- By CNI
- Category: နိုင်ငံရေး
- Hits: 1890
CNI International News
ဘန်ကောက်၊ သြဂုတ် ၃၀
ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ၏ နှလုံးရောဂါအခြေအနေကို စိုးရိမ်ရကြောင်း သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က သြဂုတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်တွင် ဖော်ပြခဲ့သည်။
သို့သော် သက်ဆင်အနေဖြင့် ပုဂ္ဂလိကဆေးရုံသို့ ပြောင်းရွှေ့မည် မဟုတ်ဘဲ ရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံတွင်သာ ဆက်လက် ကုသမှုခံယူမည်ဟုလည်း သမီးဖြစ်သူ ပေတုန်တန်က ပြောသည်။
ပေတုန်တန်သည် သြဂုတ် ၂၉ ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့ဆေးရုံရှိ သက်ဆင်ဆီသို့ နောက်တစ်ကြိမ် သွားရောက် ခဲ့သည်။
ထို့နောက် ဖြူးထိုင်းပါတီဌာနချုပ်၌ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ချိန်တွင် ဖခင်သည် မောပန်းနွမ်းနယ်နေ သော်လည်း ၎င်းအား စကားပြန်ပြောနိုင်ကြောင်း ပြောကြားခဲ့သည်။

ပြည်တော်ပြန် ရောက်ရှိလာသည့် သက်ဆင်အား တွေ့ရစဉ်(AP)
"အဖေ့ရဲ့ နှလုံးရောဂါကို ကျွန်မ စိုးရိမ်မိပါတယ်။ သူ့မှာ အဆုတ်ရောဂါလည်း ရှိနေပါတယ်။ ဒါပေမယ့် အဲဒါဟာ အရင်က ဖြစ်ခဲ့တဲ့ ရောဂါဖြစ်ပြီး အရမ်းမဆိုးပါဘူး။ နှလုံးရောဂါကို ကျွန်မ ပိုပြီး စိုးရိမ်ပါတယ်"ဟု ပေတုန်တန်က ပြောသည်။
သက်ဆင်သည် ထိုင်းသို့ ပြန်လည်ရောက်ရှိခဲ့ချိန်ကတည်းက ပင်ပန်းနေပြီး စိတ်ဖိစီးမှုကို ခံစားခဲ့ရကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
သက်ဆင်သည် အစောပိုင်းက Covid-19 ကူးစက်ခံခဲ့ရပြီး ဆေးဝါးကုသမှုခံယူခဲ့ရကြောင်း၊ ကိုဗစ်ကူးစက်ခံခဲ့ရ ချိန်တွင် သက်ဆင်သည် ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်၌ ၉ ရက်ကြာ ကုသမှုခံယူခဲ့ရပြီး ဆေးရုံတွင် တစ်လနေခဲ့ရကြောင်းနှင့် လက်ရှိအချိန်အထိ သက်ဆင်၏ အဆုတ်သည် ကိုဗစ်ကြောင့် ထိခိုက်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ပေတုန်တန်ကပြောကြားခဲ့သည်။
သက်ဆင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် ကြံ့ခိုင်နေဆဲဖြစ်ပြီး မိမိနှင့် တွေ့ရှိချိန်တွင် အလွန် ပျော်ရွှင်နေ ကြောင်းနှင့် ပုဂ္ဂလိကဆေးရုံသို့ ပြောင်းရွှေ့ရန် အစီအစဉ်မရှိဘဲ ရဲတပ်ဖွဲ့ဆေးရုံမှာပင် ဆက်လက် ကုသမှု ခံယူမည်ဖြစ်ကြောင်း ပေတုန်တန်က ပြောသည်။

နိုင်ငံရေးသမားတစ်ဦးဖြစ်သူ သီရိဆုဝမ် ဂျန်ယာအား တွေ့ရစဉ် (Thai PBS)
သက်ဆင်အနေဖြင့် ထိုင်းဘုရင်ထံမှ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် တောင်းဆိုမည် ဟုတ်၊ မဟုတ် သတင်းထောက်များမှ မေးမြန်းရာတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်၍ ဖခင်ဖြစ်သူ ကိုယ်တိုင်ဆုံးဖြတ် လိမ့်မည်ဖြစ်ကြောင်းနှင့် ၎င်း၏ ဆုံးဖြတ်ချက်အတိုင်း မိသားစုက သဘောတူကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
သက်ဆင်၏ ကျန်းမာရေးအခြေအနေသည် အမှန်တကယ် စိုးရိမ်ရခြင်း ရှိ၊ မရှိနှင့် အကျဉ်းထောင်တွင် မဟုတ်ဘဲ ဆေးရုံတွင် ကုသမှုခံယူရန် သင့်၊ မသင့်ကို စုံစမ်းစစ်ဆေးပေးရန် အစိုးရက ခန့်ထားသော အရာရှိထံ (Ombudsman) လျှောက်ထားစာ တင်သွင်းရန် စီစဉ်နေသည်ဟု နိုင်ငံရေးသမားတစ်ဦးဖြစ်သူ သီရိဆုဝမ် ဂျန်ယာ (Srisuwan Janya) က ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းတင်သွင်းမည့် လျှောက်ထားစာထဲတွင် အစိုးရဌာနများအပေါ် မကျေနပ်ချက်များအားလည်း စုံစမ်းတင်ပြရန်ဆိုသည့်အချက်လည်း ပါရှိကြောင်း သိရသည်။
