
- By CNI
- Category: နိုင်ငံရေး
- Hits: 1961
CNI International News
တူးနစ်၊ ဩဂုတ် ၉
တူနီးရှားသမ္မတ ကာအစ် ဆာအိဒ် (Kais Saied) သည် တရားဝင် အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ ဝန်ကြီးချုပ် အာမက် ဟာချနီ (Armed Hachani) ကို ရာထူးမှထုတ်ပယ်ခဲ့ကာ သူ့နေရာတွင် ကာမယ် မာဒူရီ (Kamel Madouri)အား အစားထိုးခန့်အပ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဟာချနီသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၁ ရက်တွင် ၎င်းကဲ့သို့ အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ ထုတ်ပယ် ခံခဲ့ရသည့် ဝန်ကြီးချုပ် နက်ဂျ်လာ ဘူဒန် (Najla Bouden) နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။
သို့သော် သူလည်း ဖြစ်ကာ ဝန်ကြီးချုပ်နက်ဂျ်လာဘူဒန် ကဲ့သို့ပင် အကြောင်းပြချက်မရှိဘဲ ထုတ်ပယ်ခံခဲ့ရသည်။
ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည့်တိုင် ဟာချနီသည် ရာထူးမှ ထုတ်ပယ်မခံရမီ နာရီအနည်းငယ်အလိုက တူနီးရှားနိုင်ငံ၏ အစားအစာနှင့် စွမ်းအင်လိုအပ်ချက်များ ပြည့်စုံမှုရှိသည့် အကြောင်းအရာ အပါအဝင် နိုင်ငံ၏ ပြဿနာ အများအပြားတွင် အစိုးရက တိုးတက်မှုများရှိစေရန် လုပ်ဆောင်ခဲ့ကြောင်း ဗွီဒီယိုမက်ဆေ့ချ်တစ်ခုတွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် အာမက် ဟာချနီနဲ့ တူနီးရှားသမ္မတ ကာအစ် ဆာအိဒ်ကို တွေ့ရစဉ်
သူ့နေရာကို အစားထိုးခန့်အပ်ခဲ့သည့် မာဒူရီသည် မေလကမှ လူမှုရေးရာဝန်ကြီး ရာထူးနေရာတွင် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။
သမ္မတရုံးက ထုတ်ပြန်သည့် လူမှုမီဒီယာပို့စ် တစ်ခုတွင် ဆာအိဒ်သည် မာဒူရီနှင့် လက်ဆွဲနုတ်ဆက်နေပုံနှင့် မာဒူရီကို အစိုးရအဖွဲ့အား ဦးဆောင်ရန် တာဝန်အပ်နှင်းသည့်အကြောင်းကို ထုတ်ပြန်ခဲ့သည်။
တူနီးရှားနိုင်ငံတွင် အောက်တိုဘာ ၆ ရက် သမ္မတရွေးကောက်ပွဲမတိုင်မီ ဝန်ကြီးချုပ်နေရာ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံ၏ နေရာဒေသ အများအပြားတွင် သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် လူထု အကြား မကျေနပ်ချက်များ မြင့်တက်နေချိန်တွင် ဆာအိဒ်သည် နောက်ထပ် သမ္မတသက်တမ်းကို ရရှိရန် ကြိုးပမ်းလျက်ရှိသည်။
ဝန်ကြီးချုပ်ဟောင်း နက်ဂျ်လာဘူဒန်ကို တွေ့ရစဉ်
ဆာအိဒ်သည် ၂၀၁၉ ခုနှစ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသော်လည်း ၂၀၂၁ ခုနှစ်တွင် အာဏာကို ဆက်လက် ကိုင်ဆွဲနိုင်ရန် အကွက်ချ လုပ်ဆောင်ခဲ့သည်။
ထို့နောက် ဒုတိယသက်တမ်းကို အနိုင်ရရှိစေရန် ပြိုင်ဘက်များအား ခြိမ်းခြောက်ခဲ့ကြောင်း အတိုက်အခံများ၊ လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။
ယခုသီတင်းပတ် အစောပိုင်းကလည်း တူနီရှားနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် အလားအလာရှိသည့် အဘီယာ မွတ်စီ (Abbir Moussi) သည် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။
