- By CNI
- Category: နိုင်ငံရေး
- Hits: 569
CNI International News
အစ္စလာမ္မာဘတ်၊ မေလ ၁၈
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း (Imran Khan) ၏ အိမ်ကို ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် လာဝိုင်းခဲ့သည် ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
မကြာသေးခင်က ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆန္ဒပြမှုများနှင့် ပတ်သက် နေသူများကို ဝန်ကြီးချုပ်ဟောင်းက နေအိမ်တွင် ခိုလှုံခွင့် ပေးထားသည်ဆိုသည့် စွပ်စွဲချက်ကြောင့် ဖြစ်သည်။
ရဲတပ်ဖွဲ့ လာဝိုင်းခြင်းက ခမ်းအား ထောက်ခံသူများကို စိတ်ဆိုးစေနိုင်ကာ ၎င်းတို့နှင့် လုံခြုံရေး တပ်ဖွဲ့များအကြား ပဋိပက္ခများ ပိုမိုဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်မှုများ မြင့်တက်လာသည်။
ပြီးခဲ့သည့် သီတင်းပတ် ခမ်းအား ရုံးတင် စစ်ဆေးမှုမှ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ၎င်းကို ထောက်ခံသူများက ပြည်သူပိုင် အဆောက်အဦများနှင့် စစ်ဘက် အဆောက်အဦများကို တိုက်ခိုက်ခဲ့သည်။
သို့သော် ဝန်ကြီးချုပ်ဟောင်းသည် သီတင်းပတ် ကုန်ပိုင်းတွင် ပြန်လွှတ်လာခဲ့ကာ ပန်ဂျပ် (Punjab) ပြည်နယ်၊ မြို့တော် လာဟိုး (Lahore) နေအိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ခမ်းက ဗုဒ္ဓဟူးနေ့တွင် ၎င်း၏အိမ်ကို ရဲအင်အား ၂၀၀ ခန့် လာဝိုင်းခဲ့ကာ ထောင်ကားတစ်စီးပါ ပါဝင်သည်ဟု တွစ်တာတွင် ရေးသားခဲ့သည်။
ထပ်မံ အဖမ်းမခံရခင် နောက်ဆုံး တွစ်(ရေးသားချက်)ဖြစ်နိုင်ကြောင်း၊ ရဲများက အိမ်ကို လာဝိုင်းနေကြောင်း ခမ်း၏ တွစ်တာတွင် ဖော်ပြထားသည်။
အီမရန်ခမ်းရဲ့ PTI ပါတီထောက်ခံသူကိုတွေ့ရစဉ်
ခမ်း အနေဖြင့် ၎င်း၏အိမ်တွင် ပုန်းအောင်းနေသူ အယောက် ၄၀ ကို ရဲလက် အပ်ရန် ၂၄ နာရီ အချိန်ရကြောင်း၊ ထိုသို့မဟုတ်လျှင် ဝင်ရောက် စီနင်းခံရမည်ဖြစ်ကြောင်း ပန်ဂျပ်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အေမာမား (Amir Mir)က ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ပြောခဲ့သည်။
အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့သူ ၃၄၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီ ဖြစ်ကြောင်းနှင့် နောက်ထပ် ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်ရန် စီစဉ်ထားကြောင်းလည်း အေမာမားက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောခဲ့သည်။
ပေးထားသော ၂၄ နာရီ မပြည့်မခြင်း ကြာသပတေးနေ့အထိ ခမ်း၏ အိမ်အား စီးနင်းမှု လုပ်ဆောင်သွားမည် မဟုတ်ကြောင်း မားက ပါကစ္စတန်ရုပ်သံ တစ်ခုကိုပြောခဲ့သည်။
ထို့နောက် ခမ်း၏ တွစ်တာတွင် ရေးသားခဲ့သလို ဖမ်းဆီးခြင်းလည်း မရှိသေးဟု ၎င်းက ငြင်းဆိုခဲ့သည်။
ဗုဒ္ဓဟူးနေ့ညအထိ ခမ်း၏ အိမ်အနီးတွင် အခြေအနေများ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ မကြာသေးခင်က ဖြစ်ပွား ခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သူများကို စစ်ခုံရုံးတွင် တရားစီရင်သွားမည်ဟု ပါကစ္စတန် အာဏာပိုင်များက ပြောဆိုထားသည်။
ရဲတပ်ဖွဲ့ကိုတွေ့ရစဉ်
ယခုကဲ့သို့ ဖြစ်ရပ်များ နောက်တစ်ကြိမ် ထပ်မဖြစ်ရန်လည်း မဖြစ်မနေ တားဆီးရမည်ဟု ပါကစ္စတန် စစ်ဦးစီးချုပ် က တပ်ဖွဲ့များကို ပြောခဲ့သည်။
ပါကစ္စတန် စစ်တပ်၏ တရားစီရင်ရေးများကို တံခါးပိတ် ပြုလုပ်လေ့ရှိပြီး စိတ်ကြိုက် ရှေ့နေငှားခြင်း အပါအဝင် အခြေခံ အခွင့်အရေးများကိုလည်း ပိတ်ပင်ထားသည်။
ထို့ကြောင့် အစိုးရ၏ အစီအစဉ်နှင့် ပတ်သက်၍ လူ့အခွင့်အရေး အဖွဲ့အစည်းများက သတိပေးမှုများ လုပ်ဆောင် ထားသည်။
ခမ်းအား ဖမ်းဆီး ထိန်းသိမ်းမှုကြောင့် ဖြစ်သော ဆန္ဒပြပွဲများတွင် ခမ်းအား ထောက်ခံသူများသည် ယာဉ်များ၊ အဆောက်အဦများကို မီးရှို့ခြင်း၊ စစ်သား၊ ရဲနှင့် အဖွဲ့အစည်းပိုင် အဆောက်အဦများကို တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။
ထိုဖြစ်စဉ်များကြောင့် လူ ၁၀ ဦး သေဆုံးကာ ၄၀၀၀ ကျော် ဖမ်းဆီးခံထားရသည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 835
CNI International News
ဆိုးလ်၊ မေလ ၁၈
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်သည် နိုင်ငံ၏ ပထမဆုံးသော စစ်ဘက်ထောက်လှမ်းရေး ဂြိုဟ်တုကို စစ်ဆေးကြည့်ရှုခဲ့ကာ ရှေ့ဆက်လုပ်ဆောင်ရန်ခွင့်ပြုပေးခဲ့သည်ဟု နိုင်ငံပိုင်သတင်းက မေ ၁၇ ရက်တွင် ထုတ်ပြန် ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြသည်။
ကင်မ်သည် ဂြိုဟ်တုလွှတ်တင်ရေး ကြိုတင်ပြင်ဆင်မှု ယာယီကော်မတီနှင့် အင်္ဂါနေ့တွင် တွေ့ဆုံကာ ဂြိုဟ်တုကို စစ်ဆေးခဲ့သည်ဟု KCNA သတင်းတွင် ဖော်ပြသည်။