သက်ဆင်သည် ပြည်ပြေး ဘဝဖြင့် ၁၅ နှစ်ကြာ ပြည်ပတွင် နေထိုင်ခဲ့ပြီးနောက် သြဂုတ် ၂၂ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းသို့ ပြန်ရောက်သည့်နေ့မှာပင် တရားရုံးချုပ်က သက်ဆင်ကို ဆင့်ခေါ်ကာ ပြစ်မှုဆိုင်ရာ စွဲချက်များနှင့် ပတ်သက်၍ ထောင်ဒဏ် ၈ နှစ်ချမှတ်ခံခဲ့ရသည်။
သက်ဆင် ထောင်ဒဏ်ကျခံရသည့် ညမှာပင် သွေးတိုးရောဂါနှင့် အခြားရောဂါ ဝေဒနာများကြောင့် Bangkok Remand အကျဉ်းထောင်မှ ရဲတပ်ဖွဲ့ဆေးရုံသို့ ပြောင်းရွှေ့ပြီး ဆေးဝါးကုသမှု ခံယူခဲ့ရခြင်းဖြစ်သည်။
Source: ဘန်ကောက်ပို့
- By CNI
- Category: နိုင်ငံရေး
- Hits: 970
CNI International News
ဆိုးလ်၊ သြဂုတ် ၃၀
မြောက်ကိုရီးယားစစ်တပ်အနေဖြင့် အမေရိကန်ဦးဆောင်သည့် ကျူးကျော်ရေး အစီအစဉ်များကို ချေမှုန်းရေးအတွက် အသင့်ပြင်ထားရန် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန် (Kim Jong-Un) က တိုက်တွန်းခဲ့ကြောင်း အေပီ သတင်းတွင် ဖော်ပြခဲ့သည်။
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် သုံးပွင့်ဆိုင် ရေတပ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေချိန်တွင် ကင်မ်၏ တိုက်တွန်းချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြထားသည်။
အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်များသည် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက သီးခြားစစ်ရေး လေ့ကျင့်မှုအား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားအနေဖြင့် ၎င်း စစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော်ရန် အစမ်းလေ့ကျင့် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ရှုမြင်ထားပြီး အမေရိကန်ကမူ ၎င်းတို့၏ စစ်ရေးလေ့ကျင့်မှုများသည် ခုခံရေးအတွက်သာ ဖြစ်သည်ဟု ပြောသည်။
ကင်မ်သည် သြဂုတ် ၂၈ ရက်တွင် ကျရောက်သည့် မြောက်ကိုရီးယားတပ်မတော်၏ ရေတပ်နေ့ အထိမ်းအမှတ် အခမ်းအနားအဖြစ် မိန့်ခွန်းပြောကြားရာတွင် အမေရိကန်ဦးဆောင်သည့် ရန်လိုမှုများကြောင့် ကိုရီးယား ကျွန်းဆွယ်၏ ကမ်းလွန်ရေပြင်များသည် နျူကလီးယားစစ်ပွဲဖြစ်ပွားမည့် အန္တရာယ်နှင့်အတူ တည်ငြိမ်မှု ယိုယွင်းလာသည်ဟု ပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်တပ် အထူးစစ်ဆင်ရေးကွပ်ကဲမှု အဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်(AP)
အမေရိကန်သည် မကြာသေးမီက ကိုရီးယားကျွန်းဆွယ်အနီးရှိ ရေပြင်များတွင် အင်အားကြီးမားသည့် စစ်လက်နက်ပစ္စည်းများကို ဖြန့်ကြက်ချထားခဲ့သည်ဟုလည်း ကင်မ်က ပြောကြားခဲ့သည်။
မကြာသေးမီက အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ သုံးပွင့်ဆိုင်အစည်းအဝေးပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်ကို တန်ပြန်ရေးအတွက် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်ရန်သဘောတူညီခဲ့ကြသည်။
သို့သော် ကင်မ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၊ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ခ်ယွဲ (Yoon Suk Yeol) နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) တို့သည် လူဆိုးဂိုဏ်းခေါင်းဆောင်များ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကင်မ်ဂျုံအန်နှင့် သမီးဖြစ်သူတို့ ရေတပ်ဌာနချုပ်သို့ သွားရောက်စဉ်(AP)
"လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ ကျွန်တော်တို့ ရေတပ်ဟာ စစ်ပွဲအတွက် စဉ်ဆက်မပြတ် တပ်လှပ် နှိုးဆော်ထားမှုအခြေအနေကို ထိန်းသိမ်းထားဖို့လိုအပ်ပြီး ရန်သူတွေရဲ့ စစ်ရေးဆန္ဒကို ရိုက်ချိုးဖို့ အသင့်ပြင် ထားရပါလိမ့်မယ်"ဟု ကင်မ်က ပြောသည်။
