- By CNI
- Category: နိုင်ငံရေး
- Hits: 979
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၆
ထိုင်းနိုင်ငံတောင်ပိုင်း ရေပြင်များအတွင်း ဆားသိပ်ထားသည့် ပုဇွန်ဆိတ်များကို မှောင်ခိုသွင်းသည့် မြန်မာငါးဖမ်း သင်္ဘောတစ်စင်းနှင့် သင်္ဘောသား ၆ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သင်္ဘောတစ်စင်းသည် ရေလုပ်ငန်း ထွက်ကုန်များကို ထိုင်းနိုင်ငံအတွင်း တရားမဝင် မှောင်ခိုသွင်းနေကြောင်း သတင်းရရှိခဲ့ပြီးနောက် ထိုင်းရေတပ်အရာရှိများက ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီတွင် ရနောင်းပြည်နယ်သို့ သွားရောက်စစ်ဆေးခဲ့သည်။
ရေတပ်အရာရှိများသည် ရနောင်းပြည်နယ်၏ ပါ့ခ်နမ် (Pak Nam) မြို့ရှိ ဝေသွန်း (Waithong) မြို့ ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင် ဆိပ်ကမ်း၌ ကြိုးချည်ရပ်နားထားသည့် မြန်မာငါးဖမ်း သင်္ဘောတစ်စင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ထိုသင်္ဘောပေါ်တွင် ဆားသိပ်ထားသည့် ပုဇွန်ဆိတ် ၄၀,၀၀၀ ကီလိုဂရမ်နှင့်အတူ သင်္ဘောသား ၆ ဦးကို တွေ့ရှိခဲ့သည်ဟု ထိုင်းနိုင်ငံ ပင်လယ်ရေကြောင်း ကွပ်ကဲရေးစင်တာ (ဒေသ-၃) က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ထိုငါးဖမ်းသင်္ဘောသည် ထိုင်းနိုင်ငံသို့ ရေလုပ်ငန်းထွက်ကုန်များ ယူဆောင်လာခွင့်မရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသား ငါးဖမ်းသမားနဲ့မြန်မာနိုင်ငံသားများကို မြန်မာက ဖမ်းထားစဉ်
ထိုသင်္ဘောကို ရှာဖွေရာတွင် ၂၀ ကီလိုဂရမ် အလေးချိန်ရှိ ဆားနယ်ထားသည့် ပုဇွန်ဆိတ်များ ထည့်ထားသည့် အိတ်ပေါင်း ၂၀၀၀ ကို တွေ့ရှိခဲ့သည်။
သင်္ဘောသားများကိုမူ တရးဥပဒေအရ အရေးယူရန်အတွက် ပါ့ခ်နမ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။
မြန်မာနိုင်ငံ၏ ရေပြင်များအတွင်း ထိုင်းငါးဖမ်းသင်္ဘော ၁၅ စင်းကို မြန်မာကင်းလှည့်သင်္ဘောက ပစ်ခတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် သီတင်း ၂ ပတ်အကြာတွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ထိုင်းသင်္ဘောသား ၄ ဦးသည် ရနောင်းပြည်နယ်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည့် ကော့သောင်းမြို့တွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယာပွန်ဆာသည် ဖမ်းဆီးခံထားရသည့် ထိုင်းသင်္ဘောသားများ လွတ်မြောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းရန် ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1646
CNI International News
တိုင်ပေ၊ ဒီဇင်ဘာ ၁၄
တရုတ်သည် ထိုင်ဝမ်အနီးတွင် ပုံမှန်မဟုတ်သည့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ထိုင်ဝမ်အပေါ် နည်းဗျူဟာ သစ် ကျင့်သုံးလာကြောင်း ထိုင်ဝမ်အရာရှိများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
တရုတ်သည် ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် စစ်သင်္ဘောများနှင့် စစ်လေယာဉ် အများအပြား ဖြန့်ကြက်ချထားခဲ့သဖြင့် ထိုင်ဝမ်သည် စစ်ရေးအရ တပ်လှန့်နှိုးဆော်မှုကို မြှင့်တင်ခဲ့ရသည်။
