
- By CNI
- Category: နိုင်ငံရေး
- Hits: 938
CNI International News
မနီလာ၊ ဇူလိုင် ၃၀
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ပီဆို ၂၅၆ ဒသမ ၁ ဘီလျံ (ဒေါ်လာ ၄ ဒသမ ၃၈ ဘီလျံ) အသုံးပြုရန် လျာထားကြောင်း ဘတ်ဂျက်ဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဖိလစ်ပိုင်သည် ပြည်ပရန် ကာကွယ်ရေးကဏ္ဍကို အဆင်မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် ထိုအသုံးစရိတ် ပမာဏသည် ယခုနှစ် ကာကွယ်ရေး အသုံးစရိတ်ထက် ၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် နယ်မြေပိုင်ဆိုင်ရေး အငြင်းပွားမှုများနှင့် နှစ်နိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့ သင်္ဘောများအကြား ထိပ်တိုက်တွေ့မှုများ မြင့်တက်နေချိန်၌ ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ရန် ဖိလစ်ပိုင်အစိုးရက အဆိုပြုခဲ့ခြင်းဖြစ်သည်။
ထိုကာကွယ်ရေး အသုံးစရိတ်သည် ၂၀၂၅ ခုနှစ်အတွက် အစိုးရ၏ အသုံးစရိတ် စုစုပေါင်း ပီဆို ၆ ဒသမ ၃၅ ထရီလျံ ၏ ၄ ရာခိုင်နှုန်းဖြစ်ပြီး ထိုအသုံးစရိတ် လျာထားမှုကို အတည်ပြုချက်ရရှိရန် ဘတ်ဂျက်ဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်တွင် လွှတ်တော်ကို တင်သွင်းခဲ့သည်။
ဖိလစ်ပိုင်သမ္မတကို တွေ့ရစဉ်
ကာကွယ်ရေး အသုံးစရိတ် စုစုပေါင်းအနက် ပီဆို ၂၀၄ ဒသမ ၄ ဘီလျံကို ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ၏ ကာကွယ်ရေး အစီအစဉ်များအတွက် အသုံးပြုမည်ဖြစ်ပြီး ပီဆို ဘီလျံ ၅၀ ကို စစ်တပ်၏ အဆင်မြှင့်တင် မွမ်းမံရေး အစီအစဉ်အတွက် အသုံးပြုသွားမည်ဟု ဘတ်ဂျက်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်မှုသည် မိမိတို့၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းရန်ဖြစ်ကြောင်း ဘတ်ဂျက်ဝန်ကြီး အမ်မီနာ ပန်ဂန်ဒါမန် (Amenah Pangandaman) က လွှတ်တော် အမတ်များကို ပြောကြားခဲ့သည်။
အဆိုပြုထားသည့် ၂၀၂၅ ဘတ်ဂျက်အရ တောင်တရုတ်ပင်လယ်အတွင်းရှိ ကင်းလှည့်မစ်ရှင်များ၊ ထောက်ပို့မစ်ရှင် များကို လိုက်ပါစောင့်ကြပ်ပေးနေရသည့် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့သည် လက်ရှိ ဘတ်ဂျက်ထက် ၆ ရာခိုင်နှုန်း တိုးမြင့်ရရှိမည်ဖြစ်ပြီး တန်ဖိုးအားဖြင့် ၃၁ ဒသမ ၄ ဘီလျံ ရရှိမည်ဖြစ်သည်။
လာမည့်နှစ် အစိုးရ၏ အလုံးစုံ အသုံးစရိတ်သည် နိုင်ငံ့ဂျီဒီပီ၏ ၂၂ ရာခိုင်နှုန်းနှင့် ညီမျှနေကာ လက်ရှိ ဘတ်ဂျက် ထက် ၁၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အစိုးရ၏ အသုံးစရိတ် စုစုပေါင်းအနက် ပညာရေးကဏ္ဍအတွက် အသုံးစရိတ်ကို ပီဆို ၉၇၇ ဒသမ ၆ ဘီလျံ အထိ လျာထားကြောင်း သိရသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1922
CNI International News
တိုကျို ဇူလိုင် ၃၀
Quad အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် တောင်တရုတ်ပင်လယ်အတွင်း ခြိမ်းခြောက်မှုများ၊ အန္တရာယ်ရှိသည့် ချဉ်းကပ်လုပ်ဆောင်ပုံများနှင့် ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်တွင် ပြုလုပ်သည့် Quad အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်တွင် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဒေသတွင်း ပင်လယ်ရေကြောင်း လုံခြုံရေးကို မြှင့်တင်ရန်လည်း ကတိပြုခဲ့ကြသည်။
