
- By CNI
- Category: နိုင်ငံရေး
- Hits: 497
CNI International News
နယူးဒေလီ၊ မတ်လ ၁၁
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S Jaishankar) သည် ဂျပန်သို့ သွားရောက်သည့် ၃ ရက်ကြာ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး ထိုခရီးစဉ်အတွင်း ဂျပန်၏ ထိပ်သီးခေါင်းဆောင်များနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ သည်ဟု Devdiscourse မှ ဖော်ပြခဲ့သည်။
ထိုအစည်းအဝေးများအတွင်း အထူး မဟာဗျူဟာနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံမှုပုံစံကို အရည်အသွေးရှိရှိ ပြောင်းလဲနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဂျိုင်ရှန်ကာက ဝန်ကြီးချုပ် မိုဒီ ( Modi) ၏ နုတ်ခွန်းဆက် အမှာစကားကို ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) ထံ ဆောင်ကြဉ်းပေးခဲ့ပြီး အိန္ဒိယ-ဂျပန် အထူးမဟာဗျူဟာနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် ဆက်ဆံရေးတွင် မကြာသေးမီက တိုးတက်မှုများနှင့်ပတ်သက်ပြီး တင်ပြခဲ့သည်။
ဂျိုင်ရှန်ကာသည် မတ်လ ၇ ရက်က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါ (Yoko Kamikawa) နှင့် ၁၆ ကြိမ်မြောက် အိန္ဒိယ-ဂျပန် မဟာဗျူဟာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံ အဆောက်အအုံ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများ အပါအဝင် အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာနဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကို တွေ့ရစဉ်
ထို့ပြင် နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန် နားလည်မှုများ ပိုမိုကောင်းမွန်စေရန်နှင့် မျက်မှောက်ခေတ် အခြေအနေများနှင့် လိုက်လျောညီထွေရှိအောင် လုပ်ဆောင်ရန် ဂျိုင်ရှန်ကာနှင့် ကာမီကာဝါ တို့က သဘောတူခဲ့ ကြသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့ပြင် အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေများတွင် အိန္ဒိယနှင့် ဂျပန်၏ အပြန်အလှန် အကျိုးစီးပွားများအပေါ် သက်ရောက်သည့် ဒေသတွင်း အရေးကိစ္စအားလုံးကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ဂျိုင်ရှန်ကာသည် ၎င်း၏ ဂျပန်ခရီးစဉ်အတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး (Shinzo Abe) ၏အမျိုးသမီး အကီ အာဘေး (Akie Abe) နှင့်လည်း တွေ့ဆုံခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးအပ်ခဲ့သည်။
ဂျိုင်ရှန်ကာ၏ ခရီးစဉ်သည် နှစ်နိုင်ငံအကြား အထူးမဟာဗျူဟာနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို အကျိုးရှိရှိ ကူးပြောင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် အခွင့်အလမ်းကောင်းတစ်ခု အချိန်ကိုက် ပေါ်ပေါက်စေရန် အထောက်အကူ ဖြစ်စေခဲ့သည်ဟုလည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source: Devdiscourse

- By CNI
- Category: နိုင်ငံရေး
- Hits: 460
CNI International News
အစ္စလာမ်မာဘက်၊ မတ်လ ၁၁