ထိုင်ဝမ်ကမူ တရုတ်သည် အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ကျွန်းအနီးတွင် နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံး ရေတပ်အင်အားကို ဖြန့်ကြက်ချထားခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုသို့ ရေတပ်အင်အား ဖြန့်ကြက်ချထားမှုသည် အကြီးစား စစ်ရေးလေ့ကျင့်မှု ဖြစ်နိုင်ကြောင်း ထိုင်ဝမ်က ခန့်မှန်း ပြောကြားခဲ့သည်။
ထိုအခြေအနေကို အမေရိကန်နှင့် ဂျပန်တို့ကလည်း စောင့်ကြည့်ခဲ့သည်။
ပုံမှန်အားဖြင့် စစ်ရေးလေ့ကျင့်မှုများကို ကြေညာပြီး လုပ်ဆောင်လေ့ရှိသည့် တရုတ်စစ်တပ်သည် ဒီဇင်ဘာ ၁၃ ရက်အထိ စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေခဲ့သည်။

ထိုင်ဝမ်ပြည်သူများက ထိုင်ဝမ်ကျွန်းကို ကာကွယ်ဖို့နှိုးဆော်နေကြစဉ်
ထို့ပြင် တရုတ်စစ်တပ်က ဆွန်ဇူး (Sun Tzu) ၏ စစ်ပညာကျမ်း (Art of War) ထဲမှ ရှေးဟောင်း စစ်ဗျူဟာ တစ်ခုကို ကိုးကားပြောဆိုခဲ့သည်။
ထိုဗျူဟာအရ "စစ်ရေးလှုပ်ရှားမှုများကို ပုံစံတစ်ခုတည်းဖြင့် ကန့်သတ်မထားဘဲ စီးဆင်းနေသည့်ရေကဲ့သို့ ပြင်လွယ်ပြောင်းလွယ်ဖြစ်အောင် အလိုက်သင့် ဆောင်ရွက်ရမည်" ဆိုသည့် စာသားကို တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သို့သော် တရုတ်သည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့မှုအပေါ် တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခြင်း သို့မဟုတ် ငြင်းခုံခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။
ထိုသို့ ရေငုံနှုတ်ပိတ်နေမှုသည် အတိတ်ကာလက ဝါဒဖြန်မှုများ၊ စစ်ရေးလှုပ်ရှားမှုများကို ကျယ်ကျယ်လောင် လောင် ပြောကြားခဲ့သည့် တရုတ်၏ လုပ်ဆောင်ပုံများနှင့်မတူဘဲ တစ်မူကွဲထွက်နေကာ ထိုင်ဝမ်အပေါ် နည်းဗျူဟာသစ် ပြောင်းလဲကျင့်သုံးလာခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1969
CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၁၄
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) အား လွှတ်တော်တွင် စွပ်စွဲပြစ်တင်ရေးအဆို မဲခွဲဆုံးဖြတ် မှု၌ အာဏာရပါတီအနေဖြင့် ထောက်ခံမဲပေးရန် အတိုက်အခံခေါင်းဆောင် လီဂျေမြောင် (Lee Jae-myung) က ဒီဇင်ဘာ ၁၃ ရက်တွင် တိုက်တွန်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးကို ပြန်လည်ထိန်းသိမ်းရန် အကောင်းဆုံးနည်းလမ်းသည် သမ္မတအား စွပ်စွဲ ပြစ်တင်ရေးဖြစ်သည်ဟု လီက ပြောသည်။
ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဖက်အုပ်ချုပ်ရေးကို ဆိုင်းငံ့ခဲ့ပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ကြေညာခဲ့ ပြီးနောက် စစ်သားများနှင့် ရဟတ်ယာဉ်များကို လွှတ်တော်၌ ဖြန့်ကြက်ချထားခဲ့သည်။
သို့သော် နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်ကို မဲခွဲပြီး ပယ်ချခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲကို တွေ့ရစဉ်
