- By CNI
- Category: နိုင်ငံရေး
- Hits: 750
CNI International News
ဆိုးလ်၊ မတ်လ ၂၈
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် AI နည်းပညာများ တပ်ဆင်ထားသည့် အသေခံဒရုန်းများ စမ်းသပ်မှုကို ကြီးကြပ်ကွပ်ကဲခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မျက်မှောက်ခေတ် စစ်အင်အား မြှင့်တင်မှုတွင် မောင်းသူမဲ့ ထိန်းချုပ်ရေးစနစ်နှင့် AI နည်းပညာတို့ကို ဦးစားပေး ကိစ္စများအဖြစ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကင်မ်က ညွှန်ကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီမှ မတ်လ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။
ကင်မ်သည် ရေပြင်နှင့် မြေပြင်ရှိ များပြားသည့် နည်းဗျူဟာမြောက် ပစ်မှတ်များနှင့် ရန်သူ့လှုပ်ရှားမှုများကို ထောက်လှမ်းနိုင်စွမ်းရှိသော အဆင့်မြှင့်တင်ထားသည့် ကင်းထောက်ဒရုန်းများ စမ်သပ်မှုကိုလည်း လေ့လာ ကြည့်ရှုခဲ့သည်။
“လက်နက်ကိုင်တပ်ဖွဲ့တွေကို အဆင့်မြှင့်တင်ဖို့နဲ့ မောင်းသူမဲ့နည်းပညာ၊ AI နည်းပညာကဏ္ဍတွေကို ထိပ်သီး ဦးစားပေးအနေနဲ့ လုပ်ဆောင်သင့်ပါတယ်” ဟု ကင်မ်က ပြောကြားခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ရုရှားသို့ စစ်သားများ စေလွှတ်ခြင်းဖြင့် စစ်မြေပြင်များတွင် ဒရုန်းများ အသုံးပြုမှု အပါအဝင် မျက်မှောက်ခေတ် စစ်ဆင်ရေး အတွေ့အကြုံများကို ရရှိလာလိမ့်မည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

ကင်မ်ဂျုံအန်ကိုတွေ့ရစဉ်
ကင်မ်သည် ဒရုန်းများကို ဖျက်သည့် အီလက်ထရောနစ် စနစ်များနှင့် တိုက်ခိုက်ရေး လက်နက်စနစ် အသစ်များ ထုတ်လုပ်မှုအတွက် အားရကျေနပ်မှုရှိကြောင်း ပြသခဲ့သည် ဟု KCNA က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ပထမဆုံးအကြိမ်အဖြစ် လေကြောင်းအန္တရာယ် ကြိုတင်သတိပေးသည့် လေယာဉ် တစ်စင်းကိုလည်း တရားဝင် ထုတ်ဖော်ပြသခဲ့သည်။
ထိုလေယာဉ်သည် သက်တမ်းရင့်နေပြီဖြစ်သည့် လေကြောင်းကာကွယ်ရေးစနစ်များကို အဆင့်မြှင့်နိုင်သော မြောက်ကိုရီးယား၏ စွမ်းဆောင်ရည်ကို ပြသရာရောက်ခဲ့သည်။
နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကင်မ်သည် အင်ဂျင် ၄ လုံး တပ်ထားပြီး အမိုးပေါ်၌ ရေဒါစနစ် တပ်ဆင်ထားသည့် ကြီးမားသော လေယာဉ်တစ်စင်းပေါ်သို့ လှေကားဖြင့် တက်နေပုံကို မြင်တွေ့ရသည်။
ကျွမ်းကျင်သူများကမူ မြောက်ကိုရီးယားသည် ရုရှားလုပ် Il-76 ကုန်တင်လေယာဉ်ကို လေကြောင်းအန္တရာယ် ကြိုတင်သတိပေးသည့် လေယာဉ်အဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 728
CNI International News
ကိယက်ဗ်၊ မတ်လ ၂၇
ပင်လယ်နက်အတွင်း တိုက်ခိုက်မှုများနှင့် စွမ်းအင် အဆောက်အအုံများကို တိုက်ခိုက်မှုများအား ရပ်တန့်ရန် ယူကရိန်း၊ ရုရှားတို့နှင့် မတ်လ ၂၅ ရက်တွင် အမေရိကန်က သဘောတူညီချက်များ ရရှိခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားသမ္မတ ပူတင်(Vladimir Putin)က ကာလကြာရှည် ကြိုးပမ်းနေသည့် ရုရှားအပေါ် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန်အတွက် ထရမ့်အစိုးရက အကူအညီပေးရန် သဘောတူခဲ့သောကြောင့် ရုရှားနှင့် အမေရိကန်တို့၏ သဘောတူညီချက်သည် ယူကရိန်းနှင့် ရုရှား၏ သဘောတူညီချက်ထက် ပိုမိုသာလွန်လျက် ရှိသည်။
