
- By CNI
- Category: နိုင်ငံရေး
- Hits: 923
CNI International News
ဂျီနင်ဒုက္ခသည်စခန်း၊ ဇန်နဝါရီ ၂၇
သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေဒေသမှ ပေါက်ကွဲလုနီးပါး ဖြစ်နေသော ဧရိယာတစ်ခုတွင် အစ္စရေး တပ်ဖွဲ့များက ကြာသပတေးနေ့တွင် ကြီးမားသည့် စီးနင်းမှုတစ်ခု လုပ်ဆောင်ခဲ့ရာ သက်ကြီး အမျိုးသမီး တစ်ဦး အပါအဝင် ပါလက်စတိုင်း ၉ ဦး သေဆုံးခဲ့ပြီး အနည်းဆုံးလူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
ယင်းသည် ဆယ်စုနှစ် နှစ်ခုကျော်ကာလ စီးနင်းမှုတစ်ခုအတွင်း လူသေဆုံးမှု အများဆုံး ဖြစ်ရပ်လည်း ဖြစ်သည်။
အစ္စရေးစစ်တပ်က ဒုက္ခသည်စခန်းကို ရှားရှားပါးပါး နေ့ခင်းဘက် အချိန်တွင် ဝင်ရောက် စီးနင်းမှု လုပ်ဆောင်ခဲ့သည်။ အစ္စရေးသို့ တိုက်ခိုက်မည့် အစီအစဉ်တစ်ခုကို တားဆီးရန် ဖြစ်သည်ဟုလည်း အစ္စရေးဘက်က ပြောသည်။
ဂျီနင်ဒုက္ခသည် စခန်းသည် ပါလက်စတိုင်း အစ္စလာမ္မစ် စစ်သွေးကြွအုပ်စု၏ ပင်မ ခြေကုပ်ဒေသဖြစ်ကာ အစ္စရေး ဘက်က ညစဉ်နီးပါး ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။
အစ္စရေးတပ်ဖွဲ့၏ စီးနင်းမှုကြောင့် ပါလက်စတိုင်းများ သေဆုံးမှုကိုတွေ့ရစဉ် (AP)
အစ္စရေးဘက်က စီးနင်းမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီး တစ်ဦးပါ သေဆုံးခဲ့ကြောင်း၊ သေဆုံးခဲ့ သူများမှ အနည်းဆုံး တစ်ဦးမှာ ပါလက်စတိုင်း စစ်သွေးကြွဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့သည်။
သို့သော် စစ်သွေးကြွများနှင့် ဆက်စပ်မှုရှိသူ မည်မျှကို ရှင်းလင်းနိုင်ခဲ့ကြောင်းကိုမူ မသိရသေးပေ။ ထွက်ပေါ်လာ သော ဓာတ်ပုံများတွင် ပျက်စီးနေသော နှစ်ထပ် အဆောက်အဦ တစ်လုံး၏ အပြင်ဘက် အပိုင်းနှင့် လမ်းပေါ်ရှိ အပျက်အစီးများကို မြင်တွေ့ခဲ့ရသည်။
သံသယရှိသူများ အသုံးပြုခဲ့သော ဖောက်ခွဲရေး ပစ္စည်းများကို ဖျက်ဆီးရန် ထိုအဆောက်အဦကို ဝင်စီးခဲ့ခြင်းဖြစ် သည်ဟု အစ္စရေးဘက်က ပြောသည်။ သုံးနာရီကြာ စီးနင်းမှုပြီးနောက် ကားသုံးစီး ပျက်စီးခဲ့သည်ကိုလည်း တွေ့ ရသည်။
ဂျီနင်ဒုက္ခသည် စခန်းသို့ စီးနင်းမှုသည် အဆိုပါဒေသသို့ အမေရိကန် လုံခြုံရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) မလာမီ ရက်ပိုင်းအလိုတွင် အစ္စရေး-ပါလက်စတိုင်း တိုက်ခိုက်မှုများအတွင်း ကြီးမားသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်လာနိုင်ခြေကို မြင့်တက်စေခဲ့သည်။
ဂါဇာဘက်မှ ဒုံးကျည်ပစ်ခတ်မှုများကြောင့် အနောက်ဘက် ကမ်းခြေဒေသတွင် ယခင်ကတည်းက အကြမ်းဖက်မှု များ မြင့်တက်လျက်ရှိသည်။ အနောက်ဘက် ကမ်းခြေဒေသ၊ ဂါဇာနယ်စပ်ရှိ အစ္စရေးတပ်ဖွဲ့များကို တပ်လှန့်မှုများ မြင့်တင်ထားသည်။
ပါလက်စတိုင်းများ ဆန့်ကျင်နေကြစဉ်(AP)
ဒေသတလျှောက်ရှိ လမ်းမများပေါ်တွင်လည်း ဆန္ဒပြသူများက ဂျီနင်နှင့် တသားတည်းရှိကြောင်း ကြွေးကြော် ဆန္ဒ ထုတ်ဖော်ခဲ့ကာ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ် (Mahmoud Abbas) ကလည်း ထိုစီးနင်းမှုကို တုန့်ပြန်ရန် ထိပ်တန်း အကြံပေးများနှင့် တွေ့ဆုံခဲ့သည်။
အစ္စရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပါလက်စတိုင်းဘက်က ရပ်တန့်နိုင်ကြောင်း ထိပ်တန်းအရာ ရှိ တစ်ဦးက ပြောသည်။ ယခင်က ထိုသို့ လုပ်ဆောင်ခဲ့ဖူးသော်လည်း အနည်းငယ်သာ အောင်မြင်ခဲ့သည်။
အစ္စလာမ္မစ် စစ်သွေးကြွများကို ထိန်းချုပ်ရေး နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
ပါလက်စတိုင်းဘက်က ထိုသို့ ဆောင်ရွက်မှုကို ရပ်တန့်ခဲ့သော်လည်း ယင်းက ခဏသာ ခံသည်။ ပူးပေါင်း ဆောင် ရွက်မှုကြောင့် ရရှိသော အကျိုးကျေးဇူးများနှင့် အမေရိကန်၊ အစ္စရေးတို့ဘက်မှ ဖိအားများကြောင့် ဖြစ်သည်။
ပါလက်စတိုင်း အစိုးရသည် ယခုစီးနင်းမှုနှင့် ပတ်သတ်၍ ကုလလုံခြုံရေးကောင်စီ၊ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးနှင့် တခြားသော နိုင်ငံတကာ အဖွဲ့အစည်းများသို့ တိုင်ကြားသွားမည်ဟုလည်း သိရသည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 531