ပြီးခဲ့သည့်လတွင် ကင်မ်က ဂြိုဟ်တုတည်ဆောက်ရေးကို အပြီးသတ်နိုင်ပြီဖြစ်ကြောင်း ပြောကာ လွှတ်တင်ရေး ဆက်လက်လုပ်ဆောင်ရန် ခွင့်ပြုခဲ့သည်။ ယခုသတင်းသည် မြောက်ကိုရီးယားဘက်က အခဲလောင်စာသုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ်ကို လွှတ်တင်နိုင်ခဲ့သည်ဟု ကြေညာခဲ့ပြီး တစ်ပတ်အကြာတွင် ပေါ်ပေါက် လာခြင်းဖြစ်သည်။
ယင်းက ၎င်းတို့အပေါ် ပိတ်ပင်ထားသော လက်နက်စီမံကိန်းများ၏ အထင်ကရ အောင်မြင်မှုလည်း ဖြစ်သည်။ သို့သော် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များနှင့် အာဏာသယာဉ် လွှတ်တင်ရေးအစီအစဉ်တို့အကြား နည်းပြ ပိုင်းဆိုင်ရာ ကွာဟမှုများစွာရှိသည်ဟု ပညာရှင်များက ပြောဆိုထားသည်။
အင်္ဂါနေ့တွင် ကင်မ်သည် ကော်မတီ၏ လုပ်ဆောင်ချက်များကို အသေးစိတ်ကြည့်ရှုလေ့လာခဲ့ပြီးနောက် စစ်ဘက်သုံးထောက်လှမ်းရေးဂြိုဟ်တုအမှတ် (၁)အား စစ်ဆေးခဲ့ကြောင်း၊ အထွေထွေ စစ်ဆေးမှုများနှင့် အာကာသပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယင်းကိုလွှတ်တင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း KCNA သတင်းတွင်ဖော်ပြသည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ထိပ်တိုက်တွေ့ဆုံရန် လုပ်ရပ်များသည် ပိုမိုမြင့်တက်လာခြင်းကြောင့် မြောက်ကိုရီးယားအနေဖြင့် မိမိကိုယ်ကို ကာကွယ်ခွင့်အားအသုံးချသွားမည်ဟု ကင်မ်က စွပ်စွဲပြောဆိုခဲ့ဖူးသည်။ ယင်းနောက်တွင် ကင်မ်သည် ကြိုတင်ပြင်ဆင်မှုကော်မတီ၏ အနာဂတ်လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် ရန် ခွင့်ပြုပေးခဲ့သည်ဟု KCNA သတင်းတွင်ဖော်ပြထားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်နှင့် သမီးဖြစ်သူ(ဓါတ်ပုံ-DW)
စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုသည် ၂၀၂၁ ခုနှစ်တွင် ကင်မ်ဖော်ပြခဲ့သော အရေးပါသည့် ကာကွယ်ရေး အစီအစဉ်များမှတစ်ခုဖြစ်သည်။ မြောက်ကိုရီးယားသည် ထောက်လှမ်းရေး ဂြိုဟ်တုလွှတ်တင်ရေးအတွက် အရေးပါသော နောက်ဆုံးအဆင့် စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ကင်မ်က ၂၀၂၂ ဒီဇင်ဘာတွင် ပြောခဲ့ သည်။ ယင်းကို ယခုနှစ် ဧပြီလတွင် အပြီးသတ်ရန် ရည်မှန်းခဲ့ခြင်းဖြစ်သည်။
ထိုစဉ်တုန်းက တောင်ကိုရီးယားဘက်မှ ကျွမ်းကျင်သူများသည် ဂြိုဟ်တုရလဒ်များနှင့်ပတ်သက်၍ သံသယ ရှိခဲ့ ကြကာ ဂြိုဟ်တုမှ ရိုက်သည်ဟု မြောက်ကိုရီးယားဘက်မှ ထုတ်ပြန်သော အဖြူအမဲ ဓာတ်ပုံများ၏ အရည် အသွေးသည် ညံ့ဖျင်းလွန်းသည်ဟု မှတ်ချက်ပြုခဲ့သည်။
လက်ရှိအချိန်အထိ မြောက်ကိုရီးယားဘက်က ဂြိုဟ်တုလွှတ်တင်မည့်အချိန်ကို မဖော်ပြသော်လည်း ဂြိုဟ်တုကို စီစဉ်ထားသည့်အတိုင်း လွှတ်တင်သွားမည်ဟု ပြီးခဲ့သည့်လတွင် ကင်မ်က ပြောသည်။
မြောက်ကိုရီးယားက ၎င်းတို့သည် မပြောင်းလဲနိုင်သော နျူကလီးယားပိုင်ရှင်နိုင်ငံဖြစ်သည်ဟု ပြီးခဲ့သည့်လတွင် ကြေညာခြင်းဖြင့် နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးပွဲများကို အဆုံးသတ်စေခဲ့သည်။ မြောက်ကိုရီးယား အနေ ဖြင့် တရုတ်နှင့်ရုရှားတို့မှ နည်းပညာနှင့် အရည်အသွေးမြင့် နည်းပညာအကူအညီမလာလျှင် ဂြိုဟ်တု လွှတ်တင် ရေးတွင် ရုန်းကန်ရလိမ့်မည်ဟု ပညာရှင်များက သုံးသပ်ထားသည်။
Source:ChannelNewsAsia

- By CNI
- Category: နိုင်ငံရေး
- Hits: 789
CNI International News
ဘန်ကောက်၊ မေလ ၁၈
ဗျူရိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲရန် အပါအဝင် မဖြစ်မနေ စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းရန်ရွယ်သည့် ဥပဒေမူကြမ်း ၄၅ ခုကို လွှတ်တော်ပြန်စသည့်အခါမှာ ပြင်ဆင်သွားရန် လျာထားကြောင်း Move Forward ပါတီ၏ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဘန်ချာ ဆန်ချန်ထရာ (Bencha Saengchantra) က ဗုဒ္ဓဟူးနေ့တွင် ဖေ့စ်ဘွတ်ခ် ၌ တင်ခဲ့ကြောင်း The Nation သတင်းမှ ဖော်ပြခဲ့သည်။
သူမ၏ လူမှုကွန်ယက်ပို့စ်တွင် မူကြမ်း ၄၅ ခုအား အုပ်စု ၈ ခုခွဲထားသည်။
ထိုသို့ အုပ်စုခွဲထားရာတွင် နိုင်ငံရေးဆိုင်ရာဥပဒေ ၁၁ ခု၊ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေ ၈ ခု၊ ဗျူရိုကရက်တစ်ဆိုင်ရာဥပဒေ ၆ ခု၊ လယ်ယာဥပဒေပြောင်းလဲရေး ဥပဒေ ၈ ခု၊ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ဥပဒေ ၄ ခု၊ အလုပ်သမား ဥပဒေ ၂ ခု၊ စီးပွားရေး ဥပဒေ ၄ ခုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ ၂ ခုတို့ ပါဝင်သည်။
နိုင်ငံရေးမူကြမ်းများတွင် Move Forward ပါတီသည် ပြည်သူကို ဗဟိုပြုသည့် ဖွဲ့စည်းပုံသစ်တစ်ခု ပေါ်ပေါက်လာ စေရေးအတွက် ဖွဲ့စည်းပုံမူကြမ်းရေးစွဲရေးဆိုင်ရာ အဖွဲ့အစည်းသစ် တစ်ခုကို တည်ထောင်နိုင်ရေး သင့်တော်သော ဥပဒေများအား ချမှတ်ရန် ကြိုးပမ်းသွားမည် ဖြစ်သည်။
ပါတီသည် အတင်းအကြပ် စစ်မှုထမ်းစေခြင်းမှ ဆန္ဒအလျောက် စစ်မှုထမ်းခြင်းကို ပြောင်းလဲရန်အတွက် စစ်မှုထမ်းဥပေဒကို ပြင်ဆင်သွားမည်။
