
- By CNI
- Category: နိုင်ငံရေး
- Hits: 2419
CNI International News
ဘန်ကောက်၊ ဇွန်လ ၆
ဒုတိယဝန်ကြီးချုပ်ဟောင်း ဝစ္စနူ ကရီယာနမ် (Wissanu Krea-ngam) အား လစာငွေနှင့် ပိုင်ဆိုင်မှုများ ကြေညာ ခြင်းမရှိသည့်တိုင် အစိုးရ၏ တရားဝင် ရာထူးနေရာ မဟုတ်ဘဲ ၎င်း၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့မှုအပေါ် ဖြေရှင်းရန် အသင့်ရှိကြောင်း ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ပရာယွတ် (Prayut) အစိုးရအဖွဲ့အတွင်း ၈ နှစ်ကြာ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝစ္စနူအား အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်မှုကို လွှတ်တော်အမတ်များက ကျေနပ်ခြင်းမရှိခဲ့ဘဲ ထိုခန့်အပ်မှုသည် ပါတီ၏ တရားရေးကျွမ်းကျင်သူများကို ကျော်လွန်ပြီး အပြင်လူတစ်ဦးကို ခန့်အပ်ခြင်းဖြစ်သည်ဟု ရှုမြင်ခံခဲ့ ရသည်။
လက်ရှိတွင် ဝစ္စနူသည် ဆရီသာကို အထက်လွှတ်တော်အမတ် ၄၀ က တရားစွဲဆိုထားသည့် အမှုကို ပြန်လည် ချေပမည့် လျှောက်လှဲချက်ကို စစ်ဆေးနေပြီး ဇူလိုင် ၁၀ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းရန် ပြင်ဆင်လျက်ရှိသည်။
ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်း ဝစ္စနူ ကရီယာနမ်ကို တွေ့ရစဉ်
ဆရီသာသည် အဂတိလိုက်စားမှု အမည်းစက်ရှိခဲ့သည့် ပီချစ် ချူအန်ဘန် (Phichit Chuenban) အား ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့မှုကြောင်း အထက်လွှတ်တော် အမတ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးတွင် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။
ထိုအမှု စတင်ပေါ်ပေါက်ခဲ့ချိန်ကတည်းက ပီချစ်သည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
ဆရီသာက သူသည် ဝစ္စနူ၏ ရာထူးခန့်အပ်မှုနှင့်ပတ်သက်ပြီး ၎င်း၏ ဖြူးထိုင်းပါတီအတွင်း ၎င်းအား ရှုတ်ချပြော ဆိုသူများနှင့် ထိပ်တိုက်တွေ့မည့်အရေးမှ ရှောင်လွှဲရန်အတွက် ဖြူးထိုင်းပါတီ အစည်းအဝေးကို တက်ရောက်မည် ဖြစ်ကြောင်း၊ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြူးထိုင်းပါတီ၏ လွှတ်တော်ကိုယ်းစားလှယ်များကို ရှင်းလင်းတင်ပြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်း၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ပါတီ၏ လွှတ်တော်အမတ်အချို့က ကျေနပ်ခြင်း မရှိခဲ့သဖြင့် ၎င်းတွင် ဖြေရှင်းရန် တာဝန်ရှိကြောင်း၊ သို့မှသာ အတူတကွ ဆက်လက် လက်တွဲလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဆရီသာ က ပြောကြားခဲ့သည်။
ပေတုန်တန်ကို တွေ့ရစဉ်
ဆရီသာသည် တရားရေး ကိစ္စများနှင့်ပတ်သက်ပြီး ၎င်းအား အကူအညီပေးရန် ဝစ္စနူကို ချဉ်းကပ်ရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ပြီး အစောပိုင်းက ဝစ္စနူကို ဒုတိယဝန်ကြီးချုပ် ရာထူးကိုပင် ကမ်းလှမ်းခဲ့ဖူးသည်။
သို့သော်လည်း ဝစ္စနူက ဒုတိယဝန်ကြီးချုပ် ရာထူးနေရာကို ငြင်းဆိုခဲ့ပြီး တရားဝင် ရာထူးနေရာ သို့မဟုတ် အစိုးရ လစာငွေကို မယူဘဲ အကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ဆောင်မည်ဟု သဘောတူခဲ့သည်။
ဇွန်လ ၄ ရက်က ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ဝစ္စနူအား ရာထူးခန့်အပ်မှုနှင့်ပတ်သက်ပြီး ပါတီဌာနချုပ်တွင် ပြုလုပ်သည့် အစည်းအဝေးအတွင်း အခြေအနေကို တင်းမာမှု လျှော့ချရန် ကြိုးပမ်းခဲ့သည်။