CNI International News
ပဲရစ်၊ဇန်နဝါရီ ၂၇
ဆွေးနွေးမှုများ လုပ်ဆောင်ရန်အတွက် ဘာကီနာဖာဆိုနိုင်ငံရှိ သံအမတ်ကို ပြန်ခေါ်ခဲ့သည်ဟု ပြင်သစ် နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
အာဖရိကနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်သူများ၏ တောင်းဆိုမှုကြောင့် ပြင်သစ်အစိုးရက ၎င်းတို့ တပ်ဖွဲ့ဝင်များကို ရုတ်သိမ်းလိုက်ပြီး နောက်တစ်နေ့တွင် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သံအမတ် လက်ဟယ်လ်လာဒီနှင့် အခြေအနေများ၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ရှုထောင့်များအရ ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ရန် ဘာကီနာဖာဆိုနိုင်ငံတွင် ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ဆက်စပ်၍ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့သည်ဟု ပြင်သစ်နိုင်ငံခြားရေးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။
ပြင်သစ်သံအမတ်ကို ပြန်ခေါ်ရန် ဘာကီနာဖာဆို အာဏာသိမ်း စစ်ခေါင်းဆောင်များက ယခုလ အစောပိုင်းတွင် တောင်းဆိုခဲ့သည်။
နိုင်ငံတွင်း ပြင်သစ်တပ်ဖွဲ့ဝင်များ ထားရှိရေး ၂၀၁၈ ခုနှစ် သဘောတူညီချက်ကို ဖျက်သိမ်းကြောင်း ဘာကီနာဖာဆို ဘက်မှ အကြောင်းကြားခဲ့ခြင်းကြောင့် ဘာကီနာဖာဆို နိုင်ငံတွင်ရှိသည့် ပြင်သစ်တပ်ဖွဲ့ဝင်များသည် တစ်လ အတွင်း အနောက်အာဖရိကနိုင်ငံမှ ထွက်ခွာမည်ဟု ပြင်သစ်နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။
ပြင်သစ်ကိုထွက်သွားဖို့ ဘာကီနာဖာဆို ပြည်သူများတောင်းဆိုနေစဉ်(AP)
အာဖရိက ဆာဟာရဒေသ (Africa’s Sahel) ရှိ အစွန်းရောက်များကို တိုက်ခိုက်ရန် ရည်ရွယ်သည့် ကျယ်ပြန့်သော စစ်တပ်ဖြန့်ကျက်ရေး အစီအစဉ် အစိတ်အပိုင်း တစ်ခုအဖြစ် ပြင်သစ်အထူးတပ်ဖွဲ့ဝင် ၄၀၀ ခန့်သည် ဘာကီနာဖာ ဆိုတွင် အခြေစိုက်ခဲ့သည်။
အနောက်အာဖရိကနိုင်ငံတွင် စစ်ခေါင်းဆောင် အီဗရာဟင် ထရာအိုရေး (Ibrahim Traore)က စက်တင်ဘာလတွင် အာဏာသိမ်းခဲ့သည်။
ထိုအချိန်မှ စတင်ကာ ဘာကီနာဖာဆိုတွင် ပြင်သစ်ဆန့်ကျင်ရေး သဘောထားများ ကြီးထွားလာခဲ့သည်။ ထရာအို ရေးသည် တခြားသော နိုင်ငံများ အထူးသဖြင့် ရုရှားနှင့် လက်တွဲရန်လိုကြောင်း ရှင်းရှင်းလင်းလင်း ပြသထားသည်။
ပြင်သစ်တပ်ဖွဲ့များ မာလီနိုင်ငံမှ အပြီးသတ် ထွက်ခွာလာခဲ့ပြီး ငါးလအကြာတွင် ဘာကီနာဖာဆို အာဏာပိုင်များ က ပြင်သစ်တပ်ဖွဲ့ဝင်များ ထွက်ခွာရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ပြင်သစ်စစ်သားများသည် ဒေသခံတပ်ဖွဲ့များနှင့်အတူ မာလီတွင် ကိုးနှစ်ကြာ အစ္စလာမ္မစ် အစွန်းရောက်များကို တိုက်ခိုက်ခဲ့သည်။ ဆာဟာရဒေသတွင် ပြင်သစ်စစ်သား ၃၀၀၀ နီးပါး ဖြန့်ကျက်ထားကာ အများစုမှာ ချက်ဒ်နှင့် နိုင်ဂျာတို့တွင် အခြေစိုက်သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 707
CNI International News
မော်စကို၊ဇန်နဝါရီ ၂၇
ယူကရိန်းသို့ တင့်ကားများ ထောက်ပံ့မည့် အနောက်အုပ်စု၏ ဆုံးဖြတ်ချက်ကို ဝါရှင်တန်မှသည် ဘာလင်နှင့် ကိယက်ဗ်အထိ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
ထို့နောက်တွင် ယူကရိန်းသို့ တိုက်ခိုက်မှု အသစ်ပေါင်းများစွာကို ရုရှားက လုပ်ဆောင်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
တင့်ကားများ ထောက်ပံ့ခြင်းသည် ယူကရိန်းပဋိပက္ခကို အန္တရာယ်များသော တင်းမာမှုများ ရှိလာနိုင်သည်ဟု ရုရှားဘက်က ကနဦးတွင် သတိပေးခဲ့ပြီး ဂျာမနီနှင့် အမေရိကန်တို့၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။
သို့သော် ထိုသို့ စစ်ဘက် အကူအညီသစ်များ ပေးသည့်တိုင် ယူကရိန်းတွင် ရုရှားတို့၏ ရည်ရွယ်ချက်များ အောင်မြင်အောင် ကြိုးပမ်းမှုကို တားဆီးနိုင်မည် မဟုတ်ဟု ရုရှားဘက်က အခိုင်အမာ ပြောကြားခဲ့သည်။