ထိုအစည်းအဝေးကို ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင် (Penny Wong) ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါ (Yoko Kamikawa) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) တို့ တက် ရောက်ခဲ့သည်။
ဇူလိုင် ၂၈ ရက်က အမေရိကန်နှင့် ဂျပန်အကြား ပြုလုပ်ခဲ့သည့် လုံခြုံရေးဆွေးနွေးပွဲများတွင်လည်း မဟာမိတ် နှစ်နိုင်ငံက တရုတ်သည် ဒေသတွင်း ရင်ဆိုင်နေရသည့် အကြီးမားဆုံး မဟာဗျူဟာမြောက် စိန်ခေါ်မှုဖြစ်ကြောင်း တံဆိပ်ကပ်ခဲ့သည်။
Quad အဖွဲ့၀င်များ ဆွေးနွေးနေစဉ်
"အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေက အခြေအနေတွေကို ကျနော်တို့ အရမ်းစိုးရိမ်ပါတယ်။ အင်အားသုံးမှု ဒါမှမဟုတ် ခြိမ်းခြောက်မှုတွေနဲ့ ရှိရင်းစွဲ အခြေအနေကို ပြောင်းလဲမယ့် တစ်ဖက်သတ် လုပ်ဆောင် ချက်တွေကို ပြင်းပြင်းထန်ထန်ဆန့်ကြောင်း ထပ်လောင်း အတည်ပြုသည်”ဟု နိုင်ငံခြားရေးဝန်ကြီးများက တရုတ် ကို တိုက်ရိုက် အမည်တပ်ခြင်းမရှိဘဲ ထုတ်ပြန်ခဲ့သည်။
ထို့ပြင် တောင်တရုတ်ပင်လယ်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများနှင့် ပင်လယ်ရေကြောင်း ပြည်သူ့စစ် သင်္ဘောများကို အန္တရာယ်ရှိစွာ အသုံးပြုမှု အပါအဝင် ခြိမ်းခြောက် အကျပ်ကိုင်သည့် လုပ်ဆောင်ချက်များ၊ အငြင်းပွားဖွယ် စစ်ရေး အသွင်ဆောင်မှုများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်းလည်း Quad နိုင်ငံခြားရေးဝန်ကြီးများ က ပြောကြားခဲ့သည်။
Quad နိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆို ခွင့်ရှိသူ လင်ကျန်း (Lin Jian) က တုန့်ပြန်ခဲ့ရာတွင် Quad အဖွဲ့သည် တင်းမာမှုများ မြင့်တက်စေရန် လုပ်ဆောင် နေခြင်း၊ ထိပ်တိုက်တွေ့ရန် လှုံ့ဆော်နေခြင်း၊ အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားခြင်းတို့ လုပ်ဆောင် ခဲ့သည်ဟု ပြောကြားခဲ့သည်။
ဘလင်ကင်ကိုတွေ့ရစဉ်
မကြာသေးမီက တရုတ်သင်္ဘောများသည် တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် Second Thomas သောင်ခုံအနီးတွင် ဖိလစ်ပိုင်သင်္ဘောများနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ အတွင်းက တရုတ်နှင့်ဖိလစ်ပိုင်အကြား တင်းမာမှုများ လျှော့ချရန် သဘောတူညီခဲ့သည့်တိုင် တင်းမာမှုများ ရှိနေဆဲဖြစ်သည်။
Quad အဖွဲ့ကမူ ၎င်းတို့အနေဖြင့် ဂြိုဟ်တု ဆက်သွယ်ရေး အချက်အလက်များ၊ သက်ဆိုင်ရာ လေ့ကျင့် သင်ကြား မှုများမှတစ်ဆင့် မိတ်ဖက်နိုင်ငံအချင်းချင်း ကူညီပေးမှု အပါအဝင် လွတ်လပ်ပွင့်လင်းသည့် ပင်လယ်ရေကြောင်း အခင်းအကျင်းကို ထိန်းသိမ်းရန် အစီအစဉ်များ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 2570
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၉
ထိုင်းနိုင်ငံတွင် အထက်လွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် ရွေးကောက်ခံရသည့် မွန်ကောလ် သူရဆာဂျာ (Mongkol Surasajja) နှင့် ၎င်း၏ လက်ထောက်နှစ်ဦးသည် ဇူလိုင် ၂၇ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ် မှ ဖော်ပြခဲ့သည်။
မစ္စတာ မွန်ကောလ်နှင့် ၎င်း၏ လက်ထောက်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး ကရီယန်ကရိုင် ဆရီရတ် (Kriangkrai Srirak) နှင့် ဘွန်းဆောင်း နွိုင်ဆိုဖွန် (Boonsong Noisophon) တို့သည် တော်ဝင်နန်းတော်၏ ထောက်ခံချက်ကို လက်ခံခဲ့ပြီး ထိုထောက်ခံချက်သည် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအတွက် တရားဝင် လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်သည်။