ရှေ့နေတစ်ဦးဖြစ်သူ မွတ်စီသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ဝေဖန်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်တွင် ဖမ်းဆီးခံခဲ့ ရကာ ဆိုက်ဘာရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။
Source: အယ်လ်ဂျာဇီးယား

- By CNI
- Category: နိုင်ငံရေး
- Hits: 3681
CNI International News
ဘာစီလိုနာ၊ ဩဂုတ် ၉
စပိန်နိုင်ငံတွင် ဖမ်းဝရမ်းထုတ်ခံထားရသည့် ကတ္တလန်ခွဲထွက်ခေါင်းဆောင် ကားလက်စ် ပွီးဒီးမန့် (Carles Puigdemont) သည် ပြည်ပြေးဘဝဖြင့် ပြည်ပတွင် ၇ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ဩဂုတ် ၈ ရက်၌ စပိန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လူထုမြင်ကွင်းသို့ ထွက်ပေါ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပွီးဒီးမန့်သည် ဩဂုတ် ၈ ရက်က ဘာစီလိုနာတွင် ၎င်း၏ ထောက်ခံသူများရှေ့မှောက်သို့ ထွက်ပေါ်လာခဲ့ပြီး ကတ္တလန် လွှတ်တော်အနီးရှိ Arc de Triomf အထိမ်းအမှတ် အဆောက်အအုံရှေ့၌ ၎င်း၏ပါတီဖြစ်သည့် Junts ပါတီမှ အရာရှိများခြံရံပြီး စင်မြင့်ထက်သို့ တက်လာခဲ့သည်။
"ကျနော်တို့ ဒီမှာ ရှိနေသေးတယ်ဆိုတဲ့ အကြောင်းကို ခင်ဗျားတို့ကို သတိရစေချင်လို့ ကျနော် ဒီနေ့ ရောက်လာခဲ့ တာဖြစ်တယ်။ ကာတာလိုနီးယား (Catalonia) ဒေသ အဓွန့်ရှည်ပါစေ" ဟု ပွီးဒီးမန့်က ထောင်နှင့်ချီသည့် ၎င်း၏ ထောက်ခံသူများကို ပြောကြားခဲ့သည်။
ထောက်ခံသူအများစုသည် ကာတာလိုနီးယားဒေသ၏ အလံဖြစ်သည့် အနီရောင်၊ အဝါရောင်နှင့် အပြာရောင် ရောစပ်ထားသည့် အလံကို ဝှေ့ယမ်းခဲ့ပြီး ကာတာလိုနီးယားဒေသကို စပိန်လက်အောက်မှ ခွဲထွက်ခွင့်ပေးရန် တောင်းဆိုသည့် ဆောင်ပုဒ်များအား ဟစ်ကြွေးခဲ့ကြသည်။
စပိန်ရဲတွေ လမ်းပိတ်စစ်ဆေးနေစဉ်
ပွီးဒီးမန့်သည် ချမ်းသာကြွယ်ဝသည့် ကာတာလိုနီးယားဒေသကို လွတ်လပ်ရေးရယူရန် ၂၀၁၇ ခုနှစ်က ကြိုးပမ်း ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့သဖြင့် စပိန်နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ပွီးဒီးမန့်သည် ဩဂုတ် ၈ ရက်က လူထုရှေ့မှောက်တွင် မိန့်ခွန်း အကျဉ်းချုံး ပြောကြားခဲ့ပြီးနောက် ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
လက်ရှိတွင် သူ မည်သည့်နေရာတွင် ရှိနေသည်ဆိုခြင်းကို ရှင်းလင်းစွာ မသိရသေးပေ။
ရဲတပ်ဖွဲ့သည် ဘာစီလိုနာမြို့အတွင်းနှင့် ထိုမြို့သို့ ရောက်ရှိသည့် လမ်းများပေါ်တွင် အတားအဆီးများ ချထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဘာစီလိုနာမြို့လယ်ခေါင်တွင် တည်ရှိသည့် လွှတ်တော် အဆောက်အအုံကိုလည်း အတားအဆီးများ ကာရံထားပြီး ရဲတပ်ဖွဲ့က ပတ်ပတ်လည် စောင့်ကြပ်ခဲ့သည်။