တစ်နှစ်အတွင်း ထိုသို့ ပြင်ဆင်နိုင်မည်ဆိုလျင် ထိုင်းလူငယ်များ အနေဖြင့် လာမည့် နှစ်တွင် လက်နက်ကိုင် တပ်ဖွဲ့များထံ အတင်းအကြပ် စစ်မှုထမ်းစေခြင်း ကင်းလွတ်သွားမည်ဟု ဘန်ချာက ပြောသည်။
၂၀၁၆ ခုနှစ် နောက်ပိုင်း နိုင်ငံရေးပဋိပက္ခများကြောင့် ထောင်ကျခံ နေရသူများအား မျှတသော တရားစီရင်မှု ရရှိ စေရေး နိုင်ငံရေးဆိုင်ရာ ကင်းလွတ်ခွင့် မူကြမ်း တစ်ရပ်အတွက်လည်း ပါတီက ကြိုးပမ်းသွားမည်ဟု ဘန်ချာက ပြောသည်။
Move Forward ပါတီနဲ့ ထောက်ခံသူများကိုတွေ့ရစဉ်
ထိုမူကြမ်းသည် ထိုင်း၏ နက်ရှိုင်းသော နိုင်ငံရေးဆိုင်ရာ ကွဲလွဲမှုများကို ဖြေရှင်းရေးအတွက် ပထမဆုံး ခြေလှမ်း ဖြစ်လာလိမ့်မည်ဟုလည်း သူမက ပြောသည်။
မည်သည့် အမှုသည် လွတ်ငြိမ်းခွင့် ရမည်ဆိုခြင်းကို ဆုံးဖြတ်ရန်အတွက် ကော်မတီတစ်ရပ်ကိုပါ ဖွဲ့စည်းသွားမည် ဟု သူမ၏ ပြောစကားတွင် ပါဝင်သည်။
ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးဆိုင်ရာ အမျိုးသားကောင်စီ၏ တရားဥပေဒဆိုင်ရာ လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန်၊ ရဲနှင့် လက်နက်ကိုင် တပ်ဖွဲ့များအား ပြည်သူ့နိုင်ငံရေးတွင် ဝင်မပါစေရေးတို့အတွက် ဥပဒေတချို့ကို ပြုပြင် ပြောင်းလဲရန်လည်း ပါတီက ဆောင်ရွက်သွားရန် စီစဉ်ထားသည်။
လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေ ၈ ခုနှင့် ပတ်သက်၍လည်း ယင်းတို့သည် ပါတီမူဝါဒ၏ အရေးပါ ဆုံး အကြောင်းအရာများဖြစ်ကာ ပထမရက် ၁၀၀ အတွင်း ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဘန်ချာ က ပြောသည်။
ပါတီသည် ရာဇဝတ်မှုနှင့် ကွန်ပျူတာ ရာဇဝတ်အက်ဥပဒေဆိုင်ရာ ပုဒ်မ ၁၁၂ နှင့် ၁၁၆ တို့ကိုလည်း ပြင်ဆင်သွား ရန် စီစဉ်ထားသည်။
လိင်တူ လက်ထပ်ခွင့်ကိုလည်း ပါတီအနေဖြင့် ဦးစားပေး စဉ်းစားသွားမည်ဖြစ်ကာ လွှတ်တော်အသစ်၏ ပထမ ရက် ၁၀၀ အတွင်း အတည်ပြုနိုင်ရန် ကြိုးပမ်းသွားမည်။
ဗျူရိုကရက်တစ်ဆိုင်ရာ ဥပဒေ ၆ ခုတွင် အစိုးရအေဂျင်စီများ အနေဖြင့် အချက်အလက်များကို ပြည်သူများထံ ချပြခြင်း၊ အကျင့်ပျက်ခြစားမှု တိုက်ဖြတ်ရေးအတွက် ထိရောက်သော စနစ်တစ်ခုကို တည်ထောင်ခြင်း စသည်တို့ လုပ်ဆောင်ရမည့် ဥပဒေသစ်တစ်ခုလည်း ပါဝင်သည်။
အစိုးရထံမှ ဘတ်ဂျက်နှင့် အုပ်ချုပ်ခွင့်အာဏာဆိုင်ရာ လွှဲပြောင်းခွဲဝေရေး ပြည်သူများအတွက် ခွင့်ပြုချက်များ သို့မဟုတ် လိုင်စင်များ ရရှိရေး ပိုမိုအဆင်ပြေစေမည့် ဥပဒေသစ်များလည်း ပါဝင်သည်။
လယ်ယာမြေ ပြုပြင်ပြောင်းလဲမှုဥပဒေ ၈ ခုတွင် ပါတီအနေဖြင့် ပြည်သူများနှင့် အစိုးရကြားမှ မြေယာ အငြင်းပွား မှုများကို ဖြေရှင်းရေး၊ လယ်သမားများအား ၎င်းတို့ လယ်ယာမြေတွင် လုပ်ပိုင်ခွင့် ရရှိရေးတို့ ပါဝင်သော ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်သွားမည် ဖြစ်သည်။
Move Forward ပါတီ၏ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဘန်ချာ ဆန်ချန်ထရာကိုတွေ့ရစဉ်
ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာဥပဒေ ၄ ခုတွင် ရေခွဲဝေရေး၊ အများပိုင် သယ်ယူပို့ဆောင်ရေး စသည့် ဝန်ဆောင်မှု များကို မြှင့်တင်သွားရန် ရည်ရွယ်ထားသည်။ ထို့နောက် အလုပ်သမားဥပဒေ ၃ ခုတွင်လည်း အလုပ်သမားများ၏ အခွင့်အရေးကို မြှင့်တင်ရန် ပြင်ဆင်ချက်များ ပါဝင်မည်ဖြစ်သည်။
စီးပွားရေးဥပဒေလေးခုတွင် အဖျော်ယမကာ အက်ဥပေဒကို ပြင်ဆင်ရန်၊ မြေယာများစွာတွင် အခွန် ကောက်ခံရန် နှင့် လူချမ်းသာများမှ အခွန်ကောက်ခံရန် မူကြမ်းတစ်ခုတို့ ပါဝင်သည်။
ယင်းတို့တွင် ရေလုပ်ငန်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်ရေး ကြိုးပမ်းမှုလည်း ပါဝင်သည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေ ၂ ခုတွင် ထိုင်းနိုင်ငံအား ၂၀၅၀ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှု သုညသို့ ရောက်ရှိနေစေရေး ကာဗွန်ထုတ်လွှတ်မှု ကန့်သတ်ချက်မှန်ရန် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူကြမ်း ပြင်ဆင်ချက် တစ်ခုလည်း ပါဝင်သည်။
အန္တရာယ်ရှိသော ပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သည့် ဥပဒေကိုလည်း ပြင်ဆင်သွားမည်ဖြစ် သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 584
CNI International News
ဆစ်ဒနီ၊ မေလ ၁၈
လာမည့် သီတင်းပတ် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ (Sydney) မြို့တွင် တွေ့ဆုံမည့် အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန် တို့မှ ခေါင်းဆောင်များ၏ Quad(ကွက်စ်) ညီလာခံကို ဖျက်သိမ်းခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြသည်။
အမေရိကန်သမ္မတ၏ အာရှခရီးစဉ်ကို လျှော့ချလိုက်ခြင်းကြောင့် ဖြစ်သည်ဟု သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီ (Anthony Albanese) က ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။