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား အပြန်အလှန် စွပ်စွဲပြစ်တင်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးများ တင်းမာလာခဲ့သည်ဟု Al Arabiya သတင်းဌာနမှ ဖော်ပြခဲ့သည်။
မတ်လ ၇ ရက်တွင် ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန် သံအမတ် မြူနီယာ အက်ခ်ရမ် (Munir Akram)က အာဖဂန်ရှိ တာလီဘန်အစိုးရကို တာရစ်ခ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့နှင့် ဆက်ဆံရေးများ ဖြတ်တောက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းပေးရန် တောင်းဆိုခဲ့သည်။
အာဖဂန်၏ တာလီဘန်အစိုးရအဖွဲ့က TTP အဖွဲ့နှင့် အခြား အကြမ်းဖက်အဖွဲ့များကို ထိန်းချုပ်ရန် ပျက်ကွက်မှု သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိရန် ကြိုးပမ်းနေသည့် တာလီဘန်အစိုးရ၏ ကြိုးပမ်းအားထုတ် မှုများကို ထိခိုက်စေကြောင်း မြူနီယာက ပြောသည်။
ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆေးယက် အက်ဆက် မြူနီယာ (Sayed Asim Munir) က ပါကစ္စတန်၏ လူ့အသက်တစ်ချောင်းသည် အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးထက် ပိုမိုအရေးကြီးပြီး အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးသည် ဆင်းရဲဒုက္ခခံစားရနိုင်ကြောင်း ဇန်နဝါရီလ အတွင်းက ပြောကြားခဲ့သည်။
အာဖဂန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဘက်စ် စတန်နစ်ဇိုင်းကို တွေ့ရစဉ်
ထိုပြောကြားချက်များအရ ပါကစ္စတန်သည် အာဖဂန်နစ္စတန်အပေါ် ထားရှိသည့် ၎င်း၏ နားလည်ရခက်ခဲ့သော မူဝါဒကို ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်ကလည်း ပါကစ္စတန်အစိုးရသည် တာလီဘန်အစိုးရကို ဖိအားပေးရန်အတွက် ပါကစ္စတန်နိုင်ငံ အတွင်းရှိ သန်းနှင့်ချီသည့် အာဖဂန်ဒုက္ခသည်များကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့သဖြင့် ထိုလုပ်ဆောင်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုတ်ချခဲ့သည်။
ထို့ပြင် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အကြား Durand Line ဟုခေါ်ဆိုသည့် တရားမဝင် နယ်စပ်စည်းနှင့် ပတ်သက်ပြီး အငြင်းပွားမှုများရှိခဲ့သည်။
အာဖဂန် နိုင်ငံခြားရေးဝန်ကြီး အမ်မီယာခမ်း မွတ်တာကီကို တွေ့ရစဉ်
တာလီဘန် ခေါင်းဆောင်များကမူ Durand Line ကို နှစ်နိုင်ငံအကြား တရားဝင် နယ်စပ်စည်းအဖြစ် သတ်မှတ်မှု ကို ငြင်းဆိုထားသည်။
အာဖဂန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဘက်စ် စတန်နစ်ဇိုင်း (Abbas Stanikzai) ကမူ Durand Line ကို ရေးဆွဲခဲ့ချိန်က ပါကစ္စတန်နိုင်ငံပင် မပေါ်ပေါက်သေးကြောင်း ဖေဖော်ဝါရီ ၂၆ ရက်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်ကလည်း အာဖဂန် နိုင်ငံခြားရေးဝန်ကြီး အမ်မီရာခမ်း မွတ်တာကီ (Amir Khan Muttaqi) က Durand Line တည်ရှိမှုကို နှစ်နိုင်ငံပြည်သူများကသာ ဆုံးဖြတ်နိုင်သည်ဟု ပြောကြားခဲ့သော်လည်း ပါကစ္စတန် ကမူ ထိုအငြင်းပွားမှုအတွက် ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းပေးစေလိုကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Al Arabiya
- By CNI
- Category: နိုင်ငံရေး
- Hits: 607
CNI International News
ဝါရှင်တန်၊ မတ်လ ၉
