CNI International News

ဘန်ကောက်၊ ဇွန်လ ၁၆

ထိုင်းရွေးကောက်ပွဲကော်မရှင် (EC) သည် ဇွန်လ ၂၁ ရက်တွင် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံ ရသူများကို အတည်ပြု ပေးလိမ့်မည်ဟု ယူဆရကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ 

ထို့အပြင် EC သည် ရွေးကောက်ခံ လွှတ်တော်အမတ် ၇၁ ဦးက ၎င်းတို့၏ ရွေးကောက်ပွဲရလဒ်များကို ထိန်ချန် ထားကြောင်း ဖော်ပြထားသည့် ပေါက်ကြားလာသော စာရွက်စာတမ်းကိစ္စတစ်ခုကို စုံစမ်းစစ်ဆေးရန်လည်း အမှန်တရား ဖော်ထုတ်ရေးအဖွဲ့ တစ်ခုကို ဖွဲ့စည်းခဲ့သည်။ 

EC သည် ဇွန်လ ၁၉ ရက်တွင် တွေ့ဆုံကာ ပါတီစာရင်းနှင့် မဲဆန္ဒနယ် စနစ်တို့မှ ရွေးကောက်ခံ အမတ်များကို အတည်ပြု ပေးသွားမည် ဖြစ်သည်။ 

မဲဆန္ဒနယ် နေရာ ၄၀၀ လုံးတွင် မည်သည့် အမတ်လောင်းက တိုင်းကြားခံထားရခြင်း ရှိ/မရှိ ဆုံးဖြတ်ခြင်းကို  အပြီးသတ် ဆောင်ရွက်ပြီးချိန်တွင် ဖြစ်သည်ဟု EC နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ဇွန်လ ၁၅ ရက်တွင် ပြောသည်။

အတည်ပြုပြီးသည်နှင့် အမတ်များသည် EC ရုံးတွင် တရားဝင် စာရွက်စာတမ်းများ ရရှိမည်ဟုလည်း သိရသည်။ 

ထိုင်းရွေးကောက်ပွဲကော်မရှင် အထွေထွေအတွင်းရေးမှူးချုပ် ဆာဝါအန်း ဘွမ်းနီကိုတွေ့ရစဉ်

မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲပြီးနောက် အထက်လွှတ်တော်သည် မဲဆန္ဒနယ်များနှင့် ပါတီစာရင်းတို့တွင် ပါဝင် သော အမတ် ၄၀၀ အပါအဝင် ရွေးကောက်ခံအဖွဲ့ဝင် ၅၀၀ ပါဝင်မည်။ 

EC သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမတ်အရေအတွက် ၅၀၀ ၏ အနည်းဆုံး ၉၅ ရာခိုင်နှုန်း ဖြစ်သော အမတ် ၄၇၅ ဦးကို စစ်ဆေးရန် ရွေးကောက်ပွဲပြီးနောက် ရက် ၆၀ အချိန်ရခဲ့သည်။

လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေသည့် ပေါက်ထွက်လာသော စာရွက်စာတမ်များကိစ္စကို တုံ့ပြန်ရေးအတွက် အမှန်တရား ဖော်ထုတ်ရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းရန် EC ၏ အထွေထွေအတွင်းရေးမှူးချုပ် ဆာဝါအန်း ဘွမ်းနီ (Saaeng Boomnee) က ဇွန်လ ၁၄ ရက်နေ့တွင် အမိန့်ပေးခဲ့သည်။ 

စာမျက်နှာ သုံးခုပါသည့် ထိုစာရွက်စာတမ်းများတွင် ပြည်နယ် ၃၇ ခု၌ ပါတီ ၈ ခုမှ မဲဆန္ဒနယ် ၇၁ ခုတွင် ရွေးကောက်ခံ ရသူများ၏ ရလဒ်ကို ထိန်ချန်ထားပြီး အမတ်အရေအတွက် ၃၂၉ ဦး၌ မည်သည့် တိုင်ကြားချက်မှ မရှိသည်ကို ဖော်ပြထားသည်။ 

ရွေးကောက်ပွဲ အနိုင်ရ ပါတီများရဲ့ ရလဒ်ကိုတွေ့ရစဉ်

ထိုအမတ်များတွင် Bhumjaithai ပါတီမှ အမတ် ၂၁ ဦး၊ Pheu Thai ပါတီမှ ၂၀၊ Palang Pracharath ပါတီမှ ၁၄ ဦး၊ Move Forward Party မှ ၇ ဦး၊ Democrat  နှင့် the United Thai Nation ပါတီတို့မှ ၃ ဦးစီအပြင် Thai Sang Thai Party ပါတီမှ  ၂ ဦးနှင့် Pheu Thai Ruam Palang ပါတီမှ တစ်ဦးတို့ ပါဝင်သည်။ 

အဆိုပါ စာရွက်စာတမ်း ပေါက်ထွက်မှု ဖြစ်ပွားခဲ့သော်လည်း လက်ရှိ အချိန်ထိ ယင်းနှင့်ပတ်သက်၍ မည်သည့် အရာရှိကမှ ထုတ်ဖော် ရှင်းလင်း ပြောဆိုခြင်း မရှိသေးပေ။ 

EC ဥက္ကဋ္ဌသည် ဇွန်လ ၁၆ ရက်နေ့တွင် ကော်မရှင်၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတစ်ခုအပြင် ရွေးကောက်ပွဲအပြီး ထိုင်းနိုင်ငံရေး လားရာတို့နှင့် ပတ်သက်သော ဆွေးနွေးပွဲတစ်ခုကို ဦးဆောင် ကျင်းပ သွားမည်ဟုလည်း သိရသည်။

Source: ဘန်ကောက်ပို့စ်