- By CNI
- Category: စီးပွားရေး
- Hits: 654
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀
ပြည်တွင်း ရော်ဘာဈေးကွက်တွင် ယခုတစ်ပတ်အတွင်း၌ အဝယ်လိုက်လာပြီး ဈေးနှုန်းများ မြင့်တက်လျက် ရှိနေ ကြောင်း ရော်ဘာခြံပိုင်ရှင်နှင့် ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ရော်ဘာ ဈေးနှုန်းများသည် ယခုတစ်ပတ်တွင် အနည်းငယ် ပြန်လည် ဦးမော့လာခဲ့ခြင်းဖြစ်ပြီး တစ်ပေါင်လျှင် ၁၃၃၀ ကျပ်အထိ ဈေးနှုန်းရရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်မှ ရော်ဘာစိုက်တောင်သူ မအိက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီရက်ပိုင်းမှာ ဈေးတွေ နည်းနည်း ပြန်ကောင်းလာတယ်။ အဝယ်နည်းနည်း ပြန်လိုက်လာတယ်။ ဒီ တစ်ပတ်ထဲမှာ စစဖွင့်တဲ့ နေ့မှာက ၁၂၇၀၊ ၁၂၅၀ ကနေ ၁၃၃၀ အထိ ဖြစ်သွားတယ်။ ဒီအချိန်က ပစ္စည်းအထွက် များတဲ့အချိန်၊ လှိုင်တဲ့အချိန်ပေါ့။ ပစ္စည်းလှိုင်တဲ့ အချိန်မှာ ပုံမှန်ဆိုရင်တော့ ဈေးက မတက်ဘူး။ ဈေးမကစားဘူး။ ပုံမှန်ဈေးပဲ သွားတာပေါ့။ အခုကကျတော့ အတက်ဆိုလည်း အတက်ကြမ်းတယ်။ အကျဆိုလည်း အကျကြမ်း တယ်။ လွန်ခဲ့တဲ့ တစ်ပတ်က ဈေးအရမ်းကျတော့ ပစ္စည်းတွေကို မရောင်းနိုင်ဘူး။ ထုတ်လုပ်မှု ကုန်ကျစရိတ် လည်း များတယ်လေ။ ပစ္စည်းမရောင်းနိုင်ဘူး သိမ်းထားကြတယ်။ ဈေးနည်းနည်း ပြန်ကောင်းလာတော့ ပြန်ပြီး တော့ သိမ်းထားတဲ့ဟာတွေ ပစ္စည်းတွေ ပြန်ထွက်လာတာပေါ့” ဟု ပြောသည်။
ရော်ဘာကို အခြောက်ခံထားစဉ် (WWF)
မြန်မာပြည်တွင်း ရော်ဘာဈေးနှုန်းများသည် ကမ္ဘာ့ရော်ဘာဈေးနှုန်းနှင့် ပြည်တွင်း ဒေါ်လာဈေးနှုန်း အပြောင်း အလဲပေါ် မူတည်၍ ဈေးနှုန်းများ အတက်အကျ ရှိကြောင်း ရော်ဘာလုပ်ငန်းရှင်များက ပြောသည်။
လက်ရှိ ရော်ဘာဝယ်ယူမှု များပြားလာခြင်းသည် ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များနှင့် ကုန်သည်များက သိုလှောင်ရန်အတွက် ဝယ်ယူလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
သို့သော် လှောင်ထားသူများသည် အလုပ်သမားစရိတ် ရှိခြင်းနှင့် ရော်ဘာများကို အခြောက်ပြန်ခံရန်အတွက် အသုံးပြုသည့် လောင်စာဆီများ ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ဈေးလျှော့ပြီး ဝယ်ယူမှုများ ရှိကြောင်း မွန် ပြည်နယ်၊ ပေါင်မြို့နယ်မှ ရော်ဘာလုပ်ငန်းရှင် ဦးဘုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီနှစ် ဈေးကောင်းတာပေါ့။ ဘယ်လောက်လောက် ကွာခြားလဲဆိုတော့ ၂၀၀ လောက်ကွာတယ်။ ဒါပေမယ့် ဒီနှစ်ကျတော့လည်း အလုပ်သမားတွေ ဈေးကြီးတယ်၊ လောင်စာတွေ ဈေးကြီးတဲ့ အခါကျတော့ အဝယ်ဒိုင်တွေက တအားလျှော့ထားတာပေါ့။ တစ်ပေါင်ကို ၂၀၀ လောက်အကွာကို လျှော့ထားကြတယ်။ ဈေးကွက်မှာ ၁၃၀၀ လောက် ရှိတယ်ဆိုရင် တောင်သူကို သူတို့ပေးတာ ၁၁၀၀ လောက်ပဲ သူတို့ပေးတယ်” ဟု ပြောသည်။
ရော်ဘာစီးကို သယ်နေစဉ် (WWF)
ထို့နောက် ယခုနှစ်တွင် ရော်ဘာစိုက်ပျိုးထားသည့် ဧကများ တိုးမြင့်လျက်ရှိနေပြီး ရော်ဘာထွက်ရှိသည့် ဧက လည်း ယခင်နှစ်ထက် တိုးတက်လာခြင်းကြောင့် ပြည်ပသို့ တင်ပို့မှု မြင့်တက်လာနိုင်ကြောင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မူဝါဒတွေက ခဏခဏ ပြောင်းနေတော့ ပြောရဆိုရတာ နည်းနည်းတော့ ခက်တယ်။ ဒါပေမယ့် ဘာပဲ ပြောပြောပေါ့နော်၊ အထွက်တွေ အထွက်တိုးလာမယ်။ တင်ပို့မှုတွေ မြင့်တက်လာမယ်လို့တော့ ခန့်မှန်းရပါတယ်။ နောက်ထပ် တိုးထွက်လာမယ့် ဧကတွေ ရှိမယ်။ ဥပမာ ကျနော်တို့ အခု အစီးလှီးနေတဲ့ ဧကက ၈ သိန်းလောက် ရှိတယ်။ နောက်ထပ် တိုးထွက်လာမယ့် ဧကက ၈ သိန်းခွဲကျော်လောက် ရှိတယ်။ အဲတော့ ၈ သိန်းခွဲ လောက် ဆိုတော့ ၈ သိန်းလောက်ထွက်တဲ့ တန်နဲ့ ၈ သိန်းခွဲက ထွက်တဲ့တန်နဲ့ ၈ သိန်းခွဲက ထွက်တဲ့တန်က မြင့်လာမှာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရော်ဘာကို မွန်ပြည်နယ်တွင် အများဆုံး စိုက်ပျိုးပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ တွင်လည်း စိုက်ပျိုးကြသည်။
မြန်မာနိုင်ငံ တစ်ဝှမ်းတွင် ရော်ဘာစိုက်ဧက ၁ သန်း ၆ သိန်းကျော်ရှိပြီး ရော်ဘာ အစီးလှီးနေပြီဖြစ်သည့် ဧကသည် ၈ သိန်းခွဲရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 602
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀
ရုရှားနိုင်ငံသို့ နှစ်နိုင်ငံအစိုးရချင်း G to G စနစ်ဖြင့် ရေထွက်ကုန်တင်ပို့ရန် MOU လက်မှတ်ရေးထိုးထားပြီး ဖြစ်ကာ ထိုသို့ တင်ပို့ရာတွင် ပုစွန်အား အဓိကအများဆုံး တင်ပို့နိုင်ခြေရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြောသည်။
ရုရှားနိုင်ငံတွင် ပုစွန်လိုအပ်သည့်အတွက် ပနားမီးပုစွန်ဖြူအား ရောင်းချနိုင်သည်ဟု ကမ်းလှမ်းခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သို့ ပြောသည်။
“ပုစွန်ဖြူပေါ့နော်။ ပနားမီးပေါ့။ ရေငန်မှာမွေးရတာပါ။ ငါးကတော့ သူတို့မှာရှိတယ်။ ပုစွန်ကျတော့ သူတို့ မွေးလို့မရဘူး။ သူတို့ဘက်က ရာသီဥတုက အရမ်းအေးတဲ့အခါကျတော့လေ။ ပုစွန်ကိုတော့ သူတို့ ပိုပြီး လိုတဲ့သဘောမျိုး ကျမတို့ သွားရင်းနဲ့ လေ့လာတာပေါ့။ အဲဒါကြောင့်မို့လို့ ပုစွန်ကိုတော့ ဒီဘက်ကလည်း ရောင်းပေးနိုင်တယ်ဆိုတာ ပြောခဲ့တာပေါ့။ ပုစွန်အများဆုံး တင်ပို့ဖြစ်မယ်။ တခြားငါးတွေဘာတွေ သူတို့ လိုအပ်တယ်ဆိုရင် ကျမတို့ တင်ပို့လို့ရပါတယ်။ ဒါပေမယ့် လောလောဆယ် အဓိကကတော့ ပုစွန်ပဲ ဖြစ်ဖို့ များပါတယ်။ သွားမယ်ဆိုရင်တော့ သွားနိုင်တဲ့ အနေအထားမျိုး ရှိနေတယ်။ ဘာလို့လဲဆိုတော့ ပုစွန်ဖြူကလည်း အမြဲတမ်းမွေးပြီးတော့ တင်ပို့နေတဲ့ ဟိုဥစ္စာ ပေါ့နော်။ အဲဒါကြောင့်မို့လို့ သူတို့ဘက်ကနေ protocol က ကျမတို့ လုပ်စရာမလိုဘူး။ ကျမတို့ လုပ်ထားတဲ့ protocol တွေကို သူတို့လက်ခံတယ်ဆိုရင်တော့ ချက်ချင်းပို့ ဆိုရင် တောင်မှ ပို့လို့ရတဲ့ အနေအထား ရှိပါတယ်။ သူတို့ဘက်က ဝယ်မယ့်လူရယ် ကျမတို့ဘက်က ရောင်းမယ့် လူရဲ့ အပေါ်မှာ မူတည်ပြီးတော့ ဒီကနေ ဘယ်လောက်ထုတ်ပေးနိုင်လဲ။ သူတို့ကလည်း ဘယ်လောက်ဝယ်နိုင်လဲ ဆိုတဲ့ အပေါ်မှာပဲ စကားပြောသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် နှစ်နိုင်ငံအစိုးရချင်း G to G စနစ်ဖြင့် ရေထွက်ကုန်တင်ပို့ရန် MOU လက်မှတ်ရေးထိုးထားပြီး ဖြစ်သော်လည်း လုပ်ဆောင်ရန် လုပ်ငန်းဆောင်တာများ ကျန်ရှိနေသေးပြီး ရုရှားသို့ ရေထွက်ကုန်တင်ပို့ရာတွင် မည်သည့်ငွေကြေးဖြင့် ဈေးနှုန်းသတ်မှတ်မည်ဆိုသည်ကိုလည်း ဆွေးနွေးရဦးမည်ဖြစ်ကြောင်း သိရသည်။
မြိတ်သဘာဝပင်လယ်ပိုက် ပုဇွန်ဖြူ
ပနားမီးပုစွန်ဖြူများသည် မြိတ်ကျွန်းစုဒေသထွက်များဖြစ်ပြီး ယခုကဲ့သို့ G to G စနစ်ဖြင့် တင်ပို့ရမည်ဆိုပါက မွေးမြူရေးလုပ်ငန်းများလည်း တိုးချဲ့လုပ်ကိုင်လာနိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးသက်စိုးက CNI သတင်းဌာနသို့ ပြောသည်။
“သူတို့ဆီ ဈေးကွက်ဖောက်နိုင်ရင်တော့ လုပ်ငန်းရှင်တွေ တိုးချဲ့မွေးမြူနိုင်တာပေါ့။ ပြီးတော့ နိုင်ငံတော်ကလည်း အခွန်အခတွေ ပိုရလာမှာပေါ့။ ပြီးတော့ ဒီမှာရှိတဲ့ ဒေသခံတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရလာ နိုင်တယ်ပေါ့။ ရုရှားကတော့ အခုမှ ထိုးဖောက်ကြည့်မှာပေါ့နော်။ အခုမှသူတို့တင်ပို့ကြည့်မယ် စမ်းသပ် အဆင့်ပဲ ရှိသေးတာ။ တရုတ်ကတော့ ဝယ်တယ်။ အရင်ကတည်းက ဝယ်တယ်။ တရားဝင် အစိုးရချင်း G to G ပေါ့။ ထိုးပြီး တော့ တင်ပို့မယ်ဆို ဒေသခံတွေ ပိုက်ဆံပိုရမှာပေါ့။ ဈေးနှုန်းပိုရမှာပေါ့။သူ့ရဲ့ ဈေးကွက်ကတော့ ဒီမှာ လက်ရှိ ကတော့ တရုတ်ကိုတဆင့်ခံပေါ့နော်။ တရုတ်တိုက်ရိုက်တော့ တင်လို့ မရသေးဘူးပေါ့။ တရုတ်ပွဲစားတွေကနေ တဆင့်တင်နေရတဲ့ အဆင့်တော့ရှိတာပေါ့။ အခုက တဆင့်ခံ ပွဲစားရောင်းနေရတော့ ဈေးနှုန်းက ကိုယ်ခေါ်တဲ့ ဈေးမရဘူးပေါ့။ သူတို့ပေးတဲ့ဈေးပဲ ဖြစ်နေတာပေါ့။ တိုက်ရိုက် တင်လို့ရအောင်လည်း မနက်ဖန်ဆို တရုတ် စီးပွားရေး သံမှူးတွေ မြိတ်ကိုလာလိမ့်မယ်။ သူတို့အဖွဲ့တွေက လာစစ်ဆေးပြီးတော့ နှစ်နိုင်ငံပေါ့ GACC ဘာညာ ခွင့်ပြုပြီဆိုတာနဲ့ သူတို့က တင်လို့ရပြီလေ။ သူတို့ဆီကလည်း ပညာရှင်တွေလာမယ်။ သူတို့ဆီက ထောက်ခံချက် ရပြီ။ တင်ခွင့်ရပြီဆိုရင် ဒီကလုပ်ငန်းရှင်တွေကတော့ တိုက်ရိုက်တင်ခွင့်ရမှာပေါ့ တရုတ်ပြည်ထဲ။ တရုတ်ပြည်က ဈေးကွက်ကြီးတာကိုး” ဟု ၎င်းက ပြောသည်။