ထို့နောက် မကြာမီ အချိန်အတွင်းမှာပင် ယွန်းက စစ်အုပ်ချုပ်ရေးအမိန့်ကို ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အတိုက်အခံများက ဒီဇင်ဘာ ၇ ရက်တွင် ယွန်းအား လွှတ်တော်၌ စွပ်စွဲပြစ်တင်ရေး အဆိုတင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့သော်လည်း ယွန်း၏ အာဏာရ ပြည်သူ့အင်အားပါတီ (PPP) က သပိတ်မှောက် ခဲ့သဖြင့် ယွန်းသည် ပထမအကြိမ် စွပ်စွဲပြစ်တင်ခံရမည့် အရေးမှ လွတ်မြောက်ခဲ့သည်။
သို့သော် အတိုက်အခံများက ယွန်းအား ဒုတိအကြိမ် စွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းခဲ့ပြီး ထိုစွပ်စွဲပြစ်တင်မှု အဆိုကို ဒီဇင်ဘာ ၁၄ ရက်တွင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်မည်ဟု အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ပြောကြား ခဲ့သည်။
ယွန်းသည် ဒီဇင်ဘာ ၁၂ ရက်က ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု ပြောကြား ခဲ့ပြီး အတိုက်အခံပါတီသည် အစိုးရအဖွဲ့ကို တုံ့ဆိုင်းစေရန် လုပ်ဆောင်နေကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။

တောင်ကိုရီးယားပြည်သူများ သမ္မတကို ဆန့်ကျင်နေကြစဉ်
ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီကတော့ ယွန်း၏ မှတ်ချက်စကားများသည် လူထုကို စစ်ကြေညာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"စွပ်စွဲပြစ်တင်မှုဟာ ပြဿနာကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး အဖြေရှာနိုင်တဲ့ နည်းလမ်းဖြစ်တယ်ဆိုတာကို သက်သေသာဓကတွေ အများကြီးရှိခဲ့ပြီးပါပြီ" ဟု လီက ပြောကြားခဲ့သည်။
အာဏာရ PPP ၏ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ယွန်းအား စွပ်စွဲပြစ်တင်ရေးအဆို မဲခွဲဆုံးဖြတ် မှုတွင် ထောက်ခံမဲပေးရန် တိုက်တွန်းခဲ့ပြီး "သင်တို့ရဲ့ ဆုံးဖြတ်ချက်သည် သမိုင်းတွင် သွားလိမ့်မည်ဖြစ်ကြောင်း" လီက ပြောကြားခဲ့သည်။
ယွန်းအား စွပ်စွဲပြစ်တင် နိုင်ခဲ့မည်ဆိုပါက ထိုအမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ရောက်ရှိသွား မည်ဖြစ်ကာ သမ္မတကို ရာထူးမှ ဖယ်ရှားမည်လော သို့မဟုတ် ရာထူးတွင် ဆက်ထားမည်လောဆိုခြင်းကို ခြောက်လအတွင်း ဆုံးဖြတ်သွားမည်ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1311
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၃
အမေရိကန်တွင် TikTok ကို ပိတ်ပင်မည့်ဥပဒေအား ယာယီဆိုင်းငံ့လိုသည့် TikTok ၏ မိခင်ကုမ္ပဏီဖြစ်သော ByteDance ၏ အရေးပေါ် အယူခံဝင်မှုကို ငြင်းပယ်ရန် တရားရေးဝန်ကြီးဌာနက အမေရိကန်အယူခံတရားရုံးကို ဒီဇင်ဘာ ၁၁ ရက်က တိုက်တွန်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်တွင် ဧပြီလက ထုတ်ပြန်ခဲ့သည့် ဥပဒေအရ TikTok ၏ မိခင်ကုမ္ပဏီဖြစ်သည့် ByteDance အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက် မတိုင်မီ TikTok အက်ပလီကေးရှင်းကို တရုတ်မဟုတ်သည့် ကုမ္ပဏီတစ်ခုထံ ရောင်းချရန် ပြဋ္ဌာန်းထားသလို ရောင်းချခြင်းမရှိပါက အမေရိကန်တွင် TikTok ကို ပိတ်ပင်မည်ဟု ဖော်ပြထား သည်။
TikTok နှင့် ByteDance တို့ကမူ ဒီဇင်ဘာ ၉ ရက်တွင် အမေရိကန် ဖက်ဒရယ်အယူခံတရားရုံးကို အရေးပေါ် အယူခံဝင်ခဲ့ကြောင်း၊ ထိုအယူခံဝင်မှုကို ဆိုင်းငံ့ထားပြီး တရားရုံးချုပ်က စိစစ်သုံးသပ်နေသည်။
