တရားဝင်မှုရှိသည့် အကျိုးစီးပွားများနှင့် ကိုက်ညီမှုရှိမည့် အဆိုပြုချက် များကို ရရှိမှသာ ရုရှားအစိုးရအနေနှင့် စဉ်းစားသွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
"ကျနော်တို့အနေနဲ့က ရုရှားပြည်ထောင်စုရဲ့ အခြေခံကျပြီး တရားဝင်မှုရှိတဲ့ အကျိုးစီးပွားတွေနဲ့ မြေပြင်က လက်ရှိ အနေအထားတွေကို ထည့်သွင်းစဉ်စားတဲ့ ဘယ်လိုအရေးကြီးတဲ့ အဆိုပြုချက်ကိုမဆို လက်ခံစဉ်းစားဖို့ အသင့်ပါ ပဲ"ဟု လာဗရော့ဗ်က ဆွေးနွေးပွဲ၏ အဖွင့်မှတ်ချက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဦးသန်းဆွေနဲ့ လာဗရော့ဗ်ကို တွေ့ရစဉ်
ကမ္ဘာ့တောင်ခြမ်းမှ နိုင်ငံအချို့သည် ယူကရိန်းစစ်ပွဲကို ဖြေရှင်းရန် စစ်မှန်သည့် ရည်ရွယ်ချက်များဖြင့် ရုရှား၏ အစီအစဉ်များအား အထောက်အကူ ပြုပေးခဲ့သည်ဟုလည်း လာဗရော့ဗ်က ပြောသည်။
ထို့ပြင် ယူကရိန်းတွင် ဖြစ်ပျက်နေသည့် အခြေအနေနှင့်အတူ မြန်မာမိတ်ဆွေများ၏ ဟန်ချက်ညီစွာ ထိန်းသိမ်း ထားနိုင်သော ရပ်တည်ချက်အပေါ်တွင်လည်း ရုရှားအစိုးရက အလွန်ကျေးဇူးတင်ကြောင်း လာဗရော့ဗ်က ပြော ကြားခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 885
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅
ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နစက၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဦးသန်းဆွေနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ်တို့ ရုရှားနိုင်ငံမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ နစက၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဦးသန်းဆွေနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၄ ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှာ နှစ်နိုင်ငံ ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပခဲ့သည်။
ထိုဆွေးနွေးပွဲတွင် မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမို နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ရေး၊ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ရေး ဆွေးနွေးခဲ့ကြ ကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

ဒုဝန်ကြီးချုပ် ဦးသန်းဆွေနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ်ကို တွေ့ရစဉ်
ထို့နောက် ကာကွယ်ရေး၊ လုံခြုံရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူ အချင်းချင်း ထိတွေ့ဆက်ဆံမှု၊ စီးပွားရေး နှင့် ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ စွမ်းအင်၊ စက်မှု၊ ပညာရေး၊ ပြန်ကြားရေး အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးချုပ် ဦးသန်းဆွေက “ နှစ်နိုင်ငံနှင့် နိုင်ငံတကာ မျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂ၌ မြန်မာနိုင်ငံ အပေါ် ရုရှားဖက်ဒရယ်ရှင်းနိုင်ငံ၏ မူအရ ရပ်တည်ချက်၊ နားလည်မှုနှင့် ခိုင်မာစွာ ထောက်ခံမှုများအပေါ် မြန်မာ နိုင်ငံ အနေဖြင့် လှိုက်လဲှစွာ ကျေးဇူးတင်ကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ် ဦးသန်းဆွေသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ်နှင့် ပူးတွဲ သတင်း စာ ရှင်းလင်းပွဲ လုပ်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္လာရီးတိုင်းဒေ သကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် မြန်မာ့တပ်မ တော်နှင့် တော်လှန်ရေး အင်အားစုများကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 738