ပါတီ၏လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဝစ္စနူအား ခန့်အပ်မှုကို လက်ခံရန်နှင့် ၎င်းအား နားလည်ပေးရန် တိုက်တွန်းခဲ့ပြီး ပါတီဝင်များအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ရှေ့ဆက်လက်တွဲ လုပ်ဆောင်သွားကြရန် ပေတုန်တန်က ပြောကြားခဲ့သည်။
Source: Thai PBS World

- By CNI
- Category: နိုင်ငံရေး
- Hits: 1281
CNI International News
နယူးဒေလီ၊ ဇွန်လ ၆
အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ဇွန်လ ၈ ရက် ၌ တတိယသက်တမ်းအတွက် ကျမ်သစ္စာကျိန်ဆိုရန် စီစဉ်ထားကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
၂၀၁၄ ခုနှစ်တွင် အာဏာရလာခဲ့ပြီးကတည်းက အိန္ဒိယနိုင်ငံရေးလောကကို လွှမ်းမိုးခဲ့သည့် မိုဒီသည် ယခု တစ်ကြိမ် ရွေးကောက်ပွဲတွင် ၎င်း၏ BJP ပါတီက လူများစုနေရာကို မရရှိခဲ့သဖြင့် မဟာမိတ်ပါတီများ၏ အကူအညီကို ပထမဆုံးအကြိမ် ရယူရမည်ဖြစ်သဖြင့် အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲမှုများကို ရှုပ်ထွေးစေဖွယ် ရှိသည်။
မေလ ၅ ရက်က မိုဒီ၏ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် ညွန့်ပေါင်း (NDA) အတွင်းမှ အန်ဒရာ ပရာဒေ့ရှ် (Andhra Pradesh) ပြည်နယ်၏ အဓိကပါတီဖြစ်သည့် Telugu Desam (TDP) ပါတီနှင့် ဘီဟာ (Bihar) ပြည်နယ်မှ Janata Dal ပါတီများက မိုဒီ၏ BPJ ပါတီကို ကူညီပေးသွားမည်ဟု ကတိပြုခဲ့ကြသည်။
BJP ပါတီကို တွေ့ရစဉ်
“ကျနော်တို့က NDA အဖွဲ့ထဲမှာ ဖြစ်ပါတယ်။ ဒေလီမှာပြုလုပ်မယ့် အစည်းအဝေးကို ကျနော်တက်မှာပါ” ဟု TDP ပါတီခေါင်းဆောင် ချန်ဒရာဘာဘူ နာအီဒူ (Chandrababu Naidu) က သတင်းထောက်များကို ပြောကြားခဲ့သည်။
မိုဒီသည် အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ရန်အတွက် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံလုပ်ထုံး လုပ်နည်းများထဲမှ တစ်ခုအဖြစ် လွှတ်တော်ကို ဖျက်သိမ်းပြီး လက်ရှိ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်စာကို သမ္မတ ဒရူပါဒီ မာမူ (Droupadi Murmu) ထံသို့ တင်သွင်းခဲ့သည်။
ထို့နောက် မိုဒီနှင့် ၎င်း၏ အစိုးရအဖွဲ့သစ်သည် ဇွန်လ ၈ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုလိမ့်မည်ဟု ဒေသခံမီဒီယာ များက ဖော်ပြခဲ့သည်။
မိုဒီ၏ BJP ပါတီပါဝင်သည့် NDA ညွန့်ပေါင်းအဖွဲ့သည် အစိုးရဖွဲ့ရန် လိုအပ်သည့် နေရာ ၂၇၂ နေရာထက် ကျော်လွန်ပြီး ၅၄၃ နေရာရှိသော အောက်လွှတ်တော်တွင် ၂၉၃ နေရာအထိ ရရှိခဲ့သည်။
ထိုနေရာ ၂၉၃ နေရာအနက် မိုဒီ၏ BJP ပါတီ တစ်ခုတည်းက နေရာ ၂၄၀ ကို ရရှိခဲ့ခြင်းဖြစ်သည်။
မိုဒီကို တွေ့ရစဉ်
ထိုပမာဏသည် BJP ပါတီအတွက် အစိုးရဖွဲ့နိုင်ရန် လုံလောက်သည့် နေရာ အရေအတွက်ကို ပြည့်မီခဲ့ခြင်း မရှိသဖြင့် မဟာမိတ်ပါတီများ၏ အကူအညီများကို ရယူရမည်ဖြစ်သည်။
၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် BJP ပါတီသည် နေရာ ၃၀၃ နေရာအထိ ရရှိခဲ့သဖြင့် ယခုနှစ် ရွေးကောက်ပွဲ၌ နေရာ ၂၄၀ သာ ရရှိခဲ့ခြင်းကြောင့် ထောက်ခံမဲ အရေအတွက် သိသိသာသာ လျော့ကျခဲ့ခြင်းလည်း ဖြစ်သည်။
အဓိက အတိုက်အခံပါတီဖြစ်သည့် India National Congress (INC) နှင့် အတိုက်အခံ ညွန့်ပေါင်းအဖွဲ့သည် နေရာ ၂၃၄ နေရာကို ရရှိခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 1054
CNI International News
ဘေရွတ်၊ ဇွန်လ ၆