အယူခံတရားရုံး အနေဖြင့် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိပါက အမေရိကန်တွင် လစဉ် အသုံးပြုသူ သန်း ၁၇၀ ကျော်ရှိသည့် တရုတ်၏ ပေါ်ပြူလာအဖြစ်ဆုံး လူမှုမီဒီယာများထဲတွင် ပါဝင်သော TikTok သည် ပိတ်ပင်ခံရနိုင်ကြောင်း TikTok နှင့် ByteDance ကုမ္ပဏီတို့က သတိပေးခဲ့သည်။

Tik Tok အမှတ်တံဆိပ်ကို တွေ့ရစဉ်
တရားရုံးအနေဖြင့် ဥပဒေတွင် သတ်မှတ်ထားသည့် ရက်စွဲထက်ပိုပြီး အချိန်မဆွဲသင့်ကြောင်းနှင့် TikTok ကို တရုတ်က ဆက်လက် ထိန်းချုပ်ခွင့်ရှိခြင်းသည် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေလိမ့် မည်ဖြစ်ကြောင်း အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး TikTok က ချက်ချင်း မှတ်ချက်ပေးခြင်းမရှိပေ။
ဇန်နဝါရီ ၁၉ ရက်တွင် ဥပဒေ စတင် အသက်ဝင် လာမည်ဆိုပါက TikTok အသုံးပြုသူများကို တိုက်ရိုက် ပိတ်ပင်နိုင်မည်သာ မဟုတ်ဘဲ အမေရိကန် အသုံးပြုသူများ၏ အချက်အလက်များကို ရယူပြီး အလွဲသုံးစားလုပ် မည့် အခြေအနေကိုလည်း ဟန့်တားနိုင်လိမ့်မည်ဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
TikTok သည် တရုတ်အစိုးရနှင့် ဆက်နွှယ်နေသည်ဆိုသည့် အထင်ဖြင့် နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း အမေရိကန် နိုင်ငံရေးသမားများက ၂၀၂၀ ပြည့်နှစ်ကတည်းက သတ်မှတ်ခဲ့ကြသည်။
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ပထမ သက်တမ်းအတွင်းကလည်း TikTok ကိုပိတ်ပင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2161
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၃
၂၀၂၅ ခုနှစ်သည် ထိုင်းလူမျိုးများအတွက် စစ်မှန်သည့် အခွင့်အလမ်းများနှင့် မျှော်လင့်ချက်များရှိစေသော နှစ်ဖြစ် လာလိမ့်မည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) က ပြောကြားခဲ့သည်ဟု PBS World မှ ဖော်ပြခဲ့သည်။
ပေတုန်တန်သည် ပြီးခဲ့သည့် ၃ လအတွင်း ဖြူးထိုင်းပါတီက ဦးဆောင်သည့် အစိုးရအဖွဲ့၏ စွမ်းဆောင်ရည် အကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအကြောင်းကို မိန့်ခွန်းပြောကြားချိန်တွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် ပထမ ၃ လတာ ကာလသည် ယခင်ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ၏ အစိုးရအဖွဲ့ ချမှတ်ခဲ့သော မူဝါဒများနှင့် လုပ်ဆောင်ပုံများကို ချိန်ညှိရသည့် ကာလဖြစ် ကြောင်း ပေတုန်တန်က ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထိုင်းလူမျိုးများသည် ပြီးခဲ့သည့် ဆယ်စုနှစ် ၂ စုအတွင်း နိုင်ငံရေး အကျပ်အတည်းနှင့် ကြုံတွေ့ခံစားခဲ့ရကြောင်း၊ သို့သော် ယခုအခါတွင် အတူတကွ ရှေ့ဆက်ရန် အသင့်ဖြစ်နေကြောင်းနှင့် နိုင်ငံအတွင်း ရင်ဆိုင်နေရသည့် ပြဿနာများကို ဖြေရှင်းရန်လည်း အသင့်ဖြစ်နေပြီဟု ပေတုန်တန်က ပြောသည်။
ထိုပြဿနာများထဲတွင် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှု များလည်း ပါဝင်ပြီး အစိုးရအဖွဲ့က ရေဘေးသင့်ပြည်သူများ၏ အခက်အခဲများကို လျော့ပါးသက်သာစေရန် လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်ခဲ့ကြောင်း ပေတုန်တန်က ဆိုသည်။
