
- By CNI
- Category: နိုင်ငံရေး
- Hits: 758
CNI International News
ဘန်ကောက်၊ ဧပြီ ၄
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra) ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်ဆိုသည့် သတင်းသည် April Fools' (ဧပြီ ၁ ရက်)နေ့ နောက်ပြောင်မှုတစ်ခု ဖြစ်နိုင်ကြောင်း ထိုင်းဒုဝန်ကြီးချုပ် ပန်ပရီ ဘာဟစ်ဒါ နျူကာရာ (Parnpree Bahiddha-nukara) က ဧပြီ ၂ ရက် တွင် ပြောကြားခဲ့သည်ဟု ASEAN NOW မှ ဖော်ပြခဲ့သည်။
ဧပြီ ၁ ရက်က ဧရာဝတီသတင်းဝက်ဘ်ဆိုက်တွင် ယင်းလပ်အား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် အဖြစ် ခန့်အပ်ကြောင်း ဖော်ပြခဲ့သည့်သတင်းကို ပန်ပါရီက တုံ့ပြန်သည့် အနေဖြင့် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းလပ်သည် ထိုကဲ့သို့ သံတမန်အဖြစ် ခန့်အပ်ခံရမှုကို သူကိုယ်တိုင်ပင် မသိခဲ့ဟု ပြောသည်။
ယင်းလပ်နဲ့ ထိုင်းဒုဝန်ကြီးချုပ် ပန်ပရီ ဘာဟစ်ဒါ နျူကာရာကို တွေ့ရစဉ်
ထိုသတင်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ရုံးက တရားဝင် အတည်မပြုသေးသဖြင့် မေးခွန်းများ သို့လော၊ သို့လော ထွက်ပေါ်နေသည်။
ထိုသတင်းသည် အမှန် ဟုတ်/မဟုတ် သံသယဖြစ်ရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန် ထမ်းဆောင်နေသည့် ပန်ပရီက ပြောသည်။
ဖြူးထိုင်းပါတီဝင်ဖြစ်သည့် ပန်ပရီက ယင်းလပ်၏ သတင်းကို အတည်မပြုနိုင်သေးသော်လည်း ယင်းလပ်သည် ဖြူးထိုင်းပါတီ ဦးဆောင်သည့် လက်ရှိ အစိုးရအဖွဲ့ထဲတွင် မပါဝင်သဖြင့် ထိုအကြောင်းအရာသည် ထိုင်း၏ သံတမန်ရေးဆိုင်ရာ စိုးရိမ်မှုများနှင့် သက်ဆိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းလပ်အား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန်အဖြစ် ခန့်အပ်ခံရသည်ဆိုသည့် အတည်မပြုသေးသော သတင်းများသည် တပ်မတော်အတွက် သတင်း ကောင်းဖြစ်ပြီး သူ့အနေနှင့် ကြိုဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ချင်းမိုင် (Chiang Mai) အခြေစိုက် ဧရာဝတီသတင်းဝက်ဘ်ဆိုက်က ကိုးကားဖော်ပြခဲ့သည်။
Source: ASEAN NOW

- By CNI
- Category: နိုင်ငံရေး
- Hits: 430
CNI International News
အစ္စလာမ်မာဘက်၊ ဧပြီ ၃
ပါကစ္စတန် တာရက်ခ် အီး အင်ဆက်ဖ် (PTI) ပါတီက ဆင်း (Sindh) ပြည်နယ်တွင် ပြုလုပ်မည့် အထက်လွှတ်တော်ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း The Print သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် အကွက်ဆင်မှု အများအပြားရှိခဲ့သည်ဟု PTI က စွပ်စွဲခဲ့ပြီး သပိတ် မှောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Geo News မှ ဖော်ပြခဲ့သည်။