ပနားမီးပုစွန်ဖြူအား တရုတ်သို့ တင်ပို့ရာတွင် လက်ရှိပေါက်ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၀၀ မှ ၆၀၀၀ ခန့်အထိဈေးရှိကြောင်းသိရသည်။
ကျွန်းစုပုဇွန်ဖြူ မွေးမြူရေး
ပနားမီးပုစွန်ဖြူများအား တနင်္သာရီတိုင်းဒေသကြီးတွင် လက်ရှိ၌ ဧက နှစ်ထောင်ကျော် မွေးမြူနေခြင်းဖြစ်ပြီး ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဧက (၆) သောင်းကျော် ထပ်မံ တိုးချဲ့ မွေးမြူရန် လျာထားကြောင်းလည်း သိရသည်။
ပနားမီးပုစွန်ဖြူအား မွေးမြူသည့်အခါတွင် လိုက်နာကျင့်သုံးရမည့်အချက်များရှိပြီး ထိုအချက်အားလုံး ပြည့်စုံစွာ မွေးမြူမှသာ ပြည်ပသို့တင်ပို့နိုင်ခြင်း ဖြစ်သည့်အတွက် စိတ်ချလက်ချ တင်ပို့နိုင်သော အနေအထားဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြောသည်။
“ကျမတို့က approve လုပ်ပြီးသားပေါ့။ protocol နဲ့ပတ်သက်ပြီးတော့ ကျမတို့ approve လုပ်ပြီးသား ကန် တွေ လည်း အဆင်သင့်ရှိပါတယ်။ နောက်ခုနကပြောတဲ့ စက်ရုံတွေလည်း အဆင်သင့်ရှိတော့ တကယ်လို့ သူတို့က နေပြီးတော့ ဒီ protocol က approve လုပ်ပြီး ကန်တို့၊ စက်ရုံတို့ကနေ ယူမယ်ဆိုရင် ချက်ချင်းပို့လို့ရပါတယ်။ ဒါက အခုမှ ကျမတို့လည်း တရုတ်နဲ့ စပြီး ဖြစ်တော့မှ ဒီ protocol တွေ ဒီ system တွေ အကုန်လုံး လုပ်ရတယ်။ နဂိုကတည်းကလည်း ကျမတို့က လုပ်ထားတယ်။ ဒါပေမယ့် ဒါတွေကို ကျမတို့က အစစ်ဆေးမခံတာပေါ့နော်။ အစစ်ခံလိုက်တော့ EU ဆိုရင် သူတို့ကိုယ်တိုင်လာလုပ်ပေးတယ် approve စက်ရုံတွေပေါ့။ အဲဒီလိုမျိုးတွေ လာလုပ်ပေးတဲ့အတွက်ကြောင့် ကျမတို့က protocol တွေကို လုပ်ထားပြီး MOU ထိုးထားလိုက်ရင်တော့ ပိုပြီးတော့ ကိုယ့်အတွက် ကိုယ့်နိုင်ငံအတွက် ပိုကောင်းတယ်။ အခု food safety ဆိုတာ တစ်ကမ္ဘာလုံးမှာ အရေးကြီးဆုံးဖြစ်နေပြီလေ။ အဲဒီတော့ ခုနပြောသလိုပေါ့။ သူတို့စိတ်ချရတဲ့ farm တွေ မွေးမြူရေးကန်တွေ၊ processing လုပ်တဲ့ စက်ရုံတွေကလည်း စိတ်ချရတဲ့ စက်ရုံတွေဆိုရင် ဒါနိုင်ငံခြား ပိုပြီးတော့ ရောင်းလို့ဝယ်လို့ ကောင်းတဲ့သဘောရှိတယ်လို့ ဆရာမအနေနဲ့ သုံးသပ်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်များအား EU အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် လက်ရှိတွင် ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၇ သန်းကျော် ရရှိထားကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 954
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈
ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းဝန်းကျင်ခန့် ပေါက်ဈေးရှိနေသော်လည်း စပါး စိုက်တောင်သူများအတွက် အကျိုးအမြတ် နည်းပါးနေကြောင်း လယ်သမားများနှင့် လယ်သမားအရေး ဆောင်ရွက် နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် ယခုနှစ်တွင် စပါးဈေးနှုန်း မြင့်တက်သော်လည်း စိုက်ပျိုးထားသည့် စပါးများသည် အထွက်နှုန်း လျော့ကျ နေကြောင်း၊ တခြားသော အကြောင်းများကြောင့် လာမည့် နွေစပါးစိုက်ရာသီတွင် စိုက်ပျိုးမှုနှုန်းများ လျော့ကျ သွားနိုင်ကြောင်း တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စပါးဈေးနှုန်းက မဆိုးပါဘူး။ သို့သော်လည်းပဲ သွင်းအားစု သွင်းရမယ့်အချိန်မှာ တောင်သူတွေ လက်ထဲမှာ ငွေကြေး အခက်အခဲ ရှိခြင်း၊ သွင်းအားစု ရောင်းတဲ့မြေသြဇာ ဆိုင်တို့၊ ပိုးသတ်ဆေး ရောင်းတဲ့ဆိုင်တို့က အကြွေးမရခြင်းကြောင့် သွင်းအားစုကို ပြည့်မှီအောင် မထည့်နိုင်တဲ့အတွက် စပါးအထွက်နှုန်းက ပျမ်းမျှ ၃၅ ရာခိုင်နှုန်းလောက် လျော့သွားတယ်။ ခါတိုင်း ၁၀၀ ထွက်တဲ့လယ်က အခု ၆၅ တင်းပဲ ထွက်တော့တယ်လေ။ အဲဒီ အခြေအနေကြောင့် မို့လို့ အခုလက်ရှိ စပါးရှားဖို့ အခြေအနေလည်း ရှိပါတယ်။ သွင်းအားစု မသွင်းနိုင်တာလည်း ရှိပါတယ်။ အဲဒါ ကြောင့်မို့ အခု စပါးဈေးကတော့ ကြမ်းခင်းဈေးနဲ့ ၁၂ သိန်းလောက် ရှိပါတယ်။ လက်ရှိက ဘာဖြစ်လဲဆိုတော့ အခု စပါးဈေး သင့်သော်လည်းပဲ နွေစပါးစိုက်မယ့် တောင်သူတွေက ဥပမာ တစ်နှစ်လုံးမှာ တစ်သီးပဲ စိုက်တဲ့ လယ်တွေ ကတော့ မဖြစ်မနေ ပြန်စိုက်ကြမယ်။ တစ်နှစ်မှာ စပါးနှစ်သီးစိုက်တဲ့ လယ်တွေကျတော့ သွင်းအားစုက မြေဩဇာ ရဲ့ ကုန်ကျမှုက တစ်ဧကကို အနည်းဆုံး ၅ အိတ် သွင်းရတာ ဖြစ်တဲ့အတွက် လောလောဆယ် သွင်းအားစုစရိတ်ကို ကြောက်ရတယ်။ နောက်တစ်ခါ အကြွေး အလွယ်တကူ မရတာကြောင့်မို့လို့ အဲဒီမှာတော့ စိုက်ဧကတွေ လျော့ သွား နိုင်တယ်” ဟု ပြောသည်။
စပါးခြွေနေသည်ကိုတွေ့ရစဉ်
စပါးစိုက်ပျိုးချိန်တွင် မြေဩဇာ၊ စက်သုံးဆီ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုစရိတ်များ ကြီးမြင့်မှုကြောင့် စပါး အထွက်နှုန်းများ လျော့ကျခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းဝန်းကျင် ရရှိသော်လည်း စပါးရိတ်သိမ်းရာ၌ လယ်တစ်ဧကလျှင် အလုပ်သမားစရိတ် အနေဖြင့် ၉ သောင်းကျပ် ကုန်ကျကြောင်း၊ ထို့ကြောင့် လယ်တစ်ဧကလျှင် စပါးတင်း ၅၀ ခန့် ထွက်ရှိမှသာ တောင်သူများအတွက် အကျိုးအမြတ် ရရှိမည်ဖြစ်ကြောင်း စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၁၂ သိန်းဈေးက တောင်သူတွေ အဖို့တော့ ဒီဈေးနှုန်းတော့ မဆိုးဘူးပေါ့။ တအားကြီးတော့ မဟုတ်ဘူးပေါ့ နော်။ အဆင်တော့ နည်းနည်း ပြေတာပေါ့။ ဒါပေမယ့် ၁၂ သိန်းသာ ပြောတယ်၊ နောက်က သွင်းရတဲ့ သွင်းအားစု စရိတ်၊ အလုပ်သမားခတွေလည်း မြင့်တယ်။ စပါးရိတ်ခဆိုရင် လယ်တစ်ဧကကို ၈ သောင်း၊ ၉ သောင်းရှိတယ်။ လယ်တစ်ဧကကို အခုက ၃၅ တင်းပဲ ထွက်တယ်ဆိုတော့ အဲဒီမှာ နေ့စားခ ရှိတယ်။ ထွန်ခ ယက်ခ ရှိတယ်ဆို တော့ မကျန်ဘူး။ ၃၅ တင်းထွက်ရင် မကျန်ဘူး။ အဲဒီမှာ လယ်တစ်ဧကကို ဥပမာ ၅၀ လောက်ထွက်ရင်တော့ သူတို့အတွက် ၁၀ တင်း၊ ၁၅ တင်း ဖိုးလောက်ပဲ ကျန်မယ်။ လယ်တစ်ဧကကို တစ်သိန်းကျော်ကျော်၊ တစ်သိန်း လောက် ကျန်မယ်” ဟု ပြောသည်။
ဆန်စပါးများကိုတွေ့ရစဉ်
ယခုရရှိသည့် စပါးဈေးနှုန်းသည် စပါးစိုက်ပျိုးချိန်၌ သွင်းအားစုစရိတ်၊ အလုပ်သမားစရိတ် စသည့် အထွေထွေ ကုန်ကျစရိတ်များ ကြီးမြင့်ခဲ့သည့်အတွက် အကျိုးအမြတ် နည်းပါးခြင်း ဖြစ်ကြောင်း တောင်သူများက ပြောသည်။
လာမည့် နွေစပါးစိုက်ရာသီတွင် စပါးစိုက်ပျိုးနှုန်းများ လျော့ကျနိုင်ကြောင်း၊ ဓာတ်မြေဩဇာများ ဈေးနှုန်း ကျဆင်း မှသာ စိုက်ပျိုးနှုန်းများ မြင့်တက်လာနိုင်သည်ဟု တောင်သူလယ်သမားများက ပြောသည်။
ယခုစပါးဈေးနှုန်းသည် ပြီးခဲ့သည့် စပါးပေါ်ချိန်တွင် ဖြစ်ပေါ်ခဲ့သော စပါးဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၂ သိန်းနှင့် ၃ သိန်းခန့်သာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် စပါးအထွက်နှုန်း လျော့ကျနေခြင်းကြောင့် ယခု ဈေးနှုန်းထက် ကျဆင်းသွားနိုင်ခြေ မရှိတော့ကြောင်း လယ်သမားအရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 703
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄
ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ကုန်ပစ္စည်းများကို တင်သွင်းရာ၌ ပို့ကုန်ရရှိ ငွေနှင့် တခြားဝင်ငွေ အထောက်အထားများ ပြနိုင်မှသာ သွင်းကုန်များကို တင်သွင်းခွင့်ပြုမည်ဟု သတ်မှတ် လိုက်ခြင်းကြောင့် တရားမဝင် ကုန်သွယ်မှုများ ရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာ ရှင်များက ပြောသည်။
သို့သော်လည်း အဆိုပါ သတ်မှတ်ချက်ကြောင့် တစ်ဖက်မှာတော့ ပို့ကုန်သွင်းကုန် ညီမျှမှု ရှိလာနိုင်ကြောင်း သိရသည်။
ထိုသို့ ပို့ကုန်ရငွေကို တင်ပြနိုင်မှသာ ကုန်စည် တင်သွင်းခွင့် ရမည်ဆိုခြင်းကြောင့် ပို့ကုန်တင်ပို့မှုများလည်း မြင့် တက်လာနိုင်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုတွေ့ရစဉ်