ရဲတပ်ဖွဲ့သည် ပွီးဒီးမန့်ကို ရှာဖွေရန် ဘာစီလိုနာမြို့ထဲတွင် ကားများကို စစ်ဆေးနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သော်လည်း ထိုကဲ့သို့ ရှာဖွေမှုများ ပြုလုပ်နေသည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး အေအက်ဖ်ပီ သတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ရဲတပ်ဖွဲ့က ငြင်းဆိုခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 1177
CNI International News
ဘန်ကောက်၊ ဩဂုတ် ၉
ထိုင်းနိုင်ငံတွင် အတိုက်အခံ Move Forward Party(MFP) ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဖျက်သိမ်း ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပင် ပါတီဝင်များက နောက်ထပ် ပါတီသစ်တစ်ခု ထူထောင်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၈ ရက်တွင် ကြေညာခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
လက်ရှိ ဖျက်သိမ်းလိုက်ပြီဖြစ်သည့် MFP ၏ ဒုတိယခေါင်းဆောင် သီရိကန်ယာ တန်ဆာခွန် (Sirikanya Tansakun)က အသစ်ထပ်မံဖွဲ့စည်းမည့် ပါတီသည် MFP ပါတီကို ဖျက်သိမ်းစေခဲ့သည့် တော်ဝင် အသရေဖျက်မှု ဥပဒေကို ပြုပြင်ပြောင်းလဲရန် ဆက်လက် လုပ်ဆောင်သွားမည့် အလားအလာကို ငြင်းပယ်ခဲ့ခြင်းမရှိပေ။
ခုံရုံး၏ ဆုံးဖြတ်ချက်သည် ထိုဥပဒေကို ပြုပြင်ပြောင်းလဲရန် အထူးတားမြစ် ပိတ်ပင်ခဲ့ခြင်းမရှိဘဲ ထိုဥပဒေသည် ပြဿနာတစ်ခုဖြစ်နေသည်ကို လူတိုင်းက ယုံကြည်ထားကြသည်ဟု သီရိကန်ယာက ပြောကြားခဲ့သည်။
သို့သော် မိမိတို့အနေဖြင့် ပါတီသစ်ဖွဲ့စည်းနေသည့် အချိန်တွင် အသေးစိတ် အချက်အလက်များကို ဆွေးနွေးရန် လိုအပ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ချက် ချမှတ်မှုအပြီး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
MFP ပါတီကို တွေ့ရစဉ်
သီရိကန်ယာသည် နောက်ထပ်ဖွဲ့စည်းမည့် ပါတီသစ်၏ ခေါင်းဆောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရပြီး လက်ရှိတွင် ခုံရုံး၏ ဆုံးဖြတ်ချက်ကို တုန့်ပြန်ရာတွင် အရေးပေါ် အစီအစဉ်များအား လုပ်ဆောင်လျက်ရှိသည်။
"ကျမတို့ ဆက်ပြီး လှုပ်ရှားသွားမှာပါ။ ပြည်သူတွေ ကျမတို့ဘက်မှာ ရှိနေသမျှကာလပတ်လုံး ပြည်သူတွေက ကျမတို့ကို အပ်နှင်းထားတဲ့ မစ်ရှင်ကို စွန့်လွှတ်သွားမှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။
MFP ပါတီ မဖျက်သိမ်းမီက ထိုပါတီကို ကိုယ်စားပြုသည့် လွှတ်တော်အမတ် ၁၄၈ ဦးရှိခဲ့သည်။
ထိုလွှတ်တော်အမတ်များထဲမှ ၅ ဦးမှာ တားမြစ်ပိတ်ပင်ခံရသည့် MFP အလုပ်အမှုဆောင်ကော်မတီတွင် ပါဝင်ခဲ့ သဖြင့် ၎င်းတို့၏ လွှတ်တော်အမတ် နေရာများကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် MFP ပါတီကို ဖျက်သိမ်းရုံသာမက ပါတီခေါင်းဆောင်ဟောင်း ပီတာ လင်မ်ဂျာရွန်ရတ် (Pita Limjaroenrat) နှင့် ပါတီအလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦးကို နိုင်ငံရေးလောကမှ ၁၀ နှစ်ကြာ ပိတ်ပင်ခဲ့သည်။
ထိုကဲ့သို့ နိုင်ငံရေးလောကမှ ပိတ်ပင်ခံရသည့်တိုင် အရပ်သားတစ်ဦးအဖြစ် နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပီတာက ပြောကြားခဲ့သည်။