သြဂုတ် ၂၉ ရက်တွင် တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်နိုင်ငံများသည် တောင်ကိုရီးယား၏ ဂျယ်ဂျူကျွန်း ကမ်းလွန်ရေပြင်များတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မှုများတွင် သုံးနိုင်ငံလုံး၏ ရေတပ်များမှ ဖျက်သင်္ဘောများလည်း ပါဝင်ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 740
CNI International News
ဝါရှင်တန်၊ သြဂုတ် ၃၀
ရုရှားသည် အမေရိကန်၏ သံရုံးဝန်ထမ်းများအား ခြိမ်းခြောက်ရန်ကြိုးပမ်းနေသည်ဟု အမေရိကန်က စွပ်စွဲခဲ့ကြောင်း အယ်လ်ဂျာဇီးယားတွင် ဖော်ပြခဲ့သည်။
အမေရိကန် ကောင်စစ်ဝန်ရုံး၏ ဝန်ထမ်းဟောင်းတစ်ဦးသည် အမေရိကန်ကိုယ်စား ယူကရိန်းစစ်ပွဲနှင့် ပတ်သက်သော သတင်းအချက်အလက်များအား စုဆောင်းမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း ရုရှားနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အမေရိကန်၏ စွပ်စွဲချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံသားဖြစ်သည့် ရောဘတ် ရှိုနော့ဗ် (Robert Shonov) အမည်ရှိ အမျိုးသားသည် ယူကရိန်းစစ်ပွဲအတွက် ရုရှား၏ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အချက်အလက်များအား မော်စကိုမြို့တော်ရှိ အမေရိကန်သံရုံးသို့ ထောက်ပံ့ပေးခဲ့သည်ဟု ရုရှား၏ FSB ထောက်လှမ်းရေးအဖွဲ့က ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင် တာ့စ် သတင်းဌာနက ဖော်ပြခဲ့သည်။

ဖမ်းဆီးခံထားရသည့် မစ္စတာရောဘတ် ရှိုနော့ဗ်အား တွေ့ရစဉ်(The Moscow Times)
၎င်းလုပ်ဆောင်မှုကြောင့် ရုရှားတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ နိုင်ငံအတွင်း၌ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို ဖြစ်ပွားစေခဲ့သည်ဟု ရုရှားအာဏာပိုင်များက ပြောသည်။
မစ္စတာ ရှိုနော့ဗ်ကို ပြည်ပနိုင်ငံနှင့် လျှို့ဝှက်ပူးပေါင်းဆောင်ရွက်မှုဖြင့် တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားကြောင်း စီရင်ခံရမည်ဆိုပါက ထောင်ဒဏ် ၈ နှစ်အထိ ချမှတ်ခံရနိုင်သည်။

FSB ဌာနချုပ်ရှေ့တွင် အမျိုးသားများ လမ်းလျှောက်နေကြစဉ်(AFP)
လျှို့ဝှက်ပူးပေါင်းဆောင်ရွက်မှုဆိုသည့် ခေါင်းစဉ်အောက်တွင် ရှိုနော့ဗ်ကို ပစ်မှတ်ထား ဖမ်းဆီးခြင်းသည် ရုရှားအစိုးရအနေဖြင့် ၎င်း၏နိုင်ငံသားများကိုပင် ဖိနှိပ်နေသည့် လုပ်ရပ်အား ဖော်ပြရာ ရောက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလာ (Matthew Miller) က သြဂုတ် ၂၈ ရက်တွင်ပြောကြားခဲ့သည်။
ရှိုနော့ဗ်သည် ရုရှား၏ တင်းကျပ်သည့် တရားဥပဒေနှင့်အညီ မော်စကိုရှိ အမေရိကန်သံရုံးအား ဝန်ဆောင်မှု ပေးခဲ့ခြင်းဖြစ်သည်ဟု မီလာက ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလာ
"ရုရှား ထောက်လှမ်းရေးအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ကျွန်တော်တို့ ပြင်းထန်စွာ ဆန့်ကျင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး နှောင့်ယှက်တဲ့ ရုရှား နိုင်ငံပိုင် မီဒီယာကိုလည်း ဆန့်ကျင်ကန့်ကွက်ပါတယ်"ဟု မီလာက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ထို့နောက် ရှိုနော့ဗ်၏ အမှုနှင့်ဆက်နွှယ်ပြီး FSB ထောက်လှမ်းရေးအဖွဲ့သည် မော်စကိုမြို့တော်ရှိ အမေရိကန်သံရုံးတွင် အလုပ်လုပ်နေသည့် သံတမန်နှစ်ဦးကိုလည်း ဆင့်ခေါ်ကြောင်း ကြားသိခဲ့ရသည်ဟု မီလာက ထပ်လောင်းပြောကြားခဲ့သည်။
ရှိုနော့ဗ်သည် ရုရှားနိုင်ငံအရှေ့ပိုင်း ဗလာဒီဗော့စ်တော့ခ် (Vladivostok) မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး၌ ၂၅ နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး မေလကတည်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