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော်အနီးရှိ အမေရိကန်သံရုံး အပြင်ဘက်တွင် ဇွန်လ ၅ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သံရုံးလုံခြုံရေးအစောင့်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် သေနတ်သမားကို လက်ဘနွန်စစ်သားများက ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အစ္စရေးနှင့် လက်ဘနွန်နယ်စပ်တွင် ဟစ်ဇ်ဘိုလာ စစ်သွေးကြွများနှင့် အစ္စရေးစစ်သားများအကြား လနှင့်ချီ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် လက်ဘနွန်နိုင်ငံအတွင်း တင်းမာမှုများ မြင့်တက်နေ ချိန်၌ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သံရုံးအပြင်ဘက်တွင် ပစ်ခတ်ခဲ့သူသည် ဆီးရီးယားနိုင်ငံသား တစ်ဦးဖြစ်ကြောင်း လက်ဘနွန်စစ်တပ်က ထုတ်ပြန်ခဲ့ပြီး စစ်သားများ၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဒဏ်ရာရသွားခဲ့သည့် ထိုသေနတ်သမားကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ဘနွန်စစ်သားများကို တွေ့ရစဉ်
ပစ်ခတ်မှုကျူးလွန်ခဲ့သည့် အဓိက အကြောင်းရှင်းကို ရှင်းလင်းစွာ မသိရသေးဘဲ လက်ဘနွန်မီဒီယာများ က ထုတ်ပြန်သည့် ဓာတ်ပုံများထဲတွင်မူ သွေးစွန်းနေသည့် သေနတ်သမားသည် Islamic State ဆိုသည့် စကားလုံးကို အာရဗီဘာသာစကားဖြင့် ရေးသားထားပြီး အင်္ဂလိပ်ဘာသာစကားဖြင့် IS ဟု ရေးသားထား သည့် အနက်ရောင် အင်္ကျီကို ဝတ်ဆင်ထားကြောင်း ဖော်ပြထားသည်။
ထိုပစ်ခတ်မှုကို သေနတ်သမားတစ်ဦးတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်သည် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
လူမှုမီဒီယာများတွင် ပျံ့နှံ့ခဲ့သည့် ဗွီဒီယိုထဲ၌ သေနတ်သမားသည် သံရုံး၏ ဝင်ပေါက်ရှိ ကားပါကင်မှာ ချေမှုန်းရေးရိုင်ဖယ်ဖြင့် ပစ်ခတ်နေသည့် မှတ်တမ်းကို ဖော်ပြထားသည်။
ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သံရုံးက သံရုံးဝန်ထမ်းများ ဘေးကင်းလုံခြုံကြောင်း ကနဦး ထုတ်ပြန်ခဲ့ပြီး လက်ဘနွန်စစ်သားများနှင့် သံရုံးလုံခြုံရေး အစောင့်များကို လျင်မြန်စွာ ဖြန့်ကြက်ချထားခဲ့ သည်။
လက်ဘနွန်စစ်သားများကို တွေ့ရစဉ်
ထိုပစ်ခတ်မှုကြောင့် သံရုံးလုံခြုံရေး အစောင့်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူက နောက်ပိုင်းတွင် ထပ်မံထုတ်ပြန်ခဲ့သည်။
အဆိုပါ သံရုံးလုံခြုံရေးဝန်ထမ်း၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို လေးစားသည့် အနေဖြင့် အသေး စိတ် အချက်အလက်များကို ထပ်မံထုတ်ပြန်မည် မဟုတ်ကြောင်း၊ ထိုသံရုံးလုံခြုံရေးဝန်ထမ်းသည် အမြန်ဆုံး ပြန်လည်သက်သာစေရန် မိမိတို့ ဆုတောင်းကြောင်း အမည်မဖော်လို့သည့် အမေရိကန်သံရုံး ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ် မီကာတီ (Najib Mikati) ၏ ရုံးမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး အပါအဝင် စစ်တပ်မှ တပ်မှူးတို့နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 1759
CNI International News
တိုင်ပေ၊ ဇွန်လ ၅
တီအန်မင်ရင်ပြင် (Tiananmen Square) ဖြိုခွင်းခံရသည့် ဖြစ်စဉ်သည် ထာဝရတည်ရှိနေမည့် သမိုင်းဝင်ဖြစ်စဉ် တစ်ခုအဖြစ် ဆက်လက် တည်ရှိနေစေရန် ကြိုးစားလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တေ(Lai Ching-te)က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
လိုင်သည် ဘေကျင်း (Beijing) မြို့တော်ရှိ ၁၉၈၉ ခုနှစ် တီအန်မင်ရင်ပြင် ဖြိုခွင်းခံရသည့် ၃၅ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
၁၉၈၉ ခုနှစ်၊ ဇွန်လ ၄ ရက်က တရုတ်စစ်သားများသည် တီအန်မင်ရင်ပြင်တွင် ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများကို ပြင်းပြင်းထန်ထန် ဖြိုခွင်းခဲ့သည်။