ရေလွှမ်းမိုးမှုများနှင့် မိုးခေါင်မှုသည် ကာလကြာရှည် မဖြေရှင်းနိုင်ခဲ့သည့် ပြဿနာနှစ်ခုဖြစ်ကြောင်း၊ အစိုးရအဖွဲ့ သည် ပဋိပက္ခ ဖြစ်ပွားနေသော မြန်မာနိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံများကို ချဉ်းကပ်ဆောင်ရွက်ရေး၊ ပြဿနာ ဖြေရှင်းရေးတို့အတွက် နည်းလမ်းသစ်တစ်ခု ချမှတ်ဆောင်ရွက်ခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
စိုက်ခင်းများကို မီးရှို့ခွင့်ပြုထားသည့် အိမ်နီးချင်းနိုင်ငံများမှ လယ်ယာထုတ်ကုန်များအား သပိတ်မှောက်သည့် မူဝါဒမှတဆင့် လေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းနေကြောင်းလည်း ပေတုန်တန်က ပြောကြားခဲ့သည်။
အစိုးရအဖွဲ့ အနေဖြင့်လည်း ကာစီနိုရုံများကဲ့သို့ မြေအောက် စီးပွားရေး လုပ်ငန်းများကို တရားဝင် ခွင့်ပြုပေးခြင်း ဖြင့် အခွန်များရရှိရန် စီစဉ်နေကြောင်း၊ ပြည်တွင်း အဖျော်ယမကာ လုပ်ငန်းကိုလည်း မြှင့်တင်နေကြောင်း ပေတုန်တန်က ပြောသည်။
အစိုးရအဖွဲ့သည် အနာဂတ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းနိုင်ငံကို ဒေသတွင်း AI နည်းပညာရပ်ဝန်း တစ်ခုအဖြစ် ပြောင်းလဲရန်အတွက် ထိုင်းကျောင်းသားများ၏ ပညာရေးကို မြှင့်တင်ရန်လည်း စီစဉ်နေကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 1439
CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၁၃
ရာထူးမှနုတ်ထွက်ရန် လွှတ်တော် အပါအဝင် ပြည်သူလူထုနှင့် အာဏာရပါတီ၏ ဖိအားပေးခြင်း ခံနေရသော် လည်း အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeo)က ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်ပြီး အတိုက်အခံပါတီနှင့် ၎င်း၏ အာဏာရပါတီကပင် ၎င်းအား စွပ်စွဲပြစ်တင်ရန် ပြင်ဆင်နေချိန်တွင် ယွန်းက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဖက်အုပ်ချုပ်ရေးကို ဆိုင်းငံ့ခဲ့ပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာ ခဲ့ပြီးနောက် စစ်သားများနှင့် ရဟတ်ယာဉ်များကို လွှတ်တော်၌ ဖြန့်ကြက်ချထားခဲ့သည်။
သို့သော် နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်ကို မဲခွဲ၍ ပယ်ချခဲ့ ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ယွန်းက စစ်အုပ်ချုပ်ရေးအမိန့်အား ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်း၌ ပြန်လည်ရုပ်သိမ်းခဲ့သည်။

တောင်ကိုရီးယား လူထုက ယွန်းကို ဆန့်ကျင်နေကြစဉ်
ထို့နောက် ယွန်းသည် ဒီဇင်ဘာ ၇ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့မှုအတွက် ပထမဆုံးအကြိမ်အဖြစ် လူထုကို ပြန်လည်တောင်းပန်ခဲ့သည်။
"အစိုးရ အုပ်ချုပ်ရေး ယန္တရားကို တုံ့ဆိုင်းသွားစေပြီး ဖွဲ့စည်းပုံပျက်ယွင်းစေမယ့် အင်အားစုတွေနဲ့ ရာဇဝတ်အဖွဲ့ တွေကို ကျနော်တို့ တားဆီးရပါမယ်။ ဘာတွေပဲဖြစ်နေပါစေ၊ ကျနော် အဆုံးအထိ တိုက်ပွဲဝင်သွားမှာပါ" ဟု ယွန်းက ပြောကြားခဲ့သည်။
"စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာမှုကြောင့် လူထုကို အံ့အားသင့်စေပြီး ပူပင်သောက ရောက်စေခဲ့တဲ့ အတွက် ကျနော် နောက်တစ်ကြိမ် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျနော့်ကို ယုံကြည်ပေးကြပါ" ဟု ယွန်းက ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ယွန်းသည် ဒီဇင်ဘာ ၇ ရက်က လွှတ်တော်တွင် အတိုက်အခံများ တင်သွင်းသည့် စွပ်စွဲပြစ်တင်ရေးအဆို မဲခွဲ ဆုံးဖြတ်မှု၌ ၎င်း၏ အာဏာရပါတီက သပိတ်မှောက်ခဲ့သဖြင့် စွပ်စွဲပြစ်တင် ခံရမည့်အရေးမှ လွတ်မြောက်ခဲ့သည်။
သို့သော် အတိုက်အခံများက ယွန်းအား ဒုတိအကြိမ် စွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းခဲ့ပြီး ထိုစွပ်စွဲပြစ်တင်မှု အဆို ကို ဒီဇင်ဘာ ၁၄ ရက်တွင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်မည်ဟု အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ပြောကြားခဲ့ သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2026
CNI International News
ဒမတ်စကတ်၊ ဒီဇင်ဘာ ၁၃
ဆီးရီးယားနိုင်ငံတွင် ဂျီဟတ်သူပုန်များက သမ္မတအာဆတ် (Bashar Assad) အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ပြီးနောက် စည်းလုံးပြီး ပေါင်းစုံပါဝင်သည့် နိုင်ငံအဖြစ် ပြန်လည်ထူထောင်မည်ဟု ပြောကြားနေချိန်တွင် ဆီးရီးယားရှိ အမေရိကန်၏ မဟာမိတ် ကာ့ဒ်တပ်ဖွဲ့များသည် အခက်တွေ့ဖွယ်ရှိလာကြောင်း အေပီမှ ဖော်ပြခဲ့သည်။
နိုင်ငံအတွင်း ၁၄ နှစ်နီးပါးကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့သဖြင့် စည်းလုံးပြီး ပေါင်းစုံပါဝင်သည့် နိုင်ငံအဖြစ် ထူထောင်လိုသော ဂျီဟတ်သူပုန်များ၏ အိုင်ဒီယာသည် လက်တွေ့တွင် အကောင်အထည်ပေါ်ရန် အလွန်ခက်ခဲ လိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့အတူ ဆီးရီးယားအရေးသည် အခင်းအကျင်းသစ် တစ်ခုသို့ ဝင်ရောက် လာချိန်တွင် ဆီးရီးယားရှိ အမေရိကန်၏ အနီးစပ်ဆုံး မဟာမိတ်ဖြစ်သည့် ကာ့ဒ်ဦးဆောင်သော လက်နက်ကိုင်တပ်ဖွဲ့များအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင် လာရနိုင်သည်။

ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားစဉ်
ဆီးရီးယား ပြည်တွင်းစစ်အတွင်း ကာ့ဒ်တပ်ဖွဲ့ဝင်များသည် အမေရိကန်၏ အကူအညီဖြင့် အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်ခဲ့ကာ အခြား လက်နက်ကိုင် အဖွဲ့များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
သို့သော်လည်း တူရကီ၏ အကူအညီဖြင့် အာဆတ်ကို ဖြုတ်ချခဲ့သည့် သူပုန်များသည် ဆွန်နီ အာရပ်သူပုန်များ ဖြစ်သဖြင့် အာရပ်မဟုတ်သော ကာ့ဒ်များသည် လက်ရှိတွင် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သည်။
တူရကီ၏ ရန်သူမှာလည်း ကာ့ဒ်များဖြစ်သဖြင့် ကာ့ဒ်များသည် ဆီးရီးယားနိုင်ငံအတွင်း ခြေကုပ်အသစ်တစ်ခု ရှာဖွေရန် ခက်ခဲလာလိမ့်မည်ဖြစ်ပြီး ပဋိပက္ခကို ဆက်လက် ကြာရှည်နိုင်စေသည်။
ဂျီဟတ်သူပုန်များသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဒမတ်စကတ်မြို့တော်ကို ဝင်ရောက်လာချိန်က ကာ့ဒ်များ နှင့် ထိတွေ့ပွတ်တိုက်မှု မရှိခဲ့ဘဲ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် မြို့တော်ကို ထိန်းချုပ်ခဲ့သည်။

ကာ့ဒ်တပ်ဖွဲ့များကို တွေ့ရစဉ်