Source:အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 696
CNI International News
ဟာရာရီ ၊ သြဂုတ် ၂၉
ဇင်ဘာဘွေနိုင်ငံတွင် သမ္မတ အီမာဆန် မန်ဂါဝါ(Emmerson Mnangagwa)သည် သမ္မတရွေးကောက်ပွဲ၌ အနိုင် ရရှိကြောင်း ကြေညာခဲ့ပြီး နောက် ထိုရွေးကောက်ပွဲအတွင်း ဗြောင်ကျပြီး ကြီးမားသည့် အမှားအယွင်းများ ရှိခဲ့ ကြောင်း အတိုက်အခံ ခေါင်းဆောင်က စွပ်စွဲခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူများကလည်း ဇင်ဘာဘွေ သမ္မတရွေးကောက်ပွဲတွင် မဲဆန္ဒ ရှင်များကို ခြိမ်းခြောက်သည့် အခြေအနေများရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
သြဂုတ် ၂၅ ရက် နှောင်းပိုင်းတွင် ဇင်ဘာဘွေရွေးကောက်ပွဲ ကော်မရှင် (ZEC) က အသက် ၈၀ အရွယ် မန်ဂါဝါ သည် ရွေးကောက်ပွဲ၌ မဲရလဒ် ၅၂ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ဒုတိယသက်တမ်းကို အနိုင်ရခဲ့ကြောင်း ကြေညာခဲ့ သည်။
ထို့ပြင် အတိုက်အခံပါတီဖြစ်သည့် (CCP) ပါတီ၏ ကိုယ်စားလှယ်လောင်းဖြစ်သူ နယ်လ်ဆင် ချာမီဆာ (Nelson Chamisa) သည် မဲရလဒ် ၄၄ ရာခိုင်နှုန်း ရရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

ဇင်ဘာဘွေသမ္မတ အီမာဆန် မန်ဂါဝါကို တွေ့ရစဉ်
ချာမီဆာကမူ အတိုက်အခံများအနေနှင့် ရွေးကောက်ပွဲရလဒ်များကို အတည်မပြုကြောင်း၊ တိကျသည့် စိစစ် အတည်ပြုချက်များမရှိဘဲ မဲရလဒ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
"သူတို့ဟာ သင်တို့ရဲ့ ဆန္ဒနဲ့ မဲတွေကို ခိုးယူသွားခဲ့ပါတယ်။ ဒါပေမယ့် သင့်ရဲ့ မျှော်လင့်ချက်ကိုတော့ ဘယ်တော့မှ ခိုးယူလို့ မရပါဘူး"ဟု ချာမီဆာက ယခင်က Twitter ဟု လူသိများသည့် X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့ သည်။
မန်ဂါဝါသည် သမ္မတနန်းတော်မှ အမှာစကား ပြောကြားခဲ့ရာတွင် အတိုက်အခံများ၏ စွပ်စွဲချက်များကို ငြင်းဆို ခဲ့ပြီး သူ့ကို စွပ်စွဲခဲ့သူများအား အရေးယူမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
ဇင်ဘာဘွေတွင် သြဂုတ် ၂၃ ရက်နှင့် သြဂုတ် ၂၄ ရက်၌ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲသည် ဇင်ဘာဘွေနိုင်ငံကို ၄၃ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် မန်ဂါဝါ၏ ZANU-PF ပါတီအပေါ် လူထု၏ ထောက်ခံမှုကို စမ်းသပ်ချက် တစ်ခုဖြစ်ခဲ့သည်။
မဲဆန္ဒရှင်များကို ခြိမ်းခြောက်သည်ဟု သတင်းထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများအား ဖမ်းဆီးမှု၊ မဲဆန္ဒရှင်များအား ခြိမ်းခြောက်မှု၊ အကြမ်းဖက် ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုနှင့် အကြပ်ကိုင်မှုများနှင့် ပတ်သက်ပြီး ထွက်ပေါ်နေသည့် သတင်းများအပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 745
CNI International News
ဘန်ကောက်၊ သြဂုတ် ၂၉
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) သည် ထိုင်းဘုရင်၏ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် ကြိုးပမ်းနေသည့် အခြေအနေကို ဆန့်ကျင်ကန့်ကွက်ကြောင်း Thai Pakdee ပါတီ က အမှားပြုပြင်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ်ထံသို့ အသနားခံစာ တင်သွင်းခဲ့သည်။
ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရပြီး လက်ရှိတွင် ရဲတပ်ဖွဲ့ အကျဉ်းထောင်၌ ဆေးကုသမှု ခံယူနေသည့် သက်ဆင် သည် တော်ဝင်မိသားစု၏ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိရန် ကြိုးပမ်းနေသည်ဆိုသည့် သတင်းများ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေသဖြင့် Thai Pakdee ပါတီက ယခုကဲ့သို့ အသနားခံစာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