အမေရိကန်တွင် သမ္မတရွေးကောက်ပွဲမတိုင်မီ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) အား လူမည်း ထောက်ခံသူများက ပြုံးရွှင်စွာ အားပေးဝန်းရံနေသည့် AI နည်းပညာဖြင့် ဖန်တီးထားသော ဓာတ်ပုံအတုများသည် အွန်လိုင်းတွင် ပျံ့နှံ့လာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
AI နည်းပညာဖြင့် အသေးစိတ်ကျစွာ ဖန်တီးထားသည့် ထိုဓာတ်ပုံအတုများသည် ထရမ့်၏ မဲဆွယ်စည်းရုံးရေး အဖွဲ့နှင့် ဆက်နွှယ်မှုမရှိဘဲ၊ လူမည်း မဲဆန္ဒရှင်များ၏ ထောက်ခံမှုကိုရရှိရန် ထရမ့်က ကြိုးပမ်းနေချိန်တွင် ထိုဓာတ်ပုံများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီက ဘီဘီစီ သတင်းဌာန၏ စုံစမ်းဖော်ထုတ်မှုများအရ AI ဖြင့် ဖန်တီးထားသည့် ဓာတ်ပုံအတုများသည် ရွေးကောက်ပွဲမတိုင်မီ ပိုမိုများပြားစွာ ထွက်ပေါ်လာလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။
ထိုဓာတ်ပုံအတုများသည် အမေရိကန်ရှိ တောင်အမေရိကတိုက်သားများ၊ အမျိုးသမီးများနှင့် သက်ကြီးပိုင်း မဲဆန္ဒရှင်များအကြား အာရုံဝေဝါးမှုကို ဖြစ်စေနိုင်ပြီး ရွေးကောက်ပွဲတွင် AI နည်းပညာဖြင့် ပစ်မှတ်ထား အာရုံလွှဲ မှုများ ဖြစ်လာနိုင်သဖြင့် ထိုပြဿနာကို ဖြေရှင်းရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
လက်ရှိ အင်တာနက် အသုံးပြုသူများအကြား အလွန်ရေပန်းစားနေသည့် AI နည်းပညာသည် မဲဆန္ဒရှင်များကို ဓာတ်ပုံအတုများဖြင့် လှည့်စားရန် အလွယ်တကူ အသုံးပြုနိုင်သည်ဟု အကျိုးအမြတ်မယူသည့် ဒစ်ဂျစ်တယ် အမုန်းတရား တန်ပြန်ရေးစင်တာ (Center for Countering Digital Hate) မှ သုတေသီများက ယခုသီတင်းပတ် အတွင်း ထုတ်ပြန်ခဲ့သည်။
ထရမ့်သည် ရုရှားအေးဂျင့်များနှင့် တွေ့ဆုံနေပုံများ၊ ဂျိုးဘိုင်ဒန် (Joe Biden) က မဲပုံးထဲသို့ မဲထည့်နေပုံများ၊ လက်နက်ကိုင် ပြည်သူ့စစ်များက မဲရုံများအနီးတွင် လုံခြုံရေးယူနေပုံများ အပါအဝင် အခြား ဓာတ်ပုံအတုများကို AI နည်းပညာဖြင့် ဖန်တီးနိုင်ကြောင်း သုတေသီများက ပြောသည်။
ထရမ့်နှင့် လူမည်း မဲဆန္ဒရှင်များ၏ ဓာတ်ပုံအတုများကို မူလက လှောင်ပြောင်သရော်သည့် ရည်ရွယ်ချက်ဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သော်လည်း ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်အား ထောက်ခံသူများက ထရမ့်သည် လူမည်းများ၏ ထောက်ခံမှုကို ရရှိသည့်ပုံစံမျိုးဖြင့် လူမှုမီဒီယာများ၌ ပြန်လည်မျှဝေလာကြခြင်းဖြစ်သည်။
“ပုံတစ်ပုံဟာ စကားလုံးပေါင်း ထောင်ချီပြီး တန်ဖိုးရှိပါတယ်။အခုလို ဓာတ်ပုံအတုတွေဟာ လူမှုမီဒီယာများ ပျံ့နှံ့လာတာဟာ မဲဆန္ဒရှင်တွေကို လှည့်စားတဲ့ နည်းလမ်းတွေထဲမှာ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်လို့ ရပါတယ်” ဟု Center for Countering Digital Hate ၏ စီအီးအို အမ်မရန် အာမက် (Imran Ahmed) က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 434
CNI International News
ဝါရှင်တန်၊ မတ်လ ၉