PTI ပါတီခေါင်းဆောင် ဟာလင်းမ် အဒီလ် ရှိတ် (Haleem Adil Sheikh) က အထက်လွှတ်တော် ရွေးကောက်ပွဲ၏ ခိုင်မာတည်ကြည်မှုအပေါ် စိုးရိမ်ကြောင်းနှင့် အထက်လွှတ်တော် ရွေးကောက်ပွဲများမှာ အကွက်ဆင်ပြီး အနိုင်ယူ ခံရနိုင်ကြောင်း ကရာချီ (Karachi) မြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဆင်းပြည်နယ်လွှတ်တော်မှ PTI ပါတီက ထောက်ခံပေးထားသည့် ကိုယ်စားလှယ်လောင်းများကို ဖယ်ချန် ထားမှုသည် ယခုနှစ်အတွင်း ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ ရလဒ်များ၏ နိုင်ငံရေးအရ ဆိုးရွားသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ၎င်းက ပြောသည်။
PTI ပါတီခေါင်းဆောင် ဟာလင်းမ် အဒီလ် ရှိတ်ကို တွေ့ရစဉ်
ဆင်းပြည်နယ်တွင် အထက်လွှတ်တော်အမတ် နေရာများအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် PTI ပါတီက ထောက်ခံ ထားသည့် ကိုယ်စားလှယ်လောင်း ၆ ဦးရှိသော်လည်း ထိုကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် အစိုးရအဖွဲ့ကိုလည်း ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများ ပြုလုပ်ခဲ့ ကြောင်း စွပ်စွဲခဲ့ပြီး အစိုးရအဖွဲ့သည် ကျရှုံးနေပြီဖြစ်ကြောင်း ရှိတ်က ပြောကြားခဲ့သည်။
ဆင်းပြည်နယ်တွင် အထက်လွှတ်တော် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၁၄ ဦးသည် ၎င်းတို့၏ အမည်စာရင်း တင်သွင်းမှုကို ပြန်လည်ရုတ်သိမ်းခဲ့ပြီးနောက် PTI ပါတီ၏ ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဆင်းပြည်နယ် အထက်လွှတ်တော် ရွေးကောက်ပွဲတွင် ပါကစ္စတန် ပြည်သူ့ပါတီ (PPP) ကို ပြိုင်ဘက် မရှိ အနိုင်ရရှိစေရန် လမ်းခင်းပေးရာ ရောက်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: The Print

- By CNI
- Category: နိုင်ငံရေး
- Hits: 442
CNI International News
ဝါရှင်တန်၊ ဧပြီ ၃
တရုတ်သည် ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲက ရုရှားနိုင်ငံ အသုံးပြုခဲ့သော သတင်းအမှားများဖြန့်သည့် နည်းဗျူဟာအချို့ကို ကျင့်သုံးခဲ့ကြောင်း အမေရိကန် သုတေသီများနှင့် အစိုးရအရာရှိများက ပြောကြားခဲ့ကြောင်း New York Times မှ ဖော်ပြခဲ့သည်။
တရုတ်၏ လျှို့ဝှက်အကောင့်များသည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump)အား ထောက်ခံသူများအဖြစ် ဟန်ဆောင်ထားပြီး ယုံမှားသီအိုရီများကို ဖော်ပြပြီး အမေရိကန်ပြည်တွင်းတွင် သဘော ထား ကွဲလွဲမှုများဖြစ်စေရန် လှုံ့ဆော်နေကြသည်ဟု သုတေသီများနှင့် အစိုးရအရာရှိများက ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်အား ထောက်ခံသူများအဖြစ် ဟန်ဆောင်ထားသည့် ထိုလူမှုမီဒီယာ အကောင့်များသည် နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)ကို ဝေဖန်တိုက်ခိုက်ခဲ့သည်။
ထိုအကောင့်များသည် ဘိုင်ဒန် အပါအဝင် အမေရိကန် ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများကို ပစ်မှတ်ထားမှုနှင့်အတူ တရုတ်သည် အမေရိကန်နိုင်ငံရေးလောကအား လွှမ်းမိုးရန် ရည်ရွယ်ထားသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံရှိ တရုတ်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ လျူပန်းယုကို တွေ့ရစဉ်
၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း ရုရှားက လွှမ်းမိုးခဲ့သည့် ပုံစံအတိုင်း တရုတ်သည် ဘိုင်ဒန် အစိုးရအဖွဲ့၏ မူဝါဒများကို လျော့ပါးစေရန်နှင့် ပါတီများအကြား စိတ်သဘောထား ကွဲလွဲစေရန် ကြိုးပမ်းနေပုံ ပေါ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ဒေါ်နယ်ထရမ့်အား ထောက်ခံသူများအဖြစ် ဟန်ဆောင်ထားသည့် အကောင့်များက ဒေါ်နယ်ထရမ့်ကို အမေရိကန်နိုင်ငံအား ပုံစံမျိုးစုံဖြင့် ကြီးမြတ်စေရန် လုပ်ဆောင်မည့်သူဖြစ်ကြောင်း အမွှမ်းတင် ဖော်ပြခဲ့ကြပြီး ဘိုင်ဒန်၏ အသက်အရွယ်ကြီးရင့်မှုကို လှောင်ပြောင်သရော်ခဲ့ကြသည်။
ဖေဖော်ဝါရီလ အတွင်းကလည်း အမေရိကန်အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက တရုတ်သည် အစိုးရ ခေါင်းဆောင်များနှင့်ပတ်သက်ပြီး အမေရိကန်ပြည်သူများအကြား သံသယမျိုးစေ့များ ချပေးနေကြောင်း၊ အမေရိကန်၏ ဒီမိုကရေစီကို လျော့ပါးစေရန်နှင့် တရုတ်၏ လွှမ်းမိုးမှုကို ချဲ့ထွင်နေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံရှိ တရုတ်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ လျူ ပန်းယု (Liu Pengyu) ကမူ အမေရိကန်ရွေးကောက်ပွဲ သည် အမေရိကန်၏ ပြည်တွင်းရေးသားဖြစ်ပြီး တရုတ်သည် ကြားဝင်မစွက်ဖက်သည့် မူဝါဒကို ကျင့်သုံးနေ ကြောင်း ပြောကြားခဲ့သည်။
Source: New York Times
- By CNI
- Category: နိုင်ငံရေး
- Hits: 531
CNI International News
ဒမတ်စကတ်၊ ဧပြီ ၃
ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ် (Damascus) မြို့တော်တွင် ဧပြီ ၁ ရက်က အီရန်ကောင်စစ်ဝန်ရုံး လေကြောင်း တိုက်ခိုက်ခံရသဖြင့် ပြိုကျပျက်စီးသွားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ဆီးရီးယားနှင့် အီရန်မီဒီယာများက အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့နောက် အရှေ့အလယ်ပိုင်းတွင် အစ္စရေးနှင့် အီရန်၊ အီရန်၏ မဟာမိတ်များအကြား ပဋိပက္ခများ မြင့်တက်လာ သည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသူတစ်ဦးမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ တပ်မှူး မိုဟာမက် ရီဇာ ဇာဟီဒီ (Mohammad Reza Zahedi) ပါဝင်ပြီး အခြား အီရန်သံတမန်အချို့လည်း သေဆုံးခဲ့ သည်ဟု လက်ဘနွန်လုံခြုံရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဒမတ်စကတ်မြို့တော်၏ မက်ဇာ (Mezzeh) ရပ်ကွက်ရှိ အီရန်ကောင်စစ်ဝန်ရုံးသည် ပြိုကျပျက်စီးနေပြီး လူနာတင်ယာဉ်များကို တွေ့ရကြောင်း ရိုက်တာသတင်းထောက်များက ပြောကြားခဲ့သည်။
အစ္စရေးတိုက်လေယာဉ်ကိုတွေ့ရစဉ်
အီရန်ကောင်စစ်ဝန်ရုံး ပြိုကျပျက်စီးခဲ့သည့် နေရာတွင် ဆီးရီးယားပြည်ထဲရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး များကိုလည်း တွေ့ရသည်ဟု သတင်းထောက်များက ပြောသည်။