Source: Thai PBS World

- By CNI
- Category: နိုင်ငံရေး
- Hits: 954
CNI International News
ဝါရှင်တန်၊ ဩဂုတ် ၉
ဟားမာ့စ်အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ (Ismail Haniyeh) သတ်ဖြတ်ခံရမှုကို လက်တုန့်ပြန်သည့် အနေဖြင့် အီရန်သည် အစ္စရေးအား ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုပြုလုပ်မည့် အစီအစဉ်ကို စဉ်းစားနေဖွယ်ရှိသည်ဟု Politico သတင်းဝက်ဘ်ဆိုက်၏ ရေးသားချက်ကို ကိုးကားပြီး တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ဟာနီယာ သတ်ဖြတ်ခံရမှုကို အီရန်က တစ်နည်းနည်းဖြင့် တုန့်ပြန်လိမ့်မည်ဟု အစ္စရေးက သုံးသပ်ထားမည်ဖြစ် ကြောင်း၊ သို့သော် အီရန်အစိုးရသည် ၎င်းတို့၏ တုန့်ပြန်ရေးအစီအစဉ်ကို အလေးအနက် ဆင်ခြင်စဉ်းစားနေပြီး အစ္စရေးကို ချက်ချင်း တိုက်ခိုက်လိမ့်မည်ဟု အမေရိကန်က မျှော်လင့်မထားကြောင်း အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး Politico က ဖော်ပြခဲ့သည်။
အစ္စရေးကို စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်နှင့်ပတ်သက်ပြီး ပြန်လည်စဉ်းစားရန်အတွက် အီရန်ကို နားချရန် အရှေ့အလယ်ပိုင်းမှ မဟာမိတ်များအား အမေရိကန်က သံတမန်နည်းလမ်းများဖြင့် ချဉ်းကပ်ဆောင်ရွက်နေ ကြောင်း အမေရိကန်ထိပ်သီး အရာရှိနှစ်ဦးက ပြောကြားခဲ့သည်ဟု ဆိုသည်။
အီရန်နဲ့ အစ္စရေးကို စစ်လက်နက်ကိုတွေ့ရစဉ်
အီရန်သည် အစောပိုင်းက ငြင်းဆိုခဲ့သည်လည်း နောက်ပိုင်းတွင် အမေရိကန်၏ အတွေးအခေါ်ကို လက်ခံပုံ ပေါ်ကြောင်းလည်း အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး Politico က ဖော်ပြခဲ့သည်။
အီရန်နိုင်ငံ၊ တီဟီရန် (Tehran) မြို့တော်တွင် ဟားမာ့စ်အဖွဲ့ခေါင်းဆောင် ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရမှု၊ လက်ဘနွန်နိုင်ငံ၊ ဘေရွတ် (Beirut) မြို့တော်တွင် ဟစ်ဇ်ဘိုလာအဖွဲ့တပ်မှူး ဖူအက်ရှူကာ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များကြောင့် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လျက်ရှိသည်။
အီရန်၊ ဟားမာ့စ်နှင့် ဟစ်ဇ်ဘိုလာ အဖွဲ့တို့ကမူ ထိုတိုက်ခိုက်မှုများအတွက် အစ္စရေးကို ပြစ်တင်ဝေဖန်ခဲ့ပြီး လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
Source: တာ့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 1192
CNI International News
ဆစ်ဒနီ၊ သြဂုတ် ၈
အင်ဒို-ပစိဖိတ်ဒေသတွင် မဟာမိတ်နိုင်ငံများကို ထောက်ခံမှုကို မြှင့်တင်ရန် သြစတြေးလျသည် လာမည့်နှစ်မှစပြီး အမေရိကန်နှင့်အတူ ပဲ့ထိန်းစနစ်များပါရှိသည့် လက်နက်များကို ပူးတွဲထုတ်လုပ်သွားမည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
ဗုံးကြဲလေယာဉ်များ အပါအဝင် နိုင်ငံအတွင်း အမေရိကန်စစ်တပ်၏ တည်ရှိမှုကို မြှင့်တင်ရန် ပရောဂျက်များကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့သည်ဟု နှစ်နိုင်ငံတာဝန်ရှိသူများအကြား နှစ်စဉ်ပြုလုပ်နေကျ ကာကွယ်ရေးဆွေးနွေးပွဲများအပြီးတွင် ပြောကြားခဲ့သည်။