CNI International News
ဆိုးလ်၊ စက်တင်ဘာ ၁၅
ရုရှားနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့သည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un)တို့၏ အစည်းအဝေးသည် ပြိုင်ဘက်များကို သတိ ပေးခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
စက်တင်ဘာ ၁၄ ရက်က ပြုလုပ်သည့် ထိုအစည်းအဝေးတွင် ပူတင်နှင့် ကင်မ်တို့သည် တစ်ဦးနှင့်တစ်ဦး ရဲဘော်၊ ရဲဘက်ဟု သုံးနှုန်းခေါ်ဝေါ်ခဲ့ကြပြီး ပူတင်က ကင်မ်ကို ရုရှား၏ ခေတ်အမီဆုံး အာကာသစင်တာထဲတွင် လိုက်လံ ပြသခဲ့ကာ နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများကလည်း ၎င်းတို့နှင့်အတူ လိုက်ပါခဲ့ကြသည်။
ပထဝီနိုင်ငံရေးအရ ဖယ်ကြဉ်ခံထားရသည့်တိုင် မြောက်ကိုရီးယားနှင့် ရုရှားသည် တစ်ဖက်နှင့်တစ်ဖက် အကျိုး စီးပွားများ ရှိနေကြောင်း ပြသခဲ့ကြသည်။

Center for a New American Security မှ ကျွမ်းကျင်သူ ဒူယွမ် ကင်မ်ကို တွေ့ရစဉ်
ထို့ပြင် ယူကရိန်းစစ်ပွဲကြောင့် ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ခြင်း၊ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းတို့ ကြောင့် မြောက်ကိုရီးယားအပေါ် ပိတို့မှုများ ချမှတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည့် အမေရိကန်၏ ပိတ်ဆို့မှုများကို အားနည်းစေရန် ရုရှားနှင့် မြောက်ကိုရီးယားတို့က အတူတကွ ကြိုးပမ်းဆောင်ရွက်နေသည်ဟု ကျွမ်းကျင်သူများ က ပြောသည်။
"ပူတင်နဲ့ ကင်မ်ဟာ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှုတွေကတစ်ဆင့် အကျိုးအမြတ်တွေ ရခဲ့ပြီး နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်တဲ့ သူတို့ နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေဟာ ပထဝီနိုင်ငံရေးအရ အမေရိကန်နဲ့ မဟာမိတ်တွေအပေါ် သက်ရောက်မှု ရှိစေခဲ့ပါတယ်"ဟု Center for a New American Security မှ ကျွမ်းကျင်သူ ဒူယွမ် ကင်မ် (Duyeon Kim)က ပြောသည်။

ပါမောက္ခတစ်ဦးဖြစ်သူ လိဖ် အဲရစ် အက်စလေကို တွေ့ရစဉ်
ထို့ပြင် ရုရှားသည် အရှေ့မြောက်အာရှတွင် တန်ပြန် ထိုးနှက်နိုင်သည့် အခြေအနေကို ကင်မ်က အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့အား အချက်ပြရာ ရောက်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
ရုရှားနှင့် မြောက်ကိုရီးယားသည် ၎င်းတို့နှစ်နိုင်ငံအကြား လက်နက်များ ထောက်ပံ့ရန် စီစဉ်နေသည်ဆိုသည့် အမေရိကန်၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သော်လည်း ပူတင်နှင့်ကင်မ်သည် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်မည်ဟု ကတိပြုခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယား၏ ဂြိုဟ်တု တည်ဆောက်ရေး အစီအစဉ်ကို ရုရှား ကူညီပေးသွားမည်ဟုလည်း ပူတင်က ပြောသည်။
"ပူတင်နဲ့ ကင်မ်တို့ရဲ့ သံတမန်ဆက်ဆံရေး အခြေအနေဟာ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ အခင်းအကျင်း ကို စိန်ခေါ်ရာမှာ အောင်မြင်မှု ရှိတယ်ဆိုတာကို ပြသရာရောက်ပြီး တရုတ်အပေါ် အလွန်အကျူး မှီခိုမှုကို ရှောင်လွှဲ နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ပြသရာရောက်ခဲ့ပါတယ်"ဟု တောင်ကိုရီးယားနိုင်ငံ ဆိုးလ် (Seoul) မြို့တော်ရှိ ယူဝါတက္ကသိုလ်(Ewha University)မှ ပါမောက္ခတစ်ဦးဖြစ်သူ လိဖ် အဲရစ် အက်စလေ (Leif-Eric Easley) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 722