အထက်လွှတ်တော်များနှင့် ထိပ်သီးအရာရှိများသည် တော်ဝင်နန်းတော်၏ ထောက်ခံမှုကို ပေးအပ်ခြင်းခံရပြီး ထိုထောက်ခံချက်ကို အခမ်းအနားအား ဦးစီးကျင်းပသည့် အစိုးရအတွင်းဝန်ချုပ် နတ်ဂျာရီ အန်န်တာစစ် (Natjaree Anantasilp) က လက်ခံသူများထံ ဆောင်ကြဉ်းပေးရခြင်းဖြစ်သည်။
ထိုကျမ်းသစ္စာကျိန်ဆိုပွဲတွင် မစ္စစ် နတ်ဂျာရီက ဘူရီရမ် (Buri Ram) အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာ မွန်ကောလ် ကို အထက်လွှတ်တော်ဥက္ကဋ္ဌသစ် အဖြစ်လည်းကောင်း၊ Bhumjaithai ပါတီ အကြံပေးပုဂ္ဂိုလ်ဟောင်း ဗိုလ်ချုပ်ကြီး ကရီယန်ကရိုင်ကို ဒုတိယလွှတ်တော်ဥက္ကဋ္ဌ(၁) အဖြစ်လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်
အကြီးအကဲ ဟောင်း မစ္စတာဘွန်းဆောင်းကို ဒုတိယလွှတ်တော်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တော်ဝင်နန်းတော်၏ ထောက်ခံ ချက်ကို ဖတ်ကြားခဲ့သည်။
ထို့နောက် ကျမ်းသစ္စာကျိန်ဆိုပွဲ၏ လုပ်ထုံးလုပ်နည်းများ ပြီးဆုံးသွားချိန်တွင် ရာထူးခန့်အပ်မှု လုပ်ငန်းစဉ် အဆုံးသတ်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌသစ်နှင့် လက်ထောက်များသည် ၎င်းတို့၏ တာဝန်များကို စတင်တာဝန် ထမ်းဆောင်ခဲ့သည်။
ထိုင်းအထက်လွှတ်တော်ဥက္ကဋ္ဌအသစ်ကိုတွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က မစ္စတာ မွန်ကောလ်သည် အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အထက်လွှတ်တော် အမတ်များ၏ မဲခွဲဆုံးဖြတ်မှုတွင် မဲစုစုပေါင်း ၂၀၀ ရှိသည့်အနက် ထောက်ခံမဲ ၁၅၉ မဲဖြင့် အနိုင်ရရှိခဲ့သည်။
အထက်လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်ပွဲများကို ခရိုင်အဆင့်၊ ပြည်နယ်အဆင့်နှင့် နိုင်ငံတော်အဆင့် အစရှိသည့် အဆင့် ၃ ဆင့်ခွဲကာ ရက်အနည်းငယ်ကြာ အချိန်ယူ ပြုလုပ်ခြင်းဖြစ်သည်။
Bhumjaithai ပါတီသည် အထက်လွှတ်တာ်၏ အုပ်စု ၃ စုအနက် အင်အားအကြီးဆုံး လွှတ်တော်ကိုယ်စားလှယ် အင်အားစုဖြစ်ပြီး ထိုလွှတ်တော်ကိုယ်စားလှယ်များထဲမှ အချို့သည် အာဏာရဖြူးထိုင်းပါတီ၊ အတိုက်အခံ Move Forward ပါတီတို့နှင့် အနည်းငယ် ဆက်နွှယ်မှုရှိနေသည်။
ပြီးခဲ့သည့်သီတင်းပတ်က ရွေးကောက်ပွဲရလဒ်များကို ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ထံ ပေးပို့ခဲ့ပြီး ဝန်ကြီးချုပ်က တော်ဝင်ထောက်ခံချက် ရယူရန်အတွက် ဘုရင့်ထံ တင်သွင်းခဲ့ခြင်းဖြစ်ကာ တော်ဝင် နန်းတော်က ရာထူးခန့်အပ်ကြောင်း ထောက်ခံချက်ကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1041
CNI International News
မော်စကို၊ ဇူလိုင် ၂၉
အမေရိကန်အနေဖြင့် ဂျာမနီတွင် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားမည်ဆိုပါက စစ်အေးကာလက ဒုံးကျည် အကျပ်အတည်းပုံစံမျိုး ဖြစ်လာနိုင်ကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin)က သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်က ဒုံးကျည်များ ဖြန့်ကြက်ချထားမည်ဆိုပါက ရုရှားကလည်း အနောက်နိုင်ငံများကို ပစ်ခတ်ရောက်ရှိ နိုင်သည့် အလားတူ တာဝေးပစ် ဒုံးကျည်များကို ဖြန့်ကြက်ချသွားမည်ဟု ပူတင်က ပြောသည်။