Thai Pakdee ပါတီ၏ အကြီးအကဲတစ်ဦးဖြစ်သူ အာနန် ဆာကွန်ချာရွန် (Anand Sakorncharoen) က သက်ဆင် သည် နိုင်ငံ့အုပ်ချုပ်ရေးနှင့် နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အကျင့်ပျက်ခြစားမှု စွဲချက်လေးခုဖြင့် စီရင်ချက် ချမှတ်ခံထားရသဖြင့် ယခုကဲ့သို့ အသနားခံစာ တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

Thai Pakdee ပါတီကိုတွေ့ရစဉ်
"သက်ဆင်ဟာ ပြည်ပမှာ ကာလအကြာကြီး ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ပြစ်ဒဏ်ကို ရှောင်တိမ်းခဲ့ပါတယ်။ အဲဒါက ဘာကို ပြသလဲဆိုရင် သူဟာ ထိုင်းနိုင်ငံရဲ့ တရားရေးစနစ်ကို လေးစားမှုမရှိတာကို ပြသနေပါတယ်။ ဒါကြောင့် သက်ဆင်ရဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိဖို့ လျှောက်ထားချက်ဟာ ထိုင်းဘုရင်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်"ဟု အာနန်က ပြောကြားခဲ့သည်။
သက်ဆင်အနေနှင့် တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည်ဆိုပါက တရားမျှတမှု ရှိမည်မဟုတ်ဘဲ နိုင်ငံအတွင်း တရားရေးနှင့် လူမှုရေး သာတူညီမျှမှုမရှိသည့် အခြေအနေကို ဖော်ပြရာ ရောက်လိမ့်မည်ဖြစ်ပြီး အကျဉ်းထောင် စနစ်၏ အားနည်းမှုကို ပြသရာ ရောက်လိမ့်မည်ဟုလည်း ၎င်းက ပြောသည်။
ထိုင်း၏ တရားရေးဝန်ကြီးဖြစ်သည့် ဗိုလ်ချုပ်ကြီး ပိုင်ဘွန် ကွမ်ချာယာ (Paiboon Koomchaya) ကမူ သူသည် အကျင့်ပျက်ခြစားမှု စွဲချက်ဖြင့် စီရင်ချက် ချခံခဲ့ရသူများအတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကို အလွယ်တကူ ရရှိစေလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သက်ဆင် ထိုင်းဘုရင်ကို ဂါဝရပြုနေစဉ်
အာနန်ကမူ သက်ဆင်၏ ကျန်းမာရေး အခြေအနေသည် သတင်းများတွင် ဖော်ပြနေသကဲ့သို့ အလွန်အမင်း ဆိုးရွားနေသည်ဟု မယုံကြည်ကြောင်းနှင့် သက်ဆင်၏ ဆေးကုသမှုခံယူနေရသည့် အခြေအနေသည် အခြား အကျဉ်းသားများနှင့်မတူဘဲ အခွင့်ထူးခံ ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။
Thai Pakdee ပါတီ၏ လက်ထောက် ခေါင်းဆောင် သွတ်ဆာဖွန် ပရွမ်ကက် (Thoksaphon Promket) ကလည်း သက်ဆင်ကို စွဲဆိုထားသည့် ကျန်ရှိနေသော စွဲချက်များကို တရားရေးအရ ဆက်လက် လုပ်ဆောင်ရန် အစိုးရ ရှေ့နေချုပ်ရုံး (OAG) ကို အသနားခံစာ တင်သွင်းခဲ့သည်။
ထိုင်းစစ်တပ်ကလည်း ၎င်းကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ကောင်စီ (NCPO) အား အသရေဖျက်မှုဖြင့် တရားစွဲ ဆိုခဲ့သည်ဟု သက်ဆင်က ၂၀၁၅ ခုနှစ်တွင် တောင်ကိုရီးယားမီဒီယာတစ်ခုနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 889
CNI International News
တိုင်ပေ၊ သြဂုတ် ၂၉
လာမည့်နှစ်(၂၀၂၄ ခုနှစ်) ဇန်နဝါရီလတွင် ပြုလုပ်မည့် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဟု Foxconn ကုမ္ပဏီ တည်ထောင်သူ တယ်ရီ ဂူး (Terry Gou) က သြဂုတ် ၂၈ ရက်တွင် ကြေညာခဲ့သည်ဟု ရိုက်တာ မှ ဖော်ပြခဲ့သည်။
ထို့ပြင် ထိုင်ဝမ်သည် နောက်ထပ် ယူကရိန်းဖြစ်လာမည် မဟုတ်ကြောင်းလည်း ဂူးက ပြောသည်။
၎င်း တည်ထောင်ခဲ့သည့် Foxconn ကုမ္ပဏီသည် Apple ကုမ္ပဏီအတွက် လိုအပ်သည့် လျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးနေသည့် ကုမ္ပဏီဖြစ်သည်။
ဘီလျံနာတစ်ဦးဖြစ်သည့် ဂူးသည် ရွေးကောက်ပွဲဝင်မည်ဟု ကြေညာခဲ့သည့် စတုတ္ထမြောက် နိုင်ငံရေးသမား ဖြစ်သော်လည်း လူထုသဘောဆန္ဒ စစ်တမ်းကောက်ယူမှုများတွင် လက်ရှိ ထိုင်ဝမ်ဒုတိယသမ္မတအဖြစ် တာဝန် ထမ်းဆောင်နေသည့် ဝီလျံလိုင် (William Lai) နှင့် နှိုင်းယှဉ်ပါက လူကြိုက်နည်းနေသည်။