တရုတ်နိုင်ငံအတွင်း၌ ထိုဖြစ်စဉ်ကို လူသိရှင်ကြား ပြောကြားခြင်းမှ တားမြစ်ပိတ်ပင်ထားပြီး နှစ်ပတ်လည် အထိမ်းအမှတ်လည်း ပြုလုပ်ခြင်းမရှိပေ။
တီအန်မင်ရင်ပြင် ဖြိုခွင်းခံရမှုကိုတွေ့ရစဉ်
တီအန်မင်ရင်ပြင် ဖြိုခွင်းခံရမှု နှစ်ပတ်လည် အထိမ်းအမှတ်များကို ထိုင်ဝမ်၏ တိုင်ပေ (Taipei) မြို့တော် အပါအဝင် အခြားနိုင်ငံများရှိ မြို့များတွင် ပြုလုပ်ခဲ့ကြသည်။
ထိုနှစ်ပတ်လည် အထိမ်းအမှတ်များသည် တရုတ်အစိုးရကို ဝေဖန်ရန်နှင့် တရုတ်အနေဖြင့် ၎င်းတို့လုပ်ဆောင်ခဲ့ သည့် လုပ်ရပ်များအား ရင်ဆိုင်ရန် တောင်းဆိုသည့် သဘောဖြစ်ကြောင်း ထိုင်ဝမ်အစိုးရ ခေါင်းဆောင်များက ပြောကြားခဲ့သည်။
အာဏာရှင်စနစ်ကို လွတ်လပ်ခွင့်နှင့် တုန့်ပြန်ရန် အရေးကြီးကြောင်း၊ ဇွန်လ ၄ ရက်နေ့ ဖြစ်စဉ်သည် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ကြောင်း လိုင်က facebook တွင် ရေးသားဖော်ပြခဲ့သည်။
"ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဟာ လွယ်လွယ် မရဘူးဆိုတာနဲ့ အာဏာရှင်စနစ်ကို လွတ်လပ်ခွင့်နဲ့ တုန့်ပြန်ပြီး ဒီမိုကရေစီစနစ်ကို အများသဘောနဲ့ ထူထောင်ရမည်ဆိုတာကို ဒီဖြစ်စဉ်က ကျနော်တို့ကို သတိပေးနေပါတယ်" ဟု လိုင်က ရေးသားခဲ့သည်။
တီအန်မင်ရင်ပြင် အရေးအခင်းတွင် အမျိုးသားတစ်ဦး တင့်ကားတွေရှေ့ ရပ်ကာ ဆန့်ကျင်နေစဉ်
ထို့ပြင် ဇွန်လ ၄ ရက်နေ့ ဖြစ်စဉ်သည် သမိုင်းမှ ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း၊ ထိုကဲ့သို့ သမိုင်းဝင် ဖြစ်စဉ်ကို ထာဝရတည်ရှိနေစေရန်နှင့် တရုတ်၏ ဒီမိုကရေစီကို အလေးထားသူများအား လက်ဆင့်ကမ်းရန် အပြင်းအထန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း လိုင်က ရေးသားခဲ့သည်။
တရုတ်အစိုးရကမူ လိုင်ကို အန္တရာယ်များသည့် ခွဲထွက်ဝါဒီ တစ်ဦးဖြစ်ကြောင်း ကြေညာထားပြီး လိုင်၏ ခွဲထွက်ရေးဝါဒကို အပြစ်ပေးသည့်အနေဖြင့် ပြီးခဲ့သည့်လအတွင်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီး စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
လိုင်နှင့် ထိုင်ဝမ်အစိုးရကမူ ထိုင်ဝမ်သည် တရုတ်၏ နယ်နိမိတ် မဟုတ်ကြောင်းနှင့် ထိုင်ဝမ်ကျွန်း၏ အနာဂါတ်ကို ထိုင်ဝမ်ဒေသခံများကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1091
CNI International News
နယူးဒေလီ၊ ဇွန်လ ၅
အိန္ဒိယ၏ LGBTQ အသိုင်းအဝိုင်းအတွင်း ဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် ၎င်း၏ BJP ပါတီကို အခိုင်အမာ ထောက်ခံခဲ့ကြကြောင်း လိင်တူစုံမက်သူများ ချိန်းတွေ့သော အက်ပလီကေးရှင်းတစ်ခုက ပြုလုပ်သည့် စစ်တမ်း တစ်ရပ်ကို ကိုးကားပြီး australia today သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဧပြီ ၁၇ ရက်မှ ဧပြီ ၂၅ ရက်အတွင်း ပြုလုပ်ခဲ့သည့် အဆိုပါ စစ်တမ်းသည် အထွေထွေရွေးကောက်ပွဲ မတိုင်မီ LGBTQ+ အသိုင်းအဝိုင်းအကြား နိုင်ငံရေးထောက်ခံမှုကို သိရှိနားလည်စေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်တမ်းတွင် LGBTQ+ အသိုင်းအဝိုင်းအတွင်း နိုင်ငံရေးပါတီများကို ထောက်ခံမှုအပိုင်း၌ မတူကွဲပြားသည့် ရလဒ်များ ပေါ်ထွက်ခဲ့သည်။
အိန္ဒိယရွေးကောက်ပွဲ ရလဒ် အညွန်းကို ပြသထားစဉ်
စစ်တပ်တွင် ပါဝင်ဖြေဆိုသည့် LGBTQ+ အသိုင်းအဝိုင်းအတွင်း BJP ပါတီကို ထောက်ခံမှုနှုန်း ၅၀ ဒသမ ၉ ရာခိုင်နှုန်း၊ INC ပါတီကို ထောက်ခံမှုနှုန်း ၂၅ ဒသမ ၆ ရာခိုင်နှုန်း၊ AAP ပါတီကို ထောက်ခံမှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့သည်။