၎င်းက “ပို့ကုန်အရင်ပို့ အဲကနေ ရတဲ့ငွေကို ပို့ကုန်ပြန်သွင်း အဲဒီစနစ် အခု ထိုင်းနယ်စပ်မှာ လုပ်တာပေါ့လေ။ ဘာကြောင့် ထိုင်း နယ်စပ်ကုန်သွယ်ရေးကို သွားလုပ်လဲ မသိဘူး။ နယ်စပ်ကုန်သွယ်ရေးဆိုတာ အဲလိုမျိုး ပိတ်လို့ ရှိရင် အခုက Import ကို ကန့်သတ်လိုက်တဲ့ သဘောပေါ့။ ကန့်သတ်လိုက်ရင် မှောင်ခိုတွေက ဝင်လာမှာပဲ။ Border Trade က မှောင်ခိုဝင်ဖို့ အလွယ်ဆုံးပဲ။ ဘာလို့ဆို နယ်စပ်မှောင်ခို လမ်းကြောင်းတွေက အများကြီးလေ။ ဆိုတော့ မှောင်ခိုဘက်မှာတော့ အများကြီး တက်လာမှာပဲ။ အဲဒီမှောင်ခိုကို ဒီဘက်က ဘယ်လို ပြန်ထိန်း မလဲပေါ့ လေ။ တစ်ဖက်က ကြည့်ရင်တော့လည်း ဒါသည် Export ကို အားပေးတာပေါ့။ ဘာလို့လဲဆိုတော့ Export သမား က သူက Import သမားက Export earning ဝယ်ရတော့မယ်လေ။ ဝယ်ရတော့မယ်ဆိုတော့ Export earning ဈေးက တက်သွားမှာပေါ့။ အဲဒီ Export earning ဈေးက ကောင်းလို့ရှိရင် Export သမားက များများပို့မှာပေါ့။ ကောင်းကျိုးကတော့ Export တက်လာနိုင်တယ်။ နောက်တစ်ခု Trade မှာ balance ဖြစ်သွားနိုင်တာပေါ့။ Export ရှိမှ Import လုပ်ရမယ်ဆိုတော့။ Import တွေ မဟားတရား လုပ်လို့မရဘူး။ ကုန်သွယ်မှု ပိုငွေ၊ လိုငွေမှာလည်း နည်းနည်းသက်သာသွားမယ် လိုငွေပြတဲ့ဟာ သက်သာသွားမယ်။ နောက် Export သမားတွေကိုလည်း အားပေးရာ ရောက်တယ်။ မကောင်းတဲ့ အချက်ကတော့ Import က မှောင်ခိုတွေ များလာမှာပေါ့” ဟု ပြောသည်။
ပို့ကုန်ရငွေ ပြနိုင်မှ သွင်းကုန် တင်သွင်းခွင့်ပြုသည့် စနစ်ကို ပြီးခဲ့သည့် ၁၉၉၇ ခုနှစ် ဦးသန်းရွှေ လက်ထက်တွင် ကျင့်သုံးခဲ့ကြောင်း၊ ထိုအချိန်က ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင်သာ လုပ်ဆောင်ခဲ့ရာ အောင်မြင်ခဲ့ပြီး ကုန်သွယ်ရေးပိုငွေပင် ပြခဲ့ကြောင်း၊ ယခု ထိုစနစ်ကို နယ်စပ်ကုန်သွယ်ရေးတွင် ပြန်လည် ကျင့်သုံးခြင်း ဖြစ် ကြောင်း သိရသည်။
ပင်လယ်ရေကြောင်း ကုန်သွယ်ရေး သင်္ဘောကိုတွေ့ရစဉ်
ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင် မှောင်ခိုတင်သွင်းရန် မလွယ်ကူကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် မှောင်ခိုလမ်းကြောင်းများ များစွာရှိကြောင်း၊ ထို့ကြောင့် စစ်ဆေးရေးဂိတ်များတွင် တင်ပို့မှု လိုင်စင်များနှင့် ကုန်စည်များကို သေချာစစ်ဆေးရန် လိုအပ်ကြောင်း အထက်ပါစီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မှောင်ခိုကတော့ မှောင်ခိုလမ်းကြောင်းတွေကို ထိန်းပေါ့။ နောက်ဆုံး ပြည်မထဲ ဝင်လာတဲ့အထိ ဒီဘက် မရမ်းချောင်ဂိတ်တို့၊ ပဲခူးအဝင်ဂိတ်တွေ ဘာတွေ ရှိတယ်လေ။ အဲဒီမှာ တစ်ခါတည်း Export လိုင်စင် ပါမပါ၊ သွင်း လာတဲ့ ကုန်တွေ ပါမပါ စစ်ရတော့မှာပေါ့။ Trade ကတော့ နည်းနည်း နှောင့်နှေးသွားမှာပေါ့လေ။ နှောင့်နှေးသွား မယ် ဒါပေမယ့် အဲလိုလုပ်မှ ရမယ်။ ဒါပေမယ့် ဘာကြောင့် Border Trade ကို သွားလုပ်လဲပေါ့လေ။ အမှန်က Normal Trade, Over sea trade ကို လုပ်ရမှာ။ Over sea trade ကို Export ရှိမှ Import သွင်းခွင့် ပြုမယ်လုပ်ရင် ဒီ Over sea က ဘယ်သူမှ တောလမ်းကနေ လာလို့ မရတော့ဘူးလေ။ ပင်လယ်ကြီးကို ဖြတ်လာရမှာ။ ဆိပ်ကမ်းရှိ တဲ့ ဆိပ်ကမ်းကို မဖြတ်ဘူးဆိုလို့ရှိရင် သူတို့ ဘယ်လိုမှ ဖြတ်လို့မရဘူး။ အရင်တုန်းက အောင်မြင်တယ်ဆိုတာ အရင်တုန်းက Normal Trade ကိုလုပ်တာ။ Border Trade ကို လုပ်တာ မဟုတ်ဘူး။ ဆိုတော့ အရင်တုန်းက အောင်မြင်တယ် ၁၉၉၇ နောက်ပိုင်းပေါ့။ ၉၇ နောက်ပိုင်းမှာ လုပ်တဲ့ဟာ အောင်မြင်တယ်။ အဲဒီနောက်ပိုင်းမှာ လုပ်တဲ့ဟာက ၄/၅ နှစ်လောက် မြန်မာပြည်က ကုန်သွယ်မှု ပိုငွေတောင် ပြနေသေးတယ်။ ဒါပေမယ့် အဲဒီစနစ် ပယ်ဖျက်လိုက်တာ လိုငွေပြတာ အခုချိန်ထိပဲ” ဟု ပြောသည်။
ထို့နောက် ယခုကဲ့သို့ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်ပြီး ကန့်သတ်လိုက်ခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များအတွက် ပို၍ အကျိုးရှိနိုင်ကြောင်း၊ ထို့နောက် သွင်းကုန်တင်သွင်းမှုများလည်း လျော့နည်းသွားနိုင်ကြောင်း သုံးသပ်မှုများ လည်း ရှိသည်။
ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို တွေ့ရစဉ်
တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကုန်သည် ဦးတင်မြင့်က “အဲဒါကတော့ ပို့ကုန်လုပ်ငန်းရှင်တွေကပဲ သွင်းကုန် သွင်းလို့ ရမယ်ဆိုတော့ သူတို့အတွက်ကတော့ အကျိုးရှိသွားတာပေါ့။ ဒါပေမယ့်လို့ ဒါက ပြည်ပကုန်သွယ်ရေးကို ပိုပြီးတော့ တင်းတင်းကြပ်ကြပ် ထိန်းချုပ်တဲ့သဘောပဲ။ ပိုဆိုးသွားမှာပေါ့ အခြေအနေကတော့။ ပို့ကုန်လုပ်ငန်းရှင် တွေကတော့ သူတို့ပို့ကုန်က ပိုက်ဆံရရင် အဲဒီရတဲ့ ပိုက်ဆံကနေ ပြန်ပြီးတော့ သွင်းကုန်အနေနဲ့ သွင်းလို့ရမယ်။ ဒါကလည်းပဲ ဒေါ်လာကို အစိုးရဆီကနေပြီးတော့ မထွက်ဘဲနဲ့ ရတဲ့ဒေါ်လာထဲကနေပဲ အစိုးရကို သွင်းပြီးတဲ့နောက် ပိုတဲ့ပိုက်ဆံကိုပဲ သွင်းကုန်အနေနဲ့ သွင်းလို့ရမယ်ဆိုရင်တော့ သွင်းကုန် ပိုပြီးတော့ ရှားသွားမယ့် အခြေအနေ ရှိပါတယ်။ အရင်တုန်းက ဦးနေဝင်း လက်ထက်ကလည်း မှောင်ခိုဈေးကွက်က အကြီးအကျယ် ရှိခဲ့တာပဲ။ အဲလို ပုံစံမျိုးတွေ ဖြစ်လာမှာပေါ့။ တိုင်းပြည်စီးပွားရေး ကောင်းစေချင်ရင် ဗဟိုကနေ အဲလို အတင်းအကျပ် ချုပ်ကိုင်တာ မလုပ်သင့်ဘူးလို့ ယူဆတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ကုန်သွယ်ရေး၏ ၂၅ ရာခိုင်နှုန်းခန့်သာ နယ်စပ်ကုန်သွယ်ရေးမှ ရရှိခြင်းကြောင့် ယခု ကျင့်သုံးလိုက်သည့် ပို့ကုန် ရငွေ တင်ပြနိုင်မှ သွင်းကုန် တင်သွင်းခွင့်ပြုသော စနစ်သည် နယ်စပ်ကုန်သွယ်ရေးထက် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင် အသုံးပြုသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
ထို့နောက် နယ်စပ်ကုန်သွယ်ရေးတွင် ယခုလို လုပ်ဆောင်မည်ဆိုပါက ရေတိုကာလ အတွက်သာ အထောက်အကူ ပြုနိုင်ကြောင်း၊ ရေရှည်တွင် ယခုစနစ်သည် ကုန်သွယ်ရေးကို ပိတ်ဆို့သည့်သဘော ဖြစ်နေခြင်းကြောင့် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့အစည်း(WTO)က ကန့်ကွက်လာနိုင်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသူများက သုံးသပ်ကြ သည်။
- By CNI
- Category: စီးပွားရေး
- Hits: 1165
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃
မြန်မာနိုင်ငံမှ ထွက်ရှိသည့် မက္ကဒေးမီးယား အစေ့အဆံများကို နှစ်စဉ် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော်လည်း ယခုနှစ်တွင် ကုန်သွယ်မှုလမ်းကြောင်း အဆင်မပြေမှုကြောင့် ပြည်ပသို့ တင်ပို့မှု မရှိကြောင်း မြန်မာနိုင်ငံ မက္ကဒေးမီးယားအသင်းထံမှ သိရသည်။
ထို့နောက် ထိုင်းနိုင်ငံမှ မြန်မာ့မက္ကဒေးမီးယား အဆံများကို အမြောက်အများ ဝယ်ယူလိုသည်ဟု ကမ်းလှမ်းလာကြောင်း၊ သို့သော် လမ်းပန်းဆက်သွယ်ရေးတွင် တည်ငြိမ်မှု မရှိခြင်းကြောင့် တင်ပို့ရာမှာ အခက်အခဲများ ရှိနေ သည့်အတွက် မတင်ပို့နိုင်ဘဲ ဖြစ်နေကြောင်း မြန်မာနိုင်ငံမက္ကဒေးမီးယားအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းအောင် ကျော်က CNI သတင်းဌာနသို့ ပြောသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ကိုတွေ့ရစဉ် (CGTN)
၎င်းက “ဘယ်မှကို မပို့ရဘူး။ မပို့ရဘူးဆိုတာက တရုတ်ဘက် ခါတိုင်းပို့တာ တရုတ်လမ်းတွေကလည်း ပိတ်တယ်။ ယိုးဒယားဘက်ကလည်း သူတို့သိပ်ပြီးတော့ အဆင်မပြေဘူးလေ ပို့ဖို့ ပြုဖို့လေ။ လမ်းကြော အခြေအနေအရရော အကြောင်းအမျိုးမျိုးပေါ့လေ။ ဒါတွေကြောင့်မို့လို့ အဆင်မပြေဘူး ပို့ရတာ။ ဒါပေမယ့် အခုဟာက သူတို့ ယိုးဒယား ဘက်က ပို့ဖို့ အဆင်ပြေပြန်တော့ ဘာဖြစ်ပြန်တုန်းဆိုတော့ သူတို့က အဆံလိုချင်တာပေါ့ အတွင်းဆံခွဲပြီးသား။ အမှာစာ မရှိဘူးဆိုတာက တရုတ်ကတော့ လမ်းကြောင်းဖွင့်ရင်တော့ ဝယ်ချင်တယ်။ ဒီကလည်း ပို့ချင်တယ်။ ဒါပေမယ့် လမ်းကြော အဆင်မပြေလို့။ ယိုးဒယားဘက်ကတော့ အခုမှ စပြီးတော့ ဖြစ်တာပါ။ အရင်တုန်းကတော့ နည်းနည်းပါးပါးပဲ ဝယ်တာ။ အခုမှ နည်းနည်း အင်နဲ့အားနဲ့ လိုချင်တဲ့အကြောင်း အကြောင်းကြားလာတာ” ဟု ပြောသည်။
မက္ကဒေးမီးယား တစ်တန်လျှင် မြန်မာကျပ်ငွေ သိန်း ၄၀ ခန့် ရရှိကြောင်း သိရသည်။