ဂျာမနီတွင် ၂၀၂၆ ခုနှစ်မှစပြီး SM-6 နှင့် Tomahawk ခရုဇ်ဒုံးကျည်များ၊ အသံထက်မြန်သည့် ဟိုက်ပါဆောနစ် လက်နက်များ အပါအဝင် တာဝေးပစ် ဒုံးကျည်များကို ဖြန့်ကြက်ချထားရန် ပြင်ဆင်နေကြောင်း အမေရိကန်က ဇူလိုင် ၁၀ ရက်က ပြောကြားခဲ့သည်။
အမေရိကန်၏ ဒုံးကျည်များ ဖြန့်ကြက်ချထားမည့် အစီအစဉ်ကို တုန့်ပြန်သည့်အနေဖြင့် ပူတင်က စိန့်ပီတာစဘတ်ချ် (St Petersburg) မြို့တွင် ပြုလုပ်သည့် ရုရှား၏ ရေတပ်နေ့ အခမ်းအနားတွင် ရုရှား၊ တရုတ်၊ အယ်လ်ဂျီးရီးယားနှင့် အိန္ဒိယနိုင်ငံများမှ သင်္ဘောသားများကို မိန့်ခွန်းပြောကြားခဲ့သည်။
ထိုမိန့်ခွန်းအတွင်း ပူတင်က အမေရိကန်၏ အစီအစဉ်သည် စစ်အေးကာလက ဒုံးကျည် အကျပ်အတည်မျိုး ဖြစ်စေသည့် အန္တရာယ်ကို မြင့်တက်စေလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
ပူတင်ကို တွေ့ရစဉ်
"ကျနော်တို့ နယ်နိမိတ်ပေါ်က ပစ်မှတ်တွေဆီကို နျူကလီးယားလက်နက်တွေ တပ်ဆင်ထားနိုင်ခြေရှိတဲ့ အဲဒီ ဒုံးကျည်တွေ ပျံသန်းရောက်ရှိမယ့် ကြာမြင့်ချိန်ဟာ ၁၀ မိနစ်ပဲ ကြာပါလိမ့်မယ်။ ကျနော်တို့ကလည်း ဥရောပနဲ့ ကမ္ဘာ့အခြား နေရာဒေသတွေမှာရှိတဲ့ အမေရိကန်ရဲ့ ဂြိုဟ်တုလွှတ်တင်မှုတွေ အပါအဝင် အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေအတိုင်း ထပ်တူညီတဲ့ အစီအစဉ်တွေကို ချမှတ်လုပ်ဆောင်သွားမှာပါ"ဟု ပူတင်က သတိ ပေးခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို စစ်တပ်စေလွှတ်ပြီး တိုက်ခိုက်ခဲ့သည့် ပူတင်က ယူကရိန်းစစ်ပွဲသည် အနောက် နိုင်ငံများနှင့် ရုရှားအကြား သမိုင်းဝင်အားပြိုင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် အနောက်နိုင်ငံများက ရုရှားကို အရှက်ရစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပူတင်က ပြောကြား ခဲ့သည်။
ယူကရိန်းနှင့် အနောက်နိုင်ငံများကမူ ပူတင်သည် နယ်မြေချဲ့ထွင်သည့် ပုံစံမျိုးဖြင့် ယူကရိန်း၏ နယ်နိမိတ်များကို သိမ်းပိုက်နေကြောင်း စွပ်စွဲခဲ့ပြိး လက်ရှိတွင် ခရိုင်းမီးယား (Crimea) ကျွန်းဆွယ်နှင့် ယူကရိန်းအရှေ့ပိုင်းမှ ဒေသ ၄ ခု အပါအဝင် ယူကရိန်း၏ နယ်နိမိတ် စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည့် ရုရှားအား အနိုင်ယူ တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားကမူ ထိုနယ်မြေများသည် တစ်ချိန်က ရုရှားအင်ပါယာ၏ အစိတ်အပိုင်းများဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်တွင် ရုရှား ပိုင် နယ်မြေများအဖြစ် ပြန်လည် သိမ်းယူခဲ့ခြင်းဖြစ်ကာ ယူကရိန်းကို ပြန်ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့ သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2848
CNI International News
ပြုံယမ်း၊ ဇူလိုင် ၂၉
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un) အမိန့်ပေးသည့်အခါ စစ်ပွဲဖြစ်လာလျှင် ရန်သူအားလုံးကို အလုံးစုံချေမှုန်းပစ်မည်ဟု ကတိပြုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ခေါင်းဆောင်ကင်မ်သည် ဇူလိုင် ၂၇ ရက်က ပြုလုပ်သည့် ၇၁ နှစ်ပြည့် ကိုရီးယားစစ်ပွဲ ယာယီစစ်ပြေငြိမ်းသည့် နှစ်ပတ်လည် အခမ်းအနားကို အောင်ပွဲခံရန် တက်ရောက်ခဲ့သည်။