ဂျပန်နှင့် တွေ့ဆုံဆွေးနွေးပွဲများကိုတော့ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ဘိုင်ဒန်သည် မေလ ၂၄ ရက်တွင် အယ်ဘာနက်ဆီ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi)၊ ဂျပန်ဝန်ကြီးချုပ် ဖူမီအို (Fumio) တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
လုံခြုံရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ တရားဝင် မဟုတ်သော ဆွေးနွေးပွဲမျိုး ကျင်းပသွားရန် ဖြစ်သည်။
သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီကို တွေ့ရစဉ်
အနားကပ်မှ ဖျက်သိမ်းလိုက်ခြင်းကြောင့် ဘိုင်ဒန်၏ ပါပူးအာ နယူးဂီနီ (Papua New Guinea) ၏ ခရီးစဉ်လည်း ဖျက်သိမ်းလိုက်ရပြီ ဖြစ်သည်။
ထိုခရီးစဉ်များသည် တရုတ်နှင့် ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် ပစိဖိတ်ဒေသနှင့် လုံခြုံရေးဆိုင်ရာ အဆက် အသွယ်များကို မြှင့်တင်ရန် အမေရိကန်ဘက်က ကြိုးပမ်းခြင်း ဖြစ်သည်။
သို့သော် အမေရိကန်၏ ပြည်တွင်း နိုင်ငံရေးအခြေအနေက အမေရိကန်သမ္မတ တစ်ဦး၏ အာရှဒေသသို့ အထင်ကရ ခရီးစဉ်အား လျော့ကျစေခဲ့သည်။
ဘိုင်ဒန်၏ မူလအစီအစဉ်သည် အာရှဒေသသို့ တစ်ပတ်ကြာ ခရီးစဉ် အစိတ်အပိုင်းတစ်ခုအဖြစ် ဆစ်ဒနီ ညီလာခံသို့ တက်ရောက်ရန် ပါဝင်သည်။
G-7 ခေါင်းဆောင်များ ညီလာခံအတွက် ဂျပန်နိုင်ငံ ဟီရိုရှီးမား (Hiroshima) မြို့မှ စတင်မည်ဖြစ်သည်။
ထို့နောက်တွင် ပါပူးအာနယူးဂီနီသို့သွားကာ ပစိဖိတ်ကျွန်း ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဖြစ်သည်။
ဘိုင်ဒန်ကိုတွေ့ရစဉ်
သြစတြေးလျ ခရီးစဉ်ကို ဖျက်သိမ်းခဲ့သော်လည်း ဘိုင်ဒန်သည် ဗုဒ္ဓဟူးနေ့မှ စတင်ကာ ဂျပန်သို့ သွားရောက် မည် ဖြစ်သည်ဟု အိမ်ဖြူတော်က အင်္ဂါနေ့တွင် အတည်ပြုပေးခဲ့သည်။
ဂျပန်သို့ ခေါင်းဆောင် လေးဦးစလုံး သီတင်းပတ် ကုန်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ကာ ယင်းတွင် ဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဟု အယ်လ်ဘာနက်ဆီက ဗုဒ္ဓဟူးနေ့တွင် ပြောသော်လည်း အချိန်ကိုတော့ အတည်မပြုခဲ့ပေ။ Quad သည် အရေးပါသော အဖွဲ့ဖြစ်ကြောင်း၊ ယင်းသည် ခေါင်းဆောင်အဆင့်တွင် ပေါ်ပေါက်လာသည်ကို သေချာ စေလိုကြောင်း၊ သီတင်းပတ်ကုန်ပိုင်းတွင် ဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သြစတြေးလျ ခေါင်းဆောင်က ပြောသည်။
ဂျပန် တွေ့ဆုံပွဲသည် Quad အဖွဲ့ခေါင်းဆောင်များ၏ တတိယမြောက် လူချင်းတွေ့ဆုံမှု ဖြစ်လာမည်လည်း ဖြစ်သည်။
Quad အဖွဲ့ကို လွန်ခဲ့သော ၁၅ နှစ်ကျော် ကတည်းက တည်ထောင်ထားခဲ့သော်လည်း ယင်းသည် နောက်ပိုင်း နှစ်များတွင် ပို၍ ထင်ရှားလာခဲ့သည်။
တွေ့ဆုံပွဲတွင် ခေါင်းဆောင်များသည် နည်းပညာပိုင်းမှစ၍ ရာသီဥတု ပြောင်းလဲမှုနှင့် ရေကြောင်းပိုင်နက်ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသွားမည်ဟု ပြီးခဲ့သည့်နှစ် အိမ်ဖြူတော်၏ ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြ ခဲ့ဖူးသည်။
Source: CNN

- By CNI
- Category: နိုင်ငံရေး
- Hits: 737
CNI International News
ကိုင်ရို၊ မေလ ၁၇
လစ်ဗျားအစိုးရနှစ်ခုမှ တစ်ခုသည် ၎င်းတို့၏ ဝန်ကြီးချုပ်ကို ရာထူးမှ ရပ်ဆိုင်းရန်၊ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် အင်္ဂါနေ့တွင် မဲပေးခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်သည် အစိုးရ၏ ရည်ရွယ်ချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဟု စွပ်စွဲခံထားရသည်။
အောက်လွှတ်တော်ဟု ထင်ရှားသော လစ်ဗျားအရှေ့ပိုင်း အခြေစိုက် လွှတ်တော်တွင် ဖာသီ ဘာရှက်ဂါ (Fathi Bashagha) က ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။
ဖာသီဘာရှက်ဂါသည် တိုဘရက် ( Tobruk) တွင် လုပ်ငန်း ဆောင်ရွက်သည်။
အင်္ဂါနေ့ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝန်ကြီးချုပ်သည် မကြာခင် အချိန်တွင် တရားဝင်ကြေညာချက် တစ်စောင် ထုတ်ပြန်သွားမည်ဟု ဘာရှက်ဂါ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
AP က ရရှိထားသော ကြေညာချက် တစ်စောင်တွင် လွှတ်တော်၏ ပြောခွင့်ရပုဂ္ဂိုလ် အဗ္ဗဒူလာ ဘယ်ဟစ် (Abdullah Belhaiq) က ဘာရှက်ဂါသည် ပြိုင်ဘက်အစိုးရ အခြေစိုက်ရာ မြို့တော် ထရိုပိုလီ (Tripoli)သို့ ဝင် ရောက်ရေး အစိုးရ၏ကတိကို တည်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဟု ဝေဖန်ထားသည်။
ဘာရှက်ဂါသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသူဖြစ်ကာ ပြီးခဲ့သည့် မေလ၌ အစိုးရအား မြို့တော်တွင် အခြေစိုက်နိုင်ရန် ကြိုးပမ်းမှုအဖြစ် အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ထရိုပိုလီသို့ ရောက်ရှိခဲ့သည်။
ပြိုင်ဘက် ဝန်ကြီးချုပ် အဗ္ဗဒူ ဟာမစ် ဒိုင်ဘာ့ကို တွေ့ရစဉ်