ဂါဇာကမ်းမြောင်ဒေသတွင် ခြောက်လကြာ ဖြစ်ပွားနေသည့် စစ်ပွဲကာလအတွင်း အီရန်ပစ်မှတ်များကို ထပ်တလဲလဲ တိုက်ခိုက်ခဲ့သည့် အစ္စရေးကမူ ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
"ပြည်ပမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေကို ကျနော်တို့ မှတ်ချက်မပေးပါဘူး" ဟု အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အီရန်၏ Tasnim သတင်းအေဂျင်စီကမူ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးသွားကြောင်း ဖော်ပြခဲ့ပြီး ဆီးရီးယား၏ SANA သတင်းအေဂျင်စီကမူ အရေအတွက် အတိအကျ ဖော်ပြမထားသည့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများရှိကြောင်း ဖော်ပြခဲ့သည်။
အောက်တိုဘာ ၇ ရက်က အစ္စရေး-ဟားမာ့စ်စစ်ပွဲ စတင်ခဲ့ချိန်ကတည်းက အစ္စရေးသည် ဆီးရီးယားနှင့် လက်ဘနွန်ရှိ အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့၊ အီရန်၏ အစောင့်တပ်ဖွဲ့များကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်တင်ခဲ့သည်။
Source: Nikkei Asia

- By CNI
- Category: နိုင်ငံရေး
- Hits: 632
CNI International News
တိုကျို၊ ဧပြီ ၂
အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် တရုတ်၏ စစ်နှင့်ငြိမ်းချမ်းရေးအကြား နယ်နိမိတ်တစ်ခုဖြစ်သည့် Gray Zone နည်းဗျူဟာကို ဖြေရှင်းရန် ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်ညီလာခံကို ယခုလအတွင်း ပြုလုပ်မည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ဧပြီ ၁၁ ရက်တွင် ဝါရှင်တန်၌ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ(Ferdinand Marcos Jr.) တို့ကို ဧည့်ခံတွေ့ဆုံပြီး သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။
ထိုသုံးပွင့်ဆိုင် အဖွဲ့သည် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျတို့ ပါဝင်သည့် Quad အဖွဲ့၊ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ပါဝင်သည့် AUKUS အဖွဲ့တို့နှင့်မတူညီသလို သီးသန့်ပေးထားသည့် အဖွဲ့နာမည်လည်း မရှိပေ။
မာကို့စ်နဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ်
တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်လာသည့် အခြေအနေများကြောင့် အမေရိကန်သည် ၎င်း၏ မဟာမိတ်အင်အားကို တိုးချဲ့သည့်အနေဖြင့် ဒေသတွင်းနိုင်ငံများကို ပိုမိုစည်းရုံးလာခြင်း ဖြစ်သည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
တရုတ်ကလည်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများ၏ ရန်လိုသည့် လုပ်ဆောင်မှုများကြောင့် တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် ယခုနှစ်ကုန်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဒေသတွင်း ပူးတွဲ ရေတပ် ကင်းလှည့်မှုများကို ပြုလုပ်မည်ဖြစ်သည်။
တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို တွေ့ရစဉ်