သို့သော်လည်း ကိုဗစ် ၁၉ အခြေအနေ များနှင့် လက်ရှိ ပြည်တွင်း၌ နယ်မြေတည်ငြိမ်မှု မရှိခြင်းတို့ကြောင့် ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိသည်မှာ ၃ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ကိုတွေ့ရစဉ်
ထို့နောက် ထိုင်းနိုင်ငံက မက္ကဒေးမီးယား အဆံများကို ဝယ်ယူလိုကြောင်း ကမ်းလှမ်းလာသော်လည်း မြန်မာနိုင်ငံ၌ မက္ကဒေးမီးယားများကို ခွဲခြမ်းရန် အရည်အသွေး ကောင်းမွန်သည့် စက်ကိရိယာများ မရှိသည့်အတွက် တင်ပို့မှု မပြုလုပ်နိုင်ကြောင်း ရွာငံဒေသမှ မက္ကဒေးမီးယားစိုက်ပျိုးသည့် တောင်သူ ဦးထွန်းလင်းက ပြောသည်။
၎င်းက “သူတို့က မခွဲချင်ဘူး အတွင်းအဆံအတိုင်း လိုချင်တာပေါ့။ နောက်ပြီးတော့ အတွင်းအဆံတိုင်း ဝယ်ရင် ဈေးကတော့ ပိုမြင့်တယ်။ ဒါပေမယ့် လုပ်ရတဲ့ လူဘက်ကလည်း မလွယ်ဘူးလေ။ မလွယ်ဘူးဆိုတာက ၁ တန်ခွဲလို့ ၃၀၀ Kg တောင် မထွက်ဘူး။ တကယ့်တကယ် အကောင်းက ၂၀၀ Kg လောက်ရှိတော့ ၁၀ တန်မှ ၂ တန်လောက် ၂၀ ရာခိုင်နှုန်းလောက်ပေါ့ အဲလောက်ပဲ ထွက်တာ။ အဆံခွဲလို့ အတွင်းဆံက ကွဲသွားမယ် ကြေသွားမယ်ဆိုရင် လည်း အဲဒါမျိုးကျတော့ မဝယ်ပြန်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေသလို ခွဲရောင်းပြန်တော့လည်း အဲဒါတွေ က အဆင်မပြေတော့ကျတော့ သိပ်မလွယ်ဘူးလေ။ ရှိတဲ့စက်ကလည်း Quality မမှီဘူးလေ။ အပြင်မှာ ၁ တန်ကို သိန်း ၄၀ လောက် ပေါက်နေရင် ၁၀ တန်ဝယ်မှ သိန်း ၄၀၀ ဖိုးဝယ်မှ ၂ တန်လောက်ထွက်မယ်။ အကျိုးအကြေတွေ များသွားတော့ မကိုက်တော့ ဘယ်သူမှ မပို့ကြတော့ဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မက္ကဒေးမီးယားကို ပြည်တွင်း ဈေးကွက်တွင်သာ ရောင်းချနေရပြီး အသားအရေကို ထိန်းသိမ်းပေးခြင်း ကြောင့် စားသုံးမှု များပြားလာကြောင်း သိရသည်။
မြန်မာ့ မက္ကဒေးမီးယားအသီးနဲ့ တောင်သူအမျိုးသမီးများကိုတွေ့ရစဉ် (MYANMAR NUTS MACADAMIA)
ပြီးခဲ့သည့် အောက်တိုဘာလက ပြင်သစ်နိုင်ငံ ကုန်စည်ပြပွဲတွင် မြန်မာ့မက္ကဒေးမီးယားကို အထူးစိတ်ဝင်စားမှု ရရှိခဲ့ ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုး ရောင်းချသူများ အသင်းထံမှ သိရသည်။
မက္ကဒေးမီးယားကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ် ရွာငံ၊ ရပ်စောက်၊ နောင်ချို စသည့် ဒေသများ တွင် စိုက်ဧက ၃ သိန်းကျော် စိုက်ပျိုးလျက်ရှိကြောင်း၊ ထပ်တိုး စိုက်ပျိုးလာမှုများလည်း ရှိကြောင်း၊ (၁)နှစ်လျှင် တန်ချိန် ၁၀၀၀၀(တစ်သောင်း)နီးပါး ထွက်ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 803
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအား ဆွဲဆောင်ရန် တိုင်းရင်းသားရိုးရာ အစား အစာပြပွဲကို ယခုနိုဝင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ် လုပ်ငန်းရှင် များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ယခုကျင်းပပြုလုပ်မည့် တိုင်းရင်းသားရိုးရာအစားအစာပြပွဲသည် ရှမ်းပြည်နယ် မြောက်ပိုင်း၌ ပထမဆုံးအကြိမ် ဖြစ်ကာ ကိုဗစ်ကာလနှင့် နိုင်ငံရေးအခြေအနေကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု နည်းခဲ့သည့် အတွက် လက်ရှိပွင့်လင်းရာသီတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က “အရင်တုန်းကတော့ ဒီလုပ်ငန်းတွေ အားလုံးကတော့ ပြည်ပခရီးသွားတွေကို ဦးတည်တာပေါ့နော်။ အခုကတော့ ပြည်ပ ခရီးသွား ဝင်ရောက်မှု အားနည်းနေတဲ့အတွက် လောလောဆယ်တော့ ပြည်တွင်းလည်း အဓိက Target လည်းထားပါ တယ်။ နောက် နိုင်ငံခြားသားဝင်ရောက်မှုရှိသလောက်ပေါ့ ဒါလေးတွေလည်း Target ထားပါတယ်။ ဒီ၂၀၁၉ တုန်းက ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားရိုးရာ အဝတ်အထည်ပေါ့၊ တိုင်းရင်းသား ရိုးရာရဲ့ အသုံးအဆောင် ပစ္စည်းတွေ၊ သူတို့ရဲ့ ရိုးရာဝတ်စုံတွေပေါ့နော်။ သူတို့ရဲ့ ရိုးရာဓလေ့တွေကို ကျနော်တို့ ဟိုတယ် လုပ်ငန်းရှင် အသင်းက ဦးဆောင်ပြီး ပြခဲ့တာရှိတယ်။ အဲဒီတုန်းက လာတာကတော့ တရုတ်နိုင်ငံသားတွေ အများဆုံးလာတာ များတယ်။ အခုလက်ရှိ ရှိနေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေဆိုရင် မြောင်ဇီး တို့၊ ဝ တို့၊ နောက် လားဟူတို့၊ လီဆူတို့၊ ကိုးကန့်တို့၊ ပလောင်တို့၊ ရှမ်းတို့၊ ကချင်တို့ ဆိုတာက အားလုံးက တရုတ်ပြည်မှာ ယူနန်ပြည်မှာလည်း ရှိကြတာကိုး။ အဲဒီတော့ သူတို့ဆီက ရိုးရာနဲ့ ကျနော်တို့ နိုင်ငံကနေ ပြတဲ့ ရိုးရာကို သူတို့က ယှဉ်ပြီး သိချင်တာပေါ့။ အဲဒီတုန်းကတော့ တော်တော်လေးကို အောင်မြင်ခဲ့တယ်။ စိတ်ဝင်စားမှုလည်း အတိုင်းအတာ တော်တော်လေး မြင့်ခဲ့ပါတယ်။ အခု ဒီ အစားအစာပြပွဲလည်း ကျနော်ထင်တယ် နိုင်ငံခြားသားတွေသာ တကယ့်ကိုလာပြီး လေ့လာမယ်ဆိုရင်တော့ တော်တော်လေးလည်း သူတို့စိတ်ဝင်စားပြီး တော်တော် အောင်မြင်မယ်လို့ထင်ပါတယ်။ ခရီးသွားလည်း တော်တော်ဆွဲဆောင်နိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ် လားရှိုးမြို့အဝင်မုခ်ဦး
တိုင်းရင်းသားရိုးရာအစားအစာပြပွဲ ကျင်းပပြုလုပ်မည့်ရက်အား အတိအကျ အတည်မပြုရသေးသော်လည်း ၁ ရက်သာ ကျင်းပပြုလုပ်မည်ဖြစ်ကာ နေရာအား လားရှိုးမြို့တော်ခန်းမတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ထို ရိုးရာ အစားအစာပြပွဲတွင် တိုင်းရင်းသား ၁၀ ဖွဲ့ ပါဝင်သွားမည်ဖြစ်ကာ ၎င်းတို့မှာ ရှမ်း၊ ကချင်၊ လီဆူ၊ ဗမာ၊ မြောင်ဇီး၊ ဝ၊ ပလောင်၊ လားဟူ၊ မုန်းဝန်း(ဗမာ)နှင့် ကိုးကန့်တို့ဖြစ်ပြီး တိုင်းရင်းသားတစ်မျိုး၌ အစားအသောက် အနည်းဆုံး ၃ မျိုးခန့်အား လူ ၁၀၀ စာအတွက် ချက်ပြုတ်ပြင်ဆင်ထားကြ၍ တည်ခင်းဧည့်ခံကျွေးမွေးမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က “အစားအစာဆိုတာကတော့ ကျနော်တို့လည်း ခရီးသွားတဲ့အခါကျရင် ဒီဒေသ အစားအစာကိုပဲ စားချင်တာ ပေါ့လေ။ ပြောရရင် ရှမ်းပြည်နယ်ရောက်တယ်ဆိုလည်း ရှမ်းရိုးရာ အစားအစားပေါ့။ အဲဒီလိုမျိုးလေး စားချင်တဲ့ သဘောရှိတယ်။ ဒီမှာ မေးတဲ့အခါကျရင်လည်း ဘယ်လိုအသစ်အဆန်း အစားအသောက်လေးတွေ ရှိလဲ။ ဒါမျိုးလေးတွေပေါ့။ ဒီဘက်မှာ အစားအသောက်နဲ့ပတ်သက်လို့က တော်တော်လေးကို ကွဲပြားတဲ့ပုံစံတွေ ရှိတယ်။ အဲဒါတွေက အများသိဖို့လိုတာပေါ့နော်။ ဒါကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ မတွင်ကျယ်သေးတာပေါ့။ နိုင်ငံခြားမှာဆိုရင်တော့ ဒါက Gastronomy Travel တို့ Tourism တို့ ဒါမျိုးတွေရှိတာပေါ့။ အစားအသောက်နဲ့ ပတ်သက်ပြီးတော့ကို သွားပြီးတော့ စားကြည့်သင့်တဲ့ အစားအစာမျိုးတွေ ဒါမျိုးလေးတွေပေါ့။ ဒါလေးတွေကို စိတ်ဝင်စားတဲ့လူတွေအတွက်ကတော့ ဒါလေး chance တစ်ခုဖြစ်မှာပေါ့လေ” ဟု ပြောသည်။
ရှမ်းပြည်နယ် သီပေါမြို့သို့ လာရောက်လည်ပတ်သည့် ခရီးသွားများ
ပြပွဲပြုလုပ်မည့်အကြောင်းနှင့်ပတ်သက်၍ ခရီးသွားကုမ္ပဏီများ၊ ခရီးသွားလုပ်ငန်းရှင်များ အစရှိသည့် ခရီးသွားနှင့်နှီးနွယ်သူများအား အကြောင်းကြားထားပြီဖြစ်ကြောင်းနှင့် တိုင်းရင်းသား ရိုးရာအစားအစာပြပွဲသို့ လာရောက်လေ့နိုင်ကြောင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများအား ၎င်းတို့မှတဆင့် အသိပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်မဖြစ်ပွားခင်ကာလ၌ ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု များပြားခဲ့ပြီး သီပေါမြို့သို့ အများဆုံးလာရောက်လည်ပတ်ခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိပွင့်လင်းရာသီတွင် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ပိုမို ဝင်ရောက် ရန်အတွက် သဘာဝ ဒေသအရင်းအမြစ်များဖြစ်သည့် ရေတံခွန်များတွင် ခရီးစဉ်များ ဖော်ဆောင်လျက်ရှိပြီး နိုင်ငံရေးအခြေအနေ ယခုထက်ပိုမိုကောင်းမွန်ပါက သေချာလုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
လက်ရှိ တန်ဆောင်တိုင်ပိတ်ရက်အတွက် လားရှိုးမြို့တွင် တန်ဆောင်တိုင်ပွဲတော်အား ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားဦးမည်ဖြစ်ကာ ဖျော်ဖြေရေးအစီအစဉ်များ၊ ရိုးရာကစားနည်းများ၊ စတုဒီသာများနှင့် မီးပုံးပျံ လွှတ်တင်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 728