သို့သော် ပြိုင်ဘက် လက်နက်ကိုင်များအကြား ပဋိပက္ခများ ပေါ်ပေါက်လာခြင်းကြောင့် မကြာခင်မှာပင် ဆာတီ (Sirte) သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။
၂၀၀၁ ခုနှစ်မှ စတင်ခဲ့သည့် ပြည်တွင်းစစ်ဒဏ်သင့် လစ်ဗျားတွင် အစိုးရနှစ်ရပ်ရှိသည်။ တစ်ခုချင်းစီကို နိုင်ငံတကာ ထောက်ပံ့သူများနှင့် မြေပြင် လက်နက်ကိုင်အဖွဲ့ အသီးသီးက ထောက်ခံကြသည်။
ထရိုပီလီ အခြေစိုက်လစ်ဗျား အစိုးရကို ဝန်ကြီးချုပ် အဗ္ဗဒူ ဟာမစ် ဒိုင်ဘာ့ (Abdul Hamid Dbeibah) က ဦးဆောင်သည်။
ဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးခြင်းနှင့် ပတ်သက်၍ အောက်လွှတ်တော် အမတ်တစ်ဦးက မကြာခဏ မေးလေ့ ရှိသည်ဟု ဘယ်ဟစ်က ပြောသည်။
သို့သော် ဘာရှက်ဂါ၏ တရားသော စွပ်စွဲခံရမှုများနှင့် ပတ်သက်သည့် အသေးစိတ် အကြောင်းအရာများကိုတော့ ပြောဆိုခဲ့ခြင်း မရှိပေ။
အောက်လွှတ်တော်၏ ဘဏ္ဍာရေးဝန်ကြီး အိုစမန် ဟာမာဒါ (Osama Hamada)က ဝန်ကြီးချုပ် တာဝန်ကို လွဲပြောင်းရယူသွားမည်ဟုလည်း ၎င်းကပြောသည်။
ဝန်ကြီးချုပ် ဘာရှက်ဂါက ၎င်း၏ တာဝန်များကို လက်ထောက်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးနေသည်ဟု အင်္ဂါနေ့ အစောပိုင်းတွင် လွှတ်တော်၌ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကိုမူ မဖော်ပြထားပေ။
ဝန်ကြီးချုပ်သည် ခါလီဖာဟစ်ဖ်တာ (Khalifa Hifter) အတွက် အသုံးမဝင်တော့ခြင်းကြောင့် ယခုကဲ့သို့ ရာထူးမှ ရပ်ဆိုင်းခံရခြင်းဟု လစ်ဗျားအရေး ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။
လစ်ဗျားအတွက် အလံကို လွှင့်ထူနေစဉ်
ခါလီဖာဟစ်ဖ်တာသည် လစ်ဗျား အမျိုးသားစစ်တပ်ပုံစံ လက်နက်ကိုင်တပ်ဖွဲ့၏ တပ်မှူးဖြစ်ကာ ၎င်းတို့သည် နိုင်ငံ၏ အရှေ့နှင့်တောင်ပိုင်းမှ လက်နက်ကိုင် တပ်ဖွဲ့များကို လွှမ်းမိုးထားသည်။
ဟစ်ဖ်တာနှင့် သူ၏မိသားစုတို့သည် ထရိုပိုလီတွင် ပိုမိုလွှမ်းမိုးမှု ရရှိရေးအတွက် ကြိုးပမ်းလျက်ရှိပြီး အနောက် ဘက် အခြေစိုက်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပုံမှန်လုပ်ဆောင်လေ့ ရှိသူ ဖြစ်သည်။
လစ်ဗျားအရေးဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်က ၂၀၂၃ ခုနှစ် မကုန်ခင် နိုင်ငံတွင်း၌ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး ရည်ရွယ်သည့် ဆောင်ရွက်ချက် အသစ်တစ်ခုကို ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ထိုအစီအစဉ်တွင် လွှတ်တော်နှစ်ရပ် စလုံးသည် ရွေးကောက်ပွဲမတိုင်ခင် ရွေးကောက်ပွဲဥပဒေ ရေးဆွဲရေး ပူးတွဲကော်မတီ တစ်ရပ် ဖွဲ့စည်းရန် သဘောတူခဲ့သော်လည်း ယင်းနှင့် ပတ်သက်သည့် တိုးတက်မှုများမှာ နှေးကွေးလျက်ရှိသည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 1011
CNI International News
ဘေဂျင်း၊ မေလ ၁၇
အမေရိကန်မှ ဝယ်ယူထားသော လက်နက်များဖြင့် တရုတ်ပြည်မကြီးမှ ခွဲထွက်မည့် ထိုင်ဝမ် ခွဲထွက်ရေးသမားများ ၏ ကြိုးပမ်းမှုတိုင်းကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က ဖယ်ရှားသွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး တန်ကီဖိန်(Tan Kefei)က အင်္ဂါနေ့တွင် ပြောသည်ဟု တာ့စ် သတင်းမှ ဖော်ပြ ခဲ့သည်။
PLA ၏ စစ်ပြင်ဆင်မှုများကိုလည်း အရှိန်မြှင့်တင်သွားမည်ဟု ၎င်းက ပြောသည်။
ထိုင်ဝမ်သို့ ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ လက်နက်များ ထောက်ပံ့ပေးမည့် အမေရိကန်၏ အစီအစဉ်နှင့် ပတ်သက်၍ စကားပြောဆိုရာတွင် တန်က PLA သည် စစ်ပြင်ဆင်မှုအဖြစ် စစ်ရေးလေ့ကျင့်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဟု ပြောသည်။
ထိုင်ဝမ် လွတ်လပ်ရေးဟုခေါ်သော ခွဲထွက်ရေးသမားများ၏ အစီအစဉ်များနှင့် ပြင်ပနိုင်ငံများ၏ ဝင်ရောက် စွက်ဖက်မှုတိုင်းကို ဖယ်ရှားရှင်းလင်း သွားမည်ဟုလည်း ၎င်းက ပြောသည်။
တရုတ်စစ်တပ်သည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတိုင်းကို ခိုင်မာစွာ ကာကွယ်သွားမည်ဟု ပြောခွင့်ရပုဂ္ဂိုလ်က ထပ်မံပြောခဲ့သည်။
တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး တန်ကီဖိန်ကိုတွေ့ရစဉ်
အမေရိကန် လက်နက်များဖြင့် ပြည်မကြီးမှ ခွဲထွက်ရန် ကြိုးပမ်းမှုသည် လမ်းဆုံးသို့ ရောက်ရှိသွားစေနိုင်သည်ဟု ထိုင်ဝမ်အာဏာရပါတီနှင့် ခွဲထွက်ရေး သမားများကို သတိပေးလိုကြောင်း တိုင်က ပြောသည်။
ထိုင်ဝမ်အရေးကို တရုတ်-အမေရိကန် ဆက်ဆံရေး၏ နောက်ဆုံး မျဉ်းအဖြစ် သတ်မှတ်ထားသည်။
ထို့ကြောင့် ထိုမျဉ်းကို မဖြတ်ကျော်သင့်ကြောင်းလည်း တန်က ပြောသည်။
အမေရိကန်သမ္မတ ဘိုင်ဒန် (Biden) ၏ ညွှန်ကြားမှုဖြင့် အမေရိကန်က ထိုင်ဝမ်သို့ ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ လက်နက်များ ထောက်ပံ့ရန် အဆင်သင့် ရှိနေကြောင်း၊ ယူကရိန်းသို့ လက်နက် ထောက်ပံ့ သကဲ့သို့ လျင်မြန်စွာ ဆောင်ရွက်နိုင်သည့် လုပ်ပိုင်ခွင့်ကို အသုံးချခဲ့ခြင်းဖြစ်ကြောင်း ယခုလ အစောပိုင်း Bloomberg သတင်းက ဖော်ပြ ခဲ့သည်။