ကျန်သည့် ပါတီများအား ထောက်ခံမှုနှုန်းမှာ ၃ ရာခိုင်နှုန်း အောက်သာရှိသည်ကို စစ်တမ်းတွင် ဖော်ပြခဲ့သည်။
ထိုရလဒ်များအရ ယခင်က ရှေးရိုးစွဲပါတီအဖြစ် ယူဆခံထားရသည့် BJP ပါတီသည် နိုင်ငံရေးအဟုန် ပြောင်းလဲမှု ကြောင့် LGBTQ+ အသိုင်းအဝိုင်းအကြား ထောက်ခံမှုများ ရရှိခဲ့သည့်အချက်ကို မီးမောင်းထိုးပြသရာ ရောက်ခဲ့ သည်။
LGBTQ+ အသိုင်းအဝိုင်းအကြား BJP ပါတီအား ထောက်ခံမှု မြင့်တက်စေခဲ့သည့် အခြား အကြောင်းအရာ များလည်း ရှိနေသည်။
မိုဒီကို တွေ့ရစဉ်
ထိုအကြောင်းအရာများမှာ မိုဒီ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ၊ လူမှုမီဒီယာကို အသုံးပြုပြီး လူထုနှင့် ထိတွေ့ဆက်ဆံမှု၊ ခိုင်မာသည့် ခေါင်းဆောင်မှုအပိုင်း၊ အောက်ခြေအဆင့်အထိ ဆင်းပြီးထိတွေ့ဆက်ဆံမှုပြုခြင်း အစရှိသည့် အချက်များက LGBTQ+ အသိုင်းအဝိုင်းအကြား BJP ပါတီကို ထောက်ခံမှု မြင့်တက်စေခဲ့ခြင်းဖြစ် သည်။
ထို့ပြင် LGBTQ+ အသိုင်းအဝိုင်းအကြား ယခင်က လက်ဝဲယိမ်းပါတီများ သို့မဟုတ် တိုးတက်ပြောင်းလဲရေး ပါတီများကိုသာ အစဉ်အဆက် ထောက်ခံလာခဲ့ခြင်းမှ ယခုကဲ့သို့ ဟိန္ဒူအမျိုးသားရေးပါတီကို ထောက်ခံ လာခြင်းသည် အံ့အားသင့်ဖွယ် ပြောင်းလဲမှု ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ ယခုပြုလုပ်သည့် စစ်တမ်းသည် LGBTQ+ အသိုင်းအဝိုင်းတွင် အမျိုးသမီးချင်း ချစ်ကြိုက်သည့် lesbians များကဲ့သို့ လိင်တူစုံမက်သည့် မတူကွဲပြားသော အုပ်စုအများအပြား ပါဝင်ခဲ့ခြင်းမရှိကြောင်း australia today သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
Source: Australia today

- By CNI
- Category: နိုင်ငံရေး
- Hits: 2005
CNI International News
မက္ကဆီကိုစီးတီး ၊ ဇွန်လ ၄
မက္ကဆီကိုနိုင်ငံတွင် ကျင်းပသည့် သမ္မတရွေးကောက်ပွဲ၌ အမျိုးသမီး ကိုယ်စားလှယ်လောင်း ကလော်ဒီယာ ရှိန်ဘမ်း (Claudia Sheinbaum) က သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး မက္ကဆီကိုနိုင်ငံ၏ ပထမဆုံးအမျိုးသမီး သမ္မတ ဖြစ်လာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရှိန်ဘမ်းသည် ရာထူးမှ ထွက်ခွာတော့မည့် ၎င်း၏ဆရာဖြစ်သည့် သမ္မတ အန်ဒရိစ် မန်နျူယယ် လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) ထံမှ သမ္မတရာထူးကို လွှဲပြောင်းဆက်ခံမည်ဖြစ်သည်။
ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်ဖြစ်ပြီး မက္ကဆီကို စီးတီးမြို့တော်ဝန်ဟောင်းဖြစ်သည့် ရှိန်ဘမ်းသည် သမ္မတ ရွေးကောက်ပွဲတွင် မဲရလဒ် ၅၈ ဒသမ ၃ ရာခိုင်နှုန်းမှ ၆၀ ဒသမ ၇ ရာခိုင်နှုန်းအကြား အနိုင်ရရှိခဲ့သည်ဟု မက္ကဆီကို ရွေးကောက်ပွဲအာဏာပိုင်များ၏ ကနဦးမဲရေတွက်မှုများအရ သိရသည်။
ထိုမဲရလဒ်သည် မက္ကဆီကို၏ ဒီမိုကရေစီစနစ် စတင်ကျင့်သုံးသည့် သမိုင်းတစ်လျှောက်တွင် မဲရာခိုင်နှုန်း အများဆုံးရရှိသော ပမာဏဖြစ်လာနိုင်သည်။
ကလော်ဒီယာရှိန်ဘမ်းနဲ့ ထောက်ခံသူများအား တွေ့ရစဉ်
ထို့ပြင် အာဏာရညွှန့်ပေါင်းအဖွဲ့သည် အထက်နှင့်အောက် လွှတ်တော်နှစ်ရပ်စလုံးတွင်လည်း နေရာ ၃ ပုံ ၂ ပုံဖြင့် နေရာ အများစုရရှိရန် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေ၍ အတိုက်အခံများ၏ ထောက်ခံမှုမလိုဘဲ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခွင့် ရရှိမည်ဖြစ်သည်။
အတိုက်အခံ ကိုယ်စားလှယ်လောင်းဖြစ်သည့် ဇိုချစ်တယ် ဂဲလ်ဗက်ဇ် (Xochitl Galvez) သည် ကနဦး မဲရေတွက်မှု များတွင် မဲရလဒ် ၂၆ ဒသမ ၆ ရာခိုင်နှုန်းမှ ၂၈ ဒသမ ၆ ရာခိုင်နှုန်းအကြား ရရှိခဲ့ပြီး ရွေးကောက်ပွဲတွင် ရှုံးနိမ့် ကြောင်း ဝန်ခံခဲ့သည်။