ခေါင်းဆောင်ကင်မ် ပါဝင်သည့် ထိုအစည်းအဝေးတွင် မြောက်ကိုရီးယား ကြည်းတပ် ဗိုလ်မှူးကြီး ရီအွန်ယွန်(Ri Un Ryong)နှင့် ရေတပ်ဒုတိယတပ်မှူး ယူဂယွန်ဆောင်(Yu Kyong Song) အပါအဝင် အကြီးတန်းစစ်ဘက် တာဝန်ရှိသူများက အမေရိကန်နှင့် တောင်ကိုရီးယားကို ရည်ရွယ်သည့် မှတ်ချက်များကို ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနှင့် အမေရိကန်တို့သည် တင်းမာမှုများကို နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှုများသည် ၂၀၁၉ ခုနှစ်ကတည်းက လျော့ကျခဲ့ပြီး သံတမန်ဆက်ဆံရေးများလည်း မရှိခဲ့ပေ။
လာမည့် အမေရိကန်ရွေးကောက်ပွဲတွင် မည်သူ ရွေးကောက်ခံရမည်ဖြစ်စေ အခြေအနေ ပြောင်းလဲသွားမည် မဟုတ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွင် မကြာသေးမီက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကိုတွေ့ရစဉ်
အမေရိကန်နှင့် တောင်ကိုရီးယားသည် နျူကလီးယား စစ်ပွဲဖြစ်လာစေရန် လှုံ့ဆော်နေကြောင်း မြောက်ကိုရီးယား က စွပ်စွဲပြောကြားခဲ့ပြီး စစ်ပွဲဖြစ်လာပါက ခေါင်းဆောင်ကင်မ် အမိန့်ပေးလာသည်နှင့်တစ်ပြိုင်နက် ရန်သူများကို သာလွန်အင်အားဖြင့် တိုက်ခိုက်ချေမှုန်းသွားမည်ဟု ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် အမေရိကန်၊ တရုတ်တို့နှင့်အတူ သုံးနှစ်ကြာ ဖြစ်ပွားသည့် ကိုရီးယားစစ်ပွဲကို အဆုံးသတ် ရန် ၁၉၅၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်တွင် ယာယီစစ်ပြေငြိမ်းရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
ထိုအချိန်က အမေရိကန်ဗိုလ်ချုပ်ကြီးများသည် တောင်ကိုရီးယားကို ကျောထောက်နောက်ခံ ပေးထားသည့် ကုလသမဂ္ဂတပ်ဖွဲ့များ၏ကိုယ်စား သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
မြောက်ကိုရီးယားက ဇူလိုင် ၂၇ ရက်နေ့ကို အောင်ပွဲနေ့ဟု သတ်မှတ်ခေါ်ဆိုသော်လည်း တောင်ကိုရီးယားကမူ ယင်းနေ့တွင် အထင်ကရ အခမ်းအနားများ ပြုလုပ်ခြင်းမရှိပေ။
ကိုရီးယားစစ်ပွဲသည် ငြိမ်းချမ်းရေးစာချုပ်ဖြင့် အဆုံး သတ်ခဲ့ခြင်း မဟုတ်ဘဲ စစ်ပွဲရပ်ဆိုင်းရန် သဘောတူညီမှု ဖြင့်သာ အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကိုရီးယား နှစ်နိုင်ငံအကြား သဘောတရားအရ စစ်ပွဲဖြစ်ပွားနေဆဲ အခြေအနေတွင်ပဲ ဆက်လည် တည်ရှိနေသည်။
Source: ရိုက်တာ

- By Nan Shwe Sin Htun
- Category: နိုင်ငံရေး
- Hits: 3013
CNI International News
ဂျရုဆလင်၊ ဇူလိုင် ၂၉
အစ္စရေးတို့ သိမ်းပိုက်ထားသော ဂိုလန်ကုန်းပြင်မြင့် (Golan Heights) ရှိ ဘောလုံးကွင်းတစ်ကွင်းကို ဇူလိုင် ၂၇ ရက်က ရော့ကတ်တစ်စင်း ထိမှန်မှုကြောင့် လူငယ် ၁၂ ဦး သေဆုံးခဲ့သည်ဟု အစ္စရေးအာဏာပိုင်များက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြထားသည်။
ထိုလေကြောင်းတိုက်ခိုက်မှုသည် အစ္စရေးနှင့် လက်ဘနွန်စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာ(Hezbollah)ကြား တိုက်ပွဲများ စတင်ဖြစ်ပွားချိန်ကတည်းက နိုင်ငံ၏မြောက်ပိုင်း နယ်စပ်တစ်လျှောက် အစ္စရေးကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများအတွင်း လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုကြီးဖြစ်လာခဲ့သည်။
ထို့အပြင် ကျယ်ပြန့်သော ဒေသတွင်းစစ်ပွဲတစ်ရပ် ဖြစ်လာမည့် အရေးကို စိုးရိမ်လျက်ရှိသည်။
ဂိုလန်ကုန်းပြင်မြင့်တွင် လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်အတွက် အစ္စရေးက ဟစ်ဇ်ဘိုလာအဖွဲ့ကို ပြစ်တင် ပြောကြားခဲ့သော်လည်း ဟစ်ဇ်ဘိုလာအဖွဲ့က ငြင်းဆိုခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုကို တွေ့ရစဉ်