ထိုပူးတွဲ ကင်းလှည့်မှုများနှင့်ပတ်သက်ပြီး ဧပြီ ၁၁ ရက်တွင် ပြုလုပ်မည့် သုံးပွင့်ဆိုင်ညီလာခံ၌ အမေရိကန်၊ ဂျပန်နှင့်ဖိလစ်ပိုင် ခေါင်းဆောင်များအကြား သဘောတူညီချက်များ ရရှိဖွယ်ရှိသည်ဟု လေ့လာစောင့်ကြည့် သူများက သုံးသပ်ခဲ့ကြသည်။
ဂျပန်နှင့်ဖိလစ်ပိုင် အပါအဝင် အမေရိကန်၏ မဟာမိတ်များ အနေဖြင့် အမေရိကန်၏ ခေါင်းပုံဖြတ် အမြတ်ထုတ် မှုများကို သတိထားသင့်သည်ဟု တရုတ်နိုင်ငံခြားရေးတက္ကသိုလ်မှ ပါမောက္ခတစ်သီးဖြစ်သူ လီဟိုင်တုံ (Li Haidong) က သတိပေးခဲ့သည်။
Source: Nikkei Asia

- By CNI
- Category: နိုင်ငံရေး
- Hits: 505
CNI International News
တိုင်ပေ၊ ဧပြီ ၂
တရုတ်နှင့်ထိုင်ဝမ် စစ်ပွဲဖြစ်ပွားလာပါက ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) သည် အမေရိကန်သို့ ထွက်ပြေးရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်ဟု ရိုက်တာမှ ထပ်ဆင့် ဖော်ပြခဲ့ သည်။
ထိုအကြောင်းအရာကို ၂၀၂၁ ခုနှစ်က ပထမဆုံးအကြိမ် သတင်းထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခုနှစ် ထိုင်ဝမ်ရွေးကောက်ပွဲ မတိုင်မီကလည်း ထပ်မံထုတ်ပြန်ခဲ့ဖူးသည်ဟု ဆိုသည်။
ထို့ပြင် အခြား သတင်းတစ်ပုဒ်တွင်လည်း ဆိုင်သည် ၎င်း၏ ယုံကြည်အားထားရသူများကို VIP ထွက်ပြေး တိမ်းရှောင်ရေး လမ်းကြောင်းများ ပေးထားသည်ဟု ဖော်ပြခဲ့သည်။
တရုတ်ကို တွေ့ရစဉ်
ဆိုင်သည် ထိုင်ဝမ်မှ ထွက်ပြေးရန် ပြင်ဆင်နေသည်ဆိုသည့် သတင်းများသည် ထိုင်ဝမ်ကို ထိခိုက်နစ်နာစေသည့် ခိုင်မာမှုမရှိသော ယုံတမ်းစကားများထဲမှ တစ်ခုဖြစ်သည်ဟု ထိုင်ဝမ်အခြေစိုက် NGO အဖွဲ့ဖြစ်သည့် သတင်းရပ် ဝန်း သုတေသနစင်တာ (IORG) က ရိုက်တာသတင်းဌာနအတွက် ပြုလုပ်ပေးသည့် လေ့လာချက်တွင် ဖော်ပြခဲ့ သည်။
တရုတ်နှင့် စစ်ပွဲဖြစ်ပွားချိန်တွင် ဆိုင်သည် ထိုင်ဝမ်မှ ထွက်ပြေးရန် စီစဉ်ထားပြီး ထိုသို့ ထွက်ပြေးရန်အတွက် လည်း ထိုင်ဝမ်က အစမ်းသဘောဖြင့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေခြင်းဖြစ်သည်ဟု ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် တရုတ်အစိုးရက ထိန်းချုပ်ထားသည့် သတင်းမီဒီယာတစ်ခုက စတင်ဖော်ပြခဲ့သည်။
ထိုသတင်းကို အခြားတရုတ် သတင်းရင်းမြစ်များကလည်း လျင်မြန်စွာ ထပ်မံဖော်ပြခဲ့သည်ဟု IORG က ပြောသည်။
ထိုင်ဝမ်ကမူ ထိုသတင်းများသည် မှားယွင်းကြောင်း ထပ်တလဲလဲ ငြင်းဆိုခဲ့ပြီး စစ်ပွဲဖြစ်ပွားလာချိန်တွင် ထိုင်ဝမ် ခေါင်းဆောင်ပိုင်းအတွက် စီစဉ်ထားသည့် အစီအစဉ်များကို လူသိရှင်ကြား အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ထိုင်ဝမ်စစ်သား တစ်ဦးကို တွေ့ရစဉ်
IORG သည် ပါတီစွဲမရှိသည့် လူမှုရေး သိပ္ပံပညာရှင်များ၊ ဒေတာလေ့လာသူများနှင့် ဖွဲ့စည်းထားပြီး အမေရိကန်နှင့် ဗြိတိန်မှ ငွေကြေးထောက်ပံ့ပေးထားသည့် ပညာရေးအင်စတီကျူရှင်းများနှင့် အဖွဲ့အစည်းများက ရန်ပုံငွေ ထောက်ပံ့ပေးထားသည်။