"နိုင်ငံသမိုင်းရဲ့ နှစ်ပေါင်း ၂၀၀ အတွင်းမှာ ပထမဆုံးအနေနဲ့ ကျမဟာ မက္ကဆီကိုရဲ့ ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်လာပါတော့မယ်" ဟု ရှိန်ဘမ်းက ၎င်း၏ ထောက်ခံသူများကို ပြောကြားခဲ့ပြီး ထောက်ခံသူများကလည်း "သမ္မတကြီး, သမ္မတကြီး" ဆိုသည့် ကြွေးကြော်သံများဖြင့် ဂုဏ်ပြုခဲ့ကြသည်။
ထို့ပြင် ရှိန်ဘမ်းသည် အမေရိကန်၊ မက္ကဆီကို သို့မဟုတ် ကနေဒါနိုင်ငံများတွင် ပြုလုပ်သည့် အထွေထွေ ရွေးကောက်ပွဲများအနက် ပထမဆုံး အနိုင်ရရှိသည့် အမျိုးသမီးကိုယ်စားလှယ်လောင်းဖြစ်သည်။
အမေရိကန်နှင့် ကနေဒါ အထွေထွေရွေးကောက်ပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့ခြင်း မရှိပေ။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 1201
CNI International News
စင်္ကာပူ၊ ဇွန်လ ၄
တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့်ထိပ်တိုက် တွေ့နေချိန်၌ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦး သေဆုံးခဲ့မည်ဆိုပါက စစ်ပွဲ၏လုပ်ရပ်တစ်ခုအဖြစ် ယူဆပြီး သင့်တော်သလို တုန့်ပြန်သွားမည်ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က ပြောကြားခဲ့သဖြင့် တောင်တရုတ်ပင်လယ်တွင် စစ်ရေးအကျပ်အတည်း တစ်ခုဖြစ်လာနိုင်သည်ဟု Foreign Policy သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မားကို့စ်သည် စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogue)၌ အမေရိကန်နှင့် ဖိလစ်ပိုင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန်စစ်တပ်၏ ထိပ်သီးအရာရှိ တစ်ဦးကလည်း တောင်တရုတ်ပင်လယ်တွင် စစ်ရေးအရ ထိပ်တိုက် တွေ့နိုင်မည့် အခြေအနေများကို မတ်လအတွင်းက သတိပေးခဲ့သည်။
ဖိလစ်ပိုင်ကမ်းခြေစောင့်ရေတပ် သင်္ဘောကိုတွေ့ရစဉ်
ထို့ကြောင့် တောင်တရုတ်ပင်လယ်တွင် လက်ရှိ အနေအထားအတိုင်းသာ တင်းမာမှုများ တဖြည်းဖြည်း မြင့်တက် လာမည်ဆိုပါက စစ်ရေးအရ အကျပ်အတည်းတစ်ခု ဖြစ်လာနိုင်သည့် အခြေအနေသို့ ဦးတည်သွားနိုင်ကြောင်း မားကို့စ်၏ မှတ်ချက်များက မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။
ဒေသတွင်း ခြိမ်းခြောက်မှုနှင့် အဟန့်အတားများကို လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သည့် အမေရိကန်၏ လုပ်ဆောင်ချက်များသည် တရုတ်၏ လှုပ်ရှားမှုများကို ရပ်တန့်နိုင်ခဲ့ခြင်းမရှိပေ။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသည်လည်း တောင်တရုတ်ပင်လယ်တွင် ၎င်း၏ နယ်နိမိတ်ပိုင်ဆိုင်မှုကို တရားဝင်မှုရှိစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော်လည်း ရှင်းလင်းတိကျသည့် မဟာဗျူဟာမရှိသဖြင့် တရုတ်၏ လှုပ်ရှားမှုများကို ရဲဆေးတင်ပေးရာ ရောက်နေသည်။
တရုတ်ရေတပ်က ဖိလစ်ပိုင်စက်လှေကို မီးသတ်ပိုက်နဲ့ထိုးနေစဉ်
တောင်တရုတ်ပင်လယ်တွင် အနိုင်ကျင့်သည့် လုပ်ဆောင်မှုများဖြစ်သော သင်္ဘောချင်း ဝင်တိုက်ခြင်း၊ မီးသတ်ပိုက် များဖြင့် ထိုးခြင်း၊ စစ်ဘက်သုံး လေဆာရောင်ခြည်များဖြင့်ထိုးခြင်း အစရှိသည့် လုပ်ဆောင်မှုများကြောင့် ဖိလစ်ပိုင် ရေတပ်စစ်မှုထမ်းများပင် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။