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု(Benjamin Netanyahu)က ဟစ်ဇ်ဘိုလာအဖွဲ့အား ထိုတိုက်ခိုက် မှုအတွက် တန်ဖိုးကြီးကြီးမားမား ပြန်လည် ပေးဆပ်ရလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။
အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီယယ်ဟာဂါရီ(Daniel Hagari)က ထိုတိုက်ခိုက်မှုအား အောက်တိုဘာ ၇ ရက် ဟားမာ့စ်(Hamas)တို့၏ တိုက်ခိုက်မှု ဖြစ်စဉ်ပြီးနောက် အစ္စရေးအရပ်သား သေဆုံးမှု အများဆုံး တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းတိုက်ခိုက်မှုတွင် နောက်ထပ်လူ ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ဟစ်ဇ်ဘိုလာအဖွဲ့က စည်းကျော်လာပြီး ဒါကို လက်တုန့်ပြန်သွားမှာပါ”ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကာ့ဇ်(Israel Katz)က Israeli Channel 12 သတင်းကို ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာ အကြီးအကဲ၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အက်ဖစ်(Mohammed Afif)က ဟစ်ဇ်ဘိုလာအဖွဲ့ အနေဖြင့် မက်ဂျ်ဒယ်ရှမ်း(Majdal Shams)မြို့ကို တိုက်ခိုက်မှု မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုခဲ့သည်။
ဂိုလန်ကုန်းပြင်မြင့်ရှိ ဘောလုံးကွင်း တိုက်ခိုက်ခံရစဉ်
ဟစ်ဇ်ဘိုလာအဖွဲ့သည် တိုက်ခိုက်မှု ဖြစ်စဉ်များကို ပုံမှန်အားဖြင့် ငြင်းဆိုလေ့မရှိပေ။
အမေရိကန်သို့ ရောက်ရှိနေသည့် နေတန်ယာဟုသည် မည်သည့်အချိန်တွင် အစ္စရေးသို့ ပြန်လာမည်ဆိုခြင်းကို ပြောကြားခဲ့ခြင်းမရှိဘဲ ခရီးစဉ်ကို အချိန်လျှော့ချမည်ဟု ပြောကြားခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ပြောကြား ခဲ့သည်။
နေတန်ယာဟုသည အစ္စရေးသို့ ပြန်ရောက်ရောက်ချင်း လုံခြုံရေးအစိုးရအဖွဲ့ အစည်းအဝေး တစ်ရပ် ပြုလုပ်သွားမည်ဟု ဆိုသည်။
နေတန်ယာဟု၏ အစိုးရအဖွဲ့မှ လက်ယာစွန်းအဖွဲ့ဝင်များက ဟစ်ဇ်ဘိုလာကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန်ရန် တောင်းဆိုခဲ့သည်။
မက်ဂျ်ဒယ်ရှမ်း(Majdal Shams)မြို့ကို ပစ်ခတ်ခဲ့သည့် ရော့ကတ်သည် လက်ဘနွန်တောင်ပိုင်း ချီဘား(Chebaa) ကျေးရွာ၏ မြောက်ပိုင်းမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ အကဲဖြတ် လေ့လာမှုတွင် တွေ့ရှိခဲ့သည်ဟု အစ္စရေး စစ်တပ်က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 759
CNI International News
ဘေကျင်း၊ ဇူလိုင် ၂၉
မြန်မာနှင့် တရုတ် နယ်စပ်ဒေသ၏ လုံခြုံရေးကို စိတ်ချသေချာစေရန်အတွက် မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းရန်နှင့် တိုက်ပွဲများကို ရပ်တန့်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က ထုတ်ပြန်ခဲ့ သည်ဟု Nation Thailand မှ ဖော်ပြခဲ့သည်။
ထို့ပြင် တရုတ်သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည် ဟုလည်း မော်က ပြောကြားခဲ့သည်။
