CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၈

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ (၁၇)ကြိမ်မြောက် ကွန်ဂရက်ကနေ နှုတ်ထွက်ခဲ့ခြင်းသည် KNU ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လမ်းစဉ်များအောက်မှ ခွဲထွက်သွားခြင်း မဟုတ်ကြောင်း KNU တပ်မဟာ (၅)က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မေလအစောပိုင်းက ကျင်းပခဲ့သည့် KNU ကွန်ဂရက်မှာ အခမ်းအနားအတွင်းမှာ တပ်မဟာ ၅ ကိုယ်စားလှယ်များ ထွက်ခွာခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ(၅)က “KNU ၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်မှ နှုတ်ထွက် လိုက်ခြင်းသည် KNU ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လမ်းစဉ်များအောက်မှ ခွဲထွက်သွားခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့၏ အဓိက လိုလားချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လမ်းစဉ်များအောက်မှ KNU အဖွဲ့အစည်း၏ အနာဂတ်ဦးဆောင်မှု ပိုမို ကောင်းမွန် ခိုင်ခံရန်၊ လူထုတစ်ရပ်လုံး၏ ယုံကြည်ထောက်ခံမှုကို ရရှိရန်နှင့် ကရင်တစ်မျိုးသားလုံး၏ စည်းလုံး ညီညွတ်မှု ပိုမိုအားကောင်းလာရန်သာ ဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU ထိပ်သီး ခေါင်းဆောင်အချို့သည် အာဏာကို အလွှဲသုံးစားလုပ်၍ ဒုစရိုက်စီးပွားရေး လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေကြောင်း ခိုင်လုံသော အထောက်အထားများအရ သိရှိရချိန်နှင့် ရန်သူက ဂုဏ်ပြုချီးမြှင့်သည့် ဂုဏ်ထူး ဆောင်ဆုကို KNU ဥက္ကဋ္ဌက လက်ခံခဲ့သည့်အပေါ် လွန်စွာဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU တပ်မဟာ(၅)၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

အဆိုပါ လုပ်ရပ်နှစ်ခုလုံးမှာ KNU ၏ စည်းမျဉ်းဥပဒေနှင့် ရပ်တည်ချက်အား ချိုးဖောက်သည်ကို ငြင်းနိုင်ဖွယ် မရှိ ကြောင်း တပ်မဟာ ၅ က ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက်၍ KNU မှ တာဝန်ရှိ ပုဂ္ဂိုလ်များထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

တပ်မဟာ(၅)သည် ကွန်ဂရက်က နှုတ်ထွက်ခဲ့သော်လည်း KNU ဦးဆောင်မှုအောက်ကနေ ခွဲထွက်မှာ မဟုတ်ဟု မြင်မိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းစိုးနိုင်က “NCA ကို တောက်လျှောက် ဖက်တွယ်လာတဲ့ စောမူတူးစေးဖိုးကို ဖယ်ရှားပြီးတော့ ဒုဥက္ကဋ္ဌက တက်လာတယ်၊ သို့သော်ငြားလည်း ဒုဥက္ကဋ္ဌလည်းပဲ သိပ်ပြီးတော့ မူတူးစေးဖိုးနဲ့ သဘောထား မကွာလှတဲ့ ပုဂ္ဂိုလ် တစ်ယောက်လို့ ပြောကြပါတယ်။ အဲဒီတော့ KNU ထဲမှာ အဲဒီလို အနေအထားတွေ သဘောထား ကွဲပြားမှုတွေ ရှိ တာက အဓိက အကြောင်းအရင်းအချက်ပါ တစ်ခုက NCA စာချုပ်ကို လက်ခံလား၊ လက်မခံဘူးလား၊ နောက်တစ်ခု က နယ်စပ်မှာရှိနေတဲ့ မူးယဇ်ဆေးဝါးနဲ့ လောင်းကစားဝိုင်းတွေ လုပ်နေတဲ့ လုပ်ငန်းတွေမှာ KNU ခေါင်းဆောင် တွေ ပါဝင်ပတ်သက်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မကျေလည်တဲ့ တပ်မှူးတွေ ရှိပါတယ်၊ အဲဒီတော့ အခု တပ်မဟာ ၅ က နှုတ်ထွက်တယ်လို့ ပြောပေမယ့်၊ အခု အပြောင်းအလဲအောက်မှာ တပ်မဟာ ၅ အနေနဲ့ KNU တစ်ခုလုံးရဲ့ ခေါင်းဆောင်မှု အောက်ကနေပြီးတော့ ခွဲထွက်သွားဦးမှာ မဟုတ်ဘူးလို့ ကျနော်ကတော့ ယူဆပါတယ်” ဟု ပြော သည်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကိုတွေ့ရစဉ်

ထိုကိစ္စကို (၁၇)ကြိမ်မြောက် ကွန်ဂရက်မတိုင်မီ စစ်ဆေးဖြေရှင်းခြင်းက အသင့်တော်ဆုံးဟု ယူဆကာ အရေးယူ ဆောင်ရွက်ရန် KNU ဗဟိုထံ တင်ပြခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းက တရားဥပဒေစိုးမိုးရေးကို ထင်ဟပ်စေသလို အဖွဲ့အစည်း၏ မူဘောင်လမ်းစဉ်နှင့် ကိုက်ညီသည့် ပြဿနာဖြေရှင်းခြင်း နည်းလမ်းဖြစ်ကြောင်း ဖော်ပြ ထားသည်။

အဆိုပါ ကိစ္စအား ဖြေရှင်းခြင်း မရှိပါက ကွန်ဂရက်အား တက်ရောက်မည် မဟုတ်ကြောင်းနှင့် ရွေးကောက်ပွဲ ကွန်ဂရက်အား အဆောတလျင် ဆောင်ရွက်ရန် လိုအပ်သည်ဟု ကိုယ်စားလှယ်အများစု ယူဆပါက မိမိတို့အနေ ဖြင့် ကန့်ကွက်ဆန့်ကျင်မည် မဟုတ်ကြောင်း ပြောသည်။

KNU တပ်မဟာ ၅ ၏ ရပ်တည်ချက်သည် မိမိတို့ အဖွဲ့အစည်းနှင့် လူမျိုးတို့၏ စည်းလုံးညီညွတ်မှု၊ လိုအင်ဆန္ဒနှင့် တော်လှန်ရေး အောင်မြင်ရေးအတွက် ကောင်းမွန်သော အားထုတ်ကြိုးစားမှုသမိုင်းကို ရေးသွားရန်သာ ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်‌၊ ဖေဖော်ဝါရီ ၁ ရက် မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက် ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တပ်မတော် အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။