၂၀၂၃ ခုနှစ် အမျိုးသားကာကွယ်ရေး ခွင့်ပြုချက်အက်ဥပဒေအရ အမေရိကန်သမ္မတသည် ထိုင်ဝမ်သို့ ဒေါ်လာ တစ်ဘီလီယံဖိုး စစ်ဘက် အထောက်အပံ့များ သုံးစွဲထောက်ပံ့ပေးခွင့် ရှိသည်။
ထိုင်ဝမ်စစ်တပ်ကိုတွေ့ရစဉ်
အမေရိကန်သည် ၁၉၇၉ ခုနှစ်တွင် ထိုင်ဝမ်နှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ကာ တရုတ်နှင့်ဆက်ဆံရေး စတင်ခဲ့သည်။
တရုတ်တစ်နိုင်ငံတည်း (One China) မူဝါဒကို အသိအမှတ် ပြုထားသော်လည်း အမေရိကန်သည် ထိုင်ဝမ်အစိုးရ နှင့် စဉ်ဆက်မပြတ် ဆက်သွယ်ခဲ့ကာ လက်နက်များလည်း ထောက်ပံ့ပေးခဲ့သည်။
၂၀၂၂ ခုနှစ်၊ သြဂုတ်လ ထိုစဉ်က အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ (Nancy Pelosi) ထိုင်ဝမ်သို့ လာရောက် လည်ပတ်ခဲ့ပြီးနောက် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 715
CNI International News
ဘန်ကောက်၊ မေလ ၁၇
ညွှန့်ပေါင်းအစိုးရ တစ်ရပ်ဖွဲ့စည်းရန် ရွေးကောက်ပွဲတွင် တတိယနေရာ ရရှိခဲ့သော Bhumjaithai ပါတီနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် စီစဉ်နေသည်ဆိုသည့် မီဒီယာများ၏ ခန့်မှန်းပြောဆိုမှုကို ဖြူးထိုင်း(Pheu Thai) ပါတီက ငြင်းဆိုခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
ထိုသို့ ခန့်မှန်း ပြောဆိုမှုများသည် အခြေအမြစ်မရှိကြောင်း ပါတီ၏ ဒုတိယခေါင်းဆောင် ဆူတင် ကလောင်ဆန် (Sutin Klungsang) က အခိုင်အမာ ပြောဆိုခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်၍ ပါတီသည် ရွေးကောက်ပွဲ အကြိုကာလကတည်းက ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီး ဖြစ်သည်ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ အစီအစဉ်မျိုးရှိကာ လုပ်ဆောင်ခဲ့မည်ဆိုလျှင် ပြည်သူများအနေဖြင့် ယင်းကို လက်ခံလိမ့်မည် မဟုတ်ဟု လည်း ဆူတင်ကလောင်ဆန်က ပြောသည်။
ဖြူးထိုင်းပါတီအနေဖြင့် အစိုးရသစ် ဖွဲ့စည်းရာတွင် လုပ်ပိုင်ခွင့် ရှိသည်ဟု ပြည်သူများက လက်ခံထားသော ပါတီ ဖြင့်သာ လက်တွဲ ဆောင်ရွက်သွားလိုသည်ဟု ဆူတင်က ပြောသည်။
ယင်းက တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သော Move Forward ပါတီ (MFP) အား ရည်ညွှန်း ပြောဆို ခြင်းလည်း ဖြစ်သည်။
ထိုင်းရွေးကောက်ပွဲ ရလဒ်ကိုတွေ့ရစဉ်
ညွှန့်ပေါင်း မဟာမိတ်ဖွဲ့စည်းရေးအတွက် MFP ဘက်ကလည်း ဖြူးထိုင်းပါတီအား ချဉ်းကပ်လျက် ရှိသည်။
အစိုးရသစ်သည် လာမယ့် ရက် ၃၀ အတွင်း ရုပ်လုံးပေါ်လာကာ နှစ်လအတွင်း စတင်လည်ပတ် နိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်းလည်း ဆူတင်က ပြောသည်။
ပါတီကြီးများ အနေဖြင့် အစိုးရဖွဲ့စည်းရန် တခြားပါတီများထံမှ လုံလောက်သော ထောက်ခံမှု မရရှိခဲ့လျှင် ၎င်းတို့ အနေဖြင့် အတိုက်အခံအဖြစ်သာ အဆုံးသတ် သွားနိုင်သည်ဆိုသည့် လွှတ်တော်အမတ် ဝမ်ချိုင်း ဆွန်သီရိ (Wanchai Sornsiri) ၏ ပြောစကားနှင် ပတ်သက်၍လည်း ဆူတင်က စိုးရိမ်မှုမရှိကြောင်း ပြောခဲ့သည်။
ထိုကဲ့သို့သော ကိစ္စမျိုးသည် ဖြစ်လာနိုင်ခြေရှိသော်လည်း လွှတ်တော် အမတ်များအနေဖြင့် လွှတ်တော်အတွင်း ဝန်ကြီးချုပ်ကို ရွေးချယ်ရေး ပြည်သူများ၏ လုပ်ပိုင်ခွင့်ကို လေးစားမှု ရှိရမည်ဟု ၎င်းက ပြောသည်။
ယခင် ရွေးကောက်ပွဲများမှ သင်ခန်းစာ ယူရမည်ဟုလည်း ၎င်းက ပြောသည်။
Bhumjaithai ပါတီကိုတွေ့ရစဉ်
၂၀၁၉ ရွေးကောက်ပွဲတွင် ဖြူးထိုင်းပါတီသည် လွှတ်တော်အမတ် နေရာ အများစုကို အနိုင်ရရှိခဲ့သော်လည်း တခြား ပါတီများ၏ ထောက်ခံကို အပြည့်အဝ ရရှိခဲ့သည့် Palang Pracharath ပါတီကသာလျှင် ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်း ကာ ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့သည်။
သို့သော် ပါတီကြီးများအနေဖြင့် အစိုးရဖွဲ့စည်းရန် ပူးပေါင်းသော်လည်း တခြားပါတီများထံမှ လုံလောက်သော ထောက်ခံမှု မရရှိခဲ့လျှင် အခြေအနေသည် တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်သည်ဟု ဆူတင်က ဝန်ခံသည်။
တစ်ဖက်တွင်လည်း Bhumjaithai ပါတီက ၎င်းတို့ အနေဖြင့် အနိုင်ရရှိခဲ့သော ပါတီကို ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်း စေခြင်းဖြင့် ပါတီ၏ တာဝန်ဝတ္တရားအတိုင်း ဆောင်ရွက်သွားမည်ဟု ကတိပြု ပြောဆိုကြောင်း အင်္ဂါနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယင်း၌ ပါတီခေါင်းဆောင်သည် အစိုးရသစ် ဖွဲ့စည်းရေးအတွက် သတင်းထောက်များနှင့် အင်တာဗျူး ပြုလုပ်ခဲ့ သည်ဆိုသော ခန့်မှန်း ပြောဆိုမှုများကိုပါ ငြင်းဆိုထားသည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 651
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၇