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂
ယခုနှစ် မိုးဖရဲရာသီတွင် မြန်မာ - တရုတ်နယ်စပ် ရွှေလီနှင့် ဝမ်တိန်မြို့တို့၌ လော့ဒေါင်း ချထားခြင်းကြောင့် ဖရဲတင်ပို့၍ မရသလို တရုတ်ကုန်သည်များမှာလည်း မြန်မာနိုင်ငံသို့ လာရောက်ကာ ဖရဲဝယ်ယူမှုများ မပြုလုပ် နိုင်ခြင်းတို့ကြောင့် ဖရဲသီးဈေးကွက်၌ အရောင်းအဝယ်မရှိ ဖြစ်နေသည်ဟု မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်ထံမှ သိရသည်။
မိုးဖရဲ အနေဖြင့် တရုတ်နိုင်ငံ၏ လော့ဒေါင်း အခြေအနေကြောင့် ဈေးကွက်မရှိဘဲ ဈေးကွက်ပျောက်နေသည့် အနေအထား ဖြစ်နေသည်ဟု ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြောလို့မရဘူး တင်ပို့မှု အခြေအနေ။ ဟိုဘက်က လော့ဒေါင်းဝင်တာ များရင်တော့ အဆင်မပြေဘူးပေါ့။ ဟိုဘက်ကုန်သည်တွေ ဈေးကွက်အတွင်းကို ဝင်မရဘူး။ လောလောဆယ်တော့ ဈေးကွက်တွေ မရှိဘူး။ ဘယ်လို လာမလဲဆိုတာ သုံးသပ်ဖို့လည်း ဒီလော့ဒေါင်းကြီး ရှိနေရင်တော့ အဆင်မပြေဘူးပေါ့။ လော့ဒေါင်း ပြီးသွားရင် တော့ ပုံမှန်ဖြစ်သွားမှာပေါ့။ လော့ဒေါင်းကလည်း ပြီးနိုင်ပါ့မလားဆိုတာ ရှိသေးတယ်။ တရုတ်ဘက်ကလည်း လော့ဒေါင်းပဲ ချပဲချနေတာဆိုတော့။ ဒီနှစ် မိုးဖရဲ ဈေးကွက်မရှိဘူး။ လောလောဆယ် အထိတော့ ဈေးကွက် ပျောက်နေတဲ့ အနေအထားပဲ။ ဒါကတော့ ပြည်တွင်း ဈေးကွက်ပဲ အားထားရမှာပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
တရုတ် ကုန်သွယ် ရေးအပေါက်ကိုတွေ့ရစဉ်
လက်ရှိတွင် မိုးဖရဲစိုက်ထားသည့် တောင်သူများအနေဖြင့် ပြည်တွင်း ဈေးကွက်ကိုသာ အားထားနေရပြီး ရန်ကုန်ရှိ သီရိမင်္ဂလာဈေးနှင့် ဒညင်းကုန်းဈေးတို့တွင်သာ ရောင်းချနေရသည်ဟု ဖရဲစိုက်တောင်သူများက ပြောသည်။
တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသည့်အခါ ၁၇ တန်ဆံ့ တွဲကားတစ်စီးလျှင် ယွမ်ငွေ ၆ သောင်း (မြန်မာကျပ်ငွေ သိန်း ၁၈၀) ခန့် ရရှိကြောင်း၊ သို့သော် ပြည်တွင်းတွင် ရောင်းချသည့်အခါမှာတော့ တွဲကားတစ်စီးလျှင် မြန်မာကျပ် ငွေ သိန်း ၃၀ ခန့်သာ ရရှိကြောင်း သိရသည်။
ထို့ကြောင့် မိုးဖရဲစိုက် တောင်သူများအနေဖြင့် အရှုံးပေါ်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ဖရဲစိုက်တောင်သူ ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။
ဖရဲစိုက်ခင်းတစ်ခုကို တွေ့ရစဉ်
၎င်းက “တရုတ်ကို ရောင်းတဲ့အချိန်မှာ Kg (ကီလို) ရောင်းတာဗျ၊ တစ် Kg ကို ၂ ယွမ်၊ ၃ ယွမ်၊ ၁.၅ ယွမ် အဲလို ရောင်းခဲ့ရတာလေ။ အဲလိုကျတော့ ကျနော်တို့ စိုက်ပျိုးထုတ်လုပ်မှု အပေါ်မှာ အရည်အသွေး ကောင်းနေတယ်၊ တရုတ်ရဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ဟာ တစ်ခုဆိုရင် ကျနော်တို့က ဒီအပေါ်မှာ ဈေးကောင်းရဖို့အတွက် အာမခံ ချက် အပြည့်ရှိတယ်လေ။ အခု မြန်မာပြည်တွင်းမှာ ရောင်းတဲ့အခါကျတော့ ကျနော်တို့က ရောင်းနေတာ တစ်လုံး ချင်း ဈေးကို ရောင်းရတာ။ အလုံးကြီးကြီး၊ သေးသေးပေါ့နော်။ ကြီးရင် ကြီးတဲ့အလျောက်၊ သေးရင် သေးတဲ့ အလျောက် Kg နဲ့မဟုတ်ဘဲ ရောင်းနေရတာဗျာ။ ရောင်းနေရတာ ဥပမာ တရုတ်ကို ကျနော်တို့ တရုတ်ငွေ ကား တစ်စီးကို လက်ရှိပေါက်ဈေး ၆ သောင်းနဲ့ပဲ တွက်တယ်ပဲထားဦး။ တရုတ်ငွေ ၆ သောင်းနဲ့တွက်တယ်ပဲ ထားဦး၊ ၁၇ တန်ပေါ့နော် ၁၂ ဘီး ကားတစ်စီး။ ယွမ် ၆ သောင်းနဲ့ တွက်တယ်ဆိုရင် ၃၀၀ နဲ့ပဲ တွက်ကြည့်ပါဦး။ သိန်း ၁၈၀ ဖြစ် နေပြီ ။ အခု ကျနော်တို့ ပြည်တွင်းမှာ ရောင်းနေရတာက အဲဒီ ၁၂ ဘီး ကားတစ်စီးကို ၁၇ တန်ကို အလွန်ဆုံးရမှာ သိန်း ၃၀၊ ၃၅ သိန်းထက် မပိုပါဘူး။ အဲတော့ ဘယ်လောက်ကွာခြားသွားပြီလဲ။ အဲတော့ ဒီ ၆ ဆပေါ်မှာ တောင် သူတွေ ရင်းနှီးလုပ်ကိုင်မှုနဲ့ Investment နဲ့ ပြန်တွက်လိုက်တဲ့အခါမှာ အစ်ကိုတို့ တစ်ဧကရဲ့ ကုန်ကျစရိတ်က ၄၅ သိန်းလောက် ကုန်နေတာ။ အခုပြန်ရတာက ၃၅ သိန်းဆိုတော့ တောင်သူတွေက အရှုံးပဲ ပြနေတာ” ဟု ပြော သည်။
တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲကားများကိုတွေ့ရစဉ်
လက်ရှိတွင် မိုးဖရဲများကို တရုတ်နိုင်ငံသို့ ကုန်တင်ကား တစ်စီးစ နှစ်စီးစ တင်ပို့မှုများ ရှိနေသော်လည်း သယ်ယူ ပို့ဆောင်ရေး စရိတ်ပင် မရဘဲ ဖြစ်နေကြောင်း ဖရဲတင်ပို့သည့် ကုန်သည်များထံမှ သိရသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဖရဲတင်ပို့ရာတွင် တရုတ်နိုင်ငံ၏ မူဝါဒအပေါ် အခြေခံ၍ တင်ပို့နေရခြင်းကြောင့် မြန်မာကုန်သည်များနှင့် ဖရဲစိုက်တောင်သူများသည် ဆုံးရှုံးမှုများ နှစ်စဉ် ကြုံတွေ့နေရသည်။
ထို့ကြောင့် အဆိုပါကိစ္စများကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ဖရဲတင်ပို့မှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ သဘောစာချုပ်များနှင့် လုပ်ဆောင်မည်ဆိုပါက ပို၍ အဆင်ပြေမည်ဖြစ်သည်ဟု ဖရဲကုန်သည်များနှင့် တောင်သူများက လိုလားနေကြသည်။
ယခုနှစ်တွင် သွင်းအားစုစရိတ် အဆမတန် ကြီးမြင့်နေခြင်းနှင့် နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် မိုးဖရဲစိုက်ဧက လျော့နည်းလျက်ရှိသည်။
ထို့နောက် လက်ရှိတွင် တရုတ်ဈေးကွက် ပျောက်နေခြင်းကြောင့် လာမည့် ဆောင်းဖရဲရာသီ၌ စိုက်ပျိုးမှုနှုန်းများ လျော့ကျသွားနိုင်ကြောင်း၊ ၃ ပုံ ၁ ပုံခန့်သာ စိုက်ပျိုးမှု ပြုနိုင်မည် ဖြစ်ကြောင်း ဖရဲစိုက်တောင်သူများက ပြောသည်။
မိုးဖရဲ စိုက်ဧကသည် ယခုနှစ်တွင် ထက်ဝက်နီးပါး လျော့ကျလျက်ရှိပြီး အထွက်နှုန်းသည်လည်း ယခင်နှစ်များ ထက် ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းနေကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1247
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနှင့် တခြားသောနိုင်ငံများမှ တင်သွင်းလာသည့် ပဲစဉ်းငုံ ပုံသေအခြေခံဈေးကို ယခင်က တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၀ ကျော်မှ လက်ရှိတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၆၅ ကျော် သတ်မှတ်လိုက်ကြောင်း သိရသည်။
ထိုသို့ ဈေးနှုန်း တိုးမြှင့် သတ်မှတ်ချက်ကြောင့် မြန်မာနိုင်ငံ ပဲဈေးကွက်တွင်လည်း ဈေးနှုန်းများ မြင့်တက်လာလေ့ ရှိကြောင်း ဧရာကုန်သွယ်မှု ဗဟိုဌာနမှ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူ့နိုင်ငံထဲမှာ MSP ပေါ့ maximun support price ဆိုတာ ရှိတယ်။ နှစ်တိုင်း သူတို့ သတ်မှတ်နေကျ။ သူတို့ဆီမှာ MSP ဈေးနှုန်း တိုးပြီးတော့ သတ်မှတ်တယ်။ ပုံမှန်အတိုင်းဆိုလို့ရှိရင် MSP ဈေးနှုန်း တိုးပြီးတော့ သတ်မှတ်တယ် ဆိုလို့ရှိရင် ကိုယ့်ဆီမှာလည်း ဈေးတက်လာတာပဲလေ။ ဒီကတောင်သူတွေအတွက် အဆင်ပြေ သွားကြတာပေါ့နော်” ဟု ပြောသည်။
သို့သော် လက်ရှိ၌ ကုန်သွယ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ပဲမျိုးစုံ ပြည်ပသို့ တင်ပို့ရာတွင် တန်ဖိုးမြင့် ထုတ်ကုန် အနေဖြင့် လုပ်ဆောင်ပြီးမှသာ တင်ပို့ရမည်ဆိုခြင်းကြောင့် ပဲဈေးကွက်အတွင်း၌ ဈေးနှုန်းများ ကျဆင်းပြီး အရောင်းအဝယ် အေးနေကြောင်း ပဲကုန်သည်တစ်ဦးက ပြောသည်။
ပဲမျိုးစုံကို စစ်ဆေးကြည့်နေစဉ်
၎င်းက “ဒီရက်အတောအတွင်းမှာ ကျနော်တို့ မြန်မာပြည်မှာ ဈေးတွေ ကျနေတယ်။ ဈေးတွေ ကျနေတယ်ဆိုတာ က ကုန်သွယ်ဦးစီးမှာ ဝင်ဖတ်ရအုံးမယ်။ တစ်ခု ထုတ်ပြန်လိုက်တယ်လို့တော့ ကြားတယ်။ ဘာလဲဆိုတော့ ကျနော် တို့ ပြည်ပကို ထွက်နေတဲ့ ပဲတွေကို အဓိကအားဖြင့် Value added ထုတ်ပြီးတော့ သွားရမယ်ဆိုတဲ့ကိစ္စ ထွက်လာ တယ်။ Value added ဆိုတာတော့ တန်ဖိုးမြင့် ထုတ်ကုန်ပေါ့။ တန်ဖိုးမြင့် ထုတ်ကုန်အဖြစ်နဲ့ သွားမှ လက်ခံမယ် ပို့ကုန်အဖြစ်နဲ့ လက်ခံမယ်ဆိုတဲ့သဘော ဖြစ်လာတယ် အဲဒီကိစ္စ ထွက်လာတယ်။ အဲဒီဟာကြောင့် လက်ရှိမှာ လက်ရှိပေါက်ဈေးထက်ကို ကျနေတယ်။ ဒီအတိုင်း Raw အတိုင်း ပို့လို့မရတော့ဘူး။ အနည်းဆုံးတော့ ခွဲခြမ်း လုပ် ပြီးမှ ပို့မှရမယ်။ အဲဒီအခါကျတော့ ဒီရက် အတောအတွင်းမှာ အရောင်းအဝယ် မဖြစ်ဘဲနဲ့ ဟိုဘက်နဲ့ ဒီဘက်နဲ့ စောင့်ကြည့် နေကြတဲ့ သဘောပဲ။ ဟိုဘက်နဲ့ ဒီဘက်နဲ့က မညှိရသေးဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခုကာလသည် အိန္ဒိယနိုင်ငံ၌ စိုက်ပျိုးထားသည့် ပဲများသည် ၎င်းတို့နိုင်ငံ ဈေးကွက်ထဲသို့ နေ့စဉ် ဝင်ရောက် နေခြင်းကြောင့် မြန်မာ့ပဲကို အိန္ဒိယနိုင်ငံဘက်မှ ဝယ်လိုအားများ ကျဆင်းလာကြောင်း၊ အောက်တိုဘာလ အတွင်း ပဲတင်ပို့မှုသည် ယခင်လများထက် နည်းပါးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပဲဈေးကွက် အလားအလာအနေဖြင့် အိန္ဒိယနိုင်ငံ၏ ပဲလက်ကျန် နည်းပါးချိန်မှ ပဲဈေးနှုန်းများ ကောင်းမွန် လာနိုင်ကြောင်း၊ လက်ရှိတွင် ပဲတင်ပို့မည့် ကုန်သည်များအနေဖြင့် ကုန်သွယ်ဦးစီးဌာန၏ ပဲမျိုးစုံကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် လုပ်ဆောင်ပြီးမှသာ တင်ပို့ရမည့် အကြောင်းနှင့် ပတ်သက်၍ စောင့်ကြည့် နေကြ ကြောင်း ပဲကုန်သည်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 2636