သို့သော် ဆီးရီးယား အစိုးရတပ်ဖွဲ့များက နိုင်ငံအရှေ့ပိုင်း ဒိုင်ယာအယ်ဇော (Deir al-Zour) မြို့ကို စွန့်ခွာသွား ချိန်တွင် ဂျီဟတ်သူပုန်များသည် ကာ့ဒ်တိုက်ခိုက်ရေးသမားများကို ထိုမြို့အတွင်းမှ အင်အားသုံး မောင်းထုတ်ခဲ့ သည်။
ထို့ကြောင့် ကာ့ဒ်တပ်ဖွဲ့များသည် လက်ရှိ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းတွင် တပ်စွဲထားသည့် အမေရိကန် စစ်သားများနှင့် သွားရောက် ပူးပေါင်းနိုင်ခြေရှိသော်လည်း နောက်တက်လာမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဆီးရီးယားအရေးတွင် ပါဝင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ထရမ့် လက်ထက်တွင် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များကို ရုပ်သိမ်းခဲ့မည်ဆိုပါက ကာ့ဒ်တပ်ဖွဲ့များ ၏ အနာဂတ်သည် ရေရာမှုမရှိသည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ခြေရှိကြောင်း လေ့လာသူများက ပြောကြားခဲ့ သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 987
CNI International News
ဘေကျင်း၊ ဒီဇင်ဘာ ၁၂
တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် လိုအပ်တာမှန်သမျှ လုပ်ဆောင်သွားမည်ဖြစ်ပြီး ခွဲထွက်ရေး လှုပ်ရှားမှုများအား သည်းခံမည် မဟုတ်ကြောင်း တရုတ်အစိုးရက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ်များကို မြင်တွေ့ရကြောင်း ထိုင်ဝမ်က ထုတ်ပြန်နေချိန်၌ တရုတ်၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်စစ်တပ်ကမူ ထိုင်ဝမ်အနီးတွင် စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခြင်း မရှိသေး ဘဲ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်နေသည်ဟုလည်း အတည်ပြုခဲ့ခြင်းမရှိပေ။
ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာမှုသည် နောက်တက်လာမည့် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၏ အစိုးရအဖွဲ့အတွက် နိုင်ငံရေးမက်ဆေ့ချ်ပေးပို့သည့် သဘောဖြစ်ကြောင်း ထိုင်ဝမ်ထိပ်သီး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ရှုမြင်ထားပြီး ထိုင်ဝမ်သမ္မတ လိုင်ချင်တေ(Lai Ching-te') ၏ ပစိဖိတ်ခရိးစဉ်အတွင်း အမေရိကန်၏ ဟာဝိုင်ယီနှင့် ဂူအမ်ကျွန်းများသို့ ဝင်ရောက်မှုများအပေါ် ဒေါသထွက် ကြောင်း ဖော်ပြခဲ့သည်။

တရုတ်နဲ့ထိုင်ဝမ်စစ်ရေးကို ဖော်ပြထားစဉ်
တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူးဖန်းလျန် (Zhu Fenglian) ကမူ တရုတ်အာဏာပိုင်များ သည် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်နေသည့် ထိုင်ဝမ်ခွဲထွက်ရေး အင်အားစုများ၏ အလားအလာကို သတိထား စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။
"အဖြစ်အပျက်တွေကို လျစ်လျှူရှုသွားမှာ မဟုတ်ပါဘူး။ ကျမတို့ဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေး၊ ထိုင်ဝမ်ရေလက်ကြားက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြတ်ပြတ်သားသား ကာကွယ်သွားဖို့ လိုအပ်တာမှန်သမျှ လုပ်ဆောင်နေပါတယ်”ဟု ကျူးက ပြောကြားခဲ့သည်။