ထိုင်းအထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံပါတီများ နေရာအများစုတွင် အနိုင်ရရှိခဲ့မှုသည် မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများအတွက် ကောင်းမွန်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
မေလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ထိုင်းအထွေထွေရွေးကောက်ပွဲတွင် လူငယ်အများစုဖြင့် ဖွဲ့စည်းထားသည့် Move Forward နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးပါဝင်သည့် ဖြူးထိုင်းပါတီတို့ နေရာအများစုတွင် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပါတီနှစ်ရပ်စလုံးမှ ခေါင်းဆောင်များသည် အလုပ်သမားအရေးနှင့် လုပ်ခလစာတိုးမြှင့်ပေးရေးအား မဲဆွယ်စည်းရုံးရေးကာလတွင် ဦးစားပေးပြောဆိုထားသည့်အတွက် ရွှေ့ပြောင်းလုပ်သားများအတွက် မူဝါဒများအား ယခင် စစ်အစိုးရထက် ပိုမိုကောင်းမွန်အောင် ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“အဲဒီအထဲမှာ သီးသန့်အားဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့ မူဝါဒ၊ ပိုမိုကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်ဖို့ကိစ္စကို တချို့ပါတီတွေဆိုရင် ထည့်ပြီးတော့ ပြောတာမျိုးတွေ ရှိတယ်။ ဆိုတော့ သူတို့အနေနဲ့ အတိုက် အခံပါတီတွေအနေနဲ့ အခုလို အနိုင်ရရှိပြီးတော့ အစိုးရဖွဲ့နိုင်တယ်ဆိုရင် ဘာပဲပြောပြော ရွှေ့ပြောင်းအလုပ်သမား တွေအတွက် ပိုမိုကောင်းမွန်တဲ့ မူဝါဒ ချမှတ်နိုင်မယ်လို့ ကျနော်တို့က မျှော်လင့်တယ်။ နောက်အရေးကြီးတာ တစ်ခုက အလုပ်သမားသမဂ္ဂနဲ့ပတ်သက်တဲ့ကိစ္စပေါ့။ ILO ရဲ့ article ၉၈ ဆိုတဲ့ ဥစ္စာရှိတယ်။ ထိုင်းက လက်မှတ် မထိုးထားဘူး။ သူတို့လက်မှတ်မထိုးထားတော့ ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ သမဂ္ဂဖွဲ့ခွင့်တို့မှာ အကန့်အသတ်တွေရှိတယ်။ အသင်းအဖွဲ့ဖွဲ့စည်းပြီးတော့ စုပေါင်းပြီးတော့ အလုပ်ရှင်တွေ သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုတဲ့အပိုင်း ကျနော်တို့မှာ တရားဝင်လုပ်လို့မရဘူး။ အဲဒါကို အစိုးရသစ်တက်လာလို့ ဒီဟာတွေကို လက်မှတ်ထိုးမယ်။ ဒီမူဝါဒတွေကို အစိုးရက လိုက်လုပ်မယ်ဆိုရင် သမဂ္ဂတို့ ဒီ institution ဒါတွေ လုပ်လို့ရတယ်ဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ရော အလုပ်သမားတွေအတွက်ရော ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေရမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။
အတိုက်အခံပါတီတစ်ခုဖြစ်သည့် Move Forward ပါတီခေါင်းဆောင်(ဓါတ်ပုံ-Getty Images)
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အနီးစပ်ဆုံး အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သကဲ့သို့ တရားဝင် မြန်မာလုပ်သား ၇ သန်းခန့်နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသည့်အပြင် တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်သူဦးရေမှာလည်း အများအပြားရှိသည်။
သို့သော် အစိုးရသစ်ဖွဲ့စည်းပြီးနောက် ရွှေ့ပြောင်းလုပ်သားများ၏ အခြေခံလုပ်ခလစာအား ဘတ် ၄၀၀ ကျော်သို့ တိုးမြှင့်ပေးခဲ့သည်ရှိသော် ထိုင်းနိုင်ငံရှိ အသေးစားလုပ်ငန်းရှင်များတွင် သက်ရောက်မှုဖြစ်နိုင်သည့်အတွက် မည်ကဲ့သို့ လုပ်ဆောင်မည်အား စောင့်ကြည့်ရမည်ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောသည်။
ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် အမည်စာရင်းတင်သွင်းရာတွင် မဲခွဲဆုံးဖြတ်ရမည် ဖြစ်သည့်အတွက် Move Forward ပါတီသည် အဓိက အနိုင်ရပါတီဖြစ်သော်လည်း ခေါင်းဆောင်ဖြစ်သူ ပီတာလင်ဂျာရိုရန်ရတ်၏ ဘုရင်စနစ် အပေါ်ထားရှိသည့် သဘောထားကြောင့် ဝန်ကြီးချုပ်ဖြစ်ရန်မှာ မလွယ်ကူလှကြောင်းလည်း သုံးသပ်မှုများရှိသည်။
ထို့ကြောင့် လက်ရှိအနေအထားရ ထိုင်းဝန်ကြီးချုပ် မည်သူ မည်ဝါဖြစ်မည်အား အတိအကျ ပြော၍ မရသေး သော်လည်း အတိုက်အခံပါတီများ အစိုးရဖြစ်လာပါက ရွှေ့ပြောင်းအလုပ်သမားများအတွက် အလားအလာ ကောင်းများ ပိုမိုဖြစ်လာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ဖြူးထိုင်းပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီး(ဓါတ်ပုံ-Gettym Images)