ယူကရိန်းကို ရုရှား၏ ကျူးကျော်စစ် ၂ နှစ်ကျော် ကြာမြင့်လာချိန်တွင် ဆွီဒင်နိုင်ငံသည် မတ်လ ၇ ရက်က အမေရိကန်၌ နေတိုးအဖွဲ့ဝင်အဖြစ် ပူးပေါင်းဝင်ရောက်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ယူကရိန်း-ရုရှား စစ်ပွဲကြောင့် ဆွီဒင်သည် ၎င်း၏အမျိုးသားလုံခြုံရေးမူဝါဒကို ပြန်လည်သုံးသပ်ခဲ့ပြီး နိုင်ငံ လုံခြုံရေးအတွက် အကောင်းဆုံး အာမခံချက်တစ်ခုအဖြစ် နေတိုးအဖွဲ့ထဲ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဆွီဒင်ဝန်ကြီးချုပ် အုလ်ဖ် ကရစ်တာဆန် (Ulf Kristersson) သည် နေတိုးအဖွဲ့ဝင်ဖြစ်ရန် နောက်ဆုံး အချက် အလက် ဖြည့်သွင်းမှုကို အမေရိကန်အစိုးရအား မတ်လ ၇ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုလုပ်ဆောင်ချက် သည် နေတိုးအဖွဲ့ဝင် နိုင်ငံအားလုံး၏ အတည်ပြု ထောက်ခံချက်ကို ရရှိရန် နောက်ဆုံး လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
“ကောင်းခြင်းတွေကို စောင့်ဆိုင်းနေသူတွေဆီ ကောင်းခြင်းတွေက ရောက်ရှိလာခဲ့ပါပြီ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) က ဆွီဒင်၏ နေတိုးအဖွဲ့ ဝင်ရောက်မှု အချက်အလက်များကို ကရစ်တာဆန်ထံမှ လက်ခံရရှိခဲ့ပြီးနောက် ပြောကြားခဲ့သည်။
ယူကရိန်းကို စစ်အင်အား အပြည့်အစုံဖြင့် ရုရှားက ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်ပွဲကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့ကြောင်း ဘလင်ကင်က နေတိုးအဖွဲ့ ဝင်ရောက်ရေးနှင့်ပတ်သက်ပြီး ဆွီဒင်တွင် လူထုသဘော ဆန္ဒ ကောက်ယူမှု စစ်တမ်းများအရ ထောက်ခံသူ အများအပြားရှိခဲ့မှုကို ရည်ညွှန်းပြောဆိုခဲ့သည်။
“ပူတင်ဟာ သူတို့နားက အိမ်နီးချင်းနိုင်ငံတစ်ခုကို မြေပုံပေါ်က ဖျောက်ပစ်ဖို့ ကြိုးပမ်းနေပြီး အဲဒီတစ်ခုတည်းနဲ့ ရပ်တန့်မှာ မဟုတ်ဘူးဆိုတာကို ဆွီဒင်နိုင်ငံသားတွေ ကောင်းကောင်းနားလည်ခဲ့ပါတယ်”ဟု ဘလင်ကင်က ပြောကြားခဲ့သည်။
ရုရှားနှင့် နယ်စပ်ချင်း ၁၃၄၀ ကီလိုမီတာ (မိုင် ၈၃၀) ခန့် ထိစပ်နေသည့် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် နေတိုး အဖွဲ့ထဲသို့ ဝင်ရောက်မှုသည် ဆယ်စုနှစ်များ သိသာထင်ရှားဆုံး ဖြစ်ရပ်များဖြစ်ပြီး နေတိုးအဖွဲ့၏ မဟာမိတ် အင်အားချဲ့ထွင်မှုကို ဟန့်တားရန် ကြိုပမ်းနေသည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။
ဆွီဒင်အနေနှင့် နေတိုးအဖွဲ့၏ သဘောတူညီချက်ဖြစ်သည့် “အဖွဲ့ဝင်တစ်နိုင်ငံကို တိုက်ခိုက်မှုသည် နေတိုးတစ်ဖွဲ့ လုံးကို တိုက်ခိုက်ခြင်းဖြစ်သည်” ဟု ယူဆထားသည့် ဘုံကာကွယ်ရေး အာမခံချက်အရ လုံခြုံရေး အကျိုးကျေးဇူး များ ရရှိမည်ဖြစ်သည်။
ဆွီဒင်နိုင်ငံသည် နှစ်ပေါင်း ၂၀၀ ကျော်ကြာ ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီးနောက် စစစ်ရေးမဟာမိတ်အဖွဲ့များ ထဲသို့ ဝင်ရောက်ခြင်း မရှိခဲ့ရာမှ ယခုတွင် ထိုအစဉ်အလာကို ချိုးဖျက်ပြီး နေတိုးအဖွဲ့ထဲသို့ ပူးပေါင်းဝင်ရောက် ခဲ့ခြင်းဖြစ်သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 636
CNI International News
ဝါရှင်တန်၊ မတ်လ ၉