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁
လက်ရှိတွင် မလေးရှားနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည့် ကာလဖြစ်သည့်အတွက် မလေးရှားရှိ တရားဝင်နှင့် တရားမဝင် အထောက်အထားမဲ့ မြန်မာများအနေဖြင့် အသွားအလာအား ယခုထက် ပိုမို ဂရုစိုက် ကြရန်နှင့် မလေးရှားနိုင်ငံ၏ နိုင်ငံရေးအကြောင်း မပြောကြရန် အရေးကြီးကြောင်း မလေးရှားရှိ မြန်မာ အဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားနိုင်ငံ၌ အထွေထွေ ရွေးကောက်ပွဲအား နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး နေရာတချို့တွင် ပြိုင်ဘက်ပါတီတို့ ခိုက်ရန်ဖြစ်ပွားမှုများ ရှိလာနိုင်သဖြင့် ယခုကဲ့သို့ သတိပေးခြင်း ဖြစ်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။
Alliance of Chin Refugees မှ တာဝန်ရှိသူတစ်ဦးက “လုပ်ငန်းခွင်မှာဖြစ်ဖြစ် ဘယ်နေရာသွားသွား ဒီနိုင်ငံနဲ့ ပတ်သက်တဲ့ ဘယ်ပါတီက ဘယ်ဟာ ပိုကောင်းတယ်၊ ဒီဟာဆို ပိုကောင်းတယ်။ ဟိုဟာပိုကောင်းသလို ဆိုတာ တွေကအစ မပြောမိဖို့ သတိထားရတယ်။ ဘာဖြစ်လို့ဆို ကိုယ်လုပ်တဲ့ လုပ်ငန်းခွင် ထဲမှာဆိုလည်း ဟိုဘက်က ဒီဘက်က ရှိတယ်။ ဟိုဘက်ပါတီကို ထောက်ခံတဲ့ သူတွေ ရှိတာကိုး။ နှစ်ဖက်ကြားထဲမှာ ကိုယ်က မဆီမဆိုင် သူတို့နိုင်ငံသားလည်း မဟုတ်ဘဲနဲ့ အဲဒီကြားထဲမှာ ဘာမှ သွားမပြောမိဖို့ပါ။ အဲဒါက အဓိကဖြစ်တယ်။ ဆိုတော့ ဒီနိုင်ငံမှာ အလုပ်လုပ်တယ်ဆိုရင် လုပ်ငန်းခွင်မှာ ဂရုစိုက်ပါ။ ဟိုဝန်ကြီးဆို ဒုက္ခသည်အတွက် ကောင်းတယ်။ ဘယ်ဝန်ကြီးဟာ ဆိုရင်တော့ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားသားတွေ ဦးစားပေးတယ်၊ ဘာညာ သွားမပြောမိဖို့ အရေးကြီးတယ်။ ကြုံတွေ့ဖူးတယ် လုပ်ငန်းခွင်ထဲမှာ လူမျိုးတစ်စုတည်း လုပ်တာမဟုတ်ဘူး”ဟု ပြောသည်။
ဖမ်းဆီးခံထားရသော ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
ထို့နောက် မလေးရှား ရွေးကောက်ပွဲသည် မလေးရှားနိုင်ငံသားများနှင့်သာဆိုင်သည့်အတွက် မြန်မာများအနေဖြင့် နိုင်ငံရေး မှတ်ချက်များ မပေးမိရန် ဂရုစိုက်သင့်ကြောင်း ၎င်းက ပြောသည်။
Alliance of Chin Refugees မှ အထက်ပါ တာဝန်ရှိသူတစ်ဦးက “သူတို့ရဲ့ ကြိုက်နှစ် သက်တဲ့ ပါတီအားပေးတဲ့ အခါကြတော့ ကိုယ်က မဆီမဆိုင် ကြားထဲကနေ ဟိုဟာ ကောင်းတယ်၊ ဒီဟာကောင်းတယ် သွားမပြောမိဖို့။ အဲဒီလို သွားပြောမိတဲ့အခါ မလိုအပ်ပဲနဲ့ မလိုလားအပ်တဲ့ မုန်းတီးမှုတွေ ဖြစ်လာတတ်တယ်။ ဖြစ်လေ့ဖြစ်ထ ရှိ တယ်။ ဆိုတဲ့အခါကျတော့ ဒီနိုင်ငံမှာ လုံးဝ မှတ်ချက်လည်း မပေးမိစေနဲ့ ဝင်လည်း မပါမိစေနဲ့ ကိုယ့်ရဲ့ လုပ်ငန်း အလုပ်ကိုပဲ ဂရုစိုက်ပြီး လုပ်ကြပါ။ ပြောချင်တာက ဒါက မလေးရှား နိုင်ငံသားတွေရဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ကိုယ်တွေ မြန်မာနိုင်ငံသားတွေ ရွေးကောက်ပွဲ မဟုတ်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် ပါတီအချင်းချင်း ခိုက်ရန်ဖြစ်ပွားနေချိန်တွင် အဆိုပါ နေရာ၌ ရှိနေပါက ဝင်မပါကြရန်နှင့် အခြားနေရာ သို့ အမြန်ဆုံး ရှောင်တိမ်းကြရန် မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက သတိပေးသည်။
မရှောင်တိမ်းမိပါက အဖမ်းခံရနိုင်ပြီး စစ်ဆေးမေးမြန်းသည့် အခါတွင် တရားဝင် နေထိုင် အလုပ်လုပ်ကိုင်သူနှင့် တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်သူတို့ကြား ကွာခြားမှုများရှိကြောင်း Alliance of Chin Refugees မှ တာဝန်ရှိ သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားနိုင်ငံတွင် လွှတ်တော်အား ဖျက်သိမ်းထားပြီး မကြာခင်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု အတည်ပြု ပြောဆိုလိုက်သည့် အချိန်မှစကာ ယနေ့အထိ အဖမ်းအဆီးမှာ နေ့စဉ်ရှိကြောင်း၊ ရွေးကောက်ပွဲရက် နီးကပ်လာချိန်တွင် အဖမ်းအဆီးမှာ ယခုထက်ပို၍ များလာနိုင်ခြေရှိကြောင်း မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးစစ်ဆေးနေစဉ်
လက်ရှိတွင် နေ့စဉ်ကဲ့သို့ အဖမ်းအဆီး ပြုလုပ်နေမှုတွင် ဖမ်းဆီးခံရသည့်ထဲတွင် မြန်မာအများဆုံးဖြစ်ပြီး ဒုတိယ မှာ အင်ဒိုနီးရှား ဖြစ်ကြောင်း၊ မလေးရှားရှိ အချုပ်ခန်းနှင့် အကျဉ်းထောင်အချို့သို့ သွားရောက်ရာတွင် မြန်မာ လူမျိုးချည်းသာ တွေ့ရကြောင်း ၎င်းက ပြောသည်။
ဦးဘာဘူကြီးက “အခုက သူတို့ လ.ဝ.က အကြီးဆုံး အရာရှိ ကိုယ်တိုင်က ပြောတယ်။ သူတို့ အဖမ်းအဆီးကို တစ်ရက်မှ လစ်ဟာမှု မရှိပဲနဲ့ ဖမ်းဆီးနေမယ်လို့ သူကိုယ်တိုင်ကိုက ကြေညာထားပြီးသား။ အဲဒီတော့ အဖမ်း အဆီးက နေ့တိုင်းလို ရှိတယ်။ အခု အဖမ်းအဆီးခံရတဲ့ အထဲမှာ မြန်မာနိုင်ငံသား ဘာကြောင့်များလဲဆိုတော့ အောက်လမ်းကနေပြီး လာတဲ့လူတွေ၊ တရားမဝင်ပြီး လာတဲ့လူတွေ။ ပြောရမယ်ဆိုရင် ကျနော်ကိုယ်တိုင်လည်း မနေ့က တစ်ဖက်ခြမ်း ပေါ့လေ။ ထိုင်း-မလေးရှား ထိုင်းနယ်စပ် အဲဒီမှာ ထောင်တွေ၊ ကမ့်တွေ လ.ဝ.က ထိန်းသိမ်း ရေး စခန်းတချို့ကို ကျနော်ရောက်ခဲ့တယ်။ အဲဒီမှာ မြန်မာတွေနဲ့ပဲ ပြည့်နေတယ်။ တချို့အဲဒီနေရာမှာ လူမဆန့် တော့လို့ တခြားပြည်နယ်ကို ပြောင်းရွှေ့လိုက်ရတဲ့ မြန်မာတွေလည်း အများကြီးပဲရှိတယ်။ အဲဒီတော့ မြန်မာတွေ က တော်တော်လေးကို များတယ်လို့ ပြောရပါမယ်။ ကျနော့်စိတ်ထင် သောင်းဂဏန်းလောက်တောင် ကပ်သွား မလား မသိဘူး။ ကျနော်တို့ မြန်မာတွေ အင်မတန်ကို များပါတယ်။ စိတ်လည်း မကောင်းစရာပါပဲ။ စကားပြော တော့လည်း ငိုငိုယိုယိုနဲ့ သူတို့က အပြင်ကလူကိုလည်း တွေ့ချင်တယ်။ သူတို့တွေ့ချင်တဲ့ လူကလည်း မသွားနိုင် မလာနိုင် အထောက်အထား မရှိကြတော့”ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်မှ စတင်ကာ မလေးရှားနိုင်ငံတွင် ရွေးကောက်ပွဲ ပြီးသည်အထိ နိုင်ငံအတွင်း လုံခြုံရေးပိုမို တင်းကြပ် ချသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ထို့ကြောင့် တရားမဝင် ခိုးဝင်မည့် မြန်မာများအနေဖြင့် ယခုထက် ပိုမို သတိထားကြရန် မလေးရှားရှိ မြန်မာ အဖွဲ့အစည်းများက သတိပေးတိုက်တွန်းထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 940
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁
MOU ဖြင့် အလုပ်သမား အများဆုံးစေလွှတ်နေသည့် မြဝတီ လမ်းကြောင်းအစား ကော့သောင်း-ရနောင်း လမ်း ကြောင်း(သို့မဟုတ်)လေကြောင်းလိုင်းတို့ဖြင့် ပြောင်းလဲ စေလွှတ်သင့်ကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