လိုင်နှင့် ၎င်း၏အစိုးရအဖွဲ့ကမူ တရုတ်၏ အချုပ်အခြာအာဏာပိုင်ကြောင်း ကြေညာချက်များကို ငြင်းပယ်ထားပြီး ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်ပြည်သူများကသာ ဆုံးဖြတ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၁ ရက်ကလည်း ထိုင်ဝမ်ကျွန်းအနီးတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် ၅၃ စင်းနှင့် ရေတပ်သင်္ဘော ၁၁ စင်းတို့ကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2001
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၂
ထိုင်းစစ်တပ်၏ အာဏာသိမ်းနိုင်စွမ်းကို လျှော့ချရန်အတွက် ရည်ရွယ်ထားသည့် ကာကွယ်ရေးဝန်ကြီးဌာန အုပ်ချုပ်ရေးအက် ဥပဒေမူကြမ်းကို ပြန်လည်ရုပ်သိမ်းသွားမည်ဟု ဖြူးထိုင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ် လောင်း တစ်ဦးဖြစ်သည့် ပရာယွတ် သီရိပါနစ်ချ် (Prayut Siripanich) က ပြောကြားခဲ့ကြောင်း The Naiton မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ထိုဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး လူထု၏ သဘောဆန္ဒများကို နားထောင်ခဲ့ပြီးနောက် ဆန့်ကျင်ကန့်ကွက်မှု များပြားခဲ့သည်ဟု ပရာယွတ်က ပြောသည်။
ထို့ကြောင့် ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ်မည့် အောက်လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး မကျင်းပမီ ဖြူးထိုင်းပါတီက လွှတ်တော်၌ ၎င်းတို့တင်သွင်းထားသည့် ထိုဥပဒေမူကြမ်းကို ပြန်လည် ရုပ်သိမ်းရန်အတွက် ပါတီတွင်း အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်သည်။
ပါတီဝင်များက ထိုဥပဒေမူကြမ်းကို လွှတ်တော်မှ ပြန်လည်ရုပ်သိမ်းရန် သဘောတူခဲ့မည်ဆိုပါက တစ်ရက်တည်း မှာပင် အောက်လွှတ်တော် ကိုယ်စားလှယ်များထံမှ ထိုဥပဒေမူကြမ်းကို ရုပ်သိမ်းရန် အဆိုပြုသွားမည်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် ပရာယွတ် သီရိပါနစ်ချ်ကို တွေ့ရစဉ်
ထိုဥပဒေမူကြမ်းကို ၎င်းနှင့် ၎င်းတို့၏အဖွဲ့က ပုဂ္ဂိုလ်ရေးအရ အဆိုပြု တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဖြူးထိုင်းပါတီ၏ သဘောထားတစ်ခု မဟုတ်ကြောင်း ပရာယွတ်က အလေးထား ပြောဆိုခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်ခွဲ ၇၇ အရ ဥပဒေမူကြမ်းကို လူထုအများစုက ကန့်ကွက်ခဲ့မည်ဆိုပါက ထိုဥပဒေ မူကြမ်းအား အောက်လွှတ်တော်၏ လုပ်ငန်းစဉ်များအတွင်း ထည့်သွင်းနိုင်မည် မဟုတ်ပေ။
လက်ရှိအချိန်တွင် ထိုဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ကုန်ဆုံးမည့် အကြံဉာဏ် ရယူသည့် သက်တမ်းပြည့်ပြီးနောက် လူထု၏ မှတ်ချက်ကို စောင့်ဆိုင်းရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။
"အစိုးရအဖွဲ့အနေနဲ့ နောက်ဆုတ်သင့်တယ်လို့ လူထုက ယူဆမယ်ဆိုရင် ကျနော်တို့ နားထောင်ရမှာပါ။ ကျနော်တို့ အတင်း ဆက်လုပ်မယ်ဆိုရင်လည်း ဒီဥပဒေကို အဆိုပြုနိုင်မှာ မဟုတ်ပါဘူး" ဟု ပရာယွတ်က ပြောကြားခဲ့သည်။
ညွန့်ပေါင်းအစိုးရအဖွဲ့ထဲတွင် ပါဝင်သည့် Bhumjaithai ခေါင်းဆောင် အနူတင် ချန်ဗီရာကူလ်(Anutin Charnvirakul) ကလည်း ထိုဥပဒေမူကြမ်းသည် အာဏာသိမ်းမှုကို တားမြစ်နိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
Source: The Nation