ထိုသီးခြား သဘောတူညီချက်များသည် ဒေါ်နယ်ထရမ့် (Donald Trump)က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ ပြီးနောက်ပိုင်း ရန်လိုနေသော နှစ်ဘက်စလုံးဖြင့် ပထမဆုံးအကြိမ် တရားဝင် ကတိကဝတ်များ ဖြစ်လာသည်။
ထရမ့်သည် စစ်ပွဲအဆုံးသတ်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည့်အပြင် ရုရှားအစိုးရနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ရန် လုပ်ဆောင်နေပြီး အဆိုပါကိစ္စရပ်အား ယူကရိန်းအစိုးရနှင့် ဥရောပနိုင်ငံများက သတိထားလျက်ရှိသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
“ကျနော်တို့ ရုရှားနဲ့ ယူကရိန်းတို့နဲ့ အလေးအနက် ဆွေးနွေးနေပါတယ်။ ဒါက အရမ်းအဆင်ပြေနေတယ်လို့ ပြောချင်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
ရုရှားဘဏ် အချို့နှင့် နိုင်ငံတကာ ဘဏ္ဍာရေးစနစ်တို့ကြား ချိတ်ဆက်မှု ပြန်လည်မရရှိပါက ပင်လယ်နက် သဘောတူညီချက် အသက်ဝင်လာလိမ့်မည် မဟုတ်ကြောင်း ရုရှားအစိုးရက ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskiy)ကမူ ထိုလုပ်ဆောင်ချက်သည် မမှန်ကန်ကြောင်းနှင့် သဘောတူညီချက်များ အသက်ဝင်လာစေရန်အတွက် ပိတ်ဆို့အရေးယူမှုများကို လျှော့ပေါ့ပေးရန် မလိုအပ် ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းနှင့်ရုရှား အစိုးရနှစ်ဘက်စလုံးက သဘောတူညီချက်များ အသက်ဝင်ရန် အမေရိကန်အစိုးရအပေါ် မှီခိုအားထားနေရကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 690
CNI International News
ဘန်ကောက်၊ မတ်လ ၂၇
ထိုင်းအစိုးရအဖွဲ့ကို ၎င်း၏ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) က ထိန်းချုပ်ထားသည် ဆိုသည့် အတိုက်အခံများ၏ စွပ်စွဲချက်များကို ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ငြင်းဆိုခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထို့ပြင် အတိုက်အခံ ပါတီဖြစ်သည့် ပြည်သူ့ပါတီ(PP)သည် အပြင်လူတစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်း ဖြစ်နိုင်ကြောင်းလည်း ပေတုန်တန်က ပြန်လည်ချေပခဲ့သည်။
ပေတုန်တန်သည် လွှတ်တော်တွင် ၎င်းအား အယုံအကြည်မရှိအဆို စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့သည့် ဒုတိယနေ့ ဖြစ်သည့် မတ်လ ၂၆ ရက်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပေတုန်တန်သည် အစိုးရအဖွဲ့ကို ဦးဆောင်နိုင်စွမ်း အတွေ့အကြုံ အားနည်းကြောင်း အတိုက်အခံများက စွပ်စွဲခဲ့ပြီး ၎င်းအား အယုံအကြည်မရှိအဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။
အတိုက်အခံ အင်အားစုဘက်မှ ခေါင်းဆောင်ဖြစ်သည့် ပြည်သူ့ပါတီခေါင်းဆောင် နက်သာပွန် ရူအန်ပန်ညာဝတ် (Natthapong Ruengpanyawut) ၏ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း ပေတုန်တန်က ပြောသည်။