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၁၅
အမေရိကန်စစ်တပ်သည် နိုက်ဂျာတွင် စစ်ဆင်ရေးများကို ပြန်လည်စတင်ခဲ့ပြီး နိုင်ငံအတွင်းရှိ စစ်စခန်းမှ ဒရုန်း ပျံသန်းမှုများနှင့် အခြားလေယာဉ်ပျံသန်းမှုများအား လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်၏ ဥရောပနှင့် အာဖရိက လေတပ်များ (Air Forces in Europe and Air Forces in Africa)၏ အကြီးအကဲက ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
နိုက်ဂျာတွင် ဇူလိုင်လက သမ္မတ မိုဟာမက် ဘာဇုမ်း (Mohamed Bazoum) ကို ဖြုတ်ချခဲ့သည့် အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန်ကတည်းက နိုက်ဂျာနိုင်ငံအတွင်း ဖြန့်ကြက်ထားသော အမေရိကန်စစ်သား ၁၁၀၀ ခန့်သည် ၎င်းတို့ ၏ စစ်စခန်းများအတွင်းမှာပင် နေထိုင်ခဲ့ကြသည်။
နိုက်ဂျာ၏ စစ်ခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ထောက်လှမ်းရေးနှင့် ကင်းထောက် မစ်ရှင်အချို့ကို ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဟက်ကာ (James Hecker)က စက်တင် ဘာ ၁၃ ရက်တွင် ပြောသည်။
"အခုမတိုင်ခင် အချိန်အထိ စစ်စခန်းတွေမှာ ဘယ်လိုမစ်ရှင်မျိုးကိုမှ မပြုလုပ်ခဲ့ပါဘူး။ လေယာဉ်ကွင်းတွေကို လည်း ပိတ်ထားခဲ့တာ ဖြစ်တယ်" ဟု ဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဟက်ကာက နှစ်စဉ်ကျင်းပနေကျ လေကြောင်းနှင့် အာကာသတပ်ဖွဲ့များ အသင်း (Air and Space Forces Association) ညီလာခံတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန် စစ်သားများကိုတွေ့ရစဉ်
မိမိတို့အနေနှင့် သံတမန်ရေးရာ ဆွေးနွေးမှုများ ပြုလုပ်နေပြီး ယခင်က လုပ်ဆောင်ခဲ့သည့် မစ်ရှင်များကဲ့သို့ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ မလုပ်ဆောင်နိုင်သည့်တိုင် မစ်ရှင်အများအပြားကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဂျိမ်းစ်ဟက်ကာက ပြောသည်။
အမေရိကန်သည် မကြာသေးမီ သီတင်းပတ်များအတွင်း မောင်းသူမဲ့ လေယာဉ်များနှင့် လေယာဉ်အမှုထမ်းများ လိုက်ပါသည့် လေယာဉ်ပျံသန်းမှု မစ်ရှင်များကို ပြန်လည်စတင်ခဲ့သည်ဟု ၎င်းက ပြောသည်။
အမေရိကန်တပ်ဖွဲ့များသည် နိုက်ဂျာ၏မြို့တော် နီယာမေ (Niamey)အနီးရှိ အမှတ် ၁၀၁ လေတပ်စခန်းမှ (Air Base 101) အဂါဒက်ဇ် (Agadez) မြို့ရှိ အမှတ် ၂၀၁ လေတပ်စခန်း (Air Base 201) သို့ ပြောင်းရွှေ့ခဲ့ကြောင်း ပြီးခဲ့သည့်် သီတင်းပတ်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဂါဒက်ဇ်မြို့သည် နီယာမေမြို့တော်၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၉၂၀ (မိုင် ၅၇၀) အကွာတွင် တည်ရှိသည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 760
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄
(၂၀)ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် စက်တင်ဘာ ၁၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးကို ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ဦးဆောင်၍ ကျင်းပခြင်း ဖြစ်ပြီး ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့မှ ကာကွယ်ရေးဦးစီးချုပ်(လေ)တို့ တက် ရောက်ခဲ့သည်။