ထိုင်ဝမ်တွင် နှစ်စဉ်ပြုလုပ်နေကျ Han Kuang စစ်ရေးလေ့ကျင့်မှု အပါအဝင် အခြားစစ်ရေး လေ့ကျင့်မှုများသည် ထိုင်ဝမ်ခေါင်းဆောင်များအား ထိုင်ဝမ်ကျွန်းမှ စွန့်ခွာရန်အတွက် အစမ်းလေ့ကျင့်နေသည့် လေ့ကျင့်မှုများ ဖြစ်သည်ဟု ဖော်ပြထားသော သတင်းပေါင်း ၄၀၀၀ ကျော်ကို တွေ့ရှိခဲ့သည်ဟု IORG က ပြောကြားခဲ့သည်။
ထိုဖော်ပြချက်များသည် ထိုင်ဝမ် အာဏာရပါတီဖြစ်သည့် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ပေါ် လူထု၏ ထောက်ခံ ယုံကြည်မှု လျော့ကျစေရန် တရုတ်၏ အားထုတ်ကြိုးပမ်းချက် ဖြစ်နိုင်ခြေရှိကြောင်း IORG က ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 466
CNI International News
ဘန်ကောက်၊ ဧပြီ ၂
ထိုင်းနိုင်ငံတွင် တစ်နှစ်ပြည့်တော့မည့် အချိန်အတွင်း နိုင်ငံတစ်ဝန်း ဒေသန္တရရွေးကောက်ပွဲများ ပြုလုပ်ရန် စီစဉ်ထားမှုနှင့်အတူ ထိုင်းနိုင်ငံရေးသမားများသည် ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့များ၌ သြဇာကြီးမားသည့် ရာထူးနေရာများကို ရရှိရန် မျှော်မှန်းထားကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ထို့ပြင် Move Forward Party(MFP) ပါတီ၏ ကိုယ်စားလှယ်လောင်းများသည် ထိုင်းတွင် MFP အား လူကြိုက်များမှုကို အသုံးပြုပြီး ဒေသန္တရရွေးကောက်ပွဲများ၌ အနိုင်ရရှိရန် မျှော်မှန်းထားဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ပြုပြင်ပြောင်းလဲရေးဝါဒီဖြစ်သည့် MFP သည် ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ သော်လည်း အစိုးရဖွဲ့နိုင်ခဲ့ခြင်းမရှိပေ။
"Move Forward ပါတီထဲကို ပုံစံမတူညီတဲ့ နိုင်ငံရေးအုပ်စု ၂ စု ဝင်ရောက်လာတာကို ကျနော် သတိထားမိပါ တယ်" ဟု ဘူရာဖာ တက္ကသိုလ် (Burapha University) မှ နိုင်ငံရေး သိပ္ပံနှင့် ဥပဒေမဟာဌာနမှ ကထိက အိုလန် သင်ဘန်တီယို (Olarn Thinbangtieo)က ပြောကြားခဲ့သည်။
MFP ပါတီခေါင်းဆောင် ပီတာကို တွေ့ရစဉ်
ပထမအုပ်စုမှာ ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်များမှ မျိးဆက်သစ် နိုင်ငံရေးသမားများ ပါဝင်သည့် အုပ်စုဖြစ်ပြီး ဒုတိယအုပ်စုမှာ ၎င်းတို့၏ သက်ဆိုင်ရာပြည်နယ်များတွင် အတိုင်းအတာတစ်ခုအထိ လူသိများ ထင်ရှားသည့် ဒေသခံ နိုင်ငံရေးသမားများဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
"ပထမအုပ်စုကတော့ လူ့အဖွဲ့အစည်းအတွင်း အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို အဓိကလုပ်ဆောင်ပြီး ဒုတိယအုပ်စုကတော့ ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို ဖြုတ်ချဖို့ မျှော်မှန်းထားပါတယ်" ဟု အိုလန်က ပြောကြားခဲ့သည်။
ပြည်နယ်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ (PAO) များသည် ထိုင်းနိုင်ငံတွင် ထိပ်သီးအဆင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ ဖြစ်သည်။