“တကယ်တော့ အပြင်လူရဲ့ လွှမ်းမိုးမှုကို ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရသူဟာ ကျမ တစ်ယောက်တည်း မဟုတ်ပါဘူး။ သူ(နက်သာပွန်)လည်း အပြင်လူတစ်ဦးရဲ့ လွှမ်းမိုးမှုကို ခံနေရတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်”ဟု ပေတုန်တန်က ပြောကြားခဲ့သည်။

လွှတ်တော်အတွင်းမှာ အတိုက်အခံများကိုတွေ့ရစဉ်
“ဒါပေမယ့် ကွာခြားချက်ကတော့ ကျမဟာ ကျမအဖေရဲ့ လွှမ်းမိုးမှုကို ခံနေရတယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ သူ ကတော့ သူ့အဖေ မဟုတ်တဲ့ အခြားလူတစ်ဦးရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတယ်လို့ စွပ်စွဲခံရတာပါပဲ။ ဒါက ကွာခြားပါတယ်။ ဒါပေမယ့် ကျမက တစ်စုံတစ်ယောက်ကို အဲဒီလို မပြောချင်ပါဘူး” ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
ပေတုန်တန်သည် ပြည်သူ့ပါတီ မဖွဲ့စည်းမီ ဖျက်သိမ်းခံခဲ့ရသည့် Move Forward ပါတီ (MFP) ၏ ခေါင်းဆောင်း ဟောင်းဖြစ်သူ သာနာသွန်း ဂျူအန်ဂရွန်ရူအန်ကစ် (Thanathorn Juangroongruangkit) ကို ရည်ညွှန်း ပြောကြားခြင်း ဖြစ်နိုင်သည်ဟုလည်း လေ့လာသူများက သုံးသပ်ခဲ့သည်။
ပေတုန်တန်ကို အတိုက်အခံများ၏ အယုံအကြည်မရှိအဆို တင်သွင်းမှုကို မဲခွဲဆုံးဖြတ်ခဲ့ရတွင် လွှတ်တော်အမတ် ၄၈၇ ဦးအနက် ၃၁၉ ဦးက ပယ်ချခဲ့ပြီး ၁၆၂ ဦးက ထောက်ခံခဲ့ကာ ၇ ဦးက မဲမပေးဘဲ လက်ရှောင်ခဲ့ကြသည်။
ထို့ကြောင့် ပေတုန်တန်သည် ဝန်ကြီးချုပ်အဖြစ် စတင်အာဏာရ လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 829
CNI International News
ဘန်ကောက်၊ မတ်လ ၂၇
ထိုင်းအစိုးရသည် စစ်တပ်ကိုပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေကြောင်း ထိုင်းဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့ သည်။
လွှတ်တော်တွင် ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) အား အယုံအကြည်မရှိအဆို စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့သည့် ဒုတိယနေ့ဖြစ်သော မတ်လ ၂၆ ရက်တွင် ဖွမ်သမ်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုင်းစစ်တပ်သည် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုများကို လိုက်လျောညီထွေ ရှိစေရန်အတွက် စစ်တပ်အကြီးအကဲ များနှင့် ပုံမှန်ဆွေးနွေးနေသည်ဟု ဒုဝန်ကြီးချုပ်လည်းဖြစ်သည့် ဖွမ်သမ်က ဆိုသည်။

ပေတုန်တန် လွှတ်တော်မှာ အယုံအကြည်မရှိအဆို ဆွေးနွေးကြစဉ်
အစိုးရသည် စစ်တပ်ကို ပြုပြင်ပြောင်းလဲရေးထက် ကိုယ်ကျိုးစီးပွားများကိုသာ ဦးစားပေးနေသည်ဟု စွပ်စွဲခဲ့သည့် အတိုက်အခံ ပြည်သူ့ပါတီ (PP) ၏ စွပ်စွဲချက်များကို ဖွမ်သမ်က တုန့်ပြန်ဖြေရှင်းခဲ့ခြင်းလည်းဖြစ်သည်။
စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များ၊ နည်းပညာ တိုးတက်ရေးနှင့် စစ်တပ်၏ မူဝါဒများကို ထိန်းညှိရန်အတွက် လက်နက်များ၊ ပစ္စည်းကိရိယာများနှင့်စပ်လျဉ်းသည့် မဟာဗျူဟာများ ချမှတ်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
