CNI International News

အစ္စလာမ္မာဘတ်၊ မေလ ၁၈

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း (Imran Khan) ၏ အိမ်ကို ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် လာဝိုင်းခဲ့သည် ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

မကြာသေးခင်က ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆန္ဒပြမှုများနှင့် ပတ်သက် နေသူများကို ဝန်ကြီးချုပ်ဟောင်းက နေအိမ်တွင် ခိုလှုံခွင့် ပေးထားသည်ဆိုသည့် စွပ်စွဲချက်ကြောင့် ဖြစ်သည်။

ရဲတပ်ဖွဲ့ လာဝိုင်းခြင်းက ခမ်းအား ထောက်ခံသူများကို စိတ်ဆိုးစေနိုင်ကာ ၎င်းတို့နှင့် လုံခြုံရေး တပ်ဖွဲ့များအကြား ပဋိပက္ခများ ပိုမိုဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်မှုများ မြင့်တက်လာသည်။

ပြီးခဲ့သည့် သီတင်းပတ် ခမ်းအား ရုံးတင် စစ်ဆေးမှုမှ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ၎င်းကို ထောက်ခံသူများက ပြည်သူပိုင် အဆောက်အဦများနှင့် စစ်ဘက် အဆောက်အဦများကို တိုက်ခိုက်ခဲ့သည်။

သို့သော် ဝန်ကြီးချုပ်ဟောင်းသည် သီတင်းပတ် ကုန်ပိုင်းတွင် ပြန်လွှတ်လာခဲ့ကာ ပန်ဂျပ် (Punjab) ပြည်နယ်၊ မြို့တော် လာဟိုး (Lahore) နေအိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ခမ်းက ဗုဒ္ဓဟူးနေ့တွင် ၎င်း၏အိမ်ကို ရဲအင်အား ၂၀၀ ခန့် လာဝိုင်းခဲ့ကာ ထောင်ကားတစ်စီးပါ ပါဝင်သည်ဟု တွစ်တာတွင် ရေးသားခဲ့သည်။

ထပ်မံ အဖမ်းမခံရခင် နောက်ဆုံး တွစ်(ရေးသားချက်)ဖြစ်နိုင်ကြောင်း၊ ရဲများက အိမ်ကို လာဝိုင်းနေကြောင်း ခမ်း၏ တွစ်တာတွင် ဖော်ပြထားသည်။

အီမရန်ခမ်းရဲ့ PTI ပါတီထောက်ခံသူကိုတွေ့ရစဉ်

ခမ်း အနေဖြင့် ၎င်း၏အိမ်တွင် ပုန်းအောင်းနေသူ အယောက် ၄၀ ကို ရဲလက် အပ်ရန် ၂၄ နာရီ အချိန်ရကြောင်း၊ ထိုသို့မဟုတ်လျှင် ဝင်ရောက် စီနင်းခံရမည်ဖြစ်ကြောင်း ပန်ဂျပ်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အေမာမား (Amir Mir)က ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ပြောခဲ့သည်။

အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့သူ ၃၄၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီ ဖြစ်ကြောင်းနှင့် နောက်ထပ် ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်ရန် စီစဉ်ထားကြောင်းလည်း အေမာမားက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောခဲ့သည်။

ပေးထားသော ၂၄ နာရီ မပြည့်မခြင်း ကြာသပတေးနေ့အထိ ခမ်း၏ အိမ်အား စီးနင်းမှု လုပ်ဆောင်သွားမည် မဟုတ်ကြောင်း မားက ပါကစ္စတန်ရုပ်သံ တစ်ခုကိုပြောခဲ့သည်။

ထို့နောက် ခမ်း၏ တွစ်တာတွင် ရေးသားခဲ့သလို ဖမ်းဆီးခြင်းလည်း မရှိသေးဟု ၎င်းက ငြင်းဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့ညအထိ ခမ်း၏ အိမ်အနီးတွင် အခြေအနေများ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ မကြာသေးခင်က ဖြစ်ပွား ခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သူများကို စစ်ခုံရုံးတွင် တရားစီရင်သွားမည်ဟု ပါကစ္စတန် အာဏာပိုင်များက ပြောဆိုထားသည်။

ရဲတပ်ဖွဲ့ကိုတွေ့ရစဉ်

ယခုကဲ့သို့ ဖြစ်ရပ်များ နောက်တစ်ကြိမ် ထပ်မဖြစ်ရန်လည်း မဖြစ်မနေ တားဆီးရမည်ဟု ပါကစ္စတန် စစ်ဦးစီးချုပ် က တပ်ဖွဲ့များကို ပြောခဲ့သည်။

ပါကစ္စတန် စစ်တပ်၏ တရားစီရင်ရေးများကို တံခါးပိတ် ပြုလုပ်လေ့ရှိပြီး စိတ်ကြိုက် ရှေ့နေငှားခြင်း အပါအဝင် အခြေခံ အခွင့်အရေးများကိုလည်း ပိတ်ပင်ထားသည်။

ထို့ကြောင့် အစိုးရ၏ အစီအစဉ်နှင့် ပတ်သက်၍ လူ့အခွင့်အရေး အဖွဲ့အစည်းများက သတိပေးမှုများ လုပ်ဆောင် ထားသည်။

ခမ်းအား ဖမ်းဆီး ထိန်းသိမ်းမှုကြောင့် ဖြစ်သော ဆန္ဒပြပွဲများတွင် ခမ်းအား ထောက်ခံသူများသည် ယာဉ်များ၊ အဆောက်အဦများကို မီးရှို့ခြင်း၊ စစ်သား၊ ရဲနှင့် အဖွဲ့အစည်းပိုင် အဆောက်အဦများကို တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

ထိုဖြစ်စဉ်များကြောင့် လူ ၁၀ ဦး သေဆုံးကာ ၄၀၀၀ ကျော် ဖမ်းဆီးခံထားရသည်။

Source: AP