ဘန်ကောက်မြို့တော်မှလွဲပြီး ထိုင်း၏ ၇၆ ပြည်နယ်တွင် ၎င်းတို့၏ ကိုယ်ပိုင် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့များ ရှိသည်။
ထိုပြည်နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ အဓိကတာဝန်များမှာ ၎င်းတို့၏ သက်ဆိုင်ရာ ပြည်နယ်များအတွင်းရှိ ဒေသခံများကို အစိုးရဝန်ဆောင်မှုများ ထောက်ပံ့ပေးရန်ဖြစ်ပြီး အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများအား ကူညီဆောင်ရွက်ပေးရန်ဖြစ်သည်။
Source: Thai PBS World

- By CNI
- Category: နိုင်ငံရေး
- Hits: 515
CNI International News
နယူးဒေလီ၊ ဧပြီ ၂
ပြောင်းလဲနေသည့် စစ်ပွဲပဋိပက္ခ အခြေအနေများတွင် အမေရိကန်နှင့် အိန္ဒိယအကြား အတူတကွပူးပေါင်းပြီး အဖြေရှာသွားမည်ဟု အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံမတ် အဲရစ် ဂါစက်တီ (Eric Garcetti) က ပြောကြား ခဲ့ကြောင်း Devdiscourse သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအကြား ကာကွယ်ရေး မိတ်ဖက်ဆက်ဆံမှုကိုလည်း ဂါစက်တီက ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ဂျက်အင်ဂျင်များနှင့် ဒရုန်းများ ထုတ်လုပ်ရေးနှင့်ပတ်သက်ပြီး သဘောတူညီချက်များရရှိရန် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
"အမေရိကန်နဲ့ အိန္ဒိယအကြား မကြာသေးခင်နှစ်တွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့အတူ အိန္ဒိယဟာ အလွန်အဆင့်မြင့်ပြီး တမူထူးခြားတဲ့ ကာကွယ်ရေးမိတ်ဖက်နိုင်ငံ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ကျည်ကာကားတွေ နဲ့ ဟောင်ဝပ်ဇာမြောက်တွေ ထုတ်လုပ်ရောင်းဝယ်ရေးကိုလည်း မျှော်မှန်းထားပါတယ်"ဟု ဂါစက်တီက ANI သတင်းဌာနသို့ ပြောကြားခဲ့သည်။
ပင်လယ်နီကိုတွေ့ရစဉ်
ပင်လယ်နီတွင် ပြောင်းလဲနေသည့် စိတ်မှန်း ဖြစ်နိုင်ခြေများနှင့်ပတ်သက်ပြီး ဂါစက်တီက စစ်ပွဲ၏ သဘောသဘာဝ ဆန်းသစ်မှုကို တုန့်ပြန်နိုင်ဖို့ လက်နက်များ ထုတ်လုပ်ရန် လိုအပ်သည်ဟုလည်း ပြောကြားခဲ့သည်။
ဈေးပေါသည့် ဒရုန်းများနှင့် ဈေးပေါသော ဒုံးကျည်များကို ဒေါ်လာသန်းချီတန်သည့် ဒုံးခွင်းဒုံးများနှင့် ကာကွယ်ရေး စနစ်များအသုံးပြုပြီး ပစ်ချနေရသည်ကို မိမိတို့မြင်တွေ့နေရကြောင်း၊ စစ်ဆင်ရေး၏ သဘောသဘာဝသည် ပြောင်းလဲနေပြီး အမေရိကန်နှင့် အိန္ဒိယအနေဖြင့် အတူပူးပေါင်းပြီး အဖြေရှာလိမ့်မည်ဖြစ်ကြောင်း ဂါစက်တီက ပြောကြားခဲ့သည်။
ပင်လယ်နီဒေသတွင် ဟူရ်သီသူပုန်များက သင်္ဘောများကို မကြာခဏ တိုက်ခိုက်နေသဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလမ်းကြောင်းများ အနှောင့်အယှက်ဖြစ်ကာ တင်းမာမှုများ မြင့်တက်လာခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဟူရ်သီသူပုန်ကိုတွေ့ရစဉ်