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ၎င်း၏ တတိယအအကြိမ်မြောက် နိုင်ငံတော်အခြေပြ မိန့်ခွန်း ကို မတ်လ ၇ ရက်က ပြောကြားခဲ့ချိန်တွင် ၎င်းတို့ အစိုးရအဖွဲ့၏ စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ခဲ့မှုများနှင့် အဓိကအချက် ၅ ချက်ကို ထည့်သွင်းပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဘိုင်ဒန်သည် အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ လပိုင်းအလိုတွင် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေး၌ မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုမိန့်ခွန်းအတွင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) အား အမည်မတပ်ဘဲ ဝေဖန်ထိုးနှက်ခဲ့သည်။
“ဒီနေ့ညမှာ ကျနော်ရဲ့ ရည်ရွယ်ချက်ကတော့ ပုံမှန်အခိုက်အတန့် မဟုတ်ဘူးဆိုတာကို လွှတ်တော်ကို နိုးထစေဖို့နဲ့ အမေရိကန်ပြည်သူတွေကို တပ်လှန့်နှိုးဆော်ဖို့ ဖြစ်ပါတယ်”ဟု ဘိုင်ဒန်က ပြောကြားခဲ့ပြီး လွတ်လပ်မှုနှင့် ဒီမိုကရေစီသည် ပြည်တွင်းမှာသာမက ပြည်ပမှာပါ တိုက်ခိုက်ခံနေရကြောင်း သတိပေးခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် လူထုသဘောဆန္ဒ ကောက်ယူမှု စစ်တမ်းများတွင် ထရမ့်နှင့် ဘိုင်ဒန်သည် သူမသာကိုယ်မသာ အခြေအနေမျိုး ဖြစ်နေသည့် ရလဒ်များ ထွက်ပေါ်ခဲ့သည်။
၎င်းတို့နှစ်ဦးသည် သမ္မတရွေးကောက်ပွဲတွင် မကျေပွဲ ယှဉ်ပြိုင်ရမည့် အနေအထားသို့ ရောက်ရှိနေသည်။
ဒုတိယသက်တမ်းအတွက် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးအခြေအနေ ကောင်းမွန်မှု ရှိ/မရှိ မေးခွန်းများနှင့် ဂါဇာတွင် စစ်ဆင်ရေး ပြုလုပ်နေသည့် အစ္စရေးအား ထောက်ခံမှုတို့အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ဘိုင်ဒန်အတွက် ယခုနိုင်ငံတော်မိန့်ခွန်းသည် ၎င်းအတွက် အရေးကြီးသည့် ဖြေရှင်းချက်တစ်ခုဖြစ်ခဲ့သည်။
ထိုမိန့်ခွန်းအတွင်း ဘိုင်ဒင် ပြောကြားခဲ့သည့် အဓိက အချက်များအနက် ပထမအချက်မှာ ဂါဇာဒေသကို အကူအညီ ပေးရေးအတွက် ဂါဇာကမ်းရိုးတန်းပေါ်တွင် ယာယီဆိပ်ကမ်းတစ်ခု တည်ဆောက်မည့် ကြေညာချက် ပါဝင်ခဲ့သည်။
ဒုတိယအရေးကြီးသည့် အချက်မှာ ဂါဇာကမ်းမြောင် ဒေသအတွင်းသို့ ကူညီထောက်ပံ့မှုများ အများအပြား ပို့ဆောင်ခွင့်ပေးရန် ဘိုင်ဒန်က အစ္စရေးကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
တတိယအချက်မှာ ဘိုင်ဒန်က ၎င်း၏ ပြိုင်ဘက်ဖြစ်သည့် ထရမ့်အား ဝေဖန်ပြောကြားမှုများဖြစ်ပြီး ထရမ့်ကို အမည်မတပ်ဘဲ မိမိမတိုင်ခင် အရင်သမ္မတသည် အမှန်တရားများကို ဖုံးကွယ်ရန် ကြိုးပမ်းသူဖြစ်ကြောင်း ပြောကြားခဲ့သည်။
စတုတ္ထအချက်မှာ အမေရိကန်တွင် ကိုယ်ဝန်ဖျက်ချပိုင်ခွင့် အငြင်းပွားမှုဖြစ်ပြီး နောက်ဆုံးအချက်မှာ အမေရိကန် ၏ စီးပွားရေးအကြောင်းကို အဓိကထား ပြောဆိုခဲ့ခြင်းဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 425
CNI International News
ဟောင်ကောင်၊ မတ်လ ၉
ဟောင်ကောင်အစိုးရသည် အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိစေသည့် ဒေသခံများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်မည့် အမျိုးသားလုံခြုံရေးဥပဒေသစ်၏ မူကြမ်းကို မတ်လ ၈ ရက်က ထုတ်ဖော်ပြသခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်က ဟောင်ကောင်တွင် တရုတ်က အလားတူ အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်း ခဲ့ပြီးနောက် ဟောင်ကောင်အစိုးရ၏ ယခုအဆိုပြုခဲ့သည့် ဥပဒေမူကြမ်းသည် လွတ်လပ်ခွင့်များကို ပိုမိုလျော့ပါး စေမည့် အခြေအနေအား စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