အသစ်ရောက်လာသည့် တင့်ကားများသည်လည်း ယခင်က ထောက်ပံ့ပေးခဲ့သော တင့်ကားများလို မီးရှို့ခံရ လိမ့်မည်ဟု ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ် (Dmitry Peskov) က ပြောသည်။
ပူတင်နဲ့ ဒီမီထရီ ပတ်စ်ကော့ဗ်ကိုတွေ့ရစဉ်(GETTY IMAGES)
အနောက်အုပ်စုက ယူကရိန်းကို ထောက်ပံ့မှု မြှင့်တင်လိုက်ကြောင်း ပေါ်ထွက်လာပြီးမှာပဲ ရုရှားဘက်က ၎င်းတို့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ထိုကိစ္စအပေါ် အရေးမစိုက်သည့် ပုံစံမျိုး ပြုမှုခဲ့သည်။
အနောက်အုပ်စု၏ တင့်ကားများ ကူညီခြင်းသည် အကန့်အသတ်ရှိကြောင်းနှင့် ယင်းတို့ကို ရှေ့တန်း စစ်မျက်နှာသို့ ပို့ရန် အချိန်ယူရမည်ဖြစ်ကြောင်းလည်း ရုရှားဘက်မှ ကျွမ်းကျင်သူများက အလေးအနက်ထား ပြောဆိုခဲ့သည်။
ကြာသပတေးနေ့က ယူကရိန်းနိုင်ငံ တစ်ဝန်းလုံးကို ရုရှားဘက်မှ ဒုံးကျည်များ၊ ဖောက်ခွဲရေး ဒရုန်းများ အသုံးပြု ကာ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအများစုမှာ ဓာတ်အားပေးစက်ရုံနှင့် တခြားအရေးပါသည့် ပင်မအခြေခံ အဆောက်အဦများကို ပစ်မှတ်ထားခဲ့သည်။ ထိုတိုက်ခိုက်မှုများကို ယခင်ကတည်းက ပြင်ဆင်ထားကြောင်းနှင့် ယင်းတို့သည် ယူကရိန်း သို့ တင့်ကားများ ထောက်ပံ့ရေး ကြေညာချက်နှင့် ဆက်စပ်မှု မရှိကြောင်းလည်း ရုရှားစစ်ဘက်ဆိုင်ရာ ဘလော့ဂါ များနှင့် လေ့လာသုံးသပ်သူများက ပြောသည်။
တင့်ကားများကိုတွေ့ရစဉ် (AP)
အနောက်အုပ်စု၏ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများက ရုရှားကို ဒေါသူပုန်ထ စေသည့်တိုင် ယင်းတို့က ရုရှားကို ရပ်တန့်ရန် လုပ်ဆောင်နိုင်စွမ်း မရှိဟု နိုင်ငံတကာမဟာဗျူဟာ လေ့လာမှုပညာရှင်များအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
တင့်ကားများထက် ယခင်က ထောက်ပံ့ခဲ့သော လေကြောင်း ကာကွယ်ရေး စနစ်များက ရုရှားတို့အတွက် စိုးရိမ်မှု ပိုများစေခဲ့သည်ဟုလည်း ၎င်းက သုံးသပ်သည်။
အနောက်အုပ်စု အနေဖြင့် ရုရှားနိုင်ငံထိ ရောက်အောင် ပစ်နိုင်သော တာဝေးပစ် လက်နက်များကို ယူကရိန်းသို့ ထောက်ပံ့ခြင်းသည် သည်းမခံနိုင်သည့် အခြေအနေဖြစ်ကာ ကြီးမားသော တုန့်ပြန်မှုကို ဖြစ်စေမည်ဟု ရုရှား သမ္မတ အပြင် ရုရှားသံတမန်များနှင့် စစ်ဘက်ခေါင်းဆောင်များက ထပ်ခါထပ်ခါ သတိပေးထားသည်။
သို့သော် တင့်ကားများနှင့် လေကြောင်းကာကွယ်ရေးစနစ်တို့လို လက်နက်များကို ထောက်ပံ့ခြင်းအား ရုရှား အာဏာပိုင်များက မသေချာမရေရာသော စကားလုံးများကိုသုံး၍ သတိပေးခဲ့ခြင်းကြောင့် ရုရှားတွင် ထိုသို့သော လက်နက်များနှင့် ပတ်သက်၍ ကြီးမားသော စိုးရိမ်မှုမရှိသည့် အနေအထားမျိုးဟု ယူဆရမည်လည်း ဖြစ်သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 654
CNI International News
လီမာ၊ ဇန်နဝါရီ ၂၆
ပီရူးမြို့တော်ရှိ ဆန္ဒပြသူထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများအသုံးပြုကာ လူစုခွဲခဲ့ရ သည်ဟု AP သတင်းတွင် ဖော်ပြသည်။
နှစ်လနီးပါကြာ ဆန္ဒပြမှုများကို ခေတ္တရပ်နားရန် သမ္မတ ဒီနာ ဘိုလူရာတီ (Dina Boluarte) က တောင်းဆိုခဲ့ပြီး နာရီပိုင်းအကြာတွင် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံနေစဉ်(ဓါတ်ပုံ-အေပီ)
အင်္ဂါနေ့တွင် ပေါ်ပေါက်ခဲ့သော အစိုးရဆန့်ကျင်ဆန္ဒပြပွဲများသည် ခြောက်ရက်အတွင်း အကြီးမားဆုံးနှင့် အကြမ်းဖက်မှု အများဆုံးဖြစ်ကာ နိုင်ငံတောင်ပိုင်းမှ လူအများစုပါဝင်သည့် လူအုပ်စုကြီးက မြို့တော်သို့ ချီတက် လာကာ သမ္မတရာထူးမှ နုတ်ထွက်ရန်၊ ရွေးကောက်ပွဲကို ချက်ချင်းလုပ်ဆောင်ရန်နှင့် လွှတ်တော်ဖျက်သိမ်းရန် တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်မတိုင်ခင်အထိ ပီရူးနိုင်ငံတွင်းမှ ကြီးမားသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် နိုင်ငံတောင်ပိုင်းတွင်သာ အများဆုံးဖြစ်ပေါ်ခဲ့သည်။ အထင်ကရမြို့တော်ကြီးများနှင့် ကာလရှည်လျစ်လျူရှုခံ ထားရသော ကျေးလက်ဒေသတို့အကြား ကြီးမားသောကွဲလွဲမှုများကိုလည်း ဖြစ်စေခဲ့သည်။ သမ္မတအနေဖြင့် အမှန်ကို မပြောမချင်း ဆန္ဒပြမှုများကို ရပ်နားမည်မဟုတ်ဟု မျက်ရည်ယို ဗုံးဒဏ်ခံနေရသည့် ဆန္ဒပြသူတစ်ဦး ကပြောသည်။