သြစတြေးလျနှင့် အမေရိကန်တို့သည် တောင်တရုတ်ပင်လယ်၏ အငြင်းပွားဖွယ် ရေပိုင်နယ်များနှင့် နီးကပ်စွာ တည်ရှိသည့် ဩစတြေးလျ၏ မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများရှိ လေတပ်စခန်းများကို အဆင့်မြှင့်တင် လျက်ရှိသည်။
အမေရိကန်နိုင်ငံ၊ မေရီလန်း (Maryland) ပြည်နယ်၊ အန်နာပိုလစ် (Annapolis) မြို့တွင် ပြုလုပ်ခဲ့သည့် AUSMIN ဆွေးနွေးပွဲ၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin)က သြစတြေးလျတွင် အမေရိကန်တပ်ဖွဲ့များကို အလှည့်ကျထားရှိမှုကို မြှင့်တင်သွားမည်ဟု ပြောကြားခဲ့သည်။
"အဓိပ္ပာယ်ကတော့ သြစတြေးလျမြောက်ပိုင်း အနှံ့မှာရှိတဲ့ စစ်စခန်းတွေကနေ ပင်လယ်ရေကြောင်းဆိုင်ရာ ကင်းလှည့် လေယာဉ်ပျံသန်းမှုတွေကို ပိုပြီးလုပ်ဆောင်မယ့် သဘောဖြစ်ပါတယ်။ ဒါအပြင် ဗုံးကြဲလေယာဉ်တွေကို အလှည်ကျ ဖြန့်ကြက်ချထားမှုကိုလည်း မကြာခဏ လုပ်ဆောင်သွားမယ့် သဘောဖြစ်ပါတယ်" ဟု အော်စတင်က ပြောကြားခဲ့သည်။
အမေရိကန်နဲ့ သြစတြေးလျ သံတမန် နှစ်ဦးကိုတွေ့ရစဉ်
အမေရိကန်နှင့် သြစတြေးလျသည် တရုတ်၏ နိုင်ထက်စီးနင်း အပြုအမှုများ အပါအဝင် လုံခြုံရေးစိန်ခေါ်မှုများကို အတူတူ ရင်ဆိုင်နေရသည်ဟုလည်း အော်စတင်က ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
AUSMIN ဆွေးနွေးပွဲများအပြီး ထုတ်ပြန်သည့် ပူးတွဲအစီရင်ခံစာတွင် တောင်တရုတ်ပင်လယ်၌ တရုတ်၏ တရားလွန် ရေပြင်နယ်နိမိတ် ပိုင်ဆိုင်ကြောင်း ထွက်ဆိုမှုများ၊ ထိုင်ဝမ်အနီး၌ တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ အပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် သြစတြေးလျနှင့် အမေရိကန်တို့သည် သြဂုတ် ၇ ရက်မှစပြီး ဖိလစ်ပိုင်၊ ကနေဒါ နိုင်ငံများနှင့် ပူးတွဲ ရေကြောင်းနှင့် လေကြောင်း စစ်ရေးလေ့ကျင့်မှုများကို စတင်ပြုလုပ်ခဲ့သည်။
နှစ်ရက်ကြာ ပြုလုပ်မည့် ထိုပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ဖိလစ်ပိုင် အထူးစီးပွားရေးဇုန်အတွင်း ပြုလုပ်မည်ဖြစ် ကြောင်း ထိုလေးနိုင်ငံမှ စစ်ဘက်ထိပ်သီး အရာရှိများက ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 3732
CNI International News
လန်ဒန်၊ ဩဂုတ် ၈
နည်းပညာဘီလျံနာတစ်ဦးဖြစ်သည့် အီလွန်မာ့စ်(Elon Musk) ပိုင်ဆိုင်သော X လူမှုကွန်ရက်မီဒီယာတွင် တင်ခွင့် ပြုထားသော ပို့စ်များသည် ဗြိတိန်နိုင်ငံ၌ ဖြစ်ပွားနေသည့် မတည်မငြိမ်မှုများကို ပိုမိုအရှိန်မြင့်စေခဲ့ပြီးနောက် ဗြိတိန်အစိုးရက ရန်စသောပို့စ်များအား တာဝန်သိစွာ အရေးယူပေးရန် အီလွန်မာ့စ်ကို တောင်းဆိုခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဗြိတိန်တွင် ပြည်တွင်းစစ် မလွဲမသွေဖြစ်နေကြောင်း မာ့စ်က ရေးသားခဲ့ပြီးနောက် တရားရေးဝန်ကြီး ဟိုင်ဒီ အလက်ဇန္ဒား (Heidi Alexander )က သြဂုတ် ၆ ရက်တွင် ယင်းကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်ရာဇဝတ်မှုဆိုင်ရာ တရားရေးစနစ်သည် လက်ယာယိမ်း တက်ကြွလှုပ်ရှားသူများထက် မွတ်စလင်များကို ပိုမိုသက်ညှာပေးနေပြီး လူမှုမီဒီယာ အသုံးပြုသူများအား ဗြိတိန်၏ဖြိုခွင်းမှုကို ဆိုဗီယက်ယူနီယံနှင့် နှိုင်းယှဉ်ပြီး မာ့စ်က ဝေဖန်ခဲ့သည်။