ယခုဥပဒေမူကြမ်းသည် ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ်က ဒီမိုကရေစီလိုလားသည့် ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှု များ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံရေးအတိုက်အခံများကို ဖိနှိပ်သည့် နောက်ဆုံး လုပ်ဆောင်ချက်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရသည်။
၂၀၁၉ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကြောင့် ဟောင်ကောင်အစိုးရက အတိုက်အခံများကို ဖိနှိပ် လာခဲ့ချိန်တွင် ဒီမိုကရေစီ လိုလားသည့် တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြခေါင်းဆောင်များသည် ပြည်ပနိုင်ငံ များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ဟောင်ကောင် အုပ်ချုပ်ရေးမှူး ဂျွန်လီ (John Lee) ကမူ လွှတ်တော်အမတ်များအနေဖြင့် ယခုအဆိုပြုထားသည့် ဥပဒေမူကြမ်းကို အမြန်ဆုံး အတည်ပြုရန် တိုက်တွန်းခဲ့သည်။
ထိုဥပဒေမူကြမ်းကို အတည်ပြုရေးအတွက် လွှတ်တော်တွင် ဆွေးနွေးမှုများကို မတ်လ ၈ ရက်က စတင်ခဲ့သည်။
ထိုဆွေးနွေး ညှိနှိုင်းမှုများသည် သီတင်းပတ် အနည်းငယ် ကြာမြင့်နိုင်သော်လည်း အလွယ်တကူပင် အတည်ပြု နိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆထားသည်။
ယခုအဆိုပြုထားသည့် ဥပဒေမူကြမ်းသည် သူလျှိုလုပ်မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှု၊ ပြည်ပ အင်အားစုများနှင့် ပူးပေါင်းကြံစည်မှုတို့ကို ပစ်မှတ်ထားပြီး အစိုးရ၏လုပ်ပိုင်ခွင့်များအား ပိုမိုတိုးမြှင့်ပေးထားသည်။
ထိုဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရန် ပြည်ပအစိုးရများ သို့မဟုတ် ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းသူများအတွက်လည်း ပြစ်ဒဏ်များကို ပိုမိုတိုးမြှင့်ထားသည်။
ထိုဥပဒေမူကြမ်း၌ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူပိုင် အခြေခံ အဆောက် အအုံများကို ထိခိုက်ဖျက်ဆီးသူများအား ထောင်ဒဏ် နှစ် ၂၀ ၊ ထိုရည်ရွယ်ချက်ဖြင့် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ရန် ပြစ်ဒဏ်ကို တိုးမြှင့်ထားသည်။
ထို့ပြင် အစိုးရဆန့်ကျင်မှုဖြင့် တရားစွဲဆိုခံရသူများကို ထောင်ဒဏ် ၇ နှစ်၊ ပြည်ပအင်အားစုများနှင့် ပူးပေါင်းပြီး အစိုးရအား ဆန့်ကျင်မှုဖြင့် တရားစွဲဆိုခံရသူများကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ရန်လည်း ပြစ်ဒဏ်များကို တိုးမြှင့်ခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 411
CNI International News
တိုကျို၊ မတ်လ ၈
တရုတ်နှင့် ရုရှားအကြား နီးစပ်သည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဂျပန်က အလွန်စိုးရိမ်ကြောင်း ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာ ဟာယာရှီ (Yoshimasa Hayashi) က မတ်လ ၇ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