“လက်တွေ့ကို အခြေခံပြီး ၁ ရက်တည်းနဲ့တော့ အပြီးသတ် လုပ်ဆောင်လို့ မရပါဘူး။ ရောမမြို့ကြီးကိုလည်း ၁ ရက်တည်းနဲ့ တည်ထောင်ခဲ့တာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ အပြောင်းအလဲ ဖြစ်လာရမယ်လို့ သိထားရပါ မယ်။ ဒါက တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲတာမျိုး ဖြစ်ပါတယ်” ဟု ဖွမ်သမ်က ပြောသည်။
စစ်တပ်သည် သတင်းအချက်အလက် စစ်ဆင်ရေး (IO) တွင် ပါဝင်နေသည်ဆိုသည့် အတိုက်အခံများ၏ စွပ်စွဲ ချက်များကို စုံစမ်းစစ်ဆေး သွားမည်ဟုလည်း ဖွမ်သမ်က ကတိပြုခဲ့သည်။
စစ်တပ်အား ပြုပြင်ပြောင်းလဲရေးသည် အာဏာရ ဖြူးထိုင်းပါတီ၏ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း အဓိက ကတိကဝတ်တစ်ခုဖြစ်သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 767
CNI International News
ယူခရူလ် ၊ မတ်လ ၂၇
မဏိပူရပြည်နယ်ရဲတပ်ဖွဲ့သည် ယူခရူလ် (Ukhrul) ခရိုင်တွင်ရှိသည့် မိုဟန် ကူကီး (Molhang Kuki) ကျေးရွာတွင် တပ်စွဲထားသော ကူကီးစစ်သွေးကြွများကို ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေကြောင်း တွေ့ရှိခဲ့သည်ဟု NSCN-IM က ပြောကြားခဲ့ကြောင်း Ukhrul Times မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် မဏိပူရပြည်နယ်ရဲတပ်ဖွဲ့သည် ကူကီးစစ်သွေးကြွများကို ထောက်ပံ့ပေးနေသည်ဆိုသည့် NSCN-IM ၏ စွပ်စွဲချက်များကို ငြင်းဆန်နိုင်ရန် အကြောင်းပြချက် မရှိတော့ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
ကမ်ဂျုံ (Kamjong) ခရိုင်နှင့် အခြားနေရာများရှိ ကူကီးစစ်သွေးကြွများကို သယ်ယူပို့ဆောင်ပေးရာတွင် အာသံရိုင်ဖယ်တပ်ဖွဲ့ (AR) ၏ မော်တော်ယာဉ်များကို အသုံးပြုပြီး ကူကီးစစ်သွေးကြွများနှင့် ပူးပေါင်းလုပ်ဆောင် နေခြင်းကို မိမိတို့က လျစ်လျူရှုထားခြင်း မရှိကြောင်းလည်း NSCN-IM က ပြောကြားခဲ့သည်။
လက်ရှိတွင်လည်း နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF) သည် ချာရာချန်ပူရ (Churachandpur) ခရိုင်ရှိ အမည်မသိ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို သယ်ဆောင်လာပြီး ယူခရူလ် (Ukhrul) ခရိုင်ရှိ လီတန် (Litan) ကျေးရွာ သို့ ပို့ဆောင်ပေးနေကြောင်း တွေ့ရှိခဲ့သည်ဟု NSCN က ပြောသည်။\

ကူကီးလက်နက်ကိုင်ကို တွေ့ရစဉ်
BSF သည် မိုဟန် ကူးကီးကျေးရွာတွင် ကူကီးစစ်သွေးကြွများ၏ စခန်းကို အချိန်ကြာမြင့်စွာ စောင့်ကြပ်ကာကွယ် ပေးနေကြောင်း၊ ထိုလုပ်ဆောင်မှုများအရ အိန္ဒိယနယ်စပ်ကို စောင့်ကြပ်ရန် တာဝန်ရှိသော BSF နှင့် ကူကီး စစ်သွေးကြွများကြား ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကို ပြသနေကြောင်း NSCN-IM က ပြောသည်။
ယုတ္တိရှိသည့် အကြောင်းအချက်များနှင့် သွေဖည်သည့် ထိုဆက်ဆံရေးသည် အိန္ဒိယ-နာဂ နိုင်ငံရေးပဋိပက္ခကို ငြိမ်းချမ်းစွာ အဖြေရှာရန် ၁၉၉၇ ခုနှစ်ကတည်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲထားခဲ့သော NSCN-IM ကို တိုက်ရိုက် စိန်ခေါ်ပြီး စော်ကားခြင်း ဖြစ်သည်ဟု ဆိုသည်။