X လူမှုကွန်ရက်ပိုင်ဆိုင်သူ အီလွန်မာ့စ်ကို တွေ့ရစဉ်
“ပြည်တွင်းစစ်ကဲ့သို့ ဟူသည့် စကားလုံး အသုံးပြုမှုသည် လက်သင့်ခံနိုင်စရာမရှိပါ’’ ဟု အလက်ဇန္ဒားက Times Radio ကို ပြောကြားခဲ့သည်။
“ရဲအရာရှိတွေက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေကြပြီး အဆောက်အအုံတွေ မီးရှို့ခံနေရတာကို ကျမတို့တွေ မြင်တွေ့နေရပါတယ်။ အဲဒါကြောင့် ဒီလူမှုမီဒီယာ ပလက်ဖောင်းသုံးတဲ့ သူတိုင်းက သူတို့ရဲ့စွမ်းအားကို တာဝန်ရှိ စွာ အသုံးချသင့်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် မြောက်အိုင်ယာလန်မှ အင်္ဂလန်တောင်ပိုင်း ကမ်းလွန်အထိ မြို့များတွင် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေးနှင့် အစ္စလာမ်မုန်းတီးရေး ဆောင်ပုဒ်များ ဟစ်ကြွေးသူ လူအုပ်ကြီးနှင့် အဓိကရုဏ်းဖြစ်ပွားနေ သောကြောင့် ဗြိတိန်သည် သီတင်းတစ်ပတ်ကျော်ကြာ အကြမ်းဖက်မှုဖြစ်စဉ်များဖြင့် တုန်လှုပ်ခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကို တွေ့ရစဉ်
ဇူလိုင် ၂၉ ရက်က အကသင်တန်းတစ်ခုတွင် မိန်းကလေးသုံးဦး သေဆုံးခဲ့သည့် ဓားဖြင့် တိုက်ခိုက်မှု ဖြစ်စဉ်အပေါ် လက်ယာယိမ်း တက်ကြွလှုပ်ရှားသူများက လူမှုမီဒီယာတွင် သတင်းအမှားများ ဖြန့်ဝေခဲ့ပြီးနောက် မတည်မငြိမ် စတင်ဖြစ်ပွားခဲ့သည်။
ဝန်ကြီးချုပ် ကီယာစတာမာ(Keir Starmer)က ထိုအဓိကရုဏ်းများကို လက်ယာယိမ်းရမ်းကားမှုဖြစ်စဉ်ဟု မှတ်ချက်ပြုခဲ့ကာ ကျူးလွန်သူများကို အမြန်ဆုံး အပြစ်ပေးသွားမည်ဟု အစိုးရဝန်ကြီးများ၊ တရားဥပဒေ စိုးမိုးရေး တာဝန်ရှိသူများနှင့် အရေးပေါ် အစည်းအဝေးတစ်ရပ် လုပ်ဆောင်ပြီးနောက် ပြောကြားခဲ့သည်။
စတာမာက ရာဇဝတ်မှုဆိုင်ရာ တရားရေးစနစ်ကို မြှင့်တင်ဆောင်ရွက်မည့် အစီအစဉ်တစ်ရပ်အား ကြေညာခဲ့ ပြီးနောက် ဒါဇင်နှင့်ချီသည့် မြို့များတွင် လူပေါင်း ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လူ ၁၀၀ ခန့်ကို တရားစွဲဆိုခဲ့သည်။
Source - အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 959
CNI International News
ဘန်ကောက်၊ ဩဂုတ် ၈
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက Move Forward Party (MFP) ကို ဩဂုတ် ၇ ရက်တွင် ဖျက်သိမ်းရန် အမိန့်ချမှတ်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
MFP သည် တော်ဝင်မိသားစုအား ကာကွယ်ပေးထားသည့် တော်ဝင်အသရေဖျက်မှုဥပဒေကို ပြုပြင်ပြောင်းလဲ မည်ဆိုသည့် မဲဆွယ်ကတိကဝတ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ချိုးဖောက်ကြောင်း ခုံရုံးက ဆုံးဖြတ်ခဲ့ ပြီးနောက် ပါတီကို ဖျက်သိမ်းရန် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။