ဆယ်စုနှစ်နှစ်ခုအတွင်း ပီရူးတွင် အဆိုးရွားဆုံးသော နိုင်ငံရေးပဋိပက္ခများကို ဖြစ်စေသည့် လက်ရှိအခြေအနေ သည် ကျေးလက်ဒေသမှ တက်လာသည့် ပထမဆုံးသော သမ္မတဖြစ်သူ သမ္မတဟောင်း ပီဒရိုကတ်စတီလို (Pedro Castillo) က ၎င်း၏ အစိုးရအဖွဲ့အပေါ် အရေးယူခြင်းအား ရှောင်လွှဲရန်နှင့် လွှတ်တော်ကို ဖျက်သိမ်းရေး ကြိုးစားရာမှ စတင်ခဲ့သည်။
ဆန္ဒပြသူများက ရဲများကို ခဲများဖြင့် ပြန်လည် ပစ်ခတ်နေစဉ်(ဓါတ်ပုံ-အေပီ)
လွှတ်တော်အမတ်များက ၎င်းကိုအရေးယူခဲ့ကာ ရဲတပ်ဖွဲ့က ၎င်းကိုဖမ်းဆီးခဲ့သည်။ ထို့နောက် ဒုတိယသမ္မတ ဖြစ်သော ဘိုလူရာတီက သမ္မတရာထူးကို ရယူခဲ့သည်။ ထို အဖြစ်အပျက်များ စတင်ရာ ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်၍ လူပေါင်း ၅၆ ဦးသေဆုံးကာ ထိုမှ ၄၅ ဦးသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ရိုက်ပဋိပက္ခ ဖြစ်ပွားမှု ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ သို့သော်မြို့တော်လီမာ (Lima) တွင် လူသေဆုံးမှု မရှိသေးပေ။
အင်္ဂါနေ့ဆန္ဒပြပွဲများတွင် ဆန္ဒပြသူများသည် ယခင်ကထက်ပို၍ စုစည်းလာသည်ကို တွေ့ရပြီး ၎င်းတို့က လမ်းများ ပိတ်ဆို့ထားသဖြင့် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ ထပ်ခါထပ်ခါ ပစ်ခတ်ခြင်းဖြင့် ဖြိုခွင်းခဲ့သည်။ မျက်ရည်ယိုဗုံးနံ့များကို တစ်ဘလောက်အကွာမှပင် ရရှိနေခြင်းကြောင့် ဖြတ်သွားဖြတ်လာများသည် မျက်နှာများ ကိုဖုံးအုပ်ခဲ့ရသည်။
အဓိကရုဏ်းဆန္ဒပြပွဲကို သတင်းယူနေသည့် သတင်းဓါတ်ပုံဆရာများ(ဓါတ်ပုံ-အေပီ)
ဆန္ဒပြသူများက ရဲများကိုလူသတ်သမားများဟု အော်ဟစ်ခဲ့ကာ တချို့က ခဲများဖြင်ပစ်ပေါက်ခဲ့ကြသည်။ ပီရူးသမ္မတ ဘိုလူရာတီက အစောပိုင်းတွင် ဆန္ဒပြမှုများကို ခေတ္တရပ်နားပေးရန် တောင်းဆိုခဲ့သည်။
ထို့အပြင် လက်ရှိနိုင်ငံရေးအကြမ်းဖက်မှုများကို နိုင်ငံရေးအရ အကျိုးစီးပွားရှာရန်အတွက် တရားမဝင် သတ္တုတွင်းသမားများ၊ မူးယစ်ဆေးကုန်သည်များနှင့် မှောင်ခိုသမားများက လက်နက်ကိုင်အဖြစ်ဖွဲ့စည်းကာ လုပ်ဆောင်နေသည်ဟုလည်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြစ်တင်ဝေဖန်ခဲ့သည်။
ဒါ့အပြင် ဆန္ဒပြသူများဘက်မှ လုပ်ဆောင်ခဲ့သော လမ်းပိတ်ဆို့မှုများနှင့် အခြေခံအဆောက်အဦပျက်စီးခြင်း များကြောင့် နိုင်ငံသည် ဒေါ်လာ ၁ ဘီလီယံကျော် နစ်နာခဲ့ရသည်ဟုလည်း ပြောခဲ့သည်။
Source:AP

- By CNI
- Category: နိုင်ငံရေး
- Hits: 651
CNI International News
ဝါရှင်တန်၊ဇန်နဝါရီ ၂၆
၂၀၁၉ ခုနှစ်တုန်းက အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံကြား နျူကလီးယားစစ်ပွဲ ဖြစ်ပွားမည့် အခြေအနေသို့ ရောက်ရှိခဲ့ကာ အမေရိကန် ကြားဝင်ဟန့်တားနိုင်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ပွန်ပီယို (Mike Pompeo)၏ စာအုပ်သစ်တွင် ရေးသားထားသည်။
ထိုဖြစ်ရပ်သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ရီလတွင် ဖြစ်ပွားခဲ့သည်။ ကတ်ရှ်မီးယားဒေသတွင် အိန္ဒိယလက်နက်ကိုင် တပ်ဖွဲ့ဝင် ၄၁ ဦး သေဆုံးခဲ့သည့် အသေခံ ဗုံးခွဲမှုတစ်ခုအတွက် ပါကစ္စတန်နိုင်ငံတွင်းရှိ လက်နက်ကိုင်အဖွဲ့ တစ်ခုကို ပြစ်တင်ခဲ့ကာ ထိုအဖွဲ့ရှိရာနေရာကို အိန္ဒိယဘက်က စတင်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကို တုန့်ပြန်သည့် အနေဖြင့် ပါကစ္စတန်ဘက်က အိန္ဒိယစစ်လေယာဉ် တစ်စင်းကို ပစ်ချခဲ့ကာ လေယာဉ်မှူးကို ဖမ်းဆီးခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီတွင် အိန္ဒိယ-ပါကစ္စတန် ရန်ဘက်နှစ်နိုင်ငံ နျူကလီးယား စစ်ပွဲ ဆင်နွဲရန် မည်မျှနီးစပ်မှု ရှိခဲ့သည်ကို တခြားသူများ သိရှိမည်ဟု မထင်ကြောင်း ပွန်ပီယိုက ၎င်း၏ ကိုယ်တွေ့ မှတ်တမ်းစာအုပ်သစ်ဖြစ်သော Never Give an Inch တွင် ရေးသားထားသည်။