မကြာသေးမီက မဏိပူရရှိ ကူကီးစစ်သွေးကြွများကို အိန္ဒိယ၏ အရံတပ်ဖွဲ့များက ထောက်ပို့နှင့် ပစ္စည်းများ ကူညီ ပေးနေခြင်းသည် အသစ်အဆန်းတစ်ခုတော့ မဟုတ်ကြောင်း၊ ကသည်းများ ကြီးစိုးသည့် မဏိပူရပြည်နယ် အစိုးရ သည် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)ကို အသာစီးရရှိရန် ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလများ ကတည်းက ကူကီးစစ်သွေးကြွအုပ်စုများကို ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်ကြောင်း NSCN-IM က ပြောကြားခဲ့ သည်။
NSCN-IM အနေဖြင့် အိန္ဒိယအရန်တပ်ဖွဲ့များကို နာဂ မဟုတ်သော အခြားဒေသများမှ တရားမဝင် ရွှေ့ပြောင်း များကို သယ်ယူပို့ဆောင်ရန် နာဂဒေသကို သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုအဖြစ် အသုံးချနေခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။
Source: Ukhrul Times
- By CNI
- Category: နိုင်ငံရေး
- Hits: 465
CNI International News
နွတ်ခ်၊ မတ်လ ၂၆
ဂရင်းလန်းကျွန်းသည် အမေရိကန်၊ ရုရှားနှင့် တရုတ်တို့ကြား ပြိုင်ဆိုင်မှုများအတွင်း နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးချခံရနိုင်မည့် အခြေအနေအပေါ် ဂရင်းလန်း (Greenland) ကျွန်းသူ၊ ကျွန်းသားများက စိုးရိမ်ပူပန်နေကြ ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
တွင်းထွက်သတ္ထုများ ကြွယ်ဝပြီး လေကြောင်းနှင့် ရေကြောင်း သွားလာမှုများတွင် မဟာဗျူဟာကျသည့် တည်နေရာ၌ တည်ရှိနေသော ဂရင်းလန်းကျွန်းကို ထိန်းချုပ်လိုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump) ၏ ရည်ရွယ်ချက်ကြောင့် လွတ်လပ်မှုကို ဆုံးရှုံးသွားစေနိုင်ကြောင်း ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။
အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) ၏ ဇနီးဖြစ်သူ အာရှာ ဗန့်စ် (Usha Vance) သည် ဂရင်းလန်းကျွန်း တွင် ပြုလုပ်လေ့ရှိသည့် ခွေးအပြေးပြိုင်ပွဲကို ကြည့်ရှုရန် ယခုသီတင်းပတ်ကုန်ပိုင်း၌ ဂရင်းလန်းကျွန်းသို့ သွားရောက်မည်ဟု ကြေညာခဲ့ချိန်မှာ ဂရင်းလန်းဒေသခံများ၏ စိုးရိမ်မှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဂရင်းလန်းကျွန်း ဒေသခံများကို တွေ့ရစဉ်
ထို့ပြင် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် မိုက်ကယ် ဝေါ့ဇ် (Michael Waltz) နှင့် စွမ်းအင်ဝန်ကြီး ခရစ် ရိုက် (Chris Wright) တို့သည်လည်း ဂရင်းလန်းကျွန်း မြောက်ပိုင်းရှိ အမေရိကန်စစ်စခန်းသို့ သွားရောက် လည်ပတ်မည်ဖြစ်သည်။
ဂရင်းလန်းကျွန်းကို အမေရိကန်က ထိန်းချုပ်မည့် အစီအစဉ်ကို ဆန့်ကျင်သည့် လွှတ်တော်အသစ်အား ဂရင်းလန်း ဒေသခံများက ရွေးကောက်တင်မြှောက်ပြီးနောက် နှစ်ရက်အကြာတွင် ထရမ့်က ဂရင်းလန်းကျွန်းကို အမေရိကန် ၏ နယ်နိမိတ်အတွင်း သွတ်သွင်းရန် ဆန္ဒရှိကြောင်း ကြေညာခဲ့ပြီးနောက် ဒိန်းမတ်နှင့်အမေရိကန်အကြား တင်းမာ မှု မြင့်တက်ခဲ့သည်။