ထို့ပြင် MFP ခေါင်းဆောင်ဟောင်း ပီတာ လင်မ်ဂျာရွတ်ရတ် (Pita Limjaroenrat) နှင့် လက်ရှိခေါင်းဆောင် ချိုင်သာဝပ် တူလာသွန်း (Chaithawat Tulathon) တို့ အပါအဝင် ပါတီ၏ အလုပ်အမှုဆောင် ဘုတ်အဖွဲ့ဝင်များ ကိုလည်း နိုင်ငံရေးလောကမှ ၁၀ နှစ်ကြာ တားမြစ်ပိတ်ပင်ခဲ့သည်။
ပီတာသည် ၂၀၂၃ ရွေးကောက်ပွဲတွင် MFP ကို ဦးဆောင်ကာ မဲအများစု အနိုင်ရရှိခဲ့သော်လည်း အထက် လွှတ်တော်ရှိ ကွန်ဆာဗေးတစ် အင်အားစု၏ တားမြစ်ပိတ်ပင်မှုကြောင့် ဝန်ကြီးချုပ် မဖြစ်ခဲ့ဘဲ MFP သည် အတိုက်အခံအဖြစ်သာ ရပ်တည်ခဲ့ရသည်။
MFP ပါတီခေါင်းဆောင် ပီတာနဲ့ တူလာသွန်းကို တွေ့ရစဉ်
ယခုနှစ် အစောပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်က MFP အား ဖျက်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ကို လျှောက်ထားခဲ့ပြီးနောက် ပီတာ၏ နိုင်ငံရေးသမားဘဝသည် မရေရာမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ပါတီ၏ ခေါင်းဆောင် ၁၁ ဦးသည် နိုင်ငံရေးလောကမှ ဆယ်စုနှစ်တစ်စုကြာ ပိတ်ပင်ခံရမှုနှင့်အတူ ယခု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် MFP ကို ထောက်ခံသည့် သန်းနှင့်ချီသည့် လူငယ်မဲဆန္ဒရှင်များနှင့် မြို့ပေါ်နေထိုင်သည့် မဲဆန္ဒရှင်များကို ဒေါသထွက်စေလိမ့်မည်ဖြစ်သည်။
သို့သော် ပါတီ၏ လွှတ်တော်အမတ် ၁၄၃ ဦးသည် လွှတ်တော်တွင် ၎င်းတို့၏နေရာများကို ဆက်လက် ထိန်းသိမ်း ထားနိုင်မည်ဖြစ်ကာ ပါတီသစ်တစ်ခု ပြောင်းလဲဖွဲ့စည်းဖွယ်ရှိသည်။
၂၀၂၀ ပြည့်နှစ်ကလည်း MFP ၏ နောင်တော်ပါတီဖြစ်သည့် Future Forward Party (FFP) ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုဖြင့် ဖျက်သိမ်းခံခဲ့ရပြီးနောက် FFP ပါတီဝင်များသည် MFP အမည်ဖြင့် ပါတီသစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ ဥပဒေအရ ဖျက်သိမ်းခံခဲ့ရသည့် နိုင်ငံရေးပါတီတစ်ခုမှ လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော် တွင် ၎င်းတို့၏ နေရာများကို ဆက်လက် ထိန်းသိမ်းရန်အတွက် ရက်ပေါင်း ၆၀ အတွင်း ပါတီသစ် တစ်ခုသို့ ပြောင်းလဲ ဝင်ရောက်ရမည်ဖြစ်သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1401
CNI International News
နယူးဒေလီ၊ ဩဂုတ် ၈
အိန္ဒိယသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ၎င်း၏သံရုံးနှင့် ကောင်စစ်ဝန်ရုံးမှ မရှိမဖြစ်မဟုတ်သော ဝန်ထမ်း များနှင့် ၎င်းတို့၏မိသားစုဝင်များကို နိုင်ငံတွင်းသို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း အိန္ဒိယအစိုးရ သတင်းအရင်း အမြစ်နှစ်ဦး၏ ပြောကြားချက်ကို ရိုက်တာမှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် သီတင်းပတ် ပေါင်းများစွာကြာ မငြိမ်မသက် ဖြစ်ပွားမှုကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina)သည် ရာထူးမှနုတ်ထွက်ပြီး ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ထို့နောက် အိန္ဒိယအစိုးရက သံရုံးဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရကို ဆန့်ကျင်နေကြစဉ်