သို့သော် စင်္ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားမှ ကာကွယ်ရေးဦးစီးချုပ်(လေ)တို့ တက်ရောက်ခဲ့ခြင်း မရှိ ကြောင်း၊ ဖိလစ်ပိုင်နှင့် စင်္ကာပူ လေတပ်ဦးစီးချုပ်များကတော့ Video Message ပေးပို့၍ ပါဝင် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1058
CNI International News
ဟနွိုင်း၊ စက်တင်ဘာ ၁၄
ဗီယက်နမ်နှင့် ဆက်ဆံရေးများ တိုးမြှင့်သည့် အမေရိကန်၏ လုပ်ဆောင်ချက်သည် တရုတ်ကို ဆန့်ကျင်သည့် စစ်အေးတစ်ခု မဟုတ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီမှ အရာရှိတစ်ဦးက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
"ဒီကိစ္စဟာ စစ်အေး အခြေအနေ တစ်ခုအတွက် မဟုတ်သလို ဗီယက်နမ်နဲ့ တရုတ်အကြား သံတမန်ရေးရာအရ တစ်ဖက်ဖက်ကို ရွေးချယ်ဖို့အတွက်လည်း မဟုတ်ပါဘူး။ အဲဒီလို ယူဆချက်တွေထဲက တစ်ခု မဟုတ် တစ်ခု ဖြစ်လိမ့်မယ်လို့လည်း ကျနော် မထင်ပါဘူး" ဟု အမေရိကန်၏ အင်ဒို-ပစိဖိတ်ဆိုင်ရာ အမျိုးသား လုံခြုံရေး ကောင်စီ၏ ညွှန်ကြားရေးမှူး မစ္စစီရာရက်ပ်ဟော့ပါ (Mria Rapp-Hooper) က ပြောသည်။
စက်တင်ဘာ ၁၀ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ ဗီယက်နမ်ခရီးစဉ်အတွင်း အမေရိကန်-ဗီယက်နမ် ဆက်ဆံရေးကို သံတမန်ရေးအရ အမြင့်ဆုံး အနေအထားအထိ တိုးမြှင့်ခဲ့သည်။
စက်တင်ဘာ ၁၁ ရက်တွင်မူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မောင်နင်း (Mao Nign)က အမေရိကန်-ဗီယက်နမ် ဆက်ဆံရေး မြှင့်တင်မှုကို တုံ့ပြန်ခဲ့ရာတွင် အမေရိကန်အနေဖြင့် စစ်အေးကာလက အတွေးအမြင်များနှင့် သြဇာလွှမ်းမိုးရေးကို စွန့်လွှတ်ရန် ပြောကြားခဲ့သည်။

အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်ကို တွေ့ရစဉ်
"အမေရိကန်အနေနဲ့ အာရှနိုင်ငံတွေနဲ့ ဆက်ဆံရာမှာ နိုင်ငံတကာ ဆက်ဆံရေးရဲ့ အခြေခံ စံနှုန်းတွေနဲ့အညီ ဒေသတွင်း နိုင်ငံတွေရဲ့ တည်ငြိမ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လေးစားလိုက်နာဖို့ ကျမတို့ တိုက်တွန်းလိုပါတယ်"ဟု မစ္စနင်းက ပြောကြားခဲ့သည်။
အမေရိကန်၏ အင်ဒို-ပစိဖိတ်ဆိုင်ရာ အမျိုးသား လုံခြုံရေးကောင်စီ၏ ညွှန်ကြားရေးမှူး မစ္စမီရာရက်ပ်ဟော့ပါက ဗီယက်နမ်နှင့် ဆက်ဆံရေး မြှင့်တင်ခြင်းသည် အရှိန်အဟုန်ကောင်းပြီး ပွင့်လင်းမှုရှိကာ ဘက်စုံပါဝင်သည့် မိတ်ဖက် ဆက်ဆံရေးဖြစ်ကြောင်း၊ ဗီယက်နမ်ကို နည်းပညာ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေများအတွက် ကူညီ ထောက်ပံ့ပေးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
"ဒီဆက်ဆံရေးက ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး။ ကျမတို့ နှစ်နိုင်ငံကြားက ဆက်ဆံရေးအတွက် ဖြစ်ပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ တောင်တရုတ်ပင်လယ်မှာ၊ လွတ်လပ် ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ ကျမတို့ရဲ့ ဘုံ အကျိုးစီးပွားတွေ၊ လုံခြုံရေးနဲ့ ချမ်းသာကြွယ်ဝရေးတွေအတွက် သဘောတရားအရ တန်ဖိုးကြီးမားတဲ့ တန်ဖိုး တစ်ခု ဖြစ်ပါတယ်"ဟု ဟော့ပါက ပြောကြားခဲ့သည်။
အမေရိကန်နှင့် တရုတ်သည် ဗီယက်နမ်၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံများ ဖြစ်သည်။