မော်သည် ဇူလိုင် ၂၅ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၏ ပဋိပက္ခအခြေအနေနှင့်ပတ်သက်ပြီး မေးခွန်းများကို ဖြေကြားချိန်၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေကို တရုတ်က အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့နဲ့ ရန်လိုမှုတွေကို အမြန်ဆုံး အဆုံးသတ်ပြီး အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့၊ တင်းမာမှုတွေကို ရှောင်ရှားဖို့ တရုတ်က တိုက်တွန်းပါတယ်။ အထူး သဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ထမ်းတွေ အပါအဝင် တရုတ် နယ်စပ်ဒေသရဲ့ လုံခြုံရေးနဲ့ နယ်စပ်ဒေသမှာ နေထိုင်သူတွေကို မထိခိုက်အောင် သေချာစွာ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်" ဟု မော်က ပြောကြားခဲ့သည်။
ကိုးကန့်တပ်ဖွဲ့ MNDAA လားရှိုးမြို့ထဲကို ၀င်ရောက်လာစဉ်
ထို့ပြင် တရုတ်သည် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို မြှင့်တင်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အရှိန်အဟုန်ကို ထိန်းသိမ်းရန် မြန်မာနိုင်ငံမြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များကို ဆက်လက်တိုက်တွန်းမည်ဟုလည်း မော်က ပြောကြားခဲ့သည်။
လက်ရှိ လားရှိုးမြို့၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ မတ်တရာတို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့် ရန် တရုတ်က TNLA နှင့် MNDAA ကို ဖိအားပေးနေကြောင်း ပြည်တွင်းနိုင်ငံရေးနှင့်စစ်ရေးအကဲခတ်များက ပြော သည်။
လားရှိုးမြို့ကို သိမ်းပိုက် MNDAA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေချိန်မှာပဲ ဇူလိုင် ၂၇ ရက်နေ့ ညပိုင်း တွင် "ဝ"တပ်ဖွဲ့ UWSA က နေပြည်တော်(မြန်မာ့တပ်မတော်)၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်လာပြီး အရေးကြီး သည့် နေရာများမှာ နေရာယူ ထိန်းသိမ်းထားသည်။
Source: Nation Thailand
- By CNI
- Category: နိုင်ငံရေး
- Hits: 3603
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၂၇
အမေရိကန်သမ္မတဟောင်း ဘာရက် အိုဘားမား (Barack Obama) နှင့် ၎င်း၏ဇနီးသည် မစ်ရှဲလ် အိုဘားမား (Michelle Obama) တို့က ဒုတိယသမ္မတ ကာမယ်လာ ဟားရစ် (Kamala Harris) ကို ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
အိုဘားမားတို့ ဇနီးမောင်နှံသည် ဇူလိုင် ၂၅ ရက်က ဟားရစ်နှင့် သီးသန့် ဗွီဒီယိုကောလ် ခေါ်ဆိုမှုအတွင်း ၎င်းတို့၏ ထောက်ခံကြောင်းကို ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျနော်နဲ့ မစ်ရှဲလ်တို့က သင့်ကို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စေဖို့နဲ့ အိမ်ဖြူတော်ကို ရောက်ရှိစေဖို့ ထောက်ခံကြောင်းပြောရတာ ဂုဏ်ယူမိတယ်ဆိုတဲ့ အကြောင်းကို ပြောပြချင်လို့ ဖုန်းခေါ်ခဲ့တာ ဖြစ်ပါတယ်" ဟု အိုဘားမားက ဟားရစ်ကို ပြောကြားခဲ့သည်။
"ရှင့်အတွက် ကျမ ဂုဏ်ယူပါတယ်။ ဒါဟာ သမိုင်းဝင် ဖြစ်ရပ်တစ်ခု ဖြစ်လာမှာပါ " ဟု မစ်ရှဲလ်က ဟားရစ်ကို ပြောကြားခဲ့သည်။
ဟားရစ်ကလည်း ၎င်းအား ထောက်ခံပေးမှုနှင့် ကာလကြာရှည် တည်ရှိခဲ့သည့် ခင်မင်ရင်းနှီးမှုအတွက် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ကာမယ်လာဟားရစ် ဖုန်းပြောနေစဉ်
"နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်။ အရမ်းကျေးဇူးတင်မိပါတယ်။ ကျမတို့ ပျော်ရွှင်ခဲ့ရပါတယ်" ဟု ဟားရစ်က ပြောကြားခဲ့သည်။
ထိုဗွီဒီယိုကောလ် ခေါ်ဆိုမှုသည် အမှန်တကယ် ဖြစ်ကြောင်းနှင့် သရုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ဟားရစ်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောကြားခဲ့သည်။