ဘင်္ဂလားဒေ့ရှ်တွင် ဆက်လက် ကျန်ရှိနေသည့် အိန္ဒိယသံတမန်များအားလုံးနှင့် မစ်ရှင်များသည် လုပ်ငန်းသဘော အရ မရှိမဖြစ် လိုအပ်သူများဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။
ဒါကာမြို့တော်ရှိ မဟာမင်းကြီးရုံးနှင့် သံရုံးအပြင် အိန္ဒိယသည် စစ်တကောင်း(Chittagong)၊ ရက်ဂျ်ရှာဟီ (Rajshahi)၊ ကူလ်နာ(Khulna)နှင့် ဆီးလ်ဟတ်(Sylhet)တို့တွင်လည်း လက်ထောက် မဟာမင်းကြီးရုံးများ သို့မဟုတ် ကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်ထားသည်။
Source - ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 3581
CNI International News
ဘန်ကောက်၊ ဩဂုတ် ၇
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆာဂျီယမ်ပွန်ဆာ (Maris Sagiampongsa) သည် မြန်မာ့ပဋိပက္ခကြောင့် ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုများကို ဖြေရှင်းသည့် အထူးကော်မတီအား ဦးဆောင်သွားမည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) သည် ထိုကော်မတီ၏ ပထမဆုံးပြုလုပ်မည့် အစည်းအဝေးဖြစ်သည့် ဩဂုတ် ၇ ရက်တွင် မာရစ်အား ရာထူးခန့်အပ်မှုကို ကြေညာမည်ဖြစ်သည်။
ဒုတိယဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့် ပန်ပရီ ဘာဟီဒါနျူကရာ (Parnpree Badhiddha-hukara)သည် ထိုကော်မတီမှ ဧပြီလတွင် နုတ်ထွက်သွားခဲ့ပြီးကတည်းက ကော်မတီ၏ လုပ်ငန်းစဉ်များ တိုးတက်ခဲ့မှုမရှိပေ။
မကြာသေးမီက ပြုလုပ်ခဲ့သည့် အာဆီယံ နှစ်ပတ်လည် အစည်းအဝေးတွင် ထိုင်းနိုင်ငံသည် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ထောက်ပံ့ပေးရန်အတွက် အာဆီယံ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (AHA Center) ကို ဘတ်ငွေ ၉ သန်း လှူဒါန်းခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မာရစ် အနေဖြင့် ရာထူးခန့်အပ်ခံရမည်ဆိုပါက ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး၊ အထူးသဖြင့် နယ်စပ်ဒေသများတွင် နေထိုင်သည့် ဒေသခံများ၏ စားဝတ်နေရေးနှင့် လုံခြုံရေးကိစ္စများကို အလေးထား ဖြေရှင်းသွားရမည်ဖြစ်သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများကို ယာယီခိုလှုံခွင့်ပေးထားပြီး မြန်မာနိုင်ငံသို့ပြန်လိုသည့် လူများကိုလည်း နေရပ်ပြန်ရေးအတွက် အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ပေးလျက်ရှိသည်။
ထိုင်းနှင့် မြန်မာသည် နယ်စပ်ဒေသ ၂၄၀၁ ကီလိုမီတာ ထိစပ်နေပြီး လူဝင်မှုနှင့် ကုန်သွယ်ရေးအတွက် နယ်စပ်ဖြတ်ကျော်ဂိတ် ၆ ခုရှိသည်။
သို့သော် နယ်စပ်ဒေသ၏ မလုံခြုံသည့် လမ်းကြောင်းများအရ လူမှောင်ခိုကူသော နယ်စပ်လမ်းများရှိနေပြီး ထိုပြဿနာသည် ထိုင်းနိုင်ငံ၏ အဓိက စိန်ခေါ်မှုတစ်ခုဖြစ်နေသည်။
Source Thai PBS World