ထိုင်ဝမ်ဒုတိယသမ္မတ ဝီလျံလိုင်ကို တွေ့ရစဉ်
အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေး(DPP)ပါတီ၏ ကိုယ်စားလှယ်လောင်း လိုင်သည် ရွေးကောက်ပွဲတွင် အနိုင်ရရန် ရေပန်းစားနေသူ ဖြစ်သည်။
အသက် ၇၂ နှစ်အရွယ် ဂူးသည် ၂၀၁၉ ခုနှစ်က Foxconn ကုမ္ပဏီ အကြီးအကဲရာထူးမှ နုတ်ထွက်ခဲ့ပြီး ထိုအချိန် ကတည်းက သမ္မတရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းခဲ့သည်။
သို့သော် ဂူးသည် ထိုင်ဝမ်၏ အဓိက အတိုက်အခံ ပါတီဖြစ်သည့် ကူမင်တန်ပါတီ (KMT) ၏ ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရခြင်း မရှိပေ။

ထိုင်ဝမ်ရွေးကောက်ပွဲ အနိုင်ရသူများကို ကြေညာနေစဉ်
ကူမင်တန်ပါတီသည် အစဉ်အလာအရ တရုတ်အစိုးရနှင့် နီးစပ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး တရုတ် သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ပြောကြားခဲ့သည်။
ယခုနှစ် အစောပိုင်းကလည်း ဂူးသည် လာမည့်နှစ် သမ္မတရွေးကောက်ပွဲအတွက် ကူမင်တန်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ကူမင်တန်ပါတီကမူ နယူးတိုင်ပေမြို့တော်ဝန် ဟိုယုအင် (Hou Yu-ih) ကို ပါတီကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့သည်။
ဂူးသည် ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်က ထိုင်ဝမ်နိုင်ငံတစ်ဝန်း လှည့်လည်ပြီး မဲဆွယ်စည်းရုံးမှုကဲ့သို့ လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့သဖြင့် သူသည် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင် ဖွယ်ရှိသည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သည်။
"ပြီးခဲ့တဲ့ ခုနစ်နှစ်အတွင်း DPP ပါတီရဲ့ အုပ်ချုပ်မှုအောက်မှာ ထိုင်ဝမ်ဟာ စစ်ပွဲဖြစ်ပွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ ရပါတယ်။ ပြည်တွင်းမှာလည်း သူတို့ချမှတ်ခဲ့တဲ့ မူဝါဒတွေဟာ အမှားတွေနဲ့ ပြည့်နေပါတယ်။ စီးပွားရေး လုပ်ငန်း ရှင်ရဲ့ အုပ်ချုပ်မှုခေတ် စတင်ပါပြီ"ဟု ဂူးက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 736
CNI International News
ဘန်ကောက်၊ သြဂုတ် ၂၉
ဖြူးထိုင်းပါတီ ဦးဆောင်သည့် ထိုင်းအစိုးရအဖွဲ့သစ်၏ လုပ်ငန်းများကို လာမည့် စက်တင်ဘာလ လလယ်တွင် စတင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ဆရီသာ သာဗင်စင် (Srettha Thavisin)က အစိုးရအဖွဲ့တွင် ပါဝင်မည့် ရာထူးနေရာစာရင်းကို အပြီးသတ်ရေးဆွဲခဲ့ပြီး အစိုးရအဖွဲ့အတွင်းဝန်များရုံးထံသို့ လွှဲပြောင်းပေးအပ် ခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ဆရီသာသည် ၎င်းအား ဂုဏ်ပြုရန် လာရောက်ခဲ့သည့် ကြံစိုက်ပျိုးသည့် တောင်သူများကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် သြဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် ဖြူးထိုင်းပါတီ ဌာနချုပ်၌ သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။

ဖြူးထိုင်းပါတီ ဦးဆောင်သည့် ထိုင်းအစိုးရအဖွဲ့ကိုတွေ့ရစဉ်
ဆရီသာက ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်သည့် ပါတီ ၁၁ ခုနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရအဖွဲ့၌ ပါဝင်မည့် ရာထူးနေရာများအတွက် သြဂုတ် ၂၇ ရက် ညပိုင်းမှာ အပြီးသတ်စာရင်း ရေးဆွဲခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