အင်္ဂါနေ့တွင် ထွက်ရှိခဲ့သော ထိုစာအုပ်တွင် ပွန်ပီယွန်က ဒေါ်နယ်ထရမ့် လက်ထက် ထိပ်တန်း သံတမန်တစ်ဦး အဖြစ် ကြုံတွေ့ခဲ့ရသည်များနှင့် CIA အကြီးအကဲဟောင်း တစ်ခုအဖြစ် တာဝန်ထမ်းဆောင်စဉ် သိရှိခဲ့ရသည် များကို ရေးသားဖော်ပြထားသည်။
မိုက်ပွန်ပီယို ရေးသားထားတဲ့စာအုပ်ကိုတွေ့ရစဉ်(GETTY IMAGES)
ထိုဖြစ်ရပ် ပေါ်ပေါက်ချိန်တွင် ထရမ့်နှင့် ကင်ဂျုံအန်တို့ တွေ့ဆုံပွဲအတွက် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်း (Hanoi) သို့ ရောက်ရှိနေကြောင်း၊ ထို့နောက် သတင်းရရှိခဲ့သည်နှင့်တပြိုင်တည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆက်ရှ်မာ ဆာဝါရတ်ဂျ် (Sushma Saraj)ကို ဆက်သွယ်၍ ဆွေးနွေးခဲ့ရသည်။
ဆာဝါရတ်ဂျ်သည် ပါကစ္စတန်ဘက်က အိန္ဒိယကို တိုက်ခိုက်ရန် နျူကလီးယား လက်နက် ပြင်ဆင်နေသည်ဟု ယုံကြည်ခဲ့ကြောင်း၊ ထို့ကြောင့် အိန္ဒိယဘက်မှလည်း ပြင်ဆင်မှု ပြုလုပ်ထားသည်ဟု ပြောကြောင်း စာအုပ်တွင် ဖော်ပြထားသည်။
ထို့အတွက်ကြောင့် မည်သည့်အရာကိုမှ မလုပ်ဆောင်ရန်နှင့် အမေရိကန်နိုင်ငံခြားရေးအဖွဲ့ကို အချိန်ပေးရန် ပြောဆိုခဲ့ရသည်ဟုလည်း သိရသည်။
အိန္ဒိယ နဲ့ ပါကစ္စတန် နယ်မြေကိုတွေ့ရစဉ် (GETTY IMAGES)
အိန္ဒိယဘက်နှင့် စကားပြောဆိုပြီးနောက် ၎င်းနှင့်အတူ ဟနွိုင်းသို့ ရောက်ရှိနေသော အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန် (John Bolton) နှင့် ဆွေးနွေးသည်။ထို့နောက် ပါကစ္စတန်၏ ခေါင်းဆောင် အစစ်အမှန် ဖြစ်သူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက်ဘက်ဂျ်ဝါ (Qamar Javed Bajwa) နှင့် ဆက်လက် ဆွေးနွေးခဲ့သည်။
ဆွေးနွေးမှုများအတွင်း ပါကစ္စတန်နိုင်ငံကလည်း အိန္ဒိယသည် ၎င်းတို့ကို တိုက်ခိုက်ရန် နျူကလီးယား ပြင်ဆင်နေ သည်ဟု ယုံကြည်နေကြောင်း သိခဲ့ရသည်။
ထို့ကြောင့် နယူးဒေလီ (New Delhi) နှင့် အစ္စလာမ္မာဘတ် (Islamabad) မြို့များရှိ အမေရိကန်သံ အဖွဲ့များက မည်သည့်ဘက်တွင်မှ နျူကလီးယားနှင့် ပတ်သက်၍ လှုပ်ရှားမှုမရှိကြောင်း သက်ဆိုင်ရာနိုင်ငံအသီးသီးကို အသိ ပေးခဲ့ရသည်။
ထိုဖြစ်ရပ်သည် နာရီပိုင်းသာ ကြာမြင့်ခဲ့ကြောင်းနှင့် မည်သည့် နိုင်ငံသည်မှ ထိုစဉ်က ၎င်းတို့ ဆောင်ရွက်ခဲ့သလို ဆိုးရွားသည့် ဖြစ်ရပ်တစ်ခုအား တားဆီးရေး စွမ်းဆောင်နိုင်ခဲ့မည် မဟုတ်ကြောင်း စာအုပ်တွင် ရေးသားဖော်ပြ ထားသည်ဟု သိရသည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 505
CNI International News
ပေါ့ထ်-အူ-ပရင့်စ်၊ ဇန်နဝါရီ ၂၅
၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းလုံး၌ သတင်းသမားများ အသတ်ခံရမှု ၅၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
အများစုမှာ ယူကရိန်း၊ မက္ကဆီကိုနှင့် ဟေတီတို့မှ ဖြစ်သည်။
နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ပေးရေးကော်မတီမှ အင်္ဂါနေ့ ထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ် အတွင်း တစ်ကမ္ဘာလုံး၌ အနည်းဆုံး သတင်းသမား ၆၇ ဦး အသတ်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။
၂၀၁၈ ခုနှစ် နောက်ပိုင်း အမြင့်ဆုံး အရေအတွက်လည်း ဖြစ်သည်။ မြင့်တက်လာသော အန္တရာယ်များကြောင့် ပြင်းထန်သော ဖိအားများအောက်တွင် အလုပ်လုပ်နေရသည်ဟု ယူကရိန်း၊ မက္ကဆီကိုနှင့် ဟေတီတို့မှ သတင်း သမားများက ပြောသည်။
အသတ်ခံခဲ့ရသော သတင်းသမားများကို ဂုဏ်ပြုထားစဉ်(AP)
အသိအသာ အထင်ရှားဆုံးမှာ ဟေတီတွင်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် သတင်းသမား ၇ ဦး အသတ်ခံခဲ့ရသည်။ လူဦးရေ ၁၂ သန်းသာရှိသော ကျွန်းနိုင်ငံမှ မြင့်မားသော အရေအတွက်လည်း ဖြစ်သည်။
