CNI International News

စင်္ကာပူ၊ ဇွန်လ ၃

ထိုင်ဝမ်နှင့် ပြန်လည် ပေါင်းစည်းရေးတွင် အင်အားအသုံးပြုသွားရန် အခွင့်အရေးကို လုံးဝငြင်းဆိုသွားလိမ့်မည် မဟုတ်ဟု တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ (Li Shangfu) က ဇွန်လ ၁ ရက်နေ့တွင် ပြောကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် တရုတ်ကာကွယ်ရေးဝန်ကြီးက ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို မျှော်လင့်ကြောင်း ဖွင့်ဟခဲ့သော်လည်း ထိုင်ဝမ်အရေး အခြားနိုင်ငံများ၏ ကြားဝင်စွက်ဖက်မှုများကို သတိပေးခဲ့သည်။

ဇွန်လ ၁ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် တရုတ်ကာကွယ်ရေးဌာနက ပြောခွင့်ရပုဂ္ဂိုလ် တန်ကီဖိန် (Tan Kefei) က လီနှင့် စင်္ကာပူကာကွယ်ရေးဝန်ကြီးတို့၏ ဆွေးနွေးပွဲအကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို ဝန်ကြီးနှစ်ဦး သည် ထိုင်ဝမ်အရေး ဆွေးနွေးခဲ့သည်ဟု ပြောသည်။

ထိုင်ဝမ် လွတ်လပ်ရေးအတွက် Democratic Progressive Party က တာဝန်ရှိသူများ၏ နိုင်ငံခြားမှ အထောက် အပံ့ကို ရရှိရန် ကြိုးပမ်းမှုအား သည်းခံသွားမည် မဟုတ်သလို တရုတ်အား ထိန်းချုပ်ရေးအတွက် ပြင်ပနိုင်ငံများက ထိုင်ဝမ်အား အသုံးချမည်ကိုလည်း သည်းခံမည် မဟုတ်ကြောင်း၊ အင်အားကို အသုံးမပြုပါဟု မည်သို့မှ အာမခံ ချက် မပေးနိုင်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ထိုင်ဝမ်အာဏာရပါတီကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

ထိုင်ဝမ်ပြည်သူအမျိုးသမီးတစ်ဦးကို ဒုံးကျည်တစ်စင်းပစ်လွှတ်လိုက်တဲ့ နောက်ခံနဲ့အတူတွေ့ရစဉ်

တရုတ်သည် ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။

စင်္ကာပူတွင် ပြုလုပ်နေသော ရှန်ဂရီလာ လုံခြုံရေးဖိုရမ် (Shangri-La) ၏ ဘေးဆွယ်အဖြစ် ကာကွယ်ရေးဝန်ကြီး နှစ်ဦး တွေ့ရန် အမေရိကန်ဘက်က တောင်းဆိုမှုကို လီက ငြင်းဆိုခဲ့သည်ဟု အမေရိကန်မှ ထုတ်ပြန်ခဲ့သည်။

အမေရိကန်အနေဖြင့် တရုတ်နှင့် သက်ဆိုင်သော ၎င်းတို့၏ မူဝါဒများကို ပြင်ဆင်ရန်၊ တရုတ်အရေး ကြားဝင် မစွက်ဖက်ရန် လိုအပ်သည်ဟု တရုတ်ဘက်က ထုတ်ပြန်သည်။

ထိုင်ဝမ် ခေါင်းဆောင်နဲ့ အမေရိကန်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီကိုတွေ့ရစဉ် 

လီနှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) တို့အကြား တွေ့ဆုံဖွယ် ရှိ/မရှိနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင်လည်း ခိုင်မာသည့် မူဝါဒများမရှိဘဲ ဆွေးနွေးပွဲများ ဖြစ်လာရန် မရှိဟု တရုတ် ကာကွယ်ရေးဌာနက တုံ့ပြန်ခဲ့သည်။

တစ်ဖက်တွင် အမေရိကန်က တရုတ်နှင့် ဆက်ဆံရေးများကို ခိုင်မာအောင် မြင့်တက်လိုသည်ဟု ပြောနေသော် လည်း တစ်ဖက်တွင် ၎င်းတို့သည် တရုတ်၏ စိုးရိမ်မှုများကို လျစ်လျူရှုကာ၊ အခက်အခဲများကို ဖြစ်စေရုံမက နှစ်နိုင်ငံ စစ်တပ်များအကြား အပြန်အလှန် ယုံကြည်မှုကို လျော့ပါးစေသည်ဟု တရုတ်ကာကွယ်ရေးဌာန ပြောခွင့် ရပုဂ္ဂိုလ်က ပြောသည်။

ပရမ်းပတာ အခြေအနေများ ဖြစ်ပွားခြင်းကို ကာကွယ်တားဆီးရန် နှစ်နိုင်ငံကြား ဆက်ဆံရေးကို မြှင့်တင်လိုခြင်း ဖြစ်သည်ဟု အမေရိကန်ဘက်က ထုတ်ပြန်ထားသည်။

Source: အာတီ