"ဒီနေ့မှာတော့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ်ဟာ ကျနော်တင်သွင်းခဲ့တဲ့ အစိုးရအဖွဲ့ဝင် ရာထူးစာရင်းကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး အချိန်နည်းနည်းလောက် စောင့်ဆိုင်းကြပါ။ လာမယ့် လလယ်လောက်မှာ အစိုးရအဖွဲ့ သစ်ဟာ မူဝါဒအသစ်တွေကို လွှတ်တော်မှာ ချပြသွားမှာဖြစ်ပါတယ်" ဟု ဆရီသာက ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ ကာကွယ်ရေးဝန်ကြီး ရာထူးနေရာအတွက် ဖြူးထိုင်းပါတီ၏ လွှတ်တော်အမတ် ဆူတင် ကလန် ဆန်း (Sutin Klungsang) သို့မဟုတ် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး နက်တာပိုလ် နက်ဖန်နစ် (Nattapol Nakphanit) ကို ရွေးချယ်မည် ဟုတ်/မဟုတ် သတင်းထောက်များ၏ မေးမြန်းချက်ကို ဆရီသာက ဖြေကြားခဲ့ခြင်းမရှိပေ။

Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရတ်ကို တွေ့ရစဉ်
"အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာတွေ ခန့်အပ်တဲ့ စာရင်းအတွက် အချိန် အနည်းငယ်လောက်ပဲ စောင့်ဆိုင်းပေးကြပါ" ဟု ဆရီသာက ပြောကြားခဲ့သည်။
ထို့ပြင် အသစ်ခန့်အပ်မည့် ကာကွယ်ရေးဝန်ကြီးသည် ပြည်သူများကို စိတ်ပျက်စေလိမ့်မည် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။
စစ်တပ်ကို ပြုပြင်ပြောင်းလဲရန် အစိုးရအဖွဲ့သစ်အား တောင်းဆိုထားသည့် Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရတ် (Pita Limjaroenrat) ၏ တောင်းဆိုချက်နှင့် ပတ်သက်ပြီး သတင်းထောက်များက မေးမြန်း ခဲ့ရာတွင် ဆရီသာက "ကျနော်ကတော့ ပြုပြင်ပြောင်းလဲမှုထက် ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီး အားပေးချင်ပါ တယ်"ဟု ဖြေကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 893
CNI International News
ဟာရီရာ၊ သြဂုတ် ၂၈
ဇင်ဘာဘွေသမ္မတ အီမာဆန်မန်ဂါဝါ(Mnangagwa)သည် သမ္မတဒုတိယသက်တမ်းနှင့် နောက်ဆုံး သက်တမ်း အတွက် အနိုင်ရရှိခဲ့သည်။
သို့သော် ထိုရလဒ်ကို အတိုက်အခံများက ပယ်ချခဲ့ကာ လေ့လာစောင့်ကြည့်သူများက မေးခွန်းထုတ်ခဲ့ကြသည်ဟု အယ်ဂျားဇီးယား သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံ၏ စီးပွားရေး အကျပ်အတည်း ဆက်လက် ကြုံတွေ့နေရသော်လည်း ၂၀၁၇ ခုနှစ်တွင် စစ်တပ်အာဏာသိမ်း ခဲ့ပြီးနောက် ကာလကြာရှည် အုပ်ချုပ်ခဲ့သည့် ခေါင်းဆောင် ရောဘတ်မူဂါဘီကို ဖြုတ်ချခဲ့သည့် မန်ဂါဝါသည် ကြားဖြတ်ရွေးကောက်ပွဲကို အနိုင်ရရှိရန် သေချာသည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်မှန်းထားကြသည်။
ထိုရွေးကောက်ပွဲသည် လွတ်လပ်ရေးရရှိပြီး ၁၉၈၀ ပြည့်နှစ်တွင် လူဖြူလူနည်းစု အုပ်ချုပ်မှုကို အဆုံးသတ်ပြီး နောက်ပိုင်း နိုင်ငံအား အုပ်ချုပ်ခဲ့သည့် ZANU-PF ပါတီ၏ ထောက်ခံမှုနဲ့ပတ်သက်ပြီး ကြီးမားသော လွဲချော်မှု ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

ZEC ဥက္ကဋ္ဌ ဂျက်စတစ်ချီဂမ်ဘာကို တွေ့ရစဉ်
မန်ဂါဝါသည် မဲအရေအတွက် ၅၂.၆ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး ၎င်း၏ အဓိကပြိုင်ဘက် နယ်လ်ဆန်ချာမီဆာက မဲအရေအတွက် ၄၄ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ဇင်ဘာဘွေ ရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်သော တရားဝင် ရလဒ်၌ ဖော်ပြထားသည်။
“ZANU-PF ပါတီရဲ့ မန်ဂါဝါအီမာဆန်ဒမ်ဘတ်ဇိုကို ဇင်ဘာဘွေ ရွေးကောက်ခံ သမ္မတအဖြစ် တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်”ဟု ZEC ဥက္ကဋ္ဌ ဂျက်စတစ်ချီဂမ်ဘာက(Justice Chigumba)က သတင်းထောက်များကို ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ နှောင့်နှေးမှုများကြောင့် အတိုက်အခံများက အကွက်ဆင်ခြင်းနှင့် မဲဆန္ဒရှင်များကို ဖိနှိပ်ခြင်းဟု စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သော်လည်း အာဏာရပါတီ ထောက်ခံသူ လူနည်းစုကမူ သြဂုတ် ၂၆ ရက်က ရလဒ် အပေါ် အောင်ပွဲခံခဲ့ ကြသည်။