“ဒီပါတီဟာ အနိုင်ရခဲ့တာဖြစ်တဲ့အတွက် အလုပ်သမားအရေး side နဲ့ပြောရင်တော့ ကြိုဆိုတယ်။ သူအာဏာရ လာရင် သူလုပ်ပိုင်ခွင့်ရှိလာရင် သေချာပါတယ်။ အလုံးစုံမကောင်းနိုင်ဘူးဆိုရင်တောင်မှ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားအတွက် သူတို့ တစ်စုံတစ်ရာ အကောင်းဆုံးဖြစ်အောင်၊ လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန် အောင် သူတို့လုပ်လိမ့်မယ်ဆိုတာကို ကျနော်တို့ မျှော်လင့်တယ်။ ကျနော်တို့ရခဲ့တဲ့ အတွေ့အကြုံနဲ့ ထိုင်းရဲ့ အခြေ အနေနဲ့ ထိုင်းရဲ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်တဲ့အခါကျရင် ထိုင်းမှာ အာဏာသိမ်းခဲ့တာ ၁၀ ကြိမ် ကျော်သွားပြီ ပေါ့နော်။ ဒီအာဏာသိမ်းခြင်းဟာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ ကာလကြီးမှာ ခေတ်ကြီးမှာပေါ့ အာဏာ သိမ်းပြီးတော့ ၈ နှစ်လောက် အုပ်ချုပ်ခဲ့တဲ့ ဒီစစ်တပ်ကို ယုံလို့မရသေးဘူးပေါ့။ အချိန်မရွေးလည်း ဖြစ်လာနိုင် တယ်။ ဒါပေမယ့် သေချာတာတစ်ခုက ထိုင်းသည် ဘယ်အစိုးရပဲတက်တက် သူတို့က စီးပွားရေးကို နံပါတ်တစ် ထားတာ ဖြစ်တဲ့အတွက် နိုင်ငံရေးအရ ပြဿနာပေါင်းတစ်စုံတစ်ရာ ဖြစ်ခဲ့ရင်တောင် ထိုင်းသည် ကျနော်တို့ နိုင်ငံကဲ့သို့ စီးပွားရေး ချွတ်ခြုံကျသွားစရာအကြောင်းမရှိသလို ထိုင်းစစ်တပ်သည် အာဏာသိမ်းခဲ့တဲ့ အစဉ် အလာတစ်လျှောက်မှာလည်း သူ့ပြည်သူတွေကို မတရားသတ်ဖြတ်တာ၊ ဖမ်းဆီးချုပ်နှောင်တာမျိုးတွေ လုပ်ခဲ့တာ အင်မတန်နည်းတာပေါ့” ဟု ၎င်းက ပြောသည်။
ထိုင်းတွင် အစိုးရဖွဲ့စည်းရာ၌ လွှတ်တော်အမတ်နေရာ ၃၇၆ နေရာရှိသည့်အတွက် နေရာအများစု အနိုင်ရထား သည့် Move Forward နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးပါဝင်သည့် ဖြူးထိုင်းပါတီတို့ ပူးပေါင်းခဲ့သည် ရှိသော် လွှတ်တော်အမတ်နေရာ ၃၇၆ နေရာ မပြည့်သောကြောင့် နေရာပြည့်ရန်အတွက် အခြားပါတီများဖြင့်ပါ ပူးပေါင်းရမည်ဖြစ်သည်။
ထို့ကြောင့် ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် အမည်စာရင်းတင်သွင်းရာတွင် မည်သို့သော အနေအထား ဖြစ်လာမည်အား စောင့်ကြည့်ရမည်ဖြစ်ကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 788
CNI International News
ဘန်ကောက်၊ မေလ ၁၇
မကြာခင် သက်တမ်း ကုန်ဆုံးတော့မည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) သည် သူ၏ နိုင်ငံရေးအနာဂတ်နှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲဖြစ်သည်ဟု Bangkok Post သတင်းတွင် ဖော်ပြထားသည်။
တနင်္ဂနွေနေ့က အထွေထွေရွေးကောက်ပွဲ ပြီးဆုံးချိန်တွင် ၎င်းသည် အိမ်စောင့်အစိုးရ အစည်းအဝေး တစ်ရပ်ကို အင်္ဂါနေ့၌ ဦးဆောင် ကျင်းပခဲ့သည်။
နိုင်ငံရေးလောကမှ အနားယူမည်လားဟု သတင်းထောက်များက မေးမြန်းခဲ့ရာတွင် ပရာယွတ်က ပြုံးရယ်ကာ မပြောလိုကြောင်း ဖြေကြားခဲ့သည်။
နိုင်ငံရေးလောကအတွင်း ဆက်ရှိကာ United Thai Nation ပါတီတွင် ဆက်ရှိနေမလားဟူသော သတင်းထောက် များ၏ အမေးကိုလည်း ၎င်းက နှုတ်ခမ်းကို ခပ်တင်းတင်းစိကာ နှုတ်ဆိတ်နေခဲ့သည်။
ယခင်က အတိုက်အခံပါတီ တစ်ခုဖြစ်သော ဖြူးထိုင်း (Pheu Thai) ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် နေရာ အများဆုံး အနိုင်ရရှိခဲ့သော Move Forward ပါတီအား ပိတ်ဆို့ရန်အတွက် ယခင်အစိုးရဟောင်းမှ ပါတီများဖြင့် လက်တွဲသွားဖွယ် ရှိ/မရှိ မေးမြန်းခဲ့ရာတွင်လည်း ၎င်းက ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။
Move Forward ပါတီခေါင်းဆောင်နဲ့ ပါတီ၀င်များကိုတွေ့ရစဉ်
အင်္ဂါနေ့ အစိုးရအဖွဲ့ အစည်းအဝေးမှ ပြန်လည် ထွက်ခွာလာစဉ်တွင် ဝန်ကြီးချုပ်ပရာယွတ်က သတင်းထောက် များ၊ ပြည်သူများနှင့် တွေ့ဆုံကာ ၎င်းတို့အစိုးရအနေဖြင့် တာဝန်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရသစ် ဖွဲ့စည်းရေးတွင် အကောင်းဆုံး လုပ်ဆောင်သွားမည်ဟု ပြောခဲ့သည်။
ပြီးခဲ့သည့် နှစ်များအတွင်း ၎င်းနှင့် ၎င်း၏ အစိုးရတို့အပေါ် ထောက်ခံခဲ့သူများကိုလည်း ကျေးဇူးတင်ကြောင်း ပရာယွတ်က ပြောသည်။
တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ကြောင်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိ ခဲ့သည့် နိုင်ငံရေးပါတီများအတွက် ဂုဏ်ယူကြောင်းလည်း ပရာယွတ်က ပြောသည်။
အစိုးရသစ် ဖွဲ့စည်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း ပျော်ရွှင်နေကြောင်း ဝန်ကြီးချုပ်က ပြောကာ ပဋိပက္ခ ဖြစ်ပွားမှု မရှိဘဲ နိုင်ငံတွင်း တည်ငြိမ်မှု၊ စည်းလုံးမှုကို မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံရေးတိုးတက်ဖို့ ပူးပေါင်း ဆောင်ရွက်ရန် ထိုင်းနိုင်ငံသားများကို တိုက်တွန်းလိုသည်ဟုလည်း ပရာယွတ်၏ ပြောဆိုမှုတွင် ပါဝင်သည်။
ထိုင်းဝန်ကြီးချုပ်အဖြစ် ရေပန်းစားတဲ့ ဖြူးထိုင်းပါတီက ပေတုန်တန်ကိုတွေ့ရစဉ်
အင်္ဂါနေ့ အစိုးရအဖွဲ့ အစည်းဝေးကို ဝန်ကြီး ၁၃ ဦးလည်း ပျက်ကွက်ခဲ့သည်ဟု သိရသည်။
United Thai Nation သည် ပရာယွတ်က ဝန်ကြီးချုပ်လောင်းအဖြစ် လျာထားကာ တနင်္ဂနွေနေ့ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အဆင့် ၅ နေရာတွင် ရပ်တည်ခဲ့သည်။
ထို့ကြောင့် လွှတ်တော်တွင်း ၃၆ နေရာ ကိုသာ အနိုင်ရရှိခဲ့သည်။
ထိုအရေအတွက်က Move Forward ပါတီ၏ ၁၅၂ နေရာ၊ ဖြူးထိုင်း၏ ၁၄၁ နေရာတို့နှင့် ယှဉ်လျှင် များစွာ လျော့နည်းသည်။