မြဝတီမြို့ဘက်တွင် လက်ရှိ နယ်မြေအခြေအနေကြောင့် ယခုကဲ့သို့ အခြားလမ်းကြောင်းများဖြင့် ပြောင်းလဲ စေလွှတ်သင့်ခြင်းဖြစ်ပြီး ထိုလမ်းကြောင်းများသည် မြဝတီ-မဲဆောက် လမ်းကြောင်းကဲ့သို့ တစ်စုံတစ်ရာ ပြဿနာများမရှိကြောင်း သိရသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ကောင်းတာကတော့ လေကြောင်းလိုင်းနဲ့ဆိုရင် အဆင်ပြေ မြန်တာ ပေါ့နော်။ ရနောင်း-ကော့သောင်း ဘက်ကဆိုရင်လည်း များသောအားဖြင့်က ရန်ကုန်ကနေ သူတို့ လေကြောင်းနဲ့ လာတာပဲလေ။ အဲ့ကနေ ကော့သောင်းကမှတဆင့် ဒီဘက်ကို ကူးတာ။ ရနောင်း-ကော့သောင်း လမ်းကကြတော့ ရေကြောင်းကနေ ဖြတ်ရတာ ဖြစ်တဲ့အတွက်ကြောင့် လူအများကြီးပို့လို့တော့ အဆင်မပြေဘူး။ ဒါပေမယ့် သူက ပုံမှန်လေး ပို့နေလို့ရတယ်လေ။ မြဝတီလမ်းမှာကကြတော့ အားသာချက် ရှိတာက အမှတ် ၂ တံတားကနေ တိုက်ရိုက် ကားနဲ့ဆိုတော့ ကုန်းလမ်းလည်း ဖြစ်တဲ့အတွက် ပိုပြီးတော့ များများပို့လို့ရတယ်။ ဒါပေမယ့် ကျန်တဲ့ အခက် အခဲက ကော့သောင်း-ရနောင်းဘက် အခြမ်းကနေ လာတာမှာ သိပ်မရှိဘူး အခုလက်ရှိ ကာလက။ ဘာကြောင့်ဆို နယ်မြေအနေအထားနဲ့ ခုနကပြောတဲ့ လမ်းခရီး ပြဿနာက နည်းတယ်လေ။ အဲဒီတော့ ဒီဘက်ကနေ ပို့မယ်ဆိုရင် လည်း ရနေတာပဲလို့ ကျနော်တော့ မြင်ပါတယ်။ ကုန်ကျစရိတ်လည်း ကျနော်ထင်တယ် ဒီလောက် မကွာလောက် ဘူး။ ခုနကပြောတဲ့ ကုန်းလမ်းနဲ့ ရေလမ်း ဖြစ်တာကြောင့် တစ်ကြိမ်တည်းမှာ အများကြီး စုပြီး သွားဖို့ အဆင်မပြေတာလောက်ပဲ။ ကျန်တာကတော့ ကျနော်ထင်တယ် အဆင်ပြေတယ်” ဟု ပြောသည်။
MOU အလုပ်သမား စေလွှတ်ရာတွင် အေဂျင်စီများက မြဝတီ-မဲဆောက် လမ်းကြောင်းအပြင် ကော့သောင်း-ရနောင်း လမ်းကြောင်းနှင့် လေကြောင်းလိုင်းတို့ဖြင့်ပါ စေလွှတ်နေကြသော်လည်း မြဝတီ-မဲဆောက် လမ်း ကြောင်းဖြင့် နှိုင်းယှဉ်ပါက အလုပ်သမားစေလွှတ်မှုမှာ နည်းပါးကြောင်း သိရသည်။
ထိုင်းသို့ MOU နဲ့သွားမယ့် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
အခြားလမ်းကြောင်း ပြောင်းလဲစေလွှတ်မည်ဆိုပါက အေဂျင်စီ အနေဖြင့် အလုပ်သမားများထံမှ ကုန်ကျစရိတ်များ အား ပိုမိုတောင်းခံလာနိုင်ပြီး MOU အလုပ်သမား စေလွှတ်သည့်အခါတွင် မြဝတီ-မဲဆောက် လမ်းကြောင်းသည် သာ အဓိက အသင့်တော်ဆုံး လမ်းကြောင်းသာဖြစ်သည့်အတွက် ထိုလမ်းကြောင်းမှသာ စေလွှတ်သင့်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပိုမိုအဆင်ပြေ နိုင်တာကတော့ မဲဆောက်-မြဝတီလမ်းက ပိုမိုအဆင်ပြေနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလမ်းကြောင်းဟာ ပထမဆုံး MOU စနစ်နဲ့ပို့ရတဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် နောက် စစ်ဆေးရေးဂိတ်တွေ ဘာတွေ အတွက်ဆိုရင်လည်း MOU က သိပ်ပြီးတော့မှ ပြောစရာမရှိဘူး။ ရနောင်း-ကော့သောင်းလမ်းလည်း ပို့လို့ မရဘူးလားဆိုတော့ ရတယ်။ ဒါပေမယ့် ဝင်တဲ့အခါကျရင် ကိုယ်ပို့မယ့် အလုပ်သမားက ဘယ်ကို သွားမှာလဲပေါ့။ ဥပမာ ထိုင်းနိုင်ငံ ဘယ်မြို့နယ်ထဲကို သွားမှာလဲပေါ့။ လွယ်ကူတဲ့ လမ်းကြောင်းနဲ့ ပို့မယ်ဆိုတဲ့ နေရာမှာ အလုပ် သမားတွေအတွက် အရမ်းခရီးဝေးသွားမလားပေါ့။ အဲဒါမျိုးတွေလည်း ကြည့်ရမယ်။ နောက် ရနောင်း-ကော့သောင်း ပို့တဲ့ခရီးနဲ့ အနီးအဝေးနဲ့စာရင် မဲဆောက်-မြဝတီက ပိုပြီးတော့ နီးစပ်မယ်လို့ ကျနော့်အနေနဲ့ ပြော လိုတယ်” ဟု ပြောသည်။
မြဝတီ-မဲဆောက် လမ်းကြောင်းသည် MOU အလုပ်သမား စေလွှတ်ရေးတွင် အသင့်တော်ဆုံး လမ်းကြောင်းဟု ဆိုရသော်လည်း လက်ရှိနယ်မြေ အခြေအနေကြောင့် ထိုလမ်းကြောင်းမှ အလုပ်သမားစေလွှတ်မှုကို ယခင်ထက် ဂရုစိုက်ရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက ပြောသည်။
ထိုင်းသို့ MOU နဲ့သွားမယ့် မြန်မာအလုပ်သမားများကို စိစစ်နေစဉ်
ကိုသားကြီးက “ဒီမြဝတီမြို့ကို မရောက်မချင်း ရန်ကုန်ကနေ ထွက်လာတယ်၊ ဘားအံကနေ ထွက်လာတဲ့ အလုပ် သမားတွေအတွက် သက်ဆိုင်ရာအေဂျင်စီက ပိုမိုပြီးတော့ ဂရုစိုက်ဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။ မှတ်ချက် ပေးလိုတာကတော့ လက်ရှိပြည်တွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲသတင်းတွေကို နားစွင့်ပြီးကာမှ အေဂျင်စီတွေက အလုပ်သမားတွေကို တင်ပို့မယ်ဆိုရင်တော့ ပိုပြီးတော့ သင့်တော်လိမ့်မယ်လို့ ထင်တယ်။ မဲဆောက်-မြဝတီ လမ်း ကြောင်းမှာ ပို့လာတဲ့ အလုပ်သမား တော်တော်များများကတော့ နံပါတ်တစ် တစ်ချက်ကတော့ ထိုင်းဘက်က ကြိုဆိုတဲ့ အနေအထားတွေပေါ့။ ထိုင်း လ.ဝ.က ရယ်၊ ကျန်းမာရေးဝန်ကြီးဌာနတွေရယ် စနစ်တကျ။ ထိုင်းဘက်က Labour တာဝန်ရှိသူတွေက စနစ်တကျ ဆောင်ရွက်တာတွေကို တွေ့ရတယ်။ အဲဒီတော့ ပြည်တွင်းထဲကို ဖြတ်တဲ့ အချိန်မှာပဲ မြဝတီမရောက်ခင်မှာ လာတဲ့အချိန်မှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ကိုယ်လာတဲ့ လမ်း ကြောင်းအပေါ်မှာပဲ အခြေအနေကြည့်ပြီးတော့မှ မတော်တဆ ဖြစ်လာနိုင်တဲ့ အက်စီးဒင့်ကိစ္စတွေကို ကြိုတင် သတိမူသင့်တယ်ပေါ့ ” ဟု ပြောသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ သည့်အတွက် ထိုင်းသို့ သွားရောက်မည့် MOU အလုပ်သမားများမှာ ပိတ်မိခဲ့သေးသည်။
ထို့နောက် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ယာယီဖြတ်သန်း သွားလာခွင့်ပိတ်လိုက်ကာ အောက်တိုဘာ ၂၁ ရက်နေ့တွင် ပြန်လည် ဖွင့်ပေးခဲ့သည်။
သို့သော် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ကော်သူးလေတပ်မတော် (KTLA) ၏ ခွင့်ပြုချက်မရှိဘဲ သွားလာခြင်း မပြုကြရန် ကော်သူးလေတပ်မတော်မှ အောက်တိုဘာ ၂၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ကရင်ပြည်နယ် ကော်သူးလေ နယ်နိမိတ်အတွင်း နစက တပ်ဖွဲ့ဝင်များနှင့် စစ်ရေး တင်းမာမှုကြောင့် တိုက်ပွဲ အရှိန်အဟုန် မြင့်တက်လာမည်ဖြစ်သဖြင့် ကော့ကရိတ်-မြဝတီ အာရှလမ်းအား အသုံး ပြု သွားလာခြင်းကို သတိထား သွားလာကြရန် ပါရှိသည်။
လက်ရှိတွင် မြဝတီ-ကော့ကရိတ်ဘက်၌ နယ်မြေမတည်ငြိမ်မှုများ ရှိနေသေးသော်လည်း ကားအသွားအလာနှင့် အလုပ်သမား စေလွှတ်ခြင်းတို့အား ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 720
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁
ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၂၄ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် မြို့နယ် ၈ မြို့ နယ်မှ လယ်ဧက ၉ သောင်းခန့် ဆားငန်ရေ ဝင်ရောက်၍ ပျက်စီးသွားခဲ့ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂမှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
လယ်ဧက ၉ သောင်းခန့် ပျက်စီးသွားခြင်းကြောင့် စပါးတင်းပေါင်း သိန်း ၃၀ ခန့် လျော့နည်းသွားမည်ဟု ရခိုင် ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂၄ ရက်နေ့က တိုက်သွားတဲ့ မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ က စစ်တမ်းကောက်တဲ့ အခါမှာ ဧက ၉ သောင်း ဝန်းကျင်လောက် ဆုံးရှုံးသွားတယ်ဆိုတာကို တွေ့ရတယ်ပေါ့။ အထူးသဖြင့်ကတော့ တောင်ကုတ်ဘက် ပိုများမယ်။ ပြီးတော့ မြေပုံ၊ မင်းပြား၊ မြေပုံများမယ်။ ပြီးတော့ ရသေ့တောင်ပေါ့ ပိုများတယ်။ အကုန်လုံးကတော့ အမ်းတို့၊ ကျောက်ဖြူတို့၊ ပေါက်တော၊ ပုဏ္ဏားကျွန်း အကုန်လုံး ပါတယ်။ ၈ မြို့နယ်မှာ ဧက ၉ သောင်း ဝန်းကျင်လောက် ဆုံးရှုံးသွားတာကို တွေ့ရတယ်။ စပါးတင်း သိန်း ၃၀ ကျော်နဲ့ ၃၅ ကြားမှာ ရှိမယ် စပါးတင်း တင်းပေါင်းပေါ့” ဟု ပြောသည်။
ရခိုင်ပြည်နယ်က လယ်မြေတွေထဲ မုန်တိုင်းကြောင့် ရေငန်တွေ၀င်ရောက်ခဲ့
မုန်တိုင်းကြောင့် ဆားငန်ရေ ဝင်ရောက်သွားသည့် မြို့နယ်များတွင် တောင်ကုတ်မြို့နယ်သည် ပျက်စီးမှု အများဆုံး ဖြစ်ပြီး လယ်ဧက ၂ သောင်းခန့်ရှိကြောင်း သိရသည်။
ထို့ကြောင့် တောင်သူများ ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရပြီး လာမည့် စပါးစိုက်ရာသီတွင် စိုက်ပျိုးရန်အတွက် ဆားငန်ရေ ဝင်ရောက်ထားသည့် လယ်ယာများနှင့် ကိုက်ညီသော မြေဩဇာနှင့် မျိုးစပါးများ လိုအပ်သည်ဟု တောင်ကုတ်မြို့နယ်မှ စပါးစိုက်တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အကူအညီ အထောက်အပံ့ကတော့ ဘာတွေလဲဆိုလို့ရှိရင် ရေငန်ဝင်ထားတဲ့ လယ်တွေကို ပြန်ပြီးတော့ လုပ်ဖို့ရှိရင် ရေငန်တွေက အငန်ဓာတ် ရှိတာတို့၊ အချဉ်ဓာတ် ရှိတာတို့ ပြောရလို့ရှိရင် မြေဩဇာပေါ့။ နောက်နှစ် လုပ်ဖို့အတွက် အနေအထား မရှိတော့ဘူးလေ။ နောက်နှစ် လုပ်ဖို့အတွက် အောင်မြင်ဖို့အတွက် ရေငန်ဝင်သွားလို့ ရှိရင် အဲဒီရေငန်ဓာတ်နဲ့ နောက်တစ်နှစ်စာလည်း တောင်သူတွေက လုပ်တာလည်း မကျိုးပေါက်၊ အောင်မြင်ဖို့က လည်း နည်းတော့ အဲအခါကျတော့ ဘာတွေလိုလဲဆို မြေဩဇာလိုတယ်။ အဲဒီမြေနဲ့ကိုက်တဲ့ မြေဩဇာမျိုးတွေ၊ မျိုးစေ့၊ မျိုးသန့်စပါးတွေ လိုအပ်တယ်ပေါ့နော်။ နောက် အရာတွေကတော့ ထွေထွေထူးထူးတော့ မရှိ။ တောင်သူ တွေမှာက အဓိကက အခု ရေငန်ဝင်သွားတော့ ရေငန်ကို ဘယ်လို အချဉ်ဓာတ်ပေါက်တဲ့ ဆေးတွေ ရှိတယ်ပေါ့နော် အဲဒါတွေတော့ လိုအပ်တယ်” ဟု ပြောသည်။