ထို ၇ ဦးမှ အချို့မှာ မြို့တော်ကိုပင် ထိန်းချုပ်ထားသော လမ်းပေါ်ရှိ ရာဇဝတ်ဂိုဏ်းများကြောင့် ဖြစ်ပြီး အနည်းဆုံး ၂ ဦးမှာ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ သတင်းသမားများ အနေဖြင့် မည်သူ့ကို ယုံကြည်ရမှန်းပင် မသိတော့ဟု ဟေတီနိုင်ငံရှိ သတင်းသမားတစ်ဦးက ပြောသည်။
သတင်းသမားများ ကာကွယ်ပေးရေးကော်မတီ(CPJ)၏ ထုတ်ပြန်ချက်၌ အသတ်ခံရသူ ၆၇ ဦးမှ ၃၅ ဦး မှာ ဖော်ပြပါ သုံးနိုင်ငံမှ ဖြစ်သည်ဟု ဖော်ပြထားသည်။
မက္ကဆီကိုတွင် ၁၃ ဦး အသတ်ခံရသည်ဟု ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း တခြား မီဒီယာများတွင် ၁၅ ဦးဟု ရေးသားသည်။
ယူကရိန်းအမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်(AP)
ထို့ကြောင့် ၂၀၂၂ သည် ဆယ်စုနှစ် သုံးခုအတွင်း မက္ကဆီကို သတင်းသမားများအတွက် အဆိုးရွားဆုံးနှစ်လည်း ဖြစ်ခဲ့သည်။
စစ်ပွဲများ ဖြစ်ပွားရာ ယူကရိန်းတွင် ပြီးခဲ့သည့်နှစ်၌ သတင်းသမား သေဆုံးမှု ၁၅ မှုရှိသည်ဟု ဆိုသည်။
အသတ်ခံရမှု ၆၇ မှုထဲမှ ၄၁ မှုသည် ၎င်းတို့ အလုပ်အကိုင်များနှင့် တိုက်ရိုက် သက်ဆိုင်နေကြောင်း CPJ က ပြောကာ ကျန် ၂၆ ခုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
ယူကရိန်း စစ်မြေပြင်တွင် သတင်းယူနေသော သတင်းထောက်များသည်လည်း များပြားသော အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်ဟု CPJ က ပြောသည်။ မက္ကဆီကိုတွင် သတင်းသမားများ သေဆုံးမှုမှာ ဂိုဏ်းများ၏ အကြမ်း ဖက်မှု၊ ဒေသခံနိုင်ငံရေး သမားများ၏ အကျင့်ပျက် ခြစားမှုနှင့် လူသတ် တရားခံများကို အပြစ်ပေးမှု နည်းပါးခြင်း စသည့် အကြောင်းအရာများ ရောထွေးနေခြင်းကြောင့် ဖြစ်သည်ဟုလည်း CPJ က ပြောသည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 570
CNI International News
ဘန်ကောက်၊ဇန်နဝါရီ ၂၅
တစ်ပတ်အတွင်း ထိုင်းရဲတပ်ဖွဲ့သည် ခရစ္စတယ် မက်သာဖက်တမင်း (crystal methamphetamine) တစ်တန်ကျော်ကို ဖမ်းမိခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။
ကိုဗစ် လော့ခ်ဒေါင်း ကာလအပြီး နယ်စပ်များကို ပြန်ဖွင့်ပေးလိုက်ချိန်တွင် ယခုကဲ့သို့ မူးယစ်ဆေးဝါး မှောင်ခို သယ်ဆောင်မှုများ မြင့်တက်လာခြင်း ဖြစ်သည်။
ထိုမူးယစ်ဆေးဝါးများကို နိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းတို့ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကာ လူ ၁၀ ဦးကိုလည်း ဖမ်းဆီးထားသည်။
မော်တော်ကား လျှို့ဝှက် အစိတ်အပိုင်းများတွင် ဖွက်ထားသည့် လက်ဖက်ရည်နှင့် ကော်ဖီအိတ်များအတွင်း ထည့်သွင်းထားသော ခရစ္စတယ်မက် ၁ ဒသမ ၁၄၅ တန်ကို နိုင်ငံ၏မြောက်ပိုင်းနှင့် အရှေ့ မြောက်ပိုင်းတို့မှ တောင်ပိုင်းသို့ သယ်ဆောင်လာခြင်းဖြစ်သည်။
ထိုမှတစ်ဆင့် သင်္ဘောဖြင့် တင်ပို့ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရိုမှ အင်္ဂါနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်ရိုင်ကိုတွေ့ရစဉ် (GETTY IMAGES)
မူးယစ်ဆေးဝါးနှင့် ခရစ္စတယ် မက်သာဖက်တမင်း ၁ ဒသမ ၁ တန်ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟုလည်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ ဒုတိယကော်မရှင်နာ ဗိုလ်ချုပ်ကြီး ချင်နာပတ် ဆာရာဆင် (Chinnapat Sarasin) က ပြောသည်။
သယ်ယူပို့ဆောင်ရန် လွယ်ကူခြင်းကြောင့် ခရစ္စတယ်မက်များကို ထိုင်းမှတစ်ဆင့် တခြားနိုင်ငံများသို့ တင်ပို့ ကြောင်း၊ မူးယစ်ဆေးဝါးတစ်ချို့ကို တောင်ဘက်ဖျား ပြည်နယ်များတွင် ကာလအတန်ကြာ သိမ်းဆည်းထားပြီး နောက်ပိုင်းမှ တခြားနိုင်ငံများသို့ တင်ပို့ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ကိုဗစ် ရောဂါပျံ့ပွားမှုက မူးယစ်ဆေးဝါး သယ်ဆောင်သူများကို ၎င်းတို့ပစ္စည်းများ ရွှေ့ပြောင်းနိုင်ရန် အတားအဆီး ဖြစ်စေခဲ့ပြီး ထိုင်းနိုင်ငံကို မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ဒေသများက ဝန်းရံနေသည်ဟုလည်း ချင်နာပတ်က ပြော သည်။
