CNI International News

ဒါကာ၊ ဇွန်လ ၃

ရဲတပ်ဖွဲ့နှင့် ဆီနီဂေါ အတိုက်အခံ ခေါင်းဆောင် အူစမာနီဆွန်ကို(Ousmane Sonko)အား ထောက်ခံသူများ အကြား ပဋိပက္ခများ ကြောင့် လူ ၉ ဦး သေဆုံးခဲ့ရသည်ဟု ဆီနီဂေါအစိုးရက ဇွန်လ ၂ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု အေပီမှ ရေးသားခဲ့သည်။

အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်တွင် အာဏာပိုင်များက လူမှုကွန်ယက် အသုံးပြုမှုများကိုလည်း ပိတ်ပင်မှု လုပ်ဆောင်ထားသည်။

သေဆုံးမှုများသည် ဆွန်ကို နေထိုင်ရာနှင့် မြို့တော်ဝန်အဖြစ် ဆောင်ရွက်သော မြို့တော် ဒါကာ (Dakar)နှင့် တောင်ပိုင်းရှိ ဇီချင်ချော် (Zinguinchor) မြို့တို့တွင် အဓိက ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီး အန်တိုနီဖိလစ် အဒီယိုလာယီ ဒီအိုမီ (Antoine Felix Abdoulaye Diome) က ကြေညာချက် တစ်စောင်တွင် ပြောသည်။

Facebook၊ WhatsApp နှင့် Twitter တို့ကဲ့သို့ အကြမ်းဖက်မှုများကို လှုံ့ဆော်ရန် ဆန္ဒပြသူများ အသုံးပြုသော လူမှုကွန်ယက်တချို့ကို ခေတ္တပိတ်ပင် ထားသည်ဟုလည်း ၎င်းက ပြောသည်။

ပြည်သူများနှင့် ပိုင်ဆိုင်မှုများ ဘေးကင်းရေးကို အာမခံချက် ပေးနိုင်ရန် ဆီနီဂေါအစိုးရသည် လိုအပ်သည့် ဆောင်ရွက်ချက်ကို ချမှတ်ဆောင်ရွက်ထားကြောင်း၊ နိုင်ငံတွင်း လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ဒီအိုမီက ပြောသည်။

ဆွန်ကိုအား ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် မြို့၏ အစိတ်အပိုင်းတချို့တွင် စစ်တပ်ကို တပ်ဖြန့်ထားရသည်။

 

ဆီနီဂေါ အတိုက်အခံ ခေါင်းဆောင် အူစမာနီဆွန်ကိုအား တွေ့ရစဉ်

ဇွန်လ ၁ ရက်တွင် ဆွန်ကိုအား လူငယ်များကို အလွဲသုံးစားလုပ်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခဲ့သော်လည်း အနှိပ်ပညာ ရှင် အမျိုးသမီးတစ်ဦးကို အဓမ္မကြံစည်မှု၊ သူမကို အသက်အန္တရာယ် ခြိမ်းခြောက်မှု စသည့် စွဲချက်များကိုတော့ တရားသေ လွှတ်ပေးခဲ့သည်။

ဒါကာတွင် ပြုလုပ်ခဲ့သည့် တရားရုံးစစ်ဆေးမှုကို တက်ရောက်ခဲ့ခြင်း မရှိသည့် ဆွန်ကိုအား ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်အထိ ဆွန်ကိုအား ဖမ်းဆီးရန် ဝရမ်းထုတ်ပြန်ခြင်း မရှိသေးဟုလည်း ရှေ့နေဖြစ်သူက ပြောသည်။

ဆွန်ကိုသည် ဆီနီဂေါ၏ ၂၀၁၉ သမ္မတ ရွေးကောက်ပွဲတွင် တတိယနေရာ ရရှိခဲ့သူဖြစ်ပြီး နိုင်ငံတွင်းရှိ လူငယ်များ ကြားတွင် အထူးထင်ရှားသည်။

လက်ရှိ ၎င်းအပေါ် စစ်ဆေးမှုများသည် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲ မဝင်နိုင်စေရန် ယခု တာဝန်ယူထားသည့် အစိုးရ၏ ကြိုးပမ်းမှုဟုလည်း ထောက်ခံသူများက ယုံကြည်လျက် ရှိသည်။

သမ္မတ မက်ကီဆောလ်ကို တွေ့ရစဉ်

ဆွန်ကိုသည် သမ္မတ မက်ကီဆောလ် (Macky Sall)၏ ပင်မ အတိုက်အခံ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ကာ တတိယအကြိမ်မြောက် သမ္မတသက်တမ်းကို ဝင်မပြိုင်ပါဟု လူသိရှင်ကြား ထုတ်ပြန်ရန်လည်း သမ္မတကို တိုက်တွန်းထားသူ ဖြစ်သည်။

ဆွန်ကိုအား ပြစ်ဒဏ် ချမှတ်ပြီးချိန်မှစ၍ နိုင်ငံတစ်ဝန်းလုံး၌ ပဋိပက္ခများ ပေါ်ပေါက်လာခဲ့ကာ ဆန္ဒပြသူများက ကျောက်တုံးများဖြင့် ပစ်ခြင်း၊ ကားများကို မီးရှို့ခြင်း၊ တချို့အရပ်များတွင် အတားအဆီးများကို ပြုလုပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။

ထို့နောက် ၎င်းတို့ကို မျက်ရည်ယို ဗုံးများဖြင့် ရဲတပ်ဖွဲ့က တုန့်ပြန်ခဲ့သည်။

ထိုသို့ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့၏ ထိပ်တိုက် တွေ့ဆုံမှုများကြောင့် ဒါကာရှိ ပင်မတက္ကသိုလ်ကို ပိတ်ခဲ့ရသည်။

Source: AP