ထို့ပြင် တရုတ်သည် မကြာသေးမီကလည်း တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်များကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ရေပြင်နယ်နိမိတ်များအတွင်းသို့ ဝင်ရောက်သည်ဟု သံသယရှိသူ မည်သူမဆိုကို ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ခဲ့သဖြင့် လာမည့်လများအတွင်း အန္တရာယ်များသည့် ဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်နိမိတ်အားလုံးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသလို ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် နယ်နိမိတ်ပိုင်ဆိုင်မှုများ အငြင်းပွား လျက်ရှိသည်။
Source: Foreign Policy

- By CNI
- Category: နိုင်ငံရေး
- Hits: 815
CNI International News
အစ္စလာမ်မာဘက် ၊ ဇွန်လ ၄
ပါကစ္စတန်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ (PoK) နှင့်ပတ်သက်ပြီး ပါကစ္စတန်အစိုးရက စီရင်ပိုင်ခွင့် မရှိကြောင်း အစ္စလာမ်မာဘက် (Islamabad) အထက်တရားရုံးတွင် အံ့အားသင့်ဖွယ် ဝန်ခံခဲ့သည်ဟု Khalsa Vox သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မေလ ၁၅ ရက်က ပါကစ္စတန် ထောက်လှမ်းရေး အေဂျင်စီများ၏ အတင်းအဓမ္မ ဖမ်းဆီးခံခဲ့ရသည့် ကဗျာဆရာ လည်းဖြစ် ဂျာနယ်လစ်တစ်ဦးလည်းဖြစ်သည့် အာမက် ဖာဟက် ရှား (Ahmed Farhad Shah)၏ အမှုကို ကြားနာ စစ်ဆေးမှုအတွင်း ထိုကဲ့သို့ ဝန်ခံခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်၏ သိမ်းပိုက်မှုအောက်တွင် နေထိုင်နေရသည့် ကက်ရှ်မီးယားဒေသခံများ၏ လူ့အခွင့်အရေးများ အတွက် လှုပ်ရှားနေသော ဖာဟက်ရှား၏ ဖြစ်စဉ်သည် ပထဝီနိုင်ငံရေး တင်းမာမှုများအောက်မှ ဖိနှိပ်မှုများကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။
၎င်း၏ ဖမ်းဆီးခံရမှုသည် ပါကစ္စတန်ထောက်လှမ်းရေးယန္တရား၏ ရက်စက်သည့် နည်းဗျူဟာများကိုသာမကဘဲ ကက်ရှ်မီးယားပဋိပက္ခကို ရိုးသားမှုမရှိဘဲ ဖုံးကွယ်ထားသည့် အခြေအနေကိုလည်း ဖော်ပြရာရောက်ခဲ့သည်။
ထိုအမှုကို ကြီးကြပ်ကိုင်တွယ်ရသည့် တရားသူကြီး မိုရှင် အခ်တာ ကာယာနီ (Mohsin Akhtar Kayani) က တရားရုံးတွင် ဖာဟက်ရှား တရားခွင် တက်ရောက်ပိုင်ခွင့်အား တောင်းဆိုခဲ့ပြီး အစိုးရရှေ့နေချုပ်က ကက်ရှ်မီးယား ဒေသ(PoK)သည် ပါကစ္စတန်၏ စီရင်ပိုင်ခွင့်ကို ကျော်လွန်နေသည့် ပြည်ပနယ်နိမိတ်ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ပါကစ္စတန်တရားရုံးကို တွေ့ရစဉ်
ထိုထွက်ဆိုချက်သည် ကက်ရှ်မီးယားဒေသအား ပိုင်ဆိုင်ကြောင်း ကြေညာပြီး တရားမဝင် သိမ်းပိုက်ထားသည့် ပါကစ္စတန်၏ လုပ်ဆောင်မှုအပေါ် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။
လက်ရှိမှာတော့ ထိုထွက်ဆိုချက်သည် မေးခွန်း အများအပြားကို ပေါ်ပေါက်စေခဲ့ပြီး PoK သည် ပြည်ပနယ်နိမိတ် ဖြစ်သည်မှာ မှန်ကန်သည်ဆိုပါက ပါကစ္စတန်အနေဖြင့် ၎င်း၏ စစ်တပ်နှင့် အရံတပ်များကို PoK ဒေသတွင် မည်ကဲ့သို့ တပ်ဖြန့်ပိုင်ခွင့် ရှိသနည်းဆိုသည့်အချက်ကို မေးခွန်းများ ထွက်ပေါ်ခဲ့သည်။
တက်ကြွလှုပ်ရှားသူ ဖာဟက်ရှား၏ တစ်ဖက်သတ် ဖမ်းဆီးခံရမှုသည် PoK ဒေသအတွင်း အစိုးရအတိုက်အခံများ ကို ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဆိုသည့် အချက်ကို ပိုမိုပေါ်လွင်လာစေခဲ့သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။
လောလောဆယ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖာဟက်ရှား၏ အမှုနှင့် PoK ဒေသ၏ အခြေအနေကို လေ့လာစောင့်ကြည့်နေသဖြင့် ပါကစ္စတန်အာဏာပိုင်များအနေဖြင့် ကက်ရှ်မီးယားပဋိပက္ခကို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် အဖြေရှာရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Khalsa Vox

- By CNI