တရုတ်-ရုရှား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများသည် ဂျပန်နှင့် ဒေသတွင်း လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း ၎င်းက ပြောသည်။
ရုရှားနဲ့တရုတ်စစ်ဘက် ဆက်ဆံရေးကိုတွေ့ရစဉ်
“တရုတ်-ရုရှား ဆက်ဆံရေး အခြေအနေတွေကို ကျနော်တို့ နိုင်ငံက အနီးကပ်စောင့်ကြည့်ဖို့ ရည်ရွယ်ထားပါ တယ်”ဟု အစိုးရအဖွဲ့ အတွင်းဝန်ချုပ်ဖြစ်သည့် ဟာယာရှီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 404
CNI International News
နယူးဒေလီ၊ မတ်လ ၈
အိန္ဒိယအစိုးရသည် ၂၀၁၉ ခုနှစ်က ကက်ရှ်မီးယား (Kashmir) ဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖျက်သိမ်းခဲ့ ပြီးနောက် ဝန်ကြီးချုပ် မိုဒီ (Narendra Modi)သည် မတ်လ ၇ ရက်တွင် ကက်ရှ်မီးယားသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ကက်ရှ်မီးယားဒေသ၏ ဆရီနာဂါ (Srinagar) ဘောလုံးကွင်းတွင် မိုဒီ၏ မိန့်ခွန်းပြောကြားမှုကို လူပေါင်း ၃၀,၀၀၀ ကျော် တက်ရောက်ခဲ့သည်။
မိုဒီက ထိုဒေသတွင် လယ်သမား ၂၅၀,၀၀၀ အတွက် ကျွမ်းကျင်မှုများကို မြင့်တက်စေမည့် ရူပီး ဘီလျံ ၅၀ (ဒေါ်လာ ၆၀၃ သန်း) တန်ကြေးရှိသည့် စိုက်ပျိုးစီးပွား အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် ရူပီး ၁၄ ဘီလျံ တန်ကြေးရှိသည့် ကက်ရှ်မီးယားဒေသ၏ ခရီးသွား စီမံကိန်းများကိုလည်း မိုဒီက စတင် လုပ်ဆောင်ပေးခဲ့သည်။
“ဂျမူး (Jammu) နဲ့ ကက်ရှ်မီးယားဟာ ဖွံ့ဖြိုးတိုးတက်မယ့် လမ်းကြောင်းပေါ်ကို လျင်မြန်စွာ ရောက်ရှိလာပါ တယ်” ဟု မိုဒီက ပြောကြားခဲ့သည်။
ကက်ရှ်မီးယားဒေသကို မိုဒီရောက်လာစဉ်
လာမည့်နှစ်အတွင်း ထိုဒေသ၏ အောင်မြင်တိုးတက်မှုများကို လူအများက အာရုံစိုက်လာကြလိမ့်မည်ဖြစ်ပြီး ဒေသခံများ၏ ထောက်ခံမှုကို ရရှိရန် အင်တိုက်အားတိုက် လုပ်ဆောင်နေကြောင်း မိုဒီက ပြောကြားခဲ့သည်။
ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ခရီးသွားလုပ်ငန်းကဏ္ဍ ထူထောင်မှုကို အကူအညီပေးမည့် ဗဟိုအစိုးရ၏ အစီအစဉ်များသည် အလုပ်အကိုင် အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းပေးနိုင်ကြောင်း ၂၀၂၃ ခုနှစ် တစ်နှစ် တည်းမှာပင် ထိုဒေသသို့ ခရီးသွား သန်း ၂၀ ကျော် လာရောက်ခဲ့ကြောင်း မိုဒီက ပြောကြားခဲ့သည်။
ထို့ပြင် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည့် အစီအစဉ်သည် ထိုဒေသအတွက် နောက်ထပ် တိုးတက်မှုများကို ရရှိစေလိမ့်မည်ဟုလည်း မိုဒီက ကက်ရှ်မီးယားဒေသ၏ ပန်းသီး၊ ကုံကုမံ နှင့် ချယ်ရီသီးများကဲ့သို့ နာမည်ကြီး စိုက်ပျိုးရေးထွက်ကုန်များကို ရည်ညွှန်းပြောကြားခဲ့သည်။
ကက်ရှ်မီးယားဒေသသည် ၁၉၄၇ ခုနှစ်က အိန္ဒိယပိုင်နှင့် ပါကစ္စတန်ပိုင်ဆိုပြီး ၂ ခြမ်း ကွဲသွားခဲ့သည့် အချိန်မှစပြီး ထိုဒေသကို အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် အိန္ဒိယနှင့်ပါကစ္စတန်အကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။
အိန္ဒိယအုပ်ချုပ်ထားသည့် ကက်ရှ်မီးယားဒေသမှ ဒေသခံများကမူ ခွဲထွက်ခွင့်ပေးရန် သို့မဟုတ် ပါကစ္စတန်နှင့် ပူးပေါင်းခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။
ထိုဒေသ၏ ခွဲထွက်ရေး လက်နက်ကိုင်များက အန္ဒိယဗဟိုအစိုးရကို ဆယ်စုနှစ်များစွာကြာ တိုက်ခိုက်ခဲ့သည်။
