CNI International News

ဆိုးလ်၊ မေလ ၁၈

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်သည် နိုင်ငံ၏ ပထမဆုံးသော စစ်ဘက်ထောက်လှမ်းရေး ဂြိုဟ်တုကို စစ်ဆေးကြည့်ရှုခဲ့ကာ ရှေ့ဆက်လုပ်ဆောင်ရန်ခွင့်ပြုပေးခဲ့သည်ဟု နိုင်ငံပိုင်သတင်းက မေ ၁၇ ရက်တွင် ထုတ်ပြန် ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြသည်။

ကင်မ်သည် ဂြိုဟ်တုလွှတ်တင်ရေး ကြိုတင်ပြင်ဆင်မှု ယာယီကော်မတီနှင့် အင်္ဂါနေ့တွင် တွေ့ဆုံကာ ဂြိုဟ်တုကို စစ်ဆေးခဲ့သည်ဟု KCNA သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သည့်လတွင် ကင်မ်က ဂြိုဟ်တုတည်ဆောက်ရေးကို အပြီးသတ်နိုင်ပြီဖြစ်ကြောင်း ပြောကာ လွှတ်တင်ရေး ဆက်လက်လုပ်ဆောင်ရန် ခွင့်ပြုခဲ့သည်။ ယခုသတင်းသည် မြောက်ကိုရီးယားဘက်က အခဲလောင်စာသုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ်ကို လွှတ်တင်နိုင်ခဲ့သည်ဟု ကြေညာခဲ့ပြီး တစ်ပတ်အကြာတွင် ပေါ်ပေါက် လာခြင်းဖြစ်သည်။

ယင်းက ၎င်းတို့အပေါ် ပိတ်ပင်ထားသော လက်နက်စီမံကိန်းများ၏ အထင်ကရ အောင်မြင်မှုလည်း ဖြစ်သည်။ သို့သော် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များနှင့် အာဏာသယာဉ် လွှတ်တင်ရေးအစီအစဉ်တို့အကြား နည်းပြ ပိုင်းဆိုင်ရာ ကွာဟမှုများစွာရှိသည်ဟု ပညာရှင်များက ပြောဆိုထားသည်။

အင်္ဂါနေ့တွင် ကင်မ်သည် ကော်မတီ၏ လုပ်ဆောင်ချက်များကို အသေးစိတ်ကြည့်ရှုလေ့လာခဲ့ပြီးနောက် စစ်ဘက်သုံးထောက်လှမ်းရေးဂြိုဟ်တုအမှတ် (၁)အား စစ်ဆေးခဲ့ကြောင်း၊ အထွေထွေ စစ်ဆေးမှုများနှင့် အာကာသပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယင်းကိုလွှတ်တင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း KCNA သတင်းတွင်ဖော်ပြသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ထိပ်တိုက်တွေ့ဆုံရန် လုပ်ရပ်များသည် ပိုမိုမြင့်တက်လာခြင်းကြောင့် မြောက်ကိုရီးယားအနေဖြင့် မိမိကိုယ်ကို ကာကွယ်ခွင့်အားအသုံးချသွားမည်ဟု ကင်မ်က စွပ်စွဲပြောဆိုခဲ့ဖူးသည်။ ယင်းနောက်တွင် ကင်မ်သည် ကြိုတင်ပြင်ဆင်မှုကော်မတီ၏ အနာဂတ်လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် ရန် ခွင့်ပြုပေးခဲ့သည်ဟု KCNA သတင်းတွင်ဖော်ပြထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်နှင့် သမီးဖြစ်သူ(ဓါတ်ပုံ-DW)

စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုသည် ၂၀၂၁ ခုနှစ်တွင် ကင်မ်ဖော်ပြခဲ့သော အရေးပါသည့် ကာကွယ်ရေး အစီအစဉ်များမှတစ်ခုဖြစ်သည်။ မြောက်ကိုရီးယားသည် ထောက်လှမ်းရေး ဂြိုဟ်တုလွှတ်တင်ရေးအတွက် အရေးပါသော နောက်ဆုံးအဆင့် စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ကင်မ်က ၂၀၂၂ ဒီဇင်ဘာတွင် ပြောခဲ့ သည်။ ယင်းကို ယခုနှစ် ဧပြီလတွင် အပြီးသတ်ရန် ရည်မှန်းခဲ့ခြင်းဖြစ်သည်။

ထိုစဉ်တုန်းက တောင်ကိုရီးယားဘက်မှ ကျွမ်းကျင်သူများသည် ဂြိုဟ်တုရလဒ်များနှင့်ပတ်သက်၍ သံသယ ရှိခဲ့ ကြကာ ဂြိုဟ်တုမှ ရိုက်သည်ဟု မြောက်ကိုရီးယားဘက်မှ ထုတ်ပြန်သော အဖြူအမဲ ဓာတ်ပုံများ၏ အရည် အသွေးသည် ညံ့ဖျင်းလွန်းသည်ဟု မှတ်ချက်ပြုခဲ့သည်။

လက်ရှိအချိန်အထိ မြောက်ကိုရီးယားဘက်က ဂြိုဟ်တုလွှတ်တင်မည့်အချိန်ကို မဖော်ပြသော်လည်း ဂြိုဟ်တုကို စီစဉ်ထားသည့်အတိုင်း လွှတ်တင်သွားမည်ဟု ပြီးခဲ့သည့်လတွင် ကင်မ်က ပြောသည်။

မြောက်ကိုရီးယားက ၎င်းတို့သည် မပြောင်းလဲနိုင်သော နျူကလီးယားပိုင်ရှင်နိုင်ငံဖြစ်သည်ဟု ပြီးခဲ့သည့်လတွင် ကြေညာခြင်းဖြင့် နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးပွဲများကို အဆုံးသတ်စေခဲ့သည်။ မြောက်ကိုရီးယား အနေ ဖြင့် တရုတ်နှင့်ရုရှားတို့မှ နည်းပညာနှင့် အရည်အသွေးမြင့် နည်းပညာအကူအညီမလာလျှင် ဂြိုဟ်တု လွှတ်တင် ရေးတွင် ရုန်းကန်ရလိမ့်မည်ဟု ပညာရှင်များက သုံးသပ်ထားသည်။

Source:ChannelNewsAsia