ဗီယက်နမ်နှင့် တရုတ်သည် သဘာဝ သယံဇာတ ပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်တွင် နယ်မြေ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာကြာ အငြင်းပွားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 815
CNI International News
ကိယက်ဗ်၊ စက်တင်ဘာ ၁၄
ရုရှားက သိမ်းပိုက်ထားသည့် ခရိုင်းမီးယားဒေသရှိ စီဗက်စ်တိုပိုးလ် (Sevastopol) မြို့ရှိ သင်္ဘောကျင်းတစ်ခုကို ယူကရိန်းက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားစစ်သင်္ဘောနှစ်စင်း မီးလောင်ခဲ့ပြီး လူ ၂၄ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ယူကရိန်းသည် စက်တင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို ရုရှားလေကြောင်း ကာကွယ်ရေးအဖွဲ့မှ ကြားဖြတ်ပစ်ချရန် ကြိုးပမ်းခဲ့ကြောင်း စီဗက်စ်တိုပိုးလ်မြို့ရှိ ရုရှားက ခန့်အပ်ထားသည့်် အုပ်ချုပ်ရေးမှူး မီဟိုင်း ရက်ဇ်ဗိုဇာယက်ဗ်(Mikhail Razvozhayev )က Telegram လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ပင်လယ်အတွင်းရှိ ရုရှားသင်္ဘောများသည်လည်း ယူကရိန်း မောင်းသူမဲ့ ရေယာဉ်များ၏ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အုပ်ချုပ်ရေးမှူး မီဟိုင်း ရက်ဇ်ဗိုဇာယက်ဗ်ကို တွေ့ရစဉ်
ယူကရိန်းတပ်ဖွဲ့များသည် ပင်လယ်နက်အတွင်းရှိ ရုရှားစစ်သင်္ဘောများကို မောင်းသူမဲ့ ရေယာဉ် ၃ စင်းဖြင့် တိုက်ခိုက်ခဲ့ပြီး သင်္ဘောကျင်းအား ခရုဇ်ဒုံးကျည် ၁၀ စင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဌာန(Russia’s Ministry of Defence)က ပြောကြားခဲ့သည်။
ယူကရိန်း၏ ဒုံးကျည် ၇ စင်းကို ပစ်ချနိုင်ခဲ့ပြီး မောင်းသူမဲ့ ရေယာဉ်များအား ဖျက်ဆီးနိုင်ခဲ့သော်လည်း အချို့ ဒုံးကျည်များသည် သင်္ဘောနှစ်စင်းကို ထိခိုက်ပျက်စီးစေခဲ့သည်။
အဆိုပါ သင်္ဘောများကို စီဗက်စ်တိုပိုးလ် သင်္ဘောကျင်းတွင် ပြုပြင်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
စီဗက်စ်တိုပိုးလ်မြို့သည် ရုရုား၏ ပင်လက်နက် စစ်သင်္ဘောအုပ်စု အခြေချသည့် ခရိုင်းမီးယားဒေသမှ အကြီးဆုံး မြို့ဖြစ်သည်။
ယူကရိန်း၏ Kyiv Independent သတင်းဌာနကမူ အဆိုပါ တိုက်ခိုက်မှုသည် ဒေသစံတော်ချိန် နံနက် ၃ နာရီခန့် တွင် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြခဲ့သည်။

Sevastopol မြို့တိုက်ခိုက်ခံရမှုကိုတွေ့ရစဉ်
ယူကရိန်းအရာရှိများကလည်း ခရိုင်းမီးယားဒေသကို ရုရှားထံမှ ပြန်လည်သိမ်းယူမည်ဟု ကတိပြုခဲ့ပြီး မကြာသေး မီ သီတင်းပတ်များအတွင်း ခရိုင်းမီးယားကျွန်းဆွယ်အား လေကြောင်းနှင့် ရေကြောင်း တိုက်ခိုက်မှုများကို အရှိန် မြှင့်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၃ ရက် နံနက်ခင်းမှာပင် ယူကရိန်း၏ အိုဒက်ဆာ (Odesa)ဒေသရှိ ဒန်နူဘီ (Danube)မြစ် အဇ်မေးလ်(Izmail)ဆိပ်ကမ်းတွင် ရုရှား၏ ဒရုန်းတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကာ အရပ်သား များ ဒဏ်ရာရခဲ့သည်ဟု ဒေသအုပ်ချုပ်ရေမှူးက ပြောသည်။
ယူကရိန်းစစ်တပ်ကလည်း ရုရှား၏ ဒရုန်း ၃၂ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ရိုမေးနီးယားနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ယူကရိန်း၏ ဒန်နူဘီမြစ်တွင် ဆောက်လုပ်ထားသော ဆိပ်ကမ်း များသည် ယူကရိန်း၏ စိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့ရောင်းချရေးအတွက် အဓိကကျသည့် ဆိပ်ကမ်းများ ဖြစ်သည်။
Source: အယ်လ်ဂျာဇီးယား