ယခုနှစ် စပါးစိုက်ပျိုးတွင် သွင်းအားစု(ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ ပိုးသတ်ဈေး)စရိတ် ကြီးမြင့်နေခြင်းကြောင့် စိုက်ဧက လျော့နည်းခဲ့ကြောင်း၊ မြေဩဇာများ လျှော့ချ အသုံးပြုခဲ့ရခြင်းကြောင့် စပါးအထွက်နှုန်း လျော့ကျနေ ကြောင်း၊ တကျော့ပြန် ဖြစ်ပွားနေသည့် ပြည်နယ်အတွင်း တိုက်ပွဲများကြောင့်လည်း လယ်ဧက စွန့်ခွာမှုများ ရှိနေ ကြောင်း သိရသည်။
တောင်သူများကိုတွေ့ရစဉ်
အဆိုပါ အခြေအနေများကြောင့် ယခုနှစ် ရခိုင်ပြည်နယ်၏ စပါးအထွက်နှုန်းသည် ယခင်နှစ်များထက် လျော့ကျ မည်ဟု တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်၌ စပါးစိုက်ဧက ၈ သိန်းခွဲကျော် ရှိခဲ့သော်လည်း ယခုနှစ်၌ စပါးစိုက် ဧကသည် ၇ သိန်းခွဲခန့်သာ ရှိပြီး စပါးတင်း သိန်းပေါင်း ၃၀၀ ကျော်သာ ထွက်ရှိမည်ဖြစ်ကြောင်း ရခိုင်တောင်သူ လယ်သမားသမဂ္ဂထံမှ သိရသည်။
ထိုပမာဏသည် ရခိုင်ပြည်နယ်အတွက် လုံလောက်ယုံမျှသာ ရှိခြင်းကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေ ဖြင့် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်သည်ဟု ဦးကျော်ဇံက ပြောသည်။
၎င်းက “အစိုးရ စီမံကိန်းအရ စနစ်တကျ ရှိနေမယ်ဆိုရင် လုံလောက်လိမ့်မယ်ပေါ့။ ဒါပေမယ့်လို့ အခုက လုံလောက်လား လို့ဆိုရင် အဲဒီစပါးတွေက အကုန်လုံးက ပြည်သူတွေမှာ မရှိနိုင်တော့ဘူး အထူးသဖြင့် တောင်သူ တွေမှာ မရှိနိုင်ဘူး။
အကြောင်းက ဘာလဲဆိုတော့ အဲဒီတောင်သူတွေက ချေးငှားပြီးတော့ ထွန်ယက်စိုက်ပျိုးကြတဲ့ အနေအထား ရှိတယ်။ ထွက်လာတဲ့စပါးကို အဲဒီအတွက် ပြန်ပြီးတော့ ပေးဆပ်လိုက်ရတဲ့ အခါကျတော့ သူတို့ဆီ မှာ မရှိတော့ဘူး။ မရှိတော့ဘူး မလုံလောက်တော့ဘူးပေါ့။ ဒါပေမယ့် တစ်ပြည်နယ်လုံး အတိုင်းအတာအရ လူဦးရေနဲ့ တွက်ဆကြည့်မယ်ဆိုရင် အဲဒီစပါးက မပိုလျှံရင်တောင်မှ လုံလောက်တဲ့ အနေအထားတော့ ရှိတယ်။ တကယ်တမ်းကျတော့ အဲဒီစပါးတွေက ကုန်သည်ပွဲစားကတဆင့် ပြည်မတို့ ထွက်သွားတဲ့ အခါကျတော့ လုံ လောက်တဲ့ အနေအထား မရှိတော့ဘူး အဲလိုသုံးသပ်လို့ရမယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် ရခိုင်ပြည်နယ်တွင် ပုံမှန်အားဖြင့် လယ်တစ်ဧကလျှင် စပါးတင်း ၆၀ အထိ ထွက်ရှိသော်လည်း ယခုနှစ် တွင် စပါးစိုက်ပျိုးချိန်၌ မိုးရွာသွန်းမှု အလွန်နည်းပါးခဲ့ခြင်းနှင့် လိုအပ်သည့် ဓာတ်မြေဩဇာများ လျှော့ချ အသုံးပြုခဲ့ ရခြင်းကြောင့် ၁ ဧကလျှင် စပါး တင်း ၅၀ ခန့်သာ ထွက်ရှိနိုင်ကြောင်း တောင်သူလယ်သမားများက ခန့်မှန်းနေကြ သည်။
- By CNI
- Category: စီးပွားရေး
- Hits: 874
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG ဂတ်စ်ဆိုင်များတွင် လျှပ်စစ်မီး အချိန်မှန် မရခြင်းနှင့် ဂတ်စ်ဖြည့်တင်းသည့်အခါ ပေါင်ချိန်အပြည့် မရသည့်အတွက် CNG အသုံးပြုသော မော်တော်ယာဉ်များသည် တန်းစီစောင့်ဆိုင်း၍ ထည့်ရခြင်းကြောင့် ကားတန်းရှည်ကြီးဖြစ်သွားကာ အချိန် ပိုမို ကြန့်ကြာသွားကြောင်း သိရသည်။
ယခင်က တစ်ရက်လျှင် ဂတ်စ်တစ်ကြိမ် ဖြည့်တင်းရုံဖြင့် တစ်နေ့လုံး မောင်းနှင်၍ ရသော်လည်း လက်ရှိတွင် တစ် နေ့လျှင် နှစ်ကြိမ် ဂတ်စ်ဖြည့်တင်း နေရကြောင်း၊ ဂတ်စ်ဖြည့်တင်းရန် တန်းစီစောင့်ဆိုင်းရာတွင် အချိန် ၁ နာရီမှ ၂ နာရီကြား အချိန်ကြာမြင့်ကြောင်း အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ဦးမျိုးသန့်ကြူက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အရင်တုန်းက တစ်ခါတန်းစီရင် ၁၄/၁၅ မိနစ်ပဲ။ ဂတ်စ်ဆိုင်ရှေ့မှာ ၄/၅ စီး။ တစ်ခါတလေဆို လုံးဝတောင် မရှိဘူး။ အခုဆိုရင် စီတာ ဘယ်လောက် ရှိသွားပြီလဲဆိုတော့ မိနစ် ၄၀ ရှိသွားပြီ။ လပ်ကီးဆဲလ်ဗင်း လက်ဖက်ရည် ဆိုင်ရှေ့ကနေ အဲဒါ ဟို(ဂတ်စ်ဆိုင်)ရောက်တဲ့ အထိဆိုရင် ၁ နာရီခွဲ ၂ နာရီပေါ့။ အရင်တုန်းကဆိုရင် တစ်ကြိမ် လောက်ထည့်ရင် ၇၀ လီတာအိုးက တစ်နေကုန် မောင်းလို့ရတယ်။ အခုက presser လည်း မပြည့်တော့ အခြေ အနေ မကောင်းဘူးပေါ့။ အဲကြောင့် စီရတာ ကားတန်းတွေ ပိုရှည်လာတာ” ဟု ပြောသည်။
ဂတ်စ်ဖြည့်ရန် တန်းစီ စောင့်ဆိုင်းနေသော ကားများကိုတွေ့ရစဉ်
ပြီးခဲ့သည့် ကာလများက ယခုကဲ့သို့ ဂတ်စ်တန်းစီရမှု ရှိခဲ့သော်လည်း ရက်ပိုင်းအတွင်းသာ ကြုံတွေ့ရကြောင်း၊ လတ်တလောတွင် တစ်လနီးပါး ဖြစ်ပေါ်လာကြောင်း ဂတ်စ်တန်းစီသည့် ယာဉ်မောင်းများထံမှ သိရသည်။
ထိုသို့ ဂတ်စ်တန်းစီရာတွင် အချိန်ကြာမြင့်ခြင်းကြောင့် ခရီးသည် ပို့ဆောင်ရမည့်အချိန် လျော့နည်းသွားကြောင်း၊ ထို့နောက် တစ်နေ့တာ ရရှိသည့် ဝင်ငွေများလည်း လျော့နည်းသွားကြောင်း ဦးမျိုးသန့်ကြူက ပြောသည်။
၎င်းက “အရင်တုန်းကတော့ အုံနာကြေး ဘာကြေး နုတ်ပြီးသွားရင် ကိုယ့်အတွက်က ၂ သောင်း၊ ၄ သောင်းလောက် ရတာပေါ့။ ၄ သောင်းခွဲ၊ ၅ သောင်းက ဘယ်လိုမောင်းမောင်းပေါ့။ အခုကတော့ မရတော့ဘူး။ ဂတ်စ်တန်းစီတဲ့ အချိန်က မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ဆိုတော့ ၃ သောင်းကျော်ကျော်၊ ကိုယ့်အတွက် ၁ သောင်းကျော် ကျန်ဖို့က တော်တော်မောင်းရတယ် တစ်ခါတလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခင်က CNG ဂတ်စ်ဆိုင်များသည် ၂၄ နာရီ ဂတ်စ်ဖြည့်တင်းပေးသော်လည်း နိုင်ငံရေး အခြေအနေများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ညမထွက်ရမိန့်ကို ၁၂ နာရီအထိ ထုတ်ပြန်ထားသည့်အတွက် လက်ရှိမှာတော့ ၁၀ နာရီခွဲအထိသာ ဖြည့်တင်းပေးတော့ကြောင်း သိရသည်။
ယခုကဲ့သို့ ဂတ်စ်တန်းစီရမှု အချိန်ကြာမြင့်လာခြင်း၊ ဂတ်စ်အပြည့်အဝ မရရှိခြင်းများ ဖြစ်ပေါ်နေခြင်းသည် လျှပ်စစ်မီး အချိန်ပြည့် မရရှိခြင်းနှင့် ရန်ကုန် ဂတ်စ်ဖြန့်ဝေသည့် ဆိုင်များသို့ ဝင်ရောက်သည့် ဂတ်စ်ပမာဏများ လျော့နည်းနေခြင်းကြောင့် ဖြစ်သည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဂတ်စ်ဖြည့်ရန် တန်းစီ စောင့်ဆိုင်းနေသော ကားများကိုတွေ့ရစဉ်
၎င်းက “ကားလေးတွေ နည်းနည်း တန်းတာကျတော့ လျှပ်စစ်မီး အချိန်ပိုင်းနဲ့ ပေးနေတဲ့ အနေအထားလေးတွေ ကြောင့် တချို့ဆိုင်တွေမှာတော့ မီးစက်လေးတွေ ရှိတယ်။ မီးစက်တွေကလည်းပဲ မီးစက်က တို့ဆီမှာ backup ပဲ ထားထားရတာလေ။ backup ပဲ ထားတဲ့ အနေအထားမှာ အခု မီးပျက်တာလေး ရှိလာတော့ မီးစက်နှိုးပြီးရင် တောင်မှ မီးစက်နှိုးရင် ပထမ စက် ၄ လုံးရှိရင် ၄ လုံးကို လျှပ်စစ်မီးလာလို့ ၄ လုံးလုံး မောင်းနိုင်ရင် မီးစက်နှိုးရင် တို့က ၂ လုံးပဲ မောင်းနိုင်တော့တယ်။ အဲဒီအခါကျတော့ presser ကို စောင့်စောင့်ပြီးတော့မှ တင်ပြီးတော့မှ ကား လေးတွေကို ဖြည့်နေရတဲ့ အတွက်ကြောင့်မို့ အဲဒါကြောင့် ကားတန်းစီနေရတဲ့ အနေအထားရှိနေတယ်။ နောက် တစ်ခုက တို့ဆီက ဂတ်စ်က အဝင် presser ကို ကြည့်ပြီးတော့မှ မောင်းရတဲ့ အနေအထားရှိတယ်။ အဝင် presser က ကုန်းတွင်း ဂတ်စ်လေးတွေက presser လေးတွေက အထွက်နည်းလာတော့ ဂတ်စ်ရတဲ့ ပမာဏ နည်းလာတဲ့ အတွက်ကြောင့်လည်း ညောင်တုန်းက ဂတ်စ်ကနေပြီးတော့ ချောက်ဘက်က လာတဲ့ ဂတ်စ်လေးတွေရယ်၊ ဇောတိကတို့၊ ရတနာတို့က ဝိုင်းကူပေးနေရ ဂတ်စ် composition တွေ မမှန်တဲ့ အတွက်ကြောင့်မို့လို့ အမောင်း မခံဘူးဆိုတာ အဲဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အနေအထားအတိုင်း ဂတ်စ် presser တွေ ရမယ်၊ လျှပ်စစ် မီးတွေလည်း ပုံမှန် အနေအထားလေး ရမယ်ဆိုရင်တော့ တို့ CNG ဆိုင်တွေမှာ ကားတန်းစီတဲ့ အနေအထား ရှိမှာ မဟုတ်ဘူး” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဂတ်စ်ဆိုင် ၄၁ ဆိုင်ရှိပြီး ဂတ်စ်ထည့်ထားသည့်တွဲဖြင့် ရောင်းချသည့်ဆိုင် ၆ ဆိုင်၊ ဂတ်စ်ပိုက်များဖြင့် ရောင်းချနေသည့်ဆိုင် ၃၅ ဆိုင်၊ တက္ကစီသီးသန့် ဂတ်စ်ရောင်းချ ပေးနေသည့်ဆိုင် ၄ ဆိုင်ရှိပြီး ဘတ်စ်ကားနှင့်တက္ကစီများအတွက် ရောင်းချပေးနေသည့်ဆိုင် ၃၁ ဆိုင် ရှိသည်။