ice ဟုလည်းခေါ်သော ခရစ္စတယ်မက် အမြောက်အများအား ပထမအကြိမ်အဖြစ် နိုင်ငံတောင်ပိုင်းရှိ ဖတ်သာ လောင် (Phatthalung) နှင့် ဆူရတ်ဌာနီ (Surat Thani) ပြည်နယ်များမှ စီးနင်းမှုနှစ်ခုတွင် ဖမ်းမိခဲ့သည်။
ဆာတွန်ပြည်နယ်ကိုတွေ့ရစဉ် (GETTY IMAGES)
နောက်ထပ် ခရစ္စတယ်မက်များကို ပစ်ကပ်ကား သုံးစီးတွင် ရှာတွေ့ခဲ့ပြီးနောက် နောက်ထပ် အမျိုးသား သုံးဦးကို ဖမ်းဆီးခဲ့သည်။ ထိုမူးယစ်ဆေးများကို ထိုင်းအရှေ့မြောက်ပိုင်းမှ မှောင်ခိုသွင်းကာ တောင်ပိုင်းသို့ သယ်ဆောင်ရန် စီစဉ်ထားသည်ဟုလည်း ထိုင်းရဲတပ်ဖွဲ့က ယုံကြည်နေသည်။
တနင်္ဂနွေနေ့တွင် တောင်ပိုင်း ဆာတွန် (Satun) ပြည်နယ်သို့ မူးယစ်ဆေးဝါးများကို လက်ဖက်ရည်ထုတ်အတွင်း ထည့်ကာ တင်ပို့ရန် ပြင်ဆင်နေသည့် အမျိုးသားတစ်ဦးကို မြောက်ပိုင်း ချင်ရိုင်(Chaing Rai)တွင် ဖမ်းမိခဲ့သည်။
နာမည်ကျော် LINE အပလီကေးရှင်းတွင် ဆေးရောင်းနေသူ လေးဦးအပြင် ကော်ဖီအိတ်အတွင်း ထည့်သွင်းထား သော မက်သာဖက်တမင်းများကိုလည်း အလယ်ပိုင်း နာခွန်ဆာဝန် (Nakhon Swan) နှင့် ပါတွန် သာနီ (Patum Thani) ပြည်နယ်များတွင် ဖမ်းမိခဲ့သည်။
လူနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ ရွှေတြိဂံဒေသတွင် မူးယစ်ဆေးဝါး ကုန်သွယ်မှု မြင့်တက်လာသည်ဟုလည်း မူးယစ်ဆေး ဝါးတိုက်ဖျက်ရေး ကျွမ်းကျင်သူများက ပြောသည်။
Source: Aljazeera

- By CNI
- Category: နိုင်ငံရေး
- Hits: 645
CNI International News
မော်စကို၊ဇန်နဝါရီ ၂၄
ရုရှားနှင့် အက်စ်တိုးနီးယားတို့သည် ၎င်းတို့ နိုင်ငံအတွင်းရှိနေကြသော နှစ်နိုင်ငံမှ သံတမန်အဖွဲ့များကို တနင်္လာ နေ့တွင် အပြန်အလှန် နှင်ထုတ်ခဲ့ကြသည်ဟု အေပီသတင်းတွင် ဖော်ပြသည်။
ယူကရိန်းအရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံကြား ဆက်ဆံရေးများ ကျဆင်းလျက်ရှိပြီး နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ကို အနိမ့်ဆုံးအဆင့် ကိုယ်စားလှယ် ဆက်ဆံရေးသို့ နှိမ့်ချဆောင်ရွက်သွားမည်ဟုလည်း ကြေညာခဲ့ကြသည်။
ဘော်လ်တစ် နိုင်ငံများ စည်းလုံးမှုကို ပြသမှုအဖြစ် လတ်ဗီးယားနိုင်ငံကလည်း ရုရှားနှင့်သံတမန် ဆက်ဆံရေးကို ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ကာ လျှော့ချသွားမည်ဟု ကြေညာသည်။ ရုရှားနိုင်ငံခြားရေးဌာနက အက်စ်တိုးနီး ယား သံအမတ် မားဂတ်စ်လိုင်ဒရီ (Margus Laidre)ကို ဆင့်ခေါ်ကာ ဖေဖော်ဝါရီ ၇ ရက် မတိုင်မီ နိုင်ငံတွင်းမှ ထွက်ခွာရန် အမိန့်ပေးခဲ့သည်။
အက်စ်တိုးနီးယားနှင့် သံတမန်ဆက်ဆံရေးကို အခုချိန်မှ စတင်ကာ လျော့ကျ သွားမည်ဟုလည်း နိုင်ငံခြားရေး ဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
တယ်လ်လင်း (Tallinn) မြို့ရှိ ရုရှားသံရုံး၏ အရွယ်အစားကိုလျှော့ချရန် အက်စ်တိုးနီးယားဘက်မှ မိတ်ဆွေ မဆန်သည့် လုပ်ရပ်ကြောင့် ထိုသို့ နှင်ထုတ်ရခြင်း ဖြစ်သည်ဟုလည်း ရုရှားနိုင်ငံခြားရေးဌာန၏ ဖော်ပြမှုတွင် ပါဝင်သည်။
အက်စ်တိုးနီးယားရှိ ရုရှားသံရုံးကိုတွေ့ရစဉ်(GETTY IMAGES)
ယင်းကို တုန့်ပြန်သည့် အနေဖြင့် အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီး အာမက်စ်ရိမ်ဆယ်လူ (Urmas Reinsalu) ကလည်း ရုရှားသံအမတ်ကို ဖေဖော်ဝါရီ ၇ ရက် မတိုင်ခင် နိုင်ငံတွင်းမှ ထွက်ခွာရန် ပြောဆိုခဲ့သည်။
ထိုဖြစ်ရပ်များကြောင့် လတ်ဗီးယားအနေဖြင့်လည်း အက်စ်တိုးနီးယားနှင့် တစ်သားတည်း ရှိကြောင်းပြသရန် ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ ရုရှားနှင့်သံရေးတမန်ရေး ဆက်ဆံမှုများကို လျှော့ချသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးက တွစ်တာတွင် ရေးသားခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ ရုရှားသံရုံးတွင် သံတမန် ရှစ်ဦး၊ စီမံရေး၊ နည်းပညာနှင့် ဝန်ဆောင်မှု ဝန်ထမ်း ၁၅ ဦးအထိ လျှော့ချရမည်ဟု အက်စ်တိုးနီးယား နိုင်ငံခြားရေးဌာနက ယခုလ အစောပိုင်းတွင် အမိန့်ထုတ်ပြန် ခဲ့သည်။ အက်စ်တိုးနီးယားသည် ရုရှားက ယူကရိန်းသို့ ကျူးကျော်ချိန်မှ စတင်ကာ ယင်းနှင့် အပြန်အလှန် ဆက်ဆံ ရေး အားလုံးနီးပါးကို အနိမ့်ဆုံးအဆင့်သို့ လျှော့ချခဲ့ကြောင်း ရိမ်ဆယ်လူက ပြောသည်။