Source: Nikkei Asia

- By CNI
- Category: နိုင်ငံရေး
- Hits: 487
CNI International News
ပြုံယမ်း၊ မတ်လ ၈
အမေရိကန်နှင့် တောင်ကိုရီးယားကို ဆန့်ကျင်သည့် ပြင်းထန်သော စစ်ပွဲတိုက်ခိုက်နိုင်စွမ်းအတွက် ပြင်ဆင်ရန် မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်ဂျုံအန် (Kim Jong Un) က တိုက်တွန်းခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
လက်ရှိပြုလုပ်နေသည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများကို တုန့်ပြန်သွားမည်ဟု မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီးနောက် ကင်မ်၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ ခြင်းဖြစ်သည်။
ကင်မ်သည် မတ်လ ၇ ရက်က အနောက်ပိုင်း စစ်ဆင်ရေး လေ့ကျင့်ရေးစခန်းသို့ သွားရောက်ခဲ့သည်။
ကင်မ်ဂျုံအန် မြောက်ကိုရီးယားစစ်သားတွေ သေနတ်ပစ်တာကို ကြည့်နေစဉ်
ထိုခရီးစဉ်အတွင်းမှာ ကင်မ်က စစ်တပ်သည် ပြီးပြည့်စုံသည့် စစ်ပွဲ အသင့်အနေအထားရှိမှုအတွက် တိုက်ခိုက်ရေး စွမ်းဆောင်ရည်များကို လျင်မြန်စွာ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တကယ့်စစ်ပွဲပုံစံအတိုင်း စစ်ရေးလေ့ကျင့်မှုများ ကို ပုံမှန် အင်တိုက်အားတိုက် လုပ်ဆောင်သွားရမည်ဟု ပြောကြားခဲ့သည်။
ရန်သူများ၏ ခြိမ်းခြောက်မှုကို သာလွန်အင်အားဖြင့် ထိန်းချုပ်ဟန့်တားနိုင်ရန် စစ်ရေး အသင့်အနေအထားရှိမှုကို မြှင့်တင်မှုသည် အရေးကြီးကြောင်း ကင်မ်က ပြောခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက မတ်လ ၇ ရက် တွင် ဖော်ပြခဲ့သည်။
ကင်မ်သည် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များ၏ နည်းပရိယာယ်များကို ညွှန်ကြားခဲ့သော်လည်း အသေးစိတ် ထုတ်ပြန် ခဲ့ခြင်း မရှိပေ။
KCNA က ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကင်မ်သည် အနက်ရောင် သားရေဂျာကင် အင်္ကျီကိုဝတ်ဆင်ကာ ရိုင်ဖယ်တစ်လက်ကိုကိုင်ပြီး ပစ်ခတ်ရန် ပြင်ဆင်နေပုံနှင့် ၎င်း၏အနီးတွင် စစ်သားများက ဝန်းရံနေသည့်ပုံများကို မြင်တွေ့ရသည်။
ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
ကင်မ်သည် မကြာသေးမီကလည်း စစ်အင်အားကို မြှင့်တင်ရန် မကြာခဏ ပြောကြားခဲ့သည်။
လက်ရှိ အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်တို့၏ စစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို ကျူးကျော်ရန် ကြိုးပမ်းမှုများအတွက် ပြင်ဆင်ခြင်းဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုများဖြင့် တုန့်ပြန်သွားမည်ဟု မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ခြိမ်းခြောက်ခဲ့သည်။
ထိုသို့ ခြိမ်းခြောက်ပြီး နှစ်ရက်အကြာတွင် ကင်မ်၏ ပြောကြားချက်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် တောင်ကိုရီးယားသည် ကွန်ပျူတာ သရုပ်ဖော်မှုများဖြင့် ၁၁ ရက်ကြာပြုလုပ်မည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို မတ်လ ၅ ရက်က စတင်ခဲ့ပြီး ထိုစစ်ရေးလေ့ကျင့်မှုများသည် ခုခံကာကွယ်ရေးအတွက်သာ ဖြစ်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။
Source: AP