ဟူရ်သီတို့ကမူ ဂါဇာဒေသတွင် အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားနေသည့် ဟားမာ့စ်အဖွဲ့နှင့်ပါလက်စတိုင်းများကို ထောက်ခံသည့်အနေဖြင့် ပင်လယ်နီ၌ အစ္စရေးနှင့် ဆက်နွှယ်သော သင်္ဘောများကို တိုက်ခိုက်နေကြောင်း အစောပိုင်းက ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် အမေရိကန်၊ ဗြိတိန်တို့နှင့် ဆက်နွှယ်မှုရှိသည့် သင်္ဘောများ အပါအဝင် ၎င်းတို့၏ ပစ်မှတ်များကို ချဲ့ထွင်ခဲ့သည်။
အမေရိကန်နှင့် ဗြိတိန်တို့သည် ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုကို တုန့်ပြန်သည့်အနေဖြင့် ယီမင်နှင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ ဟူရ်သီအဖွဲ့၏ ပစ်မှတ်များအား ဒုံးကျည်များ၊ လက်နက်ကြီးများ အသုံးပြုပြီး တိုက်ခိုက်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ပင်လယ်နီတွင် အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့၏ ရေတပ်များသည် ပင်လယ်နီ၌ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ကာကွယ်ပြီး ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများအား တန်ပြန်ချေမှုန်းရန်ဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က ပြောကြားခဲ့သည်။
Source: Devdiscourse

- By CNI
- Category: နိုင်ငံရေး
- Hits: 395
CNI International News
အော့တဝါ၊ ဧပြီ ၁
ကနေဒါနိုင်ငံသည် ဟေတီနိုင်ငံသို့ ကုလသမဂ္ဂခွင့်ပြုထားသည့် မစ်ရှင်တွင် ပါဝင်ရန် စီစဉ်ထားသော ကာရေဘီယံ နိုင်ငံများမှ တပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးရန် ၎င်း၏စစ်သား ၇၀ ခန့်ကို ဂျမေကာနိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု ကနေဒါကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးကျရောက်နေသော ဟေတီနိုင်ငံ တွင် အင်အားကြီး လူဆိုးဂိုဏ်းများကို တိုက်ခိုက်ရန်အတွက် အမျိုးသားရဲတပ်ဖွဲ့အား ကူညီပေးရန် စေလွှတ်မည့် နိုင်ငံတကာတပ်ဖွဲ့ကို ၎င်းက ဦးဆောင်သွားမည်ဟု ကင်ညာနိုင်ငံမှ လွန်ခဲ့သည့်နှစ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပြင်သစ်စကားပြော အများစု နေထိုင်သည့် ကွိဘက် (Quebec)ပြည်နယ်မှ ကနေဒါတပ်ဖွဲ့များသည် အဓိက ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စွမ်းရည်များနှင့် တိုက်ခိုက်ရေး ပညာရပ်များ၊ ရှေးဦးသူနာပြု ပြုစုခြင်းဆိုင်ရာ သင်တန်းများကို ပို့ချပေးသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟေတီက လူဆိုးဂိုဏ်းများကိုတွေ့ရစဉ်
ပြင်သစ်ဘာသာစကားသည် ဟေတီ၏ တရားဝင် ဘာသာစကားနှစ်ခုတွင် တစ်ခု အပါအဝင်ဖြစ်သည်။
ထိုတပ်ဖွဲ့များသည် ဂျမေကာနိုင်ငံတွင် အစောပိုင်း ကာလတစ်လကြာ နေထိုင်ရန် စီစဉ်ထားပြီး ဂျေမေကာ၊ ဘီလစ်ဇ်နှင့် ဘာဟားမာ့စ်နိုင်ငံတို့မှ တပ်ဖွဲ့ဝင် ၃၃၀ ကို လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်သည်။
ကနေဒါက ကင်ညာဦးဆောင်သည့် မစ်ရှင်၏ တပ်ဖြန့်ချထားမှုကို ထောက်ပံ့ရန် ဒေါ်လာ ၈၀.၅ သန်း ထောက်ပံ့ ကူညီသွားမည်ဟု လွန်ခဲ့သည့်လက ပြောကြားခဲ့သည်။
Source: ရိုက်တာ