- Category: နိုင်ငံရေး
- Hits: 1001
CNI International News
စင်္ကာပူ၊ ဇွန်လ ၃
တရုတ်စစ်တပ်သည် ထိုင်ဝမ်၏ လွတ်လပ်ရေးကို အင်အားသုံးပြီး ရပ်တန့်ရန် အဆင်သင့်ရှိကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီး တုံးကျင်း (Dong Jun) က ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်သည် တရုတ်၏ အခရာအကျဆုံး အရေးကိစ္စဖြစ်သော်လည်း ထိုင်ဝမ်၏ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP)သည် ခွဲထွက်ရေးကိုသာ ဆက်လက်လုပ်ဆောင်နေပြီး တရုတ်၏ ကိုယ်ပိုင်လက္ခဏာကို ပယ်ဖျက်နေကြောင်း တုံးကျင်းမှ စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် ရှန်ဂရီလာ ဆွေးနွေးပွဲ (Shangri-La Dialogue) ၌ ဇွန်လ ၂ ရက်က မိန့်ခွန်းပြောကြားခဲ့ရာစဉ် ပြောကြားခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တေ (Lai Ching-te) ၏ မေလ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုမှုကို ဒေါသထွက်ခဲ့ကာ ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့် မှုများကို ပြုလုပ်ခဲ့သည်။
ထို့ပြင် တရုတ်သည် လိုင်ကို ခွဲထွက်ရေးဝါဒီ တစ်ဦးအဖြစ် သတ်မှတ်ထားသည်။
အမေရိကန်နဲ့ တရုတ် တွေ့ဆုံ ဆွေးနွေးစဉ်
“မကြာသေးခင်က အဲဒီလို ခွဲထွက်ရေးဝါဒီတွေရဲ့ တယူသန် ပြောဆိုချက်တွေဟာ တရုတ်နိုင်ငံတော်နဲ့ သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေကို သစ္စာဖောက်နေတာ ဖြစ်ပါတယ်။ သူတို့တွေဟာ သမိုင်းမှာ အရှက်ရစရာကောင်းတဲ့ လူတွေအဖြစ် သမိုင်းတွင် သွားပါလိမ့်မယ်”ဟု တုံးကျင်းက ပြောကြားခဲ့သည်။
ထို့နောက် တရုတ်သည် ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရန် လုပ်ဆောင်မည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
“တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ အမိမြေနဲ့ ပြန်လည်ပေါင်းစည်းရေးကို ကာကွယ်ရာမှာ အကြမ်းခံပြီး အင်အားကြီးမားတဲ့ တပ်ဖွဲ့အဖြစ် အမြဲတမ်း ရှိနေခဲ့ပါတယ်။ ပြီးတော့ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုနဲ့ အဲဒီလှုပ်ရှားမှုတွေ မအောင်မြင်အောင် တားဆီးဖို့ အင်အားသုံးပြီး ပြတ်ပြတ်သားသား ဆောင်ရွက် သွားမှာပါ” ဟု တုံးကျင်းက ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်ဝမ်ကို တရုတ်နှင့် ခွဲခြားမည့် မည်သူမဆိုသည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲလိမ့်မည်ဖြစ်ပြီး ပျက်စီး ဆုံရှုံးမှုနှင့် ရင်ဆိုင်ရမည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောသည်။
ရှန်ဂရီလာ ဆွေးနွေးပွဲကို တွေ့ရစဉ်
တုံးကျင်း၏ ပြောကြားချက်ကို ထိုင်ဝမ်အစိုးရက တုန့်ပြန်ခဲ့ရာတွင် တုံးကျင်း၏ မှတ်ချက်စကားများသည် ရန်လိုပြီး ယူတ္တိမရှိသည့်အတွက် အလွန်ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။
တုံးကျင်းသည် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) နှင့် တစ်နာရီကျော်ကြာ သီးသန့်တွေ့ဆုံခဲ့ပြီးနောက် ထိုင်ဝမ်နှင့်ပတ်သက်သည့် မှတ်ချက်စကားများကို ပြောကြား ခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦး၏ အစည်းအဝေးအပြီးတွင် အော်စတင်က တရုတ်နှင့် အမေရိကန်စစ်တပ်၏ တပ်မှူးများအကြား တယ်လီဖုန်း ဆက်သွယ်ရေးလမ်းကြောင်းများသည် လာမည့်လများအတွင်း ပြန်လည်စတင် လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်ကလည်း နှစ်နိုင်ငံအကြား တည်ငြိမ်သည့် လုံခြုံရေးဆက်ဆံမှုများကို ကြိုဆိုဂုဏ်ပြုခဲ့သည်။
Source: Al Jazeera