သို့သော် ချာမီဆာ၏ Citizens Coalition for Change(CCC)ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ပရောမစ် မက်ဝမ်နန်ဇီ (Promise Mkwananzi)က ပါတီအနေဖြင့် အဆုံးသတ်စာရင်းကို သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
“ကျနော်တို့ ဒီရလဒ်တွေကို လက်မခံနိုင်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
သို့သော် ပါတီအနေဖြင့် ၎င်း၏ ရှေ့ဆက် လှုပ်ရှားမှုများကို မကြာမီ ထုတ်ပြန်ကြေညာ သွားမည်ဟု ပရောမစ် မက်ဝမ်နန်ဇီက ပြောကြားခဲ့သည်။
Source: အယ်ဂျားဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 910
CNI International News
တီဟီရန်၊ သြဂုတ် ၂၈
၁၉၈၀ ပြည့်နှစ် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသစ် ထူထောင်မှုကို ဆန့်ကျင်သည့် အာဏာသိမ်းဖို့စီစဉ်မှုဖြင့် အမေရိကန်အစိုးရအား နစ်နာကြေးအဖြစ် ဒေါ်လာ သန်း ၃၃၀ ပေးဆောင်ရန် အီရန်တရားရုံးက အမိန့်ချမှတ်ခဲ့ သည်ဟု သြဂုတ် ၂၆ ရက်တွင် အီရန်အရာရှိတစ်ဦးက ပြောကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အမေရိကန်က ထောက်ပံ့ပေးထားသည့် ရှားဘုရင်ကို ဖြုတ်ချခဲ့သော ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး အပြီး တစ်နှစ်အကြာတွင် စစ်တပ်မှ အရာရှိအများစုသည် အစိုးရသစ်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့သည်။
အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက ထုတ်ပြန်ချက်အရ အာဏာသိမ်းရန် ကြံစည်မှုကို အီရန် လေတပ် တပ်မှူးဟောင်း ဆာအိဒ် မာဒီယွန် (Saeed Mehdiyoun) က ဦးဆောင်ခဲ့ပြီး ဟာမီဒန် (Hamedan) ပြည်နယ်ရှိ လေတပ်စခန်းဖြစ်သည့် နိုဂျာ (Nojeh) ဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

စစ်ပွဲအလိုမရှိကြောင်း အမျိုးသမီးပြသနေစဉ်
အာဏာသိမ်းရန် ကြံစည်သူများနှင့် အစိုးရတပ်ဖွဲ့များအကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူအချို့ သေဆုံးခဲ့ကာ လူပေါင်းများစွာကို ဖမ်းဆီးရမိခဲ့သည်။
"သူတို့ရဲ့ ရည်ရွယ်ချက်က နိုင်ငံတစ်ဝန်းမှာရှိတဲ့ စစ်စခန်းတွေကို စီးနင်းထိန်းချုပ်ဖို့ဖြစ်ပြီး မဟာဗျူဟာကျတဲ့ စင်တာတွေ၊ တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ အိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် လည်း သူတို့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေဟာ မအောင်မြင်ခဲ့ပါဘူး" ဟု IRNA က ဖော်ပြခဲ့သည်။

အမေရိကန်နဲ့ အီရန်ကို ညွန်ပြနေစဉ်
အာဏာသိမ်းရန် ကြံစည်မှုအတွင်း သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့် ဆွေမျိုးများအတွက် နစ်နာကြေး တောင်းဆိုရန် အီရန်သည် နိုင်ငံတကာ တရားရုံးကို လျှောက်ထားခဲ့သည်ဟု တရားရေးဌာန၏ Mizan Online ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အထူးသဖြင့် အမေရိကန်သည် အဆိုပါ အာဏာသိမ်းရန် ကြံစည်မှုကို ပြုလုပ်ခဲ့ကြောင်း Mizan ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
တီဟီရန်မြို့တော်ရှိ တရားရုံးကလည်း အမေရိကန် အစိုးရအနေနှင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် နစ်နာမှုများအတွက် တရားလိုများကို ဒေါ်လာ သန်း ၃၀ ပေးရန်နှင့် ဆိုးရွားသည့် ထိခိုက်နစ်နာမှုများကိုတော့ ဒေါ်လာ သန်း ၃၀၀ ပေးဆောင်ရန် အမိန့်ချခဲ့သည်။
၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေးအပြီးတွင် အမေရိကန်နှင့် အီရန်အကြား သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