ထရမ့်ကမူ ဂရင်းလန်းကျွန်းကို ရရှိရေးအတွက် စစ်ရေးဖိအားများ ပေးမည့် အလားအလာကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ကာ ဂရင်းလန်းကျွန်းပေါ်ရှိ အမေရိကန် စစ်စခန်းများသို့ စစ်သားများ ထပ်မံစေလွှတ်ရန် စဉ်းစားနေ သည်ဟု ဆိုသည်။

ဂရင်းလန်းကျွန်း ဒေသခံများကို တွေ့ရစဉ်
ထိုအချိန်က ထရမ့်သည် အမေရိကန်အစိုးရအဖွဲ့ကို ဖွဲ့စည်းရန် ကြိုးပမ်းနေချိန်ဖြစ်သဖြင့် ဂရင်းလန်းကျွန်းအား ထိန်းချုပ်လိုသည့် ထရမ့်၏ ကြေညာချက်သည် အာဏာပြခြင်းဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံရေးသမားများက ဝေဖန်ခဲ့ကြသည်။
“ကျနော်တို့ရဲ့ ဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီကို ပြင်ပက ဝင်ရောက်စွက်ဖက်ခွင့်မရှိဘဲ လေးစားရမယ်ဆိုတာကို ရဲဝံ့စွာ ပြောကြားရမှာဖြစ်တယ်” ဟု ဂရင်းလန်း ဝန်ကြီးချုပ် မြု ဘိုရော့ အက်ဂီ (Múte Boroup Egede) က ပြောကြား ခဲ့သည်။
ဂရင်းလန်းကျွန်းသည် ၁၇၂၁ ခုနှစ်ကတည်းက ဒိန်းမတ်နိုင်ငံ၏ နယ်နိမိတ်ဖြစ်ပြီး လွတ်လပ်စွာ ရပ်တည်နိုင်ရေး အတွက် ဆယ်စုနှစ်များစွာကြာ ကြိုးပမ်းခဲ့ကာ အမေရိကန်၏ ထိန်းချုပ်မည့် အစီအစဉ်ကို ဒေသခံများက ဆန့်ကျင်နေကြသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 775
CNI International News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၆
အတိုက်အခံ ပြည်သူ့ပါတီ(PP)က တင်သွင်းသည့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်အား အယုံအကြည်မရှိအဆိုကို ထိုင်းလွှတ်တော်မှာ မတ်လ ၂၆ ရက်နေ့ နံနက်က မဲခွဲဆုံးဖြတ်ရာမှာ ပေတုန်တန်က အနိုင်ရသွားခဲ့သည်ဟု The Reporters က ဖော်ပြခဲ့သည်။

အဆိုပါ မဲခွဲဆုံးဖြတ်မှုတွင် ပေတုန်တန်အား ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၆၂ မဲ၊ ကြားနေမဲ ၇ မဲ စသဖြင့် မဲခွဲမှု ရလဒ်ဖြင့် ထိုင်းဝန်ကြီးချုပ်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပေတုန်တန်သည် ထိုင်းဝန်ကြီးချုပ်အဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 795
CNI International News
ဘေဂျင်း၊ မတ်လ ၂၆
တရုတ်၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် လျောင်ယွီ (Diaoyu)ကျွန်း အနီးတွင် ဂျပန်ငါးဖမ်းသင်္ဘော ၄ စင်းကို ပြီးခဲ့သည့် သီတင်းပတ်က မောင်းထုတ်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်သည် အရှေ့တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်လာအောင် လုပ်ဆောင်နေသည်ဟု ဂျပန်က စွပ်စွဲခဲ့ပြီးနောက် ဂျပန်ငါးဖမ်းသင်္ဘောကို မောင်းထုတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မတ်လ ၂၁ ရက်မှ ၂၄ ရက်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများသည် တရုတ်၏ ရေပိုင်နက်အဖြစ် ကြေညာထားသည့် ရေပိုင်နက်များအတွင်းမှ ဂျပန်သင်္ဘောများကို သတိပေးပြီး မောင်းထုတ်ခဲ့သည်ဟု ကမ်းခြေ စောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လျူ ဒေကျွန်း (Liu Dejun) က ပြောကြားခဲ့သည်။