သမ္မတဂျိုးဘိုင်ဒန် (Joe Biden) သည် ရွေးကောက်ပွဲမှ နုတ်ထွက်သွားခဲ့ပြီးနောက် ဟားရစ်သည် ရီပတ်ဘလစ် ကန် ပြိုင်ဘက် ဒေါ်နယ်ထရမ့် (Donald Trump) ကို ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ပထမဆုံး အမေရိကန် လူမည်းသမ္မတ တစ်ဦးဖြစ်သည့် အိုဘားမားသည် သမ္မတရာထူးမှ ဆင်းသွားခဲ့သည်မှာ ဆယ်စုနှစ် တစ်စုကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် ဒီမိုကရက်တစ်ပါတီတွင် လူကြိုက်အများဆုံး ခေါင်းဆောင်များ ထဲ၌ ပါဝင်နေဆဲဖြစ်သည်။
အိုဘားမားသည် ဘိုင်ဒန်၏ မဲဆွယ်စည်းရုံးပွဲ ကာလနှင့် ရန်ပုံငွေ မြှင့်တင်ပွဲများတွင် တောက်လျှောက် ပါဝင် လာခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ဟားရစ်ကို ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 588
CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၇
ထိုင်းနိုင်ငံ၏ အတိုက်အခံ ပါတီဖြစ်သည့် Move Forward ပါတီ (MFP) သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်ကြိုးပမ်းသော ဥပဒေမူကြမ်း ၃ ခုကို လွှတ်တော်သို့ ဇူလိုင် ၂၆ ရက်တွင် တင်သွင်းခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ထိုဥပဒေမူကြမ်းများသည် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကောင်စီ (NCPO) အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် အမိန့်ပြန်တမ်းများနှင့် ညွှန်ကြားချက်အားလုံးကို ပယ်ဖျက်ရန် ရည်ရွယ်ကြောင်း MFP ၏ ပြောရေးဆိုခွင့်ရှိသူ ပါရစ် ဝါချာရာဆင်ဒူ (Parit Wacharasindhu)က ပြောကြားခဲ့သည်။
NCPO သည် ၂၀၁၄ ခုနှစ်က ရွေးကောက်ခံသမ္မတ ယင်းလပ်ရှင်နာဝပ် (Yingluck Shinawatra)၏ အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ပြီး အာဏာကို ရယူခဲ့သည့် အဖွဲ့ဖြစ်သည်။
ယခုတင်သွင်းသည့် ဥပဒေမူကြမ်းများသည် အနာဂတ်တွင် စစ်တပ်က အာဏာကို လွှဲပြောင်းရယူမှုများအား တားဆီးရန်နှင့် အနှစ် ၂၀ စာ အမျိုးသား မဟာဗျူဟာ အစီအစဉ်ကို ဖျက်သိမ်းရန် ရည်ရွယ်ကြောင်း ပါရစ်က ပြောသည်။
MFP သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို မိမိတို့ပါတီ၏ သဘောထားဖြင့် အောက်လွှတ်တော်သို့ တင်သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်း အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအသစ်ရေးဆွဲမှုသည် အချိန် ၂ နှစ်ခန့် ကြာမြင့်နိုင်သဖြင့် အလွန်နှေးကွေးကြောင်း ပါရစ်က ပြောကြားခဲ့သည်။
MFP ၏ ပြောရေးဆိုခွင့်ရှိသူ ပါရစ် ဝါချာရာဆင်ဒူကို တွေ့ရစဉ်
လွှတ်တော်အနေဖြင့် မိမိတို့တင်သွင်းသည့် ဥပဒေမူကြမ်းများကို အသစ်ရေးဆွဲနေသော ဖွဲ့စည်းပုံအသစ်နှင့် နှိုင်းယှဉ်ပြီး အပြန်အလှန် ဆင်ခြင်သုံးသပ်နိုင်သည်ဟုလည်း ပါရစ်က ပြောကြားခဲ့သည်။
MFP က တင်သွင်းသည့် ပထမဥပဒေမူကြမ်းမှာ NCPO ၏ အမိန့်ပြန်တမ်းများ၊ ညွှန်ကြားချက်များ အားလုံးသည် တရားဝင်မှုရှိသည်ဆိုသည့် ဥပဒေပိုဒ်ခွဲ ၂၇၉ ကို ပယ်ဖျက်ရန် အဆိုပြုထားသည်။
ဒုတိယ ဥပဒေမူကြမ်းမှာ အာဏာသိမ်းမှုကို နိုင်ငံရေးအသင်းအဖွဲ့များအားလုံးက ငြင်းပယ်ရန် တွန်းအားပေး ထားသည့် စာပိုဒ်ကို ဖွဲ့စည်းပုံ၏ အပိုဒ်ခွဲ ၁၆ တွင် ဒုတိယအပိုဒ်အဖြစ် ထည့်သွင်းရန်ဖြစ်သည်။
တတိယ ဥပဒေမူကြမ်းမှာ NCPO က ရေးဆွဲခဲ့သည့် အနှစ် ၂၀ စာ အမျိုးသားမဟာဗျူဟာ အစီအစဉ်ကို ဖျက်သိမ်းရန်ဖြစ်ကြောင်း ပါရစ်က ပြောကြားခဲ့သည်။
Source: Thai PBS World