ယင်းသည် အက်စ်တိုးနီးယား ခေါင်းဆောင်များ အနေဖြင့် ရုရှားနှင့် ဆက်ဆံရေး တစ်ခုလုံးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟုလည်း ရုရှားနိုင်ငံခြားရေးဌာနက တုန့်ပြန်ခဲ့သည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 911
CNI International News
ခိုတောင်၊ဇန်နဝါရီ ၂၄
သေမင်းကျွန်းဟု နာမည်ဆိုးဖြင့် ကျော်ကြားသော ထိုင်းနိုင်ငံခိုတောင်ကျွန်းတွင် ဗြိတိန်လူမျိုး ရေငုပ်နည်းပြ တစ်ဦးကို ပဟေဠိဆန်သော အခြေအနေများဖြင့် သေဆုံးလျက်တွေ့ခဲ့ရသည်ဟု The Sun သတင်းတွင် ဖော်ပြသည်။
နေးလ်ဂစ်ဘလင် (Neil Giblin) ဟု ခေါ်သော အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ၎င်း ငှားရမ်းထားရာ ဘန်ဂလိုတစ်ခုတွင် ဗုဒ္ဓဟူးနေ့၌ တွေ့ခဲ့ရသည်။
၎င်း၏ သင်တန်းသူနှစ်ဦးမှ ၎င်းပေါ်မလာသဖြင့် အကြောင်းကြားရာမှ ထိုသို့ တွေ့ခဲ့ရခြင်း ဖြစ်သည်။
နေးလ်သည် သဘာဝအတိုင်း သေဆုံးခြင်း ဖြစ်ကြောင်း၊ ၎င်းတွင် ရုန်းကန်ထားသည့်ပုံစံမျိုး မတွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသော်လည်း ထိုင်းရဲများသည် နိုင်ငံခြားသားများ၏ သေဆုံးမှုကို လျစ်လျူရှုမှုဖြင့် နာမည်ဆိုး ရရှိထားသည်။
ခိုတောင်ကျွန်း ခေါ် သေမင်းကျွန်းကိုတွေ့ရစဉ် (GETTY IMAGES)
ကျန်းမာသန်စွမ်းသော နေးလ်သည် ဘာမင်ဂမ်ဇာတိဖြစ်ကာ ၎င်းသည် ပြီးခဲ့သည့် နှစ်များအတွင်း ထိုကျွန်းတွင် သေဆုံးခဲ့သော ငါးဦးမြောက် နည်းပြလည်း ဖြစ်သည်။ မရှင်းပြနိုင်ခဲ့သော နိုင်ငံခြားသား ခရီးသွားများ မကြာခဏ သေဆုံးမှု၊ အသတ်ခံရမှုတို့အတွက် ထိုကျွန်းသည် နာမည်ဆိုးကို ရရှိခဲ့သည်။
နေးလ်၏ ရုပ်အလောင်းကို အတွင်းခံ အဝတ်အစားများဖြင့် ဆိုဖာပေါ်တွင် တွေ့ခဲ့ရကြောင်း၊ စောင်ခြုံထား ကြောင်းနှင့် ထိုဖြစ်ရပ်ကို စစ်ဆေးခဲ့သည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ မတွေ့ရဟုပြောကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။
ကျွန်းရှိရဲတပ်ဖွဲ့ဝင်များသည် ထိုသေဆုံးမှုကို ရင်ခွဲစစ်ဆေးခြင်းပင် လုပ်ဆောင်ခဲ့ခြင်း မရှိဟု ထင်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
ထိုင်းမီဒီယာများတွင် နေးလ် သေဆုံးမှုနှင့်ပတ်သက်သည့် သတင်းကို ဖော်ပြခဲ့ခြင်း မရှိဟု Thaiger သတင်းတွင် ရေးသားထားသည်။
ရင်သပ်ရှုမောဖွယ် ကောင်းအောင် လှပသော ခိုတောင်ကျွန်းတွင် နိုင်ငံခြားသား ခရီးသွားများ ပျောက်ဆုံး၊ သေဆုံး ခဲ့မှုများကြောင့် ယင်းကို သေမင်းကျွန်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ အထင်ရှားဆုံးမှာ ဗြိတိန်ခရီးသွား နှစ်ဦးဖြစ်သည့် ဟန်နာ ဝစ်သာရိုက် (Hannah Witheridge) နှင့် ဒေးဗစ်မီလာ (David Miller) တို့ သေဆုံးမှု ဖြစ်သည်။
Hannah Witheridge နဲ့ David Miller တို့ကိုတွေ့ရစဉ် (GETTY IMAGES)
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ထိုဖြစ်ရပ်၌ ဝစ်သာရိုက်သည် အဓမ္မကျင့်ခံခဲ့ရပြီး မီလာသည် ရေနစ်ခံခဲ့ရသည်။
ထိုဖြစ်ရပ်အတွက် DNA သက်သေများကို အခြေခံကာ တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးဖြစ်သူ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို သေဒဏ်အပြစ်ပေးခဲ့သည်။
သို့သော် ၂၀၂၀ ခုနှစ် ဘုရင် ဗဂျီရာလောင်ကွန်း၏ တော်ဝင်ဒီဂရီဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။ သေမင်းကျွန်းဟူသော အသုံးအနှုန်းကို Samui Times သတင်းက စတင် သတ်မှတ် ခေါ်ဝေါ်ခဲ့ ခြင်းဖြစ်ကာ ထိုအတွက် ကျွန်းတာဝန်ရှိသူများက တရားစွဲမှု လုပ်ဆောင်ခဲ့သည်။
ထိုကျွန်းတွင် ဖြစ်ပွားခဲ့သော ပဟေဠိဆန်ဆန်ု နိုင်ငံခြားသားများ သေဆုံးမှုများမှ နှစ်ခုကိုသာ ရဲတပ်ဖွဲ့ဝင်များက လူသတ်မှုအဖြစ် တရားဝင် သတ်မှတ်ခဲ့သည်ဟု သိရသည်။
Source: The Sun