ဂျပန်သင်္ဘောများ၏ အမည်မှာ Rieimaru(ယီအီမာကူ)၊ Daihachikin Kai Maru(ဒိုင်ဟချီကင်မ် ခိုင် မာကူ)၊ Daihachiitaisei Maru(ဒိုင်ဟချီတိုင်စိမ် မာကူ)နှင့် Senkoumaru No 2 (ဆန်ခိုမာကူ နံပါတ် ၂) တို့ဖြစ်သည်။

ဂျပန်ငါးဖမ်းသင်္ဘောကိုတွေ့ရစဉ်
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က မည်သည့် အစီအမံများဖြင့် ထိုသင်္ဘောများကို မောင်းထုတ်ခဲ့သည်ဆိုခြင်းကိုမူ လျူက အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။
“လျောင်ယွီ ကျွန်းစုအပြင် အဲဒီကျွန်းစုနှင့် ဆက်နွှယ်နေတဲ့ ကျွန်းငယ်တွေဟာ တရုတ်နိုင်ငံရဲ့ ရှိရင်းစွဲနယ်မြေတွေ ဖြစ်ပါတယ်။ ဒီရေပိုင်နက်တွေထဲမှာ တရားမဝင် လှုပ်ရှားမှုတွေ အားလုံးကို ချက်ချင်းရပ်တန့်ဖို့ ဂျပန်ကို တိုက် တွန်းချင်ပါတယ်”ဟု လျူက မတ်လ ၂၄ ရက်က ပြောကြားခဲ့သည်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် တရုတ်၏ နယ်နိမိတ်၊ အချုပ်အခြာအာဏာနှင့် ရေကြောင်းပိုင်နက်ဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ရန်အတွက် လျောင်ယွီကျွန်းစုများ အနီးတစ်ဝိုက်တွင် တရားဥပဒေစိုးမိုးရေး ကင်းလှည့်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လျူက ပြောကြားခဲ့သည်။
လျောင်ယွီကျွန်းစုကို ဂျပန်က ဆန်ကာကူ (Senkakus) ကျွန်းစုဟု အမည်ပေးထားသည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကိုတွေ့ရစဉ်
လူမနေသည့် ကျွန်းငယ် ၅ ခုနှင့် ကျောက်တန်း ၃ ခု ပါဝင်သော ထိုကျွန်းစုသည် ထိုင်ဝမ်အရှေ့ဘက် ၁၆၉ ကီလို မီတာ (၁၀၅ မိုင်) နှင့် ဂျပန်၏ အိုကီနာဝါ (Okinawa) ကျွန်း၏ အနောက်ဘက် ၄၀၉ ကီလိုမီတာ အကွာတွင် တည်ရှိသည်။
ထိုကျွန်းစု၏ အနီးတစ်ဝိုက် ရေပြင်များတွင် ငါးများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် အဖိုးတန် အရင်းအမြစ် များ ပါဝင်သည်ဟု ယူဆကြသည်။
မတ်လ ၂၄ ရက် အစောပိုင်းက ဂျပန်သည် အငြင်းပွား ကျွန်းစုများအနီးတွင် တရုတ်၏ ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများ ရှိနေခြင်းကို ဆန့်ကျင်ကန့်ကွက်ရန်အတွက် တရုတ်သံအမတ်ကို ဆင့်ခေါ်ခဲ့သည်။
ဂျပန်အရာရှိများကလည်း တရုတ်သည် ရှိရင်းစွဲ အခြေအနေကို အင်အားသုံးပြီး ပြောင်းလဲရန် တစ်ဖက်သတ် လုပ်ဆောင်နေကြောင်း ယခင်က စွပ်စွဲခဲ့ဖူးသည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 870
CNI International News
ကင်ရှာဆာ၊ မတ်လ ၂၆
ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ရဝမ်ဒါက ကျောထောက်နောက်ခံ ပြုထားသည့် M23 သူပုန်အဖွဲ့၏ ထိုးစစ်ကို အဆုံး သတ်ရန် အာဖရိကတောင်ပိုင်းနှင့် အရှေ့ပိုင်း နိုင်ငံရေးအဖွဲ့များက စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို မတ်လ ၂၄ ရက်က တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အန်ဂိုလာနိုင်ငံတွင် ကွန်ဂိုအစိုးရနှင့် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို M23 သူပုန်အဖွဲ့က တက်ရောက်ရန် ငြင်းဆိုခဲ့ပြီးနောက် ကွန်ဂိုအရှေ့ပိုင်း၌ ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး ပဋိပက္ခကို ဖြေရှင်းရန် သံတမန် ရေးရာ ကြိုးပမ်းမှုများသည် နှောင့်နှေးကြန့်ကြာခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်က ဥရောပသမဂ္ဂက M23 သူပုန်အဖွဲ့နှင့် ရဝမ်ဒါ အရာရှိများအပေါ် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ သဖြင့် M23 သူပုန်အဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရန် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
ရဝမ်ဒါတွင် ၁၉၉၄ ခုနှစ် လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့် တွင်းထွက်သတ္ထုကြွယ်ဝသည့် ကွန်ဂိုအရှေ့ပိုင်းဒေသကို ထိန်းချုပ်ရန် ပြိုင်ဆိုင်မှုများမှ အကြောင်းရင်းခံပြီး ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် M23 သူပုန်အဖွဲ့သည် ကွန်ဂိုအရှေ့ပိုင်းရှိ အကြီးဆုံး မြို့ကြီး ၂ မြို့ကို ထိန်းချုပ်ခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့သည်။

M23 သူပုန်များကို တွေ့ရစဉ်
အာဖရိကတောင်ပိုင်းနှင့် အရှေ့ပိုင်းမှ နိုင်ငံရေး အစုအဖွဲ့များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဆင်ပြေ ချောမွေ့စေရန် နိုင်ဂျီးရီးယားသမ္မတဟောင်း အိုလူဆီဂန် အိုဘာဆန်ဂျို (Olusegun Obasanjo) ၊ တောင် အာဖရိက သမ္မတဟောင်း ကဂါလီမာ မော့လန်သီ (Kgalema Motlanthe) နှင့် အီသီယိုပီးယား သမ္မတဟောင်း ဆာလီ ဝတ် ဇွီဒီ (Sahle-Work Zewde) တို့ အပါအဝင် နိုင်ငံ့အကြီးအကဲဟောင်း ၅ ဦးကို စေ့စပ်ညှိနှိုင်းရေးအဖွဲ့ တွင် ခန့်အပ်ခဲ့ကြောင်း မတ်လ ၂၅ ရက် အစောပိုင်းက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရဝမ်ဒါနှင့် ကွန်ဂိုကြား တင်းမာမှုများ ဖြေလျှော့ရန် နှစ်ပေါင်းများစွာကြာ ကြိုးပမ်းမှုများ မအောင်မြင်ခဲ့ပြီးနောက် မတ်လ ၂၄ ရက်က စေ့စပ်ညှိနှိုင်းရေးအဖွဲ့မှ နုတ်ထွက်ခဲ့သည့် အန်ဂိုလာသမ္မတ၏ နေရာကို အစားထိုးရန် ကွန်ဂိုမှ စေ့စပ်ညှိနှိုင်းသူ တစ်ဦးအား ခန့်အပ်သွားမည်ဟု ကွန်ဂိုသမ္မတရုံးက ပြောကြားခဲ့သည်။

M23 သူပုန်များကို တွေ့ရစဉ်
M23 သူပုန်အဖွဲ့ကို ထောက်ပံ့ပေးမှုကြောင့် ပိတ်ဆို့မှုများ၊ ကူညီထောက်ပံ့မှုများ ရပ်တန့်ခံထားရသည့် အခြေအနေ များဖြင့် ရဝမ်ဒါအစိုးရသည် ရင်ဆိုင်နေရသည်။
ရဝမ်ဒါအစိုးရက မတ်လ ၂၄ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သော ခေါင်းဆောင်များသည် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအား ဖြေရှင်းရန် နိုင်ငံရေးအဖြေတစ်ခုကို ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။
ရဝမ်ဒါသည် M23 သူပုန်အဖွဲ့ကို ကြားခံစစ်အဖြစ် အသုံးပြုနေသည်ဟု ကွန်ဂိုက စွပ်စွဲထားသည်။
ရဝမ်ဒါနိုင်ငံကမူ ကွန်ဂိုစစ်ပွဲတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့ပြီး ၎င်း၏တပ်ဖွဲ့များသည် ကွန်ဂို စစ်တပ်နှင့် ပြည်သူ့စစ်များ၏ ရန်လိုမှုကို ခုခံကာကွယ်ရန် အတွက်သာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
Source: ရိုက်တာ
